အပိုင်း ၉၉
Viewers 18k

Chapter 99
နန်းတော်ထဲဝင်ခြင်း



လင်းမိသားစုက စီးပွားရေးဆက်လုပ်ချင်လျှင် တခြားသူတွေနှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရှုယောင် ဤမျှလောက်နှင့် ပြီးဆုံးလိမ့်မည်မဟုတ်ဟု တွေးမိသည်။

၎င်းကို ဖြေရှင်းရန်တွေးနေစဥ် နန်းတော်က စာတစ်စောင် ရောက်လာ၏။ ကိုယ်လုပ်တော်လင်းက ရုတ်တရက် သူမကို နန်းတော်ထဲကို ဝင်စေချင်နေသည်။

ကျန်းရှုယောင် လင်းမိသားစုနှင့် မနီးစပ်သဖြင့် သူမမှာ တော်ဝင်ကိုယ်လုပ်တော်လင်း နှင့် ပတ်သက်၍ သံသယအချို့ရှိမည်မှာ မလွဲဧကန်ဖြစ်သည်။

ရှဲ့ရွှင်းက ကိုယ်လုပ်တော်လင်း၏ အဓိပ္ပါယ်ကို အဖြေမရှာပဲ သူမကို စိတ်မပူရန်ပဲနှစ်သိမ့်သည်။

ကျန်းရှုယောင် ရှေးခေတ်ကိုရောက်ကတည်းက နန်းတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။ အိမ်ရှေ့စံမင်းသားနှင့်လည်း တွေ့ဖူးသော်လည်း အိမ်ရှေ့စံမင်းသားက ဖော်ရွေပြီး ထိုအချိန်က မြို့စားရှဲ့အိမ်တော်မှာ ရှိနေသည့်အတွက်ကြောင့် ဖိအား သိပ်မခံစားရပါချေ။

သို့သော်... နန်းတော်ထဲကို ဝင်ရသည်က မတူပေ။

သူမ အလွန်စိတ်လှုပ်ရှားနေသဖြင့် တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။ နောက်တစ်နေ့ မိုးမလင်းမီတွင် သူမ အိပ်ရာထကာ ရှဲ့ရွှင်းနှင့်အတူတူ အဝတ်အစားလဲခဲ့သည်။ မနေ့ကမှ နန်းတော်ထဲကို ဝင်ခြင်းအတွက် စည်းကမ်းတွေကို သင်ယူလိုက်ရ၏။ ယခုအချိန်တွင် သူမ အပေါ်ယံသာ ကျက်မှတ်နိုင်ပြီး နန်းတော်ထဲသို့ ဝင်ပြီးနောက် သီသီလေး ဖြတ်သန်းနိုင်မည်ဟု မျှော်လင့်မိသည်။

ယနေ့ သူမလည်း နန်းတော်ထဲကို ဝင်မှာဖြစ်သည့်အတွက် ရှဲ့ရွှင်း မြင်းမစီးဘဲ သူမနှင့်အတူ ရထားလုံးစီးခဲ့၏။

ကျန်းရှုယောင်၏ ထိတ်လန့်နေသောအမူအရာကိုမြင်သောအခါ သူက ပြုံးပြီးဆိုသည်။

"နန်းတော်ထဲကို ဝင်ရုံနဲ့ မင်းဘယ်လိုများကြောက်ရတာလဲ"

ကျန်းရှုယောင်က ရထားလုံးကန့်လန့်ကာကို ချလိုက်ပြီးပြောသည်။

"ကြောက်လည်းကြောက်တယ်... နည်းနည်းလည်း စိတ်လှုပ်ရှားတယ်...ဘာပဲပြောပြော နန်းတော်ပဲလေ"

ပဒေသရာဇ်ဧကရာဇ် သို့မဟုတ် ခေတ်သစ်ခေါင်းဆောင်ဖြစ်စေ အာဏာရှိသူများသည် သာမန်လူများကို အမြဲကြောက်လန့်စေသည်။

"မင်းအရင်တုန်းက နန်းတော်ပွဲ မသွားဖူးသလိုပဲ"

ရှဲ့ရွှင်းက ကျန်းရှုယောင်၏လက်ကို ကိုင်ထားရင်းဆိုသည်။

ကျန်းရှုယောင်က သူ့ကို သံသယနှင့်ကြည့်၏။

ရှဲ့ရွင်းက တည်ကြည်စွာပြောသည်။
"မကြောက်နဲ့ ...ငါမင်းလက်ကို ကိုင်ထားပေးတယ်"

ကျန်းရှုယောင် အနည်းငယ် ပြောစရာစကားမဲ့သွားရ၏။

နှစ်ယောက်သား စိတ်ချင်းဖလှယ်ပြီး လက်တွဲပြီးကတည်းက ရှဲ့ရွှင်းက ရုတ်တရက် ရင်းနှီးလာပြီး သူ့တွင် ဘာမှလုပ်စရာမရှိလျှင် သူမနှင့်နီးနီးကပ်ကပ်နေချင်လာသည်။သို့ပေမဲ့ အနှီနီးကပ်မှုက အိပ်သည့်အခါ လက်ကိုကိုင်၊ အတူတူလမ်းလျှောက်သည့်အခါ လက်ကိုကိုင်ထားသည်မျိုးကဲ့သို့ အပေါ်ယံနီးကပ်မှုတစ်ခုသာဖြစ်၏။ အကြိမ်တိုင်း သူ့မှာ လေးလေးနက်နက် အသွင်အပြင်ရှိပြီး သူမ လက်ကိုင်ထားရုံသာရှိသော်ငြား သူမငြင်းမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ထိုထပ်ပို လုပ်ဆောင်သည်ကား မရှိပေ။

ကျန်းရှုယောင် သူမလက်ကို ဆွဲထုတ်မသွားသည်ကိုမြင်သောအခါ ရှဲ့ရွှင်း၏နှုတ်ခမ်းများ မသိမသာကော့တက်သွားသည်။ လက်တစ်ဖက်က သူမလက်ကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က လက်ဖက်ရည်ငှဲ့ရန် လက်ဖက်ရည်အိုးဆီသို့ သွားသည်။


"လက်ဖက်ရည်သောက်မလား"

ကျန်းရှုယောင်က ခေါင်းခါလိုက်သည်။


"ဒါဆို ကိတ်မုန့်စား... မနက်စာစားချိန်မှာ မင်းက မိတ်ကပ်လိမ်းပြီး ဆံပင်ဖြီးတာနဲ့ အလုပ်ရှုပ်နေတယ်... ယာဂုနည်းနည်းပဲ သောက်ထားတာ... နန်းတော်ထဲဝင်ရင် ဗိုက်ဆာလို့မရဘူး"

ကျန်းရှုယောင်က သူမလက်များကို ဆွဲယူလိုက်သည်။

ရှဲ့ရွှင်းက အမြန်ပြန်ကိုင်လိုက်ပြီး သူမကို နားမလည်စွာ ကြည့်လိုက်သည်။

"ကိတ်မုန့်စားဖို့ ညာလက်ကိုသုံးရမယ်"

ကျန်းရှုယောင်က ပြောသည်။

ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ပစ်ချလိုက်မိသလိုပင်။

ဟေ့...ချစ်ဇနီးလေးကို လက်ကို ကိုင်ထားရင်း ဂရုစိုက်ရတာ ခက်တယ်...


ရှဲ့ရွှင်း သူ့လက်ကို တုံ့ဆိုင်းစွာ လွှတ်လိုက်ပြီး ခေါက်စားပွဲပုလေးကို ဖွင့်ကာ ကိတ်မုန့်များကို ချပေးလိုက်သည်။

ကျန်းရှုယောင် မုန့်များကို မစားချင်သော်လည်း နောက်ပိုင်းတွင် ဗိုက်ဆာမှာကို ကြောက်သည်။ သူမ မုန့်တစ်စိတ်ကိုယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။ နန်းတော်ထဲဝင်ပြီးနောက် အိမ်သာသွားချင်မှာကို စိုးရိမ်သဖြင့် လက်ဖက်ရည်မသောက်ဝံ့ဘဲ နင်သွားခဲ့သည်။

သူမ သေးငယ်သောအစိတ်လေးကို ထိုးသွတ်ပြီးနောက် ရှဲ့ရွှင်းက လက်ဖက်ရည်ကို ယူပေးလာခဲ့သည်။ သူမ ခေါင်းယမ်းကာ နောက်တစ်စိတ်ကို ဆက်ကိုင်လိုက်သည်။

ရှဲ့ရွှင်းက မတ်တပ်ထရပ်ပြီး ခါးကို နိမ့်ကာ လှည့်၍ တစ်ဖက်ခြမ်းက သူမဘေးတွင် ထိုင်လိုက်သည်။

ရှဲ့ရွှင်း၏ အနေအထား အပြောင်းအလဲက တစ်ခုခု အရေးကြီးသည်ဟု သူမထင်ခါရှိသေး ရှဲ့ရွှင်းက သူမ၏ ဘယ်လက်ကို သူ့လက်ဖဝါးဖြင့် တိတ်တဆိတ် အုပ်ကိုင်လိုက်သည်။

ကျန်းရှုယောင်:...

သူမ ပါးစပ်ထဲ မုန့်ထည့်ကာ ရှဲ့ရွှင်းကို ဆွံ့အစွာ လှည့်ကြည့်လိုက်သည်။

ရှဲ့ရွှင်းက တိတ်တဆိတ် ရယ်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်တွေကို မချနိုင်ခင်မှာ သူမအကြည့်တွေက သူ့အပေါ်ကို ရောက်လာသည်ကို ခံစားလိုက်ရပြီး ချက်ချင်း လိပ်ပြာမလုံဖြစ်သွား၏။ နားရွက်ခြေများက အနည်းငယ်လှုပ်ရှားသွားပြီး ရှက်စိတ်နှင့် မသက်မသာဖြစ်မှုကို ပြသနေသည်။

သူက အတင်းရှင်းပြလိုက်၏။
“ဘယ်ဘက်လက်မှာ မုန့်တွေကိုင်စရာမလိုဘူး”

ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုပြီး လွှတ်ပေးထားလိုက်သည်။

နန်းတော် တံခါးဝသို့ ရောက်သောအခါ နှစ်ယောက်သား ရထားလုံးပေါ်မှ ဆင်းကာ အထဲသို့ ဝင်သွားကြသည်။ နန်းတော်တံခါးဝသို့ ဝင်ပြီးနောက်တွင် မိန်းမစိုးတစ်ဦးက ဟိုးရှေးရှေးကတည်းက စောင့်ဆိုင်းနေခဲ့သည်။ ကျန်းရှုယောင်က စည်းမျဥ်းတွေကို သတိရပြီး စာအိတ်အနီလေး ပေးခဲ့ပေမဲ့ ငြင်းဆန်ခဲ့၏။

ရှဲ့ရွှင်း ကျန်းရှုယောင်နှင့်အတွင်းနံရံ ခြားထားသော အရှေ့နန်းဆောင်သို့ သွားခဲ့သည်။ မိန်းမစိုးက ကျန်းရှုယောင်တစ်ယောက်တည်းကိုပဲ ဦးဆောင်လမ်းပြခဲ့သည်။ နန်းတော်သည် အမှန်တကယ်ပင် သူမစိတ်ကူးထားသည့်အတိုင်း ထွင်းထုထားသော ထုပ်တန်းများနှင့် အဆောက်အဦများဖြင့် ခမ်းနားထည်ဝါလှသော်လည်း ကောင်းကင်တွင် လေဖိအားနည်းရပ်ဝန်းများ အမြဲရှိနေသည်။ နန်းတွင်ူအပျိုတော်များနှင့် မိန်းမစိုးများသည် တိတ်ဆိတ်စွာ သွားလာနေကြပြီး ကျန်းရှုယောင် ခဏမျှ လမ်းလျှောက်ပြီးနောက် စိတ်ဓာတ်ကျကာ မသက်မသာ ခံစားရလေသည်။

ကိုယ်လုပ်တော်လင်း၏နန်းဆောင်သို့ ရောက်သောအခါ အခြားမြင်ကွင်းတစ်ခုဖြစ်၏။

ကိုယ်လုပ်တော်လင်းက မနက်စာ ပြီးခါစဖြစ်သည်။ သူမက ညောင်စောင်းပေါ်တွင် ပျင်းရိစွာ မှီကာ အစေတစ်ဦး၏ နှိပ်နယ်ခြင်းကို ခံနေသည်။ အခန်း၏ရနံ့သည် အလွန်ပေါ့ပါးပြီး ကန့်လန့်ကာဖျော့ဖျော့က လွှဲယမ်းနေကာ သူမအား ပျင်းရိငြီးငွေ့လာစေသည်။

ကိုယ်လုပ်တော်လင်း၏အလှသည် ကောလာဟလများကဲ့သို့ပင် တိုင်းပြည်ကို လွှမ်းမိုးနိုင်သည်။ သူမ၏ မျက်နှာသွင်ပြင်မှာ တောက်ပနေပြီး သူမက နှုတ်ခမ်းနီကိုသာ လိမ်းခြယ်ထားသော်လည်း ဇိမ်ခံပုလဲဆံထိုးကို သူမ၏ ဆံထိုးပေါ်တွင် ထိုးထားနိုင်သည်။

ကျန်းရှုယောင် ဂါရဝပြုသည်ကို ကြည့်ပြီး သူမက နွေဦးပန်းကဲ့သို့ ပြုံးလိုက်သည်။

"ကောင်းပြီ ထ... ငါ့ဆီ လာ"

သူမက ကိုယ်မတ်လိုက်ပြီး အစေခံက ခေါင်းငုံ့ကာ ဘေးကနေ ပျောက်ကွယ်သွား၏။

ကျန်းရှုယောင် သူမနံဘေးသို့ လျှောက်သွားပြီး ထိုင်ခုံနိမ့်ပေါ်တွင် ထိုင်လိုက်သည်။

ကိုယ်လုပ်တော်လင်းက သူမကိုအတင်းအဖျင်းအချို့ကို စိတ်မဝင်စားဟန်ဖြင့် မေးလိုက်ရာ ကျန်းရှုယောင် သူမ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဘဲ တစ်ခုပြီးတစ်ခု ပြန်ဖြေသည်။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသည့်အတွက် ခဏအကြာတွင် တိတ်ဆိတ်သွားကြ၏။

"မင်းအမေ နေကောင်းလား"
ကိုယ်လုပ်တော်လင်းက ခဏမျှ နှုတ်ဆိတ်ပြီးနောက် ပြောလိုက်သည်။

ဤသည်က ခုနက စကားစမြည်ပြောသည်ထက် အနည်းငယ် ပိုသက်တောင့်သက်သာရှိ၏။ ကျန်းရှုယောင်က ဆိုလိုက်သည်။

"အမေ့မှာ မနက်ခင်းဖျားနားခြင်း မရှိတော့ဘဲ အခု ကျန်းမာနေပါပြီ... နေ့တိုင်း အလုပ်များပြီး အားအင်တွေပြည့်နေပါတယ်... ကိုယ်ဝန်ရှိနေတဲ့အမျိုးသမီးနဲ့ လုံးဝမတူပါဘူး"

ကိုယ်လုပ်တော်လင်းက တခစ်ခစ်ရယ်ရင်းပြော၏။
"သူက တကယ်ကို...ဒီအတိုင်းပဲ"

ကျန်းရှုယောင်က ဘာမှမပြောလိုက်ပေ။

ကိုယ်လုပ်တော်လင်းက သူမကိုယ်သူမ စကားပြောနေပြီး ကျန်းရှုယောင်ကိုစကားမပြောစေချင်ပေ။ သူမက တစ်ခုခုကို တွေးပြီး အမှတ်ရနေပုံရသည်။

သူမ၏ ရှည်လျားသော တိတ်ဆိတ်မှုက ကျန်းရှုယောင်၏ မသက်မသာ ဟိုလှည့်သည်လှည့်ဖြစ်စေကာ သေးငယ်သော လှုပ်ရှားမှုများက ကိုယ်လုပ်တော်လင်းကို သတိပြန်ဝင်လာစေသည်။

"စီးပွားရေးအကြောင်းပြောရရင် မင်းက လင်းမိသားစုရဲ့ စားသောက်ကုန်လုပ်ငန်းအတွက် စိတ်ကူးကို အကောင်အထည်ဖော်ခဲ့တာလား"

ကျန်းရှုယောင် နောက်ဆုံးတွင် ခေါင်းစဥ်ဘက် ရောက်လာသည်ကို ခံစားမိကာ "ဟုတ်ကဲ့" ဟု ပြန်ဖြေခဲ့သည်။

ကိုယ်လုပ်တော်လင်းက စားပွဲပေါ်လက်ဖျားလေးများဖြင့် ပုတ်ကာဆို၏။
"အစားအသောက်လုပ်ငန်းကို ဘာလို့တွေးမိတာလဲ... လင်းမိသားစုအတွက် သင်္ဘောလုပ်ငန်းကို ဦးဆောင်တာနဲ့လုံလောက်တယ်...တခြားစီးပွားရေးလုပ်ငန်းတွေမှာ ဝင်စွက်ဖက်ဖို့ မဖြစ်နိုင်ဘူး"

ကျန်းရှုယောင် သူမ၏ ကန့်ကွက်လိုသံကို ကြားလိုက်ရသည်။ နားမလည်သော်လည်း သူမရှင်းပြလိုက်၏။

“ကျွန်တော်မျိုးမတို့က စားသောက်ဆိုင်လုပ်ငန်းမှာ မဟုတ်ပါဘူး... သာမန်လူတွေကို အစားအသောက်အသစ်တွေ ရောင်းတာပါ... ရှင်းရှင်းလင်းလင်း ရှင်းချင်ရင်တော့ စားသောက်ဆိုင်လုပ်ငန်းနဲ့ ရန်ဖြစ်တာ မဟုတ်ပါဘူး”

"မင်းသားခန်းရဲ့ မျက်လုံးတွေကို မင်း အနှောင့်အယှက်မပေးခဲ့ဘူးလား"

ကိုယ်လုပ်တော်လင်း၏ အသံက ပေါ့ပါးပြီး နိမ့်ချည်မြင့်ချည်တုန်ခါနေကာ သူမ၏ခံစားချက်များကို မည်သူမျှ မကြားနိုင်ပေ။

ကျန်းရှုယောင် တင်းတင်းကြပ်ကြပ်ခံစားရပြီးပြောလိုက်သည်။

"ကျွန်တော်မျိုးမက ကိုယ့်အပိုင်းနဲ့ကိုယ် စီးပွားရေးလုပ်နေတာပါ...ဘာလို့ မျက်စိစပါးမွှေးစူးစရာဖြစ်ရမှာပါလဲ.. လမ်းဘေးအစားအစာဈေးက မကြာသေးမီကမှ ပျံ့နှံ့လာပြီး အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့တာပါ... ခဏကြာလို့ မင်းသားခန်း စိတ်ငြိမ်သွားတဲ့အခါ သူတွေ့ပါလိမ့်မယ်...လင်းရဲ့စီးပွားရေးက သူ့လုပ်ငန်းနဲ့ လုံးဝမတူဘူးဆိုတာကိုပါ"

ကိုယ်လုပ်တော်လင်းက မှတ်ချက်မပြုဘဲ စားပွဲခုံထိပ်ကို ခေါက်ကာဆိုသည်။

"စားစရာအသစ်...ငါ ကြားပြီးပြီ... ညစ်ပတ်တဲ့ ပါဝင်ပစ္စည်းတွေ၊ နှလုံးနဲ့ အဆုတ်ကို စားတာ ဒါ အသစ်အဆန်းလား"

ကျန်းရှုယောင်က လက်မခံနိုင်ပေ။

"နျန်နျန်း...သန့်စင်အောင် လုပ်ပြီးရင် အကုန်လုံးက ပါဝင်ပစ္စည်းပါ...ညစ်ပတ်တယ်လို့ မခေါ်သင့်ပါဘူး"

[ET/N- နျန်နျန်းသည် မိဖုရား၊တော်ဝင် ကိုယ်လုပ်တော်များ၊ မင်းသမီးများနှင့် အခြား တော်ဝင်မင်းမျိုးမင်းနွယ်များကို ရိုသေလေးစားစွာ ပြောဆိုရန် နည်းလမ်းတစ်ခုဖြစ်သည်။]

ကိုယ်လုပ်တော်လင်းက မဖြေဘဲ
"မင်းအမေက ဒီလုပ်ငန်းကို ဆက်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား"

"ဟုတ်ကဲ့"

ကျန်းရှုယောင် ကိုယ်လုပ်တော်လင်း နှင့် လင်းရှီတို့က ညီအစ်မများဖြစ်သဖြင့် အမြဲပင်နီးနီကပ်ကပ်ရှိခဲ့ကြရာ သူမက လင်းရှီ၏ စိတ်နေစိတ်ထားကို ကောင်းစွာ  နားလည်သင့်သည်ထင်မိသည့်အတွက် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"မေမေက ဒီတစ်နှစ်တာလုံး ကောင်းကောင်းမနေရဘူး...လွန်ခဲ့တဲ့လအနည်းငယ်က ကိုယ်ဝန်ရလာတဲ့အခါ မစားမသောက်နိုင်ဖြစ်သွားတယ်... သူ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူး...ဒါကြောင့် အမေ့ကို အနှောင့်အယှက်ဖြစ်စေဖို့ တစ်ခုခုရှာဖို့ စဉ်းစားခဲ့တယ်... မထင်မှတ်ဘဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာခဲ့တယ်...အမေက စီးပွားရေးထဲ စိတ်နှစ်လိုက်တော့ သူ့စိတ်ဓာတ်တွေ ပြန်ကောင်းလာခဲ့တယ်...တစ်နေ့လုံး အလုပ်တွေရှုပ်ပြီး စိတ်ထဲမှာ အရာအားလုံးကို မေ့သွားခဲ့တယ်...အခု ဒီကိစ္စကဖြစ်သွားပြီဆိုတော့ အမေ့ရဲ့ စိတ်နဲ့ဆို တခြားသူတွေရဲ့အမြင်ကို အနှောင့်အယှက်ဖြစ်စေတာအတွက်နဲ့ ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး"

ထိုစကားကိုကြားပြီးနောက် ကိုယ်လုပ်တော်လင်းက သူမအား ငုံ့ကြည့်ကာဆိုသည်။
"တခြား ဘာရှိသေးလဲ"

ကျန်းရှုယောင်က ပဟေဠိဖြစ်စွာ မော့ကြည့်လိုက်သည်။

"မင်းကရော"

ကျန်းရှုယောင်ကချောချောမွေ့မွေ့ ပြန်ဖြေ၏။

"သဘာဝအတိုင်း အမေ့ကို လက်မလျော့စေချင်ဘူး"

ကိုယ်လုပ်တော်လင်းက လက်မြှောက်ကာ သူမနဖူးကို ပုတ်ပြီးဆိုသည်။

"တစ္ဆေမလေး...ငါကတော့ မင်းကလက်မလျော့ချင်တာလို့ထင်တယ်"

ကျန်းရှုယောင် သူမ၏ နဖူးကို အပုတ်ခံရခြင်း ကြောင့် အငိုက်မိသွားပြီး ဤရင်းနှီးသော အပြုအမူကြောင့် ခဏတာ မှင်သက်သွားခဲ့သည်။

ကိုယ်လုပ်တော်လင်းက သူမလက်ကို ပြန်ရုတ်လိုက်ပြီးဆို၏။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို မေးဖို့အတွက် ခေါ်လိုက်တာ"

ကျန်းရှုယောင်က မျက်တောင်ခတ်လိုက်ပြီး "အစီအစဉ်လား..."

ကိုယ်လုပ်တော်လင်းက သူမကို မျက်စောင်းထိုးကာ "ကျစ်"ခနဲ စုတ်သတ်ပြီး မနှစ်မြို့စွာပြောသည်။

"ကျပန်းသာလုပ်ရင် လုပ်ငန်းလို့ ခေါ်သေးသလား... နောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ၊ ဘယ်လိုလုပ်ရမလဲ၊ မအောင်မြင်ရင် ဘာလုပ်ရမလဲ... ဒါကို မင်း နားမလည်ဘူးလား"

ကျန်းရှုယောင် အနည်းငယ် မှင်တက်သွားပြီး "ဒါ..."

ကိုယ်လုပ်တော်လင်းက မျက်မှောင်ကြုတ်လိုက်သည်။သူမ၏ မျက်နှာသွင်ပြင်မှာ တောက်ပခမ်းနားပြီး သူမက နက်ရှိုင်းသော နန်းတော်ထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြောင်းပေါ်လွင်နေသည်။

ကျန်းရှုယောင် မသိစိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။

"မင်းက အစားအစာအသစ်တွေ ​ပြုလုပ်ချင်တယ်လို့ မင်းပြောခဲ့တယ်နော်... မင်းတစ်ယောက်တည်း ဒီအကြံဉာဏ်တွေကို တွေးနေတာလား"

"ဟုတ်ကဲ့"

ကိုယ်လုပ်တော်လင်း ဤလုပ်ငန်းအစီအစဥ်ကို မအောင်မြင်နိုင်ဟု ရုတ်တရက် ခံစားလိုက်ရပြီး ခေါင်းယမ်းလိုက်သည်။

ကျန်းရှုယောင်က ၎င်းကို တစေ့တစောင်း ရိပ်စားမိပြီး အလျင်အမြန် ဆိုလိုက်၏။

"ကျွန်တော်မျိုးမက အကြံဉာဏ်တွေကို တွေးဖို့ လုံလောက်တာထက် ပိုပါတယ်...ကျွန်မတွေးနေတာက တခြားသူတွေ စဉ်းစားလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး"

ကိုယ်လုပ်တော်လင်းကွေ့က သူမလေသံကြောင့်ရယ်သွားသည်။

"မွေးကင်းစ နွားလေးတွေက ကျားမကြောက်ဘူး... မင်းအမေနဲ့ ရွက်လွှင့်တုန်းက ဒီလိုအသံမျိုး ငါ့မှာမရှိခဲ့ဘူး"

[ET/N- "မွေးကင်းစ နွားသငယ်များသည် ကျားများကို မကြောက်ကြ” ဟူသည်က ဒေသိယစကားတစ်ခုဖြစ်သည်။ ဆိုလိုသည်က မွေးလာခါစ နွားကလေးက ကျားတွေ ဘယ်လောက် အစွမ်းထက်လဲဆိုသည်ကို မသိသည့်အတွက် ကျားမကြောက်ပေ။ လူငယ်များသည် အယူဝါဒဆိုင်ရာ စိုးရိမ်မှုအနည်းငယ်ရှိပြီး အထိန်းအချုပ်မရှိဘဲ ပြုမူဝံ့သောကြောင့် လူငယ်များအဖို့ ယေဘုယျအားဖြင့် ဥပစာအဖြစ် ဖော်ပြ​ကြသည်။]

ကျန်းရှုယောင် ငြင်းခုံရန် ပါးစပ်ဖွင့်လိုက်သော်လည်း ကိုယ်လုပ်တော်လင်းကဖြတ်ပြောလိုက်သည်။

"မင်းပြောနေတဲ့ အစားအစာအသစ်က အူနဲ့ အတွင်းအင်္ဂါတွေချည်းပဲ မဟုတ်လား"

ကျန်းရှုယောင်က ဦးစွာခေါင်းညိတ်ပြပြီးနောက် ခေါင်းခါလိုက်ပြီး ဆို၏။

"ဘယ်ဟုတ်မလဲ နျန်နျန်း... အသစ်အဆန်းတွေကို ပါဝင်ပစ္စည်းတွေနဲ့ ကန့်သတ်မထားသင့်ပါဘူး... ဥပမာအနေနဲ့ ခေါက်ဆွဲကိုယူပြီး မရေမတွက်နိုင်တဲ့ လှည့်ကွက်တွေလည်း ရနိုင်ပါသေးတယ်... အခုဆို စျေးပေါတဲ့ ပါဝင်ပစ္စည်းတွေကို လေ့လာနေပါတယ်"

ကိုယ်လုပ်တော်လင်းက မျက်မှောင်ကြုတ်ပြီး ဘာမှမပြော။

“အူတွေ၊ နှလုံး ဒါမှမဟုတ် အသည်းတွေတင်မကဘူး... အဲဒါတွေအပြင် လူတွေစားလို့ရသရွေ့တော့ အရသာရှိအောင် လုပ်လို့ရတယ်"

ကိုယ့်လုပ်တော်လင်း၏ မျက်ခုံးများ ရုတ်တရက် ဆန့်ထွက်သွားသည်။သူမက သူမကို ဝိုင်းပတ်ဆော့နေသည့် ကလေးတစ်ယောက်လို ကြည့်ပြီး သက်ပြင်းချရင်းဆို၏။

"မင်းအမေရောပဲ... သူက ဒီအရွယ်ကြီးရောက်နေပြီကို မင်းနဲ့ ရှုပ်နေတုန်းပဲ...နောက်ဆုံးမှာ အခု သူရွှင်ပြ လာပြီလို့ ငါကြားလိုက်ရတယ်...အဲဒါကြောင့် ငါ ကူညီချင်... မေ့လိုက်ပါ...အရာအားလုံးက ပရမ်းပတာ ကင်းနေသမျှ ကာလပတ်လုံး သူ့ရဲ့ စွမ်းအင်တွေ ပြန်ရလာတာကို ကြားရတာ ဝမ်းသာပါတယ်"

ကျန်းရှုယောင် အကူအညီမဲ့စွာဆိုလိုက်သည်။
"နျန်နျန်း... ကျွန်တော်မျိုးမအမှန်တိုင်းပြောနေတာပါ...မယုံရင် ကျွန်တော်မျိုးမကို တစ်ခုခုလုပ်ခိုင်းပြီး စမ်းသပ်ကြည့်ပါ"

ကိုယ်လုပ်တော်လင်း ကျန်းရှုယောင်ကို နန်းတော်မှ ထွက်သွားရန် အလိုရှိသော်လည်း ယခုအချိန်တွင် သူမပြောသည်ကို နားထောင်ရင်း မိမိဤအတိုင်း လွှတ်ပေးလိုက်လျှင် ကျန်းရှုယောင်ကလင်းရှီကို ဆက်လှည့်စားပြီး အဟုတ်ကြီးမှတ်ထင်နေလိမ့်မည်ဟု ခံစား လိုက်ရသည်။ သူမ သူမ၏ နှလုံးသားကို ဖိနှိမ့်ကာ စိတ်ကို တည်ငြိမ်အောင် ထားခဲ့ရသည်။

"ကောင်းပြီ ...ဒါဆို ငါမင်းကို စမ်းကြည့်မယ်"

ကိုယ်လုပ်တော်လင်းက မတ်တပ်ထရပ်ပြီး ရွှေအတိပန်းထိုးထားသောစကတ်ကို ကြမ်းပြင်ပေါ် ဆွဲချလိုက်သည်။

"မင်းက ဝက်၊ သိုး၊ ကြက်၊ ဘဲ ကလီစာအမျိုးမျိုးကို လုပ်ပြီးပြီမို့ ငါမင်းကို အဲဒါ မမေးတော့ဘူး"

နန်းတော်ထဲမှာ မွေးမြူထားသည့် ငါးတွေကို မတွေ့ခင်အထိ သူမ အကြာကြီး ဘာမှ မစဉ်းစားနိုင်ခဲ့ပါချေ။ နန်းတော်ထဲမ၀င်ခင် သင်္ဘောပေါ်က နေ့ရက်တွေကို အမှတ်တမဲ့ သတိရပြီးသူမပြောလိုက်၏။

“အရင်က မင်းအမေနဲ့ ငါ မြစ်ဆီ စီးပွားရှာဖို့သွားတော့ မြစ်ကမ်းဘေးမှာ ခဏခဏနားကြတယ်...တစ်ခါက ကလေးတွေ မြစ်ကမ်းဘေးမှာ ငါးပုဇွန်မျှားတာ တွေ့ဖူးတယ်... ငါတို့သွားကြည့်ခဲ့ကြတယ်...အဲဒီတုန်းက သူတို့က အနက်ရောင် ရေချိုမြစ် အကောင်တွေ အထွေးလိုက်ကောက်ယူကြတယ်... ရွံစရာကောင်းတယ်...မင်းအမေကိုမေးတော့ မြစ်ခရုလို့ခေါ်မှန်းသိလိုက်ရတယ်... ငါး၊ပုဇွန်၊ဂဏန်းက စားလို့ရတယ်... ခရုက မရဘူး... အသားကို နှစ်အတော်ကြာအောင် မမြင်ဖူးတဲ့ လူတွေတောင် ခရုမှာ အသားတွေ ပါနေပေမဲ ရွှံ့တွေ သဲတွေနဲ့ နံစော်နေတာကြောင့် ခရုတွေကိုဖမ်းပြီးချက်စားမှာမဟုတ်ဘူး... ပါးစပ်ထဲထည့်ဖို့နေနေသာသာ အနံ့ခံရုံနဲ့ ဖျားတယ်"


Xxxxx