အပိုင်း ၁၃၁
Viewers 18k

Chapter 131




"နောက်နှစ်အနည်းငယ်ကြာရင် ဒီလိုဖြစ်လာလိမ့်မယ်"

ယခုလိုပြောသည့်အချိန်မှာ ရှဲ့ရွှင်းက ဖိအားကိုတိုးလိုက်ရာ ရှဲ့ရယ်သက်ပြင်း ရှိုက်မိသွားပေမဲ့ သူ မအော်ဝံ့ပါချေ။ သူ့လည်ချောင်းထဲက အသံကိုထိန်းပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။

ရှုရှီက ကျန်းရှုယောင်၏စကားကို သဘောကျသွားပြီး ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။

"မင်းယောကျာ်းကို ဘာပြောလိုက်တာလဲ"

"ကျွန်မ ဘာမှ မပြောပါဘူး"

ကျန်းရှုယောင်က ပြုံးပြီး
"ဒါက ဒီအရွယ် ကလေးတွေ လုပ်တတ်တဲ့အရာလိုပဲထင်ရုံပါ...ယောက်မ အရမ်း တင်းကြပ်မနေပါနဲ့"

ရှုရှီက ခေါင်းယမ်းလိုက်သည်။ သူမ ၏ဒေါသတွေ လုံး၀ ပြေသွားလေပြီ။

"ကောင်းပြီ"

၎င်းကိုမြင်သည်နှင့် ကျန်းရှုယောင်ကနောက်ထပ်အကြောင်းအရာတစ်ခုကို အမြန်ပြောလိုက်၏။

"ယောက်မ လမုန့်သွားစားလိုက်...အရမ်းချိုတယ်"

ရှုရှီက သူမနဖူးကို ပွတ်ရင်း
"မရဘူး...အားကျောက် နဲ့ အားယောင် ဒီနေ့ ငါ့အတွက် အိမ်စာတွေ မပြီးသေးဘူး ငါ..."

ကျန်းရှုယောင်က သူမကို စိုက်ကြည့်နေပြီး သူမ စကားဆက်မပြောနိုင်တော့ပေ။

"ယောက်မ... တခြားရက်တွေမှာဆို အဆင်ပြေပါတယ်... ဒါပေမဲ့ ဒီနေ့တော့ အနည်းဆုံး ကလေးတွေကို ဖိအားမပေးပါနဲ့"

ရှုရှီက ပြုံးပြီး ခါးခါးသီးသီးဆိုသည်။

"သူတို့ လူကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်တယ်"

"ကျွန်မသိတယ်"
ကျန်းရှုယောင် ရှုရှီလက်ကို ပုတ်ကာပြောလိုက်သည်။

"ဒါပေမဲ့ ယောက်မ အာရုံစိုက်ပေးရဦးမယ်လေ"

သူမ ရှုရှီကို ခြံဝင်းထဲသို့ ခေါ်သွားကာ အမြွှာနှစ်ယောက်က လမုန့်လုပ်ရန် ကျိုးရှီ၏ နောက်သို့ လိုက်ခဲ့ကြသည်။

သူတို့က ပုနေရာ စားပွဲကိုမှီရန် ခုံတန်းလျားပေါ်မှာရပ်ကြရသည်။

ကျိုးရှီ၏ လက်က နူးညံ့သော အဝါရောင် မုန့်စိမ်းကို ကိုင်ထားပြီး အဝိုင်းပုံသဏ္ဍာန်အဖြစ် ဖိကာ ပဲအနှစ်ကို အလယ်ဗဟိုတွင် ထားပြီး ဘေးကမုန့်သားဖြင့် ဖြည်းညှင်းစွာ ထုပ်ပိုးလိုက်သည်။

အမြွှာညီအကိုက ဂရုတစိုက် သေချာ ကြည့်နေကြသည် မျက်လုံးများ ပြူးကျယ်လျက် ဝိုင်းစက်တောက်ပနေကြကာ အလွန်လိမ္မာရေးခြားရှိပုံရသည်။

"နားလည်လား"

ကျိုးရှီ အချောထည်များကို ချောမွတ်သောဘောလုံးအဖြစ် လှိမ့်ကာ အမွှာများကိုပြသရန် သူမ၏လက်ဖဝါးပေါ်တွင် တင်လိုက်သည်။

အမြွှာနှစ်ကောင်က ခေါင်းညိတ်ပြီး "နားလည်ပါတယ်"

ကျိုးရှီကဆိုသည်။
"နောက်တစ်ခုကတော့ အပေါ်ပိုင်းပုံစံပဲ"

အမြွှာနှစ်ယောက်က ခုံတန်းလျားပေါ်တွင် ရပ်ကာ မျက်တောင်ခတ်ရင်း လေးလေးနက်နက် နားထောင်နေကြသည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှုရှီ ရုတ်တရက် အနည်းငယ် နူးညံ့သွားသလို ခံစားလိုက်ရ၏။ သူမက သူမ၏ကလေးများနှင့် တင်းကြပ်လွန်းသောကြောင့် ဖြစ်နိုင်သည်၊ ထို့ကြောင့် သူမ ယနေ့တွင်စိတ်လျော့လိုက်သင့်သည်။

ကျန်းရှုယောင်က ပုံစံခွက်မျိုးစုံပါသည့် အိုးတစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။

"ပုံစံကို ရွေး...ပန်းတွေ၊ မြက်ခင်းတွေ၊ စာတွေရေးတာတွေရှိတယ်...တစ်ခုနဲ့တစ်ခု မတူဘူး"

သူမက တစ်ခုယူပြီးပြောလိုက်သည်။

"သြော် ဟုတ်တယ်...ဒီတစ်ခု... ယုန်နဲ့ ကျားကို ထွင်းဖို့ လက်သမားကို ခိုင်းလိုက်တာ...ချစ်ဖို့ကောင်းမယ်ထင်ထားပေမဲ့ ကြောက်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး"

သူတို့က ပုံစံခွက်အသုံးပြုပုံအကြောင်း ဆွေးနွေးကြပြီး ရှုရှီက သူမကို ကြည့်ပြီး မသိစိတ်က ပြုံးနေခဲ့သည်။

ရှဲ့လီက တိတ်တဆိတ်အနားတိုးကာဆို၏။
"ရှင်မ ဒေါသပြေသွားပြီလား"

ရှုရှီကဆို၏။
"ကျွန်မက ကလေးတွေကို အရမ်းတင်းကြပ်တယ်လို့ ရှင်ထင်နေတာလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှဲ့လီက သူမလက်ကို ကိုင်လိုက်ပြီး ညင်သာစွာ ပြောလေသည်။

"မင်းရဲ့ အချစ်က နက်နဲတယ်၊ တာဝန်ယူမှုကလည်း အရမ်းလေးနက်တယ်...ရှင်မက ငါတို့ သားလေးယောက်ကို အရမ်းကိုကောင်းကောင်း ပျိုးထောင်ခဲ့တယ်"

ထိုအချိန်တွင် ကျန်းရှုယောင်က ဇလုံထဲမှပုံစံခွက်ကြီးတစ်ခုကိုယူကာဆိုသည်။

"ဒါက မင်းတို့တတိယဦးလေးရေးထားတဲ့ အက္ခရာတစ်ခုပဲ...ငါ ကြည့်ကောင်းတယ်လို့ထင်တယ်လို့ ပုံစံခွက်ဖြစ်အောင် လုပ်လိုက်တာ... လမုန့်ပုံနှိပ်ရာအကြီးကြီး တစ်ခု လုပ်မယ်... သေချာပေါက်လှမှာပဲ"

ရှဲ့ရွှင်းက ရှဲ့ရယ်ကို ဆေးလိမ်းပေးပြီးသည်နှင့် အရှေ့တောင်ပံကနေ ထွက်လာသည်။ကျန်းရှုယောင်၏ စကားကိုကြားသောအခါ သူအနည်းငယ်ရှက်သွား၏။

"အဲဒါ မသုံးနဲ့လို့ ပြောထားတယ်မလား... သိပ်မကောင်းဘူး"

"ကျွန်မကတော့ ကောင်းမယ်ထင်ပါတယ်နော်"
သူမက ပြုံးပြီး

"ဒါက ထန်ဟွားလန်ရဲ့အရေးအသားလေ... ဘယ်လိုလုပ်မကောင်းဘဲနေမှာလဲ"

[ET/N- ထန်ဟွားလန်သည် တော်ဝင် စာမေးပွဲတွင် တတိယဆုအတွက် ဘွဲ့တစ်ခုဖြစ်သည်။]

သူမ သူ့ကို ကျီစားနေသော်လည်း ရှဲ့ရွှင်း အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကလေးများ မမြင်ရအောင် အပြုံးကိုဖိနှိပ်လိုက်သည်။ သူက လျှောက်လာပြီးဆိုလိုက်၏။
ဒါဆို မင်းအတွက်ပဲလုပ်...တခြားသူတွေဖို့လမုန့်အတွက် မသုံးနဲ့

ကျန်းရှုယောင်ကဆိုသည်။
"မနက်ဖြန် လမ်းဘေးအစားအစာဈေးကို ယူသွားချင်သေးတယ်...လမုန့်တွေမှာ တခြားသူတွေရေးထားတဲ့ စာတွေကို သုံးရတာ အဆင်မပြေဘူး"

ရှဲ့ရွှင်း ချက်ချင်းပင် စိတ်မသက်မသာဖြစ်သွားကာ

"ငါ့လက်ရေးက တကယ်ကောင်းတယ်လို့ မင်းထင်သလား...ဒါမှမဟုတ် ငါ့လက်ရေးနဲ့သုံးရတာ ပိုလွယ်တဲ့အတွက်နဲ့လား"

ကျန်းရှုယောင်က ဆောလျင်စွာ ချော့လိုက်၏။

"ဒါပေါ့... အရမ်းကြည့်ကောင်းလို့ပေါ့... အထူးသဖြင့် ရုပ်ထွက်ကောင်းတယ်... တခြားဘယ်သူမှ ယှဉ်လို့ မရဘူး... မနက်ဖြန် အမေ့ကို သူ့သမက်ရဲ့ စာအရေးအသား ဘယ်လောက်လှလဲ ကြည့်ခိုင်းရအောင်"

ရှဲ့ရွှင်း မနေနိုင်တော့ဘဲ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားပေမဲ့ သူက တည်ကြည်ယောင်ဆောင်ပြီး ရေရွတ်လိုက်သည်။

"အင်းပါ...အင်းပါ... ငါမင်းကို မယုံဘူး"

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့ ရှဲ့ရွှင်း၏ အမူအရာများကို ကြည့်လိုက်သည် ။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြသော်လည်း ပါးစပ်ထောင့်များက နာကျင်နေသေးသည်ကို မေ့သွားကြသည်။ သူတို့သည် နာကျင်စွာ သွားဖြီးကာ သက်ပြင်းရှိုက်လိုက်ကြသည်။

---

တတိယအိမ်တော်ခွဲက အသက်ဝင်နေ သော်လည်း ရှို့နင်ခန်းမဆောင်က အထူးတလည်ကို လူသူကင်းမဲ့နေခဲ့သည်။

သခင်မကြီးက ဆံထုံးကိုဖြည်ပြီးနောက် ကြေးမှန်ရှေ့တွင် ထိုင်ကာ အချိန်အကြာကြီး မလှုပ်ရှားဘဲရှိနေသည်။

သူမသည် အသက်ကြီးလာသည်နှင့်အမျှ ရံဖန်ရံခါ မိန့်မောသွားတတ်သည်။ နို့ထိန်းက သူမကို သတိပေးလိုက်သည်။

"သခင်မကြီး"

သခင်မကြီး သတိပြန်ဝင်လာပြီး "ပထမအိမ်တော်ခွဲ ဘယ်လိုလဲ" ဟု မေးသည်။

နို့ထိန်းကဆိုသည်။

"အကြီးဆုံးသခင်မက အကြီးဆုံးသခင်ငယ်နဲ့ ဒုတိယသခင်ငယ်တို့နဲ့ စကားများ ရန်ဖြစ် ပြီး ဒုတိယသခင်မကို သွားရှာပေမဲ့ ဒုတိယသခင်မက တတိယအိမ်တော်ခွဲ ခြံဝင်းထဲမှာ ရှိနေ တာဆိုတော့ အားလုံး လိုက်သွားကြပါတယ်...သွားစစ်ဆေးတဲ့သူက အခုလေးတင်ပြန်လာပြီး အဆုံးမှာ အငြင်းပွားတာမျိုးမရှိဘူးလို့ ပြောပါတယ်...အားလုံးက ခြံထဲမှာ စုပြီး ပျော်ပျော်ရွှင်ရွှင် မုန့်လုပ်နေကြတယ်"

"မုန့်လုပ်နေတယ်..."

နို့ထိန်းက ပြုံးပြီးပြောသည်။

"ဟုတ်ပါတယ် ...သခင်မကြီး အံ့သြတာမမှားပါဘူး... ညနေစောင်းတော့ တစ်အိမ်လုံးက သခင်နဲ့သခင်မတွေ အားလုံး အတူတူ မုန့်လုပ်နေကြ...."

ထိုသို့ပြောရင်း သူမ ကြေးမှန်ထဲက သခင်မကြီး၏မျက်နှာကိုမြင်ပြီး ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။

သခင်မကြီးက ကြေးမှန်ထဲကနေ သူမ၏တုံ့ပြန်မှုကို မြင်ပြီး သစ်သားဘီးကို ချကာ သက်ပြင်းချလိုက်သည်။

"ဒီနှစ်တွေအကုန်လုံးမှာ ငါမင်းကို အပြစ်ပေးခဲ့ဖူးလား"

နို့ထိန်း ထိတ်လန့်သွား၏။ သူမက ခေါင်းကို အလျင်အမြန် ယမ်းလိုက်ပြီးဆိုသည်။

"သခင်ကြီးက ကြင်နာပါတယ်...ကျွန်မ တစ်ခါမှ အပြစ်ပေးမခံရဖူးပါဘူး"

"ဒါဆို မင်းငါ့ကိုဘာလို့အရမ်းကြောက်နေတာလဲ"

နို့ထိန်း ကြက်သေသေသွား၏။သူမသည် သခင်မကြီး၏ ခန်းဝင်အစေခံဖြစ်ပြီး ငယ်စဉ်ကတည်းက သခင်မကြီး၏နောက်သို့ လိုက်ခဲ့သည်။ မလက်ထပ်မီတွင် သခင်မကြီးက မြို့တော်ရှိ နာမည်ကြီးအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏အပြုအမူတွင် အမှားအယွင်းများကို မည်သူမျှမတွေ့နိုင်ပေ။ ထို့ကြောင့် သူမ၏ အစေခံများသည် သဘာဝအတိုင်း စည်းကမ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာကြရသည်။သခင််မကြီး အိမ်ထောင်ကျပြီးနောက် ယောက္ခမရှေ့မှာ အရည်အချင်းပြရန်နှင့် ပေကျင်းမြို့၏ မျိုးရိုးမြင့်သခင်မတွေရှေ့မှာ မျက်နှာရရန် စည်းကမ်းတွေ ပိုတင်းကျပ်လာသည်။ သခင်မကြီးက ငယ်စဉ်ကပင် မိဖုရား၏ ချီးကျူးခြင်းကို ခံရပြီး ပေကျင်းမြို့၏ မျိုးရိုးမြင်သခင်မလေးများ အတုယူရာ ပစ်မှတ်ဖြစ်လာခဲ့သည်။ အသက်ကြီးလာသောအခါတွင် ပေကျင်းတွင် လေးစားရသော အကြီးတန်း အဒေါ်ဖြစ်လာသည်။ သူမက သူမကိုယ်သူမ မညှာမတာ ဆက်ဆံခဲ့သဖြင့် သူမ၏အစေခံအနေဖြင့် လျော့ပေါ့ရန် မဝံ့ရဲခဲ့ပေ။

သခင်မကြီးက ထလာရာ နို့ထိန်းက အလျင်စလို ကူတွဲလိုက်သည်။

ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် အေးမြသောလေနုအေးက အခန်းထဲသို့ တိုးဝင်လာသည်။

လပြည့်ဝန်းက တောက်ပနေပြီး အခန်းတွင်း၌ လရောင် ဖြာကျနေသည်။ အေးပြီး လေတိုက်နေသည့်အခါ အခန်းကို ပို၍ပင် အထီးကျန်စေ၏။

"အားလပ်ရက်တွေကို သိပ်မကြိုက်ဘူး" သခင်မကြီးက ပြောသည်။

သခင်မကြီးက ယခုလိုမျိုး ပြောသည်ကို ရှားရှားပါးပါး ကြားဖူးခြင်းဖြစ်ပြီး နို့ထိန်း ခေါင်းကို အမြန်ငုံ့လိုက်၏။

သခင်မကြီးက လပြည့်ဝန်းကို စိုက်ကြည့်ရင်း အမှတ်တရတွေထဲ နစ်မြုပ် နေပုံပေါ်ပြီး တီးတိုးရေရွတ်သည်။

"ငါ မိဘအိမ်မှာရှိတုန်းကလည်း မကြိုက်ခဲ့ဘူး...လက်ထပ်ပြီးတာတောင် မကြိုက်ခဲ့ဘူး...လက်မထပ်ခင်က မိသားစုထဲက ညီအစ်မတွေနဲ့ ပြိုင်ရတယ်....လက်ထပ်ပြီးတဲ့အခါ ဧည့်ခံပွဲနဲ့ အလုပ်သမားတွေကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေတော့ ပြန်လာတဲ့အခါ အရမ်းပင်ပန်းပြီး ခင်ပွန်းကို ကျေနပ်စေဖို့ ခွန်အားမရှိတော့ဘူး...သူ အနားယူဖို့ တခြားခြံဝင်းကို သွားတာကို ကြည့်နေရုံပဲတတ်နိုင်ခဲ့တယ်..."

ဆယ်စုနှစ်များစွာအတွင်း နို့ထိန်း သခင်မကြီး ဤအရာများကို ပြောသည်ကို တစ်ခါမှမကြားဖူးခဲ့ပေ။ သူမ အမြန် နှောင့်ယှက်လိုက်သည်။

"သခင်မကြီး"

သခင်မကြီးက ခေါင်းခါပြီး
"ငါအသက်ဘယ်လောက်ရှိပြီလဲ... ငါဂရုမစိုက်တော့ဘူး"

သူမမျက်နှာမှာ ရှုပ်ထွေးနေသည့်ဟန်တစ်ခုရှိနေသည်။

"ငါ့ကိုယ်ငါ စိတ်လှုပ်ရှားစရာကို မကြိုက်ဘူးလို့ အမြဲထင်ခဲ့တယ်... အဲဒါကြောင့် ပွဲတော်တိုင်းကို အမြဲတမ်းမုန်းခဲ့တယ်...ငါ သက်သတ်လွတ်စားပြီး ကျမ်းဂန်ရွတ်တာကိုမင်းကြည့်နေခဲ့တယ်...ငါ ရှို့နင်ခန်းမဆောင်ကို သန့်ရှင်းအောင်လုပ်ပြီးပြီ...ငါ စိတ်လှုပ်ရှားမှုကို တော်တော်လေး သည်းမခံနိုင်ဘူး ...ဒါပေမဲ့ မကြာသေးခင်ကမှ ငါမှားနေပုံရတယ်လို့ ရှာတွေ့ခဲ့တယ်"

သူမ ပြတင်းပေါက်ကို ပိတ်လိုက်သော်လည်း လရောင်သည် ကြမ်းပြင်ပေါ်တွင် ငွေနှင်းခဲများ ဖြာဆင်းနေသေးသည်။

"စိတ်လှုပ်ရှားစရာကို မကြိုက်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဗလာဖြစ်နေတဲ့ စိတ်လှုပ်ရှားစရာကို မကြိုက်ဘူး...စိတ်လှုပ်ရှားမှုပြီးတဲ့နောက် အထီးကျန်မှုက တကယ့်ကို ရင်သပ်ရှုမောစရာပါပဲ"

သူမ ကုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း ဆိုလိုက်သည်။

"ငါ ငယ်ငယ်က စိတ်လှုပ်ရှားစရာပြီးတဲ့နောက် အခန်းကို ပြန်ရောက်တဲ့ အခါတိုင်း အမေက ငါဘာမှားခဲ့ဆိုတာကို သွန်သင်ပေးရတယ်...ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ နံရံကို မျက်နှာမူခိုင်းပြီး ထားခဲ့တယ်... အိမ်ထောင်ကျပြီးတဲ့နောက် ပွဲပြီးသွားတာနဲ့ ငါ့အခန်းထဲကိုပြန်ရောက်တဲ့အခါ တစပြင်ဖြစ်နေတုန်းပဲ...တခြားခြံဝင်းကအလင်းရောင်တွေက တောက်ပနေပြီး အားလုံးက ရယ်မောနေကြပေမဲ့ ငါ့က ဗလာဖြစ်နေတယ်... အငယ်တွေက ငါ့ကို တွေ့ပြီးတာနဲ့ ပြေးထွက်သွားကြတယ်"

"တစ်ခါတစ်ရံမှာ ငါသိချင်မိတယ်... သာမန်မိသားစုထဲမှာ အလုပ်ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့မယ်ဆိုရင် ဒေါ်လေးဟူလို ဂရုစိုက်တတ်ပြီး အကျင့်စာရိတ္တကောင်းတဲ့ မြေးလေးတစ်ယောက် ရှိမှာလားလို့လေ...မြေးအဖွားနှစ်ယောက်ကအချင်းချင်းမှီခိုနေကြပြီး ဖြတ်သွားတဲ့မျိုးရိုးမြင့်အမျိုးသမီးတွေကို သူတို့ကိုလေးစားမိစေတယ်"

နို့ထိန်း စိတ်မသက်မသာ ခံစားရသည်။သူမ သခင်မကြီး၏လက်ကို ကိုင်လိုက်သော်လည်း နှစ်သိမ့်စကား မပြောနိုင်ပေ။

သခင်မကြီးက ပြုံးရုံပြုံးပြီး လက်ကိုပြန်ဆွဲယူကာဆိုသည်။

"မင်းဘယ်လိုအမူအရာမျိုးပြနေတာလဲ...ငါက ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲပြောနေတာ...ငါက အခု ကုတင်မြင့်ပေါ်မှာ လဲလျောင်းနေပြီး လူတွေက ငါ အိပ်ရာဝင်မှာကို ခစားနေကြတာကို မြင်လား...လူဘယ်လောက်များများက ဒါကို မနာလိုဖြစ်နေကြတယ်ထင်လဲ"

သူမက မျက်လုံးတွေကိုမှိတ်ပြီး တိုးတိုးလေးပြော၏။

"ငါ့တတိယချွေးမက တာဝန်မကျတဲ့သူတွေ အိမ်ပြန်လို့ရတယ်လို့ပြောတယ် မဟုတ်လား... နက်ဖြန်ပြန်သွားလို့ရပြီ... ငါမင်းကိုဒီနှစ်တွေအားလုံးမှာ ငါနဲ့အတူတူထားခဲ့ပေမဲ့ အားလပ်ရက်မှာ မင်းကို အိမ်ပြန်ခွင့်ပေးမယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးဘူး...တွေးတောင် မတွေးခဲ့ဘူး ...ရှက်လိုက်တာ"

နို့ထိန်းက ခေါင်းခါယမ်းပြီး
"သခင်မကြီး ဘာပြောလိုက်....."
သူမ မော့ကြည့်လိုက်သည့်အခါ သခင်မကြီး မျက်လုံးမှိတ်သွားသည်ကို တွေ့လိုက်ရသည်။ သူမ စကားစဲပြီး တိတ်တိတ်လေး ပြန်ထွက်သွားခဲ့သည်။

ရှို့နင်ခန်းမဆောင်၏သခင်က အိပ်ပျော်သွားသော်လည်း တတိယအိမ်တော်ခွဲက အသက်ဝင်နေဆဲဖြစ်သည်။

ကျန်းရှုယောင် နှင့် ပထမအိမ်တော်ခွဲ၏ကလေးများသည် လမုန့်များကို အတူတကွလုပ်ကြသည်။ ရှုရှီ နှင့် ကျိုးရှီတို့က မုန့်စိမ်းနယ်ရန် တာဝန်ယူပြီး ရှဲ့ရွှင်းနှင့် ရှဲ့လီတို့က ဌပနာများထည့်ရန် တာဝန်ယူထားသည်။ လူတစ်စုသည် လမုန့်ပန်းကန်ကြီးတစ်ချပ်ကို အမြန်လုပ်ကြသည်။

ကျိုးရှီ လမုန့်များကို အကာပါးလွှာပြီး အရွယ်အစားကြီးကြီး ဖြစ်အောင် ပြုလုပ်လိုသော်လည်း သူမလက်ထဲရှိ အခွံမာသီးအစေ့အဆန်ငါးမျိုးဌာပနာကို ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ အကာနေရာတွင် ရစ်ပတ်ထားသော်လည်း ဟိုနေရာ ဒီနေရာတွင် ဌာပနာများ ပေါ်ထွက်နေပြီး လမုန့်များကို "ပြုံး"နေ စေသည်။

ရှုရှီ ရယ်ရမလိုငိုရမလိုဖြစ်သွား၏။ကျိုးရှီ ၏ဆံပင်များက သူမ၏နားသယ်မှ တွဲလောင်းကျနေသည်ကိုမြင်ရသဖြင့် သူမ ဆီစိုသောမျက်နှာပြင်ကိုမထိသေးသော သူမ၏ လက်သန်းကိုအသုံးပြုကာ ဆံပင်ကိုယူပြီး နားရွက်နောက်တွင်ညှပ်ပေးလိုက်သည်။

သူမ ညှပ်ပြီးသည့်နောက်တွင် သူမ၏ လုပ်ဆောင်ချက် ရပ်တန့်သွားခဲ့သည်။

ကျိုးရှီက ပဟေဠိဖြစ်သွားပြီး သူမကို မော့ကြည့်လိုက်ရာ ရှုရှီက အဝေးတံခါးကို စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ကျိုးရှီ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝင်းတံခါးဝမှာ ရပ်နေသည့် ရှဲ့လန်က ဝင်လာချင်ပုံပေါ်နေသည်။

သူမ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။

"သူ ဒီမှာ ဘာလုပ်နေတာလဲ...စျာန်ဝင်နေတာကိုလာဖျက်စီးနေတယ်"

ကျိုးရှီက ပြောလိုက်သည်။

ရှုရှီက စကားပြောရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သူမ ခဏတုံ့ဆိုင်းနေပြီးနောက် "သူ နင့်ကို ပြောစရာရှိလောက်တယ်"

ကျိုးရှီက ရှုရှီကို တအံ့တသြကြည့်သည်။ရှုရှီက သူမနှင့်ရှဲ့လန် အကြောင်း ဘာမှ မပြောခဲ့သော်လည်း သူမဘက်မှာ အမြဲရှိနေခဲ့သည်။ ဒီနေ့ သူ့သဘောထားက ဘယ်လိုလုပ် ပြောင်းသွားတာလဲ...

ရှုရှီကဆိုသည်။
"နင်ဘာလို့ ... သူနဲ့ သွားစကားမပြောကြည့်တာလဲ"

ကျိုးရှီက သူမလက်ထဲက မုန့်စိမ်းကိုချပြီး ရှုရှီကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

ရှုရှီ သက်ပြင်းချလိုက်သည်။
"ငါ့ကို တစ်ခါလောက်ယုံလိုက်ပါ... သူ့မှာ အရေးကြီးတဲ့ကိစ္စတွေရှိတယ်"

ကျိုးရှီက ရှဲ့လန်ကို မတွေ့ချင်ပေမဲ့ ရှုရှီက ယခုလိုပြောလာရာ လက်ကို အဝတ်ခြောက်ဖြင့် သုတ်လိုက်ပြီး ခြံတံခါးဆီသို့ လျှောက်သွားလိုက်သည်။

ရှဲ့လန်က သူမရောက်လာသည်ကိုတွေ့ရသောအခါ အနည်းငယ် ပျော်သွားပေမဲ့ ခပ်မြန်မြန်ဖိနှိပ်လိုက်သည်။

"ကိုယ် မင်းကိုပြောစရာရှိတယ်...ကိုယ်တို့ နေရာတစ်ခုရှာပြီးထိုင်စကားပြောလို့ရမလား"

ကျိုးရှီက စိတ်မရှည်စွာနှင့်ဆိုသည်။

"စကားပြောရုံနဲ့ မလုံလောက်ဘူးလား...မဟုတ်မဟတ်ထက် ဘာမှမပိုပါဘူး"

ရှဲ့လန်က ခါးသီးစွာ ပြုံးလိုက်ပြီး "ကိုယ် ကတိပေးပါတယ်... ဒါက ကိုယ်တို့ နောက်ဆုံးစကားပြောတာပါ"

ကျိုးရှီက သူမလက်ကို ဝှေ့ယမ်းပြီး ခြံဝင်းအပြင်ဘက်ကို ​ခြေချကာပြောသည်။

"ကောင်းပြီ...ရှင်ပြောတဲ့အတိုင်းပဲ... ဒီနေ့ကိစ္စပြီးတာနဲ့ နောင်အနာဂတ်မှာ ကျွန်မကို မနှောင့်ယှက်ပါနဲ့"

ရှဲ့လန်၏ခြေလှမ်းများ တောင့်တင်းသွားပြီး သူ့မျက်နှာပေါ်ရှိ ခါးသီးသောအပြုံးကို ထိန်းမထားနိုင်ခဲ့ပေ။

နှစ်ယောက်သား အနီးနားက မဏ္ဍပ်တစ်ခုမှာ ထိုင်ကြပြီး ကျိုးရှီက ချက်ချင်းဆိုသည်။

"စကြရအောင်...ကျွန်မပြန်ပြီး လမုန့်လုပ်ရဦးမယ်"

ရှဲ့လန်သည် သူမ အဆင်ပြေလား မေးချင်ပေမဲ့ ကျိုးရှီက ထိုသည်ကိုကြားလျှင် စိတ်မရှည်ဘဲ ထထွက်သွားမည်ဆိုသည်ကို သူသိ၏။

ထို့ကြောင့် သူ အချိန်အတော်ကြာ ထိန်းထားခဲ့သော စကားများကို ကျော်ပြီး သူ့ဝတ်ရုံလက်ထဲမှ အရာနှစ်ခုကို ထုတ်ကာ ကျောက်စားပွဲပေါ် တင်လိုက်ရုံသာတတ်နိုင်သည်။


Xxxxx