Chapter 48
ထိုရှာဖွေတွေ့ရှိမှုက သူ့ကိုယ်သူ အနည်းငယ် ရယ်မောစေမိသည်။ သူ ရှန်းကုန်းဇီ ကဲ့သို့ လူတစ်ယောက်မှာ အခြားသူများထံမှ ပလေးဘွိုင်း တစ်ယောက်ဟု အထင်မှားခံရလေ့ရှိသည်။ မိန်းကလေး တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ အကူအညီမဲ့သလို ခံစားနေရမယ်လို့ ဘယ်သူက ယုံကြည်မှာတဲ့လဲ...
သူတို့က အနောက်တိုင်းအစားအစာများသွားစား သင့်သည်ကြောင့်လည်း ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ယခုကဲ့သို့ အနေရခက်နေမည် မဟုတ်ပေ။ လီယန်က တရုတ်အစားအစာများ စားရသည်ကို အကြိုက်ဆုံးသည်ကို သတိရမိသောကြောင့် သူ ဒီနေရာ၌ အခန်းတစ်ခု မှာထားခြင်း ဖြစ်သည်။
"အာ... ဟုတ်သား... ဘာလို့ ဒီနေရာကို Arc De Triomphe လို့ ခေါ်တာလဲ"
လီယန်၏ မေးခွန်းက ရှန်းယွမ်ဇယ်၏ အနေရခက်မှုများကို ကူညီ ဖြေရှင်းလိုက်နိုင်သည်။ သူက စားပွဲပေါ်မှ လက်ဖက်ရည်ကို သောက်လိုက်ပြီး ပြန်ဖြေသည်။
"ငါ့ရဲ့ မိခင်ကျောင်းက ဒီနေရာမှာ ရှိခဲ့ဖူးတာလေ... ဒီနေရာမှာ ငါ့ရဲ့ အောင်နိုင်မှု ဂုဏ်သတင်းကို မှတ်ကျောက်တင်ဖို့ ဒီနေရာကို Arc de Triompheလို့ တမင်သက်သက် ရည်ညွှန်းထားတာ"
လီယန်က တခစ်ခစ် ရယ်မောလိုက်သည်။ "အောင်နိုင်မှု... တစ်ယောက်ယောက်ကို ရိုက်ခဲ့တာအတွက် နောက်ထပ် စကားလုံးလား... ကောကောက ဘယ်လို တိုက်ခိုက်ရမလဲ သိလို့လား... ကောကောက ရန်သူတွေကို သတ်ဖို့ အမြဲတမ်း လျှာစွမ်းထက်ထက်ကိုပဲ သုံးခဲ့တာလို့ အမြဲတမ်း တွေးနေတာ"
ရှန်းယွမ်ဇယ်သည်လည်း ရယ်မောလိုက်သည်။ "ငါ ရန်ဖြစ်တယ် ဆိုတာ တစ်ယောက်ယောက်အတွက်ပါ"
လီယန်က မျက်ခုံးပင့်မိသွားသည်။ "မိန်းကလေးလား... ယောကျ်ားလေးလား"
ရှန်းယွမ်ဇယ်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ လီယန်၏ အမူအယာက ပို၍ စိတ်လှုပ်ရှားလာသလိုပင်။ "ခန့်မှန်းကြည့်ရသလောက်တော့ မိန်းကလေးပဲ ဖြစ်ရမယ်"
ရှန်းယွမ်ဇယ်၏ အပြုံးကာ နစ်ရှိုင်းလာခဲ့လေသည်။ "အင်း... ငါသူ့ကို အချိန်အကြာကြီး လိုက်ခဲ့တာလေ"
"အဲ့သလိုလား ... သူကတော်တော်လေး လှမယ်ထင်တယ်"
"အင်း... အရမ်းလှတာ" ရှန်းယွမ်ဇယ်က မော့ကျန်း မိန်းကလေးတစ်ယောက်၏ ပုံစံ ပြောင်းလိုက်သည်ကို တွေးကြည့်မိနေပြီး အနှစ်ချူပ်ရပါက ထိုသူက အလှလေးများအားလုံးကို သေချာပေါက် ရိုက်ချနိုင်လိမ့်မည်ပင်။
အခန်းက တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ လီယန်က တစ်ခုခုကို အမှတ်ရမိသွားပြီ ပြောလိုက်သည်။ "မိခင်ကျောင်းအကြောင်း ပြောခါမှ ဟိုတစ်နေ့က ကောကောနဲ့ မော့ကျန်းက မူလတန်းတူတူ တက်ခဲ့ဖူးတာကို တွေ့လိုက်ရတယ်"
လီယန်၏ စကားလုံးများက ရှန်းယွမ်ဇယ်ကို တစ်ခဏမျှ အနည်းငယ် အံ့အားသင့်သွားစေပြီး မော့ကျန်း ဆေးရုံမှာ ပေါ်လာခဲ့သည့် မြင်ကွင်းက ရုတ်တရက် သူ့အတွေးထဲသို့ ပေါ်လာခဲ့လေသည်။ သူက မသိစိတ်အရ မျက်မှောင်ကြုတ်မိသွားသည်။
"မင်းက မော့ကျန်းကို သိတာလား"
"သူက နာမည်ကျော်ပဲဟာ... ဘယ်သူက သူ့ကို မသိဘဲ နေမှာလဲ" ဟုတ်ပါတယ်လေ... သူမလည်း အရင်က သူ့ကို သေသေချာချာ မသိခဲ့ဘူးဆိုတာ ဝန်ခံပါတယ်...
"အရင်က ဆယ်လီတွေနောက် မလိုက်ဖူးဘူးမို့လား"
"ရှန်ပူက သူ့ဖန် အကြီးစားလေ... နေ့တိုင်း ကျွန်မရှေ့ သူ့အကြောင်းပဲ ပြောပြနေတာ... ဒီမနက်ကတောင် ဧကရာဇ်မော့ရဲ့ အယ်လ်ဘမ် အသစ်ကို သူ့အတွက် ကူဝယ်ပေးခဲ့ရသေးတယ်"
မော့ကျန်းရဲ့ အယ်လ်ဘမ်လား... ဒီနေ့ မော့ကျန်းက အယ်လ်ဘမ် အသစ်ထုတ်တယ်လို့ ကြားမိခဲ့ပုံပဲ... ရှန်းယွမ်ဇယ် မော့ကျန်း၏ အယ်လ်ဘမ်အကြောင်း တွေးနေသည့် အခိုက်မှာပင် တံခါးမှ ညင်ညင်သာသာ တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။ စားပွဲထိုးက ဟင်းပွဲများ တည်ခင်းတော့မည့်အကြောင်း မေးလာခြင်း ဖြစ်သည်။
ထိုသူများကို ခေါင်းငြိမ့်ကာ ဝင်ခွင့်ပြုလိုက်ပြီးနောက် လီယန်က စားပွဲအပြည့် ခင်းထားသော ဟင်းပွဲများကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ အထူးသဖြင့် ရွှေရောင်သန်းနေသော ငါးကြော်က အတော်လေး အရသာရှိမည့်ပုံပင်။
စားပွဲထိုးများ ထွက်သွားသောအခါ သူမက ငါးကြော်အသေးလေးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ငါးကြော်လေး၏ ကြွပ်ဆပ်နေသော အရသာလေးကို အရသာခံလိုက်ရပြီး နောက် လီယန်ကို အံ့လောက်ဖွယ် စိတ်ကျေနပ်မှုတို့ဖြင့် ပြည့်နှက်သွားစေခဲ့သည်။
၎င်းက ထူးဆန်းလှသည်။ သူမက ထိုဟင်းကို တစ်ခါမှ မမြင်ဖူးသည်မှာ သိသာနေသော်လည်း အဘယ်ကြောင့် ထိုဟင်းပွဲကို ယခင်က ကြိမ်ဖန်များစွာ စားခဲ့ရဖူးသည်ဟု ခံစားနေရသနည်း...
ရှန်းယန်ဇယ်က လီယန်၏ အမူအယာကို ကြည့်ကာ ပြုံး၍ ခေါင်းခါလိုက်သည်။ သူမစားသော ဟင်းများမှာ မော့ကျန်း အကြိုက်နှင့် ထပ်တူကျလုနီးပါး ဖြစ်သော်လည်း သူတို့တွင် ဆက်နွယ်မှု မရှိသဖြင့် သူတို့၏ ဘဝများမှာ ယခင်က ဆုံတွေ့ဖူးကြမည် မဟုတ်။
သူကလွဲ၍ပေါ့...
ရှန်းယွမ်ဇယ်က လီယန် စားပြီးလုနီးပါးအချိန်အထိ စောင့်နေခဲ့ပြီး အဆုံးတွင် တကယ့် အကြောင်းအရာကို ဝင်ရောက်ရန် အသင့်ဖြစ်နေလေပြီ...
သူက အအေးခံထားပြီးသား ရေနွေးကို မော့လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ သူက အစားအစာများထံမှ လီယန်၏ အာရုံကို သူ့ဆီ ပြန်ဆွဲယူရန်အတွက် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်သည်။ "ယန်ယန်... ငါပြောစရာ ရှိလို့"
"အိုး" လီယန်က သူ၏ အလေးအနက် ဖြစ်နေသော လေသံမှ သက်ရောက်ခံလိုက်ရပြီး သတိလက်လွတ်ဖြင့် သူမ၏ တူများကို ပြန်ဆွဲယူလိုက်သည်။
သူ့ကို တည့်တည့် စိုက်ကြည့်နေသော ထိုမျက်လုံးရွဲကြီးများကို ကြည့်ကာ ရှန်းယွမ်ဇယ် သူ့လက်ဖဝါးများမှ ချွေးစို့လာသလို ခံစားလိုက်ရသည်။ "ဒါကလေ... အဲ့ဒါက"
လီယန် သတိလစ်နေချိန်က သူ အကြိမ်များစွာ ပြောခဲ့ဖူးသော်လည်း ယခု အသိစိတ်ရှိနေသော လီယန်နှင့် ရင်ဆိုင်ရသောအခါ သူ ရုတ်တရက် ဘာစကားမှ မပြောနိုင်တော့။
လီယန်၏ နှလုံးသားက အထိတ်တလန့် အပြည့်ဖြစ်သွားလေသည်။ ဒီလိုမျိုး အခြေအနေက... သူချစ်ခွင့်ပန်ဖို့ လုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်...
သူမ ကောလိပ်တက်နေစဥ်ကလည်း များစွာသော ယောကျ်ားလေးများထံမှ အကြိမ်များစွာ ချစ်ခွင့်ပန်ခြင်းကို ခံခဲ့ရဖူးသည်။ ထပ်ပြီးတော့ သူတို့ကလည်း ယခု ရှန်းယွမ်ဇယ် ဖြစ်နေသည့် မျက်နှာ အမူအယာနှင့် တစ်ပုံစံတည်းပါပင်။
"ယန်ယန်... ငါမင်းကို သဘောကျတယ်"
ရှန်းယွမ်ဇယ်က သူ့နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့ရသည့် ထိုစကားလုံး သုံးလုံးကို နောက်ဆုံးတွင် ပြောထွက်လာခဲ့သည်။
ယနေ့က ဗယ်လင်တိုင်းဒေး ဖြစ်ပြီး ညအချိန်၊ ညစာနှင့် လေထုကလည်း နှင်းဆီရနံ့တို့ဖြင့် ပြည့်နေခဲ့သည်။ သို့သော်လည်း လီယန်ကမူ ထိုမျှလောက်ထိ ကူကယ်ရာမဲ့ရသည်မျိုး မခံစားဖူးခဲ့။
ဟုတ်ပါတယ်... အခု ကူကယ်ရာမဲ့နေရတာ သူမပါပဲ...
ယခင်ကမူ သူမ တက္ကသိုလ်တွင် ရှိနေစဥ်အခါက သူမကို ချစ်ခွင့်ပန်လာကြသည့် ယောကျ်ားလေးများကို အမြဲတမ်း တည်တည်ငြိမ်ငြိမ်ဖြင့် ငြင်းလွှတ်ခဲ့သည်ချည်းသာ။ သို့သော်လည်း ရှန်းယွမ်ဇယ်က ထိုသူများနှင့် မတူညီပေ။ ယခုမူ သူမ၏ ယွမ်ဇယ်ကောကောဖြစ်နေပြီး သူမကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ရသည့် ယွမ်ဇယ်ကောကောပင်။
"ယွမ်ဇယ်ကောကော..." လီယန်၏ အသံက အလွန် သေးငယ်နေပြီး အလွန် တိုးလွန်းသဖြင့် သူမသည်ပင် ကြားနိုင်ရန် ခက်ခဲနေသည်။
"ကျွန်မ ကောကောကို အမြဲတမ်း အစ်ကိုတစ်ယောက်လိုပဲ မြင်ခဲ့တာ"
ရှန်းယွမ်ဇယ်က ထိုအဖြေကြောင့် အံ့သြမသွားခဲ့။ သူ သူမ၏ အဖြေအတွက် အနည်းငယ်မျှလောက်ပင် အံ့အားသင့်မသွားခဲ့ဟု ပြောသည်က ပိုကောင်းပေမည်။
သူ လီယန်ကို နှစ်ပေါင်းများစွာ ကြိုက်ခဲ့သော်လည်း ဘယ်တုန်းကမှ မပြောပြခဲ့ရသည့် အကြောင်းမှာ တစ်ဖက်တွင် သူမ အရွယ်ရောက်လာသည်ကို စောင့်နေချင်သေး၍ ဖြစ်ပြီး အခြားတစ်ဖက်တွင် (သူဝန်မခံချင်သော်လည်း) လီယန်က သူ့အား သူ့ကို အစ်ကိုတစ်ယောက် အဖြစ်သာ အမြဲတမ်း မြင်နေခဲ့သည်ကို သူ့မသိစိတ်ထဲက သတိပြုမိပြီးသား ဖြစ်နေ၍ပင်။
သူက မျက်တောင်ခတ်ကာ သူမကို ပြုံးပြလိုက်သည်။ "ဒါက ဒဏ္ဍာရီလာ အစ်ကိုကဒ်ပဲပေါ့"
လီယန်က နှုတ်ခမ်းကို ကိုက်၍ ခေါင်းငုံ့ကာ စကားဆိုမလာခဲ့တော့ပေ။
တစ်ယောက်ယောက်ကို ကြိုက်ခြင်းနှင့် မကြိုက်ခြင်းတို့မှာ ပြစ်မှုမဟုတ်သော်လည်း သူမက လူဆိုးမ တစ်ယောက် ဖြစ်နေသည့်အလား ခံစားနေရပေသည်။
အဆုံးတွင် သူမက တစ်ယောက်ယောက်က ကျွေးမွေးလာသော စျေးကြီးလှသည့် ညစာကို စားထားနှင့်ပြီးလေပြီ။
ရှန်းယွမ်ဇယ်က ထိုင်ခုံမှ ထရပ်ကာ ခေါင်းငုံ့၍ သူအမြဲတမ်း လုပ်ခဲ့သလိုပင် လီယန်၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"ရပါတယ်... ငါအဆင်ပြေတယ်... ဆက်စားလေ"
လီယန်က သူမ၏ ခေါင်းကို ငုံ့ထားနေပြီး တီးတိုးပြောလာခဲ့သည်။ "ဗိုက်ပြည့်နေပြီ..."
သူမသာ ထိုကဲ့သို့ ဖြစ်လာမည်ဟု စောစောကြိုသိထားမိပါက ထိုမျှလောက် စားခဲ့မည် မဟုတ်ဘဲ ယခု ခံစားနေရသော အပြစ်ရှိစိတ်များကိုလည်း သိပ် မခံစားရလောက်ပေ။
ရှန်းယွမ်ဇယ်က သူမ ထိုကဲ့သို့ ဖြစ်နေရပုံကို ကြည့်၍ ဆက်မနှောက်ယှက်တော့ဘဲ ထိုအစား စားသောက်ဆိုင်ထဲမှ တိုက်ရိုက် ခေါ်ထုတ်လာခဲ့သည်။ ရှန်းယွမ်ဇယ်က မူလတွင် ကိုယ်တိုင်ကိုယ်ကျ အိမ်ပြန်ပို့ပေးချင်ခဲ့သော်လည်း ထိုအခြေအနေဖြင့် လီယန်မှာ ရှန်းယွမ်ဇယ်၏ ကားထဲသို့ လိုက်စီးရန် အဆင်ပြေပုံမရသဖြင့် တက္ကစီတစ်စီးကိုသာ အိမ်ပြန်ပို့ပေးရန် ရည်ရွယ်လိုက်သည်။
ရှန်းယွမ်ဇယ်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖုန်းကို ထုတ်၍ ခေါ်လိုက်သည်။ မကြာမီပင် တက္ကစီတစ်စီးက သူတို့ရှိနေရာသို့ မောင်းနှင်လာခဲ့ပြီး လီယန်က ကားထဲသို့ ဝင်သွားခဲ့သည်။ ရှန်းယွမ်ဇယ်က အမှောင်ထုထဲသို့ မောင်းနှင်သွားသော ရှေ့မီးရောင်လေးကို ကြည့်နေပြီးနောက် သူ့ကားထဲသို့ ဝင်ထိုင်လိုက်ပြီး ဘားဆီသို့ မောင်းနှင်သွားခဲ့သည်။
..........
မော့ကျန်းက ဆိုဖာပေါ်တွင် လဲလျောင်းနေရင်း ဖုန်းထဲတွင် ထန်ချန်း ပြောလာခဲ့သည့် စကားများကို နားထောင်နေခဲ့သည်။ ထန်ချန်းက ဆယ်မိနစ်နီးပါးမျှ သူ့ကို စကားပြောနေခဲ့ပြီး အဓိက အကြောင်းအရာမှာ အယ်လ်ဘမ်ရောင်းအား မည်မျှပင် ကောင်းလှကြောင်းပင် ဖြစ်သည်။
သူ ဒီသတင်းကို အင်တာတိန်းမန့်သတင်းတွေထဲမှာ တွေ့ပြီးသားနော်... ဟုတ်ပြီလား...
သူ့ဖုန်း မြည်လာခဲ့ပြီး စာတိုအသစ်တစ်ခုက မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။ မော့ကျန်း ထန်ချန်း၏ ဖုန်းကို ချလိုက်ရန်အတွက် အခွင့်အရေး ပေါ်လာခဲ့လေပြီ။
မက်ဆေ့ချ်ကို ရှန်းယွမ်ဇယ် ပို့လာခဲ့ခြင်း ဖြစ်ပြီး စကားငါးလုံးသာ ပါသည်။
"ငါအခု အချစ်တွင်းထဲကနေ ကန်ထုတ်ခံလိုက်ရပြီ"
မော့ကျန်းက မျက်မှောင်ကြုံ့ကာ ဖုန်းပြန်ခေါ်ရန် ပြင်လိုက်သော်လည်း ဖုန်းလိုင်းက မအားမလပ် ဖြစ်နေသည်။
ထိုအချိန်၌ ရှန်းယွမ်ဇယ်ကို ခေါ်နေခဲ့သူမှာ ချန်းချင်းယန်ပင်။ သူမက ညစာစားပြီးချိန်လေးမှာပင် လီယန်ထံမှ ဖုန်းဝင်လာခဲ့သည်။ လီယန်က ဖုန်းထဲမှ တဆင့် ပလုံးပထွေး ရှင်းပြလာသော်လည်း သာလွန်သော စိတ်ကူးယဥ်နိုင်မှု စွမ်းရည်ရှိနေသည့် ချန်းချင်းယန်မှာ အတော်လေး ရှင်းလင်းစွာ နားလည်နိုင်ခဲ့သည်။
ရှန်းယွမ်ဇယ်က သူမကို ချစ်ခွင့်ပန်ခဲ့ပေမယ့် သူမက ငြင်းလိုက်တယ်...
ငရဲကျသလို နာကျင်သွားရမှာပဲ...
သူမက ရှန်းယွမ်ဇယ်ကို သိရသည်မှာ ခြောက်လသာ ရှိသေးသော်လည်း ဆေးရုံတွင် သူနှင့်အတူ ကုန်ဆုံးခဲ့ရသည့် အချိန်လေးကပင် လီယန်အပေါ် ထိုသူ၏ ခံစားချက်များကို နားလည်သွားရန် လုံလောက်ပေသည်။
ရှန်းယွမ်ဇယ်၏ ဖုန်းတစ်ဖက်မှ နောက်ခံဆူညံသံများကို ကြားသောအခါ သူမ၏ ကိုယ်ပိုင် ဥာဏ်ကွန့်မြူးမှုနှင့်ပင် ထိုသူမှာ ဘားသို့ ရောက်ရှိနေသည်ကို သေချာသိနေခဲ့သည်။ ဖုန်းထဲသို့ အကြိမ်များစွာ အော်ဟစ်လ်ုက်ပြီးမှ ရှန်းယွမ်ဇယ် ရောက်ရှိနေသော တည်နေရာကို ရရှိလိုက်နိုင်သည်။
ချန်းချင်းယန်က ဖုန်းချကာ ဘားသို့ အမြန် မောင်းလာခဲ့သည်။ သူငယ်ချင်း ဖြစ်သူအတွက် သူမငြင်းထားခဲ့သော ကောင်လေးကို ကူညီပြီး ဂရုစိုက်ပေးသည်ကပင် သူမက အံ့လောက်ဖွယ် သူငယ်ချင်းတစ်ယောက် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
မော့ကျန်းက အဆုံးတွင် ရှန်းယွမ်ဇယ်၏ ဖုန်းကို ခေါ်၍ ရသွားသော်လည်း မည်သူမှ ပြန်ဖြေမလာခဲ့ပေ။ မော့ကျန်းက ဖုန်းကိုကိုင်ရင်းဖြင့် ဆိုဖာပေါ်တွင် တစ်ခဏမျှ ထိုင်နေခဲ့သည်။ ထို့နောက် ဂျက်ကက်ကို ဆွဲယူကာ တံခါးအပြင်ကို ထွက်သွားလိုက်သည်။
ချန်းချင်းယန် ဘားသို့ ရောက်လာသောအခါ ရှန်းယွမ်ဇယ်မှာ ဘား၏ စားပွဲပေါ်တွင် ခြေပစ်လဲပစ် လဲနေခဲ့သည်။ ချန်းချင်းယန်က သူမရှေ့မှ 180cmလူကြီးကို ကြည့်ကာ အနည်းငယ် ဝမ်းနည်းလာရသည်။ သူမက မသန်မာသည့်အပြင် အိပ်ခန်းတံခါးကိုလည်း လက်ဖြင့် မချိုးနိုင်သဖြင့် အရက်မူးနေသော ထို 180cm ရှည်သည့် လူကိုလည်း မသယ်နိုင်ပါပေ။
ဘားမှ ကောင်လေး၏ အကူအညီဖြင့် ချန်းချင်းယန်က ရှန်းယွမ်ဇယ်ကို တက္ကစီပေါ် တင်ပေးလိုက်နိုင်ခဲ့သော်လည်း မေးစရာ ရှိသည်မှာ... သူမ သူ့ကို ဘယ်ခေါ်သွားရမှာလဲ...
ချန်းချင်းယန်က အချိန်အကြာကြီး စဥ်းစားလိုက်ပြီးနောက် ထိုသူကို ဟိုတယ်ထဲသို့သာ ပစ်ထည့်လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ချန်းချင်းယန်က တက္ကစီကို အနီးဆုံး ဟိုတယ်သို့ မောင်းနှင်စေလိုက်ပြီး ပစ္စည်းသယ်သမားလေး၏ အကူအညီဖြင့် ရှန်းယွမ်ဇယ်ကို အိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။
သူမ၏ ကျိုးလုနီးပါး လက်မောင်းများကို ဆန့်လိုက်ရင်းဖြင့် ထိုကိစ္စပြီးသွားသည်ွနောက် တလီက သူမကို ထမင်းတစ်နပ် ဝယ်ကျွေးသင့်သည်ဟု ခံစားလိုက်ရသည်။ သူမက ရှန်းယွမ်ဇယ်၏ ခန္ဓါကိုယ်ထက်သို့ စောင်ကို လွှားပေးလိုက်ပြီး (အိပ်ရာ တစ်ဖက်သို့ ပစ်ထုတ်ထားခဲ့သော)သူ့ဖုန်းက စတင် တုန်ခါလာခဲ့သည်။
ချန်းချင်းယန်က ခေါ်ဆိုလာသူကို မကြည့်တော့ဘဲ မတွေးမစမ်း ကောက်ကိုင်လိုက်သည်။ "ဟဲလို"
မော့ကျန်း၏ အမူအယာက ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူ ဖုန်းမျက်နှာပြင်ကို ပြန်ကြည့်လိုက်ရာ အမှန်တကယ်ပင် ရှန်းယွမ်ဇယ်၏ဖုန်း ဖြစ်နေပါ၏။ သူ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ... ဘာလို့ ယွမ်ဇယ်ရဲ့ ဖုန်းကို ကိုင်တာလဲ"
Xxxxcc