အပိုင်း ၉၄
Viewers 18k

Chapter 94
ခေါက်ဆွဲအေးနှင့် ရေခဲစိမ်ထမင်း



သူမ၏ အနာဂတ်ပန်းတိုင်များကို ဆုံးဖြတ်ပြီးနောက် ကျန်းရှုယောင်လုပ်သည့် ပထမဆုံးအရာမှာ ရှဲ့ရွှင်းကို ပြောပြခြင်းဖြစ်သည်။

ရှဲ့ရွှင်းက သူမယခုလိုတွေးလာလိမ့်မည်ဟု အကြာကြီးကတည်းက မျှော်လင့်ထားသောကြောင့် သူ မအံ့သြဘဲ "မင်းဘာဆက်လုပ်မှာလဲ" ဟုမေးလိုက်၏။

ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး
"မသိဘူး...ဖြည်းဖြည်းချင်း စဉ်းစားမယ်... အခု အရေးကြီးဆုံးက လမ်းဘေးအစားအစာ စျေးကို ကောင်းကောင်းလည်ပတ်ဖို့ပဲ"

ရှဲ့ရွှင်းကသဘောတူလိုက်သည်။
"ကောင်းပြီ"

"ဒါဆို နောင် မကြာခဏ အပြင်ထွက်ဖြစ်မယ်ထင်တယ်...ရှင်စိတ်ကွက်မှာလား"

ရှဲ့ရွှင်းက ပြုံးပြီး ဆိုသည်။
"ဘာလို့ ဒီမေးခွန်းတွေ ဆက်မေးနေတာလဲ... ငါ စိတ်မကွက်ဘူးဆိုတာ မင်းသိပါတယ်"

ကျန်းရှုယောင် စိတ်သက်သာရာ ရသွား၏။ရှဲ့ရွှင်း၏ သူမကို ပံ့ပိုးပေးမှုနှင့်သာဆိုလျှင် သူမလိုချင်သည်ကို ယုံကြည်မှုအပြည့်နှင့် ရဲရင့်စွာ လုပ်ဆောင်နိုင်သည်။

တစ်နေ့ပြီးတစ်နေ့ နွေရာသီ အပူဒဏ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်တိုင်အောင် ကျန်းရှုယောင်တစ်ယောက် လမ်းဘေးအစားအစာ စျေးကွက်၏ အရသာကို မြှင့်တင်ကာ အစားအစာ အမျိုးအစားသစ်များကို ထည့်သွင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် နောက်တစ်ဆင့်ကို အတည်ပြုရန် လင်းရှီ နှင့် အဆက်မပြတ် အကြံဥာဏ်များ ဖလှယ်ခဲ့သည်။

လမ်းဘေးအစားအစာ စျေးဖွင့်သည့်နေ့မှစပြီး လုပ်ငန်းများ နေ့စဉ်နှင့်အမျှ တိုးတက်လျက်ရှိသည်။ အစားအသောက်က အရသာရှိပေမဲ့ ဈေးကတော့ သိပ်မကြီးပါချေ။ သင့်အနေဖြင့် ဘတ်ဂျက်ငွေကျပ်နေသည်ဆိုပါက အရသာရှိပြီး ဈေးသက်သာသည့် ဖြည့်စွက်စာတွေလည်း ရှာတွေ့နိုင်၏။ အစကတုန်းက စိတ်ပူပြီး ပိုက်ဆံမပေးရဲသူများပင်ဖြစ်စေ၊ အသစ်အဆန်းကို မြည်းစမ်းချင်သူတွေပဲဖြစ်စေ၊ မျှော်လင့်ချက်များစွာမထားသူများပင်ဖြစ်စေ လမ်းဘေးအစားအစာဈေးမှာ အစားအသောက်နှင့်လေထု၏ သိမ်းပိုက်ခံခဲ့ရသည်။ ညဘက်တွင်ပင် လူများစီးဆင်းမှု မရပ်တန့်ပေ။ လင်းမိသားစုက လမ်းကို တမင်တကာ ချဲ့ထားသော်လည်း အစားအသောက်ဈေးသည် ကျဉ်းနေပုံရသည်။

ကိုယ်ရေးကိုယ်တာကို အာရုံစိုက်သည့် စားသောက်သူတွေက ဆိုင်ထဲကို ဝင်ကြမှာ သို့မဟုတ် ဒုတိယထပ်ကို တက်သွားမှာဖြစ်ပြီး ဂရုမစိုက်သူတွေက ဆိုင်ရှေ့က သစ်သားခုံတန်းလျားတွေမှာ ထိုင်ပြီး လေနုအေးနှင့်ဝေမျှစားသောက်ခြင်း၏ ချစ်ခြင်းတရားကို ခံစားရန် သူစိမ်းတွေနှင့် ထိုင်နိုင်လေသည်။

ကျန်းရှုယောင်က လုပ်ငန်းချဲ့ထွင်ရန် ရည်ရွယ်ထားသောကြောင့် သူမက ရက်အနည်းငယ်ကြာတိုင်း ကြည့်ရှုရန် လာရောက်မည်ဖြစ်သည်။ သို့သော် နေ့တိုင်းလာလည်လေ့ရှိသော လင်းရှီက ပို၍ လေးလံလာကာ ကျန်းရှုယောင် သူမအား ဆူညံပူလောင်သောနေရာများသို့ လာခွင့်မပြုဝံ့ပေ။ လင်းရှီက အသုံးဝင်သော ဘဏ္ဍာထိန်းနှစ်ဦးကို လမ်းဘေးရှိ တည်းခိုခန်းတွင် နေထိုင်ရန်စီစဉ်ခိုင်းပြီး ကျန်းရှုယောင်၏ အစီအစဉ်များကို လိုက်နာရန် ၎င်းတို့အားလုံးကိုအမိန့်ပေးခဲ့သည်။

လမ်းဘေးအစားအစာဈေးသည် ဖွင့်လှစ်သည်မှာ ဆယ်ရက်ကျော်သာရှိသေးပြီး လမ်းဘေး၌ စားပွဲနှင့် ကုလားထိုင်များ ပိုများလာသည်။ ကံကောင်းထောက်မစွာ လင်းရှီက အမြော်အမြင်ရှိပြီး လမ်း၏အဆုံးရှိ လူသွားလမ်းအပါအဝင် လမ်းတစ်ခုလုံးကို ဝယ်ထားသောကြောင့် နေရာတိုင်းတွင် သစ်သားထိုင်ခုံများနှင့် ကုလားထိုင်များ ချထားသည်ကို တွေ့နိုင်သည်။

ကျန်းရှုယောင် လူအုပ်ကြားထဲ လျှောက်သွားခဲ့သည်။ သူမသည် တောက်ပပြီး ရက်ရောစွာ မွေးဖွားလာခဲ့သည်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ ဆံထုံးကို ဆင်မြန်းထားပြီး ချမ်းသာသောမိသားစုမှ ဇနီးတစ်ဦးနှင့်တူသည်။ စားသောက်နေသူများသည် သူမကိုမကြည့်ဘဲ မနေနိုင်ကြပါချေ။

သို့ရာတွင် ဤနေရာက လင်းမိသားစု၏နေရာဖြစ်သည်။ အခြားစားသောက်ဆိုင်များနှင့် ဈေးဆိုင်များရှေ့တွင် မကြာခဏ ဝိုင်းဖွဲ့နေတတ်ကြသော လူရမ်းကားများသည် လမ်းမပေါ်သို့ မလာရဲကြသောကြောင့် သူမအတွက် လမ်းဘေးအစားအစာဈေးတွင် လမ်းလျှောက်ခြင်းသည် အလွန်လုံခြုံပြီး နှောင့်ယှက်ခံရမည်ကို စိုးရိမ်စရာမလိုပေ။


သူမနောက်တွင် အိမ်ထိန်းတစ်ယောက်ပါလာသည်ဖြစ်ရာ စားသုံးသူများက သူမအား လင်းမိသားစုမှ အမျိုးသမီးတစ်ဦးအဖြစ်သာ မှတ်ယူကြသည်။ သခင်ရှန်းယန်၏ မိသားစုထဲက အကြီးဆုံးသခင်မလေးအကြောင်း သူတို့ မစဉ်းစားမိခဲ့ကြပေ။

အစားကောင်းကြိုက်သော အစားတလိုင်းအိုကြီး အချို့က နေ့တိုင်း ဤနေရာကို ရောက်ရှိလာကြပြီး ကျန်းရှုယောင်ကို ရင်းနှီးနေကြသည်။

"ဆိုင်ရှင်ရေ... မင်္ဂလာပါ"
သူတို့သည် လမ်းဘေးရှိ ခုံတန်းလျားတွင်ထိုင်ကာ စားရန်စောင့်နေကြပြီး ကျန်းရှုယောင်အား အားရပါးရ နှုတ်ဆက်ကြသည်။

ကျန်းရှုယောင် ယခင်က ထူးဆန်းသလို ခံစားခဲ့ရသော်လည်း ယခုအခါ သူမ ၎င်းကို ကျင့်သားရလာပြီး ခေါင်းညိတ်ပြလိုက်သည်။

"အရသာကအဆင်ပြေရဲ့လား"
မျက်နှာသစ်များရှိသည့် စားပွဲတစ်ဝိုင်းကို ကြည့်ရင်း သူမမေးလိုက်၏။

ဤစားသုံးသူအုပ်စုသည် ၎င်းတို့၏ကုန်ပစ္စည်းများရောင်းချရန် မြို့တော်သို့လာရောက်ကြသော ကုန်သည်များဖြစ်ပြီး တစ်စုံတစ်ဦးမှ မိတ်ဆက်ပေးပြီးနောက် ဤလမ်းဘေးအစားအစာဈေးအကြောင်းကို သိရှိခဲ့ကြသည်။ သူတို့သည် လူလတ်ပိုင်းအရွယ်ဖြစ်သောကြောင့် အပြင်ထွက်စားရန် ပိုက်ဆံအလုံအလောက်ရှိသည်။ ဤလမ်းဘေးအစားအစာဈေးကို ရောက်သည့်အခါ စားရသည်ကို ပျော်ရွှင်စရာဟုမှတ်ယူမိကြ၏။

"ဆိုင်ရှင်က နှိမ့်ချနေတာပဲ...ကျုပ် မြောက်မှတောင်ကို ပြေးပြီး အစားအသောက်အသစ်တွေ အများကြီး မြည်းစမ်းဖူးတယ်... ဒါပေမဲ့ ဒီလိုအရသာမျိုးက ကျုပ်အတွက် ပထမဆုံးအကြိမ်ပဲ... အရမ်းကြိုက်တယ်"

ကျန်းရှုယောင်က စကားကိုကြားသောအခါ ပြုံးပြီးဆိုလိုက်၏။
"ကောင်းပါတယ်"

သူမ ရှေ့ကို ဆက်လျှောက်သွားရင်း ရုတ်တရက် တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

လူစည်ကားသော လမ်းဘေးအစားအစာဈေးတွင် ထူးဆန်းသောလူအနည်းငယ်ရှိပုံရသည်။ ကျေးဇူးတရားသည် နှလုံးသားမှ မွေးဖွားလာသည်ဟု လူအများက ဆိုကြသော်လည်း ဤလူများသည် ခေါင်းငုံ့ကာ မျက်စိများကတောင်ကြည့်မြောက်ကြည့်ဖြင့် စူးစမ်းနေကြသည်။ တစ်ခုခုမှားနေပုံရသည်။

ကျန်းရှုယောင် ခေါင်းကို လှည့်ကာ ဘဏ္ဍာထိန်းကို အချက်ပြလိုက်ပြီး လင်းမိသားစု၏ အစောင့်များကို သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားစေသည်။

ကျန်းရှုယောင် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဆိုင်တိုင်းတွင် လှည့်လည်ကြည့်ရှုခဲ့သည်။ လုပ်ငန်းအခြေအနေကို ခန့်မှန်းပြီး ခေါက်ဆွဲအေးရောင်းသည့်ဆိုင်ရှေ့မှာ ရုတ်တရက် ရပ်သွား၏။

"ဒီမှာစားရတာ အရသာရှိမယ်ထင်လား"
ပိုးထည်ဝတ်ထားသည့် လူငယ်တစ်ယောက်က သူ့ဘေးနားက အဖော်ကို "ကြည့်ရတာ စိတ်ချရမယ် မထင်ဘူး"ဟု ရေရွတ်သည်။

"ငါလည်း အဲလိုပဲထင်ပါတယ်... ဒီဆိုင်ကို ကြည့်ပါဦး...အရမ်းကျဉ်းတယ်"

သူတို့ တိုးတိုးလေးပြောနေတုန်း လူနှစ်ယောက်က အောက်ထပ်ကိုဆင်းလာပြီး သူတို့ကို လက်ဝှေ့ယမ်းပြသည်။

"မင်းတို့တက်လို့ရပြီ... စားပွဲတစ်လုံးတော့ လွတ်နေပြီ"

သူတို့သည် ထိုနေရာသို့ တုံ့ဆိုင်းစွာ လျှောက်သွားကာ လမ်းလျှောက်ရင်းဆိုကြ၏။

"ငါ ထိုင်စောင့်နေရသေးတယ်...ဒါက ငါ့အတွက် ပထမဆုံး အကြိမ်ပဲ..ပါ့ကျန်းဇိုက်ကတောင် ငါ့ကို ထိုင်ခုံစောင့်ဖို့ မတောင်းဆိုဖူးဘူး"

"ဘယ်လောက်အရသာရှိလဲ ကြည့်ချင်တယ်"

"သူတို့ ဘာတွေ တွေးနေလဲ မသိဘူး...နောက်ဆုံးမှာ အကယ်ဒမီကနေ ထွက်လာပေမဲ့ စားသောက်ဆိုင် မသွားဘဲ စားဖို့ ဒီကို လာခဲ့တယ်"

ကျန်းရှုယောင် သူတို့အပေါ်ထပ်တက်သည်ကိုလိုက်သွားခဲ့သည်။လှေကားပေါ်မှအော်နေသောလူနှစ်ယောက်သည် ရင်းနှီးလွန်းနေသောကြောင့်ဖြစ်၏။ သူတို့က ပထမအိမ်တော်ခွဲက ရှဲ့ရယ်နဲ့ရှဲ့ဟောင်မဟုတ်ဘူးလား...

အကြောင်းတစ်ခုခုကြောင့် လင်းမိသားစုမှ ဖွင့်လှစ်ထားသော လမ်းဘေးအစားအစာဈေး ဖြစ်သည့်အတွက် သူတို့နှစ်ဦးသည် ၎င်းတို့၏ သူငယ်ချင်းများကို စားသောက်ရန် ခေါ်လာမည်ဟု သူမ မထင်ထားခဲ့ပေ။ စျေးထဲက အစားအသောက်ကို သာမာန်လူတွေက အလွန် ကျေနပ်ကြသည်။သို့ပေမဲ့စားကောင်းသောက်ဖွယ်များ စားသုံးနေကျဖြစ်သည့် မျိုးရိုးမြင့် သခင်လေး/သခင်မလေးများနှင့် ကျောင်းသားများက ဘာပြောကြမလဲဆိုသည်ကို မသေချာပါချေ။သူတို့ မကျေနပ်ပါက ရှဲ့ရယ်နှင့်ရှဲ့ဟောင် မျက်နှာပျက်သွားလိမ့်မည်မဟုတ်ပေဘူးလော။

ခေါက်ဆွဲအေးဆိုင်၏ ဆိုင်ရှင်က အပေါ်ထပ်ကို လိုက်လာပြီး ကျန်းရှုယောင်အား အော်ဒါမှာမှာလားဟု မေး၏။

ကျန်းရှုယောင်က သူ့ကို စားပွဲငယ်လေးတစ်ခုတောင်းလိုက်သည်။

သူမထိုင်ပြီးသောအခါ မျိုးရိုးမြင့်သခင်လေးများနှင့် ကျောင်းသားများက ပြဿနာတက်နေပြီဖြစ်သည်။

"ခေါက်ဆွဲအေးက ဘယ်လိုဖြစ်တာလဲ... အသားမပါဘူးလား"

စားပွဲထိုးက ရှင်းပြသည်။
"ဧည့်သည်ခင်ဗျ... အသားစားချင်ရင် တုတ်ထိုး၊တုတ်ထိုးကြော်၊ စတူး၊ ကြက်ကြော် စသဖြင့် ရှိပါတယ်... မီနူးကို ကျွန်တော် ယူလာပေးပါ့မယ်...ဧည့်သည်တို့ဒီမှာ အော်ဒါမှာပြီးရင် လူလွှတ်ပြီး
အနီးနားက ဆိုင်မှာ သွားဝယ်ခိုင်းလို့ရပါတယ်"

ဤပြောဆိုချက်သည် သမားရိုးကျမဟုတ်ပေ။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ခုခုပြောချင်သော်လည်း ယခုအချိန်တွင် ဝေဖန်ခြင်းသည် မကောင်းပုံပေါ်သောကြောင့် သူတို့သဘောတူရန်လိုသည်။

မီနူးကိုကြည့်ပြီးနောက် အားလုံး အံသြသွားကြသည်။

မီနူးတွင် အစားအသောက်များ အလွန်များသည်။ စာရွက်အမြောက်အမြားနှင့် အမျိုးမျိုးရှိသော်လည်း အဓိကမှာ ၎င်းတို့ ယခင်က စားခဲ့ဖူးသည့်အရာများကို တစ်ခုမှမတွေ့ရပေ။

စားပွဲထိုးကဆို၏။

"အသားနဲ့ ငါး ပစ္စည်းတွေ အားလုံး ဒီမှာ ရှိပါတယ်... နောက်စာမျက်နှာ အနည်းငယ်က ရေခဲခြစ်၊ သစ်သီးလက်ဖက်ရည်၊ရေခဲစိမ်ထမင်း စတာတွေ အပါအဝင် သောက်စရာ အအေးအတွက် စာမျက်နှာတွေ ပါပါတယ်... ဖြည်းဖြည်းချင်း ရွေးပါဗျ"

ယခုအချိန်မှာ ဝေဖန်မှုတွေအားလုံး ကင်းစင်သွားလေပြီ။ ပိုးထည်အဝတ်အစားဝတ်ထားသည့် အပြစ်အရှာဆုံးလူငယ်က လည်ချောင်းရှင်းပြီးဆို၏။

"ဒါဆိုသူတို့က အစားအသောက်ဖန်တီးတဲ့အခါမှာ တွေးတောနေကြသေးပုံပဲ...ဒါပေမဲ့ အမျိုးအစားတွေများလွန်းတယ်...အရသာကို ထိန်းသိမ်းနိုင်မလားတော့ မသိဘူး

ရှဲ့ဟောင်က စိတ်မရှည်တော့ဘဲပြောလိုက်သည်။
"ကောင်းပြီ.. မင်းမစားချင်ဘူးဆို ဒီမှာမစားနဲ့"

တစ်ဖက်လူက သူ့ကို ဂရုမစိုက်ပေ။

"ငါကဒီအတိုင်းပြောနေတာကို မင်းကဘာလို့ စိတ်ဆိုးနေတာလဲ"

လေထုက အနည်းငယ် တင်းမာနေသည်။ ရှဲ့ရယ်က သူတို့ကို စိတ်လျော့စေပြီးပြောလိုက်၏။

"အရင်မှာယူရအောင်...ငါကတော့ တုတ်ထိုးကြော်ကို အကြံပေးတယ်...ဘယ်ဟာလိုချင်လဲ...ဒီ တုတ်ထိုးကင်တွေလည်း မှာလို့ရတယ်နော်... ထားလိုက်ပါတော့... ငါတို့အားလုံးအတွက် တုတ်ထိုးမျိုးစုံပဲ မှာထားလိုက်မယ်"

စားပွဲထိုးက အမှာစာများကို ရေးမှတ်ပြီး နောက်သို့ ဆုတ်သွားကာ စောင့်ဆိုင်းနေသော စားပွဲဝိုင်းကို ကိုးရိုးကားယား ချန်ထားခဲ့သည်။ ဘယ်သူမှ ဘာမှ မပြောကြပေ။

ရှဲ့ဟောင်က မနေနိုင်ဘဲ ရှဲ့ရယ်ကို တိတ်တိတ်လေး တီးတိုးပြောသည်။

"အသိသာကြီးကို ငါတို့က သူတို့ကို နေရာကောင်းတစ်ခုဆီ ခေါ်လာပေမဲ့ ဒီလူတစ်စုက ဝန်လေးနေကြတယ်... စိတ်ရှုပ်စရာပဲ"

ရှဲ့ရယ်၏ မျက်နှာက ပုံမှန်အတိုင်း တည်ရှိနေပြီး စိတ်မဆိုးမနေဘဲဆို၏။

"ဘာလို့ အလုပ်ရှုပ်ခံ စကားသွားပြောနေတာလဲ... အစားအသောက် လာချတဲ့အထိ စောင့်လိုက်... အခုနက အငြင်းအခုံက အဓိပ်ပါယ်မဲ့သွားလိမ့်မယ်"

ခေါက်ဆွဲအေးကို အရင်ချပေးလေသည်။ ခေါက်ဆွဲကို ပေါင်းပြီး အအေးခံထား၏။ အောက်ခြေတွင် ပဲပင်ပေါက်များကို ပဲငံပြာရည်၊ အစပ်ငရုတ်ဆီ၊ ရှာလကာရည်၊ ကြက်သွန်ဖြူရေ စသည်ဖြင့် ထည့်ပြီး ဆား၊ ငရုတ်ကောင်း၊ ဂျူးဖူး၊ သခွားသီးမျှင်တို့ကိုဖြူးထားသည်။

ကြွေပန်းကန်လုံးတွင် အဝါဖျော့ဖျော့ခေါက်ဆွဲအေး၊အဖြုရောင်ကြက်သွန်ဖြူနုနု၊ အညိုရောင် ပဲငံပြာရည်၊တောက်ပရွှန်းလဲ့သော ငရုတ်ကောင်းမှုန့်၊ မြရောင်သခွားသီးနှင့်လှီးထားသောနွေကြက်သွန်တို့ ပန်းကန်လုံးကြီးတစ်လုံးစာနှင့် ပြည့်နေသည်။ အရောင်များသည် ရိုးရှင်းသော်လည်း ငြီးငွေ့စရာကောင်းခြင်းမရှိပါချေ။ ရှုပ်ထွေးသောအနံ့ရှိပြီး ချဉ်၊ ချို၊ ထုံ၊ စပ်၊ မွှေးကာ အများအားဖြင့် နွေရာသီတွင်အစာစားချင်စိတ်မရှိသောအခါ၌ပင် လူတို့၏အစာစားချင်စိတ်ကိုနှိုးဆွပေးနိုင်သည်။

တူများနှင့် ကောင်းစွာရောမွှေ ပြီးနောက် ပျော့ပျောင်းအေးမြသောခေါက်ဆွဲကို ဆော့စ်ဖြင့် အညီအမျှ ဖုံးအုပ်ထားသည်။ အမြစ်များသည် အညိုရောင်ရှိပြီး အနီရောင်ဆီဖြင့် တောက်ပကာ ခါတိုင်းဟင်းရည်ပူပူနှင့်ခေါ်က်ဆွဲထက် ပိုမိုအရသာရှိသည်။

အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နှင့် သူတို့၏တူချောင်းတွေကို ရွှေ့ကြ၏။ အေးနေသဖြင့် အပူဒဏ်ကို ကာကွယ်ဖို့ မှုတ်စရာမလိုပါချေ။ ခေါက်ဆွဲအထွေးလိုက်ကြီးကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်ကြသည်။ ပထမအထင်အမြင်မှာ လုံးဝအေးမြသောခံစားမှုဖြစ်ပြီး၊ ထို့နောက် ပဲငံပြာရည်၏ချိုမြိန်မှု၊ ဆီရွှဲနေသော ငရုတ်ကောင်း၊ ငရုတ်ကောင်းမှုန့်၊ စူးရှသော ကြက်သွန်ဖြူနှင့် ရှာလကာရည်၏ အချဉ်ဓာတ်တို့ဖြစ်သည်။ လျှာဖျားကို သုတ်လိုက်ပြီး အရသာခံဖုများကို ချက်ခြင်း နိုးထစေသည်။ စွမ်းအင်တသုတ်ကြီးက တဟုန်ထိုး သူတို့ နဖူးထဲကို ဝင်လာပြီး အစာစားချင်စိတ်နိုးထလာ၏။

ခေါက်ဆွဲအေးများသည် ဝါးရပြီး ထူးခြားသည်။ ၎င်းသည် အယ်ကာလိုင်းခေါက်ဆွဲဖြစ်သောကြောင့် အယ်လကာလီ၏ နူးညံ့သောရနံ့ရှိသည်။ အနီရောင် ငရုတ်ဆီက စပ်သော်လည်း ခြောက်ကပ်ကပ်မဟုတ်ပေ။ အစပ်နှင့် ယှဉ်လျှင် ပိုမွှေးသည်။ ပဲငံပြာရည်အချိုကို သကြားအညို၊ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ နွယ်ချိုနှင့် အခြားအမွှေးအကြိုင်များဖြင့် ပြုလုပ်ထားသည်။ အရသာက စပ်ပြီး မွှေးကြိုင်ကာ မွှေးရနံ့မှာ အနည်းငယ်ကြာရှည်စွဲကျန်စေသည်။

ခေါက်ဆွဲအေးက အလွန်ရိုးရှင်း၏။ ခေါက်ဆွဲမှလွဲ၍ တစ်ခုတည်းသော အရံဟင်းလျာများမှာ သခွားသီးမျှင်များနှင့် ပဲပင်ပေါက်တို့ဖြစ်ပြီး ဤရိုးရှင်းသောအရသာက လန်းဆန်းစေသည်။ ခေါက်ဆွဲနူးနူးညံ့ညံ့ကို ပဲပင်ပေါက်ကြွပ်ကြွပ််လေးတွေနှင့် ရောစပ်ပြီး ကိုက်လိုက်တိုင်း တိုးညှင်းသော တကျွတ်ကျွတ်ဝါးသံများထွက်လာသည်။

ပဲပင်ပေါက်က အနည်းငယ် ခါးသက်ပြီး ချိုကာသခွားသီးအမျှင်များသည် လတ်ဆတ်ပြီး နူးညံ့သည်။ ခေါက်ဆွဲအေး နှင့် အနီရောင်ဆီများက ဆီတစွန်းတစစ်စနှင့် ပြင်းထန်သောအရသာတို့ကို ဖယ်ရှားပစ်ကာ ချဉ်စပ်စပ်ရနံ့သာ ကျန်ရစ်သည်။သို့ဖြစ်ရာ စောင့်ဆိုင်းရန် သို့မဟုတ် သတိထားရန်မလိုပါချေ။ သူတို့အနေဖြင့် တူများဖြင့် အလိပ်ကြီးကြီး လိပ်ကာ အလုတ်ကြီးကြီး ဝါးစားနိုင်သည်။ အပူဒဏ်ကြောင့် အချိန်အတော်ကြာ နှိပ်စက်ခံခဲ့ရသော အစာစားချင်စိတ်ကို ဤအချိန်တွင် ကယ်တင်နိုင်ခဲ့သည်။

ထိုအချိန်မှာ ရေခဲစိမ်ထမင်း ပေါ်လာ၏။ ကြွေထည်အဖြူပန်းကန်လုံးများသည် ရောင်စုံပါဝင်ပစ္စည်းများဖြင့် စုပုံထားသည်။ ဖြူပြီး ဖောင်းနေသောကောက်ညှင်း၊ ဖောက်ထွင်းမြင်ရပြီး ပျော့ပျောင်းသောမှိုဖြူ၊တရုတ်ဇီးသီးအချပ်များ၊ စပျစ်သီးခြောက်၊ ပိန်းဥလုံး၊ ဖရဲသီး၊ မြေပဲထောင်း၊ နှင့်သစ်သီးသကြားလုံးတို့ကို ပေါင်းထည့်ထားသည်။ယင်းက အရောင်စုံလင်ပြီး ကြည်လင်ပြတ်သားသောရေခဲများက ရေထဲတွင် လွင့်မျောနေသည်အေးစက်သောလေနှင့် ရောစပ်ထားသော မွှေးရနံ့များက မျက်နှာဆီသို့ ပြေးလာနေသည်။

[E/TN–ရေခဲစိမ်ထမင်းသည် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ရိုးရာသရေစာဖြစ်သည်။ ထိူ့ကြောင့် ဖူကျန့်ဟင်းလျာဖြစ်၏။ အဆိုပါဟင်းလျာသည် 1980 ခုနှစ်များတွင်ပေါ်ပေါက်ခဲ့ပြီး ဖူကျိုး၏ ချန်းလဲ့ ခရိုင်တွင်စတင်ခဲ့သည်။ ဖူကျိုး၏ ရိုးရာရေခဲခြစ်မှ ဖြစ်ပေါ်လာပြီး ဖူကျိုးရှိ လူများအတွက် နွေရာသီအချိုပွဲဖြစ်သည်။]

"ဘာလို့ ထမင်းကို ရေအေးနဲ့ စိမ်ထားရတာလဲ... တကယ်ကြီး သစ်သီးသကြားလုံးနဲ့ တွဲစားခိုင်းတယ်ပေါ့"

ဇီဇာကြောင်သောလူက ထပ်ပြောပြန်သည်။ သို့ပေမဲ့ သူက ခေါက်ဆွဲအေးကို နှစ်သက်သဖြင့်ဤတစ်ခါ သူ သက်ပြင်းချရုံချပြီး စကားမပြောရဲတော့ပေ။

စားသည့်အခါ ဘာကြောင့်လဲဆိုသည်ကို သိလာသည်။ သစ်သီးရနံ့နှင့် သစ်သီးသကြားလုံး၏ ချိုမြိန်မှုသည် ရေခဲရေထဲသို့ အရည်ပျော်သွားပြီး လန်းဆန်းသောဖျော်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယခုအချိန်တွင် ကောက်ညှင်းသည် အဓိကအစားအစာမဟုတ်သော်လည်း အချိုပွဲဖြစ်သည်။ နူးညံ့ပြီး ချိုသည်။ ရေခဲရေထဲမှာ စိမ်ပြီး ရေခဲနှင့် ကျွေးသည့်အခါ မာရည်ကျောရည် အနည်းငယ်ရှိ၏။ အေးပြီး ရွအိသည်။ ဆန်က မွှေးပြီး သင့်လျော်သော အချိုရှိသည်။ အေးနေတုန်း စားလိုက်သောအခါ အပူတွေ ပျောက်သွား၏။

ယခု သူဘာမှ အပြစ်ရှာမပြောနိုင်တော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် ပါးစပ်ပိတ် နေလိုက်သည်။

တုတ်ထိုးများ ပေါ်လာသောအခါ လူတိုင်းသည် ကြိုင်လှိုင်ပြီး စပ်သော မီးသွေးအနံ့အရသာကြောင့် ပို၍ပင် အံ့သြသွားကြသည်။ ယခုလေးတင်ပဲ သူတို့ နွေရာသီမှာ အအေးတစ်ခုခုစားပြီး ရေခဲရေ သောက်သင့်သည်ဟု ထင်ခဲ့ကြပေမဲ့ ယခု အသားစားသည်က အကောင်းဆုံးဟု ထင်နေကြလေပြီ။ စပ် ၊ ငန် ပြီး ဆီတရွှဲရွှဲနှင့်
လန်းဆန်း စေသည်။ဤသည်က အင်မတန်ကောင်း၏။

လူတစ်စု စိတ်အားထက်သန်စွာ စားသောက်နေချိန်တွင် ဘေးမှ လူတစ်ဦးက လမ်းဘေးအစားအစာဈေးအကြောင်း ကျယ်လောင်စွာ ပြောနေသည်ကို ကြားလိုက်ရသည်။

သူတို့သည် အစားအသောက်ကို အာရုံစိုက်သောကြောင့် လူတိုင်း နားရွက်ထောင်ကာ နားထောင်ကြသည်။

ထိုအခါ လူထွားကြီးက စကားတစ်ခွန်းမျှ မထိန်းနိုင်ပါချေ။

"လင်းမိသားစုက ဒီနေရာကိုဖွင့်ထားတာလို့ အခုလေးမှပြောတယ်"

"လင်းမိသားစုလား...လင်းမိသားစုက ဖူးယန်အိမ်တော်မှာ ရှိတာ...ဒီမှာမဟုတ်ဘူးမလား..."

အားလုံးက ရှဲ့ရယ်နှင့် ရှဲ့ဟောင်ကို ခေါင်းလှည့် ကြည့်ပြီး ဆိုကြသည်။

"ဒီနေရာကို ကျန်းသခင်မလေး ရဲ့ လင်းမိသားစုက ဖွင့်ထားတာလား"

ရှဲ့ရွှင်းတစ်ယောက် ထိုအချိန်က ကျန်းရှုယောင် မည်မျှ ရူးသွပ်သည်ကို မသိသော်လည်း ၎င်းတို့လိုလူများက ရှင်းရှင်းလင်းလင်းသိသည်။ထိုနှစ်မှာ သူတို့ ရေထဲ ကျသွားကတည်းက ဤလူအုပ်စုက ထိုအမျိုးသမီးပွဲတက်သည်ဟုကြားရတိုင်း ရှောင်ကွင်းပြီး သွားကြလိမ့်မည်ဖြစ်သည်။


Xxxxxx