Chapter 127
နူးညံ့ပြီး အရသာရှိသော ဟင်းရည်က မြူငွေ့များဖြင့် ဝိုင်းရံထားသည်။ သူ အခိုးအငွေ့များကို မှုတ်ထုတ်ပြီးနောက် လတ်ဆတ်ပြီး မွှေးပျံ့သောရနံ့က အံ့သြဖွယ်ရာဖြစ်ပြီး နွေးထွေးသောအငွေ့ကြောင့် လူများကို လန်းဆန်းပြီး ပျင်းရိစေသည်။
သူ ဇွန်းကို မျှော်လင့်တကြီး ကောက်လိုက်ပြီး သိုးသားဟင်းတစ်ဇွန်းကို ခပ်ယူလိုက်သည်။ ပါးပါးညှပ်ထားသော ဘန်းမုန့်များက ပျော့ပြောင်းသည်။ သေးငယ်သော်လည်း မပြန့်ကျဲ။ ဟင်းရည်စိမ်ပြီးနောက် ၎င်းတို့သည် စိုစွတ်နေသော်လည်း အရည်ပျော်မသွားဘဲ မွှေးနေဆဲဖြစ်သည ကြည်လင်ပြတ်သားသော ကြာဇံကို ဇွန်းဘေးတွင် ချိတ်ဆွဲထားသည်။ယင်းက တုန်ခါလှုပ်ယမ်းနေပြီး ကွဲသွားသည့်အထိ ပျော့ပျောင်းပြီး ချောမွေ့ကာ သိုးသားဟင်းရည် ရွှဲနေသည်။ ဤမျှကြီးမားသော ဟင်းချိုဇွန်းကြီးဖြင့် အသံမမြည်အောင်သောက်ရခက်သည်။
ပူနွေးသောသိုးသားဟင်းရည်ထဲကို ဘန်းမုန့်စိမ်ပြီး စားသုံးလိုက်သည်နှင့် အစ်ကိုကြီးကျိုး ကြွယ်ဝပြီး ချိုမြိန်သော ဟင်းရည်ကြောင့် ထိတ်လန့်သွားသည်။ သိုးသား၏တစိမ့်စိမ့်အရသာက အလွန်ပြင်းထန်သည်။ယင်းက ဘန်မုန့်ပေါင်းနှင့် ကြာဇံထဲမှာ ဟိုပြေးသည်ပြေး ပြေးနေ၏။သိုးသားဟင်းရည်ပျစ်ပျစ်က လူတို့၏အစာစားချင်စိတ်ကို ချက်ချင်းပွင့်စေသည်။
ဟင်းရည်ကြည်ကြည်က အရသာရှိသည်။ သိုးသားကို ပြုတ်ပြီး ပါးစပ်ထဲမှာ အရည်ပျော်သည်အထိ ချက်ထား၏။ နူးညံ့သော အတုံးကြီးများ၊ အဆီများသော်လည်း မအီသော အသားများကို ဝါးလိုက်လျှင် မျက်နှာပြင်ပေါ်ရှိ ထူထဲပြီးပြည့်ဖောင်းသေယ သိုးသားအလွှာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဗိုက်ထဲသို့ မျိုချပြီးနောက် နှုတ်ခမ်းနှင့် ပါးများတွင် အရသာရှိသော သိုးသားဟင်းရည်က ပဲ့တင်ထပ်နေဆဲဖြစ်သည်။ပေါင်းထားသောဘန်မုန့်၏အရေပြားကို နူးညံ့စွာ စိမ်ထားသည်။ ကြာဇံက ဝါးရဆဲဖြစ်သည်။ ဟင်းရည်က နှံ့စပ်ပြီး ကျေနပ်စရာကောင်း၏။ ၎င်းသည် စပ်သည်၊ လတ်ဆတ်သည်၊ ငန်ပြီး ကြာရှည်စွာ အရသာရှိသည်။
ဤလတ်ဆတ်မှုနှင့် နွေးထွေးမှုအလွှာသည် လူများကို မျိုချရန် ဝန်လေးစေသော်လည်း သူ ဤသိုးသားစွပ်ပြုတ်မွှေးမွှေးတစ်ပန်ကို ဖြည်းညှင်းစွာ အရသာခံခဲ့သည်။
သိုးသားနှင့် သိုးသားအရိုးတို့၏ အနှစ်သာရနှင့် စိတ်ဝိညာဉ်ကို ဟင်းရည်တွင် ထည့်သွင်းထားသောကြောင့် ယင်းက အလွန်အချိန်ကုန်သည်။လတ်လတ်ဆတ်ဆတ် သတ်ထားသော သိုးသငယ်သားကို အရိုးများ ပျော့သွားသည်အထိ ဟင်းခတ်အမွှေးအကြိုင်များစွာဖြင့် ဖြည်းဖြည်းချင်း ပြုတ်ထားသည်။ ဟင်းရည်ပျစ်လာလျှင် ရပြီဖြစ်၏။
အစ်ကိုကြီးကျိုးက စွပ်ပြုတ်ကို ထပ်ခါထပ်ခါ တရှူးရှူးသောက်သည်။သူ့အတွက် ကျက်သရေကို အာရုံစိုက်ရန် ခက်၏။
"ဒီမှာ ကြက်သွန်ဖြူချဥ် ရှိသေးတယ်...စားကြည့်"
ကျိုးရှီ၏မသက်မသာဖြစ်မှုနှင့် စိတ်ဓာတ်ကျမှုက ပျော်ရွှင်စွာ စားသောက်နေသည့်သူ့ကို မြင်လိုက်ရသည့်အခါ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျန်းရှုယောင် သူမချက်ပြုတ်ထားသည့် အစားအစာတွေကို သူများတွေစားသည်အား ကြည့်ရှုရခြင်းကို သဘောကျကျသည်မှာ အံ့သြစရာမရှိပါချေ။အထူးသဖြင့် သူမနှင့် ရင်းနှီးသောသူများဖြစ်၏။သူ အားရပါးရစားနေသည်ကိုမြင်သည့်အခါ သူမ အတော်လေးပျော်သွားသည်။
အစ်ကိုကြီးကျိုး သူစားနေသည့်ပုံစံက အဆင်မပြေဟု ခံစားရပေမဲ့ သူ မရပ်နိုင်ပေ။ ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြပြီး တူများကိုပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
ကြက်သွန်ဖြူချဉ်က ကြွပ်၊ ချို၊ စပ်၏။ ၎င်းသည် ခံတွင်းရှိ သိုးသားအရသာကို တစ်ခါတည်း ပျော့သွားစေကာ ညှီခြင်းနှင့် အီခြင်းကို ဖယ်ရှားရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ကြက်သွန်ဖြူချဉ်တစ်ခုနှင့်ဆို အစ်ကိုကြီးကျိုး သူ နောက်ထပ် သိုးသာစွတ်ပြုတ်တစ်ခွက် ထပ်စားနိုင်မည်ဟုထင်မိသည်။
နောက်ပိုင်းတွင် သိုးသားဟင်းရည်နှင့် ကြာဇံများ ကုန်သွားသောအခါတွင် ဘန်းမုန့် အချိန်အတော်ကြာအောင် စိမ်ထားပြီးဖြစ်ကာ ဇွန်းဖြင့် မွှေလိုက်သောအခါ ယာဂုကဲ့သို့ ပျစ်လာသည်။ယင်းက ပန်းကန်လုံးအောက်ခြေတွင် စုပုံနေသည်။
သိုးသားစွပ်ပြုတ်ပန်ကန်လုံးကြီးက ဘန်းမုန့်များ စိမ်ထားသည်။ စားပြီးသည်နှင့် သူ့ဗိုက်ပူလာပြီး နဖူးမှာ ချွေးအလွှာလေးတွေ ပေါ်လာကာ ခြေလက်တွေ ဆန့်ထွက်သွား၏။
အစ်ကိုကြီးကျိုး သူ့ဗိုက်ကို ကိုင်ကာ သက်ပြင်းချလိုက်သည်။
"ညီမလေး... နင်ကအရမ်းတော်တာပဲ...ဟိုတုန်းက နင်သိုင်းပညာကို သင်ယူချင်တယ်လို့ပြောတော့ ငါတို့ညီအစ်ကိုတွေက နင်လျှောက်ဆော့နေတယ် ထင်ခဲ့ကြပေမဲ့ နင်က သင်ပြီးတဲ့အခါ မော့ပေမှာရှိတဲ့ မျိုးမစစ်လေးတွေကို အနိုင်ယူနိုင်တယ်...အခု နင်ဟင်းချက်သင်နေတာလို့ပြောတော့ ဟင်းချိုပဲချက်လာမယ်လို့ ငါထင်ခဲ့တယ်...ဒါပေမဲ့ နတ်သုဓ္ဓါလိုသိုးသားစွပ်ပြုတ်ချက်ဖို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ကျိုးရှီက ခေါင်းယမ်းလိုက်ပြီး တခစ်ခစ်ရယ်သည်။
"ငါ့လက်ရာ ဘယ်လိုလဲ...အဲဒါ ငါ့ယောက်မလေးဆီက သင်ယူခဲ့တဲ့ ပညာရပ်တစ်ခုလေးတင်ပါ"
ကျိုးရှီ၏အစ်ကိုကြီး တစ်ခုခုလွဲနေပြီဆိုသည်ကို သတိထားမိလိုက်သည်။ သူက ခေါင်းကုတ်ပြီး နားမလည်စွာ ရေရွတ်လိုက်၏။
"ယောက်မလား...မဟုတ်ဘူးး အဲဒါမမှန်ဘူး...ဒီမြို့တော်မှာ စည်းမျဉ်းတွေက အရေးကြီးဆုံးပဲ မဟုတ်ဘူးလား... အဆင့်အတန်းမြင့်တဲ့ အမျိုးသမီးတွေအတွက် ချက်ပြုတ်တာက ရေပန်းစားနေသေးသလား “
"ဘာဖြစ်လို့လဲ...မြို့တော်က အရင်အတိုင်းပါပဲ"
ကျိုးရှီက ခေါင်းငုံ့ပြီး တိုးတိုးလေးပြောသည်။
"အစကနေ အဆုံးထိ ပြောင်းလဲသွားတာက ငါပါ"
အစ်ကိုကြီးကျိုးက လူကြမ်းကြီး တစ်ယောက်ဖြစ်ပြီး ကျိုးရှီ၏ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းမှုကို သူ သတိမပြုမိပါချေ။သူက ပေါင်ကိုရိုက်ပြီးပြောသည်။
"ငါလည်းအဲ့လိုပြောမလို့ပဲ"
သူက ပျော်ရွှင်စွာ စားသောက်ပြီး စိတ်ရှုပ်ထွေးမှုကို စွန့်လွှတ်လိုက်သည်။ သူက နှုတ်ခမ်းကိုစုပ်ပြီး စိတ်လှုပ်ရှားစွာဆို၏။
"ဘန်းမုန့်ပေါင်းနဲ့ ဒီသိုးသားစွတ်ပြုတ်က တကယ်ကို အရသာရှိတယ်...အဲဒါတွေကို စားပြီးရင် နွေးသွားသလို ခံစားရတယ်... သူတို့က မော့ပေမှာရှိတဲ့ ငါတို့ရဲ့သိုးသငယ်တွေနဲ့ လုံးဝမတူဘူး... ငါတို့အိမ်က ရှင်မကလည်း သိုးသားနဲ့ချက်ပေမဲ့ ဒါနဲ့ နည်းနည်းမှတူမနေဘူး...လမ်းပေါ်က ဟာတွေက ပိုဆိုးတယ်...မော့ပေမှာ သိုးသားစားတဲ့အခါ စားတာနဲ့အော့အန်ချင်လာတယ်... မြို့တော်ကို ရောက်တဲ့အခါ စားဖူးသမျှ သိုးသားထဲမှာ အကောင်းဆုံးကိုစားရလိမ့်မယ်လို့မမျှော်လင့်ထားဘူး"
သူက ငရုတ်သီးဆော့စ်တချို့ကို တူဖြင့်ယူပြီး ပါးစပ်ထဲထည့်ကာဆိုသည်။
"ပြီးတော့ ဒီဟာ.. ဒီအနံ့က ထုံပူပူနဲ့ စွပ်ပြုတ်ပူပူနဲ့ စားလိုက်တာနဲ့ တစ်ကိုယ်လုံး ပူလာတယ်... ငါဝိုင်သောက်တာထက် တက်ကြွလာသလို ခံစားရတယ်"
သူက တူတွေကို ချလိုက်သည်။
"ညီမလေး ဒါက ဘာဆော့စ်လဲ..ဒါမှ မဟုတ်ရင် ပြန်ယူသွားရအောင် အစ်ကိုကြီးအတွက် ပုလင်းတစ်လုံး ပေးပါလား...အဲလိုဆို ဆောင်းရာသီ မခက်ခဲတော့သလို တစ်နေ့ကုန် ဝိုင်အကြောင်း စဉ်းစားစရာလိုမှာမဟုတ်–—"
သူက ရုတ်ချည်း ရပ်ပြီး ကျိုးရှီကိုကြောင်ကြည့်လိုက်သည်။
ကျိုးရှီ၏မျက်ရည်များ ဆက်တိုက်ကျဆင်းလာသည်။ မျက်ရည်များက စားပွဲ ပေါ်သို့ ရိုက်ခတ်ပြီး ချက်ချင်း ပြန့်ကျဲသွား၏။
ကြမ်းတမ်းခြင်းနှင့် ကျင့်သားရနေသော ပါးပြင်ကြီးကြီးနှင့် ယောက်ျားကြီးတစ်ယောက်က သူ့အသံကို မသိစိတ်က ညှစ်ထုတ်ကာ သတိထားပြီး ကိုင်းညွတ်လိုက်သည်။
"ညီ... ညီမလေး ဘာဖြစ်လို့လဲ"
ခုနစ်နှစ်ကြာပြီးနောက် သူမ ငိုနေသောအခါ သူချော့ခဲ့သည်။သူမက ကလေးမလေးအရွယ်တုန်းနှင့် ဘာမှခြားနားခြင်းမရှိ။
ကျိုးရှီက သူမမျက်လုံးတွေကို ဝတ်ရုံလက်နှင့် ဖြစ်သလို သုတ်လိုက်ပြီးဆို၏။
"ဘာမှမဟုတ်ပါဘူး"
အစ်ကိုကြီးကျိုးက သူမစကားတွေကို နားလည်ပုံရသည်။ဘာမှမဟုတ်ဆိုသည်က တစ်စုံတစ်ရာဟု ဆိုလိုခြင်းဖြစ်၏။
"အစ်ကိုကြီး မှားတာပါ...အစ်ကိုကြီး ဘာမှားတာလဲ...အစ်ကိုကြီး ပြောင်းပေးမယ်...မငိုနဲ့ အမေမြင်ရင် ထပ်ရိုက်လိမ့်မယ်"
ဤစကားကို အရင်က ဘယ်နှစ်ခါပြောဖူးလဲ သူမသိပေမဲ့ စာကားဆုံးသည်နှင့် သူရောက်နေသည်က မြို့တော်ဆိုသည်ကို သတိရသွားသည်။
ကျိုးရှီ၏ ဦးခေါင်း ထိပ်ပေါ်တွင် ယပ်တောင်လိုကြီးမားသော လက်ဖဝါးကို တင်ကာ တောင့်တောင့်ကြီး နှစ်ကြိမ် ပွတ်သပ်သည်။ အမာရွတ်များနှင့် ထူထဲသောအသားမာများ ပြည့်နေသော လက်ဖဝါးမဟုတ်သကဲ့သို့ အလွန်နူးညံ့ညင်သာနေ၏။
သူ့လက်ဖဝါးက အေးစက်နေသည့် ပုလဲဆံထိုးနှင့် သပ်ရပ်မြင့်မားသော ဆံထုံးကို ထိလိုက်သည်နှင့် အစ်ကိုကြီးကျိုး ဤသည်က မြို့တော်ဖြစ်ကြောင်းနှင့် ယခင်က သူတို့နှစ်ယောက် အဆင်ပြေခဲ့သည့်အချိန်က ကုန်လွန်သွားသည်မှာ ကြာပြီဖြစ်ကြောင်းမှန်း ရုတ်တရက် သတိရသွားသည်။သူ သက်ပြင်းချကာ ပြောလိုက်၏။
“နင်က အမေဖြစ်နေပြီကို ငိုနေတုန်းပဲ”
ကျိုးရှီ လည်း ရှက်သွားပြီး မျက်လုံးကို ထပ်သုတ်လိုက်သည်။
"အစ်ကိုကြီး...မဟုတ်ကဟုတ်ကစကားမပြောနဲ့...ငါမငိုဘူး"
"မော့ပေ"ဟူသော စကားလုံးကို သူမကြားလိုက်သောအခါတွင် သူမ၏ မျက်ရည်များက ထိန်းမနိုင် သိမ်းမရဖြစ်ကာ စီးကျလာခဲ့သည်။ ယခု သူမ တည်ငြိမ်သက်သွားက ရှက်စပြုလာပြန်သည်။
သူမကိုယ်သူမ ဘာမှမဖြစ်ခဲ့ပုံပေါ်အောင် အတင်းအကြပ်ကြိုးစားနေပြီး ထိုသည်ကို အမြန် ဖုံးကွယ်ထားချင်သည်။
အစ်ကိုကြီးကျိုးက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး အကြာကြီး ငြိမ်နေလိုက်သည်။ နောက်ဆုံးတွင် သူက သက်ပြင်းချကာဆို၏။
"ငါ့ရဲ့သတ္တမညီမလေး နှစ်တွေ အများကြီး အမှားပြုခံခဲ့ရတာဖြစ်မယ်"
ပေကျင်း နေရာမျိုးမှာ သူရောက်တိုင်း အမြဲစိုးရွံ့ရသည်။
သူ့မှာ မြင်းများနှင့် ဆန္ဒရှိသလို မပြေးလွှားနိုင်၊ ရန်သူများကို သတ်ရန် စစ်မတိုက်နိုင်၊ အင်္ကျီမပါဘဲ သိုင်းပညာကို မလေ့ကျင့်နိုင်၊ မရယ်နိုင် မအော်နိုင်...
မူလက ဤစကားကို သည်အတိုင်းသာမန်ကာလျှံကာ ပြောခဲ့သော်လည်း ခုနကမှ သူမမျက်ရည်များကို ဖုံးကွယ်ထားသည့်ကျိုးရှီက ရုတ်တရက် သူ့ရင်ခွင်ထဲသို့ ခုန်ဆင်းလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အစ်ကိုကြီးကျိုး ကြက်သေသေ သွားသည်။ သူ့လက်များသည် ဘာလုပ်ရမှန်းမသိ ကြောင်အကာ အေးခဲသွားသည်။
လွန်ခဲ့သည့် ခုနစ်နှစ် အိမ်ထောင်ပြုပြီးသည့်အချိန်က အစ်ကိုများနှင့်အတူ ငိုကြွေးနေသော ကလေးမလေးကဲ့သို့ သူ့လက်တွင်း၌ရှိနေသူကို ငုံ့ကြည့်လိုက်သည်။
အနှီကလေးမလေးက ငိုနေသည့်အချိန်မှာ သူမအသံက လူတွေ၏နားကို ရက်အတော်ကြာအောင် နာကျင်စေနိုင်၏။
ယနေ့ ကျိုးရှီက သူမခေါင်းကို မြှုပ်ထားပြီး အသံ လုံးဝ မထွက်ပေ။ သူမ ပုခုံးတွေ လှုပ်ခါနေသည်ကို မြင်ခါမှသာ သူမ ငိုနေသည်ကို သူသိလိုက်သည်။
အသံမထွက်ဘဲ ငိုတတ်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ညတွေနဲ့မျက်ရည်တွေ ဘယ်လောက်ရင်းနှီးခဲ့ရသလဲ ဆိုတာ ဘယ်သူသိမှာလဲ...
အစ်ကိုကြီးကျိုး သူ၏ တောင့်တင်းနေသော လက်မောင်းများကို ချလိုက်ပြီးနောက် သူမကို ညင်သာစွာ ပွေ့ဖက်ကာ ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။
သူမက မည်သူ၏မိခင်ဖြစ်သည်ဖြစ်စေ၊ ဇနီးဖြစ်သည်ဖြစ်စေ ကျိုးမိသားစု၏ လက်ထဲတွင် အမြဲရှိနေမည့် ရတနာဖြစ်သည်။
ကျိုးရှီ ပွင့်ပွင့်လင်းလင်းမငိုခဲ့ရသည်မှာ အကြာကြီးရှိနေပြီဖြစ်သော်လည်း ခဏအကြာတွင် ရပ်သွားခဲ့သည်။
ကျိုးရှီ၏အစ်ကိုအကြီးဆုံး သူမအငိုတိတ်သွားသည်ကိုမြင်မှသာ စကားပြောရဲတော့သည်။သူ၏ ဓားသဏ္ဍာန်မျက်ခုံးများက ပြောင်းပြန်ဖြစ်သွားသည်။ သူ့လက်နှင့် စားပွဲကိုရိုက်လိုက်ပြီး စားပွဲပေါ်ရှိ ကြွေခွက်များ တုန်သွား၏။
"နင့်ကို ဘယ်သူက စိတ်ဆိုးအောင်လုပ်ခဲ့တာလဲ...အဲဒီကောင်ပဲလား ဒုတိယရှဲ့"
ကျိုးရှီးက စကားမပြောသော်လည်း အစ်ကိုကြီးကျိုး အဖြေကိုသိသည်။
"ငါပြောပါတယ် ဒီမျက်နှာဖြူကျောင်းတော်သားတွေက ဘာမှကောင်းတာမရှိဘူးလို့... မိသားစုကြီးတစ်ခုက ကြီးပြင်းလာတဲ့ မြင့်မြတ်သားတော်တွေဆို ပြောမနေနဲ့"
အစပိုင်းတွင် ကျိုးမိသားစုမှ ညီအစ်ကိုများသည် ကျိုးရှီကို လက်ထပ်ခွင့်ပြုရန် ဝန်လေးခဲ့သော်လည်း သူမက သူမ၏မျက်လုံးထဲတွင် ဒုတိယရှဲ့သခင်ကိုသာ နှစ်သက်ခဲ့သည်။
အပိုတိုင်တောချက်တွေ မပြောခဲ့ပေမဲ့ အစ်ကိုကြီးကျိုး၏ စိတ်ဆင်းရဲမှုက ရှဲ့လန်အပေါ် ဒေါသထွက်မှုအဖြစ်သို့ပြောင်းသွားသည်။
ဒေါသတကြီး မတ်တပ်ထရပ်ပြီး ဝတ်ရုံလက်နှစ်ဖက်ကို လိပ်တင်ကာသူကဆိုသည်။
"ဒီကလေးရဲ့ အရေခွံကို ငါခွာမခွာ ကြည့်နေ... အစတုန်းကတော့ ကောင်းကောင်းသတိပေးခဲ့တယ်...ဒါပေမဲ့ အခု ငါ့ရဲ့ သတ္တမညီမလေးက အမှားအယွင်းပြုခံရတယ်"
ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ ကျိုးရှီ ငိုနေသရွေ့ တခြားတစ်ယောက်၏ အပြစ်သာဖြစ်၏။ယင်း နှစ်ပေါင်းများစွာကြာပြီးနောက်လည်း လုံးဝပြောင်းလဲသွားခြင်းမရှိပေ။
ကျိုးရှီက သူ့ကို အမြန်ဆွဲပြီး
"အစ်ကိုကြီး..."
"နင်ငါ့ကိုတားတော့မယ်ဆိုတာ ငါသိတယ်...တယ် ဒီကလေးအကြောင်း နင်ဘာလို့ တွေးနေတာလဲ... မျက်နှာလေးပိုချော၊ ဉာဏ်လေး ပိုကောင်း၊ စာလေး ပိုဖတ်တတ်ရုံမဟုတ်ဘူးလား"
သူ ဆက်မထိုင်ချင်တော့ပေ။
"ဒီနေ့ သူ့ကိုရိုက်ရမယ်...ဒါပဲ"
ကျိုးရှီ သူ့ကို မတားနိုင်သောကြောင့် ယခုလိုပြောရုံသာတတ်နိုင်သည်။
"အစ်ကိုကြီး သူ့ကိုရိုက်ရင် ငါဘာလုပ်ရမလဲ"
အစ်ကိုကြီးကျိုး ခဏလောက် ထိတ်လန့်သွားပြီး ကပျာကယာမေးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ ...နင်က ဘာလုပ်ရမှာလဲ"
"ငါက ရှဲ့မိသားစုရဲ့အိမ်မှာ နေရဦးမှာမဟုတ်ဘူးလား"
သူ နှုတ်ကထွက်သွား၏။
"ဘယ်ဟုတ်မလဲ...နေရမှာမဟုတ်ဘူး... နင့်အစ်ကိုအကြီးဆုံးနဲ့ မိဘအိမ် ပြန်သွားရမယ်"
ကျိုးရှီက မိဘမိသားစုကို အလွယ်တကူပြန်နိုင်သည့် သာမန်အမျိုးသမီးတစ်ယောက်နှင့်မတူဘူးဆိုသည်ကို သူနားလည်ခဲ့သည်။ သူမမိသားစုက အဝေးကြီးကမော့ပေမှာရှိ၏။သွားလိုက်လာလိုက်လုပ်လျှင်ပင် လနှင့်ချီကြာလိမ့်မည်။
သူက ခေတ္တရပ်ပြီး ခေါင်းကို စိုးရိမ်တကြီးပွတ်ကာဆိုလိုက်သည်။
"သူ မင်းကို ဘယ်လို အနိုင်ကျင့်ခဲ့တာလဲ"
ကျိုးရှီက အသက်ရှုချိန်အနည်းငယ်မျှ ငြိမ်သက်သွားပြီး နောက်ဆုံးတွင် "ကိုယ်လုပ်တော်" ဟူသော ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းကို ထွေးထုတ်လိုက်သည်။
ငြိမ်သက်သွားသော ဒေါသက ပြန်ပေါ်လာသည်။ မယုံနိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကာ သူပြောလိုက်၏။
"သူလုပ်ရဲတယ်လား...ဒီနေ့ သူ့ခြေထောက်ကို ချိုးရမှာပေါ့...မဟုတ်ဘူး၊ မဟုတ်ဘူး...နင်သွား...နင်ငါနဲ့ နင့်မိသားစုဆီ ပြန်လိုက်ခဲ့... သူနဲ့နေဖို့ ဘယ်သူက ဂရုစိုက်မှာလဲ... ငါတို့ ကျိုးမိသားစုရဲ့ သမီးက ဒီနစ်နာမှုကို မခံနိုင်ဘူး"
ကျိုးရှီကို ဆွဲပြီး ထွက်သွားသော်လည်း ကျိုးရှီက သူ့လက်မှ ရှောင်ထွက်သွားသည်။
"အစ်ကိုကြီး အဲဒါကစည်းမျဥ်းနဲ့ ဆန့်ကျင်နေတယ်"
သူ ဒေါသအလွန်ထွက်နေသော်လည်း ဒေါသမီးကိုမနည်းဖိနှိပ်ကာ မတ်တပ်ရပ်ပြီး ကျိုးရှီ၏စကားကို နားထောင်သည်။
"ကျိုးမိသားစုက သမီးနဲ့လက်ထပ်ရင် ကိုယ်လုပ်တော်ယူလို့မရဘူးလို့ဘယ်သူကမှ သူ့ကိုမပြောခဲ့ဖူးဘူး... ငါ့ကိုလက်ထပ်ရင် တစ်သက်လုံးချစ်ရမယ်လို့တစ်ယောက်ယောက်ကသူ့ကိုပြောခဲ့လို့လား "
ကျိုးရှီ၏ မျက်လုံးများက အောက်ကိုငုံ့ကြည့်ကာဆက်ပြောသည်။
"ဒါ့အပြင် ငါ့အတွက် သွားဖို့က ဘယ်လိုလုပ်လွယ်နိုင်မှာလဲ... ငါက မြို့စားရှဲ့အိမ်တော်ရဲ့ ဒုတိယသခင်မဖြစ်တဲ့ အမျိုးသမီး... အိမ်ထောင်ကျပြီး ငါ့မှာ ခုနစ်နှစ်သမီးတစ်ယောက်ရှိတယ်...ငါကလက်ထပ်ပြီး ပေကျင်း ဝင်လာတော့ ငါ့ရဲ့ရိုင်းစိုင်းမှုကို ဘယ်သူမှ သည်းခံမှာ မဟုတ်ဘူး"
"သမီး" ဟူသော စကားလုံးက အစ်ကိုကြီးကျိုးကို ငြိမ်သက်သွားစေသည်။ ဟုတ်သည်၊ ကျိုးရှီမှာ ကလေးမရှိပါက ကွာရှင်းပြီးနောက် မော့ပေကို ပြန်သွား၍ရသည်။ သို့ပေမဲ့ ယခု သူမမှာ သမီးတစ်ယောက်ရှိ၏။ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုပြီးနောက်တွင် သူမ၏မိဘအိမ်ထောင်စုကို အားအကိုးနိုင်ဆုံးဖြစ်သည်။ကျိုးရှီက ဒုတိယရှဲ့နှင့် ကွာရှင်းခဲ့ပါက သူ့တူမလေး အိမ်ထောင်ပြုသောအခါတွင် ခက်ခဲလိမ့်မည်။
သူက သန်မာသော လူတစ်ယောက်ဖြစ်သော်လည်း ကျိုးရှီ၏ စကားများက သူ့ကို တုန်လှုပ်စေခဲ့သည်။
"ဒါဆို ငါဘာလုပ်ရမလဲ"
သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး သွားတွေကို အံကြိတ်သည်။
"ဒါမှမဟုတ် ငါသူ့ကိုရိုက်လိုက်မယ်"
ကျိုးရှီက မတတ်နိုင်စွာ ရယ်မောရင်းပြောလိုက်သည်။
"အစ်ကိုကြီး... မလိုပါဘူး...အခုလည်း ငါပျော်ပျော်ရွှင်ရွှင် နေနေရပါတယ်... နေ့တိုင်း အချက်အပြုတ်သင်တယ်... တစ်ခုခု ချက်တယ်...သိုင်းပညာ လေ့ကျင့်တယ်... အားလပ်ချိန်မှာ သမီးနဲ့အဖော်ပြုတယ်...ပြဿနာမဖြစ်အောင် သူ့ကိုရှောင်တယ်"
အစ်ကိုကြီးကျိုးက မျက်မှောင်ကြုတ်ပြီး ဘာမှ မပြော။
"ငါ့မိသားစုကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ...ငါ့ဆီမှာ အမြဲတမ်း ဇွတ်တရွတ်နိုင်တဲ့ အတွေးတွေရှိတယ်... ငါအမှားပြုခံရတဲ့အခါ ငိုချင်တယ်... ငိုပြီးရင် အဆင်ပြေသွားလိမ့်မယ်"
သူမက တဖန်ရွှင်ပြလာပြန်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါဆော့စ်တွေ အများကြီး လုပ်ခဲ့တယ်...အိမ်ယူသွားပြီးမြည်းစမ်းကြည့်...ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ တခြား ပစ္စည်းတွေလည်း ရှိတယ်... တချို့ ပြန်ယူသွားလိုက်ပါ...ခဏကြာရင် လင်းမိသားစုရဲ့ခရီးသွားလှည်းတန်းက မြောက်ပိုင်းကိုသွားလိမ့်မယ်...ငါ သူတို့ကို ထပ်ပို့ခိုင်းလိုက်မယ်"
သူမမှာ စကားလုံးတွေ အများကြီးရှိပေမဲ့ သူမ ပြောမဝနိုင်ပါချေ။
"ငါကိုယ်တိုင် ဖန်တီးထားတဲ့ ဟင်းချက်နည်းတွေလည်း ရှိတယ်...သိပ်အရသာမရှိပေမဲ့ စားလို့ ရပါတယ်...လူတွေကို သွားယူခိုင်းလိုက်မယ်...ပြန်သွားပြီး ထမင်းချက်ကို စမ်းခိုင်းကြည့်... ဝိုင်လည်း လျှော့သောက်သင့်တယ်...အစ်ကိုကြီးရဲ့ခန္ဓာကိုယ်ကို ပူနွေးစေတယ်လို့ ငါ့ကို မလှည့်စားနဲ့... ငရုတ်သီးဆော့စ် ငါပေးမယ်...ဟင်းရည်နည်းနည်းနဲ့ ရောပြီး သောက်ပြီးရင် နွေးနွေးထွေးထွေး နေနိုင်လိမ့်မယ်"
အစ်ကိုကြီးကျိုး "ငါနားလည်ပြီ" ဟု ခပ်ပြတ်ပြတ်ပြန်ပြောသည်။
ကျိုးရှီက သူ့ကို အပြင်ကို လိုက်ပို့သည်။မောင်နှမနှစ်ယောက် တဖြည်းဖြည်းဝေးကွာသွားပြီးနောက် ရှဲ့လန်ထောင့်မှ ထွက်လာခဲ့သည်။ သူ ငြိမ်ငြိမ်လေး ရပ်နေပြီး ဗလာဖြစ်နေသည့် အဝင်ဝကို ကြည့်ရင်း အကြာကြီး ငြိမ်သက်နေခဲ့သည်။
[ET/N- ဤစွပ်ပြုတ်သည် Shaanxiအစားအစာ၏ အထူးထုတ်ကုန်ဖြစ်ပြီး Xi'an မြို့တွင် စားလေ့ရှိသော အစားအစာတစ်ခုဖြစ်သည်။ ၎င်းသည် လှီးဖြတ်ထားသော တဆေးပါ ဘန်းမုန့်ပူပူနွေးနွေးစတူးဖြစ်ပြီး သိုးသားဟင်းရည်ထဲမှာ ချက်ပြုတ်၍ သိုးသားဖြင့် တည်ခင်းကာ တစ်ခါတစ်ရံ အမဲသားဖြင့် အစားထိုးလေ့ရှိသည်။ ]
Xxxxxx