အပိုင်း ၁၂၆
Viewers 20k

Chapter 126
သိုးသားစွတ်ပြုတ်ထဲက မုန့်ပေါင်းအစအနများ


မြင်းပေါ်ရှိ ကျိုးရှီ၏ လှုပ်ရှားမှုသည် တောင့်တင်းသွားပြီး အချိန်အတော်ကြာအောင် အသံမထွက်။

ရှဲ့လန်က သစ်သားကိုင်းများပေါ်မှ နင်းလျှောက်လာပြီး တချွတ်ချွတ်အသံများဖြစ်ပေါ်စေသည်။

"တကယ်လား"

ကျိုးရှီက အသက်ပြင်းပြင်းရှူပြီး လှည့်ကာ "ရှင်နဲ့ဘာမှမဆိုင်ဘူး" ဟု ပြောလိုက်သည်။ သူမက သပ်သပ်ရပ်ရပ်လှည့်လိုက်ပြီး

"ကျွန်မ အဲဒါကို တွေးသည်ဖြစ်စေ၊မတွေးသည်ဖြစ်စေ... ခြားနားမှုတစ်ခုခုရှိလို့လား"

ရှဲ့လန် မြင်းရှေ့တွင် ရပ်ကာ သူမကို မော့ကြည့်ပြီဆိုလိုက်သည်။

"ဒီရက်ပိုင်း ကိုယ် အများကြီးစဉ်းစားနေခဲ့တယ်"

ကျိုးရှီ၏ မျက်လုံးများက စိတ်ဝင်စားနေခြင်းမရှိပေ။

ရှဲ့လန်၏ မျက်နှာပေါ်တွင် ခါးသီးမှု အနည်းငယ် ထွက်ပေါ်လာပြီး သူမ၏ ယခင်စကားများကိုပြန်ဖြေခဲ့သည်။

"ကွာခြားမှုရှိပါတယ်"

"လွန်ခဲ့တဲ့ ခုနစ်နှစ် မင်း ကိုယ့်ကိုလက်ထပ်ပြီးတဲ့နောက် မော့ပေမှာ မင်းပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးသွားခဲ့တယ်...ပေကျင်းကသခင်မတစ်ယောက်ဖြစ်အောင် မင်းသင်ယူခဲ့ပြီး မင်းနဲ့မတူတဲ့လူတစ်ယောက်ဖြစ်လာတယ်...မင်းဘာကြောင့်ပြောင်းလဲချင်ခဲ့တာလဲဆိုတာ ကိုယ်တစ်ခါမှမမေးခဲ့ဖူးဘူး...မင်းဘာကြောင့် ကိုယ်မော့ပေမှာ ပထမဆုံးတွေ့ဖူးတဲ့'မင်း'နဲ့မတူတော့တာလဲဆိုတာကို ကိုယ်တစ်ခါမှမတွေးဖူးဘူး... မြင့်မြတ်တဲ့သခင်မတစ်ယောက်အတွက် ဓားနဲ့သိုင်းပညာကို လေ့ကျင့်တာက ယုတ္တိမတန်တာမို့ ပေကျင်းကိုဝင်ပြီးတဲ့နောက် မင်းပြောင်းလဲတာက ပုံမှန်ပဲလို့ကိုယ်ထင်ခဲ့ဖူးတယ်"

ကျန်းရှုယောင်နှင့် ရှဲ့ရွှင်းက သူတို့ဘာသူတို့ ရယ်မောနေကြသည်ကိုတွေးပြီး သူ ထပ်ပြောလိုက်၏။

"ဒါပေမဲ့ တစ်နေကုန် ချက်ပြုတ်တာကရော ကျိုးကြောင်းဆီလျော်သလား... အစားအသောက်ဆိုင်ဖွင့်တာနဲ့ လမ်းဘေးအစားအစာဈေးဖွင့်တာကရော ကျိုးကြောင်းဆီလျော်မှုရှိသလား"

"တကယ်လို့ ကိုယ် မင်းကို မေးခွန်းတစ်ခု မေးနိုင်ခဲ့ရင် ဒါမှမဟုတ် မင်းစိတ်ထဲမှာ တွေးနေတဲ့အရာကို ကိုယ့်ကို ပြောပြနိုင်ခဲ့ရင် ကိုယ်တို့ အခုဖြစ်နေသလို ဖြစ်လာမှာ မဟုတ်ဘူးမလား"

ကျိုးရှီက မဖြေသလို ရှဲ့လန်ကလည်း မြင်းရှေ့တွင် ရပ်ကာ စောင့်ဆိုင်းနေခဲ့သည်။

သူမ အချိန်အတော်ကြာသည့်တိုင် စကားမပြော၊ ရှဲ့လန် အဖြေကို နားလည်သွားသည်။သူက ခေါင်းညိတ်ပြီး ခေါင်းစဉ်ကို ဆက်ပြောပြန်၏။

"ဒီလိုအမှားမျိုး ထပ်မလုပ်ချင်ဘူး...ဒါကြောင့် ဒီနေ့ ကိုယ် မင်းကို မေးမယ်... မင်းမော့ပေကို ပြန်သွားချင်လား"

---

ရှဲ့ရွှင်းက ဧကရာဇ်အား ဟင်းချက်နည်းများ ဆက်သည်ဖြစ်စေ၊မဆက်သည်ဖြစ်စေ လင်းမိသားစုသည် နောက်ပိုင်းမျိုးဆက်များရှိ ဆိုင်ခွဲစတိုးဆိုင်များနှင့် အနည်းငယ်ဆင်တူသည့် ထမင်းဆမ်းဆော့စ်ရောင်းသည့်ဆိုင်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်သည်။

အလုပ်သစ်တစ်ခုဖြင့် ကျန်းရှုယောင် နှင့် ကျိုးရှီတို့ အလုပ်များနေပြန်သည်။

သို့သော်လည်း ကျိုးရှီတစ်ယောက် ယခင်ကကဲ့သို့ တက်ကြွမှုမရှိခဲ့ပေ။ သူမ မုန့်စိမ်းကို ဆုပ်နယ်ရင်း မကြာခဏ စိတ်များလွတ်စပြုလာသည်။

သူမ၏စိတ်ဒဏ်ရာကို ရရှိခဲ့တုန်းကလို မဟုတ်ပဲ ဝမ်းနည်းကြေကွဲမှု ပိုနက်ရှိုင်းသည့် ခံစားမှုကို ခံစားရ၏။

ကျိုးရှီက မပြောချင်သောကြောင့် ကျန်းရှုယောင် တမင်မေးမှာ မဟုတ်ပါချေ။သူမသည် ကျိုးရှီ၏အာရုံကိုဆွဲဆောင်ရန် အခြားအရာများကို အသုံးပြုရန် ကြိုးစားခဲ့သည်။

ဟင်းချက်နည်းအသစ်များ၊ ပါဝင်ပစ္စည်းအသစ်များ၊ ချက်ပြုတ်နည်းလမ်းအသစ်များ...ဤအရာများကို ကြုံတွေ့လာသောအခါ ကျိုးရှီ သူမ၏ ဝမ်းနည်းပူဆွေးမှုမှ ထွက်လာပြီး သင်ယူမှုကို အာရုံစိုက်လာမည်ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် သူမက အမြဲလိုလို မသိစိတ်က ပူစပ်စပ်ဟင်းချက်နည်းအချို့ကို သင်ယူလိုသည်။

ဤနေ့တွင် ကျိုးရှီ တတိယအိမ်တော်ခွဲမှာ သိုးသားဘန်းမုန့်လုပ်နေစဉ် အစေခံတစ်ဦး ပြေးဝင်လာသည်။

အစေခံက မောဟိုက်နေပြီး ကျိုးရှီ၏နားထဲတွင် တစ်ခုခုပြောလိုက်သည်။ သူမစကားမဆုံးခင် ကျိုးရှီလက်ပေါ်က ကြွေပန်းကန်လုံးက မြေပြင်ပေါ်ကို ပြုတ်ကျပြီး ပြင်းထန်သည့် အသံထွက်လာသည်။

သူမ စကတ်ကို မလိုက်ပြီး မတွေးဘဲ ပြေးထွက်သွားလေသည် ။

ကျန်းရှုယောင် အံ့အားသင့်သွားပြီး ကမန်းကတန်း ခြေလှမ်းပြင်ကာ အစေခံကိုမေးလိုက်သည်။

"နင် သူ့ကို ဘာပြောလိုက်တာလဲ"

အစေခံလည်း ကြောင်နေပြီး ကပျာကယာ ရှင်းပြသည်။

"ဒီအစေခံက ဘာမှ မပြောခဲ့ပါဘူး...ဦးရီးတော်သခင် ပေကျင်းကို ဝင်လာတယ်... အခု မြို့စားက သူ့ကို ဧည့်ခံနေတယ်လို့ပဲ ဒီအစေခံကပြောခဲ့တာပါ "

"ဦးရီးတော်သခင်"

"စစ်သူကြီးကျိုး"

အစေခံက ဆိုသည်။

"အကြီးဆုံးစစ်သူကြီးကျိုးက သူ့တာဝန်တွေကို အစီရင်ခံဖို့ ပေကျင်းကို လာခဲ့တယ်"

တတိယအိမ်တော်ခွဲရှိ ကျန်းရှုယောင်တစ်ယောက် အခြေအနေကို မရှင်းမလင်းမီ ကျိုးရှီက ပင်မဝင်းထဲသို့ ရောက်လာသည်။

သူမ ပေကျင်းတွင် လက်ထပ်ခဲ့သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်ပြီး မပျော်မရွှင်ဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

သူမ၏ဆံထုံးလျော့လျော့က စောင်းနေပြီး သူမ၏၀တ်ရုံကော်လာမှာ ရှုံ့တွန့်နေသည်။

သူမသည် ပင်မဝင်း၏ တံခါးဝတွင် ရပ်ကာ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။

အစေခံများက သူမကို စပ်စပ်စုစုကြည့်နေကြသည်။ ယခင်ကနှင့်မတူသော ကျိုးရှီ၏ပုံစံကို မြင်လိုက်ကြ ပြီး ယနေ့တွင် သူမ နောက်ထပ်ပြဿနာ ကြီးတစ်ခုထပ်လုပ်လိမ့်မလားဟု လျှို့ဝှက်စွာတွေးတောနေကြသည်။

ကျိုးရှီ သူမ၏ဆံထုံးကို တည့်အောင်လုပ်ပြီး တွန့်ရာများကို ချောမွေ့အောင်လုပ်ကာ မြေပြင်ပေါ်ရှိ သူမ၏အရိပ်ကို ခဏငုံ့ကြည့်သည်။

ဆံထုံးမြင့်မြင့်နှင့် ဝတ်ကောင်းစားလှဝတ်ထားသော အမျိုးသမီးတစ်ဦး၏ အရိပ်သည် အရပ်ရှည်ပြီး လှပနေသည်။ သို့သော် သူမ အရိပ်ကိုကြည့်ကာ ထူးဆန်းသလို ခံစားလိုက်ရသည်။

ရုတ်တရက် ပေကျင်းမှာ ကြားရခဲသည့် ကြမ်းတမ်းကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းပြီ... ကျုပ်ကို လိုက်ပို့စရာ မလိုပါဘူး...မြို့စားရှဲ့ ဂရုစိုက်ပါ"

မြို့တော်ရှိလူများသည် စစ်သူကြီးများပင်လျှင် အများအားဖြင့် ကွန်ဖြူးရှပ်စံနှုန်းများအတိုင်း ချောမောသော စစ်သူကြီးများဖြစ်သည်။မြင်မြင့် ထွားထွား ဝက်ဝံကြီးသဖွယ် မုတ်ဆိတ်မွေးအပြည့်နှင့် အရပ်ရှည်ပြီး ခွန်အားကြီးသော ဤလူကဲ့သို့ အဘယ်သို့ ဖြစ်နိုင်ကြမည်နည်း။

သူလမ်းလျှောက်သည့်အခါ သူဖြတ်သွားသော အစေအပါးများမှာ ကိုယ်ရို့ကာပြေးကြသည်။သူက နှုတ်ဆက်ရုံသာဖြစ်ပေမဲ့ ယပ်တောင်တစ်ခုလို ကြီးမားနေသော သူ့လက်ဖဝါးတွေက တစ်စုံတစ်ယောက်ကို ရိုက်တော့မည်အတိုင်း ဝှေ့ယမ်းနေ၏။

ကျိုးရှီ ဤမြင်ကွင်းကို မြင်သောအခါ သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။ သူမ ပြုံးလိုက်ရင်း ပါးပြင်များပေါ်မှ မျက်ရည်များ ရုတ်တရက် စီးကျလာသည်။

"အစ်ကိုကြီး"ဟု သူမကခေါ်လိုက်၏။

စစ်သူကြီးကျိူး ခေတ္တရပ်ပြီး မနီးမဝေးမှာ ရပ်နေသည့် ကျိုးရှီကို စိုက်ကြည့်နေသည်။

သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး “ညီမလေး”ဟု မယုံကြည်နိုင်စွာနှင့် ပြောလိုက်၏။

ကျိုးရှီ လက်ထပ်ပြီး ပေကျင်းသို့ ဝင်ရောက်ပြီးနောက် သူမ၏ မိဘများနှင့် အဆက်အသွယ် တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ မြို့တော်နှင့် မော့ပေက မိုင်ထောင်ချီဝေးလေရာ စာများကအရောက်နှေး၏။ကျိုးမိသားစုက စာတတ်ပေတတ်များမဟုတ်သဖြင့် စာရေးရန် ခက်ခဲသောကြောင့် သူမဆီကို မော့ပေမှ မြေထည်အနည်းငယ်သာ ပေးပို့နိုင်သည်။သို့ပေမဲ့ မြို့တော်က ချမ်းသာသည်၊ အစားအသောက်နှင့် အဝတ်အစားက မော့ပေထက် ပိုကောင်း၏။ အိုးပြတ်လပ်မှုမရှိသည့်အတွက် နောက်ပိုင်းမှာ မြေထည်ပင် မပို့တော့ပေ။

ကျိုးရှီ လက်ထပ်ပြီး နှစ်နှစ်အကြာတွင် ကျိုးမိသားစုက သူမကို အလွန်လွမ်းဆွတ်ခဲ့သည်။စစ်သူကြီးကျိုးက ၎င်း၏တာဝန်ကို ထမ်းဆောင်ရန် ပေကျင်းသို့ ရောက်ရှိလာပြီး သူမကို တွေ့ချင်သည်။သူက အသေးအဖွဲ အသေးအမွှား မျိုးစုံကို ဆွဲထုတ်ပြီး မြို့တော်ရှိ လူများ၏ တိတ်တဆိတ် လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ကျိုးရှီဒေါသထွက်ပြီး စိတ်ဆိုးသွားပေမဲ့ ဒေါသကို ဖိနှိပ်ကာ ချက်ချင်း ပြန်ထိန်းခဲ့သည်။

၎င်းတို့သည် အသွင်အပြင်နှင့် စိတ်နေစိတ်ထားအရ မြို့တော်နှင့် မလိုက်ဖက်ပေ။ကျိုးမိသားစုက ဤကိစ္စကို အရင်က ဂရုမစိုက်ဖူးပေမဲ့ ယခုမူ သူတို့ကလေးမလေးကျိုးရှီက မြို့တော်မှာ အိမ်ထောင်ကျနေပြီဖြစ်လေရာ သူတို့ စဉ်းစားရန် လိုအပ်လာသည်။

စစ်သူကြီးကျိုး သူ့နောက်လိုက်လာသော ကင်းထောက်တွေကို သတင်းမေးခိုင်းခဲ့သည်။ ပွဲရှိအမျိုးသမီးများက သူ့ကလေးမလေးကျိုးရှီကို လှောင်ပြောင်ကြသည်ကို ကြားလိုက်ရသဖြင့် သူတို့က သူမကို ရှက်ရွံ့ဒေါသဖြစ်အောင်လုပ်မိခဲ့သည်ဟု သူထင်ခဲ့သည်။

စစ်သူကြီးကျိုး သူဆွဲယူလာသည့် ဖုန်တက်နေသော ရထားလုံးကို ကြည့်ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။သူ့ညီမလေး သူကို မတွေ့ချင်လောက်ပေ။

သေချာသည်ပင်၊ နောက်ထပ် အကြိမ်အနည်းငယ် သူ မြို့စားရှဲ့အိမ်တော်ကို အလည်လာသည့်အခါ ကျိုးရှီက သူ့ကို ထွက်မတွေ့ပေ။

ယခု နှစ်အနည်းငယ်ကြာလာသောအခါ အရင်တစ်ခေါက်ကနေ သင်ခန်းစာယူခဲ့သည်။ သူ တိတ်တဆိတ် လာပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့သော်လည်း တံခါးခုံမှ ဆင်းလာချိန်တွင် ခုနစ်နှစ်ကြာ မတွေ့ခဲ့ရသော ကျိုးရှီကို သူတွေ့လိုက်ရသည်။

ကျိုးရှီက နဂိုကတည်းက အိမ်လွမ်းနေသည်ဖြစ်ရာ ယခု သူမ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော ဆွေမျိုးတစ်ဦးနှင့်မျက်နှာဆိုင်ခဲ့ရသည်။

"အစ်ကိုကြီး သွားတော့မှာလား"
ကျိုးက မေးသည်။

စစ်သူကြီးကျိုးက ဘယ်လိုဖြေရမှန်း မသိသဖြင့် ခေါင်းကုတ်လိုက်သည်။ ပါးစပ်ကိုဖွင့်လိုက်သောအခါတွင် မြောက်ပိုင်းလေယူလေသိမ်းနှင့် ပြည့်နေသည်။

"ငါ အလျင်မလိုပါဘူး... မနက်ဖြန်မှ ထွက်မှာ"

မြို့စားရှဲ့က သူ့နောက်မှ ထွက်လာပြီး ကျိုးရှီကို တွေ့ရသောအခါ အနည်းငယ် အံ့သြသွားသော်လည်း သူက အမြဲတမ်း ကြင်နာတတ်သောကြောင့် ဆိုလိုက်၏။

"မင်းတို့ မောင်နှမ မတွေ့တာ ကြာပြီ...အလောတကြီးမပြန်ပါနဲ့စစ်သူကြီးကျိုး... အိမ်ထဲမှာ ခဏလောက် ထိုင်နေတာ ပိုကောင်းပါတယ်...မောင်နှစ်မနှစ်ယောက် အတိုးချပြီး ရှေးဟောင်းနောက်ဖြစ်တွေပြောသင့်တယ်"

ကျိုးရှီ၏အစ်ကိုအကြီးဆုံးက သူ့ညီမနှင့် စကားပြောချင်သော်လည်း သူ့ညီမ မကျေမနပ်ဖြစ်မည်ကို ကြောက်သည်။ ပွင့်ပွင့်လင်းလင်း ငြင်းဆန်၍ကလည်း မရသဖြင့် ဟုပြောလိုက်၏။

"မလို....."

ကျိုးရှီက သူ့စကားကို အရင်ဖြတ်​ပြောလိုက်သည်။

"အစ်ကိုကြီး... နေပါဦး... နာရီဝက်လောက်တော့ ထိုင်ပါ"

မြို့စားရှဲ့က ဤမောင်နှမကို မနှောင့်ယှက်ဘဲ သူတို့ကို ခန်းမဆောင်ပေးသည်။

အစ်ကိုကြီးကျိုးက ဧည့်ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ ကုလားထိုင်က အဝါရောင် တမလန်းမွှေးသားဖြင့် အနုစိတ်ပြုလုပ်ထားကာ လက်ရာမြောက်ပြီး ခမ်းနားသော်လည်း ၎င်းသည် အမှန်တကယ် သေးငယ်သည်။ သူမှာ သိုင်းပညာရှင်တစ်ယောက်၏ခန္ဓာကိုယ်ရှိသည်။ဤကုလားထိုင်ပေါ်မှာ ထိုင်နေစဥ်တွင် သူ တော်တော်ကို အဆင်မပြေဖြစ်ပြီး စိတ်မသက်မသာ ခံစားရ၏။

သူ့မျက်လုံးများထဲတွင် အနည်းငယ် စိတ်သက်သာရာရမှုများနှင့်အတူ သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသောကျိုးရှီကို မျက်လုံးပင့်ကြည့်လိုက်သည်။

ညီမလေးက သူနှင့်မတူပေ။သူမက ယဉ်ကျေးပြီး ဂုဏ်သိက္ခာရှိကာ မြို့တော်တွင် ကြီးပြင်းလာသည့် မိန်းမပျိုတစ်ယောက်နှင့် ဘာမှမခြားပေ။ ယခင်ကခက်ထန်ကြမ်းတမ်းသော မိန်းကလေး၏အရိပ်အယောင်ကို သူ လုံးဝမတွေရပေ။

"အစ်ကိုကြီး... ငါတို့မိသားစု ဒီတစ်နှစ်လုံး ဘယ်လိုနေလဲ"

ကျိုးရှီက မေးသည်။

အစ်ကိုကြီးကျိုးက ဤမေးခွန်းကိုကြားသောအခါ စိတ်သက်သာရာရသွားသည်။ အနည်းဆုံး သူဖြေနိုင်သေးသည်။ သူက ပြုံးပြီးပြောလိုက်၏။

"အားလုံးကောင်းတယ်...အကုန်အဆင်ပြေတယ်...ဘဝကအရမ်းမြန်တယ်...ငါဆို မကြာခင်အဖိုးဖြစ်တော့မယ်...ဒါပေမဲ့ နင့်ရဲ့ခြောက်ယောက်မြောက်အစ်ကို၊ အဲဒီလူဆိုးကြီးက အိမ်ထောင်မပြုသေးဘူး...သူက ၂၅ နှစ်နီးပါးရှိပေမဲ့ ကောင်းကောင်းမွန်မွန် ချင့်ချင့်ချိန်ချိန်မနေတတ်ဘူး ... အမေ့ကို ပုန်းဖို့အတွက် နယ်စပ်မြို့ကို သွားနေတယ်... ဆောင်းဦးပေါက်မှာ မြင်းနဲ့ သိုးတွေက ဆူအောင်စားရပြီး လူရိုင်းတွေ ဒီအချိန်မှာမလာဘူးဆိုတာ နင်သိပါတယ်...သူ့ရဲ့သူ့မိသားစုနဲ့တိုင်းပြည်ကိုကာကွယ်နေတဲ့ပုံစံက တကယ်မယုံနိုင်စရာပဲ"

သူက နဖူးကို ရိုက်လိုက်ပြီး
“အာ ဟုတ်တယ်...ဟုတ်တယ်...ဆဋ္ဌမလေးက နင့်ဆီကို ဓားမြှောင်တစ်ချောင်း ယူသွားခိုင်းလိုက်တယ်... သူ ဟိုးအရင်က လူရိုင်းတွေရဲ့ ဒုတိယ မင်းသားဆီက လုယူလာတာလို့ ပြောတယ်...ငါသူ့ကို တစ်ချက်ကန်ပစ်လိုက်တယ်...အခု ငါတို့ညီမလေးက မြို့စားရှဲ့အိမ်တော်ရဲ့ ဒုတိယသခင်မဖြစ်နေပြီ လက်ဆောင်တွေက ပုလဲ၊ ဆံထိုးနဲ့ကျောက်မျက်ရတနာတွေလိုမျိုး တစ်ခုခုဖြစ်ရမှာပေါ့လို့ ငါသူ့ကိုပြောလိုက်တယ်...ဓားမြှောင်တွေ ပေးလိုက်ဖို့ သူဘယ်လိုများစဥ်းစားတာလဲ...ဒီကလေးကတော့....."

ကျိုးရှီ၏အမူအရာ ပုံမှန်မဟုတ်သည်ကိုမြင်လိုက်ရပြီး သူ့အသံက သေးငယ်လာပြီး နောက်ဆုံးစကားကို လည်ချောင်းထဲသို့မရောက်မီ ခက်ခက်ခဲခဲ မျိုချလိုက်သည်။

ကျိုးရှီ မကျေမနပ်ဖြစ်ရသည့် အကြောင်းရင်းကို သူမသိပေ။သူ့လက်ဖဝါးကြီးတွေကို သူ့ခြေထောက်ပေါ် ပွတ်လိုက်သည်။

“ညီမလေး… စိတ်မဆိုးပါနဲ့... နောက်တစ်ခါ လူရိုင်းတွေ ထပ်ရောက်လာရင် သူတို့ နန်းတော်ကို ဝင်တိုက်မယ်၊ ကျောက်မျက်ရတနာတွေ အကုန်လုံးကို လုပြီး အကုန် နင့်ကိုပေးမယ်လို့ ဆဋ္ဌမလေးက ပြောတယ်"

ထိုနေရာအရောက်တွင် လူတွေကို လုယက်ပြီး သူ့ညီမဆီ ပစ္စည်းတွေ ပို့သည့်လုပ်ရပ်က ဓားပြနှင့်တူသည်ဟု သူခံစားရ၏။ သူ တကယ်ကို မဆီလျော်သလို ခံစားရသည်။ကျိိုးရှီကို စိတ်ပျက်အောင်လုပ်မိမှာစိုးသဖြင့် ခေါင်းကို မော့ပြီး ညာဘက်ကို ကြည့်လိုက်သည်။

ကျိုးရှီ၏ ခေါင်းက အသက်ရှုမဝသလိုမျိုး ငိုက်စိုက်ကျနေသည်။ခဏအကြာတွင် သူမက အသက်အောင့်ပြီးမေးလိုက်၏။

"စားပြီးပြီလား အစ်ကိုကြီး... ဗိုက်ဆာနေပြီလား"

ခေါင်းစဉ်က ရုတ်တရက်ပြောင်းသွားသဖြင့် အစ်ကိုကြီးကျိုးအံ့အားသင့်သွားသည်။ သူက ရိုးရိုးသားသား ဖြေလိုက်သည်။

"မစားရသေးဘူး...ပြန်တဲ့အခါကျမှ ညီအစ်ကိုတွေနဲ့ စားတော့မယ်"

ကျိူးရှီက ခေါင်းညိတ်ပြပြီး သူ့လက်ဖဝါးများကို သူမလက်ချောင်းများနှင့်ဆွဲကာ "ပြန်တဲ့အခါ" ဆိုသည့် စကားတွေကို လျစ်လျူရှုပြီးပြောလိုက်၏။

"ဒီရက်ပိုင်း ငါ ဟင်းချက်သင်နေတာ... တစ်ခုခုလုပ်ထားသေးတယ်... ပူနေတုန်းပဲ...အစ်ကိုကြီး မကြိုက်မဖြစ်ရင် မြည်းစမ်းကြည့်ဖို့ ယူလာပေးမယ်...ကောင်းမဲ့ပုံပဲ"

ကျိုးရှီ၏ အစ်ကိုအကြီးဆုံးက ပြုံးလိုက်သည်။
"ညီမလေး... အခု နင်စကားပြောတာက အရမ်းကောင်းတယ်"

ပြောပြီးသည်နှင့် သူက ကျိုးရှီ၏စကားများကို လက်ခံလိုက်၏။

“ကောင်းပြီ... အစ်ကိုကြီးအသက်ရှင်နေတာကြာပြီ နင်ဟင်းချက်တာ တစ်ခါမှမစားဖူးဘူး... ငါပြန်သွားပြီး ပြောပြရင် သူတို့ မယုံမှာ သေချာတယ် "

ကျိုးရှီ၏ ပြင်းထန်သော စိတ်ထား အရ သူမသည် ဟင်းချက်ခြင်းအတတ်ပညာကို သင်ယူရန် မျှော်လင့်ချက်မရှိပေ။

ကျိုးရှီက ပြုံးပြီး ခေါင်းညိတ်ကာ ထ၍ အခန်းထဲက ထွက်သွားသည်။

သူမပြန်လာအောင် အကြာကြီးစောင့်စရာမလိုဘဲ နောက်က ဗန်းကိုကိုင်ထားသည့် အစေခံတစ်ယောက်ပါလာ၏။

ကျိုးရှီက ပန်းကန်ပြားထဲမှ ပန်းကန်လုံးကြီးကို ယူပြီးနောက် အစေခံက အရိုအသေပေးပြီး ပြန်ထွက်သွားသည်။

အစ်ကိုကြီးကျိုး သူ့ရှေ့က ပန်းကန်လုံးကြီးကို ကြည့်ပြီး အံ့အားသင့်စွာ စိုက်ကြည့်ရင်းပြောလိုက်၏။

"အဲ...မြို့စားရှဲ့အိမ်တော်မှာ ဘာလို့ ဒီလောက်ကြီးတဲ့ ပန်းကန်လုံး ရှိရတာလဲ"

ကျိုးရှီ မရယ်ဘဲမနေနိုင်ပေ။

"ဒါကို ငါ့တတိယယောက်မက ဝယ်ခဲ့တာ... ငါ့ရဲ့ တတိယမောင်ငယ်က စားချင်စိတ်အများကြီးရှိတယ်လေ"

ကျိုးရှီ၏ အစ်ကိုကြီးက အံဩမှင်သက်စွာ ခေါင်းညိတ်ရင်း မျိုးရိုးမြင့်မိသားစုသည် သူထင်ထားသလို သိမ်မွေ့ပြီး ဆန်းပြားခြင်းမရှိကြောင်း လျှို့ဝှက်စွာ သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် မွှေးကြိုင်သောအငန်ရနံ့တစ်ခု သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားကာ အာရုံပြန်ရလာပြီး ပန်းကန်လုံးကို ကြည့်လိုက်မိသည်။

ပန်းကန်လုံးထဲတွင် ဖြူဖွေးနူးညံ့သော ဘန်းမုန့်မျှင်များ၊ နီညိုရောင်ရှိသော သိုးသားလွှာ၊ ကြည်လင်ပြီး စွတ်စိုသော ကြာဇံများဖြင့် ပြည့်နှက်နေသည်၊ အလယ်ဗဟိုတွင် ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ဖြူး ထားသည်။ ဟင်းရည်က ကြည်လင်ပြီး လျှံပယ်ကာ အပေါ်ယံမှာ ကြည်လင်ပါးလွှာသောဆီများ ပေါလောပေါ်နေပါသည်။ မွှေးရနံ့ကလျှံထွက်နေ၏။

နှာသီးဖျား လှုပ်ခါသွားကာ ယောင်ချာချာဖြင့် ပြောလိုက်သည်။

"ဒါက သိုးသားလား"

သူ သိုးသား၏လတ်ဆတ်သောအနံ့၊ ချိုမြိန်ပြီး အရသာရှိမှုကို အနံ့ရသော်လည်း သိုးသားတွင် သာမန်အနံ့မရှိပေ။ အနံ့က အလွှာများ ကြွယ်ဝပြီး စပ်သော အရိပ်အယောင်ရှိနေသည်။

ကျိုးရှီက သူ့ရှေ့မှာ ကြက်သွန်ဖြူငရုတ်ဆော့စ်ပါသည့် ပန်းကန်လေးကို တွန်းလိုက်သည်။

"ဒါက သိုးသားစွပ်ပြုတ်ပါ...ဒါပေမဲ့ ဘန့်းမုန့်ကို ကြိုပြီး ကိုက်(ညှပ်)ထားတော့ စားရတာ ပိုအဆင်ပြေတယ်...ငါ့ယောက်မက စားတဲ့သူတွေက ဘန်းမုန့်တွေကို ကိုယ့်ဘာကိုယ် ပဲပိစပ်စေ့အရွယ်လောက် ဖဲ့ပြီး စွပ်ပြုတ်နဲ့တို့စားလို့ရတယ်လို့ပြောတယ်... ဒါမှမဟုတ်ရင် လက်တွေ့ကျတဲ့နည်းကိုလည်း သုံးလို့ ရတယ်...ဘန်းမုန့်နဲ့ ဟင်းရည်ကို ပန်ကန်နှစ်ခုနဲ့ခွဲတည်... ပြီးတော့ ဘန်းမုန်တွေကို ဟင်းရည်ထဲ နဲနဲချင်းဖဲ့ထည့်တာမျိိုး"

ထိုအချိန်တွင် အစ်ကိုကြီးကျိုး သူ၏ညီမလေးက အမှန်တကယ် စိတ်တည်ငြိမ်နေပြီး ချက်ပြုတ်ခြင်းအတတ်ပညာကိုတတ်ပုံရကြောင်း သဘောပေါက်လာသည်။ မည်သို့ပင်ဖြစ်စေ အသွင်အပြင်နှင့် ရနံ့ကိုကြည့်မည်ဆိုပါက ဤဟင်းရည်ပန်းကန်က သိပ် ဆိုးမနေသင့်ပါချေ။

မေးထောက်၍ သူ့ကိုမျှော်လင်တကြီးကြည့်နေသောကျိုးရှီကို သူခေါင်းမော့ကြည်လိုက်၏။

နူးညံ့ပြီး အရသာရှိသော ဟင်းရည်က မြူငွေ့များဖြင့် ဝိုင်းရံထားသည်။ သူ အခိုးအငွေ့များကို မှုတ်ထုတ်ပြီးနောက် လတ်ဆတ်ပြီး မွှေးပျံ့သောရနံ့က အံ့သြဖွယ်ရာဖြစ်ပြီး နွေးထွေးသောအငွေ့ကြောင့် လူများကို လန်းဆန်းပြီး ပျင်းရိစေသည်။



Xxxxx