အပိုင်း ၁၁၉
Viewers 16k

Chapter 119
:ဆောင်းဦးအမဲလိုက်ခြင်း



အပူကျစပြုကတည်းက ဧကရာဇ်က နန်းတော်အပြင်သို့ထွက် ဆော့ကစားချင်သည်။ရာသီဥတုက တဖြည်းဖြည်းအေးလာသည်နှင့်အမျှ ဧကရာဇ်က နေ့တိုင်း ကောင်းကင်ကို မော့ကြည့်ပြီး နန်းတော်ထဲမှာ တကယ်မထိုင်နိုင်ဘူးဟု မိန့်တော်မူနေသည်။ သူက တော်ဝင်အမဲလိုက်ကွင်းတွင် အမဲလိုက်ရန် လူတစ်စုကို နန်းတော်မှ ခေါ်ထုတ်ခဲ့သည်။

သဘာဝအတိုင်း လူတို့သည် ကောင်းကင်ဘုံ၏ချီးမြောက်ခံရသော မိသားစု၏ အလိုဆန္ဒနှင့်အညီ လိုက်ပါရပေမည်။တော်ဝင်ကိုယ်လုပ်တော်များအပြင် ဝန်ကြီးများ၏ မိသားစုဝင်များကလည်း အမဲလိုက်ခြင်းကို လိုက်ပါသင့်သည်။

ကျန်းရှုယောင် သတင်းကြားရသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။ ဧကရာဇ်နှင့် ဝန်ကြီးများအတွက်မူ အမဲလိုက်ကွင်းသို့ သွားခြင်းသည် အမဲလိုက်ခြင်းအတွက်မှန်း ထင်ရှားသည်။သို့ရာတွင် သူမအတွက်ကမူ အမဲလိုက်ကွင်းကို သွားရသည်က ဆောင်းဦးခရီးလိုပါပင်။

သူမသတင်းရရှိပြီးကတည်းက ရိက္ခာများကို စတင်ပြင်ဆင်ခဲ့ပြီး ခရီးစဥ်နေ့တွင် သူမ၏ပစ္စည်းများကို သေတ္တာကြီးတစ်ခုထဲတွင် စုပုံထားခဲ့သည်။

ရှဲ့ရွှင်း၏ဒဏ်ရာက ပြန်လည်ကောင်းမွန်လာပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က ပတ်တီးကို ဖယ်ရှားပြီးနောက် အနားယူရန် မလိုအပ်တော့ပေ။

သူက ခြံဝင်းထဲကနေ ဝင်လာပြီး ကျန်းရှုယောင်၏ သေတ္တာကြီးကြီးကို ကြည့်ပြီး ခေါင်းကိုက်နေသည်။

"ဘယ်လောက်တောင် ပြင်ဆင်ထားတာလဲ"

ကျန်းရှုယောင်က သူ့ကိုမြင်ပြီး သူမနဖူးကို ရိုက်ကာဆို၏။

"အိုး...ရှင့်ရဲ့ ခရီးဆောင်အိတ် ပြင်ဆင်ဖို့ မေ့နေတယ်"

ရှဲ့ရွှင်း ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"မလိုဘူး...ငါ့ဒဏ်ရာက သိပ်မကောင်းဘူး...အမဲလိုက်ဖို့ မသင့်တော်ဘူး...ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားရုံပဲ... အဝတ်အစားနည်းနည်းယူသွားရင် လုံလောက်တယ်...တခြားဘာမှ မလိုဘူး"

ရှဲ့ရွှင်းက ဒဏ်ရာရလူနာဖြစ်သောကြောင့် ကျန်းရှုယောင် သူ့ကို တင်းတင်းကြပ်ကြပ် ဂရုစိုက်သင့်ကြောင်းကို လူတိုင်းနားလည်သည်။ သူမ နောက်တစ်လှမ်းပြန်ဆုတ်ပြီး ရှဲ့ရွှင်း၏ ခရီးဆောင်အိတ်အတွက် နေရာချန်ထားခဲ့သင့်သည်။

သို့ပေမဲ့ ရှဲ့ရွှင်က ထိုသို့ပြောလာသောအခါသူမပြင်ဆင်ထားသည့် ပစ္စည်းတွေနှင့်ခွဲခွာရန် တကယ်ကို ဝန်လေးနေသောကြောင့် သူမ ငုံ့ကာပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်...စိတ်မပူပါနဲ့ကျွန်မယူလာသမျှ အကုန်သုံးလို့ရတယ်...ရှင်အပြင်ထွက် အမဲလိုက်ရင် ကျွန်မကရှင့်အခန်းထဲမှာ ရှင့်ကိုစောင့်နေမယ်...ရှင်ပြန်လာတဲ့အခါ ကျွန်မက အစားအသောက်နဲ့စောင့်နေမယ် ...အဲအခါ ရှင်ကောင်းကောင်းနေနိုင်ပြီ"

ရှဲ့ရွှင်းက သူမကို ငုံ့ကြည့်ကာ ဘာမှ မပြော။သူက သူ့ညာလက်ကိုပဲ လှုပ်ရှားနေပြီး ဘယ်လက်က ရင်ဘတ်ဒဏ်ရာကို ဖုံးအုပ်ထားဆဲဖြစ်ကာ လူနာကို အနိုင်ကျင့်သည်က မဖြစ်သင့်ဘူးဟု သူမ နားလည်အောင် ကြိုးစားနေသလိုမျိုး အေးစက်စက်နှင့် သူမကို ငုံ့ကြည့်နေ၏။

ကျန်းရှုယောင် ရှဲ့ရွှင်း၏ စိတ်နေသဘောထားကို သိသည်။ သူက အေးစက်နေပုံရပေမဲ့ ထိုအတွက်သူမကို အပြစ်တင်လိမ့်မည်မဟုတ်ပေ။ သို့တိုင် သူမ အနည်းငယ် အပြစ်ရှိသလိုခံစားရဆဲပါပင်။

သူမ ခြေဖျားထောက်ကာ ရှေ့ကိုတိုး၍ သူ့ကို နမ်းလိုက်သည်။

ရှဲ့ရွှင်း ၎င်းကို မမျှော်လင့်ထားပါချေ။ အံ့သြမှုကြောင့် သူ့မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

ကျန်းရှုယောင်က ပြုံးပြီးပြော၏။
"ရှင်က အရမ်းကြင်နာတတ်တာပဲ"

ရှဲ့ရွှင်းက သူမ၏ ခရီးဆောင်အိတ်ကို နေရာပေးရုံမျှသာဖြစ်ပြီး သူဘာမှလုပ်လိုက်သည်ဟု မခံစားရပေ။ သူမ သူ့ကို ချီးကျူးပြီး လေးနက်စွာ
ကျေးဇူးတင်စကားဆိုသည်က သူ့ကို စိတ်ရှုပ်ထွေးစေပြီး အနည်းငယ် ဂုဏ်ယူမိသွားစေ သည်။

ကျန်းရှုယောင်က သူ့ကိုနမ်းပြီးနောက် ခရီးဆောင်အိတ်ကို သပ်ရပ်အောင် ပြန်လုပ်နေခဲ့သည်။ ရှဲ့ရွှင်းက သူ့ရင်ဘတ်ကို ကိုင်ထားရင်း သူမနောက်မှာ ရပ်နေခဲ့သည်။

ကျန်းရှုယောင် ဘယ်ဘက်သို့ လျှောက်သွားလျှင် သူလည်း ဘယ်ဘက်ကို လျှောက်သွားကာ ကျန်းရှုယောင် ညာဘက်သို့ လျှောက်သွားလျှင် သူလည်း ညာဘက်ကို လျှောက်သွားခဲ့သည်။

ထိုသို့သော ကြီးကောင်ကြီးမားက သူမနောက်တွင်ရပ်နေသဖြင့် ကျန်းရှုယောင် သူမလုပ်နေသမျှကို အာရုံစိုက်ရန် ခဲယဉ်းလှသည်။

ရှဲ့ရွှင်းကို သူမလှည့်ကြည့်လိုက်၏။ ရှဲ့ရွှင်းက သူ မည်သည့်​ချီးမွမ်းထိုက်သော လုပ်ရပ်လုပ်ထားသည်ကို ပြင်းပြင်းထန်ထန် တွေးနေမိသည်။ သူမ၏ လုပ်ရပ်ကြောင့် သူလန့်ဖျပ်သွားပြီး နှုတ်ကထွက်မိလိုက်သည်။ "ကျေးဇူးမတင်ပါနဲ့"

ကျန်းရှုယောင်က သူ့ကို ပြုံးပြပြီး ခေါင်းညိတ်ကာ လှည့်၍ ဆက်လက် ရှင်းလင်းရေး လုပ်နေလိုက်သည်။

ရှဲ့ရွှင်းက ဆက်ပြီး မတ်တပ်ရပ်နေဆဲဖြစ်သည်။

ကျန်းရှုယောင် အနည်းငယ် ထူးဆန်းသည်ဟု ထင်ကာမေးလိုက်၏။

"ဘာကိစ္စရှိလဲ"

ရှဲ့ရွှင်း တစ်ခုခုပြောချင်ပေမဲ့ ရပ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေကို တင်းတင်းကြပ်ကြပ် ဖိလိုက်သည်။

အများအားဖြင့် သူက သူများကိုကြည့်သောအခါ သူ့မျက်လုံးများသည် အလွန်မာနထောင်လွှားသည့် ခံစားချက်မျိုးရှိ၏။ ယခုမူ သူ၏အမူအရာမှာ အေးစက်နေပြီး သီးသန့်ဆန်နေသေးသော်လည်း သူ့မျက်လုံးများက တစ်စုံတစ်ရာကို မျှော်လင့်နေသကဲ့သို့ ယခင်ကထက် ပိုမိုကြည်လင်ပြတ်သားနေသည်။

သူက ခဏတုံ့ဆိုင်းနေပြီးဆိုသည်။

"...ငါအဝတ်အစားနည်းနည်းယူသွားစရာ မလိုတော့ဘူး...မင်းနေရာပိုလိုရင် ငါတစ်စုံပဲယူသွားပေးလို့ရတယ်...အဲလိုဆို နေရာယူမှာမဟုတ်ဘူး"

ကျန်းရှုယောင် ခုနကစကားပြောခန်းကို ပြန်သတိရပြီး အချိန်လွန်မှ တုံ့ပြန်ခဲ့သည်။ ရှဲ့ရွှင်းက... နမ်းဖို့ တောင်းဆိုနေတာလား...

သူမ တုံ့ဆိုင်းသွားကာ ခြေဖျားထောက်ပြီး မဝံ့မရဲ နမ်းလိုက်သည်။

ရှဲ့ရွှင်း၏ မျက်တောင်များ တုန်ခါသွားပြီး သူမ၏ အနမ်းကို ခံယူနိုင်ရန် ခက်ခက်ခဲခဲ ငုံ့ထားသည်။

ကျန်းရှုယောင် ပဟေဠိဖြစ်သွားပြီး ခဏလောက် နောက်ပြန်ဆုတ်လိုက်သည်။ ရှဲ့ရွှင်း၏ မျက်နှာက မလိုလားသော အမူအရာကို ပြသလာသည်။

အရင်တစ်ခေါက် နမ်းပြီးကတည်းက ရှဲ့ရွှင်း ထိုခံစားချက်ကို အမြဲအမှတ်ရနေခဲ့သည်။ဤကိစ္စက လက်ကိုင်ထားရသည်နှင့် မတူပေ။နောက်ဆုံးတွင် သူတိုက အချိန်မရွေး လက်တွဲရန် အခွင့်အလမ်းကို ရှာတွေ့နိုင်၏။ မည်သို့ပင်ဖြစ်စေ ညမအိပ်ခင် သူမလက်တွေကို ခိုးကိုင်ထားနိုင်ပေမဲ့ နမ်းသည်က ထိုသို့မဟုတ်ပါချေ။

သည်အတိုင်း ကုတင်ပေါ်မှာ စောင်တစ်ထည်အောက်တွင်လှဲနေပြီး “ဒီနေ့ မင်းကို နမ်းလို့ရမလား” ဆိုပြီး တရားဝင် တောင်းဆို၍မရပါချေ။

ကျန်းရှုယောင်က ရှဲ့ရွှင်း၏အတွေးများကို မသိပေ။သူမ ရှဲ့ရွှင်း ၏မျှော်လင့်ချက်များကို နားလည်ပြီးနောက် သူ့ပစ္စည်းများကိုထုပ်ပိုးရန် နောက်တစ်ကြိမ်ပြန်လှည့်ရန်အသင့်ဖြစ်နေခဲ့သည်။ သူမ လှည့်လိုက်သော်လည်း ရှဲ့ရွှင်းက သူမလက်ကို ဆုပ်ကိုင်ထားလေသည်။

သူမ မြဲမြဲမရပ်နိုင်တော့ဘဲ သူ့လက်မောင်းများ​ကြားထဲကို ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

သူက အနမ်းစတင်ရန်နှေးကွေးကာကျွမ်းကျင်မှု ညံ့ဖျင်းသော်လည်း သူ့ကိုယ်သူ သင်ယူနေဆဲဖြစ်ပြီး ခေါင်းကို အမြန်ငုံ့၍ သူမ၏ နှုတ်ခမ်းများကို ဖမ်းလိုက်သည်။

ဤသို့​တည်ငြိမ်ပြီး အေးစက်သည့်လူက လူတွေကို နမ်းသည်ကိုပင် အထိန်းရှိလေသည်။ကျန်းရှုယောင် သူမ၏ အသက်ရှူသံ အနည်းငယ် မြန်နေသည်ကိုပဲ ခံစားလိုက်ရသည်၊ သူ၏ မှင်ရနံ့က သူမကို ဝန်းရံထားပြီး သူ့နှုတ်ခမ်းများကို သူမနှုတ်ခမ်းပေါ်တွင် ဖိကပ်ထားသည်။ သူက အတော်လေး ကြောင်အနေပြီး ရှေ့ကို တိုးလာကာ အောက်နှုတ်ခမ်းကို မရဲတရဲ ထိလိုက်ပုံရသည်။

ကျန်းရှုယောင် တုံ့ပြန်ရန် အချိန်မရခင်မှာ သူ့တုံ့ပြန်မှုက သူမထက် ပိုကြီးနေသည်။သူ့အသက်ရှူသံက ငြိမ်သက်သွားပြီး ခန္ဓာကိုယ်က တောင့်တင်းလာသည်။သူ ကျိန်းစပ်မှုကို မခံနိုင်ဘဲ "အာ့မ်" ဟုဆိုကာ သူ့ရင်ဘတ်ကို ကိုင်ထားရင်း အမြန်နောက်ဆုတ်သွားခဲ့သည်။

ကျန်းရှုယောင် သူ၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ရင်ဘတ်ပေါ်တွင် သွေးကွက်တစ်ခုရှိနေသည်။

"ဘာဖြစ်တာလဲ"

သူမ သူ့ဒဏ်ရာကို မြင်လို၍ လျင်မြန်စွာ မတ်တတ်ရပ်လိုက်သည်။

ရှဲ့ရွှင်း သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ပြီး ထိတ်လန့်တကြားနှင့်နောက်ပြန်ဆုတ်သွား၏။

"အဆင်ပြေပါတယ်"

"ကျွန်မကိုကြည့်ခွင့်ပေး"

ကျန်းရှုယောင် ပို၍ပင် စိုးရိမ်သွားရသည်။

ရှဲ့ရွှင်း၏ နားရွက်များ နီရဲလာပြီး နောက်ထပ်ဆုတ်ကာ "အဆင်ပြေပါတယ်"ဟု အံကြိတ်ရင်းပြောလိုက်၏။သူ တကယ်ကို သူ့ကိုယ်သူ ဒေါသထွက်မိတော့မည်။အားလုံးအဆင်ပြေနေပေပဲ့ သူ့ဒဏ်ရာကပွင့်သွား၏။

နောက်ဆုံးတွင် ကျန်းရှုယောင် ထွက်ပြေးရန်ကြိုးစားသော ရှဲ့ရွှင်းကိုဖမ်းမိပြီး သမားတော် သွားခေါ် ခိုင်းခဲ့သည်။

ထိုသမားတော်က နန်းတော်မှ အငြိမ်းစားယူခဲ့သော တော်ဝင်သမားတော်ဟောင်းဖြစ်သည်။ ရှဲ့ရွှင်း ၏ဒဏ်ရာ တည်ငြိမ်သွားပြီးနောက် သူ ဆေးလဲရန် ရောက်လာသည်။

ဒဏ်ရာကို စစ်ဆေးပြီးနောက်တွင် သူက သမားတော်၏ညွှန်ကြားချက်ကို မလိုက်နာသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်း ရှိမရှိ ရှဲ့ရွှင်းအား ပြင်းပြင်းထန်ထန် မေးမြန်းခဲ့သည်။ မဟုတ်ရင် ဒဏ်ရာအကောင်းက ဘယ်လိုလုပ်ပွင့်သွားမလဲ...

ရှဲ့ရွှင်း ရှက်မိတော့မလို ခံစားရပြီး သူဘာမှ မလုပ်ကြောင်း အမြန်ရှင်းပြလိုက်သည်။

"ဟမ့်"

သမားတော် သူ အရာအားလုံးကို မြင်ဖူးသည် ခံစားရ၏။

"ဆောင်းဦးအမဲလိုက်ပွဲရောက်လာတော့မယ်လို့မင်းတွေးတယ်... မင်းရဲ့မြားပစ်စွမ်းရည်ကို မင်းအဆုံးရှုံးမခံနိုင်ဘူး...ဒါကြောင့် မင်း ဒီအဘိုးကြီးစကားနားမထောင်ဘဲ လေးနဲ့လေ့ကျင့်တယ်"

ရှဲ့ရွှင်း သူ့သွားတွေကို အံကြိတ်ကာပြောလိုက်သည်။

"မလုပ်ခဲ့ဘူး"

သမားတော်က ထူးဆန်းသည့်လူအိုကြီးဖြစ်သည်။ထိုစကားကိုကြားသောအခါ ထူးဆန်းစွာခံစားလိုက်ရသည်။ ကြီးကြီးမားမား မလှုပ်ရှားဘဲနဲ့ ဒဏ်ရာက ဘယ်လိုလုပ်ပွင့်သွားမလဲ... သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ မအောင်မြင်လို့များ ဖြစ်မလား...

ထို့ကြောင့် သူက ဘာစားခဲ့သလဲ၊ ဘာလုပ်ခဲ့သလဲ ဆိုသည်ကို ပွင့်ပွင့်လင်းလင်း အတိအကျမေးသည်။

နောက်ဆုံးမှာ သမားတော်က သူ့သွေးခုန်နှုန်းကို ယူပြီး ဆေးလဲကာ ဆေးညွှန်းပေးရန် ထွက်သွားခဲ့သည်။ ကျန်းရှုယောင် အတွင်းခန်းထဲသို့ ဝင်လိုက်သည်နှင့် ရှဲ့ရွှင်းက ကုတင်တိုင်နှင့် နဖူးကို ဖိထားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက အေးစက်နေကာ အေးခဲလုနီးပါးပါပင်။

သူမ စိတ်ရှုပ်ထွေးသွားသည်။ သူက သမားတော်နဲ့ ငြင်းနေတာလား...

အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သမားတော်က ဆေးစာရေးပြီးသွားသည်နှင့် ဘာမှပြန်မပြောဘဲ သူမကို ဆေးစာပေးကာ ထွက်သွားလေသည်။

ကျန်းရှုယောင် ပို၍ပင် အံ့သြသွား၏။ ဆေးညွှန်းကိုကြည့်လိုက်ရာ သမားတော်က စားလုံးအနည်းငယ်ရေးထားသည်။

"မတ်ပဲကြာစွပ်ပြုတ်...ဝက်ပေါင်ရင်းသားဟင်း"
သမားတော်က ဆေးညွှန်းမရေးထားဘဲ ဆေးဝါးဓာတ်စာအတွက် ဟင်းလျာများပဲရေးထား၏။

ကျန်းရှုယောင် နောက်ဆုံးစာကြောင်းကို ကြည့်လိုက်ရာ ထိုနေရာတွင် စာလုံးအကြီးကြီးအချို့ကို ရေးခြစ်ထားသည်ကို တွေ့လိုက်ရသည်။ ဒီလူငယ်က အပူများလွန်းနေတယ်!

*

တော်ဝင်အမဲလိုက်ကွင်းကဝေးကွာလွန်းလေရာ လူများ စိတ်အားထက်သန်နေသော်လည်း ထိုနေရာသို့ အမြန်မရောက်နိုင်ပါချေ။ လူတစ်စုသည် အရှိန်အဟုန်ပြင်းစွာဖြင့် အမဲလိုက်ကွင်းသို့ သွားခဲ့ကြရာ ရက်အနည်းငယ်ကြာအောင် လူးလိမ့်ပြီးနောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။

အမဲလိုက်ကွင်းသို့ရောက်ပြီးနောက် မိန်းမစိုးများနှင့် အစေခံများက နေရာထိုင်ခင်း စီစဉ်ပေးကြသည်။ အမျိုးသားများသည် ၎င်းတို့၏အဝတ်အစားများကိုပြောင်းကာ အမဲလိုက်ကွင်းများအတွင်း လှည့်ပတ်သွားလာနေသော်လည်း အမျိုးသမီးအများစုမှာ အိမ်တွင်နေရန် ရွေးချယ်ခဲ့ကြသည်။

ကျန်းရှုယောင်၊ကျိုးရှီတို့လိုလူမျိုးတွေက ငြိမ်မနေနိုင်ကြပါချေ။

ကျိုးရှီက အမဲလိုက်ကွင်းသို့ ရောက်ပြီးနောက်တွင် အစေခံများ ခရီးဆောင်အိတ်များ စီစဉ်ပေးသည်ကို မစောင့်ဆိုင်းဘဲ ပခုံးပေါ်မှာ ဓားကြီးတစ်ချောင်းကို တင်ကာ ကျောတွင်မြှားများလွယ်ပြီး တောအုပ်ထဲသို့ တိုးဝင်သွားခဲ့သည်။ရှဲ့လန်သည် သူမ စိတ်လိုက်မာန်ပါဖြင့် ကျားများကိုအမဲလိုက်ရန် တောနက်နက်ထဲသို့ ရောက်သွားမည်ကို စိုးရိမ်သည့်အတွက် တိတ်တဆိတ် နောက်မှ လိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

တစ်ဖက်တွင် ကျန်းရှုယောင်က အစေခံ နှစ်ယောက်ကို ခေါ်သွားကာ ၎င်းတို့ သုံးဦးသည် ခရီးဆောင်အိတ်သေးသေးလေးတစ်လုံးကို ကိုင်ဆောင်ပြီး တောထဲသို့ ဝင်သွားကြသည်။

အမဲလိုက်ကွင်းက တစ်နှစ်ပတ်လုံး အစောင့်များ ဝိုင်းရံထားပြီး သာမန်နေ့များတွင် လူအနည်းငယ်သာ အထဲမှာ ခြေချသည်။ ကျန်းရှုယောင် နှင့် အစေခံများ တောရိုင်းအသီးအနှံများနှင့် တောရိုင်းဟင်းသီးဟင်းရွက်အချို့ကို ခူးဆွတ်ကြသည်။ နောက်ဆုံးမှာ လမ်းလျှောက်ရပင်ပန်းပြီး ကြည်လင်နေသော စမ်းချောင်းဘေးမှာ အနားယူရန် နေရာရှာကြ၏။

ကြည်လင်နေသောစမ်းချောင်း၏ ဘေးက မြင်ကွင်းက လှပသည်။ ကမ်းစပ်က ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေပြီး ပေါင်းပင်များ အလွန်များသည်။ ကျန်းရှုယောင် ပတ်ဝန်းကျင်ကောင်းသည်ကိုမြင်ပြီး သူမလည်း ပင်ပန်းသောကြောင့် တောင်ပေါ်ကို ဆက်မတက်ဘဲ နေ့လည်ခင်းတွင် ဤနေရာမှာ စားရန်စီစဉ်ထားခဲ့သည်။

မနက်တုန်းက သူမဗိုက်ပြည့်အောင်စားခဲ့သော်လည်း ယခု ဗိုက်အတော်ဆာနေပြီဖြစ်သည်။သူမ နားပြီး ဗိုက်ဖြည့်ရန် တစ်ခုခု စားချင်နေသည်။သေတ္တာကိုဖွင့်​ကြည့်​ပြီး အထဲက ဝက်​အူ​ချောင်းကို ​မတွေ့ခင်အထိ မုန့်တချို့စားရန် ရည်​ရွယ်​ခဲ့ခြင်းဖြစ်သည်။

ယူလာစရာတွေ အများကြီးရှိသောကြောင့် ထုပ်ပိုးသည့်အခါ လွဲချော်မှုတွေ အမြဲရှိနေမည်ဖြစ်၏။ ဥပမာအားဖြင့် ဝက်အူချောင်းအစိမ်းကို ချက်ပြုတ်ထားသော အစားအစာများနှင့် တွဲထည့်ထားသည်။

ကျန်းရှုယောင် မူလက မုန့်တစ်ခုကို ထုတ်ယူပြီး စားချင်သော်လည်း ဝက်အူချောင်းကို မြင်သောအခါ စားချင်လာမိသည်။ တောထဲက ထင်းခြောက်တွေကို ကောက်ပြီး မီးကင်ရန် ပြင်ဆင်ခိုင်းလိုက်၏။

အစေခံက တောထဲသို့ ဝင်ပြီးနောက်တွင် ဝါးတံစို့ချောင်းများ မပါရှိ၍ ဝက်အူချောင်းများကို မကင်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူမအလွန်ချောမွေ့သော ကျောက်တုံးတစ်တုံးကိုသာ ရှာတွေ့ပြီး စီဆင်းနေသောရေအောက်တွင် ဆေးကြောနိုင်ခဲ့သည်။ သူမက ကျောက်တုံးနှစ်တုံးကို တန်းစီကာ အပေါ်တွင် ကျောက်ပြားတစ်ပြားကို တင်ထားလိုက်သည်။

အစေခံများက ထင်းရှာပြီး ကျောက်ပြားအောက်မှာ ထည့်ထားကြ၏။ ထင်းကိုမီးမွှေးပြီးနောက် ကျောက်ပြားက တဖြည်းဖြည်း ပူလာပြီး နီရဲလာသည်။

တကယ်တမ်းတွင် ကျန်းရှုယောင် ကျောက်တုံးများကို ကင်ရန် သုံးရသည်ကို နှစ်သက်သည်။မော်ဒန်ခေတ်တွင် မီးတောင်ကျောက်တုံးပေါ်တွင် ဝက်အူချောင်းကင်ခြင်း သို့မဟုတ် မုန့်ဖုတ်ခြင်းမှာ အသုံးများသည်။ မီးတောင်ကျောက်များက အပူရှိန် အညီအမျှပေးသောကြောင့် အစားအစာက အရသာကောင်းမွန်ပြီး ပါဝင်ပစ္စည်းများကို နေရာတိုင်းတွင် အပူပေးထားကြောင်း သေချာစေပါသည်။ ဤနည်းဖြင့် ချက်ပြုတ်ထားသော အစားအစာများသည် သဘာဝနှင့် ကျေးလက်အရသာရှိသည်။

ကျောက်ပြားကို အပူပေးပြီးနောက် သူမ ဝက်အူချောင်းကင်ကို ကိုင်ထားရန် တူများကို အသုံးပြုကာ ဝက်အူချောင်းအတွင်းပိုင်းကို တရှဲရှဲမြည်ကာ ကျုံ့သွားစေသည်။

ဝက်အူချောင်းကင်များသည် ဝက်ဗိုက်သားနှင့် အဆီနည်းဝက်အသားအပါအဝင် များပြားလှသော ပါဝင်ပစ္စည်းများဖြင့် ထုပ်ပိုးထားသော အိမ်လုပ်ဖြစ်သည်။ ဝက်အူချောင်းက တုတ်ခဲပြီး အပြင်ခွံကို ချဲ့တော့မလိုဖြစ်နေသည်။ ကျန်းရှုယောင် သူမ၏တူများကို အသုံးပြုကာ ဝက်အူချောင်းကင်ကို အဆက်မပြတ် အပူပေးခဲ့သည်။ မွှေးရနံ့များ ဆက်လက်ထွက်ပေါ်နေချိန်တွင် အပေါ်ခွံက တဖျစ်ဖျစ်မြည်ကာ ဝက်အူချောင်းကင်၏ အခွံပွင့်လာပြီး အတွင်းတွင် ကင်ထားသော အဆီများ ချက်ချင်း ထွက်လာသည်။

အခွံမပြဲရင်လျှင်ပင် ကျောက်ပြားက ဆီတွေနှင့် စွန်းထင်းနေလိမ့်မည်။နုတ်နုတ်စင်းထားသည့် အဆီများသောအသားသည် ဆီအဖြစ်သို့ ပြောင်းလဲသွားပြီး အဆီနည်းအသားက ပါးလွှာပြီး မမြင်ရသော အခွံမှ စိမ့်ထွက်လာသည်။ ကြွယ်ဝသောရနံ့က ပတ်ဝန်းကျင်ကို စိမ့်ဝင်လာသည်။ အနံ့ခံရုံနှင့် လူကို သွားရည်ကျစေ၏။

ကျန်းရှုယောင် ရှဲ့ရွှင်းရှိလျှင် ငါးဖမ်း၍ ကင်နိုင်မည်ဟု တွေးကာ ကျောက်တုံးကို ကြည့်လိုက်သည်။ အရသာက အရမ်းကောင်းမှာပဲ...

သူမ တွေးနေချိန်မှာ တောထဲက အသံတစ်သံ ရုတ်တရက်ထွက်လာ၏။ဤနေရာက အမဲလိုက်ကွင်း၏အစွန်ဆုံးဖြစ်ပြီး လာသည့်သူတွေအားလုံးက အဆင့်မြင့်အရာရှိတွေဖြစ်ကာ အလွန် လုံခြုံသည်။ထိုသို့ဖြစ်ရာ ဤအနားပတ်ဝန်းကျင်မှာ ရှိနေသူများက အတူတူ လာကစားကြသည့် အရာရှိတွေနှင့် သူတို့၏ မိသားစုဝင်တွေ ဖြစ်သင့်သည်... ဤအတွေး ထွက်လာပြီးသည်နှင့် ကျန်းရှုယောင် ရင်းနှီးနေသော ကျယ်လောင်သည့် အသံကို ကြားလိုက်ရ၏။

"ထူးထူးဆန်းဆန်း ငါ အသားနံ့ ရနေတယ်"

"ငါလည်း အနံ့ရတယ်"

"ဟေး ငါ အနံ့ရ...ငါ ဘယ်လိုလုပ် အနံ့မရတော့တာလည်း...လင်းချန် မင်း အသက်ပြင်းပြင်းရှူပြီး အနံ့ကို ဖယ်လိုက်တာလား"

ကျန်းရှုယောင် သစ်တောအ၀င်ဝကို ကြည့်လိုက်ရာ သစ်ပင်များ၏ အရိပ်များကြားတွင် အပြာရောင်ဝတ်စုံဝတ်ထားသော လူတစ်စု တောထဲမှ ထွက်လာပြီး တန်းစီကာ လည်ပင်းဆန့်၍ မေးစေ့များမော့ထားသည်ကို တွေ့လိုက်ရသည်။သူမဆီသို့ တလမ်းလုံး အနံ့ခံ၍ လာနေကြသည်။

ဤလူတွေကို အလွန် ရင်းနှီးနေသည်။


လင်းချန်က ပထမဆုံး ကမ်းစပ်တွင် ဝက်အူချောင်းကင်နေသော ကျန်းရှုယောင်ကို တွေ့လိုက်ရသည်။ သူက ရုတ်တရက် ရပ်လိုက်ပြီး လက်ခုပ်တီးပြီး ဝမ်းသာအားရဆို၏။

"တိုက်ဆိုင်လိုက်တာ...ကျွန်တော်တို့လည်း...အာ့"

စကားမဆုံးခင်မှာ သူပျောက်သွားသည်။

ကျန်းရှုယောင် အံ့အားသင့်စွာဖြင့် အကြည့်ကို အောက်ပို့လိုက်ရာ သူကြောင်တောင်တောင်ဖြင့် မြေကြီးပေါ်တွင် လဲလျောင်းနေသည်ကိုသာ မြင်လိုက်ရသည်။

တောင်တက်လမ်းသည် သွားလာရန် မလွယ်ကူပေ။ လင်းချန်က ရုတ်တရက် ရပ်တန့်လိုက်ခြင်းကြောင့် သူ့နောက်မှလူများသည် အချိန်မီမရပ်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် သူနှင့်ဆောင့်မိကာလဲကျကုန်ကြသည်။

ရှဲ့ရွှင်းက သူ့နောက်အဝေးကြီးမှာ ရှိနေပြီး ၎င်းကိုမြင်သောအခါ သက်ပြင်းချလိုက််သည်။ သူ့မျက်နှာကို လက်ဖြင့်အုပ်ထားမိ၏။

ရှက်စရာကောင်းလွန်း၏။


Xxxxx