အပိုင်း ၁၁၀
Viewers 16k

Chapter 110
ပေကျင်းသို့ အပြန်


ရှဲ့ရွှင်း မင်းသားကို ဘာမှပြန်မပြောရန်ကလွဲပြီး ရွေးစရာမရှိတော့ပေ။ နောက်ပန်းကန်တစ်လုံးယူကာ ဆန်ပြုတ် သူ့အတွက် လောင်းထည့်ပေးလိုက်၏။

"ဟုတ်ပါတယ်"

အိမ်ရှေ့စံက ပန်းကန်လုံးအား လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ရာ နွေးထွေးမှုက သူ့လက်ဖဝါးထဲသို့ ရောက်ရှိသွားသည်။ သူစကားပြောသည်က ခါတိုင်းထက်စာလျှင် အတော်လေး နှေးနေသည်။

"ကောင်းတယ်...ပေါယွမ် မင်းက အရမ်းကောင်းတာပဲ"

ရှဲ့ရွှင်း နိုးကြားနေသော မင်းသားနှင့် ခပ်ဝေးဝေးတွင် တိတ်တဆိတ်နေပြီး ဘေးတွင်ဆန်ပြုတ်သောက်နေလိုက်သည်။

အားလုံးက ဆန်ပြုတ် သောက်ကြပြီး အိမ်ရှေ့စံမင်းသားက ရုတ်တရက် သတိရသွားပြီးဆိုသည်။ "ဟေး...ခုနက ကိုယ်တော်ဝင်လာတော့ တံခါးဝမှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်ထင်တယ်"

လူတိုင်း ထိတ်လန့်သွားပြီး တံခါးအနီးရှိလူက ထွက် ကြည့်လိုက်ရာ တံခါးအပြင်ဘက်တွင် "စစ်သူကြီးလျန်" ဟူသော အသံကို လူတိုင်းကြားလိုက်ရသည်။

ယဉ်ယဉ်ကျေးကျေး စကားအနည်းငယ်ပြောပြီးနောက် လျန်လျှိုက သူ့နောက်သို့ လိုက်လာသည်။

အားလုံး၏မျက်လုံးတွေကို မြင်လိုက်ရသောအခါ ရှက်ရွံ့ပြီး မျက်နှာကို အောက်စိုက်ထားလိုက်၏။

လင်းချန်က ပန်းကန်ကိုကိုင်ထားပြီး သူလာသည်ကိုမြင်သောအခါ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ဒါနဲ့ အဲဒီမိန်းကလေးအကြောင်းပြောရဦးမယ်... မနက်ဖြန် သူနဲ့မသွားပါရစေနဲ့... ဒီရက်တွေမှာ ငါတို့လမ်းမှာ နောက်ကျနေတာကြာပြီ... ငါတို့ နောက်ရက်အနည်းငယ်အတွင်း အမြန်သွားရမယ်"

လျန်လျှို သူကြားလိုက်သည့် ငိုသံကို တွေးပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

"သခင်လင်း...ခင်ဗျားကို စော်ကားရင်တောင် သူက အားနွဲ့တဲ့ မိန်းမသားမို့လို့ စိတ်ထဲမထားပါနဲ့"

လျန်လျှိုက လူဆိုးမဟုတ်သော်လည်း တစ်သက်လုံးနီးပါး စစ်တန်းလျားတွင် နေခဲ့ပြီး ရက်စက်ယုတ်မာသော နှလုံးသားကို တစ်ခါမျှ မမြင်ဖူးပေ။

လင်းချန်က သူ့ကိုကြည့်ကာ စကားမပြောဘဲ ဆန်ပြုတ်ကို ဖြည်းညှင်းစွာ စုပ်သောက် လိုက်သည်။ သူ့ပါးစပ်ထဲမှာ ဆန်တွေ အရည်ပျော်သွားအောင် လျှာနှင့် ညင်သာစွာ ပွတ်ပေးလိုက်၏။ ချိုမြိန်သော ဆန်မွှေးရနံ့က သူ့လျှာဖျားတွင် စွဲနေပြီး ဗိုက်ကို ပူနွေးစေသည်။ သူ အလွန် သက်တောင့်သက်သာခံစားရ၏။

"အားရှ်...."
သူက သက်ပြင်းချလိုက်ပြီး
"အရမ်းမွှေးတာပဲ"

လျန်လျှို တံတွေးမျိုချလိုက်ပြီး သူ့မျက်နှာကို မြေကြီးထိမတတ်ငုံ့လိုက်သည်။

သည်မှာ ဘယ်သူမှ သူ့ကို ဂရုမစိုက်ပေ။လျန်လျှို သည်းမခံနိုင်တော့ဘဲ ထွက်သွားတော့မည်ပြုလိုက်သည်။

ရှဲ့ရွှင်းက သူ့ကို တားလိုက်ပြီးဆို၏။

"စစ်သူကြီးလျန်... ဒီမှာ ပန်းကန်တစ်ဝက်ကျော်ရှိတယ်...မင်းလိုချင်လား"

လျန်လျှို ခဏမျှ တုံ့ဆိုင်းသွားသော်လည်း လက်ဆန့်ပြီး ဆန်ပြုတ်ပန်းကန်ကို ယူလိုက်သည်။

ပန်းကန်ကို ယူလိုက်သည်နှင့် ရုတ်တရက် ရှဲ့ရွှင်း ကို တွေးလိုက်မိသည်။ မိန်းမပျိုက လွန်ခဲ့သော ရက်အနည်းငယ်က သူ့ကို နှောင့်ယှက်နေခဲ့သည်။ ခုနက သူပြောခဲ့သည်ကို တွေးရင်း မျက်နှာနီရဲသွား၏။ ကျေးဇူးတင်စကား ပြောပြီးနောက် ပန်းကန်ကို ကိုင်ကာ အခန်းထဲသို့ မှုန်ကုပ်ကုပ် ၀င်သွားသည်။ မီးဖိုချောင်ထဲမှာ နေရသည်ကို ရှက်မိ၏။

သခင်ရှဲ့က အလွန်နူးညံ့သိမ်မွေ့သည်။ မိန်းမပျိုကို မောင်းထုတ်ရန် တွေးနိုင်လောက်အောင်ထိ လွန်ကဲစွာ စော်ကားခံခဲ့ရခြင်း ဖြစ်မည်။

ဆန်ပြုတ်၏ရနံ့က သူ့နှာခေါင်းပေါက်ထဲသို့ စိမ့်ဝင်နေ၏။ သူ မထိန်းနိုင်ဘဲ ထောင့်တစ်ဝိုက်တွင် ရပ်ကာ ဆန်ပြုတ်သောက်လိုက်သည်။

မုန့်ခြောက်ကို ရက်အတော်ကြာ စားသုံးပြီးနောက် မွှေးကြိုင်ပြီး ပျစ်ခဲသောဆန်ပြုတ်တစ်လုတ်ကို သောက်လိုက်သောအခါ တုန်လှုပ်သွားရသည်။

ကျန်းရှုယောင်၏ ဝက်ပေါင်ခြောက်က သိပ်ကြာရှည်စွဲမကျန်ပါချေ။ ဝက်ပေါင်ခြောက်နှင့်နှိုင်းစာလျှင် ဝက်သားနှပ်နှင့် ပိုတူ၏။ဆန်ပြုတ်နှင့် ချက်လျှင်နေသာသာ သူချည်းစားလျှင်ပင် မငန်လွန်းပါချေ။ ဆန်က ဆီကိုစုပ်ယူနိုင်ပြီး အရသာက နူးညံ့ပြီး ​စေးကပ်သည်။ရနံ့က အစေ့အဆန်တစ်ခုစီသို့ စိမ့်ဝင်နေသည်။ မွှေးပျံ့သောဆန်ရနံ့သည် အဆီနှင့် ပါးလွှာသောအသားအတွက် နောက်ဆုံးအဆီအနှစ်ကို ဖယ်ရှားပေးသည်။ ၎င်းသည် အနံ့မွှေးပြီး အရသာရှိသည်။ ချိုမြိန်ပြီး လန်းဆန်းစေမဲ့ အရသာလည်း ရှိသေး၏။

သက်တောင့်သက်သာရှိစွာ သက်ပြင်းချကာ ပန်းကန်ကို သေသေချာချာကိုင်၍ ဖြည်းဖြည်းချင်း မြည်းစမ်းရအောင် သူ့အခန်းထဲ ပြန်သွားရန် ပြင်ဆင်လိုက်သည်။

သူ မိန်းမပျို၏အခန်းနားက ဖြတ်သွားသည့်အခါ အသံကြားပြီး မိန်းမပျိုက ပြေးထွက်လာ၏။ သူမက မျက်နှာမှာ မျက်ရည်တွေခိုတွဲနေဆဲဖြစ်ကာ သူမခေါင်းနှင့် သူ့ကိုတိုက်လိုက်သည်။

ဆန်ပြုတ် ပန်းကန်လုံးတစ်ဝက်က သူ့လက်မှ လွင့်ပျံသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

မိန်းမပျိုက ထိတ်လန့်တုန်လှုပ်သွားပြီး ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့ကို ကြေကွဲဝမ်းနည်းစွာဖြင့်ကြည့်ကာဆို၏။

"စစ်သူကြီးလျန်..."

အဖွဲ့ထဲတွင် လျန်လျှိုက အရည်မွန်ဆုံးလူဖြစ်သည်။ ကြမ်းတမ်းသည့်ပုံပေါက်ပေမဲ့ တကယ်ကို နူးညံ့သည့်နှလုံးသားရှိ၏။ စစ်တန်းလျားကထွက်လာသော ယောက်ျားတွေက သနားစရာအကောင်းဆုံးဟု လူတွေပြောလေ့ရှိသည်ကို သူမကြားဖူးသည်...

၎င်းကို တွေးပြီး သူမ အနည်းငယ် စိတ်ကြီးဝင်သွားကာ သူမမျက်နှာပေါ်က အမူအရာက ပိုဝမ်းနည်းလာသည်။ မျက်ရည်စက်များသည်သူမ၏ မျက်တောင်များပေါ်တွင်စီးကျနေသဖြင့် သူမကို သနားစရာကောင်းပုံပေါ်စေသည်။

သူမ စငိုတော့မည်။

လျန်လျှိုက မရှိတော့သော ပန်းကန်လုံးအား ကိုင်ထားကာ မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော ဆန်ပြုတ်ကို တစ်ချက်မှမလှုပ်ဘဲ တောင့်တောင့်ကြီး စိုက်ကြည့်နေသည်။

ထို့နောက်မိန်းမပျိုကို သူလှည့်ကြည့်လိုက်သည်။

မိန်းမပျိုလေး ဝမ်းသာသွား၏။ မြန်မြန်လာ...ဘာလို့ငိုနေတာလဲလို့ မေးပါ...

ပြီးလျှင် သူမက တိုင်ပြောလိုက်မည်။ ဤစစ်သူကြီးသည့် အမှုထမ်းအုပ်စုနှင့် မဆက်ဆံနိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။သူက သူမအပေါ် တရားမျှတလိမ့်မည်...

ထို့နောက် လျန်လျှို၏ဟောက်သံကို သူမကြားလိုက်ရသည်။

"ကျသွားပြီ...မင်းကြောင့်မှောက်ကျသွားပြီကွ"

လျန်လျှို၏ အသံက မိန်းမပျိုကို ထိတ်လန့်သွားစေသည်။ သူမ၏အမူအရာကို မထိန်းနိုင်ဘဲ ထိတ်လန့်တကြားဖြင့် အခန်းထဲတွင် ဝင်ပုန်းနေလိုက်သည်။

​နောက်​တစ်​​နေ့တွင်​ သူမ ဖီးလိမ်းသန့်စင်ပြီး အိပ်​ရာထ​သောအခါ နေမ​ထွက်သေးပေ။ မနက်စာ ပူပူနွေးနွေး စားရန် အောက်ထပ်ကို ဆင်းခါနီးမှာ သူမအစေခံက တံခါးကို တွန်းဖွင့်ပြီးဆိုလာသည်။

"သခင်မလေ...မကောင်းတော့ဘူး...စစ်သူကြီးတောင် ထွက်သွားပြီ"

မိန်းမပျိုလေး ဆတ်ခနဲ ထရပ်လိုက်သည်။ သူမ၏ ဝတ်ရုံလက်များက လက်ဖက်ရည်ခွက်ကို တိုက်ချလိုက်ပြီး သူမ၏အဝတ်အစားများ စိုစွတ်သွားလေသည်။

သူမ အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ မနေ့ညက လူစည်ကားခဲ့သော ဧည့်ခန်းက ယခုအခါ ဗလာဖြစ်နေသည်။

"ဘယ်သွားကြတာလဲ"

သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။သူမ၏ စူးရှသောအသံက တည်းခိုခန်းရှိ တိတ်ဆိတ်သော နံနက်ခင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။

သူတို့ ဘယ်သွားကြတာလဲ...ဟုတ်ပါတယ် သူတို့သွားပြီ...

လျန်လျှိုတစ်ယောက် နက်မှောင်သောအရှိန်အဝါဖြင့် အုပ်စု၏ရှေ့ဆုံးမှ လျှောက်နေသည်။ တစ်သူမနက်လုံး မုန့်မစားသလို ရေလည်းမသောက်ခဲ့ပေ။ကြည့်လိုက်သည်နှင့် သူက ကြောက်စရာကောင်းနေပုံရသည်။ သူ့ဗိုလ်တွေက သူ့ကို ရှောင်ပြေးပြီး အဖွဲ့၏အနောက်ဘက်မှာ နေခဲ့သည်။

မွန်းတည့်အချိန်၌ လူတိုင်း အနားယူရန် ရပ်တန့်လိုက်သောအခါမှသာ မှားယွင်းနေပုံပေါ်သော အရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။

လင်းချန် အစာခြောက်ကို တစ်တိတိစားပြီး ပတ်ပတ်လည်ကို ကြည့်ကာဆိုလိုက်၏။

"ဟေး ငါတို့အမြီး ပျောက်သွားပုံပဲ"

အားလုံးက အဖွဲ့နောက်ကို လှမ်းကြည့်လိုက်သောအခါ မိန်းမပျို၏ ရထားလုံးကို မတွေ့ကြရပေ။

လင်းချန် မနေ့ညက လျန်လျှိုက မိန်းမပျိုအား ခုခံကာကွယ်နေသည်ဟု ထင်ခဲ့သည်။ သူ ဘာဖြစ်သွားတာလဲဟု တွေးမိ၏။

သူ သူ့အိမ်လုပ်အသားများကို တစ်တိတိကိုက်စားရင်း လျန်လျှိုအနားသို့ လှည့်ပတ်သွားခဲ့သည်။

"စစ်သူကြီး"

လျန်လျှိုက သစ်ပင်၏ ပင်စည်ကို မှီ၍ ခြောက်သွေ့နေသော ဘန်းမုန့်များကို မှုန်ကုတ်ကုတ် ကိုက်နေသည်။အသံကိုကြားသောအခါ သူက မျက်လုံးပင့်ပြီး လင်းချန်ကို စိုက်ကြည့်လိုက်၏။ သူ့လေသံက သိပ်မကောင်းပေ။

"သခင်လင်း"

"အဲဒီမိန်းကလေး ဘယ်မှာလဲ"

လင်းချန်က မေးလိုက်သည်။

"ဘာလို့ သူ့ရထားလုံးကို မတွေ့ရတာလဲ"

လျန်လျှိုက ဘန်းမုန့်ခြောက်ကို ကိုက်လိုက်ပြီး အလွန်ကို ရိုးစင်းသောလေသံဖြင့်ဆို၏။

"အိုး...ကျုပ် သူ့ကို ခေါ်ဖို့ မေ့နေတယ်"

လင်းချန် နှုတ်ခမ်းလှုပ်သွားသည်။ ဒီကောင်က လိမ်ပြောရင် အတုအယောင်ဆန်လွန်းတယ်...
သူတို့ကြားမှာ ဘယ်လိုအငြင်းအခုံတွေဖြစ်ပါစေ၊ လင်းချန် ဂရုမစိုက်ပေ။

"ကောင်းပြီ စစ်သူကြီးလျန်က တကယ်ကို ဂရုမစိုက်ဘူးပဲ... မသိရင် သူက စစ်သူကြီးလျန်ကို စော်ကားခဲ့တယ်လို့ ထင်မိမှာ"

ဤသည်က လျန်လျှို၏ နှလုံးသားထဲက ဆူးပင်။ သင်မစားနိုင်သောအရာသည် အရသာအရှိဆုံးဖြစ်သည်။ မနေ့ညက ခြောက်နာရီဆက်တိုက် တုံးလုံးလဲဲပြီး သူ ဆာလောင်မှုကြောင့် အိပ်မပျော်ပေ။

အထူးသဖြင့် အခု သူဗိုက်ဆာပြီး မုန့်ခြောက်တွေပဲ စားနိုင်သည့်အခါ မနေ့ညက ပူနွေးမွှေးပျံ့သည့် ဆန်ပြုတ်ကို သတိရသွား၏။ သူက ပို၍ပင်စားချင်လာသည်။

လင်းချန်၏ နှလုံးသားသည် သေးငယ်သည်။လျန်လျှိုစားချင်နေကြောင်း သူသိသော်လည်း သူ ထွက်ခွာမသွားပေ။ သူ့ဘေးမှာထိုင်ပြီး ဆတ်တောက်ဆတ်တောက်ဖြင့် မြိန်ရေရှက်ရေ ဝါးသည်။

နီးကပ်လာသည်နှင့်အမျှ အသားနံ့က ပိုပြင်းလာသည်။

လင်းချန်က သူ့ကို စိတ်အားထက်သန်စွာ ပြောနေတုန်းပင်။

"စစ်သူကြီး... မြို့တော်ကို ရောက်လာပြီး ရက်အနည်းငယ်လောက် အနားယူနိုင်တာ ရှားပါတယ်...မင်း အနားယူဖို့ နေရာရှာပြီးပြီလား...ဒီရက်တွေက ခက်ခဲတယ်... မင်း နောက်ထပ် ရက်အနည်းငယ် အနားယူသင့်တယ်...ငါတို့မြို့တော်ရဲ့ အရသာတွေ ငါကြွားဝါတာမဟုတ်ဘူး...ပေကျင်းမှာ တခြားအရာတွေအကြောင်း မပြောပါရစေနဲ့...ဒါပေမဲ့ အစားအသောက်က အရမ်းကောင်းတယ်"

လျန်လျှို စိတ်မသက်မသာဆုံးက မြို့တော်ကလူများသည် သူတို့ကို(စစ်သူကြီး)အစားကောင်းအသောက်ကောင်းမစားဖူးသလို ဆက်ဆံနေခြင်းကိုပင်။

"စိတ်မပူပါနဲ့ သခင်လင်း... ကျုပ်တစ်ရက်နှစ်ရက်ပြီးမှ ပြန်မှာပါ"

သူ့ကိုအံအားသင့်စေသည်မှာ လင်းချန်က ငြင်းဆိုခြင်းမရှိဘဲ အလွန်စိတ်ပျက်စရာကောင်းသော အပြုံးကိုပြသခဲ့သည်။

"တကယ်လား...စစ်သူကြီးလျန် မင်းရဲ့စကားတွေကို မှတ်မိလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

သူကပြောပြီးသည်နှင့် မတ်တပ်ရပ်လိုက်ပြီး သူ့အဝတ်ပေါ်တွင် ဖုန်မှုန့်များကို ပွတ်သပ်ကာ ကယိမ်းကယိုင် ထွက်သွားလေသည်။

လျန်လျှို သူ၏အဝတ်များထဲသို့ မုန့်များကိုထည့်ကာ ဖုန်မှုန့်များကို သူ့ဝတ်လက်များနှင့် ခါထုတ်ပြီး သူ့နောက်ကျောကိုကြည့်ရင်း အံကြိတ်လိုက်သည်။ သူက ဘာကို ဂုဏ်ယူနေတာလဲ...

ကျန်းရှုယောင်၏ "မိသားစု" အနေဖြင့် လင်းချန်သည် အခြားသူများ သူမ၏ လက်ရာကို မေးခွန်းထုတ်နေမှုများကို နားမထောင်နိုင်ပေ။ လျန်လျှို ပေကျင်းသို့ ဝင်လာမည်ကိုပဲ စောင့်မျှော်ခဲ့ပြီး အလုပ်မှ ခွင့်ယူရလျှင်ပင် ပြက်လုံးများ ကြည့်ရန် သူ့နောက်သို့ လိုက်သွားမည်ဖြစ်သည်။

နောက်ပိုင်းမှာ သူတို့ တစ်ယောက်နှင့်တစ်ယောက်
တစောင်းစေးနှင့်မျက်ချေးဖြစ်နေသည်မှာ ရက်အနည်းငယ်ကြာသွား၏။ မြို့တော်ကို ရောက်ခါနီးမှာ သူတို့အဖွဲ့ အရှိန် တန့်သွားသည်။

မည်းမှောင်နေသော ရာသီဥတုကို ကြည့်လိုက်ပြီး လျန်လျှိုက ခေါင်းခါပြီးဆို၏။

"မိုးရွာတော့မယ်...ဒီည တည်းခိုခန်းမှာ နေကြရအောင်"

လင်းချန်က သူ့ကို ရန်စချင်ပေမဲ့ ဆိုးရွားသည့် ရာသီဥတုကို တွေ့သဖြင့် သဘောတူလိုက်ရသည်။

သို့သော် တည်းခိုခန်းသို့ မရောက်မီတွင် လျှပ်စီးလက် မိုးကြိုးပစ်ကာ ပြင်းထန်သော မုန်တိုင်းကလိုက်ပါလာပြီး မိုးသည်းထန်စွာ ရွာချခဲ့သည်။

ခရီးသွားနေစဥ် မိုးရွာသည်က အဆိုးဆုံးပါပင်။

သူတို့တစ်ကိုယ်လုံးပေါ် မိုးတွေ တဖွဲဖွဲကျလာပြီး မျက်လုံးရှေ့မှာ မိုးကန့်ကန့်ကာထူထူ ခင်းထားသည်။ လမ်းပင် မမြင်ရပေ။

လျန်လျှို စစ်မြေပြင်တွင် နေခဲ့သူဖြစ်ပြီး အန္တရာယ်အတွက် ပင်ကိုယ်အသိစိတ်ရှိသူဖြစ်သည်။ သူ လင်းချန်နှင့် အခြားသူများ ၎င်းတို့၏မြင်းများကို အရှိန်မြှင့်ကာ တည်းခိုခန်းဆီသို့ အလျင်အမြန်သွားသည်ကို့ကြည့်ကာ တားလိုက်သည်။

လင်းချန် သူ့ကို အာရုံမစိုက်ဘဲ သူတို့ကို မိုးမိအောင်လုပ်သည့်အတွက် ကြိမ်းမောင်းချင်သော်လည်း လျန်လျှိုက အလေးအနက်ဖြစ်နေ ကြောင်းကို မြင်သောအခါ ပါးစပ်ပိတ်ကာ ပတ်ပတ်လည်ကို သတိကြီးစွာကြည့်မိသည်။

ပြင်းထန်သောမုန်တိုင်းအောက်တွင် အိမ်ရှေ့စံမင်းသား၏ရထားလုံးသည်လည်း နစ်မြုပ်သွားခဲ့သည်။

သူက သစ်သားသေတ္တာကို ကူရှင်နှင့် ဖုံးပြီး "ငါတို့ ရေစိုခံလို့ရဘူး"ဟု ရေရွတ်၏။

သူစကားပြောပြီးသည်နှင့် စူးရှသောအူသံတစ်ခုသည် ကောင်းကင်ယံတွင် ဖြတ်သွားကာ ဓားခုတ်သံများကနောက်ကအတူ လိုက်ပါလာခဲ့သည်။ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူတစ်စုသည် တောင်နောက်မှ ထွက်လာပြီး အိမ်ရှေ့စံမင်းသားဆီသို့ ပြေးသွားကြသည်။

လူသတ်ရန် ရည်ရွယ်ချက်က ပြင်းထန်ပြီး မိုးသံက ဓားသွားချင်းတိုက်သံ ဖုံးလွှမ်းသွားသည်။ အိမ်ရှေ့စံမင်းသားက ကန့်လန့်ကာကို မလိုက်ပြီး ဟောက်လိုက်၏။

"မင်းရူးနေသလား...ဒီလိုမိုးသည်းကြီးထဲ လူတွေကို လိုက်သတ်နေတာလား"

မိုးက နှစ်ဘက်လုံးမှာ စိုစွတ်နေသည်။ လုပ်ကြံသူတွေက သူတို့က သူတို့ထက် အခြေအနေ ပိုကောင်းတယ်လို့ ထင်နေတာလား...

သူထွက်လာသည်နှင့် ရထားလုံးကိုစောင့်နေသည့် ရှဲ့ရွှင်းက မြင်းကို မောင်းလာသည်။သူက လက်ကိုမြှောက်ပြီး အိမ်ရှေ့စံ၏ ခေါင်းကိုပြန်ဖိသွင်းလိုက်၏။

"အရှင်မင်းသား အထဲမှာ နေပါဦး"

အိမ်ရှေ့စံ အံကြိတ်ကာဆိုလေသည်။

"အရင်တစ်ခေါက်ကလည်းသူတို့ပဲ"

ဆော့စ်ကို ဆုံးရှုံးရသည့် ဝေဒနာကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ပါချေ။

ရှဲ့ရွှင်း သူ့ဓားကိုဆွဲထုတ်ကာ ငြိမ်သက်သွားပြီး "အဲဒါ သူတို့မဟုတ်ဘူး" ဟု လေးနက်စွာပြောလိုက်သည်။

မိုးသည်းထန်စွာရွာသွန်းနေသည်က မြှားများကို ၎င်းတို့၏ဦးခေါင်းများနှင့် လွဲချော်စေသော်လည်း လုပ်ကြံသတ်ဖြတ်သူများသည် မြှားများကို ဆက်လက်ပစ်ခတ်ဆဲဖြစ်သည်။မည့်သူကိုပဲ သူတို့ ပစ်နေပါစေ၊ တားရန် ရည်ရွယ်ချက်မရှိပါချေ။

လျန်လျှို၏လူများက လုပ်ကြံသတ်ဖြတ်သူကို အပြင်ဘက်အဝိုင်းတွင် ဟန့်တားလိုက်သော်လည်း ပြိုင်ဘက်က တိုက်ပွဲတွင် စည်းကမ်းမရှိပေ။ သူတို့ကို ပြန်တွန်းလှန်ရန် အသက်ကိုမနှမျောဘဲ တိုက်ခိုက်နေသည်မှာ အရှင်းကြီးဖြစ်၏။

လျန်လျှို တစ်ခုခုမှားနေသည်ဟု ခံစားရပေမဲ့ မိုးသည်းထန်စွာရွာသွန်းနေသည်က သူ့အတွေးတွေကို အနှောင့်အယှက်ဖြစ်စေသည်။ သူ နားမလည်နိုင်ပေမဲ့ ခက်ခက်ခဲခဲ စဉ်းစားရင်း ရန်သူကို သတ်ပစ်လိုက်၏။

ရုတ်​တရက်​ သူ့နားထဲသို့ ​လေထုကိုဖြိုခွင်းလာသော အသံ​တိုးတိုးတစ်​ခုဝင်လာသည်။ သူသည် ခုခံရန် ဓားကို မြှောက်လိုက်သော်လည်း သူ့နံဘေးရှိ ဓားမှ အလင်းရောင်တစ်ခု လင်းလက်လာသည်။ မြှားကို မြင်းစီးလာသူက ပိတ်ဆို့ထားသည်။

ရှဲ့ရွှင်းကဆိုသည်။

"ငါတို့နောက်ဆုတ်လို့မရတော့ဘူး...သူတို့က ငါတို့ကို ချိုင့်ထဲကို အတင်းတွန်းပို့ချင်နေတာ"

လျန်လျှိ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ၎င်းတို့နောက် ချိုင့်ဝှမ်းတစ်ခု၏ထိပ်တွင် ကြီးမားသောကျောက်တုံးကြီးတစ်ခုရှိနေပုံရပြီး အချိန်မရွေး တွန်းချနိုင်သည်ကို တွေ့လိုက်ရသည်။

သူအော်ဟစ်ပြီး စစ်သည်များကို အမိန့်ပေးလိုက်သည်။ စစ်သည်များက တညီတညွတ်တည်း တုံ့ပြန်ကြပြီး ၎င်းတို့၏ ဗျူဟာများကို ပြောင်းလဲကာ ရန်သူကို သတ်ရန် အတူတကွ ရှေ့သို့ ချီတက်ခဲ့ကြသည်။

ထိုအချိန်တွင် ကောင်းကင်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မြေကြီးလည်း တုန်ခါသွားသည်။ ဤကြောက်စရာကောင်းသော အသံနှင့်အတူ အနောက်မှ ကျောက်တုံးကြီးများသည် အုပ်စုလိုက် ပြိုကျသွားသည်။

*

မြူဆိုင်းနေသော ကောင်းကင်ကြီးကို ကြည့်ရင်း ကျန်းရှုယောင် ပြောမပြနိုင်သော စိုးရိမ်ပူပန်မှုကို ခံစားခဲ့ရသည်။

ကျိုးရှီက သူမပုခုံးပေါ်လက်တင်လိုက်ပြီးဆိုသည်။

"နင်ဘာတွေတွေးနေတာလဲ"

သူမ အသိပြန်ဝင်လာကာ ခေါင်းခါလိုက်၏။
"ဘာမှမဟုတ်ပါဘူး"

"ရာသီဥတုက နင်ပြောင်းမယ်လို့ မထင်မိခင်မှာ ပြောင်းသွားလိမ့်မယ် ...အအေးမိတာမဖြစ်ရအောင် အဝတ်တစ်ထည်ထပ်ဝတ်ဖို့ မမေ့ပါနဲ့"

ကျန်းရှုယောင် ခေါင်းညိတ်ပြပြီး ကျိုးရှီနှင့် စီးပွားရေးကိစ္စများကို ဆက်လက်ဆွေးနွေးခဲ့သည်။

တစ်စုံတစ်ခုအကြောင်းပြောနေကြချိန်မှာ ရှုရှီက  အပြင်ကနေ ပြေးဝင်လာပြီး သူမကို လိုက်မမီနိုင်သည့် အစေခံတစ်ဖွဲ့ကနောက်က ပါလာ၏။


Xxxxx