အပိုင်း ၉၅
Viewers 16k

Chapter 95
ကြက်ဥထမင်းကြော်



အတင်းအဖျင်းပြောခြင်းသည် လူသားတို့၏သဘောသဘာဝဖြစ်ပြီး လူပြိန်းကျခြင်းကို ရှောင်လွှဲ၍မရပေ။ ကျန်းရှုယောင်ကိုပြောပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သူမအား ထပ်မံ၍ နာကြည်းလာကြသည်။ ရှဲ့ရွှင်း၏ ကံဆိုးခြင်းအတွက် ဟစ်ကြွေးနေကြသည်။တော်ဝင် စာမေးပွဲတွင် တတိယနေရာရခဲ့သည့် အံ့သြဖွယ်စွမ်းရည်ရှိသော ရှဲ့ရွှင်းက နောက်ဆုံးတွင် အရူးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။

ရှဲ့ဟောင် နှင့် ရှဲ့ရယ်တို့သည် စိတ်မသက်မသာဖြစ်ပြီး သူတို့နှင့် ရန်ဖြစ်ကြတော့မည်ဖြစ်သည်။ အရင်ကပြောခဲ့သော ဇီဇာကြောင်သည့်သခင်လေးကဆိုလိုက်သည်။

"ငါတို့က အခု ကမ္ဘာပေါ်မှာ အပျော်ဆုံးနေရာကို ရောက်နေပြီ...မင်းတို့ကို ရိုက်နှက်ဖို့ အတင်းမတိုက်တွန်းနဲ့"

ပိုင်ရှင်ကို ဆိုးတဲ့စကားတွေပြောရင် နောင် ဘယ်လိုလာစားမလဲ...

လူတိုင်းက ဤစွမ်းအားကြီးသည့် အတန်းဖော်ကို အကြောက်ဆုံးဖြစ်သည်။ သူတို့က တွန့်ဆုတ်စွာ ပါးစပ်ပိတ်ထားသော်လည်း ဤအရသာများကို ကျန်းရှုယောင် နှင့် မချိတ်ဆက်မိခဲ့ကြပေ။

၎င်းကိုမြင်သောအခါ ရှဲ့ရယ်က အကူအညီမဲ့စွာပြောလိုက်သည်။

"ဒီအစားအစာတွေ၊ မဟုတ်ဘူး... အတိအကျပြောရမယ်ဆိုရင် ဒီလမ်းပေါ်က အစားအသောက်အားလုံးကို ငါ့တတိယအဒေါ်က လုပ်ခဲ့တာ"

သူ့စကားကြားသောအခါ လူတိုင်း အံ့ဩသွားပြီး ချက်ချင်း ရယ်မောလိုက်ကြသည်။

"ရယ်ရတယ်...တကယ်ရယ်ရတယ်"

"ဒီလမ်းမှာ စားစရာတွေ အများကြီးရှိတယ်... လူတစ်ယောက်တည်းက ဖန်တီးရင် မျောက်နှစ်ရောက်တဲ့အထိ အချိန်ယူရလိမ့်မယ်... ငါတို့ကို မလှည့်စားနဲ့"

[ET/N- "မျောက်နှစ်အထိ ကြာမယ်" အခြေခံအားဖြင့် ထာဝစဉ် ကြာမည်ဟု ဆိုလိုသည်။]

သူတို့ စကားပြောနေရင်းနှင့်ရုတ်တရက် ရပ်သွားသည်။

ကျန်းရှုယောင်က နံရံနောက်ကနေ ထွက်လာခဲ့၏။ သူမမျက်လုံးတွေက သူတို့အပေါ်ကို စိုက်ကြည့်နေသည်။

ထိုအချိန်က သူမ၏ ရူးသွပ်မှုကို ပြန်အမှတ်ရသောအခါ ထိုခေါင်းမာသော ကျောင်းသားများအားလုံး တုန်လှုပ်သွားကာ ထောင့်သို့ ကျုံ့သွားကြသည်။

ရှဲ့ဟောင် နှင့် ရှဲ့ရယ်တို့ ကျန်းရှုယောင် ဤနေရာတွင်ရှိနေပြီး ၎င်းတို့၏အတန်းဖော်များက သူမအကြောင်းပြောသည်ကို ကြားလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။သူတို့ သူမကို နှုတ်ဆက်လိုက်ကြသည်။

"တတိယအဒေါ် "

"အရသာက ဘယ်လိုလဲ...မင်းတို့အကြိုက်နဲ့လိုက်ဖက်ရဲ့လား"

ကျန်းရှုယောင်က မေးသည်။

အားလုံးက ခေါင်းညိတ်ပြပြီး ကိုးရိုးကားယား ဆိုကြ၏။

"အဆင်ပြေတယ်... အရမ်းကောင်းပါတယ်"

သူမ စိတ်သက်သာရာ ရသွားသည်။

"ကောင်းတယ်... အရသာနဲ့ပတ်သတ်ပြီး ပြဿနာကြီးကြီးမားမားမရှိပုံပဲ"

သာမန်ပြည်သူများနှင့် မျိုးရိုးမြင့်များ သဘောကျမှသာလျှင် ဟင်းချက်နည်းတွေကို အရည်အချင်းပြည့်မီသည်ဟု ယူဆနိုင်ပေသည်။

ပြောပြီးသည်နှင့် သူမက လှည့်ကာ အောက်ထပ်သို့ ဆင်းသည်။ လှေကားထိပ်သို့ရောက်သောအခါ ရှဲ့ရွှင်းက အောက်ထပ်မှ ရုတ်တရက်တက်လာသည်။

အကယ်ဒမီကျောင်းသားများသည် ကျန်းရှုယောင်ကိုမြင်ပြီး ခဏတာမျှ မတုံ့ပြန်နိုင်သော်လည်း ရှဲ့ရွှင်းကိုမြင်သောအခါတွင် သူသည် သူတို့ နှစ်ပေါင်းများစွာ လေးစားကြည်ညိုခဲ့သော ရှဲ့မိသားစု၏ တတိယသခင်ဖြစ်သည်ကို ချက်ချင်းမှတ်မိကြသည်။

ရှဲ့ရွှင်း၏ အေးစက်သော မျက်နှာကို မြင်လိုက်ရသောအခါ နှလုံးသားထဲတွင် သက်ပြင်းချမိကြသည်။ဟေး... သူ့မျက်လုံးတွေက အတော်လေး နာကျည်း နေတယ်...

အေးစက်သော မျက်နှာဖြင့် ရှဲ့ရွှင်းက ကျန်းရှုယောင်ဆီသို့ လျင်မြန်စွာ လျှောက်သွားသည်။ သူ က ခေါင်းငုံ့လိုက်ပြီး ရုတ်တရက် သူ့မျက်နှာမှာ တိမ်တွေလို အပြုံးတစ်ခု ပေါ်လာ၏။

"မင်းဒီကို ရောက်နေတယ် ဆိုတာ ငါကြားလို့ ဒီကို လာခဲ့တာ... ဒီနေ့အဆင်ပြေလား... ပင်ပန်းလား... တိုးမြင့်စရာ ရှိသေးလား "

ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး
"အားလုံးအဆင်ပြေနေပုံပဲ"

ရှဲ့ရွှင်းက ကူကယ်ရာမဲ့ဆိုသည်။

"မင်းကို ငါပြောပြီးပြီ... မင်းရဲ့ ဟင်းချက်စွမ်းရည်က တော်တယ်...စားသုံးသူအကြိုက်နဲ့မကိုက်မှာကို ဘာလို့ စိုးရိမ်နေရတာလဲ"

"ဘာလို့လဲ... ကျွန်မတို့ ပထမဆုံးအကြိမ်တချို့လောက်အရသာမြင့်ပြီးတုန်းက လူတိုင်းက ပိုကောင်းတယ်ပြောကြတာပဲလေ"

ရှဲ့ရွှင်း သူမပင်ပန်းနေမည်ကို စိုးရိမ်နေသော်ငြား သူမ ချက်ပြုတ်ခြင်း အဆင့်အတန်းမြင့်မားလာမှုနှင့် တိုးတက်လာမှုတို့ကိုရှာဖွေချိန်တွင် သူမတစ်ကိုယ်လုံး တလက်လက်တောက်ပနေသလို သူခံစားရသည်။သူ့မျက်လုံးများက နူးညံ့လာပြီး သူ့လေသံကလည်း ပျော့ပျောင်းညင်သာနေသည်။

"မင်း အစားအသောက်အကြောင်းစဥ်းစားရတာကြိုက်တယ်၊ချက်ပြုတ်ရတာကြိုက်တယ်ဆိုတာကို ငါသိပါတယ်... ဒါပေမဲ့ ကိုယ့်ကိုကိုယ်အပန်းပန်းမခံနဲ့လေ"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီးအောက်ထပ်ဆင်းသွားသည်။

ရှဲ့ရွင်းက သူမ ခြေချော် ပြုတ်ကျမည်စိုးသဖြင့် လက်ဆန့်ကာ ကူထိန်းပေးရင်း သူမနောက်ကအမြန်လိုက်သွား၏။

အကယ်ဒမီကလူတိုင်း လေထုက ဖရိုဖရဲဖြစ်နေသလိုခံစားရသည်။သူတို့ရှေ့က မြင်ကွင်းကို ကြည့်ပြီး အာစေးမိနေကြ၏။

သူတို့ကန်းများသွားသလား...ဘယ်လိုလုပ် ရှဲ့မိသားစုရဲ့ တတိယသခင်က ကျန်းသခင်မလေးကို ဒီလိုဆက်ဆံမှာလဲ...အာဃာတတွေဘယ်ရောက်သွားလဲ...ဒါက သိသိသာသာကြီး ချစ်နေကြတဲ့ အချောအလှစုံတွဲဟာကို...

ပို၍ပင်ကြောက်စရာကောင်းသည်က ရှဲ့ရယ်နှင့်ရှဲ့ဟောင်တို့က ညာကောင်းညာနိုင်သော်လည်း ရှဲ့ရွှင်းက ဘယ်သောအခါမှ ညာလိမ့်မည်မဟုတ်ပေ။

ဆိုတော့ သူတို့စားတဲ့အစားအသောက်တွေကို တကယ်ကြီး ကျန်းသခင်မလေးဖန်တီးထားတာပေါ့...

ရှဲ့ဟောင် မယုံကြည်နိုင်သောအမူအရာ ရှက်သွေးဖြန်းနေသောမျက်နှာများနှင့် ကြောင်အနေသောသူတို့တစ်ယောက်ချင်းစီကို လိုက်ကြည့်လိုက်၏။ သူ ခေါင်းယမ်းကာပြောလိုက်သည်။

"မင်းတို့မျက်နှာတွေ တအားပူတအားမနာဘူးလား...ဟေး အဲဒီနေ့က ငါလည်းတစ်ပုံစံတည်းခံစားခဲ့ရတာပဲ"

.......


ကျန်းရှုယောင် ဆိုင်မှ ထွက်လာသည်နှင့် အနီးနားတွင် စကားများ ရန်ဖြစ်သံကို ကြားလိုက်ရသည်။

သူမနှင့်ရှဲ့ရွှင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လူအုပ်နှင့်အတူ လျှောက်သွားလိုက်သည်။

လူအုပ်ကြားထဲရောက်သည်နှင့် ဆိုင်ရှင်တစ်ယောက်က အသက်ရှူမှားသည်အထိ ပြေးလာပြီးအမောတကောဆို၏။

"သခင်မလေး ... တစ်ယောက်ယောက် ပြဿနာရှာ နေတယ်"

ကျန်းရှုယောင် သူမ စိတ်ထဲတွင် အတန်ကြာကတည်းက မကောင်းသောခန့်မှန်းမှုများ ရှိနေသဖြင့် သူမ မအံ့သြဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ... ဖြည်းဖြည်းပြောပါ"

“ကောင်းပြီ...သခင်မလေး အဲဒီခိုးကြောင်ခိုးဝှက်လုပ်နေတဲ့လူတွေနောက်ကို လိုက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခိုင်းတယ်...ဒါကြောင့် ကျွန်တော့်လူတွေက သူတို့နောက်က လိုက်ကြတယ်... အဲဒီလူတွေက လျှို့ဝှက်ဟင်းချက်နည်းရဖို့ကြိုးစားတာတို့ စားဖိုမှူးကိုသိမ်းသွင်းဖို့ကြိုးစားတာတို့ မလုပ်ခဲ့ကြဘူး...အဲဒီအစား သူတို့က ဆိုင်တစ်ဆိုင်ရှာပြီးထိုင်လိုက်ကြတယ်...အစားအသောက် မှာပြီးတဲ့နောက် တစ်ယောက်က ပန်းကန်တစ်ဝက်လောက်စားပြီး ချက်ခြင်း အန်ချလိုက်တယ်.. ကျန်တဲ့ နှစ်ယောက်လည်း အန်တယ်...အစားအသောက်က ပြဿနာရှိနေတယ်လို့ စွပ်စွဲပြီး စားပွဲထိုးနဲ့ စကားများကြပါတယ်”

ဆိုင်ရှင်က ဒေါသတကြီးပြောသည်။ မထင်မှတ်ပဲ လင်းမိသားစု၏ ဆိုင်ကို လာပြီးပြဿနာရှာဝံ့သည့် သေးနုတ်သောလူရမ်းကားလေးများ ရှိနေ သေးသည်။

“သူတို့ကို အရာရှိတွေဆီ ပို့ပြီး တိုင်ကြားထားပါတယ်"

ကျန်းရှုယောင် ငြင်းခုံနေသော လူအုပ်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

"ဒါက ဆိပ်ကမ်း မဟုတ်ဘူး...ဝိုင်းရပ်ပြီး ကြည့်နေတဲ့ လူတွေက သာမန်လူတွေပဲ... ရှင်က ဟိုလှုပ်ဒီလှုပ်နဲ့ ဒီလို သတင်းပို့ရုံနဲ့ လူတွေကို ယုံကြည်အောင်လုပ်နိုင်ပါ့မလား"

“ဒါ…”

အနှီဆိုင်ရှင်က စားသောက်ကုန်လုပ်ငန်းကို ပထမဆုံးအကြိမ် ဦးစီးလုပ်ကိုင်ခြင်းဖြစ်သဖြင့် ချီတုံချတုံဖြစ်နေ၏။

“ကျွန်တော့်လူတွေက အစားအသောက် သန့်ရှင်းမှု ရှိမရှိ ရှင်းလင်းပြီးသားပါ...အရာရှိတွေက ကျွန်တော်တို့ကိုရှင်းလင်းပေးပါလိမ့်မယ်"


ဘေးက ကြည့်နေသော ရှဲ့ရွှင်းက ဝင်ဖြတ်ပြောလိုက်သည်။

"ဒီဆိုင်အတွက် နောက်ထပ် အရေးကြီးတဲ့ ကိစ္စရှိသေးတယ်... လူသုံးယောက် ဆက်တိုက် အော့အန်ပြီး ဒုက္ခရောက်ကုန်တယ်...သူတို့ မှားယွင်းစွပ်စွဲတယ်ရင်တောင် ဒီည လုပ်ငန်းက ပိုဆိုးလာလိမ့်မယ်... အဲဒါက နောက်ရက်အနည်းငယ်ကြာအတွက် လမ်းတစ်ခုလုံးကိုတောင် ထိခိုက်နိုင်တယ်... "

ဤအကြောင်းပြောသောအခါ ဆိုင်ရှင်လည်း အတော်လေး ဒေါသထွက်ကာဆို၏။

"မရဘူး... ဘယ်လောက် စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူလဲ... စီးပွားရေးအတွက် တည့်တိုးလုတာ ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုတစ်ခုဆိုရင်ထား... သူတို့က လူတွေကို စက်ဆုပ်သွားအောင် လှည့်ကွက်တချို့လုပ်နေရတယ်လို့... ပျက်စီးမှုက အရမ်းကြီးတော့ မဟုတ်ပါဘူး...ဒါပေမဲ့ သူတို့ ဒီကို ခဏခဏ ရောက်ရင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိမ့်မယ်"

"ရက်အနည်းငယ်ကြာရင် အဆင်ပြေသွားမှာမဟုတ်ဘူးလား...ဒါပေမဲ ဒီနေ့ ဒီ လူရမ်းကားတွေက ..."

ကျန်းရှုယောင် ဤလူများ၏နောက်ကွယ်က အကျိုးစီးပွားအတွက် ရုန်းကန်နေရခြင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိပေ။

လမ်းဘေးအစားအစာဈေးကို စဖွင့်ကတည်းက လင်းမိသားစုသည် စီးပွားရေးလုပ်ငန်းအမျိုးမျိုး၏ နောက်ခံသမိုင်းကြောင်းကို သဘာဝအတိုင်း စူးစမ်းလေ့လာခဲ့သည်။ ဆိုင်ရှင်က ဤအကြောင်းနှင့်ပတ်သတ်ပြီး ကောင်းစွာနားလည်ကာဆို၏။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတွေက ကျွန်တော်တို့ရဲ့ လမ်းဘေးအစားအစာဈေးက ရှင်သန်မှာမဟုတ်ဘူးလို့ တွေးပြီး ရယ်စရာလုပ်ကြည့်နေကြတာ... ဆိုင်တွေ အများကြီးရှိပေမဲ့ သာမန်လူတွေအတွက်ပဲလေ... ဘာခြိမ်းခြောက်နိုင်မှာလဲပေါ့... မကြာသေးမီရက်များအတွင်းမှာ စားသုံးသူတွေ ပိုများလာမယ်လို့ သူတို့ မမျှော်လင့်ထားဘူး... အရပ်သားရော ချမ်းသာသူတွေရော ကျွန်တော်တို့ရဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ကြလိမ့်မယ်...စားသောက်ဆိုင်တွေသွားချင်တဲ့ စားသုံးသူအရေအတွက်က တဖြည်းဖြည်း နည်းလာပြီး အဲဒီအစားဒီကိုလာကြတယ်...ကျွန်တော်တို့က သူတို့လမ်းကို ပိတ်ဆို့နေသလိုဖြစ်မှန်းသိသာတယ်လေ... ထုံးစံအတိုင်း တစ်ယောက်ယောက်က စိတ်တိုနေမှာပေါ့ဗျာ"

ရှဲ့ရွှင်းကလည်း အရာရှိတစ်ဦးဖြစ်ပြီး ထိုအရာများအကြောင်းကို တော်တော်များများသိသည်။

"ဒီလူတွေကို အစိုးရဆီ ပို့လိုက်မယ်ဆိုရင် အများစုက ဘုတ်အဖွဲ့ကနေဆီ အကြိမ်အနည်းငယ် အရိုက်ခံရပြီး ရက်အနည်းငယ်ကြာ အနားယူရလိမ့်မယ်... ရက်ပိုင်းအတွင်း ပြန် ထွက်လာလိမ့်မယ်... ဆိုင်ရှင်ကပြောတဲ့အတိုင်း ငါတို့လုပ်ငန်းကို မထိခိုက်စေပေမဲ့ လူတွေက စက်ဆုပ်ရွံရှာလိမ့်မယ်”

ဆိုင်ရှင်က သံယောင်လိုက်လေ၏။

“မှန်ပါတယ်...ရှန်းယန်အိမ်တော်က လင်းမိသားစုကို ကျောထောက်နောက်ခံပေးထားပြီး တခြားစားသောက်ဆိုင်တွေရဲ့ နောက်ကွယ်မှာ ကျောထောက်နောက်ခံမရှိတဲ့သူတွေလည်း ရှိတယ်...ဟေ့ ကျွန်တော်တို့လည်း စီးပွားရေးသမားတွေဆိုတော့ ဓားပြတိုက်တဲ့လူတွေက ကြင်နာတတ်တာမဟုတ်ဘူးဆိုတာ သဘာဝကျကျ သိပါတယ်...တစ်ယောက်ယောက်က အမြဲတမ်း ညှစ်ဖို့ ကြိုးစားတယ်... သင်္ဘောလုပ်ငန်းမှာ လင်းမိသားစုက အရေးယူနိုင်ပေမဲ့...အဲဒီအဆင့်မြင့်အရာရှိတွေ ဒါမှမဟုတ် ထူးချွန်တဲ့စာပေ ပညာရှင်တွေ ဒီကိုလာစားဖို့ လာရမယ်လို့ ဘယ်သူမှ မထင်ထားဘူး"

ဤကိစ္စသည် ဤမျှလောက် ရိုးရှင်းမည်မဟုတ်ပါချေ။ ကြီးကြီးမားမားရွှေ့ကွက်ဖြစ်ရမည်။

"နန်းတော်ထဲ ဝင်ကတည်းက ကိုယ်လုပ်တော်လင်းက လင်းမိသားစုရဲ့ လုပ်ငန်းကို ဘယ်တော့မှ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့တာ ဝမ်းနည်းစရာပဲ...ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့တွေ ဒီလောက် အသက်ရှူကြပ်မှာ မဟုတ်ဘူး...အဲဒီ ထိပါးချင်နေတဲ့လူတွေကို ဟန့်တားနိုင်လိမ့်မယ်"

သူပြောသည်ကိုကြားသောအခါ ကျန်းရှုယောင် စိတ်မပူဘဲ မနေနိုင်ပေ။

"ဘာလုပ်ရမလဲ...ကျွန်မအမေသာ ဒီမှာရှိနေရင် ဘယ်လိုဖြေရှင်းရမလဲ သိမှာပဲ"

ဘေးမှာရပ်နေသည့် ရှဲ့ရွှင်းက လည်ချောင်းရှင်းလိုက်သည်။

"အဟွတ်"

ကျန်းရှုယောင် ခေါင်းကို လှည့်ပြီး သူ့ကို သိလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်သည်။

ရှဲ့ရွှင်း သူမ၏ အကြည့်ကို ခံစားပြီး သူ၏ဖြစ်တည်မှုကို အသားပေးလိုက်၏။

"အဟမ်း"

ကျန်းရှုယောင်: "ကျွန်မယောကျာ်းကို ရေတစ်ခွက် ပေးလိုက်ပါ"

ရှဲ့ရွှင်းတစ်ယောက် "ရေမသောက်ချင်ဘူး"ဟု ကူကယ်ရာမဲ့ ပြောလိုက်ရသည်။ သူက အောင့်ထားခြင်းအား ရပ်တန့်လိုက်ပြီး တည့်တိုးပြောလိုက်၏။

"လင်းမိသားစုရဲ့နောက်ကွယ်မှာ မြို့တော်ကအကောင်းဆုံးစားသောက်ဆိုင်တွေရဲ့နောက်ကွယ်လူတွေ မယှဥ်ပြိုင်နိုင်တဲ့ သန်မာပြီး အစွမ်းထက်လှတဲ့ ရှန်းယန်အိမ်တော်ရှိတယ်...ဒါပေမဲ့ မင်းကမတူဘူး"

"ကျွန်မက..."

ကျန်းရှုယောင်က သူ့ကိုကြည့်ကာ အံ့သြစွာပြောသည်။

"ကျွန်မရဲ့ကျောထောက်နောက်ခံက မြို့စားရှဲ့အိမ်တော်ပါလို့တော့ရှင်မပြောနဲ့နော်"

ရှဲ့ရွှင်း အနည်းငယ်ပြောစရာစကားပျောက်ရှသွား၏။

"ဘယ်ဟုတ်မလဲ"

သူက အသံသိပ်မကျယ်ဘဲ “အရှင်မင်းသား"ဟု ရှင်းပြလိုက်သည်။

"အိမ်ရှေ့စံ... အိမ်ရှေ့စံမင်းသားလား"
ကျန်းရှုယောင် အံသြသွားသည်။

"ဟုတ်တယ်...အရင်က ရေခဲလုပ်နည်း သူ့ကို ငါပေးခဲ့တယ်...အရသာရှိတဲ့ အစားအသောက်တွေ ပါလာတဲ့အခါ မင်းသားက ငါတို့ကို ကူညီမယ်လို့ ငါယုံကြည်တယ်"

ရှဲ့ရွှင်းက ရယ်လိုက်သည်။

"ဒီည ထားလိုက်ရအောင်...မနက်ဖြန် မင်းသားကို ငါသွားတွေ့မယ်...အနာဂါတ်မှာ လူတွေ ဒုက္ခရောက်အောင် လုပ်ချင်ရင် နှစ်ခါပြန်စဉ်းစားရမယ်"

ကျန်းရှုယောင် ခေါင်းညိတ်လိုက်ပြီး သူမနှလုံးသားထဲက ကျောက်တုံးကြီး ပြုတ်ကျသွားသည်။ ဆိုင်တံခါးဝမှာ ရပ် စကားပြောနေသည့် စားသုံးသူတွေကို ကြည့်ပြီး သူမစိတ်ပူသွား၏။

"ဒီမှာ ဘာလုပ်ရမလဲဲ"

ဘဏ္ဍာထိန်းက လေးလေးစားစားဆိုသည်။ “အစိုးရအနေနဲ့ တရားမျှတမှု ပေးမယ်ဆိုတာကို ကျွန်တော်တို့ ရှင်းပြီးပြီ...လူတိုင်းကို ပြောထားပြီးသားပါ"

ကျန်းရှုယောင်အနေဖြင့် စီးပွားရေးကို နားမလည်ပေငြား ဤသည်က စားသုံးသူတွေကို စိတ်ချစေမှာမဟုတ်ဘူးဆိုသည်ကို သူမသိ၏။ ယင်းအစား လင်းမိသားစုက သူတို့ကို လှည့်ဖြားနေသည်ဟု ခံစားမိလိမ့်မည်။

"အဆင်မပြေဘူး...သူတို့သံသယတွေကို လုံးလုံးလျားလျား ရှင်းပစ်ရမယ်...ဒါမှ နောင်မှာ တစ်ယောက်ယောက်က ဒုက္ခပေးရင်တောင်မှ စားသုံးသူတွေက ကျွန်မတို့ရဲ့ သန့်ရှင်းမှုကို သံသယရှိမှာ မဟုတ်ဘူး"

ဆိုင်ရှင်က ထိတ်လန့်တကြားနှင့် ခေါင်းကုတ်ကာဆိုသည်။

“ဒါ…”

ကျန်းရှုယောင်က ပြောလိုက်၏။

"ရှင် အနီးနားက အစားအသောက်ဆိုင်ကိုသွားပြီး မီးဖိုနဲ့ တွန်းလှည်းငှားလိုက်... ကျွန်မတို့ဈေးက မသန့်ဘူးလို့ သူတို့ပြောတာမဟုတ်ဘူးလား... ပြီးရင် ဟင်းချက်တဲ့ လုပ်ငန်းစဉ်ကို ပြပြီး ဘယ်လောက်သန့်ရှင်းလဲဆိုတာ သူတို့ကို ကြည့်ခိုင်းရအောင်"

ဆိုင်ရှင်၏ အမိန့်တွေ ကျသွားပြီးနောက် အားလုံးက မြန်မြန်ဆန်ဆန် အလုပ်လုပ်ကြသည်။ အစီအစဥ်များကို အမြန်ပြုလုပ်ခဲ့သည်။

ထိခိုက်ခံရသော စားသောက်ဆိုင်၏ ထမင်းချက်သည် လင်းမိသားစုမှ အစေခံတစ်ဦးဖြစ်သည်။ အိမ်ထောင်ကျပြီး စောစောစီးစီး ဇနီးဖြစ်ခဲ့သော်လည်း ခင်ပွန်းသည်က လောဘကြီးပြီး လောင်းကစားကို နှစ်သက်သည်။ သူ ပိုက်ဆံ ဆုံးရှုံးလျှင် သူမကို ထိုးကြိတ် ကန်ကျောက်တတ်သည်။ တစ်ခါတစ်ရံ သူ့သားကိုတောင် ချမ်းသာမပေးပါချေ။ သူမ ထိခိုက်ဒဏ်ရာမရသည့်နေ့တစ်နေ့မှ မရှိခဲ့ပေ။လင်းရှီက လမ်းဘေးအစားအစာဈေးကိုဖွင့်ရန် ဆုံးဖြတ်ပြီးနောက် လင်းမိသားစု၏အိမ်သို့ တစ်ကြိမ်ပြန်သွားခဲ့ရာ မျက်နှာပေါ်တွင် အမာရွတ်များဖြင့် ထော့နဲထော့နဲ့ ဖြတ်သွားသည့်သူမကိုတွေ့လိုက်ရသည်။

ကျန်သည့်လူတွေက ၎င်းကို ဂရုမစိုက်ပေ။ သို့သော် သူမ၏အိမ်ထောင်ရေးတွင်းက နစ်နာမှုများကြောင့် လင်းရှီ  လင်နှင့်မယားကြား အနိုင်ကျင့်ခြင်းအတွက် အလွန်စိတ်မကောင်းဖြစ်ပြီး ချက်ချင်းလာရောက်ခိုင်းခဲ့သည်။ ထိုမအမျိုးသမီး၏ခင်ပွန်းသည်က ဇီဇာကြောင်သည်။ အစားအသောက်က အရသာမရှိလျှင် သို့မဟုတ် အစားအသောက်တွေ အဆင်မပြေလျှင် နောက်ထပ် ထိုးကြိတ်ကန်ကျောက်သည်များ ရှိ၏။ အရိုက်ခံရမှာကို ကြောက်သည့်အတွက် ချက်ပြုတ်သည်ကို အလွန်အလေးထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ ဟင်းချက်ကျွမ်းကျင်လာခဲ့ပြီး မီးကို ထိန်းချုပ်ရာတွင် အလွန်ကောင်းမွန်သည်။

လင်းရှီက ကျန်းရှုယောင်ဆီကို ထိုအကြောင်း စာရေးသည့်အခါ ကျန်းရှုယောင်က ထမင်းကြော်လုပ်နည်းသင်ရန် အကြံပေးခဲ့၏။ ထမင်းကြော်က ရိုးရှင်းပေမဲ့ ထမင်းကြော်ကောင်းကောင်းတစ်ပွဲ ကြော်ရန် မလွယ်ပါချေ။ ထမင်းပေါင်းကနေ ထမင်းကြော်အထိ ခြေလှမ်းတိုင်းက လက်ဝင်၏။ ဆန်များက ဆန်လုံးကွဲနေရမည် ဖြစ်ပြီး စေးကပ်မနေသင့်ပေ။ ကြက်ဥက ဆန်စေ့များကို တတ်နိုင်သမျှ ထုပ်ပိုးထားသင့်သည်။ ဆန်၏မွှေးပျံ့သော ​အရသာကိုသေချာစေရန်အတွက် ကြက်ဥ၏အပြင်ဘက်အလွှာက မကျွမ်းရပေ။ ထမင်းကြော်ပြုလုပ်ရာတွင် အပူကိုထိန်းချုပ်နိုင်စွမ်းသည် တင်းကျပ်သောလိုအပ်ချက်ဖြစ်သည်။

ထိုအမျိုးသမီးက ရှက်တတ်သည်။ လင်းရှီက သူမကို ဈေးမှာ ထမင်းချက်လုပ်ခိုင်းသည့်အခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုက ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် လင်းရှီက  သူမမျက်နှာကို ပြစရာ မလိုကြောင်း ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့ပြီး သူမ၏ လောင်းကစားသမားခင်ပွန်း သူမအား နောက်တစ်ကြိမ် ထပ်လုပ်ဝံ့တော့မည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။ ထို့အပြင် ထမင်းချက်လုပ်လျှင် သူမ၏ကလေးများကို ကောလိပ်တက်ခိုင်းရန် ငွေအလုံအလောက်ရှိမည်ဖြစ်သောကြောင့် သူမက ဝန်လေးစွာ သဘောတူခဲ့သည်။ ယခု သူမ ဤအလုပ်၏ ချိုမြိန်သောအရသာကို မြည်းစမ်းကြည့်ပြီးသောအခါတွင် သူမ၏ မီးဖိုချောင်မှာသာ ကျုံ့ကျုံ့နေကာ စိတ်အေးချမ်းသာစွာဖြင့် ထမင်းကြော်ခဲ့သည်။



Xxxxx