Chapter 88
:ပုစွန်အေး (Liangxia)
ကျန်းရှုယောင် ပြောမပြနိုင်အောင် ရှက်သွားပြီး ရှဲ့ရွှင်း၏ဝတ်ရုံလက်များကို ဆွဲကာပြောလိုက်သည်။
"ဗိုက်ဆာနေပြီလား"
"အဆင်ပြေပါတယ်"
ရှဲ့ရွှင်းက သူ့ဝတ်ရုံလည်အဟိုက်ကို ဆွဲဆောင့်လိုက်ပြီးဆို၏။
"တအားပူတယ်...ငါစားချင်စိတ်သိပ်မရှိဘူး"
မနေ့က ကျန်းရှုယောင်က အတော်လေး စိုးရိမ်နေသောကြောင့် သူတာဝန်ကထွက်ပြီးပြီးချင်း ချက်ချင်းပြေးလာပြီး သူမနှင့်အတူရှိရန်ကြိုးစားခဲ့သဖြင့် ယခု သူ့ကိုယ်က ချွေးတွေထွက်နေသည်။
ကျန်းရှုယောင်က လူအုပ်ကြီးကိုဖြတ်၍ သူနှင့်အတူ ဖြည်းညှင်းစွာလျှောက်ရင်းပြောလိုက်၏။
"ဒါဆို အေးတာတစ်ခုခုသောက်ပြီး အနားယူကြရအောင်"
သူမ ထောင့်ကျဥ်းလေးရှိ စားသောက်ဆိုင်တစ်ခုသို့ ရှဲ့ရွှင်းကို ခေါ်သွားကာ ဆိုင်ထဲတွင် အလုပ်များနေသော သူဌေးကိုပြောလိုက်သည်။
"ကျေးဇူးပြုပြီး ပုစွန်အေးတစ်ပန်းကန် ယူလာပေးပါဦး"
စကားပြောပြီးနောက် သူမ အရပ်ရှည်ရှည် ပိန်ပြီး ချောမောသော ရှဲ့ရွှင်းကို ပြန်ကြည့်ကာတိတ်တဆိတ်ထပ်ဖြည့် ပြောလိုက်သည်။
"အကြီးဆုံး ပန်းကန်နဲ့"
သူဌေးဖြစ်သူက သူမပါးစပ်ကို အုပ်ကာ ပြုံး၍ ဆို၏။
"အိုး...ငါနားလည်ပါတယ်...တစ်ပန်ကန်တည်းအတူတူစားတာက လူငယ်စုံတွဲတစ်တွဲအတွက် အချိုမြိန်ဆုံးအရာပဲ"
ကျန်းရှုယောင် : မဟုတ်ဘူး... ရှင်နားလည်မှုလွဲသွားပြီ...ရှဲ့ရွှင်းက သူ့ဘာသာသူ ကုန်အောင် စားနိုင်တယ်...
ရှဲ့ရွှင်း၏သိက္ခာကို ကယ်တင်ရန်အတွက် သူမ ပါးစပ်ပိတ်ရန် ရွေးချယ်ခဲ့သည်။
ပုစွန်အေး သို့မဟုတ် လျန့်ရှ၏ ကုန်ကြမ်းသည် ဆန်ဖြစ်သည်။ ပျော့ဖတ်ဖြစ်အောင် ချက်ပြုတ်ပြီးနောက် ၎င်းကို ဆန်ကာဖြင့် စစ်ထုတ်ပြီး ပုံသဏ္ဍာန်ဖော်ရန် ရေအေးထဲသို့ ညှစ်ချရသည်။ယင်းက ဦးခေါင်းချွန်ချွန်၊ အမြီးတိုတိုနှင့် ပုဝဝဖြစ်သည်။ ရေအေးတွင် မျောပါသောအခါ ပုဇွန်ကဲ့သို့ ပုံသဏ္ဍာန်ရှိသောကြောင့် ဤအချိုပွဲကို ပုစွန်အေးဟုခေါ်သည်။
သူဌေးမက အပေါက်ဖောက်ထားသော ဇွန်းကို အသုံးပြုကာ ရေအေးဇလုံမှ ပုစွန်အေးဇွန်းကြီးတစ်ဇွန်းကို ဆယ်ယူခဲ့၏။ထို့နောက် သကြားအညို ရောထားသော ရေထဲသို့ ထည့်ကာ သကြားချောင်း အနီ/အစိမ်း၊ နှမ်း၊ မြေပဲတို့ကို ဖြူးပေးလိုက်သည်။ဆန် "ပုဇွန်"ဖြူဖြူ တို့သည် ကြည်လင်ပြီးသော သကြားညိုရေထဲတွင် ကူးခတ်နေကြသည်။ အညိုမည်းရောင်သကြားရေသည် အေးမြသည်၊ ရေငတ်ပြေကာ ပျော်ရွှင်စရာအပြည့်ရှိသည်။
ရှဲ့ရွှင်း နှင့် ကျန်းရှုယောင်တို့ နေရာယူကြသည်။ သူဌေးက ဇွန်းနှစ်ချောင်းကို ပေးလိုက်ပြီး သူတို့နှစ်ယောက်က ယူလိုက်၏။ ရှဲ့ရွှင်းက ပန်းကန်လုံးကို အလယ်ဗဟိုသို့ တွန်းလိုက်သည်။
ကျန်းရှုယောင်ကဆို၏။
"မစားချင်ဘူး"
ရှဲ့ရွှင်း ခုနကသူဌေးမ၏စနောက်မှုအကြောင်းကို တွေးပြီး ကျန်းရှုယောင် သူ့သိက္ခါကို ကယ်တင်လိုသောကြောင့် ဘာမှ မပြောကြောင်း သဘောပေါက်လိုက်သည်။
ကောင်းပြီ......
ရှဲ့ရွှင်း ဆန် "ပုစွန်"များ ကို ဇွန်းဖြင့် ပုတ်လိုက်ကာ အတွင်းထဲတွင်ကြိတ် သက်ပြင်းချရင်း ရှက်လာသည်။
ကျန်းရှုယောင်ကဆို၏။
"မပူဘူးလား... မြန်မြန်သောက်လိုက်ပါ... ဒီပုဇွန်အေးက ချိုပြီး အပူဒဏ်ကို သက်သာစေတယ်...နွေရာသီအတွက် ကွက်တိပဲ"
သူမ၏ သာမန်ဂရုစိုက်မှုမှာ ရှဲ့ရွှင်းကို ပျော်ရွှင်စေခဲ့ပြန်သည်။ သူ မြန်မြန် ခေါင်းညိတ်လိုက်ပြီး သကြားညိုရေတစ်ဇွန်းကို မော့လိုက်သည်။
သကြားညိုရေကို ရေတွင်းထဲက ရေအေးနှင့်ရောထား၏။ မွှေးပြီး အေးမြကာ ကြံရနံ့ကဲကဲဖြင့် အချိုက လုံလောက်သော်လည်း မအီပါချေ။ အရသာက ခါးပြီး ချိုပေမဲ့ ကြာရှည်အရသာရှိလေသည်။
သကြားညိုရေက မပျစ်လွန်း၊မချိုလွန်းဘဲ အရသာက အချိုဓာတ်ပါးပါးသာပါသောကြောင့် ပိုင်ရှင်သူဌေးမက မတွန့်တိုဘဲ ပန်းကန်လုံးအကြီးကြီးတွင် သကြားညိုရေကို သောက်ရန် လုံလောက်အောင် ဖြည့်ထားသည်။
သူ ပုဇွန်အေး တစ်ဇွန်းကို ခပ်ယူလိုက်သည်။ အဖြူရောင် ပုဇွန်အေးများက အနက်ရောင်နှင့် အနီရောင် ကြည်လင်သောသကြားရေထဲတွင် လှိုင်းထနေသည်။ သူ့ခံတွင်းထဲမှာ အေးမြသွားပြီး အရသာက ချိုမြိန်၏။
နာမည်အတိုင်း ပုစွန်အေးသည် ပုစွန်သေးသေးလေးကဲ့သို့ လျှာဖျားထက် ခုန်တက်လာသည်။ ၎င်းသည် နူးညံ့ချောမွေ့ပြီး ချိုမြိန်နူးအိသည်။ ချိုမြပြီး ခါးသောသကြားရေထဲတွင် လှုပ်ယမ်းနေသည်။
အချိုပွဲက ဆန်နှင့်လုပ်ထားသဖြင့် ဆန်ရနံ့ပါလေသည်။ အပြင်ဘက် အရေပြားက ချော်သော်လည်း အတွင်းပိုင်းသည် နူးညံ့ပြီး ဖယောင်းနှင့်တူကာ ပျော့ပြောင်းသည်။ သူ့လျှာက လျှောက်ပတ်လျော်ထွက်နေသော ပုဇွန်အေးများကို ဖမ်းဆုပ်နိုင်စွမ်းမရှိပုံရသည်။ ပါးစပ်ထဲမှာရှိနေချိန် သကြားညိုရေနှင့် တိုက်မိသည့်အခါ အတော်လေး စိတ်ဝင်စားစရာကောင်း၏။
သူ အကိုက်ရေ အနည်းငယ်ဖြင့် ဖြူဝင်းမွတ်ညက်သော ပုစွန်အေးများကို ဖမ်းမိခဲ့သည်။စေးကပ်ပြီးအေးစက်သော ဆန်မွှေးရနံ့က သူ့ခံတွင်းထဲ ပျံ့နှံ့နေသည်။ ဝါးစရာမလိုဘဲ ပုဇွန်အေးက သကြားညိုရေချိုချိုတစ်လျှောက် လည်ချောင်းအောက်သို့ လျှောကျသွားသည်။ အေးမြမှုက တစ်လမ်းလုံး ရွေ့လျားသွားပြီး နွေအပူက ချက်ချင်း ပျောက်သွား၏။ သူ လန်းဆန်းသွားပြီး တစ်ကိုယ်လုံးရှိ အပူနှင့် ပင်ပန်းနွမ်းနယ်မှုများသည် ဤရိုးရှင်းသော ချိုမြိန်အေးမြသည့် အရသာဖြင့် အရည်ပျော်သွားသည်။
[ET/N- ရှင်းလင်းရန်၊ ဤအခန်းရှိ "ပုစွန်အေးများ" သည် ပုစွန်အစစ်မဟုတ်ပါ။ ၎င်းသည် ဆန်မှုန့်ဖြင့်ပြုလုပ်ထားသော အချိုပွဲဖြစ်ပြီး အများအားဖြင့် သကြားညို သို့မဟုတ် ချဉ်သော ဇီးသီးဟင်းချိုဖြင့် ရေခဲတမျှအေးသော ဖျော်ရည်ပြုလုပ်သည်။ ၎င်းသည် ချုံကျင်းဒေသမှအစပြုသည်။]
ရှဲ့ရွှင်း ထိုစွပ်ပြုတ်များနှင့် ရေများကို စားနေ သောအခါတွင် သူက တင်းမာသောပုံစံရှိနေဆဲဖြစ်သည်။ ကြော့ရှင်းသောအသွင်အပြင်နှင့် ချိုမြိန်သောအချိုပွဲက တကယ်ကို လိုက်ဖက်မှုမရှိသော်လည်း ကျန်းရှုယောင် သူ့ကိုပိုကြည့်လေလေ၊ ဤမျက်စိပသာဒဖြစ်စရာမျက်နှာက အနည်းငယ်ထူးဆန်းပြီး ချစ်စဖွယ်ဖြစ်နေသည်ဟု သူမခံစားရလေလေဖြစ်သည်။
ရှဲ့ရွှင်း အလုတ်ရေအတော်များများသောက်ပြီးနောက်ပြောလိုက်၏။
"အရမ်းကောင်းတယ်"
"ဒါက မင်းဆီကလာတဲ့ ဟင်းလျာဖြစ်တာကြောင့်ပဲ" ဟု သူက သူမကို သဘာဝကျကျ ချီးကျူးခဲ့သည်။
ကျန်းရှုယောင် သူတို့ပတ်ဝန်းကျင်ကလူတွေကို ကြည့်ရန် ခေါင်းကို အမြန်လှည့်လိုက်ပြီး ဘယ်သူမှ မကြားလိုက်ရသည်ကို တွေ့ရသောအခါမှ သူမ စိတ်သက်သာရာရသွားပြီး ရှဲ့ရွှင်းကိုပြောလိုက်၏။
"အများကြီးဝါကြွားရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ"
ရှဲ့ရွှင်းက အပြစ်မရှိဟန်ဖြင့်ပင် သူ့ခေါင်းကို နောက်တစ်ကြိမ်မြုပ်ကာ ပုစွန်အေးကို တိတ်တဆိတ် သောက်လိုက်သည်။ သူက နှစ်ခြိုက်စွာ သောက်နေသည်ကိုမြင်လိုက်ရာတွက် သူမအနည်းငယ် ရေငတ်သွားသဖြင့် ကျန်းရှုယောင် ဇွန်းတစ်ချောင်းကို အသုံးပြုပြီး သကြားညိုရေ ဇွန်းသေးတစ်ဇွန်းကို လှမ်းယူလိုက်သည်။
ရှဲ့ရွှင်းက ပုစွန်အေးကို တိတ်တိတ်ဆိတ်ဆိတ် သောက်နေဆဲဖြစ်သော်လည်း သူမ ဇွန်းကို ပန်းကန်ထဲသို့ထည့်ပြီးနောက် ပါးစပ်ထဲထည့်ထလိုက်သည်ကို မြင်သောအခါ နားရွက်များနီလာသည်။
သူ့အတွက် အထူးသဖြင့် ပန်းကန်လုံးတစ်ဝက်နီးပါးကို စားပြီးသောအခါမှ တစ်ပန်းကန်တည်းကို စားရန်မှာ ဟိုလိုလိုသည်လိုလိုဖြစ်လွန်းလှသည်။
သူ့အနေဖြင့် ကျန်းရှုယောင်၏စားကြွင်းစားကျန်တွေကို သန့်ရှင်းရေးလုပ်ဖူးသော်လည်း... သို့ပေမဲ့ ဤသည်က မတူပါချေ။ ဤတစ်ခါတွင် သူမက သူသောက်ထားသည့် ဟင်းရည်ကိုသောက်ခဲ့သည်။
"ဘာလို့ ဆက်မသောက်တာလဲ"
ကျန်းရှုယောင်က မေးသည်။
ရှဲ့ရွှင်း၏လည်ချောင်းက ယားယံနေပြီး ကုတ်၍မရသဖြင့် ခေါင်းကိုလှည့်ကာဖုံးကွယ်လိုက်ရ၏။
"ဘာမှမဖြစ်ပါဘူး "
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက စိတ်မပါသလိုခံစားရပြန်သည်။
"ဒါက ငါစားပြီးသား... မင်းမရွံဘူးလား"
ကျန်းရှုယောင်က သူ့စကားကြားသောအခါရယ်လိုက်၏။
"ဒါက ဘာလဲ...ရှင်တောင် ကျွန်မစားပြီးသား ဟင်းတွေကို မကြာခဏ စားတဲ့ဟာ...မရွံဘူးလား"
"ဘယ်ရွံမလဲ"
"ဒါဆို ကျွန်မလည်း သေချာပေါက် မရွံဘူး"
ဤသည်က မတူပေ။ရှဲ့ရွှင်း တွေးလိုက်မိသော်လည်းလက်ရှိအချိန်က စကားပြောရန် အချိန်ကောင်းမဟုတ်ဟု ထင်ရသည်။
ဝတ္ထုတွေမှာ မကြာခဏပေါ်လာတတ်သည့် ရေကန်ဘေးမဏ္ဍပ်ကို ကျန်းရှုယောင်ကို ခေါ်သွားရန် စဉ်းစားနေစဥ်တွင် သူ့နောက်ကနေ ကျယ်လောင်သည့်အသံတစ်ခု ပြေးဝင်လာ၏။
"ပေါယွမ်... မင်းကဒီရောက်နေတာပေါ့"
မကုန်သေးသော တုတ်ထိုးကြော်ကို သူ့လက်ထဲတွင် ကိုင်ထားသော အရှေ့နန်းဆောင်မှ သူငယ်ချင်းတစ်ဦးက ရှဲ့ရွှင်း ရှေ့မှာ ပုစွန်အေးများကို မြင်လိုက်ကာ မျက်လုံးများ တောက်ပလာသည်။
"ဒါက ဘာလဲ...အဒေါ်ရေ... ဒီပန်းကန်အကြီးကြီးနဲ့ ရောင်းရင် ကျွန်တော် ထုပ်သွားချင်တယ်...ပြီးရင် အစေခံတွေကိုလာယူခိုင်းလိုက်မယ်...ညဘက်ကျမှ သူတို့ပန်းကန်ပြန်ပေးလိမ့်မယ်"
စကားပြောပြီးသည်နှင့် သူက အလုပ်ကိစ္စကို အာရုံစိုက်ပြီး ရှဲ့ရွှင်းကိုဆိုသည်။
"ငါတို့ ညဘက် ရေကူးဖို့ ချိန်းထားတာရှိတယ်...ဆေးသုတ်လှေတစ်စင်းလည်းငှားထားပြီးပြီ... မင်းလာမှာလား... ငါ ဒီလမ်းမှာ စားစရာတွေ အကုန်ဝယ်ပြီးပြီ... နောက်မှ လှေပေါ်ကျမှစားမယ်"
သူက ကျန်းရှုယောင်ကိုလည်းဆို၏။
"မရီးလည်းလာခဲ့ပါ...ရေကန်မှာ ပိုအေးတယ်"
ယခုလိုပြောသည့်အခါ အနည်းငယ် ရဲတင်းလွန်းရာကျလေသည်။ ယောက်ျားလေးတစ်စု စုရုံးချိန်မှာ သူမလိုအမျိုးသမီးတစ်ယောက်ကို ခေါ်သည်က မသင့်တော်ပုံပေါ်၏။သူတို့ တောင်းပန်တော့မည်ပြုချိန်တွင် ရှဲ့ရွှင်း၏ဆုံးဖြတ်ချက်ကိုကြားလိုက်ရသည်။
"ကောင်းပြီ"
ရှဲ့ပေါယွမ်: :ရေကန်မှာ လှေစီးရင်း ဒီတစ်ခါ အခွင့်အရေးကောင်းကို ထပ်ပြီး လက်လွတ်မခံတော့ဘူး...
ကျန်းရှုယောင် ယခင်က လှေပေါ်မတက်ဖူးသဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမက ရှဲ့ရွှင်းကို ပုစွန်အေးကို အပြီးသတ်ရန် တိုက်တွန်းပြီး ရထားလုံးဖြင့် ရေကန်ဆီသို့ မောင်းနှင်ခဲ့သည်။
ထိုအချိန်တွင် နေကအတော်လေးဝင်သွားပြီဖြစ်သည်။ အလင်းရောင်က မှိန်မှိန် ၊အုံ့မှိုင်းနေပြီး ဆေးခြယ်ထားသော လှေများတွင် မီးပုံးများ ပါရှိကာ ယင်းတို့က မှောင်မည်းနေသောရေကန်ပေါ်တွင် မျောပါနေသလိုထင်ရသည်။ ကြယ်များက ကောင်းကင်ထက်ဝယ် ပျံ့နှံနေကာ လရောင်က ဝိုးတိုးဝါးတားဖြစ်နေသည်။ ညက ဘယ်လောက်လှသည်ကို သင် စိတ်ကူးကြည့်နိုင်ပေ၏။
ရှဲ့ရွှင်းက အရင်ဆုံးလှေပေါ်တက်ပြီး ကျန်းရှုယောင်ကိုကူညီရန် သူ့လက်ကို မြှောက်လိုက်သည်။
ကျန်းရှုယောင်က သူ့လက်မောင်းကို ကိုင်ကာ လှေပေါ်သို့ တက်လိုက်သည်။
အထဲမှာ အရှေ့နန်းဆောင်က လူများသည် မုန့်စားရင်း ရယ်မောနေကြကာ ဆူညံနေသည်။
ကျန်းရှုယောင် လေနုအေးက အပြင်မှာ ပိုသာယာသလိုခံစားရပြီး အတွင်းကထက် ပိုသက်တောင့်သက်သာရှိသောကြောင့် မဝင်ချင်ပေ။
သူမကစကားမပြောရသေးသော်လည်း ရှဲ့ရွှင်းက သူမတွေးနေသည့်အရာကို ခန့်မှန်းထားပုံရပြီး သူမအား ဤနေရာတွင် ခဏအအေးခံစေကာ လှေသမားကိုရှာဖွေရန် လှေထဲသို့ဝင်သွားခဲ့သည်။
ကျန်းရှုယောင် သူ လှေသမားနှင့် စကားပြောနေသည်ကို ကြည့်ပြီး သူဘာလုပ်နေသလဲ သူမ မသိပေ။ သူမ ခေါင်းကို နောက်ပြန်လှည့်ကာ ငြီးငွေ့လာပြီး အနီးနားရှိ လှေများမှ လူများကို ကြည့်လိုက်သည်။
လူတစ်ယောက်က သူမကိုမြင်သောအခါ အနည်းငယ်စိတ်လှုပ်ရှားသွားပြီး လက်ပြနှုတ်ဆက်လာသည်။
ကျန်းရှုယောင် သူ့ကို ဆေးခြယ်ထားသော လှေမီးပုံးမှ အလင်းရောင်ဖြင့် ကြိုးစားပမ်းစားကြည့်ပြီးနောက် သူမဦးလေးမှန်း မှတ်မိသွား၏။
သူက လင်းရှီ ဘက်တွင် အမြဲစီးပွားရေးလုပ်နေသည်။ ယနေ့ ဤနေရာမှာပေါ်လာသည်ကလည်း မထူးဆန်းပါချေ။ သူ့အလုပ်ပြီးခါစတွင် ခဏလောက် အနားယူရန် ဆေးခြယ်ထားသောလှေဆီကို လာခဲ့ခြင်းဖြစ်ရမည်။
ကျန်းရှုယောင်၏ မျက်နှာသည် ယနေ့လမ်းဘေးအစားအစာလမ်း၏ စိတ်လှုပ်ရှားမှုနှင့် လုပ်ငန်း၏အောင်မြင်မှုကို တွေးတောရင်း စိတ်လှုပ်ရှားနေသော အပြုံးများဖြင့် ပြည့်နှက်နေပြီး သူမလည်း သူ့ကို လက်ပြနှုတ်ဆက်ခဲ့သည်။
ခပ်ဝေးဝေးက ဦးလေးက သူ့လက်ကို ပါးစပ်နားမှာ ကာပြီး သူမဆီကိုလှမ်းအော်၏။
"ငါ့ရဲ့ ဒုတိယဝမ်းကွဲဆီ ခဏသွားလိုက်ဦးမယ်...ကမ်းပေါ်မှာတွေ့မယ်"
ကျန်းရှုယောင်က "ကောင်းပြီ...ကမ်းပေါ်မှာတွေ့မယ်" ဟု ပြန်အော်လိုက်သည်။
ရှဲ့ရွှင် ပြန်လာသောအခါ နှစ်ယောက်သား၏ "ကမ်းပေါ်မှာတွေ့မယ်" ဟုအော်သံကိုကြားလိုက်ရသည်။
သူ့မျက်လုံးတွေက ကျန်းရှုယောင်ထက် အများကြီး ပိုကောင်းသဖြင့် ထိုလူ၏အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်မြင်လိုက်၏။
ချောမောပြီး ရင်ခုန်စရာကောင်းကာ မိန်းကလေးဆန်မှု အနည်းငယ်ရှိသည်။ ထိုလူသည် နဂါးလှေပွဲတော်အတွင်း ကျန်းရှုယောင် နှင့် အလွန်ပျော်ရွှင်စွာ စကားစမြည်ပြောခဲ့ဖူးသူဖြစ်သည်။
ထိုအချိန်တုန်းက သူ ကျန်းရှုယောင် ကြာပန်းနှစ်ထပ်ရွှေဆံထိုးကို ပေးချင်ခဲ့သည်။ သို့ပေမဲ့ သူ နှစ်ယောက်ကြားက စကားစမြည်ပြောမှုကိုပက်ပင်းတွေ့ပြီး စိတ်မသက်မသာဖြစ်မိသောကြောင့် ဆံထိုးကို ပြန်သိမ်းလိုက်ပြီး ကျန်းရှုယောင်ကို မပေးခဲ့ပါချေ။
ထိုအချိန်က သူ ဝမ်းနည်းပူဆွေးရုံမျှသာ ခံစားရပြီး အကြောင်းရင်းကို နားမလည်သော်လည်း ယခုအခါ အကြောင်းရင်းကို သူသိသည်။
ကျန်းရှုယောင် သူမခေါင်းကို လှည့်ကြည့်လိုက်ရာ ရှဲ့ရွှင်းက သူမနောက်မှာ တိတ်တဆိတ် ရပ်နေသည်ကို တွေ့လိုက်ရ၏။သူ့မျက်နှာတစ်ဝက်လောက်က အမှောင်ထဲမှာ နစ်မြုပ်နေကာ အနည်းငယ် အေးစက်ပြီး ကြောက်စရာကောင်းသည့်ပုံပေါ်လေသည်။
သူမပါးစပ်ကို ဖွင့်တော့မည်ပြုချိန်တွင် ရှဲ့ရွှင်းက ရုတ်တရက် ခြေလှမ်းကျဲကြီးဖြင့် နင်းလျှောက်လာပြီး ပျဉ်ပြားများကို တကျွီကျွီအသံမြည်သွားစေ၏။
သူက လေးနက်သောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အေးစက်နေပြီးသား အသွင်အပြင်က ပို၍ပင်အေးစက်လာကာ ကျန်းရှုယောင်ကို မသိစိတ်မှ ကြောက်ရွံ့သွားစေသည်။
"ကျန်းရှုယောင် ငါမေးမယ်... အဲဒီနေ့က မင်းငါ့ကို ဘာလို့လက်ထပ်ချင်ခဲ့တာလဲ"
ဤမေးခွန်းကို စိတ်လိုက်မာန်ပါနှင့်မေးခဲ့ပေမဲ့ ရှဲ့ရွှင်း မေးပြီးနောက် နောင်တမရခဲ့ပါချေ။
စုပုံလာခဲ့သော တဒုတ်ဒုတ်ခုန်မြည်မှု ၊ ငြိတွယ်မှုနှင့် ဝမ်းနည်းပူဆွေးသောခံစားချက်များ ရောထွေးကာ သူ့နှလုံးသားကို ပျာယာခတ်သွားစေခဲ့သည်။ စကားလုံးအချို့ကို အချိန်ဆွဲထားလေလေ၊ ထိုစကားများကို သူမပြောနိုင်လေလေဖြစ်သည်။
ထို့ထက်ပို၍ သူစောင့်နိုင်သည်။သို့ပေမဲ့ ကျန်းရှုယောင်က စောင့်နိုင်ပါမည်လော။သူမက သူနှင့်လက်ထပ်ခဲ့ပေမဲ့ သူတို့နှစ်ယောက်က ချစ်သူစုံတွဲတစ်တွဲ လုံးဝ မဟုတ်ခဲ့ပေ။
သေချာသည်က ကျန်းရှုယောင် ဤမေးခွန်းကိုကြားသောအခါ ထိတ်လန့်အံ့ဩသွားခဲ့သည်။ သူမ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး ဘယ်လိုဖြေရမှန်းမသိပေ။
ရှဲ့ရွှင်း သူမ ဤကဲ့သို့ တုံ့ပြန်မည်ကို အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့(ပြီးသားဖြစ်)သည်။ ရေထဲပြုတ်ကျပြီး ကယ်တင်ခံရတုန်းကလို ရှက်စိတ်မရှိ၊ တွယ်တာမှုလည်း မရှိ၊ သူမသူ့ကို အသက်အန္တရာယ်နှင့် လက်ထပ်ရန် အတင်းအကြပ်ဖိအားပေးစဥ်ကလို စွဲလမ်းမှု ၊ရူးသွပ်မှုများလည်း မရှိပါချေ။ သူမ၏မျက်လုံးများ ဘာလုပ်ရမှန်းမသိမှုများနှင့် ထိတ်လန့်မှုအချို့သာရှိသည်။
လက်ထပ်ပြီးခါစက သူမ သူ့ကို စွဲလမ်းနေသည်ဟု ထင်ပြီး သူ၏ငြင်းဆန်ခြင်းနှင့် ခပ်ခွာခွာနေခြင်းများကို တွေးတောကြည့်ရာတွင် ယင်းတို့က အဆုံးတွင် ဟာသတစ်ခုဖြစ်လာခဲ့သည်။
သူ့မျက်နှာမှာ ပူခနဲ ခံစားလိုက်ရ၏။ အတိတ်က အဖြစ်အပျက်တွေကို ပြန်သတိရပြီး သူ့နှလုံးသားက ကျဉ်းကျပ်ပြီး အင်မတန် ရှက်ရွံ့နေပေမဲ့ လက်ရှိအရှက်တရားက ပိုခါးသည်။တကယ်တမ်းတွင် သူ မရှက်ပါ၊ ဝမ်းနည်းနေခြင်းသာဖြစ်၏။
ရှဲ့ရွှင်း နောင်တရမိသည်။ သူ၏ စိတ်လိုက်မာန်ပါမေးခွန်းကို နောင်တရသည်၊
ဖားကို ရေနွေးနွေးမှာ ဆက်မပြုတ်ခဲ့မိသည်ကိုနောင်တရသည်။(T/N–ဖားကို ရေနွေးပူပူထဲ ထည့်ပြုတ်လိုက်ပါက ဖားက တန်းပြီးခုန်ထွက်ကာ ထွက်ပြေးသွားလိမ့်မည်။ထို့သို့မဟုတ်ဘဲ ရေနွေးနွေးထဲမှာ ထည့်ပြီး အပူချိန်ကို ဖြည်းဖြည်းချင်းမြင့်ပါက ဖားသည် အပူချိန်မြင့်လာခြင်းကို သတိမပြုမိဘဲ သေသည့်တိုင်အောင် အပြုတ်ခံရလိမ့်မည်ဖြစ်၏။)
ယခု သူ့ရှေ့မှာ အဖြစ်မှန်များ ရှိနေလေရာ သူ့အနေဖြင့် ၎င်းကို ရင်ဆိုင်ရန် ဆန္ဒရှိပြီး ရင်ဆိုင်ရမှာဖြစ်၏။ သူမက သူ့ကို ဘယ်တုန်းကမှ မကြိုက်ဖူးခဲ့ပေ။
သူ ထိုသို့တွေးပြီး ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
"မင်းငါ့ကိုကြိုက်ဖူးလား"