အပိုင်း ၉၈
Viewers 18k

Chapter 98


ကျန်းရှုယောင်က ဤပါဝင်ပစ္စည်းများကို ဟင်းချက်ရန် အသုံးပြုနေချိန် သူမလည်းလက်မခံနိုင်ခဲ့​ပါချေ။ သို့တိုင် ကျန်းရှုယောင်က သူမကိုပြသပြီးနောက် သူမ၏နှလုံးသားက လုံးဝစိတ်သန့်သွားခဲ့သည်။ သူမစားပြီးသောအခါတွင် ဤပါဝင်ပစ္စည်းများကိုအသုံးပြုပြီး ချက်ပြုတ်ခြင်းကို နှစ်သက်သဘောကျသွားခဲ့သည်။

"နင်တို့က ဘယ်လိုစားရမှန်း မသိလို့ ဒီမှာလျှောက်ပတ်ပြောနေတာလို့ ငါထင်တယ်...အရေးကြီးဆုံးက အရသာ၊ ပါဝင်ပစ္စည်းတွေရဲ့ ကျက်သရေ မဟုတ်ဘူး...ပါဝင်ပစ္စည်းတွေက အရေးမကြီးဘူး...ဒါကို နားမလည်ရင် နင့်ရဲ့ စားသောက်ဆိုင်က အလဟသဖွင့်ထားတာပဲလို့ ငါယူဆတယ်"

မင်းသားခန်း၏လူများ အလန့်တကြားဖြစ်သွားကြသည်။

"မဟုတ်ကဟုတ်က မပြောနဲ့...ဘယ်သူက စားသောက်ဆိုင်ဖွင့်တာလဲ...ငါတို့က ဒီလုပ်ငန်းထဲက မဟုတ်ဘူး"

ကျိုးရှီက  သူ့ကို လျစ်လျူရှုပြီး ဆက်ပြော၏။ "ဒါ့အပြင် နင်တို့ပြောတာက ဒီအရာတွေကညစ်ပတ်တယ်လို့လေ...အဲဒါက စျေးပေါလို့ မဟုတ်ဘူးလား... နင်တို့မျောက်ဦးနှောက်တွေ၊ သမင်ချိုတွေ၊ ဆိတ်ကြာပွတ်တွေစားတဲ့အခါကျ ပျို့ချင်စရာလို့ ဘာလို့ မပြောတာလဲ...ဟမ်"

[ET/N- မျောက်ဦးနှောက်များ၊ သမင်ချိုများနှင့် ဆိတ်ကြာပွတ်များ (လိင်တံ) တို့သည် များသောအားဖြင့် အမျိုးသားများ (အဟမ်း) လုပ်ငန်းဆောင်တာအတွက် တရုတ်ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။]

ကျိုးရှီ၏အဝတ်အစားအသုံးဆောင်များက သူမကို မြင့်မြတ်သောအမျိုးသမီးတစ်ယောက်လိုဖြစ်အောင် ဖန်တီးထားသော်လည်း သူမက ယခုလိုကြမ်းကြမ်းတမ်းတမ်းပြောသောအခါ မင်းသား ခန်း၏လူများ အထပ်ထပ်အခါခါ ချွေးမပြန်ဘဲ မနေနိုင်ပေ။သူတို့ ခဏတာ ဆွံ့အသွားကြသည်။

"နင်တို့ငါ့ကိုမေးရင် အစားအသောက်က ဘာနဲ့လုပ်ထားတာလဲ ငါဂရုမစိုက်ဘူး... ဒီယုတ္တိအမှားတွေရဲ့ အဓိပ္ပါယ်က ဘာလဲ... အရသာကိုပဲ မြည်းကြည့်စမ်းပါ"

သူမက နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာပြောဆို၏။

"လူတွေကို နင်တို့လိုမျိုးစားတယ်လို့ နင်တို့ထင်နေတာလား...နင်က ထမင်းစားကြီးတာမဟုတ်ဘူးလား... အဓိပ္ပါယ်မရှိတာ"

ကျိုးရှီက ပြေးလာပြီး ကျန်းရှုယောင်ကိုပြောလိုက်သည်။

"ယောက်မ... ငါတို့ သူတို့နဲ့ အချိန်အများကြီး ဖြုန်းစရာမလိုဘူး...ငါတို့ ဒီလုကျူးနဲ့ အသားနှပ်တွေကိုပဲ အတုံးသေးသေးလေးတွေ ဖြတ်ကြမယ်... လူတွေက သိချင်ရင် အသစ်အဆန်းတွေကို စမ်းကြည့်ကြလိမ့်မယ်...တစ်ကိုက်စားချင်ကြမယ်လို့ ကတိပေးတယ်"

မင်းသားခန်း၏ လက်အောက်ငယ်သားများက ကျိုးရှီ၏ ကြေငြာချက်ကို လှောင်ပြောင်ကြသည်။ဤပစ္စည်းတွေက အလွန်ညစ်ပတ်၏။ အရသာ ဘယ်လောက်ပဲ အရသာရှိရှိ ဘယ်သူမှ မမြည်းစမ်းချင်ကြဘူးဟု သူတို့ ယုံကြည်ကြသည်။

ကျန်းရှုယောင်မှာလည်း အနှီရည်ရွယ်ချက်ရှိခဲ့သည်။ ကျိုးရှီ၏စကားဆုံးပြီးနောက် သူမ ဘဏ္ဍာထိန်းကို ခေါ်လိုက်သည်။ ဘဏ္ဍာထိန်းက စားပွဲထိုးတွေကို ပန်းကန်သေးသေးလေးတွေ ယူလာခိုင်း၏။ ပန်းကန်လုံးအသေးတစ်ခုစီတွင် အသားနှပ်မျိုးစုံရှိသည်။လို့မေအတွက်လည်း အလားတူပါပင်၊စားသုံးသူများ မြည်းရန်အတွက် ကြက်ခြေထောက်တချို့နှင့်ဝက်ခြေထောက်တချို့ အတုံးလေးများလှီးဖြတ်ထားသည်။

အစားအသောက်ထွက်လာပြီးနောက် ကျိုးရှီက ရှေ့သို့ပြန်သွားကာ မင်းသားခန်း၏ လက်အောက်ငယ်သားများအား ထေ့ငေါ့ကာ မျက်စောင်းထိုးကြည့်သည်။

မင်းသားခန်း၏လူများက သူမကို ဂရုမစိုက်ဘဲ ပါဝင်ပစ္စည်းများကို မြင်ပြီးနောက် အစားအစာကို မြည်းစမ်းကြည့်ရန် မည်သူမျှ ဆန္ဒရှိမည် မထင်ကြပေ။

သို့ပေမဲ့ သူတို့က မင်းသားခန်း၏ လက်အောက်ငယ်သားတွေဖြစ်ပြီး ဘဝကို ကောင်းမွန်စွာနေထိုင်လေ့ရှိကြသည်။ ထုံးစံအတိုင်း သာမန်လူတွေ၏ဘဝကို နားမလည်ကြပေ။ဤနေရာကိုလာသည့်သူတွေက အစားလောဘကြီးသူသို့မဟုတ် အရသာကောင်းပြီး ဈေးသက်သာသည့် အစားအစာတွေကိုရှာရန် အသည်းအသန်ဖြစ်နေသူများဖြစ်ကြ၏။သူတို့က အစားအသောက်၏အရသာကို ပိုဂရုစိုက်ကြသည်။

ပိုက်ဆံနည်းနည်းနှင့် အသားလို အရသာရှိသည့် တစ်ခုခုကို ဝယ်နိုင်လျှင် အရူးကပဲ ဆန္ဒမရှိဘဲနေလိမ့်မည်။

တစ်စုံတစ်ယောက်က မတ်တပ်ထရပ်ပြီး အသားနှပ်ပန်းကန်ကို ကောက်ယူလိုက်၏။

ဆော့စ်က ပူနေတုန်းဖြစ်ကာ ဟင်းရည်က ကြည်လင်ပြီး နောက်ကျိနေခြင်းမရှိဘဲ အရသာအနှစ်က မွှေးသည်။ အထဲမှာ ဝက်အူ၊ ဝက်အဆုပ်နှင့်တို့ဟူးကြော် အချပ်တွေပါသည်။ အရသာအနှစ်ထဲတွင် ကြက်သွန်ဖြူ၊ ပဲနို့နှင့် နံနံပင် အလွှာတို့ ပါဝင်သည်။ အနံ့က မဆိုးရွားဘဲ ထူးခြားသည့်ရနံ့တစ်ခုရှိနေ၏။

ဟင်းလျာများကို မြည်းစမ်းခဲ့သည့် လူအနည်းငယ်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တူများကို ဆန့်ထုတ်ကာ ပစ္စည်းတစ်ခုစီကို မြည်းစမ်းကြသည်။

မြေပြင်ပေါ်ရှိ ကိုယ်တွင်းအင်္ဂါများမှာ ရှင်းလင်းထားသော်လည်း အနံ့အသက်များ ရှိနေသေးသောကြောင့်  လုကျူးကို  ပါးစပ်ထဲသို့ ထည့်လိုက်သောအခါတွင် သူတို့၏ နှလုံးသားထဲတွင် သံသယနှင့် တုံ့ပြန်မှုများ ရှိနေသည်မှာ သဘာဝပင်။

သို့ပေမဲ့ သူတို့ ပါးစပ်ထဲ ရောက်သွားသည်နှင့် သူတို့ စိတ်တွေ ပြောင်းသွား၏။

အတော်လေး ဝါးရသည်။ ဟင်းရည်ထဲမှာ အူဆီအနည်းငယ်ကျန်ရှိနေပြီး အရသာက ချိုမြိန်၏။ အနံ့တစ်ခုရှိပေမဲ့ နံခြင်းမျိုးလုံးဝမဟုတ်ပေ။ထူးထူးခြားခြား မွှေးပျံ့သောရနံ့တစ်ခုဖြစ်သည်။ ထို့နောက် နူးညံ့ပြီး ထူထဲကာ ဝါးရသော အသားတဖြစ်လဲ မွှေးကြိုင်သောဝက်အဆုပ်များ ရောက်လာသည်။ အူထဲမှာက ဟင်းရည်တွေ ပြည့်နေ၏။ ၎င်းသည် ဖောက်ထွင်းမြင်ရပြီး စေးကပ်မှုမရှိသည့်အပြင် အစွန်းများသည် အနည်းငယ် ကြွပ်ရွနေသေးသော်လည်း အတွင်းပိုင်းက အလွန်အရည်စိုပြီး နူးညံ့သည်။ ဟင်းရည်က အနည်းငယ်ငန်ပြီး ကြက်သွန်ဖြူကဲကာစပ်၏။ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၏ ဆေးဖက်ဝင်ရနံ့များ ပေါင်းစပ်ကာ ကြိုင်လှိုင်သောရနံ့က လူများကို စွဲလန်းစေသည်။

သူတို့ အရသာကို မည်သို့ဖော်ပြရမည်ကို တွေးတောကာ ၎င်းတို့တူများကို မျက်မှောင်ကြုတ်ရင်း ချလိုက်ကြသည်။

တစ်စုံတစ်ယောက်က စားသည်ကိုမြင်သောအခါ မင်းသားခန်း၏လူများ ရုတ်တရက် ဆိုးရွားသည့်ခံစားချက်တစ်ခုဖြစ်လာသည်။ သူတို့အတွက် အစားအသောက်စားခြင်းက ဈေးကြီးရမည်ဖြစ်သည်။ဤစျေးပေါသည့် ပါဝင်ပစ္စည်းတွေက အရသာရှိပြီး ဆွဲဆောင်မှုရှိနိုင်လျှင်... အကျိုးဆက်တွေကို သူ မတွေးရဲတော့ပေ။

ထိုနေရာမှာ လူတချို့က ကြက်ခြေထောက်နှပ်နှင့် ဝက်ခြေထောက်ကို စားရန် အပြေးအလွှားဖြစ် နေကြသည်။ နှပ်ထားသော အသား၏ အရသာကို ဖော်ပြရန်က လွယ်ကူသည်။ ဘယ်စားသုံးသူပဲမြည်းမြည်း၊ စကားကတစ်ခွန်းတည်းပဲရှိသည်။

အရသာရှိတယ်...

မင်းသားခန်း၏ ခေါင်းဆောင်များသည် ဤနည်းဤပုံ ဖြစ်ပေါ်လာမည်ကို မသိခဲ့ကြပေ။ လူတွေက သူတို့၏မျှော်လင့်ချက်တွေကို မည်သို့များ လုံးလုံးလျားလျား ဆန့်ကျင်ခဲ့ကြသနည်း။

ဘယ်သူက ကြက်ခြေထောက်ကို ဘာကြောင့် စားချင်တာလဲ... ကြည့်ရတာ ထူးဆန်းပြီး ရွံရှာစရာပါ...

ခေါင်းဆောင်က မယုံပေ။ သူ လူအုပ်ထဲသို့ တိုးဝင်ပြီး ကြက်ခြေထောက်ပန်းကန်လုံးကို ယူလိုက်သည်။ ကြက်ခြေထောက်များကို ပါးစပ်ထဲထည့်လိုက်သည်နှင့်အရည်ပျော်သွားသည်အထိပြုတ်ထားသည်။ ဝက်သားအရေခွံနှပ်နှင့် အခြားသော အရသာရှိသော ပါဝင်ပစ္စည်းများကိုလည်း အလားတူ စတူးထဲတွင် ထည့်ထားသည်။ ပြုတ်ပြီးနောက်၊ အရာအားလုံးသည် ဆားရည်ထဲတွင် အရည်ပျော်သွားပြီး ဟင်းအနှစ်က စေးကပ်လာကာ ပါဝင်ပစ္စည်းများပေါ်တွင် ကပ်ရန်လွယ်ကူလာသည်။

ကြက်ခြေထောက်များ ပါးစပ်ထဲသို့ ဝင်သွားသောအခါတွင် ကြက်ခြေထောက်အစိမ်း၏ ထူးဆန်းသောအသွင်အပြင်ကို တွေးကာ ခါယမ်းမိသော်လည်း နောက်အခိုက်အတန့်တွင် သူ့စိတ်မှာ လွတ်ထွက်သွားလေသည်။

ကြက်ခြေထောက်က အလွန်နူးညံ့၏။ ဆားရည်က  ပါးစပ်အတွင်း အရည်ပျော်သည်အထိ အရေပြားနှင့် အသားများကို ဖုံးအုပ်ထားမည်ဖြစ်သည်။ ညင်သာစွာ စုပ်လိုက်လျှင် အသားများ အရည်ပျော်သွားနိုင်သည်။ စေးကပ်သော ဟင်းအနှစ် နှင့် အသားများ ရောနှောထားသည်က အရသာရှိသော ဆေးဖက်ဝင်အပင် အနံ့ကို ခံတွင်းသို့ ပျံ့နှံ့စေသည်—အနည်းငယ်ငန်ကာ အဆီများသော်လည်း မအီ၊ ဆော့စ်ကပျစ်၏။

ဒါ... ကြက်ခြေထောက်ရဲ့ အရသာလား...

မကျေအေးနိုင်ဘဲ သူ နောက်ထပ် ဝက်ခြေထောက်ကို ကောက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ကြက်ခြေထောက်နှင့် နှိုင်းစာလျှင် ဝက်ခြေထောက်သည် နူးညံသောအရသာရှိသည်။ အရေပြားက ပျော့ပျောင်းပြီး အသားက နူးညံ့ကာ ဖယောင်းကဲ့သို့ဖြစ်၏။ အဆီနည်းအသားက နူးညံ့ပြီး အဆီများသော အနံ့က ခံတွင်းထဲသို့ ပျံ့နှံ့သွားသည်။ ဝက်ဗိုက်သားထက် အနည်းငယ် ပိုထူသည်။ အနံ့က အသားထက် မဆိုးပါချေ။

သူ အံ့အားသင့်သွားပြီး သူ့တူတွေကို နောက်ထပ် ရွှေ့ချင်ပေမဲ့ ဆိုင်ရှင်က တားလိုက်သည်။

"အားလုံး မြည်းစမ်းကြည့်ဖို့ပဲ တောင်းဆိုတာပါ... ကောင်းကောင်းစားချင်ရင် ဆိုင်ထဲဝင်ပါ"

ဆိုင်ရှင်က ရယ်ပြီးဆို၏။

"ထုပ်သွားလို့ရတယ်...ငါတို့မှာ တံတောင်ဆစ်နှပ်နဲ့ ဝက်ဗိုက်သားနှပ်တွေလည်း ရှိတယ်...ဝိုင်လေးနဲ့မြည်းဖို့ ပြန်ယူသွားရင်ကွက်တိပဲ"

ခေါင်းဆောင်ဖြစ်သူ သူ၏ လုံးလုံးလျားလျား မအောင်မြင်သော အစီအစဉ်ကြောင့် မူးမေ့လဲလုနီးပါး ဖြစ်ကာ မှုန်ကုပ်ကုပ်ဖြင့် ခေါင်းညိတ်သည်။ လူအုပ်ထဲက ထွက်လာပြီး သူ့လူတွေကို ကျော်တက်သည့်အထိ သူ တုံ့ပြန်ခြင်း မရှိပါချေ။

ကျိုးရှီ သူတို့ကို အဝေးကနေ လှမ်းကြည့်ရင်း စိတ်ထဲမှာ အတော်လေး ဝမ်းသာသွားသည်။ကျန်းရှုယောင်ကိုရှာရန် ပြန်လာခါနီးမှာ တောက်ပပြီး လှပသော ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်က ရုတ်တရက် သူမကို တားလိုက်သည်။

အမျိုးသမီးက သူမကို အပေါ်အောက်ကြည့်ရင်း အင်မတန်ကျေနပ်သည့် အပြုံးနှင့်ဆို၏။

"မင်းက အရမ်း အရည်အချင်းရှိတဲ့သူလို့ ငါထင်တယ်... ငါနဲ့ စီးပွားရေးလုပ်ရင် ဘယ်လိုလဲ"

ဤအမျိုးသမီးက လင်းရှီဖြစ်လေသည်။

စွန်းနျန်ဇီကို ထမင်းချက်အဖြစ် ခေါ်ယူခဲ့ပြီးကတည်းက  အစားအသောက်လုပ်ငန်းကို လုပ်ကိုင်ခြင်းမဟုတ်သော တခြားသော ဘဝ၏ ပျော်ရွှင်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ယင်းက သူမအတွက် အလုပ်လုပ်ရန် အမျိုးသမီးများကို စုဆောင်းခြင်းဖြစ်၏။

သင်္ဘောလုပ်ငန်းတွင် လင်းမိသားစု၏ ကိုယ်ပိုင်အစီအစဉ်များ ရှိသော်လည်း စားသောက်ကုန်လုပ်ငန်းမှာ ကွဲပြားသည်။ သူမတစ်ယောက်တည်း စိတ်ပူနေရန်က မဖြစ်နိုင်သဖြင့် မကြာသေးမီကမှ ဝန်ထမ်းများခေါ်ယူနေခဲ့သည်။

ကျိုးရှီက  ယနေ့မှာ ဆံထိုးတစ်ချောင်းတည်းနှင့် အပြင်ထွက်လာခဲ့သည်။ သူမ၏အဝတ်အစားတွေက ပိုတန်ဖိုးကြီးပေမဲ့ ယခုက မှောင်နေပြီဖြစ်၏။ လင်းရှီ သူမ၏ အထောက်အထားကို မမြင်ရပေ။ကျန်းရှုယောင်ဆီမှ ပုန်းအောင်းနေသောကြောင့် သူမရှေ့တွင် မက်လုံးပေးရန် မဝံ့ရဲပေ။ကျိုးရှီက မတ်တပ်ထရပ်ပြီး ဖြောင့်မတ်စွာပြောခဲ့သည်ကို သူမတွေးမိပြီး ကျန်းရှုယောင် ၏အကြံဉာဏ်ကို သတိရမိသည်။ ကျိုးရှီက ပါဝင်ပစ္စည်းများတွင် အတွေ့အကြုံများစွာရှိပုံရသည်၊ ထို့ကြောင့် သူမကို စတင်တောင်းဆိုခဲ့သည်။

"ကျွန်မ..."

ကျိုးရှီ၏နှုတ်က ရှင်းပြချင်သော်လည်း လင်းရှီက  သူမကို သတိမထားမိဘဲ ဝင်ဖြတ်ပြောလိုက်သည်။

"မင်း ငါ့ကို ချက်ချင်း အဖြေပေးစရာ မလိုဘူး" သူမ ကျိုးရှီကို  ပိုမြင့်သောနေရာသို့ ဆွဲခေါ်သွားသည်။

"ဒီလမ်းဘေးအစားအသာဈေးကိုကြည့်... ရှည်လျားလှတဲ့ လမ်းကျယ်ကြီး၊ ဈေးဆိုင်တွေ အများကြီးနဲ့ အဆုံးမရှိတဲ့ စားသောက်ကုန်တွေ ရှိတယ်...ပေကျင်းမှာ ဒီလို ဒုတိယနေရာကို ရှာတွေ့နိုင်မလားလို့ ငါမေးမယ်"

ကျိုးရှီက ခေါင်းခါလိုက်သည်။

"ငါမင်းကို ဘာလို့ဖိတ်ခေါ်တာလဲသိလား"

ကျိုးရှီက ဆက်လက်၍ ခေါင်းယမ်းသည်။

"အခုနကမြင်လိုက်ရတဲ့ပုံစံကြောင့် ရုတ်တရက် ကိုယ့်ကိုကိုယ် ပြန်တွေးမိတယ်...ဟိုတုန်းက အာ.. ဟိုတုန်းက မဟုတ်ဘူး...လွန်ခဲ့တဲ့လအနည်းငယ်လောက်က တနေကုန် ပျင်းတွဲ့နေတုန်းပဲ...လမ်းလျှောက်နေတဲ့လူသေကောင်ကြီးလို အိမ်တော်ထဲမှာပဲ အောင်းနေတာ... အခု ဒီလမ်းကို ကြည့်လိုက်တော့ လွန်ခဲ့တဲ့ လအနည်းငယ်က ဘယ်လို ခံစားရလဲ မမှတ်မိတော့ဘူး... ငါ့နှလုံးသားထဲမှာ ကျေနပ်နှစ်သိမ့်မှုနဲ့ ဂုဏ်ယူမှုတွေပဲ ရှိတယ်...ဘာကြောင့်လဲတော့ မသိဘူး... ဒါပေမဲ့ မင်းဆီမှာ အရင်တုန်းကငါရဲ့အရိပ်ရော လက်ရှိငါ့ရဲ့အရိပ်ရောကိုပါ မြင်နေရတယ်လို့ခံစားရတယ် "

"ဒီအမျိုးသမီး..."

"ငါ မင်းကို ရုတ်တရက်ကြီး နှစ်သက်မိသွားတယ်လို့ မင်းထင်တာ ငါသိတယ်... ရယ်စရာလို့ ထင်ရပေမဲ့ ငါက အမြဲဒီလိုပဲ... ငါ့ရဲ့ ဗီဇကို ယုံတယ်... တစ်ခါတုန်းက သခင့်အိမ်တော်အဖမ်းအဆီးခံရချိန်မှာ ငါ့ညီမနဲ့ ငါ ဆိပ်ကမ်းကို ပြေးပြီး သင်္ဘောကျင်းကို သိမ်းခဲ့တယ်... အရှိန်နဲ့ ဝမ်းတွင်းအသိက ဒီနေ့နဲ့ အတူတူပါပဲ...ငါ့သမီးက စားသောက်ဆိုင်နဲ့ လမ်းဘေးအစားအစာဈေးအကြောင်း ငါ့ဆီ စာရေးတဲ့အခါ အဲဒီ ပင်ကိုယ်အသိက ထပ်ပြီး တစ်ခုခု ထပ်လုပ်ပြန်တယ်...ငါက ဒီလုပ်ငန်းမှာ ပိုကြီးပြီး သန်မာနိုင်ပြီး စားသောက်ကုန်လုပ်ငန်းရဲ့ အသွင်အပြင်ကိုတောင် ပြောင်းလဲနိုင်တယ်လို့ပြောနေတဲ့အတွက် ငါ့ရဲ့ ပင်ကိုယ်အသိကို လိုက်နာဖို့ ရွေးချယ်ခဲ့တယ်"

ကျိုးရှီက  ဤတစ်ကြိမ်တွင် စကားမပြောဘဲ ငြိမ်သက်စွာ နားထောင်ခဲ့သည်။

“ငါ့သမီးက အစားအသောက်မှာ ဒီလိုထူးဆန်းတဲ့ ပါဝင်ပစ္စည်းတွေကို စားသုံးနိုင်တယ်ဆိုတဲ့အကြောင်း ငါ့ဆီကို စာရေးတဲ့အခါ ယုံဖို့ ခက်ပေမဲ့ ငါ သူ့ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်...တကယ်အောင်မြင်လောက်မလား...တစ်ခုခုပြောင်းလဲသွားဖို့ ဖြစ်နိုင်လောက်မလား ငါသိချင်ခဲ့တယ်...လူတွေက အဲဒါကိုမစားနိုင်ဘူး...ဒါတွေက အသားကနေဖြစ်လို့ စားလို့ရတယ်.. သင်္ဘောကျင်းမှာရှိတဲ့ ဆိုင်တွေလိုပဲ ဆင်းရဲသားတွေက အရသာမဟုတ်ဘဲ ပြည့်ဝမှုကိုသာ ဂရုစိုက်တယ်... ဒါပေမဲ့ ငါသူတို့ကို အဆာပြေနဲ့ အရသာနှစ်မျိုးလုံးဝယ်ဖို့ ကြေးနီကိုပဲ သုံးခွင့်ပေးလိုက်တယ်... အစားအသောက်တွေကို ကျေနပ်စွာ စားသောက်နေတာကို မြင်ရတော့ ငါ့နှလုံးသားက တအားကို ကျေနပ်ပျော်ရွှင်ရတယ်"

သာမာန်အဝတ်အစားဝတ်ထားသည့်လူတွေက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဈေးထဲကိုလျှောက်သွားရင်း ကြေးပြားတွေကို ရေတွက်ပြီး အသားငါးပါသည့်အစားအသောက်များကိုဝယ်ယူသွားသည်ကို ကြည့်ပြီး သူမမျက်နှာမှာ ပြုံးနေခဲ့သည်။

“ဒါက ငွေလုပ်တာနဲ့ မတူဘူး...လင်းရှီရဲ့မိသားစု အဲဒီတုန်းက ရေလမ်းကုန်သွယ်ရေးကို အုပ်ချုပ်ခဲ့ရတုန်းကတောင် ဈေးဖွင့်တဲ့နေ့မှာ လူတွေရဲ့ ချီးမွမ်းတာကို နားထောင်ရတုန်းကလောက် မပျော်ဘူး"

သူမက ကျိုးရှီပခုံးကိုပုတ်လိုက်သည်။

"မင်း ငါ့နဲ့ အတူနေချင်လား...လစာက လုံလောက်ဖို့ အာမခံတယ်...မင်း စာချုပ်ချုပ်ဖို့ မလိုဘူး... မင်းလူတွေကို ကြည့်စရာ မလိုဘူး...ငါနဲ့အတူ အဆင်ပြေပျော်ရွှင်ပြီး မျှော်လင့်ချက်ရှိတဲ့ နှလုံးသားမျိုးကိုမင်းထိန်းထားဖို့ပဲလိုတယ်...
လင်းမိသားစုရဲ့ အစားအသောက်ကို အောင်မြင်ပါစေ"

ကျိုးရှီ သူမကို ကြည့်ပြီး  ရှဲဲ့လန်ဆီက စာကို ပထမဆုံးအကြိမ် မြင်လိုက်ရစဥ်ကလို ရုတ်တရက် သူမ ခံစားလိုက်ရသည်။ အနည်းငယ် စိတ်လှုပ်ရှား၊ အနည်းငယ် တောင့်တပြီး သူမ၏ မှေးမှိန်သော ကမ္ဘာထဲ၌ ထိန်လင်းပေးနေသော အလင်းတန်းတစ်ခု ရှိနေသကဲ့သို့ပင်။

"ကောင်းပြီ"

လင်းရှီက  သူမလက်ကိုဆွဲကာအားပါးတရဆိုသည်။
"ကောင်းတယ်"

နှစ်ယောက်သား စကားဆက်မပြောဖြစ်ကြသော်လည်း သူတို့နောက်မှ မေးခွန်းလေးတစ်ခု ထွက်လာသည်။

"......ဘာကောင်းတာလဲ"

ကျန်းရှုယောင် သူတို့နှစ်ယောက် လက်ချင်းကိုင်ထားပြီး တောက်ပသည့်အပြုံးကိုယ်စီရှိနေသည်ကို ကြည့်လိုက်သည်။ သူမ အနည်းငယ် ပြောစရာစကားမဲ့သွားသွားကာ ရှုပ်ထွေးသွားသလို ခံစားလိုက်ရပြီးမေးလိုက်၏။

"မေမေနဲ့ ဒုတိယယောက်မက အချင်းချင်း သိကြတာလား"

လင်းရှီက မျက်တောင်ခတ်လိုက်ပြီး ခဏကြာမျှ မတုံ့ပြန်နိုင်ဖြစ်သွားသည်။

"ဒုတိယ... ဒုတိယယောက်မ..."

ကျိုးရှီက ခေါင်းကုတ်ပြီး ရှက်ကိုးရှက်ကန်းနှင့် ဆိုသည်။

"အစ်မ ကျွန်မကို မိတ်ဆက်ဖို့ အခွင့်အရေး တစ်ခါမှ မပေးခဲ့ဘူးလေ ..."

ကျန်းရှုယောင် ချဉ်းကပ်လာသောအခါ နှစ်ယောက်သား အမြန်လက်လွှတ်လိုက်ကြသည်။

"မေမေ... ဗိုက်ကြီးကြီးနဲ့ ဘာလို့ ထပ်ပြေးနေတာလဲ...စားသုံးတွေ အများကြီးကြားညှပ်သွားရင် ဘယ်လိုလုပ်မလဲ"

လင်းရှီက  အပြစ်ရှိစိတ်ဖြင့် လည်ပင်းကျုံ့သွားသည်။

"နောက်ပြီး ယောက်မ...ခုနက အမေက အလုပ်စာချုပ် လက်မှတ်မထိုးတာနဲ့ ပတ်သက်ပြီး တစ်ခုခုပြောနေတာ ကြားတယ်... ဘာလို့ သဘောတူလိုက်တာလဲ"

ကျိုးရှီက  တူညီသော လိပ်ပြာမလုံစိတ်ဖြင့် လည်ပင်းကျုံ့လိုက်သည်။

ကျန်းရှုယောင် သူတို့၏ရှင်းပြချက်ကို မစောင့်ချင်ဘဲပြောလိုက်၏။

"နှစ်ယောက်လုံးရဲ့အထောက်အထားကို နားလည်မှုလွဲသွားပုံရတယ်...အခုသိသွားတော့ နားလည်မှုလွဲသွားတာ ရှင်းသွားတာပေါ့"

နှစ်ယောက်သား ခေါင်းညိတ်သည်။

ကျန်းရှုယောင် ခေါင်းလှည့်ပြီး ကျိုးရှီကိုပြောလိုက်၏။

"ဒုတိယယောက်မ အိမ်ပြန်ကြရအောင်"

ထို့နောက် ရက်စက်ဟန်ဆောင်ကာ လင်းရှီအားပြောလိုက်သည်။

"မေမေ... ဒီလိုမျိုး ပတ်ပြေးနေရင် ကျွန်မ ဒေါသထွက်ရလိမ့်မယ်"

လင်းရှီက မသဲမကွဲရေရွတ်၏။
"ငါသိပါတယ်"

ကျန်းရှုယောင်က သူမကို နှုတ်ဆက်ပြီး ကျိုးရှီကို ခေါ်သွားခဲ့သည်။

ကျိုးရှီက သူမနောက်ာ နာခံစွာလိုက်လာပြီး သူတို့ထွက်သွားချိန်မှာ သူမ ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူမကို စိုက်ကြည့်နေသော လင်းရှီ နှင့်  သူမအကြည့်ချင်း ဆုံမိသွားသည်။

အတိုင်းအတာတစ်ခုအထိ အလားတူကံကြမ္မာရှိသည့် အမျိုးသမီးနှစ်ဦးသည် ယခုအခိုက်အတန့်တွင် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြမိလိုက်ကြသည်။

---

[ET/N: လုကျူးဟောင်ရှောက်သည် ပေကျင်းရိုးရာ လမ်းဘေးအစားအစာများထဲမှ အကျော်ကြားဆုံးတစ်ခုဖြစ်သည်။ ဇိမ်ခံပစ္စည်းဟု ယူဆကြသည်မှာ ကြာလေပြီ၊ ဟင်းလျာက ပေကျင်းမှာ အထူးသဖြင့် ပျံ့နှံ့နေ၏။ အဓိကပါဝင်ပစ္စည်းများမှာ ဝက်သား၊ ဝက်အဆုတ်၊ ဝက်အူ၊ ဝက်အသည်း၊ တို့ဟူး၊ နှင့် အချို့သော တိုဟူးချဉ် (သို့) ငရုတ်သီးမှုန့်များ ထည့်နိုင်သည်။ များသောအားဖြင့် "Bing" ဟုခေါ်သော ပေါင်မုန့်တစ်မျိုးဖြင့်စားလေ့ရှိသည်။]



Xxxxxx