Chapter 89
မင်းက သူမ မဟုတ်ဘူး
ရေကန်ပေါ်က လေက သူမနားကိုပွတ်သပ်တိုက်ခတ်နေကာ တဝီဝီအသံများဖြစ်စေသည်။ရှဲ့ရွှင်း ၏အမေးကို နားလည်ရန် ကျန်းရှုယောင်အတွက် အသက်ရှူချိန် အနည်းငယ်ကြာခဲ့၏။
"ဘာ...ဘာကိုလဲ"
သူမ အံ့ဩလွန်း၍ ဤပြဿနာကို ဘယ်လိုရင်ဆိုင်ရမှန်း မသိဖြစ်သွားခဲ့၏။
ရှဲ့ရွှင်း၏ မျက်တောင်များ အနည်းငယ် တုန်ခါသွားကာ သူ့လည်စေ့ အပေါ်အောက်လှုပ်ရှားသွားပြီး ခက်ခက်ခဲခဲ မေးလိုက်သည်။
“ငါမေးတာ... မင်း ငါ့ကို ကြိုက်ခဲ့ဖူးလား”
မူလပိုင်ရှင်ကိုမေးလျှင် အဖြေက ကြိုက်ဖူးတာပေါ့ဟူ၍ဖြစ်လိမ့်မည်။ရှဲ့ရွှင်း၏အရည်အချင်းကိုဖြစ်စေ ရုပ်ရည်ကိုဖြစ်စေ သူမ သဘောကျ၏။
သို့ရာတွင် ကျန်းရှုယောင်ကို မေးလာသည့်အခါဝယ် သူမ ချက်ချင်း ရှင်းလင်းသည့်အဖြေတစ်ခုမပေးနိုင်ခဲ့ပါချေ။ ရှဲ့ရွှင်း၏မေးခွန်းက ရုတ်တရက်ရောက်လာသောကြောင့် သူမ လုံးဝ မပြင်ဆင်ထားမိခဲ့ပေ။ဤမေးခွန်းကို သူမကြားလိုက်ရချိန်၌ပင်လျှင် သူမ၏ဦးနှောက်က တအုန်းအုန်းမြည်ဟီးနေပြီး အပူက ခေါင်းတစ်ခြမ်းကို ထုံကျဉ်သွားစေကာ သူမ တွေးတောင် မတွေးနိုင်ဖြစ်နေသည်။
သူမ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ရွှင်း သူ့ကိုယ်သူ သေဒဏ်ချမှတ်လိုက်သည်။ ရေကန်ထဲကလေနုအေးက ချက်ချင်းဆိုသလို စိတ်လိုက်မာန်ပါဖြစ်နေသော သူ့စိတ်တွေကို အေးမြစေပြီး သူ့ပါးပြင်တွေ ပူနွေးလာခဲ့၏။
သူ မကျေမနပ်ဖြစ်ပြီး စိတ်တိုလာသည်။
အံကြိတ်ကာ “ဘာလို့လဲ” ဟု သူဆိုသည်။
သူ၏အရှိန်အဝါက ပြင်းထန်လွန်းပြီး ခြိမ်းခြောက်နေ၏။ကျန်းရှုယောင် ထိတ်လန့်အံသြသွားပြီး ခြေလှမ်း တစ်ဝက် နောက်ပြန်ဆုတ်သွားသည်။
"မင်းငါ့ကိုတကယ် သဘောမကျဘဲ ငါ့အသွင်အပြင်ကြောင့်ပဲ စွဲဆောင်ခံလိုက်ရတယ်ဆိုရင်... မင်းရဲ့ဂုဏ်သတင်းကို မင်းဘာလို့ လျစ်လျူရှုထားရတာလဲ...ငါ့ကို နည်းလမ်းတိုင်းနဲ့ ရောယှက်ပြီး ငါ့ကိုလက်ထပ်ရဖို့ မင်းအသက်နဲ့ ခြိမ်းခြောက်နေဖို့ဘာလို့လိုမှာလဲ... အဲဒါ မင်းရဲ့ဘဝလေ... မင်းက မင်းရဲ့ဘဝကိုတောင် လောင်းကြေးထပ်ခဲ့တာ...မင်းဂရုမစိုက်တဲ့ ယောကျ်ားတစ်ယောက်အတွက်နဲ့လား"
အစပိုင်းတွင် သူက သူမအား မေးခွန်းထုတ်နေသကဲ့သို့ ပြင်းထန်စွာ ပြောဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ့အသံက ပိုမိုညင်သာပြီး တိုးညှင်းလာကာ ဝမ်းနည်းခြင်းခံစားချက်တစ်ခုပါဝင်လာ၏။အဆုံးသတ်စကားတို့က ရေကန်ထက်ကလေညင်းထဲသို့ ပျော်ဝင်ပျောက်ကွယ်သွားသည်။
သူ့ကို ထိုကဲ့သို့မြင်လိုက်ရသောအခါ ကျန်းရှုယောင် အလျင်အမြန်ဆိုလိုက်၏။
"မဟုတ်ဘူး...ရှင်ပြောသလိုမဟုတ်ဘူး...ခဏလေး ကျွန်မစဉ်းစားပါရစေဦး"
ရှဲ့ရွှင်းက ယခုလိုမျိုး ခံစားချက်များကို ထုတ်ပြော,ခဲ,သည်။ သူက အေးစက်နေပုံပေါ်ပေမဲ့ အတွင်းပိုင်းမှာ နူးညံ့သိမ်မွေ့ပြီး တစ်ခါတစ်ရံ အနည်းငယ်ပင် ထုံထိုင်းနေတတ်သူဖြစ်၏။
ယခုမူ ဤသည်မှာ ကျန်းရှုယောင် တစ်ခါမှ မမြင်ဖူးသော သူ၏တစ်ဘက်ခြမ်း ဖြစ်သည်။လက်ရှိသူက စိမ်းသက်ကာ ရင့်သီးပြီး ရင့်သီးလွန်း၍ လူအများကို ကြောက်လန့်စေသည်။ သူမ ခဏလောက် လမ်းပျောက်နေခဲ့ရ၏။
"မင်းက သူမဟုတ်ဘူးမလား"
သူမ သူမ၏အတွေးတစ်သီကြီးဖြင့် ရုန်းကန်နေရချိန်တွင် ရှဲ့ရွှင်းက ရုတ်တရက် စကားဆိုလာသည်။ သူ့အသံက တိုးဖွပြီးတုန်ယင်နေပေမဲ့ ရုတ်ချည်း လျှပ်စီးလက်သလိုမျိုး သူမကို ထိသွားခဲ့၏။
သူမက ခေါင်းကို မော့လိုက်ပြီး ရှဲ့ရွှင်းကို မျက်လုံးများပြူးကျယ်လျက် စိုက်ကြည့်နေသည်။
ရှဲ့ရွှင်းက သူမဆီခြေတစ်လှမ်းတိုးပြီး သူမကို ငုံ့မိုးကြည့်ကာပြောလိုက်၏။
"မင်းက ရေထဲကျသွားတဲ့သူမဟုတ်ဘူးမလား"
ဤစကားအနည်းငယ်ကြောင့် ကျန်းရှုယောင် ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ ရှဲ့ရွှင်းဆီကဖြစ်နေလိမ့်မည်ဟုတွေးမိရန် ဝေးစွ၊သူမ သူမ၏လျှို့ဝှက်ချက် ဖော်ထုတ်ခံရလိမ့်မည်ဟု တစ်ခါမှပင်မတွေးခဲ့ဖူးပေ။
သူ ထိတ်လန့်တကြား ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့၏။
"ရှင်ဘာတွေပြောနေတာလဲ"
"ဒီအတိုင်းဆို ဟုတ်တယ်... အရာအားလုံးက ရှင်းပြလို့ရတယ်"
ရှဲ့ရွှင်းက သူမကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်ပြီးဆိုသည်။
"တကယ်တော့ ငါက ခန့်မှန်းလိုက်ရုံသက်သက်ပဲ"
သူ့မျက်ခုံးများက ရှုံ့တွနေပြီး သွားများက အံကြိတ်ထားကာ သူ့အမူအရာက လေးနက်၊အေးစက်နေလျက် မျက်လုံးများက စူးရှနေသည်။ဤအခိုက်အတန့်တွင် သူ့နှုတ်ခမ်းထောင့်များကို ရုတ်တရတ်ပင့်လိုက်သောအခါ သူ့မျက်နှာတစ်ဝက်က အမှောင်ထဲသို့ နစ်မြုပ်သွားသည်။ သူမ သူ့အပြုံးနှင့် အမူအရာတို့ကို မမြင်နိုင်ဘဲ မယှဥ်သာအောင်ထူးဆန်းနေသည်ဟုသာ ခံစားရသည်။
ကျန်းရှုယောင်၏အကြီးမားဆုံးလျှို့ဝှက်ချက်က ယခုလေးတင်မှ ဖော်ထုတ်ခံခဲ့ရပြီး (ထိုကတည်းက) သူမအလွန်ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။ ယခုမူ သူမ သူ့အပြုံးကြောင့် လန့်ဖျပ်သွားပြီး "အား" ဟု အော်ဟစ်ကာ အထိတ်တလန့်ဖြင့် နောက်ဆုတ်သွားခဲ့သည်။
သူမက ကြောက်ဖွယ်လိလိ နောက်ပြန်ဆုတ်သွားသည်ကိုမြင်ရာတွင် ရှဲ့ရွှင်းက ရုတ်တရက် ရှေ့ကို ပြေးသွားပြီး သူ့လက်တွေကို ဆန့်ကာ သူမအား ဘေးလွတ်ရာကို ဆွဲထုတ်လိုက်၏။
ကျန်းရှာယောင် ပို၍ပင် ကြောက်သွားသည်။ သူမ က လက်ကို အမြန်ဝှေ့ယမ်းကာ သူ့လက်ထဲမှ လွတ်ထွက်သွားသည်။ သူမ လှည့်ကာ ခြေလှမ်းအနည်းငယ်ဖြင့် သူ့ကိုရှောင်လိုက်သော်လည်း ချော်ပြီး လှေဦးပေါ်မှ ပြုတ်ကျသွား၏။
"ဗွမ်း...."
ရေထဲသို့ လူတစ်ယောက် ပြုတ်ကျသံ ထွက်ပေါ်လာပြီး အပြာရောင်ဖျော့ဖျောရေကန်ပေါ်တွင်
ရေမှုန်ရေမွှားများ လွင့်စင်သွားသည်။ရှဲ့ရွှင်း သူမကို ဖမ်းရန်အချိန်မရလိုက်ဘဲ သူမ ရေထဲပြုတ်ကျသွားသည်ကို ကြည့်နေလိုက်ရ၏။သူ ချက်ချင်း ပျာယာခတ်သွားသည်။
ကျန်းရှုယောင်က ရေမကူးတတ်ဘူး...
အရင်တစ်ခါ သူမ ရေထဲပြုတ်ကျစဥ်က အစေခံဖြစ်သူက ရေထဲဆင်းသည်ကို စောင့်ရန် အချိန်မလောက်သဖြင့် အသက်ရှင်နေသည့် လူတစ်ယောက် ရေနစ်နေသည်ကို မကြည့်ချင်သောကြောင့်သာ သူ ရေငုပ်ပြီးကယ်ဆယ်ခဲ့ခြင်းဖြစ်၏။
သို့ရာတွင် ယခု သူမက ရေထဲနောက်တစ်ခါ ကျသွားသည့်အခါ သူ့စိတ်တွေ ဇောက်ထိုးဖြစ်ကုန်သည်။
ရှဲ့ရွှင်း "ဗွမ်း"ခနဲ ရေကန်ထဲသို့ ထိုးဆင်းလိုက်ပြီး သူ့စိတ်ထဲတွင် ဗလာဖြစ်နေကာ သူမ၏ရုပ်သွင်ကို ရှာဖွေရန် အလိုလို ရေကန်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။
တောက်ပသောလက မြင့်မားစွာ ချိတ်ဆွဲထားပြီး ရေကန်မျက်နှာပြင်က မှန်တစ်ချပ်ကဲ့သို့ ဖြူဖွေးမှုန်ရီကာ ရွှန်းလဲ့နေသော်လည်း ရေကန်က နက်မှောင်ပြီး တိတ်ဆိတ်နေသော ချောက်ထဲတွင် ခိုအောင်းနေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ရှဲ့ရွှင်း ပိုမိုနက်သထက် နက်ရှိုင်းစွာ ထိုးဆင်းသွားသော်လည်း သူမကို လုံးဝမမြင်ရပေ။သူ သူ့ကိုယ်သူရေထဲမှာ ရုန်းကန်နေရသည်ဟုပင် မခံစားရပေ။
ရေစီးကြောင်းက သူ့ဝတ်လုံကို ဆွဲပြီး သူ့ကို ရေကန်အလယ်ကို ဆွဲထုတ်ရန် ကြိုးစားနေသည်။
သူ့အဆုတ်ထဲက အောက်ဆီဂျင်တွေ ကုန်ခမ်းသွားပြီး မီးလို တောက်လောင်နေ၏။ရှဲ့ရွှင်း မရမက ကြံ့ကြံ့ခံရင်း ရေအောက်လှိုင်းကို ရင်ဆိုင်ကာ ရှေ့သို့ ဆက်လက် ကူးခတ်သွားခဲ့သည်။
သူ ရေကန်ထဲတွင် အကြာကြီးနေ၍ နက်ရှိုင်းစွာ နစ်မြုပ်နေသော်လည်း သူမကို ရှာမတွေ့သေးပေ။
သူ့ခေါင်းမှာ တဝီဝီ မြည်နေသလို ခံစားလိုက်ရပြီး သူ့လက်တွေ တုန်ယင်လာသည်။
အောက်ဆီဂျင်မရှိသဖြင့် သတိလွတ်လုနီးပါး မူးဝေလာသည့်အခါမှ အံတင်းတင်းကြိတ်ကာ နောက်ဆုံးမှာ လက်လျော့ပြီး လက်ကျန်ခွန်အားနှင့် အပေါ်ပြန်ကူးလာခဲ့၏။
ရေကန်ထဲက ထွက်လာချိန်မှာ လတ်ဆတ်သော အောက်ဆီဂျင်က သူ့အဆုတ်တွေကို ဖြည့်ပေးပေမဲ့ ပူလောင်သည့် ခံစားမှုက လျော့မသွားဘဲ တိုးလာကာ အချိန်အတိုင်းအတာတစ်ခုထိ မသိမသာ ထုံကျင်နေသော ခံစားမှုမျိုးကို ပေးစွမ်းနေသည်။
သူ့အမြင်အာရုံကို ပိတ်ဆို့နေသည့် ရေတွေကို သုတ်လိုက်ပြီး အနက်ရောင်ရေကန်ကို ကြည့်လိုက်၏။ လှိုင်းလုံးတွေမရှိဘဲ တိတ်ဆိတ်နေသည်။
ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို သူ မယုံချင်နိုင်ဘဲ ကြောင်တောင်တောင်နှင့် ရေကန်ကို ကြည့်နေမိ၏။
ရေကန်ထက်ကလေညင်း တိုက်ခတ်လာသောအခါ သူရုတ်တရက် သတိပြန်ဝင်လာသည်။ သူအသက်ပြင်းပြင်းရှူလိုက်ပြီး ရေထဲပြန်ထိုးဆင်းချင်ခဲ့၏။
သူ ထိုးဆင်းလိုက်သည့်နှင့် သူ့နောက်ကနေ ပျော့ပျောင်းသည့် အင်အားတစ်ခု ထွက်လာသည့။ သူ မတုံ့ပြန်ခင်မှာ သူ့ကို ရေကန် မျက်နှာပြင်ပေါ် ဆွဲတင်ထားပြီးသားဖြစ်နေသည်။
ရှဲ့ရွှင်း အလိုလျောက် လှည့်ကြည့်လိုက်သောအခါ ရေတွေက သူ့မျက်နှာပေါ် စီးကျလာသောကြောင့် ခဏတာ မျက်လုံးမဖွင့်နိုင်ဖြစ်သွား၏။
"ရှင်ဘာလုပ်နေတာလဲ!"
ကျန်းရှုယောင်က ရေကန်မျက်နှာပြင်ကိုရိုက်လိုက်ပြီး အမောတကောဆိုသည်။
"ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာလား"
ရှဲ့ရွှင်းက သူ့မျက်နှာပေါ်ရှိ ရေစက်ရေပေါက်များကို သုတ်လိုက်ပြီး သူ့ရှေ့ရှိကျန်းရှုယောင်ကို စိုက်ကြည့်နေသည်။
အသက်အောင့်ထားသည်ကတစ်ကြောင်း၊ဒေါသကြောင့် အသက်ရှုကြပ်နေသည်ကတစ်ကြောင်း သူမ ဟောဟဲလိုက်နေ၏။
"ရှင်ရူးနေလား...ငုပ်ဆင်းသွားပြီး အကြာကြီးနေတာတောင်ပြန်တက်မလာဘူး...ကျွန်မ ဆင်းပြီးရှာတော့လည်း ရှင့်ကို ရှာမတွေ့ဘူး...ဘယ်လောက်နက်အောင် ငုပ်နေတာလဲ"
ရှဲ့ရွှင်း အံ့သြသွားသည်။ သူ့စိတ်က ထုံထိုင်းနေဆဲဖြစ်လေသည်။ "မင်းက ရေမကူးတတ်ဘူး--" ဟုသာ ကြောင်တက်တက်ဖြင့်ပြောနိုင်လိုက်၏။ ပြောပြီးနောက် ယခု အဖြစ်အပျက်ကို သူသတိထားမိသွားသည်။ ကျန်းရှုယောင်က ဘယ်လိုလုပ် ရေကူးတတ်ပုံပေါ်တာလဲ...
သူ တအံ့တဩမေးလိုက်။။
"ဘယ်တုန်းက ရေကူးတတ်တာလဲ"
ကျန်းရှုယောင် ရှဲ့ရွှင်း သူမ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သည့်အတွက် ထိတ်လန့်ခဲ့ရသလို သူရေပေါ်အတန်ကြာအောင်တက်မလာခဲ့သည့်အတွက်လည်း ထိတ်လန့်ခဲ့ရသည်။ သူမ၏ စိတ်အခြေအနေက တက်လိုက်ကျလိုက်ဖြစ်နေ၏။ သူမ၏စိုးရိမ်ပူပန်မှုတွေ၊ချီတုံချတုံဖြစ်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ ခံစားချက်များသည် ကြားကွက်လပ်တစ်ခုမှ စီးဆင်းလာသော တောင်ကျရေကဲ့သို့ ဖွင့်ကျလာ၏။
"ရှင်မသိဘူးလား...မမှန်းတတ်ဘူးလား...ကျွန်မဘယ်တုန်းက သင်ခဲ့တာလဲဆို ကျွန်မကရေကူးတတ်တယ်လေ... ဘာဖြစ်လဲ"
သူမက ခွေးပေါက်လေးမာန်ဖီသလိုဖြစ်နေပြီး ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှသည်။
ရှဲ့ရွှင်း လည်ပင်းကျုံ့သွားပြီး ပဟေဠိဖြစ်ဟန်ဖြင့်ဆိုလိုက်၏။
"တစ်ခါတလေ သေသွားတဲ့လူကို ကယ်တင်ပြီးရင် သူတို့ရဲ့ စိတ်နေစိတ်ထားတွေ သိသိသာသာ ပြောင်းလဲလာပြီး မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားတယ်လို့ ကြားဖူးတယ်...ရုတ်တရက် အတတ်ပညာတစ်ခုခုတတ်လာတဲ့သူကို တစ်ခါမှ မကြားဖူးဘူး..."
ကျန်းရှုယောင် သူမပါးစပ်က ကန်ရေများကို သုတ်ရင်း မျက်မှောင်ကြုတ်ကာဆိုလိုက်သည်။
"ဘာလဲ"
သူမစိတ်ထဲတွင် မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး နောက်ကျလွန်းသွားပြီမှန်း သတိပြုမိလိုက်၏။
"စောစောက ကျွန်မက သူမဟုတ်ဘူးလို့ရှင်ပြောတယ်လေ...ရှင်ဆိုလိုတာက ကျွန်မရဲ့စိတ်နေစိတ်ထားပြောင်းလဲသွားပြီး တစ်ယောက်တည်းလို့သတ်မှတ်လို့မရတော့ဘူးလို့ပြောချင်တာလား"
"ဟုတ်တယ်လေ... မင်းက ငါ့ကို ကြိုက်တဲ့သူလည်း မဟုတ်ဘူး... ငါ့ကို အတင်းအကျပ် လက်ထပ်ခိုင်းတဲ့သူလည်း မဟုတ်ဘူး...မင်းက ယောက်ျားတွေကို နှောင့်ယှက်တတ်ပြီး အရှက်အကြောက်မရှိတဲ့သူလည်း မဟုတ်ဘူး... မင်းက အရင်ကျန်းရှုယောင်နဲ့မတူတဲ့ အသစ်စက်စက် လူသစ်တစ်ယောက်ပဲ"
"ဒါဆို ရှင့်အပြုံးက ဘာဖြစ်နေတာလဲ"
အေးစက်စက်မျက်နှာနဲ့လူတစ်ယောက်က ရုတ်တရက် ပြုံးပြလိုက်တာက အရမ်းထူးဆန်းပြီး ကြောက်စရာကောင်းမှန်း ရှင်မသိဘူးလား...
"ဘာလို့လဲဆိုတော့ ငါအရမ်းပျော်နေလို့"
ရှဲ့ရွှင်းက စကားဆိုလိုက်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြစ်တည်စေပြန်ကာပြောသည်။
"ငါ စက်ဆုပ်တဲ့လူက ငါကယ်တင်ခဲ့ပေမဲ့ ငါ့ကို ကပ်တွယ်ပြီး လက်ထပ်ဖို့ဖိအားပေးခဲ့တဲ့သူကိုပါ... သူက မင်းမဟုတ်ဘူး... ငါတို့ကြားမှာ နားလည်မှုလွဲတာတွေမရှိဘူး၊ အတားအဆီးမရှိဘူး၊ တွက်ချက်မှုတွေ မရှိဘူး"
သူက ကျန်းရှုယောင်ကို သူ၏ခိုင်မာသည့် မျက်လုံးများနှင့် ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ထွန်းလင်းနေသည့်လထက် ပိုမိုကြည်လင်ပြီး တောက်ပနေသည်။
"ငါပျော်တယ်...ငါရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး အတူတူ ဖြတ်သန်းချင်တဲ့သူက လက်ရှိ မင်း...တမူထူးခြားတဲ့မင်းပါ"
သူကနားရွက်များ နီရဲနေလျက် သူ့မျက်နှာက သူမတစ်ခါမှ မမြင်ဖူးသည့်ပုံစံဖြင့် တောက်ပကာ အသက်ဝင်နေပြီး သူ့မျက်လုံးများနှင့် လေသံက အလွန်နူးညံ့သော်လည်း ကလေးဆန်မှုအပြည့်ရှိသည်။
"ကျန်းရှုယောင် ငါမင်းကိုကြိုက်တယ်"
ကျန်းရှုယောင် မှင်သက်သွားသည်။
သူမ ဒေါသမထွက်ခင်မှာ ရုတ်တရက် ဝန်ခံခြင်းကြောင့် သူမ အံ့အားသင့်သွားခဲ့ပြီး ဤညက ဤမျှလောက် အံ့သြဖွယ်ကောင်းလိမ့်မည်ဟု သူမ မထင်ခဲ့မိပါချေ။
ရင်ခုန်စရာဟု ယူဆရသည့် အခိုက်အတန့်ဖြစ်သော်လည်း မထင်မှတ်ထားသော ဦးတည်ချက်မှာ အံ့အားသင့်ရုံမှတစ်ပါး ဘာမှမချန်ထားခဲ့ပေ။
"မင်းငါ့ကိုသဘောကျလား"
"အင်း"
ကျန်းရှုယောင်က အထစ်အထစ်အအအဖြင့်ဆိုလိုက်သည်။
"ရှင်...ကျွန်မ..."
သူမ ဘာပြောချင်လဲ၊ ဘာလုပ်ချင်လဲ သူမ မသိပေ။
ရှဲ့ရွှင်းက ပြော၏။
"မင်းမှာ စိုးရိမ်မှုတွေရှိနေတာ ငါသိတယ်... အဲဒါတွေကို ငါနားလည်တယ်"
သူ ဤအကြောင်းတွေကို ကျန်းရှုယောင်နှင့် ပထမဆုံးအကြိမ် အလေးအနက်ပြောဆိုခြင်ဖြစ်လေသည်။
"မင်းက အစားအသောက် မျှဝေရတာ ကြိုက်တယ်ဆိုရင် ဆိုင်တွေဖွင့်ပြီး စားသောက်ဆိုင်တွေရာမှာ ပံ့ပိုးပေးမယ်...ငါက ငါ့ရဲ့ ဒုတိယအစ်ကိုလို ဖြစ်မှာကို မင်းစိုးရိမ်နေတယ်... ငါ ကိုယ့်ကိုယ်ကို သက်သေပြဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်... စိတ်ချလက်ချ မနေနိုင်ခင် မင်း ငါ့ကို တုံ့ပြန်ဖို့ မလိုဘူး...ငါ့အမေက မင်းငါ့ကို မကူညီနိုင်သလို ငါ့ပြဿနာတွေကို မဖြေရှင်းနိုင်တာကို မကြိုက်ဘူး...အဲဒါ အလုပ်မဖြစ်ဘူးလို့ မင်းထင်ရင် ရုံးတော်ကနေ လွှတ်ပေးဖို့ပဲ ငါတောင်းဆိုလိုက်မယ်...မင်းက အပြင်ထွက်ရတာ ကြိုက်တယ်၊ ဆိပ်ကမ်းတွေ လမ်းတွေကိုကြိုက်တယ် ၊ စည်ကားတက်ကြွမှုတွေ မီးရှူးမီးပန်းတွေကိုကြိုက်တယ်... ဒါကြောင့် မင်းက ပေကျင်းကနေ ထွက်ခွာပြီးရင် ပိုကျယ်ပြောတဲ့ ကမ္ဘာကြီးကို သဘောကျလိမ့်မယ်"
ကျန်းရှုယောင် ဘာမှ မပြောခင်မှာ သူ၏ ခွဲခြမ်းစိတ်ဖြာမှုကြောင့် သူမ ပါးစပ်ပိတ်သွားခဲ့သည်။
သူမ စိတ်ပူနေသည်မှာ အမှန်ပင်။ သူမ ကူပြောင်းလာချိန်မှစ၍ ဤကမ္ဘာကြီးထဲသို့ အပြည့်အဝ ပေါင်းစည်းခြင်း မရှိသေးပါချေ။မော်ဒန်ခေတ် လူတို့၏ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှုတို့သည် ဤနေရာနှင့် အမြဲသဟဇာတမဖြစ်သောကြောင့် သူမ ရှဲ့ရွှင်းကို အစကတည်းက ချစ်သူဖြစ်မည့်အလားအလာရှိသူတစ်ယောက် အဖြစ် မဆက်ဆံခဲ့ပေ။
အတူနေပြီးနောက်တွင် သူမ တဖြည်းဖြည်း သွေးဆောင်ခံရကာ ရှေးခေတ်လူများနှင့် ခေတ်သစ်လူများကြားရှိ အတွေးအမြင် ပဋိပက္ခများကို စိုးရိမ်စပြုလာသည်။ သူက အချစ်ရေးတွင် ကြောင်သူတော်၊ ခေတ်နောက်ကျသော ပညာတော်သင်အရာရှိတစ်ဦးဖြစ်မည်ကို သူမကြောက်သော်လည်း သူက သူမဟုတ်ကြောင်း သူ့ကိုယ်သူ သက်သေပြခဲ့သည်။
လင်းရှီကြောင့် သူမဝမ်းနည်းနေချိန်၌ သူမအား ကြင်နာစွာ နှစ်သိမ့်ကာ အာမခံပေးနိုင်သည်။ သူမကို ဓားပြများ ခေါ်ဆောင်သွားပြီးနောက် ဖြူစင်မှုနှင့် ပျက်စီးသွားသော တားမြစ်ချက်များကို ဂရုမစိုက်ဘဲ သူမကို နှစ်သိမ့်ပေးရန်ပဲဂရုစိုက်ခဲ့သည်။ သူမစိုးရိမ်နေသောအခါ ကျိုးရှီကို ရှဲ့လန်ဆက်ဆံသကဲ့သို့ သူ သူမကိုဆက်ဆံမည်မဟုတ်ကြောင်း သူက အာမခံနိုင်သည်။
သူမအတွက် အကြံဉာဏ်တွေ ပေးခဲ့သည်၊ခရီးတိုလေးတွေမှာ သူမနှင့်အတူလိုက်ပါခဲ့သည်၊သူမ ဝမ်းနည်းသည့်အခါ သူမကိုနှစ်သိမ့်ပေးခဲ့သည်၊ သူမ စိတ်ပူသည့်အခါ သူမကို ဖျောင်းဖျကာဘဝင်ကျစေသည် ... ရှဲ့ရွှင်းမှာ တကယ်ကို သူ့အရိုးများထဲကနေ အလွန်အမင်း နူးညံ့သိမ်မွေ့မှုတို့ရှိနေခြင်းဖြစ်ချေသည်။
ထိုသို့သောလူ၏သွေးဆောင်ခံရခြင်းသည် သူမအတွက်သာမန်ဖြစ်ပြီး၊ သူ့ကို တွန်းထုတ်ပြီး ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခုမှ ရှာမတွေ့ပေ။
သူမက သူ့ကို တိတ်ဆိတ်စွာကြည့်နေသည်ကိုမြင်သည့်အခါ ရှဲ့ရွှင်း၏အပြုံးက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး စိုးရိမ်တကြီးဆို၏။
"တောင်းပန်ပါတယ်... ငါက ရုတ်တရက်ကြီး ဖြစ်သွားတယ်...စောစောကပြောသလိုပဲ မင်းတုံ့ပြန်စရာမလို–"
ကျန်းရှုယောင်က ရုတ်တရက် သူ့ကို ဖြတ်ပြောလိုက်သည်။
"ကျွန်မတို့နှစ်ယောက် ဒီလိုမျိုး ရေကန်ထဲမှာ ဆက်စိမ်နေသင့်တယ်ဆိုတာ သေချာလား"
လူနှစ်ယောက် မျက်နှာချင်းဆိုင် ရွှဲနစ်နေရင်း နက်ပြာရောင် ရေကန်ကြီးပေါ်တွင် ပေါလော မျောနေသည်မှာ တကယ်ရယ်စရာကောင်းလှသည်။
ရှဲ့ရွှင်း ဤပြဿနာကို ချက်ချင်းသဘောပေါက်လိုက်သည်။အခြေအနေက သိပ်ပျော်စရာမကောင်းပါချေ။ သူက လက်ဆန့်ကာ ရေထဲတွင် ကိုယ်ဖော့ရင်း ဆေးခြယ်ထားသောလှေဆီသို့ ပြန်ကူးရန် အဆင်သင့်ဖြစ်နေပြီးဆိုလိုက်သည်။
"အဟွတ်...တက်ကြရအောင်"
သူက အနည်းငယ်ပဲ ရေကူးခါရှိသေး ကျန်းရှုယောင်က သူ့ရင်ဘတ်ကို ဖိထား၏။
Xxxx