အပိုင်း ၁၂၉
Viewers 18k

Chapter 129


အရှိန်တင်ပြီး သွက်သွက်လက်လက်တိုးဝင်သွားချိန်မှာ အလယ်ကိုရောက်သည်နှင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ ငိုသံကြားလိုက်ရသည်။

"မင်းတို့ အရမ်းအနိုင်ကျင့်တယ်... မြို့နယ် စာမေးပွဲမှာ လူတိုင်းက ဘန်းမုန့်စားနေကြတာ၊ မင်းတို့နှစ်ယောက်ပဲ ခေါက်ဆွဲပြုတ်စားနေတာ...ငါက အရမ်းဗိုက်ဆာနေတာ...မေးခွန်းတွေဖြေဖို့ ဘယ်လိုအာရုံစိုက်နိုင်မှာလဲ"

"မင်း ငါတို့ကို အပြစ်တင်လို့ မရဘူး"

ရှဲ့ရယ်၏အသံ ထွက်ပေါ်လာသည်။

"ဒါ့အပြင် အလောင်းအစားလုပ်ချင်တဲ့သူက မင်းပဲ... ငါတို့က သဘောတူလိုက်တယ်...မင်းကတခြားဘာလိုချင်နေတာလဲ"


ငိုနေသည့်အသံက အနည်းငယ်ပိုကျယ်လာပြီး
"ငါရှုံးတယ်ကွာ... ငါက စာကျက်တာတင်မကဘူး၊ ရန်ဖြစ်တာပါ မင်းတို့ကိုရှုံးခဲ့တယ်...ဝူးဝူးဝူးဝူး...မင်းတို့ အရမ်းများတယ်"

ကျိုးရှီ သူမရှေ့မှ "ပြဿနာကောင်"ကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

တစ်ဖက်လူက ငိုနေသဖြင့် ရှဲ့ဟောင် စိတ်မသက်မသာနှင့် ပြောလိုက်၏။

"မင်းက မင်းရဲ့ ကျောင်းစာတော်တာကို အားကိုးပြီး အကယ်ဒမီမှာ တနေကုန် ဂဏန်းသွားသွားတယ်... ငါတို့ ညီအစ်ကိုတွေက မင်းကို ဒေါသထွက်နေတာ နှစ်အတော်ကြာပေမဲ့ ဘာမှ မပြောကြဘူး... ကိုယ့်ကိုယ်ကိုယ် လောဘကြီးပြီး စာမေးပွဲကို ကောင်းကောင်းမဖြေနိုင်ခဲ့တာ... မင်းအဆင့်ကျတာကို မင်းက ငါတို့ကို အပြစ်တင်နေသေးတယ်...နောက်ပြီး ငါတို့ စာမေးပွဲမအောင်နိုင်ဘူးပေါ့.. ငါတို့က မင်းကို လုယက်သလိုမျိုး မင်းဘယ်လိုပြောနိုင်တာလဲ"

တဖက်လူက အသက်ရှူမှားအောင်ငိုနေသည်။

"ဝူးဝူးဝူးဝူး... မင်းတို့က ငါ့အဆင့်ကိုအလစ်သုတ်ရုံတင်မကဘူး...ငါ့ကိုလည်း စားခွင့်မပြုဘူး"

ရှဲ့ရယ်က "မင်းကို ဘယ်သူက မစားခိုင်းမှာလဲ... ဒီမှာ စား" ဟု ရေရွတ်လိုက်သည်။သူက ငိုနေသောကောင်လေး၏ရှေ့သို့ သူ့ပန်းကန်ပြားကိုတွန်းပြီး ခြိမ်း​ခြောက်လိုက်၏။

"ကောင်းပြီ... ငို... ငို...ထပ်ငို...ငါတို့မင်းကို ရိုက်မှာ သတိထား--အာ့"

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့ နားရွက်အဆွဲခံလိုက်ရကြသည်။ သူတို့က မော့ကြည့်ကာ အော်လိုက်ကြ၏။

"ဘယ်သူလုပ်တာလဲ"

ကျိုးရှီက အမှုအယာမဲ့စွာဆိုသည်။

"ငါပဲ"

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့ ညီအကို ဆွံ့အနေကြသလို ၎င်းတို့၏ အတန်းဖော်များသည်လည်း ဆွံ့အကုန်ကြသည်။ ငိုနေသော ချန်ရှုကျူးပင် ရှိုက်သံ တန့်သွားသည်။

ခုနက လူတစ်ယောက်ကို ရိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်ရှဲ့ရယ်က အင်မတန် ယဥ်ကျေးလာသည်။

"ဒုတိယအဒေါ်"

ကျိုးရှီက မတုန်မလှုပ်နှင့် သူတို့ကို အပြင်ဆွဲခေါ်သွားသည်။

"မင်းတို့အမေကိုတွေ့ဖို့ ငါ့နောက်လိုက်ခဲ့"

"မလုပ်နဲ့"

သူတို့ အလျင်အမြန် အသနားခံကြသည်။

“မလုပ်ပါနဲ့ ...အမေသိရင် ဒေါသအရမ်းထွက်လိမ့်မယ်... တစ်ခုခုမှားသွားလို့ အဘွားသိရင်--”

လမ်းတစ်ဝက်မှာ သူတို့သုံးယောက် ကြ က်သေသေ သွားကြသည်။

သခင်မကြီးက လမ်းပေါ်မှာ ရပ်နေ၏။ သူမ တိတ်တဆိတ် လစ်ထွက်တော့မည်ဖြစ်သော်လည်း လမ်းလယ်ရောက်သည်နှင့် သူတို့နှင့် တွေ့လိုက်ရသည်။

ဆောင်းဦးလယ်ပွဲတော်မတိုင်မီ ရက်အနည်းငယ်အလိုတွင် လမ်းဘေးအစားအစာဈေးသည် အလုပ်များနေသည်။ အေးချမ်းပျော်ရွှင်သော ပျားပမ်းခပ်သွားလာနေမှုများကြားတွင် လူလေးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လေထုသည် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားခဲ့သည်။

ကျိုးရှီနှင့်သခင်မကြီးက ကျိုးရှီ၏ ရထားလုံးပေါ်တက်ခဲ့ပြီး ရှဲ့ရယ်နှင့်ရှဲ့ဟောင်တို့က သခင်မကြီး၏ရထားလုံးပေါ်တက်ခဲ့ကြသည်။ ရထားလုံးနှစ်စီးက အလွန်တိတ်ဆိတ်သောလေထုဖြင့် ရှဲ့အိမ်တော်ဆီသို့ မောင်းနှင်လာခဲ့သည်။

အိမ်တော်တံခါးဝသို့ လှမ်းဝင်လာသောအခါ လူတိုင်းက ရှဲ့အိမ်တော်က ယခင်ကနှင့်မတူဟု ရုတ်တရက် ခံစားလိုက်ရသည်။

လမ်းက သည်လမ်း၊ သစ်ပင်တွေက သည်သစ်ပင်တွေပဲဖြစ်နေဆဲဖြစ်သော်လည်း ဖြတ်သွားသည့်လူတွေက ပြုံးရွှင်ပြီး ရွှင်မြူးနေကြသည်။

ယနေ့ လမ်းဘေး အစားအစားဈေးမှာ အကုန်လုံး အချင်းချင်းဝင်တိုးမိခဲ့ကြသည်။တစ်ယောက်ချင်းစီမှာ လိပ်ပြာမလုံစိတ်ကိုယ်စီ ရှိကြပေမဲ့ အားလုံးက ၎င်းကို မဖော်ပြရန် ရွေးချယ်ခဲ့ကြသည်။

ကျိုးရှီ နှင့် သခင်မကြီးတို့ ရထားလုံးပေါ်မှာ စကားတစ်ခွန်းမှ မပြောခဲ့ဘဲ စံအိမ်သို့ ရောက်သောအခါတွင် ပို၍ သက်တောင့်သက်သာ ခံစားရလေသည်။ ကျိုးရှီ သခင်မကြီး နောက်သို့ လိုက်သွားခဲ့ကာ သူမ ပတ်ဝန်းကျင်ကို ပိုကြည့်လေလေ၊ တစ်ခုခု မှားနေပြီဟု သူမ ခံစားရလေလေဖြစ်သည်။သည်အတိုင်း တိတ်တဆိတ်ရပ်ပြီး အစေခံတစ်ယောက်ကိုမေးလိုက်သည်။

"ဒီနေ့ဘာဖြစ်နေတာလဲ...အိမ်မှာပျော်စရာအဖြစ်အပျက်များရှိနေလား"

ထိုလူက လေးလေးစားစားပြန်ဖြေသည်။

"ဒုတိယသခင်မကို ဖြေကြားပါတယ်... တတိယသခင်မက ဆောင်းဦးလယ်ပွဲတော်မလို့ ဒီနေ့ ငွေဆုလာဘ်တွေ ထုတ်ပေးခဲ့ပါတယ်"

ကျိုးရှီက ခေါင်းညိတ်သည်။အစေခံများကို ဆုချီးမြှင့်သည့်အတွက်ကြောင့် ပျော်ရွှင်သည်က ပုံမှန်ပါပင်။

သူမ ထွက်ခွာခါနီးတွင် တစ်ယောက်ယောက်ကဆက်ပြောသည်ကိုကြားလိုက်ရသည်။

"တတိယသခင်မက မနက်ဖြန်မှာ တာဝန်မကျတဲ့သူတွေ အိမ်ပြန်ပြီး ဆောင်းဦးလယ်ပွဲတော်မှာ မိသားစုနဲ့အတူ ဖြတ်သန်းနိုင်မယ်လို့လည်းပြောခဲ့ပါတယ်"

ကျိုးရှီ တခဏတာ အံ့အားသင့်သွားပြီး ထိုလူလက်ထဲတွင် ကိုင်ဆောင်ထားသော အိတ်ကို ငုံ့ကြည့်လိုက်မိသည် သူ့ပျော်ရွှင်မှုသည် ငွေဆုလာဘ်ကြောင့်မဟုတ်ဘဲ ဆွေမျိုးများနှင့် ပြန်လည်ပေါင်းစည်းရန် အိမ်ပြန်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

သူမရင်ထဲမှာ ခဏတာ အဆင်မပြေမှုတစ်ခု ရှိနေသည်။ အစေခံကို ခေါင်းညိတ်ကာ သွားခိုင်းလိုက်ပြီး သခင်မကြီးနောက်ကနေ ပင်မဝင်းဆီ လိုက်သွားသည်။

ခြံဝင်းအတွင်းကို ခြေချလိုက်သည့်အခါ မီးအိမ်တွေပြည့်နေသည့် သစ်ပင်များကြောင့် ငေးမောကြည့်နေမိသည်။

ရှဲ့အိမ်တော်ရှိ မီးပုံးများသည် ညဘက်တွင် အမြဲတောက်ပနေသော်လည်း ယခင်က ဤကဲ့သို့ တစ်ခါမှမဖြစ်ခဲ့ဖူးပါချေ။မီးပုံးပုံစံများစွာရှိပြီး အလင်းစက္ကူသည် အလွန်ပါးလွှာသောကြောင့် မီးပုံးများကို အလွန်တောက်ပစေသည်။ တောက်ပသော အဖြူရောင်အလင်းရောင်သည် သစ်ပင်ထိပ်များကို နွေးထွေးသောအရောင် ဆေးဆိုးပြီး မြေပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ရောင်ခြည်တို့ ပြန်ကျဲနေစေသည်။ လမ်းတစ်လျှောက်တွင် အရောင်မျိုးစုံရှိသော မီးပုံးများဖြင့် ဖုံးအုပ်ထားပြီး မှုန်ဝါးဝါး ဝိုးတဝါး အလင်းရောင်နှင့် အရိပ်ကမ္ဘာကို ရောယှက်ကာ လှည့်ပတ် ယိမ်းနွဲ့နေသည်။

ကျိုးရှီ မီးပုံးများနောက် မသိစိတ်ဖြင့် လိုက်သွားပြီး လမ်းတစ်လျှောက် မီးရောင်များက သူမကို မှင်တက်စေခဲ့သည်။

မှိန်ဖျော့ဖျော့အလင်းရောင်နှင့် အရိပ်ကို အချိန်အကြာကြီး ကြည့်နေသည်က သေမျိုးကမ္ဘာနှင့် ဝေးကွားနေသည့် အထီးကျန်မှုမျိုးကို ခံစားရ၏။ အပြင်ဘက် ခြံဝင်းအတွင်းမှ လူများက တက်ကြွ ရွှင်မြူးစွာ အိမ်ပြန်ကြပြီး အတွင်းခြံဝင်းကမူ အလွန် တိတ်ဆိတ်နေပုံပေါ်သည်။ကျိုးရှီ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်၊ သူမ၏ နှလုံးသားသည် ဗလာဖြစ်နေပြီး သူမ၏ ခြေထောက်များက လေထဲတွင် လွင့်နေသကဲ့သို့ ခံစားရသည်။

ခေတ္တရပ်ပြီး လှည့်ကြည့်လိုက်ရာတွင် သခင်မကြီးနှင့် ဘယ်အချိန်က လူကွဲသွားမှန်းမသိ။

သူမ သတိလက်လွတ်ငေးရင်း မီးပုံးများနှင့်အတူ လျှောက်သွားနေမိပုံရသည်။

ရှုပ်ထွေးပြီး တောက်ပနေသော မီးပုံးများကို ကြည့်ရင်း ခေါင်းငုံ့ကာ လှည့်၍ ဒုတိယအိမ်တော်ခွဲဆီသို့ ဦးတည်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက်ပင် ရွှင်ပျနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကူ...ငါ့ကို ကူပေး"

အသံ၏ဦးတည်ရာကို သူမ ကြည့်လိုက်သည့်အခါ ကျန်းရှုယောင်နားမှာ အစေခံ နှစ်ယောက် လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းရှုယောင်က သူမ၏ စကတ်ကို လက်ထဲတွင် မထားပြီးသစ်သားလှေခါးပေါ်သို့ တက်တော့မည်ပြုနေသည်။

ရှဲ့ရွှင်းက ကူကယ်ရာမဲ့ နောက်ကလိုက်ကာဆိုသည်။

"အစေခံတွေကို ချိတ်ခိုင်းလိုက်ပါ... မင်း မီးပုံးတွေအများကြီး ချိတ်ပြီးပြီကို ချိတ်ချင်နေတုန်းပဲလား"

ကျန်းရှုယောင် သူမအစေခံများ၏ ကြောက်ရွံ့မှုကို လျစ်လျူရှုကာ သစ်သားလှေကားပေါ်သို့ တက်ပြီး ခေါင်းလှည့်၍ဒေါသဟန်ဆောင်သည်။

"ဘာလို့လဲ.... ကြည့်လို့ကောင်းတယ်မဟုတ်ဘူးလား"

ရှဲ့ရွှင်းက သစ်သားလှေကားအောက်မှ လက်နှစ်ဖက်ကို ဖြန့်ကာ သူမကို အကာအကွယ်ပေးရင်း အားမပါစွာပြောလိုက်သည်။

"ကြည့်ကောင်းတယ်... ကြည့်ကောင်းတယ်၊ ဒါပေမဲ့ ... သိပ်များလွန်တယ်လို့ မထင်ဘူးလား... တစ်အိမ်လုံးအနှံ့ပဲ"

ကျန်းရှုယောင် အစေခံ၏ လက်မှ မီးပုံးကိုယူကာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲရန် ပြင်ဆင်သည်။ သူမ ခေါင်းကို လှည့်လိုက်သောအခါ သူမ၏ မျက်လုံးများသည် ကျိုးရှီ၏မျက်လုံးများနှင့် ဆုံသွားသည်။

ရှဲ့ရွှင်းက သစ်သားလှေကားအောက်တွင် စိုးရိမ်တကြီး ကြည့်နေခဲ့ပြီး သူမ၏ လှုပ်ရှားမှု ရပ်တန့်သွားသည်ကို သူမြင်လိုက်သောအခါတွင် သူမကိုကူချပေးရန် အမြန်ထလိုက်သည်။

ကျန်းရှုယောင် သူ့ကို လျစ်လျူရှုလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးဖြင့် သူမ အဝေးမှ ကျိုးရှီကို လက်ဝှေ့ယမ်းကာခေါ်လိုက်၏။

"ဒုတိယယောက်မ"

ရှဲ့ရွှင်း လန့်သွားပြီး လှေကားပေါ်မှ ကျန်းရှုယောင်ကို မထိန်းနိုင်လုနီးပါးဖြသွားသည်။

"သတိထားဖို့ ပြောခဲ့တယ် မဟုတ်လား"

ကျန်းရှုယောင်က မီးပုံးကို အိမ်အကူထံ ပြန်ပေးလိုက်ပြီး သူမ၏စကတ်ကို လက်ထဲကိုင်လျက် သစ်သားလှေကားမှ ရုတ်တရက် ခုန်ဆင်းသွားသည်။

၎င်းကိုမြင်သောအခါ ရှဲ့ရွှင်းက သူမကို ကာကွယ်ရန် သူ့လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး စိတ်ဆိုးကာ ခြေဆောင့်လိုက်သည်။

အစေခံများလည်း အတော်လေး အကူအညီမဲ့နေသည်။သခင်မက လူ့အရပ်အမြင့်တစ်ဝက်လောက်အထိ တက်ထားခဲ့သည်။ သူမဘာလို့သတိမထားတာလဲ...

ကျန်းရှုယောင်ကို မြေပြင်ပေါ်တွင် ဘေးကင်းစွာ တွေ့လိုက်ရပြီးနောက် ရှဲ့ရွှင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ ရုတ်တရက် သူ့အမူအရာ ပြောင်းသွားသည်။ကျိုးရှီကို အေးအေးဆေးဆေး နှုတ်ဆက်လိုက်သည်။

"ဒုတိယမရီး"

သူက နှုတ်ခွန်းဆက်စကား ပြောသည်နှင့် တစ်ချိန်တည်းမှာပင် ကျန်းရှုယောင်က သူမ၏ စကတ်ကိုမကာ ကျိုးရှီ ဆီသို့ ပြေးနေပြီဖြစ်သည်။

"ဒုတိယယောက်မ မြန်မြန်လာ...ကျွန်မနဲ့လိုက်ခဲ့"

သူမ ပြေးလာနေပြီး သူမ၏ မျက်လုံးများက ပြန့်ကျဲနေသော မီးရောင်များဖြင့် ပြည့်နေကာ ရွှန်းလက်တောက်ပနေသည်။ သူမက ပြုံးပြီး ကျိုးရှီ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်ကာဆိုသည်။

"ယောက်မကိုရှာဖို့ ဒုတိယအိမ်တော်ခွဲကို ကျွန်မသွားခဲ့တယ်... ဒါပေမဲ့ယောက်မ ပြန်မလာသေးဘူးလို့ ပြောကြတယ်... ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ"

ကျိုးရှီ၏ ဗလာကျင်းနေသော နှလုံးသားသည် တခဏချင်း ပြည့်လာကာ သူမကို အိပ်မက်လို အလင်းရောင်များ ပြည့်နှက်နေသော ကမ္ဘာမှ လက်တွေ့ကမ္ဘာထဲသို့ ပြန်ဆွဲထုတ်သွားသည်။

သူမ မပြင်ဆင်ထားမိသဖြင့် ကျန်းရှုယောင်က သူမကိုယိုင်သွားစေသည်။

ကျန်းရှုယောင်က အမြန်လှည့်လိုက်ချိန်တွင် ကျိုးရှီက တခစ်ခစ် ရယ်လိုက်သည်။

"ဒုတိယ ယောက်မ..."

ကျိုးရှီက ရုတ်တရက် ထရယ်သည့်အတွက် ကျန်းရှုယောင် စိတ်ရှုပ်ထွေး သွားသည်။

ကျိုးရှီက ပြုံးပြီး ဘာမှ မပြောပါချေ။

ကျန်းရှုယောင် နားမလည်သော်လည်း သူမ ဘာမှ မမေးခဲ့ပေ။ သူမက ကျိုးရှီကို ရှေ့ဆွဲလိုက်ပြီး
"ကျွန်မမှာ ပါဝင်ပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်နေပြီ...ဒီညနေကို ပျော်ရွှင်ဖို့အတွက် လမုန့်လုပ်ကြရအောင်... မနက်ဖြန်မှဆယ့်ငါးရက်ဖြစ်ပေမဲ့ ဒီနေ့လကပြည့်နေပြီ"

ကျိုးရှီ ကောင်းကင်ကို ကြည့်လိုက်သည့်အခါ လရောင်က အတော်လေး တောက်ပနေသည်ကို တွေ့လိုက်ရ၏။ အိမ်မှာရှိသည် မီးပုံးတွေကို ဖိနှိပ်ရန် လုံလောက်သည်။

"မနက်ဖြန်က ဆောင်းဦးလယ်ပွဲတော်လေ... နေ့ခင်းဘက်ဆို လမ်းဘေးအစားအစာဈေးမှာ လူတွေ လမုန့်လုပ်တတ်အောင် သင်ပေးကြမယ်၊ ပြီးရင် ညနေ နေကျရင် လကို ရှုစားဖို့လမုန့်စားဖို့ ပြန်လာကြမယ်...ဘယ်လိုထင်လဲ"

ကျိုးရှီက ခေါင်းညိတ်ပြီး
"နင့်အမေနဲ့ ငါ လမုန့်ရောင်းဖို့ တိကျတဲ့နည်းလမ်းကို မဆွေးနွေးရသေးဘူး...နေ့ခင်းဘက်လုပ်တယ်၊ညဘက်မှာ ရောင်းလို့ရမလား"

ကျန်းရှုယောင်က ပဟေဠိဆန်စွာပြောသည်။

"လမုန့်ရောင်းဖို့ မစီစဉ်ထားဘူး... လမုန့်တွေက သကြားအများကြီးလိုတယ်...သကြားက ဈေးကြီးတဲ့အတွက် လူတွေက ဝယ်ဖို့ ဝန်လေးနေကြတယ်... အဲဒါကို ပြန်ယူပြီး သူတို့မိသားစုနဲ့ မျှဝေခိုင်းလိုက်မယ်လေ"

သူမက မျက်လုံးများကွေးညွတ်နေအောင်ပြုံးကာ
"ဆောင်းဦးလယ်ပွဲတော်အတွက် သူတို့ရဲ့ အပိုဆုဖြစ်တဲ့ လမုန့်တွေကို ပေးလိုက်ပါ...ကံကောင်းဖို့ပဲ... ဒါကြောင့် ပိုက်ဆံမရှာဘဲနေရအောင်"

ကျိုးရှီ အနည်းငယ် မှင်သက်သွားသော်လည်း ကျန်းရှုယောင်က သူမအား ခြံဝင်းဆီသို့ ခေါ်သွားခဲ့သည်။

ကျယ်ဝန်းသော ခြံဝင်းထဲတွင် စားပွဲနှင့် ကုလားထိုင် အမျိုးမျိုးရှိသည်။ ပန်းကန်ခွက်ယောက်များ အပြည့်နှင့် အမြင့်နှင့် အနိမ့် စားပွဲများရှိပြီး အကြီးဆုံး စားပွဲပေါ်တွင် စဥ်းတီပြားကြီး တစ်ခုရှိသည်။

ကျန်းရှုယောင်ကဆိုသည်။
"ကျွန်မမှာ ပါဝင်ပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်နေပြီ... လက်ဆေးပြီးရင် လမုန့် အတူတူ လုပ်ကြရအောင်"

သူမစကားပြီးသောအခါတွင် သူမက စိတ်လှုပ်ရှားမှုကို အာရုံစိုက်နေပြီး ကျိးရှီ၏ ထင်မြင်ချက်ကိုမေးရန် မေ့သွားမှန်းသတိထားမိသွား၏။

"ဒီည ယောက်မ မှာအချိန်ရှိလား...တစ်ခုခုရှိရင် ထားလိုက်ပါ"

"ဒီည ငါကတခြား ဘာလုပ်ရမှာလဲ"

ကျိုးရှီက ပြုံးပြီး ခေါင်းခါလိုက်ကာ ကျန်းရှုယောင်နှင့် သူမလက်တွေကို ဆေးကြောရန် သွားလိုက်သည်။

ပြန်လာပြီးနောက် နှစ်ယောက်သား စားပွဲဝိုင်းများကြားသို့ တိုးဝှေ့ဝင်ကာ လမုန့်လုပ်ကြသည်။

ကျန်းရှုယောင်က ချွန်ထက်သော တောင်ကုန်းသဏ္ဍာန် ဂျုံမှုန့်များဖြင့် ပြည့်နေသောသစ်သားအင်တုံကြီးကို ယူလာခဲ့ပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ဆီ၊ ပျားရည်၊ သကြားတို့ကို လောင်းထည့်ပြီး အညီအမျှ မွှေပေးလိုက်၏။ ဂျုံမှုန့်က နူးညံ့သော အဝါရောင်အတုံးများအဖြစ်သို့ ပြောင်းလဲပြီးနောက် အဆင်သင့်ဖြစ်ပြီဖြစ်၏။

ဂျုံမှုန့်ကို ဆီနှင့် ပျားရည်ဖြင့် ညင်သာစွာ ဆုပ်နယ်ပြီး အလုံးလေးများဖြစ်သည်အထိ လက်ဖြင့် ညင်သာစွာ မွှေရသည်။ကျိုးရှီက ဤကဲ့သို့သော "ကာယအလုပ်" ကိုလုပ်ဖို့ အမြဲဒုန်းဆိုင်းနေတတ်သည်။ သူမက ကျန်းရှုယောင်ကို တွန်းဖယ်ပြီး မုန့်နယ်ခြင်း လုပ်ငန်းကို လုယူလိုက်သည်။

မုန့်နယ်သည်ဖြစ်စေ၊ မုန့်နယ်နေသည့်သူတစ်ယောက်ကိုကြည့်သည်ပဲဖြစ်စေ စိတ်ဖိစီးမှုကို သက်သာစေသည်ဟု ကျန်းရှုယောင် အမြဲတမ်းထင်မြင်နေမိသည်။

ကျိုးရှီက သူမ၏ ခန္ဓာကိုယ်အလေးချိန်ကိုသုံးရသည်အား နှစ်သက်သော ကျန်းရှုယောင်ကဲ့သို့ မုန့်စိမ်းကို မဆုပ်နယ်ပါချေ။ သူမ၏လက်များက လုံလုံလောက်လောက်အားရှိပြီး ပေါ့ပါးလှသည်။ မုန့်စိမ်းက သူမ၏လက်အောက်တွင် ပျော့ပျောင်းနေပုံရပြီး ခဏအကြာတွင် ချောမွေ့သော မုန့်ညက်တစ်ခုအဖြစ် ဆုပ်နယ်ခဲ့သည်။

မုန့်ညက်၏မျက်နှာပြင်သည် ရွှေအိုရောင်ရှိပြီး အဆီပြန်နေသလို တောက်ပြောင်ကာ ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး မျက်လုံးစိပသာဒဖြစ်စေသည်။

ကျန်းရှုယောင် ပြီးလုနီးပါးဖြစ်သည်ကိုတွေ့ရာတွင် ပြောလိုက်သည်။

"ရပြီ... အဲဒါကို ဘေးမှာထားပြီး ခဏစောင့်ပါ"

ကျိုးရှီက သူမ၏အလုပ်ကို ရပ်တန့်လိုက်ပြီး လှည့်ကာ သူမ၏လက်ကို ထပ်မံသွားဆေးလိုက်သည်။

ရှဲ့ရွှင်းကမူ သူ့ဘေးနားက စိတ်လှုပ်ရှားမှုကို ကြည့်ပြီးဆို၏။

"မုန့်က ဒီလိုမျိုး လုပ်ထားတာလား"

ကျန်းရှုယောင်က ပြောလိုက်သည်။

"ဟုတ်တယ်...လုံးဝအတူတူတော့ဖြစ်မှာမဟုတ်ဘူး"

ရှဲ့ရွှင်းက ခေါင်းညိတ်ပြပြီး စားပွဲပေါ်ရှိ မျက်စိဖမ်းစားဖွယ်ခင်းကျင်းထားသော ဌာပနာများကို ကြည့်ကာမေးလိုက်သည်။

"ဌာပနာတွေကရော... ဒီနေ့ ဘာတွေဌာပနာမှာလဲ"

"တရုတ်ဇီးသီးအနှစ်၊ ပဲအနှစ်တွေဌာပနာတဲ့ လမုန့်အချိုတွေရှိသလို ဝက်သားမျှင်၊ ဥအနှစ်၊ ဝက်ပေါင်ခြောက်နဲ့ ဆားပါတဲ့ လမုန့်အငန်တွေလည်းရှိတယ်... ဒီပန်းကန်လုံးက ၊ကြာစေ့၊ သကြား၊ ဆီနဲ့ လုပ်ထားတဲ့ ကြာစေ့အနှစ်ဌာပနာ...အဲဒီပန်းကန်တွေက သစ်ကြားသီး၊ ဗာဒံစေ့၊ မြေပဲ၊ ဖရဲစေ့နဲ့ နှမ်းတွေ... ခဏကြာရင် ရောမွှေပြီး အတုံးသေးသေးလေးတွေ လှီးပြီး သကြားထည့်ငါးစေ့လမုန့် လုပ်လို့ရတယ်... တစ်ချို့လူတွေက မကြိုက်ပေမဲ့ ကျွန်မကတော့ အရသာကောင်းတယ်လို့ထင်တယ်"

"ငါးစေ့"

"ငါ ဒီနာမည်ကို ကြိုက်တယ်... စေတနာ၊ ဖြောင့်မတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ဉာဏ်ပညာနဲ့ သဒ်ဓါတရား... ကြားရတာ အရမ်းနာပျော်ဖွယ်ရှိတယ်"

[ET/N- အကြောင်းအရာအပေါ် အခြေခံ၍ ကွဲပြားသော အခြားတရုတ်စကားလုံးများဖြစ်သည်။ (ဖျင်ယင်း- W rn yubng) သည် "ငါးစေ့လမုန့်" ဟု အဓိပ်ပါယ်ရသော်လည်း (rn) ဟူသော စကားလုံးမှာ စေတနာကို ဆိုလိုသည်။]

ကျန်းရှုယောင် သူ့ကို ရယ်လိုက်သည်။

"ဒါဆို လုပ်ပြီးရင် ရှင်တစ်ယောက်တည်း အကုန် စားရမယ်"

ရှဲ့ရွှင်းကဆိုသည်။

"ကောင်းပြီ"

သူက တခြားစားပွဲကို လက်ညှိုးထိုးပြပြီး "ဒါဆို ဒါဘာတွေလဲ"ဟု စပ်စပ်စုစုမေးသည်။

ကျန်းရှုယောင်က သူ့ကိုတစ်ခုချင်းပြသည်။

"ဒါက ချိုမွှေးကွေ့ဟွားပန်း(ပင်လုံးကြိုင်ပန်း)၊ဒါ ဇီးသီးစိမ်း၊ ဒါကဟော်သွန်းကိတ်မုန့်၊ဒါကလိမ္မော်ခွံသကြားလုံး ၊ ဒါက ဆောင်းဖရဲသီး သကြားလုံး စားဖူးလား...စားကြည့်ချင်လား"

ရှဲ့ရွှင်းက မည်သို့သဘောမတူနိုင်ဘဲနေမည်နည်း။ကျန်းရှုယောင် သူ့ကို ခွံကျွေးမည်ကို စောင့်မျှော်ရင်း သူ့ပါးစပ်ကို သဘာဝအတိုင်း ဖွင့်လိုက်၏။

ဤနေရာတွင် တူအပိုများ မရှိပါချေ။ ကျန်းရှုယောင် သူမ၏လက်ကို တစ်ဖန်ဆေးကြောပြီး လက်နှင့် တိုက်ရိုက်ကောက်ယူကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရှဲ့ရွှင်းက စားပွဲရှေ့မှာ လက်နှစ်ဖက်ကိုကျောပစ်၍ ရပ်နေပြီး ဝါးရင်းနှင့် ခေါင်းညိတ်ပြကာဆိုလိုက်သည်။

"တကယ်ကို ချိုတယ်... အင်း မဆိုးဘူး"

သူ၏ အေးစက်သော မျက်နှာနှင့် အစားမင်နေသော ပုံစံက ကျန်းရှုယောင်ကို ရွှင်မြူးစေသည်။

"လူတော်တော်များများက ဆောင်းဖရဲသကြားလုံးကို မုန်းကြတယ်"

ရှဲ့ရွှင်းက မျက်မှောင်ကြုတ်ပြီး အတော်လေးနားမလည်နိုင်ဖြစ်သွားသည်။

"ဒီလူတွေက ဘာလို့ အရာအားလုံးကို မုန်းနေကြတာလဲ...သူတို့က တကယ်ဇီဇာကြောင်တာပဲ"

သူပြောပြီးသည်နှင့် သူ့ပါးစပ်ထဲတွင် ကျန်ခဲ့သော ချိုမြိန်မှုကိုအရသာခံကာ "နောက်တစ်ခု" ဟု ပြောလိုက်သည်။

ကျန်းရှုယောင်က သူ့ပါးစပ်ထဲကို တစ်ခုထပ်ပြီး ခွံ့လိုက်သည်။

သူ့မျက်လုံးများက မှေးစင်းသွားကာ ဆောင်းဖရဲသကြားလုံး၏ ချိုမြိန်မှုကို ကျေနပ်နေလေသည်။


Xxxxx