အပိုင်း ၁၃၂
Viewers 16k

Chapter 132
ခွဲထွက်ရေးစာ


ကျိုးရှီက မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်၏။

သူက စာအုပ်ငယ်ကို ကျိုးရှိရှေ့ ကျောက်စားပွဲပေါ် တွန်းပို့လိုက်သည် ။

"ဒါဘာလဲ"

ကျိုးရှီက လက်ဆန့်ကာ စက္ကူပါးပါးလေးကို ကောက်ယူရန် ချီတုံချတုံ ဖြစ်နေသည်။

သူမဖွင့်ကြည့်လိုက်သည့်ရာ စိတ်မရှည်သည့်အမူအရာက ရုတ်တရက်ကွဲအက်သွားပြီး အံ့သြသည့်အကြည့်ကလွဲ၍ ဘာမှ မကျန်ခဲ့။

သူမက ရှဲ့လန်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။သူ ခေါင်းညိတ်ပြသည်ကို သူမမြင်လိုက်ပြီးနောက် သူမအကြည့်ကို စက္ကူပါးပါးလေးဆီသို့ ပြန်ပြောင်းလိုက်ပြန်သည်။

"ဇနီးမယားခွဲထွက်ခြင်း" ဟူသော စကားလုံးသုံးလုံးက အလွန်မျက်စိဖမ်းစားဖွယ်ဖြစ်သည်။

သူမ ထိတ်လန့်သွားသည့်အချိန်မှသာ သူ့မှာ တစ်ခုခုပြောခွင့်ရှိခြင်းဖြစ်လောက်ပေမည်လော။ရှဲ့လန် သူ့စိတ်ထဲတွင် ခါးသီးသွားသည်။ သူမနှင့် စကားပြောရန် အခွင့်အရေးများ ရှာဖွေရန် ပင်ပင်ပန်းပန်း ကြိုးစားရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒီနှစ်တွေမှာ မင်းကို ကိုယ်အများကြီး အကြွေးတင်ခဲ့တယ်...ကိုယ် ရှက်မိပါတယ်...ကိုယ်အမှားကို ဝန်ခံသည်ဖြစ်စေ တောင်းပန်သည်ဖြစ်စေ ကိုယ်မပြင်နိုင်တော့ဘူး"

ကျိုးရှီ စာရွက်ကိုပိတ်လိုက်သည့်အခါ အစစ်အမှန်ဖြစ်ပုံမရသော ခံစားချက်တစ်ခုက ပြေပျောက်သွားသည်။

ရှဲ့လန် သူမကို မကြည့်ဝံ့။ သူ ကျိုးရှီ၏ ရှေ့ကို အခြားစာအုပ်ငယ်ကို တွန်းလိုက်သည်။ဤတစ်ခါတွင် ကျိုးရှီက ဘာမှမပြောဘဲ သူမဘာသာ ဖွင့်လိုက်သည်။

"အပြောင်းအရွှေ့အမိန့်စာ..."

ကျိုးရှီ စာအုပ်ငယ်ထဲက စာလုံးတွေကို တစ်ချက်ကြည့်ပြီး မယုံနိုင်စွာမေးလိုက်မိသည်။

"ချင်ကျိုး...ရှင် ချင်ကျိုးကို သွားမလို့လား"
ချင်ကျိုးက မော့ပေတွင် အခြောက်ကပ်ဆုံးနေရာဖြစ်သည်။

"ဟုတ်တယ်"

ရှဲ့လန်က သူမကိုခေါင်းမော့ကာကြည့်လိုက်ပြီး သူ့အပြုံးက နောက်ဆုံးမှာ ခါးသီးမနေတော့ပါချေ။

"ကိုယ် အားရှန့်နဲ့ ဆွေးနွေးပြီးပြီ...သူက ချင်ကျိုးမှာ ရုံးထိုင်ဖို့ ကိုယ်နောက်လိုက်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တယ်...ပေကျင်းမှာ ပိတ်မိနေရင် စာအုပ်တွေထဲမှာ ရေးထားတဲ့ သဲကန္တာရထဲက အထီးကျန် မီးခိုးတွေကို ဘယ်တော့မှ မတွေ့ရတော့ဘူးတဲ့...သူ(မ)က မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ကြည့်ဖို့ မော့ပေကို တကယ်သွားချင်နေတာ... ပြီးရင် သူ့ကို ကျိုးမိသားစုရဲ့အိမ်ကို လိုက်ပို့ပေးမယ်... သူ ကိုယ့်ကို လွမ်းရင် ချင်ကျိုးကို လာတွေ့ဖို့လည်း ပို့လို့ရတယ်..."

ကျိုးရှီ အံ့သြလွန်း၍ သူမ ခဏတာ မတုံ့ပြန်နိုင်ဖြစ်သွားသည်။

"ရှင့်ရဲ့ လက်ရှိရုံးတော်ရာထူးနဲ့ နှိုင်းစာရင် ချင်ကျိူးရဲ့ စီရင်စုမှူးရာထူးက ရာထူးကျသွားသလိုပဲလေ...ရှင် ဘာလုပ်လိုက်တာလဲ"

ရှဲ့လန် ခပ်ဟဟ ရယ်မောလိုက်သည်။ သူမက စိတ်ရှုပ်ထွေးနေချိန်ဆိုလျှင် သူ သူမကို ပထမဆုံးစတွေ့တုန်းက ပုံစံလေး ပြန်ပေါ်လာပုံရသည်။

"ဒါက ကိုယ်တောင်းဆိုထားတာ"

ရှဲ့လန်၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်။

"နှစ်သစ်မှာ ကိုယ်အဲဒီကိုသွားတဲ့အခါ မင်း ကိုယ်နဲ့ လိုက်လာလို့ရတယ် ဒါမှမဟုတ် မင်းအဲဒီကို စောစောသွားလို့လည်းတယ်...ကိုယ်တို့ ငြိမ်းချမ်းစွာ လမ်းခွဲလိုက်ပြီလို့ မင်းပြောလို့ရတယ် ဒါမှမဟုတ် မင်းဆက်ပြီး ကိုယ့်ဇနီးဖြစ်လို့လည်းရတယ်... မင်းလိုချင်တဲ့ အထောက်အထားအပေါ်မှာ မူတည်တယ်"

ကျိုးရှီ အမိန့်တော်ကို ပြန်ချလိုက်ပြီး သူမစိတ်တွေ ရှုပ်ထွေးနေကာ ဘယ်လိုပြန်ဖြေရမှန်းမသိပေ။

"မင်းမော့ပေကိုပြန်သွားချင်ပေမဲ့ မင်းမှာစိုးရိမ်စရာတွေရှိနေလို့ မင်းထွက်သွားလို့မရဘူး... မင်းလုပ်စရာမလိုပါဘူး... အားရှန့်က ကိုယ်နောက်လိုက်မယ်၊မင်းလည်းလိုက်နိုင်တယ် ...ကွာရှင်းပြတ်စဲထားတဲ့မိန်းမဖြစ်ဖို့ အဆင်မပြေရင် ကိုယ်တို့လမ်းခွဲလိုက်ပြီဆိုတာ တခြားသူတွေကို ပြောနေစရာ မလိုဘူး"

ကျိုးရှီက သူ့ကိုမျက်လွှာပင့်ကြည့်လာသောအခါ ရှဲ့လန်က ကိုယ့်ကိုကိုယ် အပြစ်တင်လိုစွာရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့...ကိုယ်မင်းကို ခွဲထွက်ရေးစာ ပေးလိုက်ပြီဆိုတော့ မင်းကို ချည်နှောင်မထားတော့ပါဘူး"

၎င်းကိုပြောပြီးသည့်အခါ သူလည်း တော်တော်လေး စိတ်သက်သာရာရသွားသလိုခံစားရသည်။

"လောရင်...ဒါက ကိုယ်စီစဉ်ထားတာဖြစ်တဲ့အတွက် စိတ်ပူနေစရာ မလိုဘူး... ကိုယ်တို့လက်ထပ်ပြီးသွားပြီးနောက်က "ကိုယ့်" ကို မယုံနိုင်ရင် ကျေးဇူးပြုပြီး ကိုယ်တို့လက်မထပ်ခင်က "ကိုယ့်" ကို စဉ်းစားပေးပါ...မင်း ရဲရဲဝံ့ဝံ့ အိမ်ပြန်လို့ရပါတယ်"

"အိမ်" ဆိုသည့် စကားလုံးက ကျိုးရှီ၏ နှာခေါင်းကို ရုတ်တရက် ချဥ်စူးလာစေသည်။ သူမ မျက်ရည်မကျအောင် အတင်းပြန်သွင်းပြီး သူမ၏ရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ကာပြောလိုက်သည်။

"ရှင် ကျွန်မအတွက် အပြောင်းအရွှေ့တင်စရာ မလိုဘူး"

ရှဲ့လန်က ပြုံးပြီး
"မင်းအတွက်တင်မဟုတ်ဘဲ ကိုယ့်အတွက်ရောပါ"

ယနေ့ညပြီးလျှင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြော၍မရတော့ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ရှဲ့လန်၏ လည်ချောင်းက အပေါ်အောက်လှုပ်ရှားသွားကာ ဝမ်းနည်းပူဆွေးမှုကို မျိုသိပ်ပြီးပြောလိုက်၏။

"ကိုယ် အမြဲတမ်း ချောမွေ့တဲ့ ဘဝကို ပိုင်ဆိုင်ခဲ့တယ်...ကိုယ့်မိသားစု နောက်ခံက ကောင်းတယ်၊ အရာရာကို ကောင်းကောင်း သင်ယူတတ်မြောက်တယ်...ကိုယ့် ကြုံတွေ့ခဲ့ရတဲ့ တစ်ခုတည်းသော အလှည့်အပြောင်းက မော့ပေကို ခရီးထွက်ပြီး မင်းနဲ့တွေ့ခဲ့တာပဲ"

ကျိုးရှီ စကားပြောတော့မည်ကိုမြင်သောအခါ သူက ကမန်းကတန်းပြောလိုက်သည်။

"ကိုယ့်ကို ဆူဖို့မလောပါနဲ့... အဲဒါက ကိုယ်ကျင့်သားရနေတဲ့ဟာပါ... ကိုယ်က ဆရာ့နောက်ကလိုက်ပြီး ခြိုးခြံခြင်းအကျင့်ကျင့်တဲ့ဘုန်းကြီးတစ်ပါးလို နေထိုင်တဲ့ တတိယညီလိုမဟုတ်ဘူး...ခရီးထွက်နေရင်တောင် အစားအသောက်၊ အဝတ်အစား၊ နေရာထိုင်ခင်း၊သယ်ယူပို့ ဆောင်ရေးမှာ ကိုယ့်ကိုကိုယ် တစ်ခါမှဆိုးဆိုးရွားရွားမဆက်ဆံဖူးဘူး...မော့ပေကိုရောက်ပြီးတဲ့ နောက်မှာ အစားအသောက် ကောင်းကောင်းစားပြီး အိစက်နေတဲ့ပိုးအိပ်ရာလွှမ်းပေါ်မှာအိပ်ခဲ့တာ၊ အဲဒီနေ့ လမ်းမှာ မင်းကိုတွေ့တဲ့အချိန်အထိပဲ...အဲ့ဒီအချိန်ကစပြီး မင်းကြောင့်ကိုယ့်ဘဝက ဇောက်ထိုးမိုး မျှော်ဖြစ်သွားတယ်"

"မော့ပေ ခရီးစဉ်က အသိအမြင်တွေ တိုးလာဖို့အတွက်ပဲဖြစ်ပြီး ဒီအတောအတွင်းမှာ လုံ့လနည်းနည်းလောက် သင်ယူခဲ့ရတယ်... ဒါပေမဲ့မော့ပေကို ရောက်တဲ့အခါမှာ နယ်စပ်ရဲ့ ဆင်းရဲဒုက္ခတွေကို ကိုယ် တစ်ခါမှ မခံစားခဲ့ရဖူးခဲ့သလို ဆောင်းရဲ့ ခါးသီးတဲ့ အအေးဒဏ်ကိုလည်း ကိုယ်မခံစားခဲ့ရဖူးဘူး ...ကိုယ်ရေးခဲ့တဲ့ကဗျာတွေကလည်း အတုအယောင်တွေချည်းပဲ...ဒါတောင်မှ ပြန်လာတဲ့အခါ လူတိုင်းက ကိုယ့်ကို ချီးကျူးကြပြီး အင်မတန်ထူးချွန်ထက်မြက်တယ်ဆိုတဲ့ ဂုဏ်သတင်းတွေ ရခဲ့တယ်..."

ရှဲ့လန်က စကားဆုံးသွားသည့်အခါ မတတ်နိုင်ဘဲ ခေါင်းယမ်းပြီး ရယ်လိုက်သည်။

ကျိုးရှီဆီက စကားပြန်မလာသဖြင့် သူဆက်ပြောလိုက်သည်။

"ကိုယ်ကတစ်သက်လုံး ပေကျင်းမှာမွေးတဲ့ ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်ပြီး စာအုပ်ထဲမှာနေထိုင်တဲ့ မျိုးရိုးမြင့် တစ်ယောက်ပါ...မင်းကြောင့်သာမဟုတ်ရင် ကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းကို ကိုယ်ဘယ်တော့မှ မြင်ဖူးမှာမဟုတ်ဘူး... မင်းက ကိုယ့်ကို ဝိုင်ပြင်းပြင်း သောက်ဖို့ ခေါ်သွားတာ၊ သဲကန္တာရကိုကြည့်တာ၊ ဝံပုလွေအမဲလိုက်တာ၊ နယ်စပ်မှာ တောက်ပတဲ့လကို ရှုစားတာ၊ စစ်သူရဲတွေရဲ့ သင်္ချိုင်းမြေကို ဝတ်ပြုခဲ့တာ... သိသာပါတယ် မင်းကိုယ့်ကို အခွင့်အရေးပေးခဲ့တယ်...ဒါပေမဲ့ ကိုယ်မဖမ်းဆုပ်ခဲ့ဘူး... မြို့တော်ကို ပြန်လာဖို့ ရွေးချယ်ခဲ့တယ်...အရာရှိရာထူးကို ရယူခဲ့ပြီး လေနဲ့ နှင်းတွေကို ပြန်လည် ခံစားခဲ့ရတယ်"

ကျိုးရှီ သူ့ကို မချစ်တော့ပေမဲ့ သူ့စကားများကြောင့် ဝမ်းနည်းနေတုန်းပါပင်။

"လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ကိုယ်အဲဒါကို(အခွင့်အရေး) လက်လွှတ်ခဲ့တယ်...ဒါကြောင့် အခုထပ်မလက်လွှတ်သင့်တော့ဘူးလို့ကိုယ်ထင်တယ်...ကိုယ်မော့ပေမှာ စားကောင်းသောက်ဖွယ်​တွေစားဖူးပေမဲ့ အခုချိန်မှာ တိုဟူးဘန်းမုန့်ခြောက်တွေစားဖို့ လူတွေနောက်ကို လိုက်သင့်တယ်...မြို့ရဲ့ အချမ်းသာဆုံး အရပ်ဒေသမှာနေခဲ့ဖူးပေမဲ့ အခုချိန်မှာ လူတွေရဲ့ စိတ်ဓာတ်တွေကို စောင့်ထိန်းဖို့ အဆင်းရဲဆုံးနေရာကို သွားသင့်တယ်ယ်...ကိုယ်က အရာရှိတစ်ယောက်အနေနဲ့ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ အစွမ်းကုန် ကြိုးစားနေစရာ မလိုဘူး... ဒီမှာနေမယ်ဆိုရင် အာမခံချက်တစ်ခုက ရာထူးတိုးတာထက် ဘာမှမပိုဘူး... ဒါပေမဲ့ ဒီမြေကို တစ်သက်လုံး အားကိုးလို့ မရဘူး...ချင်ကျိုးကို ရောက်ပြီးရင် အကောင်းဆုံးဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်...ဒါ လူတစ်ယောက်က သူ့ဘဝမှာ လုပ်ဆောင်သင့်တဲ့အရာပဲ မဟုတ်လား"

ကျိုးရှီက တိတ်ဆိတ်နေပြီး လေထုသည် အနည်းငယ် ငြိမ်သက်နေသည်။

ရှဲ့လန်က သူမကို ခွဲထွက်ရေးစာ ပေးလိုက်ပြီးနောက်၊ ထိုချီတုံချတုံဖြစ်မှုများ၊ လူးလွန့်ရခြင်းနှင့် သံသယများ အတူတူ ပျောက်ကွယ်သွားခဲ့သည်။ အချိန်တွေက ကုန်ဆုံးသွားပုံရသည်၊သို့ပေမဲ့ သူက ဥပဓိရုပ်ကောင်းပြီး ကြောင့်ကြမဲ့သော ဒုတိယရှဲ့သခင်တဖန်ပြန်ဖြစ်လာလေပြီ။

"လောရင်... ယောက်ျားနဲ့မိန်းမကြားက ဆက်ဆံရေးကို ကိုယ်တကယ်နားမလည်ဘူး...ကိုယ်လေ့လာပြီး မြင်ခဲ့ရတာတွေက အဲဒီ စာအုပ်ထဲက မီးရှူးမီးပန်းတွေပဲ... ဒါပေမဲ့ မင်းဆီကနေ ခင်မင်ရင်းနှီးမှုအစစ်အမှန်ကို ကိုယ်နားလည်ခဲ့တယ်...မင်းက ကိုယ့်ဘဝမှာ မရှိမဖြစ် အလိုအပ်ဆုံး သူငယ်ချင်းပါ... မင်းနဲ့တွေ့ရတာ ကိုယ့်ဘဝရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကောင်းချီးတစ်ခုပဲ... မင်းကို ကိုယ်ဆုံးရှုံးခဲ့ရလို့ အရမ်းဝမ်းနည်းတယ်"

ကျိုးရှီက မော့ကြည့်လိုက်ကာဆိုသည်။
"ရှင်တောင်းပန်တာကို ကျွန်မ မလိုချင်ဘူး"

ရှဲ့လန် ရယ်၏။

"ဒါက မင်းပဲ"

သူက အပြုံးရပ်ပြီးဆိုသည်။

"မင်း မော့ပေကိုပြန်ချင်တယ်ဆိုရင် မင်းမိသားစုနဲ့ နှစ်သစ်ကိုဖြတ်သန်းရအောင်နှစ်မကုန်ခင်လေးမှာပြန်သွားလိုက်ပါ...အဲဒါ မင်းအတွက် ကိုယ်ဂရုစိုက်ပေးမယ်...မင်းထားခဲ့လို့ရတယ်... စိတ်မပူဘဲ စောစောပြန်သွားလို့ အဆင်ပြေပါတယ်...ဘာပဲဖြစ်ဖြစ် မော့ပေမှာရှိတဲ့ အစားအသောက်တွေက တကယ်စားရခဲတယ်...နောင် ချင်ကျိုး ကိုရောက်တဲ့အခါမှာ မင်းဆီကနေ ခဏခဏဂုန်းဆင်းဖို့ လိုအပ်နေသေးတာမို့ အဲဒီ မုန့်ခြောက်တွေကို တစ်ချိန်လုံး စားဖို့ မလိုပါဘူး"

ကျိုးရှီက ပြောလိုက်၏။

"ရှင်က လှချင်နေသေးတယ်...ချင်ကျိုးက ကျိုးမိသားစုရဲ့ အိမ်နဲ့ ဝေးတယ်... အများဆုံး တနှစ် တစ်ခါနှစ်ခါပဲ လာနိုင်မှာ"

ရှဲ့လန်က ဆိုသည်။

"ကိုယ်သိပါပြီ"

အစားအသောက်ဂုန်းဆင်းသည်က အလုပ်မဖြစ်သလို သူ့အတွက် တစ်ဖက်ကို မြင်ရဖို့လည်း ခက်၏။ယနေ့ က နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ကောင်းနိုင်သည်။

နှစ်ယောက်စလုံး တိတ်ဆိတ်နေပြီး မဏ္ဍပ်ထဲတွင် ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။

ရှဲ့လန် ဤတိတ်ဆိတ်မှုကို ခဏတာ ထိန်းထားနိုင်ပြီး သူမနှင့် အချိန်အနည်းငယ်ကြာအောင် အတူရှိနိုင်မည်ဟု မျှော်လင့်ခဲ့သည်။သို့သော် သူ့မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သောကျိုးရှီက အသက်ပြင်းပြင်းရှုကာ မတ်တပ်ရပ်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ရှဲ့လန် သူမကို မော့ကြည့်လိုက်သည့်အခါ သူ့အကြည့်တွေက သူမအကြည့်နှင့် ဆုံသွားသည်။

"ရှင်လုပ်ခဲ့တာတွေအတွက် ကျွန်မ ကျေးဇူးတင်မှာမဟုတ်ဘူးဆိုတာ ရှင်သိလား"

သူမက မေးသည်။

ရှဲ့လန်ကပြန်​သည်။
"ကိုယ်သိတယ်"

"ရှင့်ကိုမုန်းနေတုန်းပဲဆိုတာ ရှင်သိလား"

"ကိုယ်သိတယ်"

ကျိုးရှီက ခေါင်းညိတ်ပြပြီး နောက်ပြန်လှည့်မကြည့်ဘဲ ခန်းမထဲက ထွက်သွားခဲ့သည်။

ရှဲ့လန် သူမထွက်သွားပြီးနောက် သူ့ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားဆဲဖြစ်ကာ ခဏထိုင်နေခဲ့သည်။ လေတိုက်သည့်တိုင်အောင် မလှုပ်ဘဲ ကျောက်စားပွဲပေါ်မှ စာကို သူ့ဝတ်ရုံလက်ထဲသို့ ထည့်လိုက်သည်။

ကောင်းကင်ကို မော့ကြည့်လိုက်၏။ဤည လပြည့်ညက အလွန်တောက်ပပြီး ပြိုးပြိုးပြက်ပြက်လင်းလက်နေကာ နောက်ထပ် အကြိမ်အနည်းငယ် ကြည့်လိုက်လျှင် မျက်လုံးတွေ နာကျင်သွားပါလိမ့်မည်။

လမင်းကြီးကို ဦးတည်၍ သူစကားဆိုလိုက်သည်။
"နောက်ဆုံးတွေ့ဆုံမှုက. နောက်ဆုံးစကားတွေဆိုတာ တစ်သက်လုံး သတိရနေတတ်တယ်ဆိုတာကို ရော မင်းသိတယ်မဟုတ်လား"

..........

ကျိုးရှီ တတိယ ခြံဝင်းသို့ ပြန်ရောက်သောအခါ အားလုံးက လမုန့်လုပ်ရန် စောင့်နေကြသည်။

မွှေးရနံ့ချိုချိုက ခြံဝန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ကျန်းရှုယောင် သစ်သားပုံစံခွက်ကို ချွတ်ကာ လမုန့်များတွင် ကြက်ဥအနှစ်ကို သုတ်လိမ်းရန် စုတ်တံကို အသုံးပြုခဲ့သည်။

ရှဲ့ကျောက်က သူမ၏ဝတ်ရုံလက်တွေကို ဆွဲကိုင်လိုက်ပြီးမေးသည်။

"တတိယအဒေါ်...သားကိုတစ်ခါလောက်ပေးသုတ်ပါလား"

ကျန်းရှုယောင် သူ့ကို စုတ်တံကို ပေးလိုက်ချိန်တွင် လှုပ်ရှားမှုတစ်ချို့ကို ကြားပြီး ခြံတံခါးဆီ လှမ်းကြည့်လိုက်သည်။

သူမရွှေ့လိုက်သည်နှင့် စကားစမြည်ပြောနေကြသော အခြားလူများလည်း တံခါးဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ဤညက ကျိုးရှီအတွက် အိပ်မက်တစ်ခုလိုပါပင်။ခုနစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုက ပြီးဆုံးသွားခဲ့သည်။ ဤနေ့ရောက်သောအခါ ထိုခံစားချက်များသည် ညလေဖြင့် အလွယ်တကူ လွင့်ပါးသွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူမမျက်နှာပေါ်တွင် သက်တောင့်သက်သာရှိသော အပြုံးတစ်ခု ပေါ်လာပြီး သူမ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

ခုနစ်နှစ်က ကြာရှည်ပြီး၊ ခက်ခဲသည်မဟုတ်သော်လည်း သေးငယ်ပြီး နောက်ပြန်မဆုတ်နိုင်သော ရွေးချယ်မှုများနှင့် ပြည့်နေခဲ့သည်။သို့ပေမဲ့ တစ်စုံတစ်ယောက်က မြို့တော်ထဲကို လက်ထပ်ဝင်လာခြင်းကို နောင်တရပါသလားဟု ကျိူးရှီကို မေးခဲ့ပါလျှင် ခြံဝင်းထဲကို မဝင်ခင်က အဖြေကိုမသိခဲ့ပါချေ။ ယခုမူ သူမနားလည်သွားခဲ့ပြီ၊ သူမ၏အဖြေသည် နောင်တမရဟူ၍ဖြစ်သည်။

ရှုရှီ အတွေးတွေကို ဘေးဖယ်လိုက်ပြီး သူမဆီ အမြန်လျှောက်သွားလိုက်၏။ သူမက မျက်မှောင်ကြုတ်ကာ "ဘာဖြစ်ခဲ့တာလဲ" ဟု တိုးတိုးလေး မေးသည်။

ကျိုးရှီ သူမနှင့် ခုနစ်နှစ်ကြာ တိုက်ခိုက်ခဲ့ပြီး မကြာခဏ သူမကိုဒေါသတကြီးခြေဆောင့်အောင်လုပ်တတ်သော အမျိုးသမီးကို ကြည့်လိုက်သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးက တကယ်ကို အံ့သြစရာကောင်းသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရ၏။

သူမ ခေါင်းယမ်းလိုက်ပြီး စကားမပြောခင်မှာ ရှုရှီက သူမ၏လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကာဆိုနေပြီဖြစ်သည်။
"နင်လုပ်နိုင်...မဟုတ်ဘူး...သူလုပ်နိုင်..."

ကျိုးရှီက ရယ်မိသွားပြီးပြောလိုက်သည်။
"ကိစ္စတွေ ပြီးသွားပြီ"

ရှုရှီက အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ မိုးမခမျက်ခုံးများ အနည်းငယ် ပင့်လာသည်။ ရွှင်မြူးသောအမူအရာက မနိုးထသေးမီတွင် အလျင်အမြန် ဖိနှိပ်ခံလိုက်ရပြီး စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားကာ သူမကပြောသည်။

"ဒါဆို နင်..."

ကျိုးရှီ ဘယ်လောက်အချစ်ထဲမှာမွှန်နေလဲဆိုသည်ကို သူမ သိသည်။

သူမ ထိုမျှသတိထားနေသည်ကိုမြင်ရာတွင် ကျိုးရှီက ပျော်ရွှင်စွာပြုံးလိုက်သည်။

"ငါအိမ်ပြန်တော့မယ်"

ရှုရှီ အံ့အားသင့်သွားပြီး ချက်ချင်းရယ်လိုက်သည်။ သူမ အခြားမည်သို့ပြောရမည်ကို မသိသောကြောင့် အဆက်မပြတ် ခေါင်းညိတ်ရုံသာတတ်နိုင်သည်။

"ကောင်းတယ် ကောင်းတယ်"

ရလဒ်က သူမမျှော်လင့်ထားသည်ထက် ပိုကောင်းခဲ့သည်။

ကျန်းရှုယောင်က သူမလက်ထဲရှိ စုတ်တံပန်းကန်ပြားကို ချလိုက်ပြီးမေးသည်။

"ဘယ်လိုနေလဲ"

ကျိုးရှီက ကိစ္စကို ပြန်ပြောပြပြီး ကျန်းရှုယောင်က ပြုံးကာဆို၏။

"ကောင်းလိုက်တာ...ယောက်မ အိမ်ပြန်လို့ရပြီ"

သူမပြောပြီးနောက်တွင် သူမ၏အမူအရာက အနည်းငယ်ဝမ်းနည်းလာပြန်သည်။

"မော့ပေက.... မြို့တော်နဲ့ဝေးတယ်"

ဘေးကနေ ပြုံးနေသည့် ရှုရှီလည်း ကျိုးရှီအတွက် ပျော်ရွှင်ခြင်းကနေ သူမနှင့်ခွဲခွာရန် တွန့်ဆုတ်သွားသလို သူမအမူအရာလည်း ပြောင်းလဲသွားသည်။

"ပြန်မလာတော့တာတော့ မဟုတ်ဘူး... ဟိုကိုရောက်ရင်တောင် ငါ့သူဌေးက မြို့တော်မှာ ရှိတုန်းပဲ... ဟင်းချက်နည်းတွေ ထပ်လေ့လာဖို့ ပြန်လာရမယ်"

သူမက ပုခုံးတွန့်ကာ
"သာမန်လူတွေ လာလည်ဖို့ နှစ်လလောက် အချိန်ယူရတယ်...ဒါပေမဲ့ ငါက မတူဘူး... ငါက ကမ္ဘာပေါ်က ယောက်ျားအများစုထက် ပိုသာတယ်"

ရှုရှီ၏ နှလုံးသား အတွင်းမှ ထကြွလာသော ဝမ်းနည်းပူဆွေးမှုသည် ချက်ချင်းပျောက်ကွယ်သွားပြီး သူမနှင့် အကန်စကားဆိုလိုက်သည်။

"စိတ်ကြီးဝင်နေ"

ဆန့်ကျင်ဘက်အနေဖြင့် ကျိုးရှီက အနှီရှုရှီကို ကျင့်သားရနေသည့်အတွက် သူ မ ချက်ချင်းပင် သက်တောင့်သက်သာဖြစ်သွားသည်။

ကျန်းရှုယောင်က သက်ပြင်းချရင်းဆို၏။

"ကောင်းပြီ အမေမွေးပြီးရင် ပြန်လာရမယ်...အမေက တစ်နေ့လုံး လမ်းတွေပေါ်မှာ ပြေးလွှားပြီး သူ့ကို ကာကွယ်ဖို့ ယောက်မကို အားကိုးနေတာ...ကလေးမွေးပြီးခါမှ ပျောက်သွားလို့မရဘူး"

ကျိုးရှီက ခေါင်းညိတ်ပြီး သူမအစီအစဥ်ကို ပြောပြသည်။

"နှစ်သစ်ကို မော့ပေမှာ ကုန်ဆုံးဖို့ ငါလကုန်မှာ ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်"

"မမြန်လွန်းဘူးလား"

"ဟုတ်တယ်... ငါ အမြန်ဆုံး ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်...အချိန်ဆွဲမနေဘူး"

လူများစွာတို့ အချင်းချင်း စကားစမြည်ပြောနေကြစဉ် အစေခံများက ကြက်ဥအနှစ် သုံးကြိမ်မြောက်အောင် သုတ်ထားသော လမုန့်များကို မီးဖိုသို့ ပို့ကြသည်။

လမုန့်မီးဖိုထဲက ထွက်လာသောအခါ အားလုံးက စကားစမြည်ပြောနေသည်ကို ရပ်ပြီး ကြည့်လိုက်၏။

Xxxxx