Part 143
စုန့်ထင်ရှန်းသည် စကားများတတ်သောသူ မဟုတ်မှန်း ယွမ်ရှသိသည်။ သို့သော်လည်း သူ၏ပင်ကိုယ် စရိုက်က သူ့အဒေါ်အိမ်၌ ပြောင်းလဲသွားပုံပော်လေသည်။
သူမ စုန့်ထင်ရှန်းအပေါ် အမြင်အရ စုန့်ထင်ရှန်းအနေနဲ့ ထိုစကားလုံးများကို ပြောဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း ယခုမူ သူက ချောချောမွေ့မွေ့ပင်ပြောထွက်လာလေသည်။
ယခုအချိန်၌ အဖြစ်အပျက်ကို အားလုံးသိသွားကြပြီဖြစ်သည်။
ကလေးမလေးက ဝမ်လေး၏ လက်ကောက်များကို လိုချင်သော်လည်း ဝမ်လေးက သူမကို မပေးသောကြောင့် လုယူရန်ကြိုးစားခဲ့သည်။ ထိုဆူညံမှုက လူကြီးတွေဆီ ရောက်သွားသည့်အချိန်တွင် သူမ အော်ငိုလိုက်သောကြောင့် လူကြီးများက ဝမ်လေး၏ အမှားဟု ထင်သွားကြသည်။
ကလေးမလေးက ငါးနှစ်သာရှိသေးသော်လည်း အလွန် ပါးနပ်ပေသည်။ သူမခုလိုလုပ်တာ တစ်ကြိမ် နှစ်ကြိမ်ဘဲ မဟုတ်မှန်း သိသာနေသည်။
ယွမ်ရှ ကလေးမလေး၏ ချစ်စရာကောင်းသော မျက်နှာကို ကြည့်လိုက်သည်။ ကလေးများက အဖြူရောင် စာရွက်များနှင့် တူပြီး သူတို့သည် ဘာမှ မသိကြသော အပြစ်ကင်းစင်သူများ ဖြစ်ကြသည်။ ကလေးမလေးသည် လူကြီးများ၏ လွှမ်းမိုးမှုမပါဘဲ ခုလိုလုပ်သည်ဟု ပြောလျှင် ယွမ်ရှ ယုံမည် မဟုတ်ပေ။
သူမ ထိုသို့တွေ့းမိပြီးနောက် ဝမ်လေးကို တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
သူတို့ တစ်ခြားသူအိမ်ရောက်နေတာကြောင့် စုန့်ထင်ရှန်းက ကလေးမလေးကို အခက်တွေ့အောင် လုပ်မည် မဟုတ်ပေ။ ကလေးမလေးကလည်း စုန့်ထင်ရှန်းပြောသည့် စကားများ၏ အဓိပ္ပာယ်ကို နားလည်မည် မဟုတ်ပေ။ သို့သော် ထိုစကားများသည် လူကြီးများ၏ အဆုတ်များကို ထိုးဖောက်လုနီးပါး ဖြစ်သွားသည်။
ယွမ်ရှအနေဖြင့် ဝမ်လေးကို နောက်ကျရင် သေချာချော့ဖို့ လိုသော်လည်း သူမ မစိုးရိမ်ပေ စုန့်ထင်ရှန်းက လူကြီးများ၏ မျက်လုံးထဲတွင် သူ၏သားကို မှားယွင်းစွာ စွပ်စွဲခံမည် မဟုတ်ပေ။
စုန့်ထင်ရှန်း၏ တခြားအမျိုးများက ဝင်ပြော၍ ပြဿနာချောမွေ့သွားသောအချိန်တွင် ညစာစားဖို့ အချိန်ရောက်လာပြီဖြစ်သည်။သူတို့က ရုပ်ပျက်ဆင်းပျက် အဖြစ်ကို မသိသလိုသာ ဖယ်ထုတ်ထားလိုက်ကြသည်။
စုန့်ထင်ရှန်း ယွမ်ရှနှင့် ဝမ်လေးတို့ အတူထိုင်လိုက်ကြသည်။
ဝမ်လေးက စိတ်ဆိုးနေသေးသော်လည်း စုန့်ထင်ရှန်းက ကောင်းစွာ သင်ထားပေးသောကြောင့် စွပ်စွဲခံရသည့် ပြဿနာကိုကြီးအောင် မလုပ်ပဲ မိဘများဘေးတွင်တိတိတဆိတ်သာထိုင်နေသည်။
စုန့်ထင်ရှန်းက ထိုအမျိုးများနှင့် အဆက်အသွယ်သိပ်မရှိသော်လည်း သူမြို့ပြကြီးမှာ အောင်မြင်နေသည် ဆိုတာကို သူတို့အားလုံးသိကြသည်။ သူ့ကို စိတ်ဝင်တစားနှင့် ဝိုင်ငှဲ့ပေး၍ ဟင်းများထည့်ပေးနေကြသည်။
“ထင်ရှန်း မင်းကခု အောင်မြင်နေပြီဆိုတော့ မင်းရဲ့ ဆွေမျိုးတွေကို မေ့လို့မရဘူး”
ဝိုင်ဖြူများကို သောက်၍ မူးနေသော အသက်အရွယ် အလယ်အလတ်ပိုင်းလောက်ရှိသည့် လူတစ်ယောက်က အာကျယ် အာကျယ်ဖြင့် ပြောလိုက်သည်။
“မိသားစုရဲ့ အငယ်တွေထဲမှာ မင်းက အအောင်မြင်ဆုံးဘဲ…မြို့ပြမှာ အိမ်တစ်လုံးကို ချက်ချင်းဝယ်နိုင်တယ်..ဒါက မင်းဝမ်းကွဲမောင်နှမတွေနဲ့ ကွာတယ်…သူတို့လည်း မင်းလိုတိုးတက်အောင် သူတို့မိဘအိမ်ကနေ ထွက်သွားဖို့လို့တယ်”
ယွမ်ရှ ချက်ချင်း သိလိုက်သည်။ ဒါက ပိုက်ဆံချေးချင်လို့ ပြောတဲ့စကားလား…
ထိုကဲ့သို့သော စကားပြောပြီးနောက် ပိုက်ဆံချေးဖို့ အကူအညီတောင်းရန် စကားစလာတတ်သည်။ စုန့်ထင်ရှန်းကို လက်ဖွာသော လူတစ်ယောက်ကဲ့သို့ ဆက်ဆံနေကြသော ထိုအမျိုးများကိုကြည့်၍ ဒီတိုင်းနေလို့ မရတော့မှန်း သူမသိလိုက်သည်။
မူလပိုင်ရှင်က စူန့်ထင်ရှန်းကို ရက်ရောသူတစ်ယောက်လို ဆက်ဆံသည်မှာလက်ခံ၍ရပေသည်။အဘယ်ကြောင့်ဆိုသော် သူမက သူ၏ ဇနီးတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ကလေးကို မွေးပေးခဲ့သည်။
သူ့ပိုက်ဆံကို ခုလိူတောင်းရအောင် ဒီအမျိုးတွေက ဘယ်သူတွေမို့လို့လဲ…
ဟုတ်ပြီ..ဒီကိစ္စက သူမနှင့် ဘာမှမဆိုင်ဘူး..စုန့်ထင်ရှန်းက သူ့ပိုက်ဆံသူရှာတာကြောင့် သူသုံးချင်သလိူ သုံးလို့ရသည်။ သူမ ခေါင်းငုံ့၍ ဆက်စားနေလိုက်သည်။ အသားလုံးဟင်းရည်က အလွန်အရသာရှိပေသည်။
စုန့်ထင်ရှန်းသည် ထိုလူဆက်ပြောမှာကို မစောင့်တော့ပေ။ သူပြုံး၍ ပြောလိုက်သည်။
“ဦးလေး ကျန်း..ကျွန်တော့်ကို အရမ်းမြှောက်ပြောနေတယ်…ကျွန်တော်လဲ တစ်ယောက်ယောက်ဆီမှာ အလုပ်လုပ်နေတာပါ…ပြောရရင် ဝမ်းကွဲမောင်နှမတွေ အကူအညီလိုတာ မပေးနိုင်တဲ့အတွက် ရှက်စရာကောင်းပါတယ်…ဒါပေမယ့် ဒီနှစ်က စီးပွါးရေးမကောင်းဘူး…စျေးကွက်ကလဲ မတည်ငြိမ်ဘူးလေ...”