အပိုင်း ၁၃၄ [End]
Viewers 18k

Chapter 134 [End]
လမ်းခွဲခြင်း


ဆောင်းဦးပေါက်လာသည်နှင့်အမျှ ဆောင်းရာသီက တိတ်တဆိတ်ရောက်ရှိလာသည်။

ကျိုးရှီ ပြင်ဆင်ပြီး ရှင်းလင်းရေးလုပ်နေပေမဲ့ နောက်ဆုံးမှာ အေးလှသော ဆောင်းရာသီရောက်မလာခင်မှာပဲ သူမ ထွက်သွားခဲ့၏။

သူမထွက်ခွာသည့်နံနက်တွင် မြို့စားရှဲ့အိမ်တော်ရှိလူတိုင်းသည် စောစောထကာ သူမကိုလိုက်ပို့ရန် မြို့တံခါးဆီသို့သွားကြသည်။

ကျိုးရှီသည် ၎င်းက များလွန်းသည်ဟု ခံစားရသောကြောင့် သူမ လျှောက်သွားပြီး သူတို့ပြန်သွားခိုင်းခဲ့၏။

ခွဲခွာချိန်တွင် ရှုရှီက သူမ၏မျက်ရည်များကို အကြိမ်အနည်းငယ် တိတ်တဆိတ်ခိုးသုတ်လိုက်သည်။ ရလဒ်အနေဖြင့် ရထားလုံး၏ ကန့်လန့်ကာကို မလိုက်သောအခါ ကျိုးရှီ ခပ်မြင့်မြင့်မြင်းပေါ်တွင် ထိုင်နေသည်ကို သူမမြင်လိုက်ရသည်။သူမက မြို့ပြင်သို့ ချက်ချင်းထွက်ကာ မြင်းကို စိတ်ကြိုက် နှင်ရန် မစောင့်နိုင်ဖြစ်နေပုံရသည်။ သူမ မျက်ရည်တွေ ချက်ချင်းပြန်ဝင်သွားပြီး ပြောလိုက်သည်။

"တစ်ခါပဲ လိုက်ပို့ပေးမယ်...နောက်တစ်ခါ မင်းကို လိုက်ပို့ပေးစေချင်ရင် ငါမပို့တော့ဘူး"

ကျိုးရှီက သူမ၏ အိမ်ထောင်ရှင် အမျိုးသမီးဆံထုံးကို ဖြည်ကာ ဆံပင်ကိုမြင်မြင့်စီးထားသည်။ သူမက ယောက်ျားအဝတ်အစားနှင့်တူသော အဝတ်တစ်ထည်ကို ၀တ်ထားသည်။ သူမ၏ အလှက မှေးမှိန်သွားကာ သူရဲကောင်းဆန်သော အသွင်အပြင်သာ ကျန်ရစ်နေသည်။

သူမက မြင်းကို ရှုရှီ၏ရထားလုံးနှင့်နီးရာကို နှင်လာပြီဆိုသည်။

"ဒါ နင်ပြောတာနော်"

ရှုရှီက အသက်ပြင်းပြင်းရှူပြီး ရထားလုံး၏ ကန့်လန့်ကာကို ချလိုက်သည်။

ဂိတ်တံခါးအဝသို့ရောက်သောအခါ လင်းရှီက ထိုနေရာ၌ စောင့်နေခဲ့သည်မှာကြာပြီဖြစ်၏။

သူမ ရထားလုံးပေါ့်မှဆင်းလာသည်ကို မြင်သောအခါ ကျိုးရှီကရုတ်တရက် မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"အိမ်မှာပဲ ကလေးပျိုးထောင်နေလို့ရတယ်လို့ ကျွန်မမပြောဘူးလား...ဘာလို့ထပ်ထွက်လာတာလဲ"

လင်းရှီက သူမကို ကျောနောက်ကို ခါးထောက်ကာဆိုသည်။

"မင်း ပေကျင်းကထွက်သွားတာကို ငါလိုက်မပို့ရဘူးလား"

ကျိုးရှီက သူ၏ကိုယ်ဝန်ဆောင်ဗိုက်ကို ကြည့်ပြီး ထိတ်လန့်တကြားဆိုသည်။

"ဘာလိုက်ပို့မှာလဲ ...စိတ်မပူနဲ့...မော့ပေမှာ ဆိုင်မဖွင့်ခင် ကျွန်မ ရှင့်ဆီကို စာတစ်စောင်ပို့လိုက်မယ်... ရှင့်ကို အချိန်မရွေး အလုပ်ကြောင်း သတင်းပို့မယ်... လင်းမိသားစုစားသောက်ကုန်လုပ်ငန်းရဲ့နာမည်ကို ဘယ်တော့မှ မဖျက်ဆီးဘူး"

လင်းရှီ နှာမှုတ်သည်။

"အဲဒါကို ငါ ဂရုမစိုက်ပါဘူး...မင်းကို လိုက်ပို့ဖို့ စောစောထနေတဲ့အချိန် ငါ အဲဒါကိုစိတ်ပူနေမှာလား"

ကျိုးရှီက အကူအညီမဲ့စွာဆို၏။

"ရှင် ကျွန်မထွက်သွားမှာကိုမခံနိုင်မှန်း သိတယ်... ဒါပေမဲ့ ကျွန်မပြန်လာမှာ...ရှင် ဘာမှ မပြောရင်တောင် ရှင်မွေးပြီးရင် သေချာပေါက် ပြန်လာခဲ့မယ်... နှစ်လ သုံးလလောက်ကြာမှ ပြန်ဆုံကြမယ်"

သူမ၏အသံဆုံးသည်နှင့်တစ်ပြိုင်နက် ရှုရှီက ရထားလုံးပေါ်မှ ခေါင်းထွက်ကာ လင်းရှီနှင့် တညီတညွတ်တည်းဆိုသည်။

"ဘယ်သူက နင်ထွက်သွားမှာကိုမခံနိုင်လို့လဲ"

ကျိုးရှီက အမြန်ပြောလိုက်၏။
"သွားမယ်...သွားမယ်"

ရှုရှီက သူမ၏ရထားပေါ်မှဆင်းကာ လက်ယပ်ခေါ်သည်။ သူမနောက်က ရထားလုံးနှစ်စီး၏ ရထားထိန်းများက သူတို့၏မြင်းကို ချက်ချင်း မောင်းလိုက်သည်။

သူမက ကျိုးရှီကိုပြောလိုက်သည်။

"နင်မြန်မြန်သွားလို့ရတယ်...သူတို့နောက်က ဖြည်းဖြည်းချင်းလိုက်လာလိမ့်မယ်"

ကျိုးရှီက မြင်းပေါ်ကဆင်းပြီး သူမဆီလျောက်လာသည်။

"သူတို့က ဘာအတွက်လဲ...ငါ့ခရီးမှာ ငါ့ကိုစောင့်ရှောက်ဖို့ တစ်ယောက်မှ မလိုဘူး"

ရှုရှီက အနည်းငယ် ကိုးရိုးကားယားဖြင့်ဆို၏။

"ငါ မင်းကို ဂရုမစိုက်ပါဘူး...အဲဒါ ငါပြင်ဆင်ထားတဲ့ နှုတ်ဆက်လက်ဆောင်ပဲ... သူတို့က ငါသုံးနေတဲ့ ဆိုင်ရှင်တွေပဲ...သူတို့က စာရင်းကိုင်တော်တယ်... သူတို့ရဲ့ မွေးရပ်ဇာတိက မော့ပေမှာ ရှိတာ...မင်းနဲ့အတူ လိုက်သွားခိုင်းလိုက်ပါ... အဲဒါက သူတို့ရဲ့ အိမ်လွမ်းနာကို ဖြည့်ဆည်းပေးတယ်လို့ ယူဆနိုင်တယ်"

ကျိုးရှီက သူမခေါင်းကို ပွတ်လိုက်ပြီး "ပြီးရင် သူတို့က ဘာလုပ်ကြမှာလဲ"

ရှုရှီက သူမ၏စကားကြားသောအခါ သူမကိုစိုက်ကြည့်လိုက်သည်။

"မင်းကဘယ်လိုပဲဖြစ်ဖြစ် စာရင်းကိုင်တချို့ရှာရမှာ... သူတို့က အသုံးဝင်နိုင်တယ်လေ...တခြားဘာမှ မပြောနဲ့...မင်းကိုယ်တိုင် စာရင်းကိုင်ချင်တာလား"

ကျိုးရှီက ပြန်ပက်သည်။
"ဘာလို့ မလုပ်ရမှာလဲ"

ရှုရှီက မနေနိုင်ဘဲ လှောင်ပြောင်လိုက်၏။

"ဒီနှစ်တွေတစ်လျှောက်လုံး စာရင်းပေါ်မှာ လှုပ်ရှားထားတဲ့ မင်းလက်ခြေတွေကို ငါတကယ် မသိဘူးလို့ မင်းထင်နေတာလား"

သူမက ကျိုးရှီ၏ လက်ဖဝါးကို ကိုင်လိုက်ပြီး မျက်လုံးများ ပူလာသည်။ ၎င်းတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ လျှို့ဝှက်ရန်ဖြစ်ခဲ့ကြသည်။အနှီပြဿနာလေးများနှင့် နှစ်ပေါင်းများစွာကြာအောင် သူမ၏ဘဝက ငြီးငွေ့စရာမရှိခဲ့ပါချေ။

ကျိုးရှီ အပြစ်ရှိသလိုခံစားရပြီး စကားတွေ ရပ်လိုက်သည်။

ရှုရှီကဆိုသည်။

"ဒါ့အပြင် မင်းအတွက်ပဲ မဟုတ်ပါဘူး... ဒီလူတွေက အများကြီးလုပ်ခဲ့ပြီး သူတို့ရဲ့မွေးရပ်မြေကို အမြဲပြန်ချင်နေတာကြောင့်က ပိုများတယ်...ငါသူတို့ကိုပြန်ခိုင်းလိုက်တာ... မင်းလိုအပ်ရင် မင်းသုံးလို့ရတယ်...မသုံးချင်ရင်လည်း ဒီအတိုင်းထားလိုက်ပါ"

ကျိုးရှီက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ငြိမ်သွားသည်။

လင်းရှီကလည်း ရထားလုံးကြီးနှစ်စီးကို ယူလာပြီး ကျိုးရှီကိုဆိုသည်။

"ဒါတွေအားလုံးက အသုံးဝင်တဲ့ အရာတွေ...စာရင်းက ဒီမှာ.. လမ်းပေါ်မှာ အချိန်ပေးဖတ်ကြည့်"

ကျန်းရှုယောင်က လင်းရှီကိုကူတွဲရင်း သူမဝတ်ရုံလက်ထဲက စာအုပ်ထူကြီးတစ်အုပ်ကို ထုတ်ကာပြောလိုက်သည်။

"ဒုတိယယောက်မ... ဒါက အစကနေ အခုထိ ကျွန်မရေးထားတဲ့ ဟင်းချက်နည်းတွေပါ...ယောက်မအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်"

ယင်းက စာအုပ်အထူကြီးတစ်အုပ်ဖြစ်သည်။ သူမ နေ့တိုင်း အချိန်ရအောင်ယူပြီး တစ်လကျော်ကြာအောင်ဆက်တိုက်ရေးခဲ့သည်။

ကျိုးရှိ ၎င်းကိုယူ၍ကြည့်လိုက်ရာ အတွင်းတွင် ပြွတ်သိပ်နေသော လက်ရေးကို တွေ့လိုက်ရသည်။ ဤအချိန်တွင် သူမ၏ နှလုံးသားက နောက်ဆုံးမှာ နှုတ်ဆက်ရန် ဝန်လေးသလို ခံစားလိုက်ရသည်။

သူမအသံက အနည်းငယ် တိုးဖျော့နေပြီး ဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ်"

သူမ ပြောချင်သည်တွေက များလွန်းသည်။ သူမဆက်ပြောနေလျှင် သူမ ဘယ်တော့မှ ရွေ့နိုင်မည်မဟုတ်တော့ပေ။

လင်းရှီက ဤအမှန်တရားကို နားလည်သော လူကြီးတစ်ယောက် ဖြစ်သည်။ သူမက ကျိုးရှီကိုပြောလိုက်သည်။

"ကောင်းပြီ.. သွားကြရအောင်...နေ့လည်စာစားဖို့ နောက်နားရပ်ကိုဒုန်းဆိုင်းရမှာ"

ကျိုးရှီက ခေါင်းညိတ်သည်။ သူမ သူမ၏မြင်းဆီသို့ ပြန်သွားကာ သူတို့ကို ပြန်လှည့်ကြည့်ပြီးနောက် သေသေ ရပ်ရပ် တက်လိုက်သည်။

"ဒါဆို ငါသွားတော့မယ်"
သူမက ပြောလိုက်သည်။

သုံးယောက်သား ခေါင်းညိတ်ပြီးဆိုကြ၏။
"လမ်းမှာ သတိထား"

ကျိုးရှီ ပြုံးလိုက်သည်။သူမ ကြာပွတ်ကို မြှောက်ပြီး မောင်းထွက်သွားလေသည်။

မြင်းက ပြေးထွက်သွားကာ လေက သူမအဝတ်အစားများနှင့် ဆံပင်များ လွင့်ပျံသွားစသည်။ သူမသည် မျက်စိတစ်မှိတ်အတွင်း သေးငယ်သော အစက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

လင်းရှီက နှုတ်ခမ်းကို တွန့်ကွေးပြီးဆိုသည်။

"မြို့တော်က ထွက်ခါရှိသေး မြင်းကိုကျားလိုစီးနေပြီ...မော့ပေ ပြန်ရောက်ရင် ဘယ်လောက် ရူးမိုက်မလဲ မသိဘူး"

ရှုရှီက နောက်ကသံယောင်လိုက်၏။ "ဖြစ်နိုင်တယ်"

စကားပြောပြီးနောက် သုံးယောက်သားတိတ်ဆိတ်သွားပြန်သည်။

လင်းရှီက လက်ဝှေ့ယမ်းပြီးဆိုလိုက်၏။
"သွားရအောင်...ပြန်ကြရအောင်"

ရှုရှီ နှင့် ကျန်းရှုယောင် ခေါင်းညိတ်လိုက်သည်။သူတို့ လှည့်တော့မည်ပြုချိန်တွင် ကျန်းရှုယောင်က သူမပါးစပ်ကို အုပ်ပြီး ရုတ်တရက် ပျို့တက်လေသည်။

လင်းရှီ အံ့သြသွားပြီး
"ဘာဖြစ်နေတာလဲ...လေစိမ်းအများကြီးမိသွားလို့လား"

ကျန်းရှုယောင်က ပြန်မဖြေဘဲ နောက်တစ်ကြိမ် ထပ်ပျို့ပြန်သည်။

ရှုရှီက အစေခံတွေကို ရေနွေးသွားယူရန် ကမန်းကတန်း ခိုင်းလိုက်၏။

နောက်ဆုံးတွင် ကျန်းရှုယောင်၏ဗိုက်သည် ရေနွေးသောက်ပြီးနောက် သက်တောင့်သက်သာရှိလာသည်။ ကျွန်မ အဆင်ပြေပါတယ်ဟု ပြောခါနီးတွင် အသံမထွက်ခင်မှာ ထပ်ပျို့ပြန်၏။

သူမ စိတ်ငြိမ်အောင်ထားပြီး ထလာသောအခါတွင် ရှုရှီနှင့်လင်းရှီတို့၏ စူးရှသော မျက်လုံးများကို တွေ့လိုက်ရသည်။

"ဘာ...ဘာလဲ"

သူမ အနည်းငယ်ကြောက်သွား၏။

လင်းရှီက ဆိုသည်။

"နင် ဒီလိုမျိုး ပျို့အန်ဖူးလား"

ကျန်းရှုယောင်က ပဟေဠိဖြစ်သွားသည်။

"ဒီရက်တွေမှာ နည်းနည်းတော့ ရှိတယ်...ဆောင်းရောက်ရင် လေအေးက အမြဲတမ်းအတိုက်ခံရတယ်...ပြီးရင်ဗိုက်ထဲက လေအေးတွေရောက်နေတာပဲ..."

သူမ ထိုသို့ပြောလိုက်ချိန်တွင်
သူမ လင်းရှီနှင့်ရှုရှီ၏တောက်ပသောအကြည့်များကို တကယ်မခံဖြစ်သွားရသည်။

"ဘာကြည့်နေတာလဲ"

လင်းရှီ အနည်းငယ် စိတ်လှုပ်ရှားသွားနေသည်။ သူမ ကျောကို လက်ထောက်ကာ ဗိုက်ကို ထိ၍မေး၏။

"နင် ငါ့သမက်နဲ့ ကောင်းကောင်းအဆင်ပြေရဲ့လား"

ကျန်းရှုယောင် ထိတ်လန့်သွားပြီး
"မေမေ့..."
သူမ ရှုရှီကိုကြည့်ပြီး နားရွက်များနီရဲလာသည်။

ရှုရှီက လင်းရှီကိုပြော၏။
"အဲဒါ ထင်တယ်"

"ဘာအဲဒါလဲ"
ကျန်းရှုယောင် စိတ်ရှုပ်ထွေး သွားသည်။

လင်းရှီက ရယ်မောကာ သူမလက်ကိုဆွဲပြီး ရထားလုံးဆီသို့ ခေါ်သွား၏။

"ငတုံးမလေး...အဲဒါ ဘာဖြစ်ရမှာလဲ... နင့်မှာ အဲဒါရှိနေတာ"

"ဘာကြီး"

ကျန်းရှုယောင်အတွန်းခံလိုက်ရသော်လည်း လင်းရှီ၏ကိုယ်ဝန်ဆောင်ဗိုက်ကို ထိမိမည်ကိုစိုးသောကြောင့် မရုန်းရဲပေ။

"မေမေ သတိထားပါ"

ရှုရှီက သူမပါးစပ်ကို အုပ်ကာ ပြုံးလိုက်ပြီးဆို၏။
"ဘာဖြစ်ရမှာလဲ...နင် ကိုယ်ဝန်ရှိနေတာလေ"

ကျန်းရှုယောင် ကြောင်အနေချိန်မှာ လင်းရှီက ရထားထိန်းကိုညွှန်ကြားချက်များ ပေးနေပြီဖြစ်သည်။

"အိမ်တော်ကို ပြန်... မြင်းကို ဖြေးဖြေး မှန်မှန်မောင်းပါ...ငြိမ်လေ၊ပိုကောင်းလေပဲ"

ရှုရှီ နှင့် လင်းရှီ တို့သည် သူတို့၏ ယခင်ဝမ်းနည်းမှုကို ရှင်းလင်းလိုက်ကြသည်။သမားတော်က သွေးခုန်နှုန်းကို စစ်ဆေးပြီး သူမမှာ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပြီးနောက် သူတို့ ပို၍ပင် စိတ်လှုပ်ရှားခဲ့ကြသည်။ တစ်ယောက်က တစ်စုံတစ်ယောက်ကို ရှဲ့ရွှင်းဆီ စာတစ်စောင်ပို့ခိုင်းပြီး နောက်တစ်ယောက်က မွေးဖို့ပြင်ဆင်ရန် စီစဥ်နေသည်။

ရှဲ့ရွှင်းသည် လင်းရှီဆီက သတင်းကို လက်ခံရရှိပြီးနောက်တွင် အရေးကြီးသည့် တစ်စုံတစ်ရာ ရှိနေသည်ဟု သူထင်သဖြင့် မြို့စားရှဲ့အိမ်တော်သို့ အမြန်ပြန်သွားခဲ့သည်။

သူ မမောမပန်းနှင့် ပင်မဝင်းကို ပြေးသွားချိန်တွင် လူတွေ အတော်လေး ရှုပ်နေသည်ကို တွေ့လိုက်ရ၏။ သူက ပို၍ပင် စိုးရွံ့နေသလို ခံစားရသည်။

တံခါးဝကနေ လှမ်းကြည့်လိုက်ရာ ကျန်းရှုယောင် ကုလားထိုင်တစ်လုံးမှာ ထိုင်နေသည်ကို တွေ့လိုက်ရပြီး စိတ်သက်သာရာ ရသွားသည်။လုံခြုံပြီး အန္တရာယ်မရှိ။

သူမမေးခင် ကျန်းရှူယောင်ကဆိုလာသည်။

"ပေါယွမ်...ရှင်ဒီနှစ် ပေကျင်းကနေခွာလို့မရဘူး"

"ဟင်"

ရှဲ့ရွှင်းက သူမ၏စကားကို လျစ်လျူရှုလိုက်သည်။ထိုအစား သူက သူမကို ခေါင်းအစ ခြေအဆုံး အရင်ကြည့်ပြီး စိုးရိမ်တကြီးမေး၏။

"ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲ"

ကျန်းရှုယောင်ကပြောသည်။
"ဘာမှမဖြစ်ပါဘူး...ကျွန်မ ကိုယ်ဝန်ရှိနေပြီ"

ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး
"ဘာမဖြစ်ရင် ကောင်းပါတယ်...ခဏလေး... မင်းဘာပြောလိုက်တာလဲ"

ကျန်းရှုယောင် သူ၏ အူကြောင်ကြောင် အကြည့်ကို မြင်လိုက်ရသောအခါ မရယ်ဘဲမနေနိုင်ပေ။ သူမက အသံကိုမြှင့်ပြီး ပြောလိုက်၏။

"ကျွန်မပြောတာ ကျွန်မကိုယ်ဝန်ရှိနေတယ်"

ရှဲ့ရွှင်း၏စိုးရိမ်သောအမူအရာမှာ လုံးဝပြိုကွဲသွားသည်။နှစ်ထောင်းအားရမှုက သူ့နှလုံးသားဆီကို လိမ့်တက်လာပြီး ဘာလုပ်ရမှန်းမသိ ငြိမ်သက်နေခဲ့သည်။ သူမကို ပွေ့ဖက်ချင်သော်လည်း ချဉ်းကပ်ရန် မဝံ့ရဲ။ အဆုံးတွင် ကျန်းရှုယောင်က သူမကိုယ်သူမ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာပြီး သူ ကြောက်လန့်တကြား ဖမ်းလိုက်ရသည်။

"သတိထား" ဟု သူ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။

ကျန်းရှုယောင်က ပိုပျော်ရွှင်စွာ ပြုံးလိုက်ပြီးဆို၏။

"ရှင်က ဒီလိုကျအရမ်း ဒုံးဝေးတာပဲ"

ရှဲ့ရွှင်းတစ်ယောက် ယခုလိုနေ့ရောက်လာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ရှဲ့ရွှင်း သူမ မကုန်းမိအောင် သူမပခုံးကို ကိုင်ထားရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူက သူမကို ကုလားထိုင်ဆီသို့ ဂရုတစိုက် ပြန်ခေါ်သွားပြီး သေသေချာချာမေးလိုက်သည်။

"သမားတော်ကို တွေ့ပြီးပြီလား... သူကဘာပြောလဲ... ဘာလုပ်ရမလဲ...ဘာကို သတိထားရမလဲ...မဟုတ်ဘူး ငါမင်းကိုမမေးသင့်ဘူး...မင်းအရင်ထိုင်...ခုံမှာမထိုင်နဲ့ သွားထိုင်....."

သူ၏ကရားရေလွှတ် တတွတ်တွတ်ပြောသံက နောက်ကိုးလတွင် သူမည်မျှ တင်းမာနေမည်ကို ပြသရန် လုံလောက်သည်။

ကျန်းရှုယောင်က ကိုယ်ဝန်ရှိနေသည်။မြို့စားရှဲ့အိမ်တော်တွင် ပျော်ပွဲ ဆင်နွှဲနေသည်၊ လမ်းဘေးအစားအစာဈေးတွင်လည်း ပျော်ပွဲ ဆင်နွှဲနေသည်၊ စားသောက်ဆိုင်၊ မနက်စာဆိုင်များနှင့် သရေစာဆိုင်များအားလုံး ပျော်ပွဲ ဆင်နွှဲနေသည်။ မြို့တော်၏ တစ်ဝက်သည် ရွှင်လန်းမှုနှင့် ငြိမ်းချမ်းမှုအပြည့်ရှိသည်။ အရှေ့နန်းဆောင်အဖွဲ့ပင်လျှင် ရွှင်မြူးစွာ လှည့်ပတ်သွားရင်း ကလေးအား ဘာပေးရမည်ကိုဆွေးနွေးကြသည်။

ပေကျင်းတစ်ခုလုံးတွင် ရှဲ့ရွှင်းသာ တင်းမာနေသည်။

နှစ်သစ်ကူးကာလအထိ စိတ်လှုပ်ရှားမှုက နှစ်ဆတိုးလာသော်လည်း နှစ်သစ်ကုန်ဆုံးချိန်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲကာ နှစ်သစ်သို့ ရောက်ရှိလာခဲ့သည်။

မြို့တော်တွင် ပထမဆုံးနှင်းကျပြီးနောက် မြို့တော်ကို ငွေရောင်ဖြင့်ဖုံးလွှမ်းခဲ့သည်။

ကျန်းရှုယောင် ရှဲ့ရွှင်းရင်ခွင်ထဲတွင် ခိုဝင်ကာ နှင်းများကိုခံစားနေပြီး မကြာမီ ငိုက်မျဉ်းလာသည်။ယင်းက ရှဲ့ရွှင်းကို အလွန်အမင်းစိုးရိမ်သွားစေ၏။

"မင်းဘာလို့ အခုတလော ပိုအိပ်ချင်လာတာလဲ"

ကျန်းရှုယောင်က ပြောစရာစကားမဲ့သွားပြီးပြန်ဖြေလိုက်သည်။

"ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဒီလိုပါပဲ"

ရှဲ့ရွင်းက မယုံပေ။ သူ့ဘေးနားက စာအုပ်ငယ်ကို လှမ်းဆွဲပြီး သူ့မှတ်စုတွေကို ဖတ်လေသည်။

ကျန်းရှုယောင်က သူ​ဖွင့်ပြီးသည်နှင့် အတင်းပိတ်လိုက်၏။

ရှဲ့ရွင်းတစ်ယောက် စာအုပ်ကိုချရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ သူ သူမကို ပွေ့ဖက်ကာ သူမနှင့်အတူ ရှုခင်းကို ဆက်လက်ကြည့်ရှုခဲ့သည်။

ပြတင်းပေါက် အပြင်ဘက်တွင် နှင်းများနှင့် လေများ တဖြည်းဖြည်း ရပ်တန့်သွားကာ အိမ်အတွင်းရှိ မီးသွေးအိုးသည် တောက်လောင်နေဆဲ ဖြစ်သည်။ရှဲ့ရွှင်း ပြတင်းပေါက်အပြင်ဘက်ရှိ နှင်းများကိုကြည့်ကာ ကျန်းရှုယောင်၏ အပြင်ထွက်ကစားရန် တောင်းဆိုမှုကို မည်သို့ငြင်းဆန်ရမည်ကို စဉ်းစားနေသည်။

အကြောင်းပြချက်ကို တွေးတောနေရင်းမှ ကျန်းရှုယောင် ခဏလောကိ စကားမပြောဘဲနေခဲ့ကြောင်း သူသတိထားမိလိုက်သည်။

အောက်ကိုငုံ့ကြည့်လိုက်သည်အခါ သူ့ရင်ခွင်ထဲကလူ ဘယ်ချိန်ကမှန်းမသိ အိပ်ပျော်သွားခဲ့သည်။

ရှဲ့ရွှင်း ခေါင်းယမ်းကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူမကို ကုတင်ပေါ်တင်လိုက်သည်။

ခဏအကြာတွင် လေနှင့်နှင်းတွေ ပြန်ရောက်လာသည်။နှင်းပွင့်များသည် ရေခဲမှုန်များကဲ့သို့ ကျဆင်းလာပြီး တံစက်မြိတ်များပေါ်တွင် ရေခဲတောင်များ ဖြစ်ပေါ်လာစေသည်။ ပြတင်းပေါက် အပြင်ဘက်တွင် လေနှင့် နှင်းများ ထန်နေပြီး ဆောင်လေအေးက တရှဲရှဲတိုက်ခတ်နေသော်လည်း အခန်းသည် ငြိမ်သက်တိတ်ဆိတ်နေပြီး အသက်ရှုသံဖျော့ဖျော့နှင့် စာရွက်လှန်သံတိုးတိုးမျှသာ ရှိသည်။ မနှစ်က ပျော်ရွှင်စရာကောင်းသည့်နှစ်ဖြစ်ပြီး လာမည့်နှစ်က ပျော်ရွှင်ရမည့်နှစ်တစ်နှစ်ပါပင်။

---

[ET/N- ဤသည်မှာ ပုံမှန်အခန်းများ၏ အဆုံးဖြစ်သည်၊ သို့သော် အခန်းပိုအပိုင်းများပြီးနောက် ဇာတ်လမ်းကို နောက်အပတ်တွင် အပြီးသတ်ပါမည်။]

[MMT/N- ဒီနေ့ပဲ အဆုံးသတ်မှာ ဟိဟိ 😁]


Xxxxxx