Chapter 107
ပေကျင်းမှ အချစ်ထုပ်
ဆော့စ် တစ်ပြွန် ဆုံးရှုံးပြီးနောက် အရှေ့နန်းဆောင် ပရော်ဖက်ရှင်နယ်ဂုန်းဆင်းရေးအဖွဲ့၏ အငွေ့အသက်များ ကျဆင်းသွားခဲ့သည်။
ပြီးခဲ့သောရက်အနည်းငယ်တွင် ဆော့စ်က ပိုပို၍ လျော့နည်းလာသည်။ အရင်က အရသာအပြည့်ရှိသည့် အရသာကို ကျင့်သားရပြီးနောက်တွင် ယခု ဆော့စ်အနည်းငယ်ပဲ တို့ရသည့်အခါ ဘန်းမုန့်တွေက အရသာမရှိသလို ခံစားရ၏။
ရလဒ်အနေဖြင့် အိမ်ရှေ့စံနှင့်သူ့အဖွဲ့၏ထက်သန်သော စိတ်ဓာတ်တွေ မရှိတော့သည်ကို သာမန်ပြည်သူတွေက တွေ့ရှိခဲ့ကြ၏။ ယင်းအစား သူတို့သည် ပုံပုံကျပြီး စိတ်ဓာတ်ကျနေကြသည်။
လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ သူတို့ နှလုံးသားထဲတွင် ဆူးများ ပေါက်စေခဲ့ပုံရသည်။
အထူးသဖြင့် အိမ်ရှေ့စံ။ သာမန်ပြည်သူတစ်ဦးအသွင်ဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော လုပ်ကြံသူအတွက် သူ အလွန်ဝမ်းနည်းနေပေလိမ့်မည်။
အမှန်တွင်လည်း အိမ်ရှေ့စံမင်းသားက တကယ် စိတ်မကောင်းဖြစ်နေသည်။
"ဒါတွေအားလုံးက ဒီမင်းသားရဲ့အပြစ်ပဲ"
သူက သက်ပြင်းချရင်း
"ဒီမင်းသားကို ကာကွယ်ဖို့အတွက်သာ မဟုတ်ရင် ချင်ကျန်းက ကိုယ်တော့်ကို ကယ်တင်ဖို့ ဆော့စ်ပြွန်ကို ပစ်ထုတ်ပစ်မှာ မဟုတ်ဘူး"
လာမယ့်ရက်အနည်းငယ်အတွင်း အဖြူရောင် ဘန်းမုန့်တွေကိုသာ စားနိုင်ပြီး အပြန်လမ်းမှာ မုန့်ခြောက်စားရမည်ကိုတွေးပြီး လူတိုင်းက ဆိတ်ဆိတ်နေခဲ့ကြသည်။
"အရှင်မင်းသား...မင်းအပြစ်မဟုတ်ပါဘူး"
ရှဲ့ရွှင်း သူတို့၏ စိတ်ဓာတ်ကျနေသည်ကို မကြည့်ရက်ပါချေ။ နှစ်သိမ့်ရန် မတ်တပ်ထရပ်လိုက်သည်။
"ဟုတ်တယ်"
မင်းသားက ခေါင်းတညိတ်ညိတ်နှင့် အလေးအနက်ဟန်ဖြင့်ဆိုသည်။
"ပေါယွမ်... မင်းငါ့ကိုပြောစမ်း... ငါတို့မှာ ပြွန်တစ်ခု ဆုံးရှုံးသွားပြီး မင်းမှာ ပြွန်သုံးချောင်းပဲ ကျန်တော့တယ်မလား"
ရှဲ့ရွင်း ဤမေးခွန်းအတွက် တစ်စုံတစ်ခု မှားနေပြီဟု အလိုလို ခံစားမိသည်။ သူက မျက်မှောင်ကြုတ်ပြီး မင်းသားကို ကြည့်လိုက်၏။သူပြန်ဖြေတော့မည်ပြုစဥ်တွင် မျှော်လင့်ချက်များပြည့်နေသော မျက်လုံးဝိုင်းဝိုင်းကို ရုတ်တရက် ခံစားလိုက်ရသည်။
မင်းသားက သူ ဘာမှပြန်မပြောသည်ကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ခေါင်းယမ်းပြီးဆို၏။
"ပြွန်သုံးချောင်း... ပြွန်သုံးချောင်း ပဲရှိတယ်... အဲဒီပြွန်သေးသေးလေး သုံးချောင်းပဲရှိတယ်"
ရှဲ့ရွှင်း:...
ဒီမေးခွန်းက သူ့ကို စမ်းသပ်ဖို့ပဲလား...
ညဘက်ဆို ဘန်းမုန့်တွေကို တိတ်တိတ်လေးကြိတ်ဖို့ ဆော့စ်ပြွန်တွေကို ဝှက်ထားနိုင်ဦးပါ့မလား...
"အဟင်း...ငါ့မိန်းမက ငါ ဒီထမင်းဆမ်းဆော့စ်ကို လူတိုင်းနဲ့ မျှဝေမယ်လို့ မမျှော်လင့်ထားဘူး...ဒါကြောင့် သူက ငါအတွက်ပဲ လုပ်ခဲ့တာ...တစ်လကျော်ကျော်စာလောက်ပဲ"
ရှဲ့ရွှင်းက တိတ်ဆိတ်စွာပြောသည်။
မင်းသားက ခေါင်းတညိတ်ညိတ်နှင့်ထောက်ံခံ၏။
"အင်း တကယ်ပဲကိုး...ငါ့ဝမ်းကွဲက ဒါကို ထင်ထားမှာမဟုတ်ဘူး"
အပေါ်ယံသဘောတူသော်လည်း ကျန်းရှုယောင်က အရှေ့နန်းဆောင်အဖွဲ့ (သူအပါအဝင်) ကို ဂရုမစိုက်ကြောင်း သူ့စိတ်ထဲတွင် အော်ဟစ်ခဲ့သည်။ ဘာများမှားလို့လဲ...
သူတို့သည် ချုပ်တည်းလွန်းဟန်ဆောင်ပြီး သူမအပေါ် လေးနက်သော အထင်ကြီးမှုကို ဘယ်တုန်းကမှ ချန်းမထားခဲ့ပုံရသည်။
ရှဲ့ရွှင်းက မျက်ခုံးတွန့်ကာ
"အရှင် မင်းသား...မင်းနဲ့ ငါ့မိန်းမက ဝမ်းကွဲမဟုတ်ဘူး"
အိမ်ရှေ့စံမင်းသားက သဘောတကျ ရယ်မောပြီးဆိုသည်။
"ဝမ်းကွဲယောက်ဖ... ဝမ်းကွဲယောက်ဖ... အခုချက်ချင်း ဒီကိုလာပါ"
သူက မတ်တပ်ထရပ်ပြီး ရှဲ့ရွှင်း၏ပုခုံးတွေကို သိုင်းဖက်ကာ ပြော၏။
"ပေါယွမ်... ငါတို့ကြားက ဆက်ဆံရေးနဲ့ဆို မင်းသတိထားနေစရာ မလိုပါဘူး"
ရှဲ့ရွှင်း : ...မေ့လိုက်ပါတော့...
အိမ်ရှေ့စံနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ထိပ်တန်း ပါရမီရှင်လူငယ်များထဲတွင် ပါဝင်သည်။ သူတို့သည် နိုင်ငံရေးကိစ္စများတွင် အလွန်လိမ္မာပါးနပ်ကြသည်။သို့သော် သူတို့၏ ပုံမှန်အပြုအမူတွေနှင့် အဘယ့်ကြောင့် ကွာခြားနေရသနည်း။ သူ မကြာခဏဆိုသလို အင်အားမဲ့သလို ခံစားခဲ့ရပြီး သူ့ဘဝ၏ ဒုတိယနှစ်ဝက်တွင် ၎င်းတို့နှင့် ဆက်လက်လုပ်ဆောင်လိုပါက ၎င်းတို့၏ လှည့်စားမှုမှ ရုန်းမထွက်နိုင်ဟု ခံစားခဲ့ရသည်။
လူအုပ်စုသည် လက်ကျန်ထမင်းဆမ်းဆော့စ်ကို ခါးခါးသီးသီးစားကြပြီး ပြွန်အတွင်းရှိ ကပ်နေသော ဆော့စ်များကိုပင် လက်မလွှတ်ဘဲ စားကြသည်။ အလုပ်ပြီးသည့်နောက် သုံးရက်လောက် အနားယူကြပြီး အားလုံးက ပေကျင်းကို ပြန်ရန် အဆင်သင့်ဖြစ်နေကြသည်။
သူတို့ ပန်းတိုင်ကို ရောက်ကြပြီဖြစ်သည်။ ပြန်သွားရန် မနှောင့်နှေးနိုင်ပေမဲ့ သိပ်အလျင်လိုနေစရာလည်း မလိုပါချေ။
မြစ်တာတမံ အဂတိလိုက်စားမှုကိစ္စတွင် အိမ်ရှေ့စံ၏အဖွဲ့သည် ပြီးပြည့်စုံစွာ ထမ်းဆောင်ခဲ့သည်။ သူတို့သည် မြစ်တာတမံကို ခိုင်ခံ့စေကာ ပြည်သူများ၏ စိတ်နှလုံးကို ပြန်လည်ရရှိစေပြီး အကျင့်ပျက်အရာရှိများကို ဖမ်းဆီးခဲ့သည်။မှန်သည်ပင်၊ သူ လုပ်ကြံသူအဖွဲ့တစ်ဖွဲ့ကိုလည်း ဖမ်းဆီးပြီး ပေကျင်းကို ပို့လိုက်၏။
အိမ်ရှေ့စံမင်းသား လုပ်ကြံခံရလုနီးပါးဖြစ်ခဲ့သောကြောင့် ဒေသခံအရာရှိတွေက သူ့ကို တစ်ယောက်တည်း ပြန်ခွင့်မပြုရဲကြပေ။ ပြည်နယ်မြို့တော်အနီးတွင် တပ်စွဲထားသော ဗိုလ်ချုပ်ငယ်တစ်ဦးက ၎င်းတို့ကို မြို့သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးသည်။
ဟိုမှာဘဝက ခါးသီးသည်၊ တစ်ရက်တာက နှစ်များစွာလိုပါပင်။သို့ပေမဲ့ ကျန်းရှုယောင်၏ ဘဝက အရင်ကလို ပျော်ရွှင်အေးချမ်းနေမြဲဖြစ်သည်။
ကျိုးရှီက သူမနောက်ကလိုက်ကာ ချက်ပြုတ်နည်းကို သင်ယူသည့်အတွက် နှစ်ယောက်သား နေ့တိုင်း အစားအသောက်အကြောင်း တွေးခဲ့ကြသည်။ တစ်ခါတစ်ရံ လမ်းလျှောက်ထွက်ရင်း အိမ်ပြင်ထွက်ကြသည်။ သူတို့ အလွန် အဆင်ပြေခဲ့ကြ၏။ကျန်းရှုယောင် ညအိပ်ရာဝင်ခါနီးတွင် လွတ်နေသော အိပ်ရာကို ခံစားမိမှသာ အပြင်တွင် အလုပ်ကြိုးစားနေသူ ခင်ပွန်းသည်ကို တွေးတောမိမည်ဖြစ်သည်။
၎င်းကိုစဉ်းစားရင်း ကျန်းရှုယောင် အတော်လေး လိပ်ပြာမလုံဖြစ်မိ၏။ မြစ်တာတမံတည်ဆောက်မှုကို ကြီးကြပ်ခြင်းသည် အလုပ်ကိစ္စဖြစ်ပြီး အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။မည်သို့ပင်ဖြစ်စေ သူမ သူ့အကြောင်းကိုတွေးနေရပေမည်။
သူမအပြစ်ရှိစိတ်၏အထွတ်အထိပ်သို့ရောက်သောအခါတွင် မြို့စားရှဲ့အိမ်တော်သို့ အရေးပေါ်တမန်တစ်ဦးရောက်လာသည်။
ရှုရှီက သတင်းကို ပထမဆုံးလက်ခံရရှိသူဖြစ်သည်။ "အရေးပေါ်" ဟူသော စကားကိုကြားသောအခါ အနည်းငယ်စိုးရိမ်သွားသည်။ သို့သော် အိမ်ရှေ့စံက သံတမန်ကို အလျင်အမြန်စေလွှတ်ကြောင်း သူမကြားသောအခါ ထိတ်လန့်သွားသည်။
ရှဲ့လီသည်လည်း ပုံမှန်အတိုင်းလို တည်ငြိမ်မှု မရှိတော့ပေ။ သူက အရာရှိဟောင်းတစ်ဦးဖြစ်ပြီး သူ၏ ပထမဆုံးတုံ့ပြန်မှုသည် မြစ်တာတမံ အလွဲသုံးစားမှု၏ နောက်ကွယ်ရှိ အကျိုးစီးပွားဆက်စပ်မှုကို တွေးတောရန်ဖြစ်သည်။ အိမ်ရှေ့စံပါရှိနေသည်ကို ထည့်မပြောလျှင်ပင် ပါဝင်ပတ်သတ်နေသည့် အကြောင်းအရာများစွာရှိသည်။ သူတို့ကို အာရုံစိုက်နေသည့် လူတွေ အများကြီးပါပင်။အဲဒါ ဖြစ်နိုင်မလား...
တမန်ထံမှ မိသားစုစာတစောင် ရောက်လာသည်။ အိမ်ရှေ့စံထံမှ ဘယ်သူ့ကိုမှ မပြောနဲ့ဟူသော အမှာတော်တစ်ခုလည်းရှိ၏။
သူ့လက် ယမ်းခါသွားပြီး သူ့လက်ဖက်ရည်ခွက် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
"မင်း ခယ်မလေးဆီ ပို့လိုက်... လောလောဆယ် အမေ့ကို ပြောစရာ မလိုဘူး"
သူ ခဏလောက်စဉ်းစားပြီး လေးနက်စွာပြောလိုက်သည်။
ရှုရှီက ထိတ်လန့်စွာ ခေါင်းညိတ်လိုက်သည်။ သူမကိုယ်တိုင် တတိယအိမ်တော်ခွဲသို့ အမြန်သွားခဲ့သည်။
ကျန်းရှုယောင် ရှဲ့ရွင်းအကြောင်းတွေးနေစဥ်တွင် ရှုရှီကတုန်တုန်ယင်ယင်နှင့် သူမဆီ အလျင်စလို ချဉ်းကပ်လာကာ စာတစ်စောင်ပေးသည်ကို မြင်လိုက်ရ၏။
"ဒီစာကို အိမ်ရှေ့စံမင်းသားက အရေးတကြီး ပေးပို့ခဲ့ပြီး မင်းသားက ဘယ်သူ့ကိုမှ မပြောသင့်ဘူးလို့လည်း ပြောခဲ့တယ်"
ရှုရှီက ကျန်းရှုယောင် စာကိုမဖွင့်ခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရအောင်ပြောလိုက်သည်။
ကျန်းရှုယောင်၏နှလုံးသား နစ်မြုပ်သွားသည်။ ဤရက်ပိုင်းတွင် သက်တောင့်သက်သာနေထိုင်ပြီး ခင်ပွန်းသည်ကို ဂရုမစိုက်ခဲ့သည်ကိုတွေးမိသောအခါ ပို၍ပင် နာကျင်လာသည်။
သူမ အနည်းငယ် အသက်ပြင်းပြင်းရှူကာ တုန်ရီနေသောလက်များဖြင့် စာကိုဖွင့်လိုက်သည်။ သူမ မျက်လုံးထဲ ပထမဆုံး ဖမ်းမိသည့် အရာမှာ စာပိုဒ်တစ်ခုစီတွင် မတူညီသော လက်ရေးဖြင့် ထူထပ်စွာ ပြွတ်သိပ်ရေးထားသော စာဖြစ်သည်။
...???
ကျန်းရှုယောင် ကြောင်သွားပြီး အနီးကပ်ကြည့်ပြီးနောက် ပထမစာကြောင်းတွင် ရှဲ့ရွင်း၏လက်ရေးကို သူမတွေ့ရှိခဲ့သည်။
သူက အိမ်တွင်းရေးကိစ္စတစ်ချို့ပြောပြီး နေကောင်းလားဟု မေး၏။ ထို့နောက် ကျန်းကျန်းမာမာနှင့် မကြာမီပေကျင်းမြို့သို့ ပြန်လာမည်ဟု ဆိုသည်။ ဤနေရာတွင် သူက သိမ်မွေ့သော လူငယ်များ၏ အတွေးအမြင်များကို စတင်ရေးသားနေရာမှ စာကြောင်းအလယ်တွင် ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက်တွင် မြူးမြူကြွကြွ ဖောင့်လိုင်းတစ်ခုက သူမမျက်လုံးထဲသို့ တိုးဝင်လာသည်။
"ဝမ်းကွဲနေကောင်းလား"
ကျန်းရှုယောင်၏ တုန်လှုပ်ချောက်ချားနေသော စိတ်သည် အပိုင်းပိုင်းကွဲသွားခဲ့သည်။ အိမ်ရှေ့စံ၏ ပေါက်ပေါက်ဖောက်မှုကို စိတ်ရှည်လက်ရှည် ဖတ်ပြီးနောက် ယင်းက သူတို့ မည်မျှ သနားစရာကောင်းသည်၊ လုပ်ကြံသတ်ဖြတ်သူနှင့် တွေ့သောအခါ မည်မျှထိတ်လန့်သွားသည်၊ဆော့စ်ကုန်ပြီးနောက် သူတို့ မည်မျှ သနားစရာကောင်းသည်တို့ထက်ဘာမှမပိုပေ။
ထိုနောက်မှာ လင်းချန် ဖြစ်လေသည်။ဗလွတ်ဗလွတ်နှင့်စကားများပြီးနောက် သူကလည်း ဆော့စ်အကြောင်း ထည့်ပြောလာပြန်သည်။ အမျိုးမျိုးသော လက်ရေးများက အနောက်ကနေ လိုက်လာသည်။ အချို့က ဘေးအိမ်တော်ခွဲက သူမစတုတ္ထအဒေါ်၏တူဟု ဆိုကာ အချို့က သူမ၏မိခင်ကျန်းနန်တွင်ရှိစဉ်က မိခင်၏ရင်းနှီးသောမိတ်ဆွေတစ်ဦး၏သားဟု ဆိုကြသည်။ မိသားစုစာတစ်စောင်ကို ဤလူများက ဖျက်ဆီးခဲ့ပြီး အတန်းဖော်စာအဖြစ် ပြောင်းလဲခဲ့သည်။
အဆုံးတွင် စာရွက်က အပြည့်ဖြစ်သွားပြီး ရေးခွင့်မရလိုက်သော သူတွေက စာရွက်၏ ထောင့်ထောင့်မှာ စာကြောင်းတစ်ကြောင်း ကပ်သပ်ထည့်ကြ၏။
စကားလုံးထောင်ပေါင်းများစွာကို စကားလုံးခြောက်လုံးဖြင့် အနှစ်ချုပ်နိုင်သည်– အရှေ့နန်းဆောင်အဖွဲ့က သင့်(၏ရိက္ခာ)ကို လိုအပ်သည်။
စာကိုဖတ်ပြီးနောက် ကျန်းရှုယောင်၏အမူအရာသည် စာကိုမဖွင့်မီကထက် ပိုလေးလံလာသည်။
မင်းသား၏ "ဘယ်သူ့ကိုမှ မပြောပါနှင့်" ဟူသည်မှာ ရှက်စရာကောင်းလွန်းသောကြောင့် ဖြစ်လောက်၏။
ရှုရှီ အတော်လေး ထိတ်လန့်သွားပြီး အသက်မရှူဝံ့။ "ယောင်းမ ဘာသတင်းဆိုးလဲ"ဟု တိုးတိုးလေးပြောသည်။
ကျန်းရှုယောင် သူမ၏စိတ်တို့ ပြန်လည်ကောင်းမွန်လာပြီးခေါင်းခါလိုက်သည်။
"သတင်းဆိုးမရှိပါဘူး"
သူမ၏အမူအရာက လေးလံနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ ရှုရှီက တံတွေးမျိုချလိုက်သည်။
"ဒါဆို မင်းဘာလို့ဒီလိုပုံစံဖြစ်နေတာလဲ"
ကျန်းရှုယောင် သက်ပြင်းချလိုက်ပြီး အဝေးကို လှမ်းကြည့်ကာဆို၏။
"ပုန်ကန်မဲ့ အတွေးတွေကို ချိုးနှိမ်ဖို့ ကြိုးစားနေတာ"
ဥပမာအားဖြင့် အိမ်ရှေ့စံ ဤအရှေ့နန်းဆောင်အဖွဲ့နှင့်အတူ ရာဇပလ္လင်ပေါ်တွင် လုံခြုံစွာထိုင်နိုင်ပါ၏လော။ အိမ်ရှေ့စံက ဤတစ်ခေါက် လုပ်ကြံခံရလုနီးပါး ဖြစ်သွား၏။ အရှေ့နန်းဆောင်မှ အရာရှိများသည် ၎င်းတို့၏ ပုံမှန်မဟုတ်သော အပြုအမူများကို ဆင်ခြင်သုံးသပ်သင့်ပါသလား။
ဒုတိယနေ့တွင် အရှေ့နန်းဆောင်မှ လူအားလုံးပြန်ခရီးစတင်သောအခါ ကျန်းရှုယောင်၏ "ချစ်ခြင်းမေတ္တာအထုပ်" အောင်မြင်စွာရောက်ရှိလာခဲ့သည်။
ရှဲ့ရွှင်း အထုပ်ကိုလက်ခံရရှိသောအခါတွင် သူ့ကို ဘယ်ကထွက်လာသည်ကို သိသောလူတစ်စုက ဝိုင်းရံထားသည်။
"ဟေ့ အထုပ်က ဘာလို့ ဒီလောက်ကြီးနေတာလဲ... အဲဒါက သစ်သားသေတ္တာထဲက မုန့်ပဲလား"
"ဒါကဆော့စ်ပြွန်ဆိုရင် ဆယ်ပြွန်လောက်ရှိမယ်"
"ဟစ်..."
တစ်စုံတစ်ယောက်က ပင့်သက်ရှိုက်လိုက်သည်။
"မင်းရဲ့ အလားအလာမရှိတဲ့ ပုံစံကို ကြည့်စမ်း"
လင်းချန်က အောင်ပွဲခံစွာပြော၏။
"မင်း ဆော့စ်ပြွန်နဲ့ ဆော့စ်ပုလင်းပဲ သိတယ်..ယ ဆော့စ်ပြွန်ထက် ပိုကောင်းတဲ့ တစ်ခုခုကို မင်း တွေးဖူးသလား"
သူက သူ၏ခေါက်ယပ်တောင်ကို ခါယမ်းလိုက်သည်။ သူက ခေတ်ပြိုင်အကြံပေးတစ်ယောက်လို ချေငံစွာဆို၏။
"ဥပမာ ဆော့စ်အိုး"
အားလုံးက မမြင်ရသည့် ချီးကျူးစကားတွေထုတ်ဖော်ကြသည်။
"အစ်ကိုလင်းက အမြင် ကောင်းလိုက်တာ... အစ်ကိုလင်းက အမြင်ကောင်းလိုက်တာ"
ရှဲ့ရွှင်းက သူတို့ကို ဘေးသို့တွန်းလိုက်သည်။ သူ့မျက်နှာမှာ အေးစက်နေပြီး လျစ်လျူရှုဟန်တို့ပြည့်နေသည်။ သူ့နှလုံးသားထဲတွင်မူ ကောင်ငယ်လေးတစ်ယောက် စိတ်တိုတိုနှင့် ခုန်ပေါက်နေသည်။
အထုပ်ကို စားပွဲပေါ်တင်ပြီး သေသေချာချာဖွင့်လိုက်သောအခါ အထဲမှာ သစ်သားသေတ္တာတစ်ခု ဖြစ်နေ၏။
သစ်သားသေတ္တာ၏သော့ပေါ် သူ့လက်ကိုတင်လိုက်ပြီး လူတိုင်း၏မျက်လုံးတွေက သူ့လက်တွေနောက် လိုက်သွားကြသည်။
ရှဲ့ရွင်း : "...ဒါက ငါ့မိန်းမက ငါ့ကို ပေးလိုက်တာ... ငါ အခုဖွင့်တော့မလို့... မင်းတို့ထွက်သွားရမှာမဟုတ်ဘူးလား"
နေရန်က တကယ်အဆင်မပြေပေ။ အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အခန်းထဲက တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားကြပြီး ရှဲ့ရွှင်းကို စိတ်ဓာတ်ကျနေသောကျောပြင်များ ချန်ထားခဲ့သည်။
ရှဲ့ရွှင်း သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ အပေါ်ဆုံးအလွှာတွင် စာလုံးနှစ်လုံးပါရှိပြီး တစ်ခုမှာ သူ့အတွက်ဖြစ်ပြီး နောက်တစ်ခုက ဇာတ်ကြောင်းအတွက်ဖြစ်သည်။
ရှဲ့ရွှင်းက ပထမဆုံး ကိုယ်ရေးကိုယ်တာစာကို ကောက်ယူပြီး သေချာဖတ်သည်။ ကျန်းရှုယောင် ၏လက်ရေးသည် ရုပ်ဆိုးနေဆဲဖြစ်သော်လည်း ရှဲ့ရွှင်း၏မျက်လုံးများတွင်မူ တကယ်ကို ချစ်စရာကောင်းသည်။ သာမာန်လူတွေလို စာတွေရေးရသည်ကို မကြိုက်ပေမဲ့ သူမတွေးသမျှကို ရေးထား၏။ သူ့ရှေ့မှာ သူမ ခဏရပ်ပြီး စကားပြောနေသကဲ့သို့ စာကိုဖတ်ခဲ့သည်။
ရှဲ့ရွှင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ရက်ပေါင်းများစွာ ပင်ပန်းနွမ်းနယ်မှုကို ဤအခိုက်အတန့်တွင် လုံးဝ ဖယ်ရှားပစ်လိုက်သည်။
ဤသည်က ရှဲ့ရွှင်းအတွက် ချစ်ခြင်းမေတ္တာကို ပထမဆုံး သိကျွမ်းခြင်းဖြစ်ပြီး သူ မလွှဲသာမရှောင်သာ စာကို ထပ်ခါထပ်ခါ ဖတ်ခဲ့သည်။
အခန်းအပြင်မှာ စောင့်နေသည့် လူတစ်စုက စိတ်မရှည်တော့ပေ။
"ဘာလို့ ဒီလောက်ကြာနေတာလဲ"
"ဘာလို့ သွားမကြည့်တာလဲ" တစ်ယောက်ယောက်က အကြံပေးသည်။
သူတို့က ခေါင်းညိတ်ကာ ခေါင်းကို လျှို့ဝှက်စွာပြူကြည့်လိုက်ရာ ရှဲ့ရွှင်းက စာကို ကိုင်ထားပြီး ဂရုတစိုက်ဖတ်နေသည်ကို တွေ့လိုက်ရသည်။ သူက တိမ်များ မိုးရွာသလို ပြုံးနေ၏။ သူ့မျက်လုံးတွေက ကြယ်တွေလို တောက်ပနေပြီး သူ့ပုံမှန် အေးစက်နေသည့် မျက်နှာနဲ့ လုံးဝမတူပေ။
အခုလေးတင်ပဲ သူတို့ သူ့အခန်းထဲကို လူလည်ကျပြီးဝင်ရန် ပြင်းပြင်းထန်ထန် ပြင်ဆင်နေကြပေမဲ့ ယခု အားလုံးက ထိတ်လန့်စွာ တံတွေး မျိုချမိသွားကြသည်။
"ဒါဆို ခုနက ဘယ်သူက သူ့ကို သွားမေးမယ်လို့ပြောတာလဲ"
ရှေ့ဆုံးကလူက ခြေလှမ်းသုံးလှမ်း ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ ဒုတိယနေရာမှာ ရပ်နေသူက ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွား၏။ ထို့နောက် တတိယလူ ထိတ်လန့်ရမည့် အလှည့် ဖြစ်လေသည်...
သူတို့ကို ပေကျင်းမြို့ကို ပြန်ပို့ပေးရန် တာဝန်ရှိသည့် စစ်သူကြီးငယ်လေးသည် တည်းခိုခန်းထဲကို လှမ်းဝင်လာပြီးနောက် စင်္ကြံမှာ စက်ဝိုင်းပုံ့ လှည့်ပတ်နေသော လူတစ်စုကို တွေ့လိုက်ရသည်။
မျက်နှာမှာ နားမလည်နိုင်သောပုံစံဖြင့် သူ့ရင်ဘတ်ကို ကိုင်ထားမိသည်။ ပိုးထည်ဝတ်ထားသည့် မျိုးရိုးမြင့်အုပ်စုက အကုန်လုံး ခွေးတွေနှင့်တူကြသည်။ သူတို့တွေက ဉာဏ်ကောင်းသည့်လူတွေနှင့် ဘယ်လိုမှတူပုံမရပေ။
ရှဲ့ရွင်း ကိုယ်ရေးကိုယ်တာစာကို ဖတ်ပြီးသည်နှင့် ဒုတိယစာကို ကောက်ယူဖတ်သည်။
ဤစာသည် တရားဝင်လုပ်ငန်းအတွက်သာဖြစ်သည်။ ဆော့စ်နှင့်ဝက်ပေါင်ခြောက်အသုံးပြုနည်းကို ရိုးရှင်းစွာ ရှင်းပြထား၏။
ဝက်ပေါင်ခြောက်...
ရှဲ့ရွှင်း စာကိုချ၍ သေတ္တာအောက်ခြေကိုဖွင့်ကြည့်လိုက်ရာ ဖြတ်ထားသောဝက်ပေါင်ခြောက် အထုပ်ကြီးကို တွေ့လိုက်ရသည်။
ဝက်ပေါင်ခြောက်ကို ဆားနယ် ၊ပေါင်းပြီး ကျတ်တိုက်ထားသည်။ ခြောက်သွေ့သည့် နေရာမှာ သိမ်းထားသရွေ့ ခြင်တွေ ယင်ကောင်တွေ ရှိမှာ မဟုတ်ပေ။
ရှဲ့ရွှင်း ခဏမျှ စဉ်းစားလိုက်သည်။ သူက ဆော့စ်ဘူးကို ထုတ်လိုက်ပြီး သစ်သားသေတ္တာကို ပိတ်ပြီး အရိပ်ထဲမှာ ဝှက်ထားလိုက်၏။
လက်ရှိအချိန်မှာ ၎င်းကို အပြင်လူတွေကို မသိစေသည်ကပိုကောင်းသည်။ မဟုတ်လျှင် ဘယ်လိုရယ်စရာကောင်းသည့်အရာများ ထပ်ဖြစ်မလဲဆိုသည်ကို မည်သူသိမည်နည်း။
ဆော့စ်ပုလင်းကို ကိုင်ကာ အခန်းထဲက ထွက်လိုက်သည်။ဝိုင်းကြီးပတ်ပတ်လုပ်နေကြသူတိုင်း ချက်ခြင်း ရပ်သွားကြသည်။
ငုံ့ကြည့်လိုက်ရာ ရှဲ့ရွှင်းလက်ထဲက ပုလင်းကို တွေ့လိုက်ရ၏။ သူတို့က ကျေနပ်သောအမူအရာကို ပြသနေသည်။
လူတစ်စုက ရှဲ့ရွှင်းနောက်ကနေ ရိုးရိုးသားသား လိုက်ကာ အောက်ထပ်သို့ ဆင်းသွားကြသည်။ စစ်သူကြီးငယ်လေးက သူ့ဗိုလ်များနှင့်အတူ ထိုင်နေပြီဖြစ်သည်။ သူတို့အားလုံးဟာ ပေကျင်းမှာကြီးပြင်းလာသည့် မြင့်မြတ်သားတော်တွေနှင့် မတူကြပေ။
"မနက်ဖြန်စောစောထွက်ရအောင်"
စစ်သူကြီးငယ်လေးလျန်လျှိုသည် ပေကျင်းမြို့မှ အနှီအမူထမ်းမျိုးများကို စိတ်မသက်မသာအဖြစ်ဆုံးဖြစ်သည်။
"အချိန်မဆွဲကြနဲ့...ကျုပ်တို့ထွက်သွားတဲ့အချိန် တစ်ယောက်ယောက်က ဒီမှာမရှိရင် ကျုပ်တို့က ဆက်သွားမယ်"
ဤစကားကို ပြောပြီးသည်နှင့် ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ရန် ပြင်ဆင်နေသည့်လူတွေအားလုံး အေးခဲသွားကြသည်။
လျန်လျှို စကားဆုံးသောအခါတွင် ၎င်းတို့ကို လျစ်လျူရှုကာစားပွဲထိုးကို အမိန့်ပေးလိုက်သည်။
"အသားလိုချင်တယ်"
အရှေ့နန်းဆောင်က အားလုံးက တခြားတပ်သားတွေနှင့်မထိုင်နိုင်ပေ။ အဆုံးမှာ လျန်လျှိုနှင့် အတူတူ တစ်စားပွဲတည်းမှာ ထိုင်ရုံသာတတ်နိုင်ခဲ့သည်။
အစားအသောက်ကို စားပွဲအလယ်မှာ ထားလေ့ရှိ၏။ စားပွဲထိုးက အံ့အားသင့်သွားပြီး စတူးပန်းကန်လုံးကြီး အနည်းငယ်ကို ချထားလိုက်သည်။
အသားမစားဘဲ ခြောက်ရက်ကြာပြီးနောက် လျန်လျှို ပျာယာခတ်သွား၏။ စတူးလာနေသည်ကိုမြင်လျှင် တံတွေးမျိုချလိုက်သည်။ သူက အသားများများယူကာ အသားကိုသာစားရန် စဉ်းစားနေသည်။ ကျန်ဟင်းရည်ကို သူ မစားနိုင်ပေ။
သူလုပ်ဆောင်တော့မည်ဖြစ်သော်လည်း
"ငါတို့က အရှင်မင်းသားကိုစောင့်နေကြတုန်းပါ" ဟုသောအသံက သူ့ကိုရပ်တန့်လိုက်သည်။
သူ ထိတ်လန့်သွားသည်။ အိမ်ရှေ့စံမင်းသားက သူ့လက်အောက်ငယ်သားတွေနဲ့ ထမင်းစားချင်နေတာလား...
ဤအချက်ကို သူ မချေဖျက်နိုင်မီ အရှေ့နန်းဆောင်၏ ပိုးမွေးသလိုမွေးခံရသော မြင့်မြတ်သားတော်များက လက်မြှောက်ကာစားပွဲထိုးအား ပြောလိုက်သည်။
"ငါ့ကို ဘန်းမုန့်နှစ်ခုယူခဲ့ပေး"
"ငါလည်း လိုချင်တယ်...အကြီးကြီး သုံးခု ယူလာပေး"
"ငါတို့ကို ခြင်းတစ်ခြင်း ပေး"
လျန်လျှို : ...ဒီမှာ ပိုးမွေးသလိုမွေးထားခံရတဲ့သူက ဘယ်သူလဲ...
Xxxxx