Chapter 49
ပြန်လည်ဆုံတွေ့ခြင်း
ထိုယောကျ်ား၏ အသံက ညင်သာနေသော်လည်း သူ့အသံအနေအထားက အနည်းငယ် မေးမြန်းလိုဟန် ပေါက်နေသည်။ ချန်းချင်းယန် ဖုန်းကိုင်လိုက်သောအခါ သူမ၏ ပထမဆုံး တုံ့ပြန်ချက်က ထိုယောကျ်ား၏ အသံက အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှပြီး အနည်းငယ် ရင်းနှီးနေသည်ဟုလည်း ခံစားနေရသည်။ သူမ၏ ဒုတိယ တုံ့ပြန်ချက်မှာ "အမလေး... သူမ ရှန်းယွမ်ဇယ်ရဲ့ဖုန်းကို မတော်တဆ ကိုင်မိသွားပြီ" ဟူ၍ ဖြစ်သည်။
အငြင်းခံထားရသော ယောကျ်ားတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့က အခန်းတစ်ခုထဲတွင် ရှိနေကြပြီး ပို၍ ဆိုးသည်က ဟိုတယ်အခန်းတစ်ခုထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ကောလဟာလသာ ပြန့်သွားခဲ့ပါက သူမ၏ ဂုဏ်သတင်း ပျက်ဆီးသွားပေလိမ့်မည်။ သူမ ဘယ်လို ရှင်းပြရတော့မှာလဲလို့...
ချန်းချင်းယန်က တစ်စက္ကန့်မျှ တွေးတော့လိုက်ပြီးနောက် ရှင်းမပြတော့ရန်သာ ဆုံးဖြတ်လိုက်သည်။
သူမက ဖုန်းကို တိုက်ရိုက် ချပစ်လိုက်ပြီးနောက် ခေါင်းအုံးအစွန်းဘက်သို့ ပစ်လွှင့်လိုက်သည်။
ချန်းချင်းယန်က ရေချိုးခန်းထဲသို့ သွားကာ သူမ၏ လက်များကို သုံးကြိမ်တိုင်တိုင် ဆေးကြောလိုက်ပြီးနောက် ရေချိုးခန်းအပြင်ဘက်သို့ တဖြည်းဖြည်း လျှောက်ကာ ထွက်လာခဲ့သည်။
သူမက ရှန်းယွမ်ဇယ် မည်သည့်အချိန်၌ နိုးလာခဲ့သည် မသိပေ။ သို့သော်လည်း ထိုသူက နေရာများ ပြောင်းနေပြီး အိပ်ရာပေါ်တွင် မျက်လုံးများ မှိတ်ကာ လဲလျောင်းနေခဲ့သည်။ ညမီးအိမ်လေး၏ အဝါရောင် အလင်းဖျော့ဖျော့က ထိုသူ၏ မူးနေသော မျက်နှာလေးကို တိတ်တဆိတ် ထိခတ်နေပြီး သူ့ရှပ်အင်္ကျီမှ ကြယ်သီး အချို့ကလည်း မည့်သည့်အချိန်က ဖြုတ်ထားသည်လဲ မသိရပေ။ ပွင့်ဟနေသော ကော်လာက ထိုသူ၏ သွယ်လျပြီး ဖြူဖျော့နေသော လည်တိုင်လေးကို လှစ်ဟပြနေခဲ့သည်။
ချန်းချင်းယန် နေရာမှာပင် တောင့်ခဲသွားလေသည်။ သောက်ကျိုးနဲ... ရှန်းကုန်းဇီကို အရမ်း ဆက်ဆီကျမယ်လို့ မထင်ထားခဲ့ဘူး...
သူမက အိမ်သာဆီသို့ ပြန်ပြေးသွားခဲ့ပြီး သူမ၏ မျက်နှာကို ရေအေးများဖြင့် ဆေးကြောလိုက်ကာ သူမကိုယ်သူမ အမူးပြေသွားစေရန် ကြိုးစားလိုက်သည်။ နီးလွန်းတယ်... သူမက အလှအပနဲ့ ဆွဲဆောင်ခံရတော့မလို့ပဲ...
ရှန်းယွမ်ဇယ်က ရေချိုးခန်းထဲမှ အသံများကို ကြားနေရသည်ကြောင့် မျက်လုံးများ အနည်းငယ် ပွင့်လာခဲ့ပြီး တံခါးဆီသို့ ကြည့်လာခဲ့သည်။ ချန်းချင်းယန်က သူမ၏ မျက်နှာပေါ်တွင် တင်ကျန်နေရစ်သော ရေစက်လေးများကို တဖြည်းဖြည်း သုတ်ရင်းဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ရှန်းယွမ်ဇယ် သူမကို ကြည့်နေသည်ကို သိသောအခါ သူမ၏ အပြုံးကို တတ်နိုင်သမျှ သဘာကျကျ ဖြစ်စေရန် ကြိုးစားလိုက်ရသည်။ "ရှန်းကုန်းဇီ... နိုးလာပြီလား"
“အာ …” ရှန်းယွမ်ဇယ်၏ အသံက အနည်းငယ် အရုပ်ဆိုးနေပြီး သူ့ညာလက်ဖြင့် ခေါင်းကို ပွတ်လိုက်သည်။ "နာလိုက်တာ..."
"ခေါင်းကိုက်မှာပေါ့... ဘာလ်ု့ ဝိုင်တွေအများကြီး သောက်သေးလဲ" ရှန်းယွမ်ဇယ်က မူးနေချိန်တွင် အတော်လေး ကောင်းကောင်းမွန်မွန် ပြုမူနိုင်သည်ဟု ယူဆရပေမည်။ ဟိုတယ်သို့ လာသည့် လမ်းတလျှောက် တစ်ခါမှ ဇီဇာမကြောင်ခဲ့ဘဲ ပြဿနာ တစ်ခုမှ မဖြစ်စေခဲ့ပေ။ ချန်းချင်းယန်၏ အကြီးဆုံးအကြောက်တရားမှာ ရူးကြောင်နေသည့် အမူးသမားများနှင့် ရင်ဆိုင်ရခြင်း ဖြစ်ပေသည်။ "အိုး... ဟုတ်သား... ယောကျ်ားတစ်ယောက် ရှင့်ကို ဖုန်းခေါ်လာတယ်... ကျွန်မလက်တွေ မတည်မငြိမ် ဖြစ်ပြီး မတော်တဆ ဖုန်းချမိသွားတယ်"
"ငါသိပြီ... သူငါ့ကို ထပ်ခေါ်လာလိမ့်မယ်" ရှန်းယွမ်ဇယ် စကားဆုံးသောအခါ အတွေး တစ်ခု ဝင်လာခဲ့သဖြင့် အထိတ်တလန့် ဖြစ်သွားလေသည်။ "သူ ဘယ်သူလဲ မင်းသိလား"
"ဘယ်သူမို့လဲ" ချန်းချင်းယန်က မျက်တောင်ခတ်ကာ ရှန်းယွမ်ဇယ်ကို သိလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။
ရှန်းယွမ်ဇယ်က သူမကို ပြန်ကြည့်လာခဲ့ပြီး အနည်းငယ် ရှုပ်ထွေးလာသလို ခံစားလိုက်ရသည်။ သူမသာ ဧကရာဇ်မော့၏ ဖုန်းကို ကိုင်မိသည့်အကြောင်း သိသွားပါက နှစ်မိနစ်အကြာမှာပင် ခေါင်မိုးထပ်မှ ခုန်ချသွားလိမ့်မည်။
“ဘယ်သူမှ မဟုတ်ပါဘူး... သူငယ်ချင်း တစ်ယောက်ပါပဲ”
“ဪ” ချန်းချင်းယန်က အတွေးအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူငယ်ချင်းတစ်ယောက်တဲ့လား... ရှင်က သူငယ်ချင်းတစ်ယောက်အတွက်နဲ့ ဘာလို့ ဒီလောက် တုန်လှုပ်နေရတာလဲ... သူမက စုံထောက် ဝတ္ထုများ ရေးသည့်သူပင်။ သူမ သူ့ကို ယုံကြည်သွားသည်ဟုသာ တွေးနေပါက သူမ၏ IQကို စော်ကားလိုက်သည်နှင့် အတူတူပဲ ဖြစ်သည်။
ဒါပေမယ့် သူတို့က သူငယ်ချင်းမဟုတ်ဘဲ... ချစ်သူတွေ ဖြစ်လောက်လား...
ထို့ကြောင့် ဖုန်းတစ်ဖက်မှ ထိုယောကျ်ား၏ အသံက အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်မျိုး ဖြစ်နေရသည်ပင်။ ပြီးတော့ ယောကျ်ား တစ်ယောက်လည်း ဖြစ်နေသေးတယ်... သူမ မသိသင့်တဲ့ အရာတစ်ခုခုကို သိလိုက်ရတာလား...
ချန်းချင်းယန်က တစ်နေ့တွင် သူမ၏ ကွန့်မြူးလှသော အတွေးများကြောင့် ဂယောင်ခြောက်ချား ဖြစ်သွားလောက်သည်ဟု တွေးနေမိသည်။
ရှန်းယွမ်ဇယ်က နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ပြီး အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်သည်။ ချန်းချင်းယန်က ရေခဲသေတ္တာသေးသေးလေး ဆီသို့သွားကာ သူ့အတွက် ရေအေးတစ်ခွက် ယူလာပေးခဲ့သည်။ ရှန်းယွမ်ဇယ်က သူ့လက်ထဲမှ ရေခွက်ကို ကြည့်ကာ ကုန်လွန်သွားသော မှတ်ဥာဏ်များကို ပြန်စဥ်းစားမိလာခဲ့သည်။
"ပထမဆုံးအကြိမ် ငါယန်ယန်ကို တွေ့တုန်းက ဆယ့်သုံးနှစ်ပဲ ရှိသေးတာ... အဲ့တုန်းက ကလေးတစ်ယောက်ပဲ ဖြစ်နေတုန်းလေ... မျက်စိတစ်မှိတ်အတွင်း ကောလိပ်ကနေတောင် ဘွဲ့ရသွားပြီ... အချိန်ကုန်တာ တကယ် မြန်တာပဲ"
ချန်းချင်းယန်က အမှတ်တရများကို ပြောရင်း ခပ်ပြုံးပြုံး ဖြစ်နေခဲ့သည့် ရှန်းယွမ်ဇယ်ကို ကြည့်ကာ ရုတ်တရက် ဝမ်းနည်းလာသလို ခံစားလိုက်ရသည်။ သူမက နှာရှုံ့၍ ရှန်းယွမ်ဇယ်ကို ပြောလာခဲ့သည်။
"ရှင်ကတော့ တလီက ယောကျ်ားလျှာလေးနဲ့ တူနေတယ်လို့ ထင်မှာပဲ... တကယ်တမ်း သူက အရမ်းတုံးပြီး ရူးသေးတာ... ပြီးတော့ နွားထီးတစ်ကောင်လို သန်မာလိုက်သေးတယ်... တက္ကသိုလ် လေးနှစ်အတွင်းမှာလေ... ကျွန်မတို့အိပ်ဆောင်ရဲ့ ဆောင်ပုဒ်က မီးဘေး၊ သူခိုးဘေးကနေတားဆီးပါ... ပြီးတော့ တလီရဲ့ရန်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ပါတဲ့... ချန်းချင်းယန် ပြောပြီးသွားသောအခါ သူမက နောက်ထပ်စာကြောင်း တစ်ကြောင်းကိုပင် ထပ်ပေါင်းလိုက်သေးသည်။ "အိုး...ဟုတ်သား... သူက အရမ်းလည်း အပျင်းထူသေးတယ်... တစ်နေ့ ငါးနပ် စားပြီး နှစ်ရက်မှ တစ်ခါပဲ ရေချိုးတယ်"
ရှန်းယွမ်ဇယ်က သူမကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
“ဟေး မရယ်နဲ့နော်... ကျွန်မပြောတာတွေ အားလုံးက အမှန်တွေချည်းပဲ" ချန်းချင်းယန်က ရှန်းယွမ်ဇယ်၏ ပုခုံးကို ပုတ်လိုက်ပြီး ခွက်ထဲမှ ရေများကိုပင် ဖိတ်စင်လုနီးပါး ဖြစ်သွားစေသည်။
"သူ့အဘိုးက ဘာလုပ်လဲသိလား... သူက ကိုယ်ခံပညာအကယ်ဒမီတစ်ခုကို ထောင်ထားတာလေ... သူက ကိုယ်ခံပညာနည်းပြတွေနဲ့တောင် ချရဲတယ်နော်"
ရှန်းယွမ်ဇယ်က ထိုအကြောင်းကို ကြားထားပြီးသားဖြစ်သည်။ သို့သော်လည်း ထိုနည်းပြများက သူမကို အမှန်တကယ် အတည်ပေါက် တိုက်ခိုက်ကြပါ့မလား... သူမက အတော်လေး ချစ်ဖို့ကောင်းတယ်လို့ တွေးမိပြီးတော့ သူမနဲ့ ကစားရတာ ပျော်ကြလို့ မဟုတ်ဘူးလား...
ရှန်းယွမ်ဇယ်က ပြုံးကာ ခေါင်းကို ခါယမ်း၍ ရေသောက်လိုက်သည်။ ထိုအပြုအမူက ချန်းချင်းယန်၏ မှတ်ဥာဏ်များကို မွှေနှောက်လိုက်မိသလို ဖြစ်သွားရသည်။ သူမ မိသားစု အပြောက်လေးကသူမ၏ ခြေထောက်နောက်သို့ ပုန်းနေရင်း သနာစရာကောင်းစွာ ရေသောက်နေရပုံလေးက သူမ၏ အတွေးထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ချန်းချင်းယန်၏ နှလုံးသား ပျော့ပျောင်းသွားပြီး ရှန်းယွမ်ဇယ်၏ ဆံပင်လေးများကို သပ်ပေးလိုက်သည်။
"အပြောက်လေး...
ရှင်နောက်ကျရင် မိန်းမကောင်းလေး ရှာတွေ့သွားမှာပါ"
ရှန်းယွမ်ဇယ်: “…”
အပြောက်လေးက ဘယ်သူကြီးလဲ...
ချန်းချင်းယန်က ရှန်းယွမ်ဇယ်၏ ဆံပင်လေးများကို သပ်ပေးလိုက်ပြီးနောက် ဆိုဖာပေါ်မှ သူမ၏ ပိုက်ဆံအိတ်ကို ကောက်ယူကာ လှည့်ပြီး ထွက်သွားတော့သည်၊ "အပြောက်လေး... ရှင်လည်း အဆင်ပြေတယ်ဆိုမှတော့... အရင်ပြန်နှင့်ပြီ"
ရှန်းယွမ်ဇယ်: “…”
သောက်ကျိုးနဲ အပြောက်လေးက ဘယ်သူလဲလို့...
“နေအုံး” သူက ရေခွက်ကို ချကာ ထွက်သွားတော့မည့် ချန်းချင်းယန်ကို တားလိုက်သည်။
“ဘာကိစ္စလဲ”
“ငါနဲ့ ဟိုတယ်အခန်းငှားထားပြီး ငါ့ကို ဘာမှ မလုပ်ဘဲ ထွက်သွားတော့မှာလား... ”
…
“ဆိုက်ကိုကောင်... သေသင့်တဲ့ လူယုတ်မာ" ချန်းချင်းယန်က ဒေါသတကြီးဖြင့် တီဗီစင်ကို ကန်လိုက်ပြီးနောက် နာကျင်နေသော ငိုမဲ့မဲ့အသံလေးဖြင့် အခန်းထဲမှ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားနော့သည်။
ရှန်းယွမ်ဇယ် သူမ အခန်းထဲမှ တဖြည်းဖြည်း ထွက်သွားသည်ကို ကြည့်ကာ မရယ်မောဘဲ မနေနိုင်တော့။ ဒီမိန်းကလေးက ရယ်စရာ ကောင်းလိုက်တာ...
ချန်းချင်းယန် သူမနောက်မှ ကျယ်ကျယ်လောင်လောင် ရယ်သံကြီးကို ကြားလိုက်ရချိန်၌ ရုတ်တရက် ပြန်သွားပြီး ထိုသူကို ထုရိုက်မိချင်သွားသည်။ ဘာလို့ သူ့ကို ဘားမှာ သွားရှာမိပါလိမ့်... သူမ သူ့ကို မူးကြောင်ကြောင် အိမ်မက်တွေထဲမှာ ပစ်ထားခဲ့ရမှာ...
"နင့်ရဲ့ ယွမ်ဇယ်ကောကော အဆင်ပြေတယ်... နောက်တစ်ခါ သူ့ကို တွေ့ရင် ငါ့ကို ဟိုတယ်အခန်းဖိုး ပြန်ပေးဖို့ သတိပေးလိုက်အုံး"
လီယန်က ချင်းချင်းယန် ပို့လာသော မက်ဆေ့ချ်ကို ကြည့်ကာ နဝေတိမ်တောင် ဖြစ်သွားသည်။ ဟိုတယ်အခန်းဖိုးက...
သူမက ရုတ်တရက် ရှန်းယွမ်ဇယ်၏ လူပျိုဘဝကို စိုးရိမ်သွားမိသည်။ သူမက ယခင်က ချန်းချင်းယန် မော့ကျန်း၏ ပိုစတာကို ကြည့်ကာ သွားရည်တမြားမြားကျနေသည်ကို တွေ့ခဲ့ရဖူးသည်။ သူမက သေချာပေါက် အလွန် ဆာလောင်နေသည့်သူမျိုးပင်။
ပိုစတာအကြောင်းကို ပြောကာမှ မန်နေဂျာ ပေးလာသည့် စပယ်ရှယ် ပိုစတာကို ယခုထက်ထိ မဖွင့်ရသေးသည်ကို ရုတ်တရက် သတိရမိသွားသည်။ လီယန်က အိတ်ထဲမှ ပိူစတာကို ထုတ်ကာ ဂရုတစိုက် ဖွင့်လိုက်သည်။ မော့ကျန်း၏ မျက်နှာ အစိတ်အပိုင်းများက သူမရှေ့တွင် တဖြည်းဖြည်း ပုံပေါ်လာခဲ့ပြီး လည်တိုင်လေး၊ ညှပ်ရိုးလေး၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် ကြွက်သားတွေ... နေပါအုံး... နေပါအုံး... absလား...
သောက်ကျိုးနဲ... ဒါက မထင်မှတ်ထားတဲ့ ကိုယ်တစ်ပိုင်းချွတ်ထားတဲ့ ပုံပဲ...
မော့ကျန်းက ယခုလေးတင် ရေချိုးခန်းထဲမှ ထွက်လာသည့်ပုံပေါ်နေပြီး ထိုသူ၏ ဆံနွယ်နက်လေးများက ရေစက်လေးများ ကျဆင်းနေကာ ရှေ့ဆံမြိတ်လေးကလည်း နဖူးပေါ်၌ ဝဲကျ၍နေပြီး ကျဥ်းမြောင်းသော မျက်လုံးများကို တစ်ဝက်ခန့် ဖုံးအုပ်ပေးထားသည်။ အပေါ်ပိုင်း ခန္ဓါကိုယ်မှ အဖြူရောင် ရှပ်အင်္ကျီက အနည်းငယ် ပွင့်နေပြီး ကြယ်သီးများလည်း ဖြုတ်ထားကာ တင်ပါးပေါ်သို့ ခပ်လျော့လျော့ကျနေသော ဂျင်းဘောင်းဘီ ခပ်ကျပ်ကျပ်က ပြီးပြည့်စုံလှသော ခြေတံရှည်သွယ်သွယ်လေးများကို ထင်ပေါ်သွားစေသည်။
လီယန်၏ သွေးများက ပိုစတာပေါ်သို့ ပက်ဖြန်းမိလုနီးပါးပင်။
ဧကရာဇ်မော့ကို ဒီလောက် ဖော်ပြထားမယ်လို့ မထင်ထားမိဘူး... အား...
“ဟားဟားဟားဟား” လီယန်က ပိုစတာကို လက်မောင်းထဲတွင် ကိုင်ထားရင်း အိပ်ရာပေါ်၌ လူးလှိမ့်နေပြီး သူမ၏ ကွန်ပြူတာရှေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ရပ်လိုက်မိသွားသည်။ ဒီတစ်ခါတော့ အင်တာနက်ပေါ် တက်ကြွားရမယ်ကွ...
လီယန်က သူမကိုယ်သူမ မဖော်ထုတ်မိရန်အတွက် ဝတ်ရုံရှည်ဖိုရမ်ကိုသာ ကြွားလုံးထုတ်ရန် ရွေးချယ်လိုက်သည်။ သူမက အဓိက ပေချ့်ကို ဝင်လိုက်သောအခါ ကြွားဝါဖို့ လာသူမှာ သူမတစ်ယောက်တည်း မဟုတ်ကြောင်း သိလိုက်ရသည်။
အကန့်အသတ် ပိုစတာ ရထားကြသည့် အခြားလူကိုးဦးတို့ကလည်း ပိုစ့်တစ်ခုစဖွင့်ကာ အခြားသူများလည်း ပိုစ့်တင်ကြရန် ပြောထားကြပြီး နောက်ထပ် ကျန်နေသေးသည့် အကန့်အသတ် ပိုစတာကို ရှာနေခဲ့ကြသည်။
လီယန်က ၎င်းတို့ကို တစ်ခုပြီး တစ်ခု ကြည့်လိုက်ပြီး ပိုစတာများက တစ်ခုနှင့် တစ်ခု မတူကြသည်ကို သေချာသွားသည်။ သို့သော်လည်း အခြား ပိုစတာ ကိုးပုံလုံးက သာမန် ဖြစ်နေပုံရပြီး ကြယ်သီးလေး တစ်လုံးမှပင် ပြုတ်မနေခဲ့ပေ။
လီယန်၏ နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည်သကဲ့သို့ ဖြစ်သွားသည်။ သူမက မော့ကျန်း၏ ပိုစတာများကို ရှာဖွေနေကြသည့် ပိုစ့်ကို နှိပ်လိုက်သည်။ ၎င်းကိုမော့ကျန်း နာရီဝက်အကြာက တင်ထားခဲ့သည့်ပိုစ့်နှင့် တွဲထားခဲ့သည်။ "အကန့်အသတ် ပိုစတာဆယ်ခုထဲမှာ တစ်ခုကတော့ နည်းနည်း ထူးခြားတယ်... မင်းသာရချင်ရင် အင်အားများများ စိုက်ထုတ်ရမယ်နော် :)”
လူတိုင်းက ပေါ်ထွက်လာသော ပိုစတာကိုးခုမှာ "ထူးခြားသော အကျိုး ခံစားခွင့်" တစ်ခုဟု သတ်မှတ်၍ မရနိုင်ဟု တစ်ညီတညွှတ်တည်း ထောက်ခံလာကြသည်။ ထို့ကြောင့် ပိုစတာဆယ်ခုအတွက် ခေါ်ယူမှုများက မိနစ်နှင့်အမျှ တိုးလာခဲ့သည်။
အချိန်အကြာကြီး စောင့်ဆိုင်းနေပြီးမှ ဆာဒါကိုက ပိုစ့်တင်လာခဲ့သည်။
“ ပိုစတာဆယ်ခုနဲ့ အရှင်မော့ကို ဆင့်ခေါ်ဖို့ လုပ်ထားတာလား [ပုံ] ငါ့ကိုအလုပ်ကြိုးစားတဲ့ နတ်သမီးလေးလို့ ခေါ်ကြနော် :)”
“သောက်ကျိုးနဲ... တကယ်ကြီး ဆာဒါကိုတဲ့ဟ...
“မဟုတ်သေးဘူး... ငါက ပထမထပ်ပဲ... ထပ်ပြောမယ်... သောက်ကျိုးနဲဟေ့... တကယ်ကြီး အဝတ်ဗလာနဲ့ ရိုက်ထားတဲ့ပုံ"
“ဆာဒါကို... နင်က နတ်ဆိုးမပဲ... ပိုစတာ ဘယ်လို ရလာတာလဲ ┬┬ ﹏┬”
“ထုတ်ပြရုံနဲ့ မလုံလောက်ဘူး... ဆာဒါကို နင်နဲ့ငါ ပြိုင်တိုက်ကြမလား"
“ဒါက သေချာပေါက် ပြောမရတဲ့ စည်းမျဥ်းကြောင့်ပဲ ဖြစ်ရမယ်... ဆာဒါကို... ပြောစမ်း.. ဒီပိုစတာကို တရားမဝင်တဲ့ နည်းနဲ့ရဖို့ အလုပ်အဆက်အသွယ်တွေ သုံးခဲ့တာတော့ မဟုတ်ဘူးမလား"
“စည်းကမ်းထိန်းတာ့ရန်ရေ... ဆာဒါကိုရဲ့ IPကို ပိတ်ပေးပါ"
စည်းကမ်းထိန်းမှာ ကွန်ပြုတာကို စိုက်ကြည့်နေရင်းဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လာခဲ့သည်။ ဒီလူက ဘယ်သူလဲ... သူမက အကန့်အသတ်ပိုစတာ 100ကိုတောင် မလုနိုင်ခဲ့ရတဲ့ အခြေအနေမှာ ဒီလူကတော့ ကံကောင်းပြီး ကိုယ်တုံးလုံး ပိုစတာကိုပါ ရသွားတာလား...
လီယန်က ဆက်လက်ပြီး ကိုယ်ရည်သွေးချင်နေသေးသော်လည်း သူမ၏ ချစ်စရာ ကွန်မန့်နေရာလေးမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သောက်ကျိုးနဲ... စည်းကမ်းထိန်း... နင် အချစ်စစ်ကို နားမလည်သေးပါဘူး...
လီယန်က ဖိုရမ်မှ ဒေါသတကြီး ထွက်လိုက်ပြီး မော့ကျန်း၏ CDအသစ်ကို ကွန်ပြူတာထဲသို့ ထည့်လိုက်သည်။ လီယန်က နားကြပ်များ တပ်လိုက်ပြီး အယ်လ်ဘမ်၏ အဓိကသီချင်း သရဲမလေးကို ဖွင့်ကာ စာသားများကို ကြည့်လိုက်သည်။
“ငါဒီမှာရှိနေတယ်... မင်းရဲ့ တဒင်္ဂအပြုံးလေးတွေကို ရင်ထဲမှာ ထာဝရသိမ်းထားဖို့အတွက်ပေါ့"
ထိုစာသားတို့မှာ အမှန်တကယ်တွင် စာသားများ မလာခင် ရေးသားထားသော စကားလုံးများ ဖြစ်ပြီး သီချင်းသံငြိမ့်ငြိမ့်လေးနှင့် တွဲဖက်ထားသည်။ ထိုသီချင်းက လီယန်၏ မျက်လုံးများကို အနည်းငယ် စိုစွတ်လာရသည်။ လီယန်က ဂီတလောကကို ကောင်းကောင်း မသိသော်လည်း မော့ကျန်းက အလွန် သီချင်းဆိုရာ၌လည်း အလွန်ကောင်းသည်ကို သေချာပြောနိုင်ပေသည်။ သီချင်းက ငြိမ့်ငြိမ့်လေးဖြစ်သော်လည်း အသံအနေအထားက အတော်လေး မြင့်ပေသည်။ မော့ကျန်းက အမြင့်သံများကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး သိမ်မွေ့လှသော ဆက်ဆီကျမှု တစွန်းတစတို့ဖြင့် သီဆိုနေခဲ့သည်။
Xxxxx