အပိုင်း ၉၀
Viewers 18k

Chapter 90


သူမက ရေကူးတတ်ရုံတင်မကဘဲ အလွန်ကျွမ်းကျင်၏။ သူမက ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နေပြီး သူ့ရှေ့သို့ တိုးကာ လမ်းကို ပိတ်ဆို့နေလေသည်။

သူမ၏ဆံထုံးက ပြေနေသည်မှာ ကြာပြီဖြစ်ကာ သူမ၏အနက်ရောင်ကေသာများက ကြွေကဲ့သို့ဖြူစွတ်နေသော မျက်နှာတွင် ကပ်နေပြီး စွဲမက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေသည်။ ရေစက်လေးတွေက တောက်ပနေပြီး သူမ၏နဖူးကနေ မျက်တောင်မွေးတွေအထိ လျှောကျနေ၏။ သူမ မျက်တောင်ခတ်လိုက်သောအခါတွင် ရေစက်များသည် ကြယ်ကြွေသကဲ့သို့ ကြွေကျကာ သူမျက်လုံးများရှေ့တွင် ပွင့်လန်းလာသည်။

"ကျွန်မရောပဲ"

သူမ နှုတ်ခမ်းကို ဖွင့်လိုက်သည်။

ရှဲ့ရွှင်း မတုံ့ပြန်နိုင်ဘဲဖြစ်သွား၏။
"ဘာလဲ"

ကျန်းရှုယောင်၏လွန်ခဲ့သည့်လအနည်းငယ်အတွင်းက အနှောင်အဖွဲ့များသည့် ယနေ့ညတွင် ပျောက်ကွယ်သွားခဲ့ပြီး ရုတ်တရက် သူမ သည်းထန်စွာရွာသွန်းသောမိုးနှင့် ထိတွေ့ခဲ့ရသည်။ သူမ လွတ်လပ်သွားသလို ခံစားခဲ့ရသည်။

သူမအပြုံးက တောက်ပပြီး ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသည်။

"ကျွန်မ ပြောတာ ကျွန်မလည်းအတူတူပဲလို့...
ကျွန်မလည်း ရှင်နဲ့အတူရှိရတာပျော်တယ်"

ဝုန်း--ဝုန်း--

ရှဲ့ရွှင်း၏နှလုံးသားက ရုတ်ချည်း အကြိမ်ရေအနည်းငယ် နှေးကွေးလေးလံစွာခုန်ပေါက်သွားကာ ဘဝင်ခိုက်မှုတစ်သုတ်က အလုံးအရင်းနှင့် သူ့နှလုံးသားထဲသို့ ပြေးဝင်လာ​​​ပြီး သူ့ကို မယုံနိုင်လောက်အောင် ကံကောင်းသည်ဟု ခံစားရစေသည်။

"မင်းပြောတာ မင်းလည်း ငါနဲ့သဘောထား အတူတူပဲလို့လား... "

သူ မသိစိတ်က အတည်ပြုလိုက်မိသည်။

"ဟုတ်တယ်"
ကျန်းရှုယောင်က ကျေနပ်စွာ ပြုံးလိုက်သည်။

ကျန်းရှုယောင်က အနည်းငယ်ပဲ စိတ်ရှုပ်ထွေးသွားသော်လည်း ရှဲ့ရွှင်းမှာ လုံးဝ အံ့သြသွားသည်။ ကျန်းရှုယောင် ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ကို သူဘယ်တုန်းကမှ မတွေးခဲ့ဘဲ ထိုကဲ့သို့သော အလှတရားကို အိပ်မက်ပင်မမက်ဝံ့ခဲ့ပေ။

"ငါ... မင်း..."
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော ယောကျာ်းက ဗလုံးဗထွေးရေရွတ်လိုက်သည်။

ကျန်းရှုယောင်ကဆို၏။
"အင်း ဘာဖြစ်လဲ"

"ဘာ...ဘာလဲ"

"ပုံမှန်လုပ်ရိုးလုပ်စဉ်အရ ကျွန်မတို့ တစ်ခုခုလိုအပ်နေတယ်မဟုတ်ဘူးလား"

"ဘာ—"

သူစကားမဆုံးခင်မှာ သူမ ရှဲ့ရွှင်းရင်ဘတ်ကို ဖိထားပြီး သူ့မေးစေ့ကို နမ်းလိုက်သည်။

ရေကန်ထဲက စိုစွတ်မှုနှင့်အတူ သူမနှုတ်ခမ်းတွေက နူးညံ့နေ၏။

သူ သူမဆီကထွက်သက်တို့၏ ပူနွေးမှုကို ခံစားနေရသည်။သူမ၏ မျက်နှာပေါ်ရှိ ရနံ့က အိပ်မက်ကဲ့သို့ပင် ထုံကျဉ်နေသော လျှပ်စစ်စီးကြောင်းများသယ်ဆောင်လာကာ ဦးရေပြားနှင့် ခြေလက်များဆီသို့ ပြေးဝင်လာပြီး သူ့ကို တောင့်တင်းပြီး မလှုပ်ရှားနိုင်ဖြစ်စေသည်။

ကျန်းရှုယောင် သူဆီကခွာသောအခါ သူ့မျက်နှာမှာ သွေးတွေ ယိုစီးလာသလို နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူမ ကျယ်လောင်စွာ ရယ်မောပြီး လှည့်၍ ရေကန်ထဲသို့ ထိုးဆင်းကာ လျင်မြန်စွာ ကူးခတ်သွားခဲ့သည်။

ရှဲ့ရွှင်း သူမ၏ ခန္ဓာကိုယ်မှဘောင်ဘင်ခတ်လာသော လှိုင်းလုံးများကို လက်ဆန့်၍ ထိလိုက်ပြီး သူ၏ မေးစေ့ကို ထိလိုက်ကာ မျက်မှောင်ကြုတ်ရင်း ယနေ့ညက အိပ်မက်များလားဟု တွေးတောနေလေသည်။

"ပေါယွမ်--"

အော်သံတစ်ခုက သူ့အတွေးကို နှောင့်ယှက်လာသည်။

အရှေ့နန်းဆောင်မှ လုပ်ဖော်ကိုင်ဖက်များသည် ပျော်ရွှင်စွာ စားသောက်ကြပြီး ဝိုင်အချို့ကို မှာကာ အကုန်လုံးကို ကုန်အောက် သောက်ခဲ့ကြသည်။ ယခု သူတို့အားလုံး အရက်မူးနေကြပြီး လက်ရန်းပေါ်မှာ တလှုပ်လှုပ်နှင့်လဲလျောင်းရင်း ရေကန်ထဲက ရှဲ့ရွှင်းကို လှမ်းအော်နေကြ၏။

"ဘာလုပ်နေတာလဲ...ရေကန်ထဲကို ဘယ်လို သွားတာလဲ"

"ငါလည်း အရမ်းပူနေတာ...လက်ဖက်ရည် တကယ်သောက်ချင်တယ်"

"ဒါပေမဲ့ ဘယ်သူက ရေကန်အလယ်မှာ ဘယ်လိုလုပ် ခုန်ချနိုင်မှာလဲ"

"မှန်တယ်...ပေါယွမ် တက်လာခဲ့...မင်းမတက်ရင် မင်းကိုအဖော်ပြုဖို့ ငါတို့ဆင်းလာမယ်"

သူတို့က ရေကန်မှာ အော်ဟစ်ခဲ့ကြသည်။

ရေကန်ပေါ်တွင် ပဲ့တင်သံတစ်ခု ထွက်ပေါ်လာသော်လည်း ပျောက်ကွယ်မသွားမီတွင် လင်းချန်၏ စူးရှသော အော်သံက ရုတ်တရက်အနောက်ကနေ ထွက်လာ၏။

"ငါ–လာနေပြီ–ဟား—"

သူက လှောင်အိမ်မှ လွတ်လာခါစ ငန်းမိုက်တစ်ကောင်ကဲ့သို့ လက်နှစ်ဖက်ကို ဆန့်တန်းကာ အဝေးကနေ အရူးလို ပြေးလာသည်။

သူ ခြေလှမ်းအကြီးကြီးယူကာ အကြီးကြီးခုန်တက်လိုက်သည်။

သူ့ခန္ဓာကိုယ်က လေပြင်းတိုက်သလိုဖြစ်ပြီး သူ၏ လက်နှေးခြေနှေး လုပ်ဖော်ကိုင်ဖက်အမူးသမားများမှာ တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။

"ဗွမ်း"

"ဗွမ်း"

"ဗွမ်းဗွမ်းဗွမ်း"

သူတို့သည် ဘိုးလင်းပင်များကဲ့သို့ ရေကန်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကာ ရေကန်ထဲတွင် ဖက်ထုပ်များကဲ့သို့ ပေါ်လိုက်မြုပ်လိုက်ဖြစ်နေကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။

"ငါ့ကို ဘယ်သူရိုက်တာလဲ ...အဟားဟား"

"အေးလိုက်တာဟ"

"အိုး—"

"..."

နောက်တစ်နေ့တွင် အရှေ့နန်းဆောင်မှ အရာရှိများအားလုံး အအေးမိသွားသည်။

.............

ရှဲ့ရွှင်း ရေထဲကျသွားသည့်ညမှာ စိတ်ပိုင်းဆိုင်ရာတင်းမာမှုနှင့် ရေထဲမှာ အကြာကြီးစိမ်နေခဲ့သောကြောင့်ဖြစ်မည်၊အိမ်ပြန်ရောက်သည်နှင့် အအေးမိသွား၏။ကျန်းရှုယောင်က အစေခံများကို ဂျင်းပြုတ်ရည်တစ်ပန်းကန် လုပ်ခိုင်းလိုက်သည်။

ရှဲ့ရွှင်း သူ၏ထုံးစံကြွေပန်းကန်လုံးကြီးကို ကိုင်ထားသည်။ သူ့ဦးနှောက်က တိမ်တွေ မြူတွေကြားထဲမှာ ရှိနေတုန်းပါပင်။ ဖြစ်ပျက်ခဲ့သည်များကို သေသေချာချာ ပြန်တွေးနေသလိုမျိုး သူ့မျက်လုံးတွေက ငေးကြောင်ကြောင်ဖြစ်နေသည်။

"မြန်မြန် ဟင်းရည်သောက်ပါ"
ကျန်းရှုယောင် သူ့နောက်မှ ဖြတ်သွားကာ သူမ၏ဆံထုံးကို ဖြည်ရန် ပြင်ဆင်နေသည်။

ရှဲ့ရွှင်း သူမ၏အသံကိုကြားသောအခါ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သူ့မျက်နှာကို ပန်းကန်ထဲသို့ အမြန်မြှုပ်လိုက်သည်။

တစ်ခုပဲ... ဒီပန်းကန်က အရမ်းကြီးတယ်...

ကျန်းရှုယောင်က သူ့အနားက ဖြတ်သွားပြန်၏။ သူ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမက “ဘာလို့ မသောက်တာလဲ” ဟု မေးသည်။

ရှဲ့ရွှင်း တုန်ယင်သွားပြန်သည်။

သူဖြေချင်ပေမဲ့ ပါးစပ်ကိုဖွင့်လိုက်သည့်အခါ ရေထဲမှာ သူ့နားတိုးကပ်လာသည့် ကျန်းရှုယောင်၏ ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာ၏။ ရုတ်တရတ် နွေးထွေးနူးညံ့သော အထိအတွေ့က သူ့မေးစေ့ပေါ်မှာပေါ်ထွက်လာပြီး နှလုံးခုန်နှုန်းများ အရူးအမူးမြန်လာကာ မျက်နှာက နီမြန်းလာပြန်သည်။

"ဘာဖြစ်တာလဲ"

သူပြန်မဖြေသည်ကိုမြင်သောအခါ ကျန်းရှုယောင် စိတ်ရှုပ်ထွေးစွာနှင့်သူ့ဆီ လျှောက်သွားခဲ့သည်။ သူ့ပါးပြင်များ နီမြန်းနေသည်ကို သူမတွေ့လိုက်ရပြီး သူ့နဖူးကအပူချိန်ကို စမ်းရန် အမြန်လက်လှမ်းလိုက်မိသည်။

ပူတယ်...

"အဖျားရှိနေတာလား"
သူမ ရေရွတ်လိုက်၏။

ရှဲ့ရွှင်း နောက်ဆုံးတွင် ထိတ်လန့်တကြား လှုပ်ရှားပြီး ဂျင်းပြုတ်ရည်ပန်းကန်ကြီးကို သူ့ပါးစပ်ထဲသို့ တစ်ကျိုက်တည်း လောင်းထည့်လိုက်သည်။

ကျန်းရှုယောင် သူက သူမကြာခဏအသုံးပြုလေ့ရှိပြီး သူ့အတွက် အထူးရည်စူးထားသည့်ကြွေပန်းကန်လုံးကြီးကို ကိုင်ထားသည်ကို သတိပြုမိ လိုက်သည်။ သူမအနည်းငယ် ဆွံ့အသွား၏။

"အစေခံတွေက ဂျင်းပြုတ်ရည်အတွက် ပန်းကန်လုံးအကြီးကြီးကို ဘာလို့သုံးကြတာလဲ... ညဘက် အရည်တွေ အများကြီး မသောက်သင့်ဘူး"

ရှဲ့ရွှင်းက သူမစကားကြားသောအခါ သက်ပြင်းတစ်ချက်ချပြီး ပန်းကန်ကို ချက်ချင်းချလိုက်သည်။ ပန်းကန်လုံး၏အောက်ခြေက သစ်သားစားပွဲကို "ဂွမ်း"ခနဲထိသွား၏။ ကျန်းရှုယောင် သူ့အမူအရာကို မမြင်မီတွင် သူ အမြန်ထွက်သွားခဲ့သည်။

မီးမမှုတ်ခင်လေးမှာပဲ ရှဲ့ရွှင်း အပြင်ကနေ ပြန်လာပြီး အဝေးကနေ ရပ်​ကာ သူမကိုကြည့်လိုက်၏။

ရိုးရိုးသားသားပြောရလျှင် ကျန်းရှုယောင် ရှဲ့ရွှင်း နှင့် အတွေးချင်းဖလှယ်ပြီးနောက် ရှက်ရွံ့ကာစိတ်လှုပ်ရှားသွားသော်လည်း သူမနှင့် ရှဲ့ရွှင်းက အချိန်အတော်ကြာ အတူနေခဲ့ကြပြီး ရင်းနှီးသော အပြုအမူများသည် သဘာဝအတိုင်း ဖြစ်တည်လာသောကြောင့် သူမ ထူးခြားမှုတစ်ခုမှ သတိမထားမိခဲ့ပေ။



သို့ရာတွင် ရှဲ့ရွှင်းက အဝေးမှာရပ်နေပြီး မတွေ့ဝံ့ဘဲ ရှောင်ဖယ်နေသည်တွေ့သောအခါ သတိပြုမိသွားသည်။ ရှဲ့ရွှင်းက...ရှက်နေတယ်လား...

ဖယောင်းတိုင်မီးက အဝါရောင်မှိန်ဖျော့ဖျော့ဖျော့ဖြစ်ပြီး တောက်ပသည့်မတည်မ​ငြိမ်အရိပ်တစ်ခု ထွက်ပေါ်နေသည်။

ရှဲ့ရွှင်းက ခပ်ဝေးဝေးတွင် ရပ်နေသည်။ သူက အေးစက်နေဆဲဖြစ်ပြီး သူ့မျက်လုံးတွေက မည်သို့ဖြစ်နေသည်ကို သူမ မမြင်နိုင်ပေ။

ကျန်းရှုယောင် သူ့ကို ကြည့်ပြီး ဘဝက ထူးဆန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် လွန်ခဲ့သောလအနည်းငယ်က သူ၏မျက်နှာသေကြီးကို ညည်းညူနေဆဲဖြစ်သော်လည်း ယခု သူ့မျက်နှာက အကြောသေနေချိန်တွင်ပင် ချစ်စရာကောင်းပြီး နှစ်သက်စဖွယ်ဖြစ်သည်ဟု သူမ မထင်မိဘဲ မနေနိုင်ပေ။

ထိုမှပင် သူမတွင် ချစ်မိသွားသည့် ခံစားချက်မျိုး ရှိလာသည်။ သူမ၏ ဗိုက်ထဲရှိ မယိုးမရွဖြစ်ခြင်းမှာ လှိုင်းတံပိုးထကာဆတိုးလာပြီး မရေမတွက်နိုင်သော လိပ်ပြာများ အတောင်ပံခတ်နေသကဲ့သို့ သူမ၏နှလုံးသားထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာသည်။

"ဘာလို့အဲဒီမှာရပ်နေတာလဲ... မအိပ်ချင်ဘူးလား"

ရှဲ့ရွှင်းက ချီတုံချတုံဖြစ်နေပြီး ဖြည်းညှင်းစွာ လျှောက်လာသည်။

ကျန်းရှုယောင်က ဘေးတစောင်း လှဲနေပြီး သူ လျှောက်သွားသောအခါ သူမ ခန္ဓာကိုယ် အပေါ်ပိုင်းကိုမတ်ကာ သူ့ကို ပြုံးပြုံးလေး ပြုံးပြ၏။

ရှဲ့ရွှင်းက မှုန်ကုပ်ကုပ်နှင့် သူမကို ငုံ့ကြည့်နေသည်။

သူ့မျက်လုံးများကိုအောက်စိုက်ထားသည့်အခါ ရှည်လျားထူထဲသည့်မျက်တောင်တွေက သူ့မျက်လုံးတွေကို ဖုံးလွှမ်းသွားပြီး အောက်မျက်ခမ်းတွေပေါ်မှာ အရိပ်တစ်ခု ချထား၏။ သူ၏ အေးစက်လှပသော မျက်နှာသွင်ပြင်နှင့်ပေါင်းစပ်လိုက်သောအခါ တသီးတသန့်ဆန်ပြီး မာနကြီးသည့် ခံစားမှုမျိုးပေးစွမ်းသည်။

ကံကောင်းထောက်မစွာ ကျန်းရှုယောင်က သူ၏ ကိုယ်ကျင့်တရားကို သိရှိပြီး သူ့ကို အထင်လွဲခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ အပြုံးက တိုးလာသည်။ သူ၏ ချောမောသော အသွင်အပြင်ကို ကြည့်ပြီး သူမသနားစရာ တာအို ဘုန်းကြီးတစ်ပါးကို လှည့်စားခဲ့မိသလို အမြဲလိုလို ခံစားခဲ့ရသည်။

သူမက စကားမပြောရသေးသော်လည်း ရှဲ့ရွှင်းက ဦးစွာလှုပ်ရှားလိုက်ပြီဖြစ်ကာ ကျန်းရှုယောင် ထံသို့ ရုတ်တရက် ငုံမိုးလိုက်သည်။

ရေချိုးပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ရေငွေ့ရေစက်ခြေရာလက်များရှိပြီး နူးညံအေးမြသောလေနုအေးက သူ့လှုပ်ရှားမှုများကြားတွင် တိုးညှင်းစွာ တိုက်ခတ်လာသည်။ သူက အပေါ်ကနေ ငုံမိုးလာသောအခါ ကျန်းရှုယောင်၏ အကြည့်က သူ့လည်ပင်းပေါ် သက်ဆင်းသွား၏။

သူ့အသားအရည်က ဖြူဖွေးပြီး လည်ပင်းအနားသတ်လိုင်းတို့ကထင်ရှားနေသည်။

ရှဲ့ရွှင်း သူ့အကြည့်ကိုအောက်ပို့ပြီး သူမကို စိုက်ကြည့်လိုက်သည်။သူ့အမူအရာက ယခင်အပျော်အပါးလိုက်စားမှုရှောင်ကြဥ်သည့်ဟန်ပန်တို့ နည်းနေပြီး ရုတ်တရက် သူမမျက်နှာပေါ်တွင် အနည်းငယ် ပူလာသည်။

"ကျွန်မ......"

သူမ စကားပြောနေပေမဲ့ ရှဲ့ရွှင်း ပိုတိုးကပ်လာပြန်သည်။ ဤတစ်ကြိမ်မှာ သူ့ခန္ဓာကိုယ်ပေါ်က ရေငွေ့တွေက သူမကို လုံး၀ဖုံးလွှမ်းသွားသလို ခံစားလိုက်ရ၏။

သူက အရပ်ရှည်၊ပခုံးကျယ်ပြီး ခြေတံရှည်ရှည်တို့ရှိကာ သူ့လက်မောင်းများက အလွန်ကျယ်ပုံရသည်။သူ ဤမျှ နီးကပ်လာသောအခါတွင် သူမမှာ သူ့ရင်ခွင်ထဲသို့ ပြုတ်ကျတော့မည့်ဟန်ဖြစ်နေ၏။

ကျန်းရှုယောင် ရုတ်တရက် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။သူမ၏ မျက်နှာက ချက်ချင်းပင် နီမြန်းလာပြီး သူမ၏နှလုံးခုန်သံများ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာသည်။

သူမ စိတ်ထဲ ဗလာဖြစ်သွားသလို ခံစားလိုက်ရပြီး မေးခွန်းတွေ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ဘာဖြစ်နေတာလဲ...ရှဲ့ရွှင်းက သူမကို ပွေ့ဖက်ချင်တာလား... သူမကို နမ်းချင်တာလား...သူ့ကိုနမ်းသင့်သလား...

သူမ ရင်တွေဖိုကာ ရှက်ရွံ့နေချိန်တွင် ရှဲ့ရွှင်း ရုတ်တရက် လှုပ်ရှားသွားသည်။ သူက သူ့ခန္ဓာကိုယ်ကို ဆတ်ခနဲ မတ်မတ်ထားပြီး ခေါင်းအုံးကို ကိုင်ထားရင်း ကျန်းရှုယောင်နားမှ ခြေတစ်လှမ်း တစ်ဝက်အကွာ နောက်သို့ ဆုတ်သွားသည်။

"ငါ စာကြည့်ခန်းမှာ သွားအိပ်မယ်"

မယိမ်းယိုင်၊တင်းကျပ်သောလေသံဖြင့် သူပြောခဲ့ပြီး ခေါင်းအုံးကို ပွေ့ဖက်ကာ လှည့်ထွက်သွားလေ၏။

ကျန်းရှုယောင် : ???

သူ ခုနက ခေါင်းအုံးကို ကိုင်ထားတာလား...ဒီတော့ အဲဒါက စာကြည့်ခန်းသွားဖို့ စိတ်ကူးထားတဲ့အတွက် သူရှာနေတဲ့ ခေါင်းအုံးလား...

သူမ၏ မျက်လုံးများသည် ကျားတစ်ကောင်လို ကြမ်းကြုတ်လာသည်။ သူမ၏ရင်ဖိုစိတ်လှုပ်ရှားနေမှုကို ပြန်တွေးကြည့်သောအခါတွင် သူမ အရူးတစ်ယောက်လို ခံစားခဲ့ရသည်။

သူမ အံကြိတ်လိုက်သည်။
"ရှဲ့ပေါယွမ်"

ရှဲ့ရွှင်းက ခေါင်းငဲ့လာပြီး သူ့ပုံစံက တင်းမာနေသည်။ သူ့အမူအရာက အေးစက်လွန်းသောကြောင့် ဇနီးဖြစ်သူကို စွန့်ပစ်ခဲ့သည့် ရက်စက်သောလူတစ်ယောက်လိုဖြစ်နေ၏။

"ဘာလဲ"
သူကမေး၏။

ကျန်းရှုယောင်က အသက်ပြင်းပြင်းရှူပြီး အံကိုကြိတ်ကာဆိုလိုက်သည်။
"ဒီကိုလာ"

သူမ ဒေါသကို ထိန်းမထားဘဲ ကုတင်ကို နှစ်ခါပုတ်ကာပြောလိုက်၏။
"ဒီမှာ အိပ်"

"ရက်စက်ယုတ်မာသောလူ"က ခဏလောက်တွေးပြီး ခေါင်းအုံးကို ပွေ့ဖက်ကာ ကုတင်ဆီသို့ လျှောက်လာသည်။ ကျန်းရှုယောင်၏ ဒေါသထွက်နေသော အကြည့်အောက်တွင် သူ ခေါင်းအုံးကို အမြန်လှဲချကာ ဖိနပ်ချွတ်ပြီး အိပ်ရာဝင်ခဲ့သည်။

"ဟမ့်"

ကျန်းရှုယောင်က သူ့ကို စကားမပြောချင်ဘဲ နံရံဘက်ကို မျက်နှာမူလိုက်သည်။

ရင်ဖိုစိတ်လှုပ်ရှားနေမှုများ ပျောက်ကွယ်သွား၏။

ရှဲ့ရွှင်း အနည်းငယ် ပဟေဠိဖြစ်သွားပြီးမေးလိုက်သည်။

"စိတ်ဆိုးနေတာလား"

"မဟုတ်ဘူး"

"တအားပူတယ်ထင်လို့ စာကြည့်ခန်းကို သွားခဲ့–"

"အင်း"

"...ဘာလို့လဲဆို ငါစိတ်​ထဲအဆက်မ​ပြေ ဖြစ်​​နေလို့ပါ"

ကျန်းရှုယောင်က ဘာမှမပြော။

ခဏအကြာတွင် ကျန်းရှုယောင် ရှဲ့ရွှင်း အိပ်ပျော်တော့မည်ထင်သောအချိန် သူက ရုတ်တရက် အလွန်ကို တိုးသည့်အသံဖြင့်မေးလာသည်။

"ဒီည မင်းပြောခဲ့တဲ့စကားက အမှန်လား"

ကျန်းရှုယောင်ကဆို၏။
"ဘယ်ဟာလဲ"

"မင်းလည်းငါနဲ့အတူတူပဲလို့ပြောခဲ့တဲ့ဟာ"

သူ့အသံက အလွန် တိုးနေသည်။ယခုထက် ပိုတိုးလျှင် ကြားရတော့မည်မဟုတ်ပေ။


ကျန်းရှုယောင်က ရုတ်တရက် ခံစားချက် ပိုကောင်းလာသည်။နှုတ်ခမ်းထောင့်တို့ပင့်တက်သွားပြီး"အင်း”ဟု ပြန်ဖြေလိုက်၏။

ရှဲ့ရွှင်း စကားရပ်သွားသည်။ လှည့်ပြီး သက်သောင့်သက်သာရှိသည့်အနေအထားဖြင့် အိပ်စက်သင့်သည်ဟု သူမအား ပြောနေသော အသံအချို့ကို သူမကြားလိုက်ရသည်။ ထို့နောက် လှုပ်ရှားမှုမရှိတော့သဖြင့် သူအိပ်ပျော်သွားပုံရသည်။

သူမအနားမှာ သူရှိလျှင် အမြဲတမ်း လုံခြုံသည်ဟု ကျန်းရှုယောင်ခံစားရပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။

ကောင်းသောညလေးဖြစ်ပါစေ။

*

နောက်တစ်နေ့မနက်စောစော အိပ်ယာထပြီးနောက် ရှဲ့ရွှင်း၏ပုံသဏ္ဍာန်က သူမဘေးမှာ မရှိတော့ပေ။ ကျန်းရှုယောင် သူမ၏ နားသယ်များကို ပွတ်ကာ ပိုင်ကျီကိုခေါ်ရင်း ထလိုက်သည်။

ပိုင်ကျီ အပြင်မှ ဝင်လာပြီး ကျန်းရှုယောင်ကိုထရာတွင် ကူညီပေးခဲ့သည်။

"နေမြင့်နေတာကို ငါ့ကိုဘာလို့မနှိုးတာလဲ"
ကျန်းရှုယောင်က မေးသည်။

"သခင်မ...သခင်က သခင်မ မနေ့ညက ရေထဲပြုတ်ကျပြီးလန့်ထားတဲ့အတွက် ဒီနေ့ နည်းနည်းကြာအောင် အိပ်ခိုင်းသင့်တယ်လို့ပြောပါတယ်... အစေခံတွေကို သခင်မကို မနှောင့်ယှက်ဖို့သူက အမိန့်ပေးခဲ့ပါတယ်"

လွန်ခဲ့သောအချိန်အနည်းငယ်က ကျန်းရှုယောင် ဓမ္မတာလာခဲ့သည်။ ပိုင်ကျီက သူမ သခင်မမှာ ကိုယ်ဝန်ရှိနေသည်ဟု လွဲမှားစွာထင်မြင်မိခဲ့ကြောင်း နားလည်သွားသည့်အတွက် အင်မတန်စိတ်ပျက်သွား၏။

"သူ စားစရာ ယူသွားလား"

"သခင်မ မနေ့က ပြင်ထားတဲ့ ခေါက်ဆွဲအေးကို ယူသွားတယ်...သခင််မမှာထားတဲ့အတိုင်း ဟင်းခတ်အမွှေးအကြိုင်တွေကို ပန်းကန်လုံးသေးသေးလေးထဲ ထည့်ပေးလိုက်ပါတယ်"

ကျန်းရှုယောင် ခေါင်းညိတ်ပြပြီး ကိုယ်လက်သန့်စင်၍ အခန်းထဲမှ ထွက်လာခဲ့သည်။

နေမင်းကြီးက ထိန်ထိန်လင်းနေသည်။သူမ နေကို ပိတ်ဆို့ရန် လက်မြှောက်လိုက်သည့် အချိန်မှာပဲကျိုးရှီ  အဝေးက လာနေသည်ကို မြင်လိုက်ရ၏။

သူမက မျက်မှောင်ကြုတ်ကာ အနည်းငယ် ဝမ်းနည်းနေပုံရသည်။ ကျန်းရှုယောင်ကိုတွေ့သောအခါ သူမစိတ်တွေကိုစုစည်းပြီး ပြုံးကာဆိုသည်။

"နင်အခုမှထတာတော့ မဟုတ်ဘူးမလား"

ကျန်းရှုယောင် သူမကိုယ်သူမ ကာပြောလိုက်၏။
"မနေ့ညက အိပ်ယာဝင်နောက်ကျလို့"

ကျိုးရှီက  ခေါင်းညိတ်ပြီး ပြောသည်။

"မနေ့က လမ်းဘေး အစားအစာစျေးကို သွားတုန်းက ငါတကယ် စိတ်လှုပ်ရှားနေခဲ့တာ...ညရောက်တဲ့အထိ အိပ်မပျော်ဘူး"

သူမကနေကိုကြည့်ရင်း သက်ပြင်းချပြီး ဆက်ပြော၏။
"ကောင်းကင်က အရမ်းပူတယ်...ဒီမနက် ငါ စားချင်စိတ်မရှိတော့ဘူး...ဗိုက်ဖြည့်ဖို့ အအေးနည်းနည်းပဲသောက်ခဲ့တယ်"

"ဟုတ်​တယ်​...ကျွန်မလည်း ​ရေခဲ​တချို့စားချင်​တယ်​"

ကျန်းရှုယောင်က လက်ခုပ်တီးပြီး ကျိုးရှီကို သူမ၏ မီးဖိုချောင်ငယ်လေးသို့ ဖိတ်ခေါ်လိုက်သည်။

"ရေခဲအကြောင်းပြောရရင် ယောက်မကိုပြစရာတစ်ခုရှိတယ်"

ကျိးရှီ၏ စူးစမ်းလိုစိတ်က နိုးကြားလာပြီး သူမနောက်သို့ အမြန်လိုက်သွားခဲ့သည်။

မီးဖိုချောင်ငယ်လေးထဲကို ရောက်သည့်အခါမှာ ကျန်းရှု​ယောင်က စားပွဲပေါ်က သံထည်ပစ္စည်းကို လက်ညှိုးထိုးပြပြီးပြော၏။

"ဒါပဲ"

ထူးဆန်းသော သံကိရိယာကို မြင်လိုက်ရသဖြင့် ကျိုးရှီ  ရှေ့သို့ လျှောက်သွားပြီး ၎င်းကို ထိလိုက်သော်လည်း ရင်းနှီသည့်အရာတစ်ခုမှ မတွေ့ပေ။

"ဒါက..."

"ဖျော်စက်"

ကျန်းရှုယောင် ကြိတ်စက်ကိုဖွင့်ပြီး ဓါးသွားများကို ကျိုးရှီအား ပြသလိုက်သည်။

"ပါဝင်ပစ္စည်းတွေကို ကြိတ်ချေတဲ့နေရာမှာ အသုံးပြုတယ်... သံခဲနဲ့ ပြုလုပ်ထားတာကြောင့် ရေခဲခြစ်ရာမှာလည်း သုံးနိုင်တယ်...ဒါပေမဲ့ နည်းနည်း လက်ဝင်လောက်တယ်"


Xxxx