Chapter 50
လီယန်က သီချင်းခေါင်းစဥ်ကို ကြည့်လိုက်မိသည်။ ပါဝင်သော စာသားများကို မော့ကျန်း ရေးထားသည်ဟု ပြောကြသည်။ နောက်ဆုံးသော သီချင်းတေးသွား ကျလာသည့်အခါ သူမ၏ မျက်နှာပြင်ထက်မှ မျက်ရည်စများ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။
မျက်ရည်စများက သီချင်းစာသား စာရွက်များပေါ်သို့ ကျသွားခဲ့ပြီး စာသား၏ နောက်ဆုံး စာကြောင်းပေါ်တွင် သက်ဆင်းသွားခဲ့သည်။
မင်းက... ငါ့မျက်လုံးထဲမှာတော့ ဘယ်တော့မှ လွင့်ပြယ်မသွားမဲ့ ရှုခင်းပန်းချီလေးပါပဲ...
လီယန်က နှပ်သုတ်ရန်အတွက် စားပွဲပေါ်မှ တစ်သျူးစက္ကူကို ယူလိုက်ပြီး သူမ မည်သည်အကြောင်းကြောင့် ငိုချင်နေသည်ကိုလည်း မသိရပါပေ။ သူမ၏ လက်များနှင့် ခြေထောက်များက အိပ်ရာပေါ် တွယ်တက်လာခဲ့ပြီး မျက်လုံးများကို မှိတ်၍ သီချင်းကို ပြန်နားထောင်လိုက်သည်။
မော့ကျန်း၏ အယ်လ်ဘမ်က ရောင်းအား အလွန် ကောင်းပေသည်။ တစ်လကျော်သည်အထိ ဇယားများတွင် နံပါတ် #1နေရာကို သိမ်းပိုက်ထားခဲ့ပြီး မော့ကျန်း ကိုယ်တိုင်ရေးထားသည့် "သရဲမလေး" ဟူသော သီချင်းသည်လည်း ဖန်များနှင့် ဝေဖန်ရေးသမားများထံမှ ချီးကျူးမှုများစွာ လွှမ်းမိုးခံလိုက်ရသည်။
ထိုသီချင်းက အရေးအသားကောင်းမွန်ရုံမက သီဆိုရန်လည်း ခက်ခဲသေးသည်။ ၎င်းက သီဆိုရန် အခက်ခဲဆုံး KTV သီချင်း တစ်ပုဒ် ဖြစ်လာသော်လည်း ပရိတ်သတ် ရွေးချယ်ထားသည့် ပေါ်ပြူလာ အဖြစ်ဆုံး သီချင်းများထဲမှ တစ်ပုဒ်အဖြစ် ရှိနေဆဲပင်။
ဥပမာတစ်ခုကို ယခုချက်ချင်းပင် ပေးနိုင်ပေသည်... ချန်းချင်းယန်က သီချင်းဆိုပြီးသွားကာစ ဖြစ်ကာ လီယန်ကို မိုက်ခရိုဖုန်း ကမ်းပေးလိုက်သည်။
"လီယန်... ငါဒီနေ့ ဘာလို့ ပျော်နေတာလဲ သိလား"
လီယန်က သူမကို ကြည့်၍ ပြောလာခဲ့သည်။ "ယွမ်ဇယ်ကောကော နင့်ကို အခန်းဖိုး ပြန်ပေးလိုက်လို့လား"
ချန်းချင်းယန် နှုတ်ခမ်းတို့က ရွှင်မြူးမှုတို့ဖြင့် လှုပ်ရှားသွားခဲ့သည်။ သူတို့ ဒီအိုးကို မဖွင့်လို့ရမလား... ကျေးဇူးပြုပြီး... "အရင်က ငါ့ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ်လို့ မပြောခဲ့ဖူးဘူးလား... ညှိနှိုင်းမှုတွေ ပြီးသွားလို့ မနက်ဖြန် လက်မှတ်ထိုးရတော့မယ်"
လီယန်၏ အမူအယာက တစ်ခဏမျှ ဗလာ ဖြစ်သွားပြီးနောက် ချန်းချင်းယန်ကို လက်သီးတစ်ချက် ထိုးလိုက်သည်။ "ရှန်ပူ... ကောင်းကောင်းလုပ်ခဲ့တာပဲ... ဂုဏ်ပြုတယ်နော်"
ချန်းချင်းယန်က သူမ၏ နာနေသော ပုခုံးကို နှိပ်ကာ ဆက်ပြောလာသည်။ "ဒါပေမယ့် အရေးအကြီးဆုံးက... ငါ့ဝတ္ထုကို ဘယ်ကုမ္ပဏီက မူပိုင်ခွင့် ဝယ်မှာလဲ သိလား"
“မသိဘူးလေ”
“ခိုက်ဟွမ်း”
အဆောက်အအုံကြီးက မြို့လယ်ခေါင်တွင် တည်ရှိနေသည်။ ဖန်ပေါင်း ထောင်ပေါင်းများစွာက ထိုနေရာသို့ နေတိုင်း လာလည်ကြလေ့ရှိသည်။ ယခင်က ချန်းချင်းယန်သည်လည်း သူတို့ထဲမှ တစ်ယောက် ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ သူမနှင့် လီယန်တို့က ခိုက်ဟွမ်း၏ အဓိက ဝင်ပေါက်ဆီသို့ ခေါင်းမော့ရင်ကော့လျက် ဝင်သွားခဲ့ကြသည်။
“တလီ... နင်ပြောကြည့်... တကယ်လို့ ဧကရာဇ်မော့ကို တွေ့ခဲ့ရင် ဘယ်လိုပိုစ့်မျိုးနဲ့ ဟယ်လိုလို့ ပြောရမလဲ" ချန်းချင်းယန်က သူမ၏ ကိုယ့်ကိုယ်ကို ယုံကြည်မှု ခိုင်မာလာစေရန်အတွက် ယနေ့တွင် အနည်းငယ် ဝတ်စားလာခဲ့သည်။ သူမက လက်မှတ်ထိုးရာတွင် သူမနှင့် အတူ လိုက်ပေးရန်အတွက် လီယန်ကိုပါ ဆွဲခေါ်လာခဲ့သည်။
လီယန်က သူမရှေ့မှ ချန်းချင်းယန်၏ ပုံရိပ်ကို မျက်လုံးလှိမ့်မိသွားသည်။ သူတို့ သူ့ကို တွေ့နိုင်ရန် နည်းလမ်းမရှိကြောင်း ပြောတော့မည့်ဆဲဆဲတွင် ဝန်ထမ်းအချို့က သူတို့ကို လာခေါ်လာခဲ့သည်။ ဓါတ်လှေကားဆီသို့ ဝန်ထမ်း၏ နောက်မှ လိုက်လာရင်း လီယန်က ရုတ်တရက် အနည်းငယ် စိုးရိမ်ကြောင့်ကြလာခဲ့သည်။ ဓါတ်လှေကား ပွင့်သည်နှင့် သန့်စင်ခန်းဆီသို့ အရှိန်ဖြင့် ပြေးသွားတော့လေသည်။ လမ်းမှားနေသည်ဟု ပြောလာသော ဝန်ထမ်းလေး၏ စကားကို ကြားနိုင်ရန်ပင် နောက်ကျသွားခဲ့လေပြီ။
လီယန်က ကုမ္ပဏီမှာ တကယ်ပင် ကြီးလွန်းလှသည်ဟု တွေးသည်ကို ရပ်ထားရင်း ကော်ရစ်ဒါကို ပြေးသွားခဲ့သည်။ သန့်စင်ခန်းလေးတစ်ခန်းပင် ရှာတွေ့ရန် ခက်ခဲနေလေသည်။ လီယန်က ဖြတ်သွားသော ဝန်ထမ်းတစ်ယောက်ကို ဆွဲလိုက်သည်။ "တောင်းပန်ပါတယ်... ဒါပေမယ့်... သိလို့ရ..."
“နင် အင်တာဗျူးဖို့ လာတာမလား" ဝန်ထမ်းက သူမထက်ပင် အလျင်စလို ဖြစ်နေလိုက်သေးသည်။
"ဘာလို့ အခုမှ ရောက်လာတာလဲ... နင်နောက်ကျတော့မလို့ သိရဲ့လား" သူမက ပြောရင်းဖြင့် လီယန်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ဖြစ်စဥ်တစ်ခုလုံးက လျင်မြန်လွန်းလှသဖြင့် လီယန်၏ ဦးနှောက်သည်ပင် ဖြစ်ပျက်နေသော ကိစ္စများကို လိုက်မမီနိုင်တော့ပေ။ သူမ မသိလိုက်ခင်မှာပင် သူမက အခန်းလေးတစ်ခုထဲသို့ ရောက်နေခဲ့လေပြီ။
အခန်းထဲ၌ စားပွဲရှည်ကြီး ရှိနေပြီး ထိုအရှေ့၌ လူနှစ်ယောက် ထိုင်နေခဲ့သည်။ တစ်ယောက်က သားရေ ရှူးဖိနပ်များနှင့် အနောက်တိုင်းဝတ်စုံ ဝတ်ထားပြီး မျက်နှာဝိုင်းကြီးက ဆွဲလိမ်၍ ကောင်းမည့်ပုံ ပေါ်နေသည်။ အခြားတစ်ယောက်မှာ အပေါ်ပိုင်းတွင် ရှပ်အကွက်ကို ဂျာကင်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ သူနှင့် ပတ်သက်ပြီး ဖျက်လိုဖျက်ဆီး ဖြစ်နေသည့်အချက်မှာ မျက်နှာတစ်ခုလုံး ကွယ်ထားလုနီးပါး ဖြစ်နေသည့် နေကာမျက်မှန်ကြီးပင်။
လီယန်၏ နှလုံးသားက အတွင်းမှ ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်သွားလေသည်။ သောက်ကျိုးနဲ... ဘာလို့ဒီလူက မော့ကျန်းနဲ့ အရမ်း တူနေရတာလဲ...
“ဟားဟားဟား” လီယန်က ထိုသူနှစ်ယောက်ရှေ့တွင် တစ်ခဏမျှ စည်းချက်ကျကျ ရယ်မောလိုက်လေသည်။ "ဒါဆို..."
“အရင်ဆုံး ကိုယ့်ဘာသာ မိတ်ဆက်” ညာဘက်မှ အနောက်တိုင်းဝတ်စုံ ဝတ်ထားသူက သူမ၏ စကားများကို ဝင်နှောက်ယှက်လိုက်သည်။
လီယန်: “…”
သူမက အိမ်သာ ဘယ်မှာလဲ မေးချင်ရုံပါ... ဘာလို့ သူမကိုယ် သူမ အရင် မိတ်ဆက်ခိုင်းနေရတာလဲ...
ကုမ္ပဏီကြီးတွေက တကယ့်ကို မတူပါလားနော်...
"ကျွန်မနာမည် လီယန်ပါ... အသက်က 22နှစ်... Aမြို့ တက္ကသိုလ်ရဲ့ တရုတ်စာပေဌာနက ဘွဲ့ရထားပါတယ်" လီယန်က လတ်တလောတွင် ထူးဆန်းသော အနေအထားတွင် ကျရောက်နေသော်လည်း အိမ်သာ သွားနိုင်ရန်အတွက် နာနာခံခံဖြင့် မိတ်ဆက်လိုက်ရသည်။
မော့ကျန်းက ထန်ချန်း၏ ဘေးတွင် ထိုင်နေခြင်း ဖြစ်သည်။ အစမှအဆုံးထိ သူ လီယန်၏ စကားများကို နားထောင်မနေဘဲ ထိုအစား သူ့မျက်လုံးများက အဆက်မပြတ် ပြောဆိုနေသော နှုတ်ခမ်းလေးကိုသာ ဦးတည်ထားသည်။
သူမ၏ ဆံပင်ပုံစံက မော့ကျန်း အလွန် ရင်းနှီးကျွမ်းဝင်နေသော ပုံစံသို့ ပြန်ရောက်သွားလေပြီ။ ကြည့်ရသည်မှာ သူမက ထိုဆံပင်ပုံစံကို နှစ်ခြိုက်ဟန်တူသည်။ သူမမျက်နှာအရောင်ကလည်း ဆေးရုံမှာ တွေ့ခဲ့ရသည့် အချိန်ကထက် အဆတစ်ထောင် ပိုကောင်းလာသည့်ဟန်ပင် ဖြစ်နေပြီး သူမက ပြေးလာခဲ့ရသည်ကြောင့် ပါးအို့လေးမှာ စိုစိုဝင်းဝင်းလေး ဖြစ်နေပြီး ဖျစ်ညှစ်ကြည့်လိုက်လျှင်ပင် ရေများထွက်လာတော့မည်သကဲ့သို့ ဖြစ်နေလေသည်။ သူမ၏ မျက်တောင်ရှည်ကြီးများက တလှုပ်လှုပ်ဖြစ်နေပြီး မျက်လုံးလေးများမှာလည်း ရေကဲ့သို့ ကြည်လင်နေကာ သူမ၏ဘေးတဝိုက်မှ ကမ္ဘာကြီးကလည်း တိတ်ကျသွားသလိုပင်။
သူမကို ထိုကဲ့သို့ မြင်တွေ့ရသည်မှာ အတော်လေးကြာခဲ့ပေပြီ။
သို့သော်လည်း ယနေ့မတိုင်မီအထိ သူ အိမ်မက်ထဲတွင် ရှိနေလျှင်တောင် လီယန် ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးကြည့်မိခြင်း မရှိခဲ့ပေ။
ထန်ချန်းက လီယန်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် မျက်လုံးပင့်မိသွားသည်။ ဒီနေ့ခေတ် HR ဌာနတွေက ဘယ်လို အလုပ်လုပ်နေကြတာလဲ... မော့ကျန်း၏ လက်ထောက် ရာထူးကို ရနိုင်ရန်အတွက် အခြေခံ အကျဆုံး အခြေအနေ နှစ်ခုမှာ သင့်လျော်သည့် အလုပ်အတွေ့အကြုံ ရှိထားရန်နှင့် အသိတစ်ယောက်မှ မိတ်ဆက်ပေးလာခြင်းတို့ ဖြစ်သည်။
ထိုမိန်းကလေးက အသိအကျွမ်းတစ်ယောက်မှ မိတ်ဆက်ပေးလာခြင်း မဟုတ်ဘဲ သူမ၏ အလုပ်အတွေ့အကြုံကလည်း ဗလာသက်သက်ပင်။ သူမက ဒီနေရာကို ဘယ်လိုများ တည့်တည့်ကြီး ရောက်ချလာတာလဲဟ...
ပထမဆုံး သူတွေးမိသည်က သူမက ခိုးဝင်လာသော မော့ကျန်းဖန် တစ်ယောက် ဖြစ်မည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း လတ်တလော အကဲဖြတ်ချက်အရ ထိုမိန်းကလေးက မော့ကျန်း၏ ဖန် မဟုတ်ဟု သူ ပြောနိုင်သည်။ သူ လက်ထောက်တစ်ယောက် ခေါ်နေသည်ဟု ပြောခဲ့သော်လည်း သူမက မည်သည့် နာမည်ကျော်ကို လက်ထောက်လုပ်ရမည်ကိုလည်း မေးမလာခဲ့ပေ။
သူက မော့ကျန်း၏ ဘေးတိုက်မျက်နှာကို ကြည့်မိသွားသည်။ မော့ကျန်းက သူ့မျက်နှာတစ်ခုလုံးကို ဖုံးကွယ်လုနီးပါး ဖြစ်နေသည့် နေကာ မျက်မှန် ခပ်ကြီးကြီးကို တပ်ထားသော်လည်း ထန်ချန်းက သူ့မျက်နှာ အမူအယာကို တွေ့နေရဆဲ ဖြစ်သည်။ မော့ကျန်း စကားပြောလိုစိတ် မရှိသည်ကို တွေ့လိုက်ရသောအခါ သူ ခပ်ရှက်ရှက်ဖြင့် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး လီယန်အား လှည့်ကြည့်လိုက်သည်။ "မင်းပြောတော့ မနှစ်က ဇွန်လမှာ ဘွဲ့ရထားတာဆို... တစ်နှစ်နီးပါးတောင် ရှိတော့မယ်... ဘာလို့ အခုထိ အလုပ် ရှာမတွေ့သေးတာလဲ"
မူလတွင် ထိုမိန်းကလေး ထွက်သွားရန် အကြောင်းပြချက် တစ်ခု ရှာချင်ခဲ့သော်လည်း မော့ကျန်းက တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသောအခါ တစ်စုံတစ်ယောက်ကို ထွက်သွားရန်အတွက် ဖိအားပေးခြင်းက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မှန်ကန်မှု ရှိမနေဟု ခံစားလိုက်ရသည်။ သူက မော့ကျန်းကိုလည်း လျှောက်ထားသူများကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခွင့်ပေးသည်ဟုသော အကြောင်းပြချက်ဖြင့် အင်တာဗျူးတွင် ပါဝင်လာရန် တမင်သက်သက် ဆွဲခေါ်ထားခြင်းပင် ဖြစ်လေသည်။ လက်ထောက်အသစ်ကသာ ရှောင်ရှီလို ထူးဆန်းသည့်လူ ဖြစ်နေပါက ထိုတာဝန်သည်လည်း သူ့ခေါင်းပေါ်သာ ကျသွားမည် ဖြစ်ပြီး နောက်ပိုင်း မော့ကျန်းက လက်ထောက်ကို ဖြုတ်ပစ်ချင်သည့် အခါတွင်လည်း "ဒါပေမယ့် မင်းဘာသာမင်း ခန့်ထားတာလေ"ဟု ယုံကြည်မှု ရှိရှိ ပြောနိုင်ပေမည်။
ထိုအကြောင်းကို စဥ်းစားမိသည်နှင့် သူ့ကိုယ်သူ အလွန်ဥာဏ်ကောင်းသူ ဖြစ်ကြောင်း တွေးမိသွားလေသည်။
လီယန်က ထန်ချန်း၏ မေးခွန်းကို နားထောင်ပြီးနောက် မိန်းမောနေသော အမူအယာဖြင့် ပြန်ဖြေလိုက်သည်။
"အရင်က ကျွန်မ နေမကောင်း ဖြစ်သွားလို့ပါ... မကြာသေးခင်ကမှ ပြန်သက်သာလာတာ... ဒါပေမယ့် ကျွန်မမှာ ကူးစက်နိုင်တဲ့ရောဂါ မရှိလို့ စိတ်ချထားလို့ရပါတယ်... ရှင်းတို့ကို မကူးနိုင်ပါဘူး"
ထန်ချန်းက နှုတ်ခမ်းကို ကိုက်လိုက်သည်။ "အခုရော မင်းရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုလဲ"
“အရမ်း ကောင်းတယ်... မာရသွန် ပြေးရမယ်ဆိုရင်နောင် ပြဿနာ မရှိတော့ဘူး"
ထန်ချန်း: “…”
သူက နှစ်ကြိမ် ချောင်းဟန့်ကာ မေးလာသည်။ "မင်း ချက်ပြုတ်နိုင်လား"
"ချက်တတ်ပါတယ်" သူက ဟင်းချက်တတ်သလားလို့ပဲ မေးတာလေ... ကောင်း မကောင်း မေးတာမှ မဟုတ်တာ...
"ကားမောင်းတတ်လား"
"မောင်းတတ်ပါတယ်" ပထမနှစ် နွေရာသီ အားလပ်ရက်အတွင်း၌ သူမနှင့် ရှန်ပူတို့ ကားမောင်းလိုင်စင်အတွက် စစ်ဆေးမှု သွားဖြေခဲ့ကြသည်။ သို့သော်လည်း သူမ ကားမမောင်းသည်မှာ နှစ်ပေါင်းများစွာ ရှိနေလေပြီ။
ထန်ချန်းက ဆက်မမေးလာသလို လီယန်ကလည်း သူ့ကို စိုက်ကြည့်နေရင်း စောင့်နေခဲ့သည်။ ကောင်းကောင်း ဖြေနိုင်ခဲ့တာပဲ... သူမက အိမ်သာသို့ သွားရမည့် တိုက်ပွဲအတွင်း သေချာပေါက် အောင်နိုင်ခဲ့ဟန်ပင်။
ထန်ချန်းက မော့ကျန်းကို လှမ်းကြည့်လိုက်သည်။ ထိုသူက စကားပြောလိုစိတ် မရှိဆဲ ဖြစ်သည်ကို တွေ့သောအခါ လီယန်ဘက်သို့ ပြန်လှည့်လာပြီ ပြောလာခဲ့သည်။ "ဒါဆို ငါမင်းရဲ့ အလုပ်တာဝန်နဲ့ ခံစားခွင့်တွေကို ရှင်းရှင်းလေးပဲ ပြောပြလိုက်မယ်... မော့ကျန်းက ဒီနှစ် အရမ်း အလုပ်များတယ်... မင်းရဲ့ အဓိက အလုပ်က စတူဒီယိုကို သွားတဲ့အခါ သူ့နောက်က လိုက်ဖို့ပဲ... ပြီးတော့ တစ်ခါတစ်ရံ ကားမောင်းပို့ဖို့နဲ့ ချက်ပြုတ်ပေးဖို့အတွက်လည်း တာဝန် ရှိတယ်... သူ့နောက်ကို တစ်နေ့ 24 နာရီလုံး လိုက်စရာ မလိုဘူး... သူ့ဝင်ငွေ ရောက်လာရင် မင်းလည်း လစာ ရလိမ့်မယ်.. ပြဿနာ တစ်ခုခု ရှိလာရင်လည်း ယာယီ ဖြေရှင်းပေးရလိမ့်မယ်... စောင့်ကြည့်ကာလ အတွက် လစာကတော့ 5000ပဲ... မင်းရဲ့ အစမ်းခန့်ကာလ ပြီးသွားရင် မင်းရဲ့ လုပ်ဆောင်မှု မှတ်တမ်းအရ ကုမ္ပဏီက မင်းကို အာမခံ အကျိုးခံစားခွင့်တွေလည်း ပေးလိမ့်မယ်"
လီယန်က လုံးဝ စိတ်ရှုပ်ထွေးသွားလေသည်။
ဒီအခြေအနေက ဘာကြီးလဲ... သူမက အိမ်သာသွားရရေးအတွက် တိုက်ခိုက်နေရတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး မော့ကျန်းရဲ့ လက်ထောက် ဖြစ်လာဖို့ တိုက်ခိုက်ရတဲ့ တိုက်ပွဲထဲကို ရုတ်တရက် ပြောင်းသွားရတာလဲ...
ထန်ချန်းက သူမ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ ဆက်ပြောလာခဲ့သည်။
"သေချာတာပေါ့... အလုပ်အကိုင်တိုင်းက လိုအပ်ချက်ဆိုတာ ရှိကြတာပဲ... ကုမ္ပဏီက မင်းနဲ့ ယုံကြည်စိတ်ချရမှု သဘောတူညီချက်တစ်ခု လက်မှတ်ထိုးထားရလိမ့်မယ်... မော့ကျန်းနဲ့ ပတ်သက်ပြီး ဘယ်သတင်း အချက်အလက်ကိုမှ တစ်ယောက်ယောက်ဆီ ပေါက်ကြားလို့ မရဘူး... မဟုတ်ရင် ကုမ္ပဏီက မင်းကို ဥပဒေအရ တရားစွဲဖို့ လုပ်ပိုင်ခွင့် ရှိတယ်... ပြီးတော့ ဒီအလုပ်အကြောင်းကို မင်းရဲ့ မိဘတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကိုလည်း ပြောလို့မရဘူး"
လီယန်က တံတွေးမျိုချမိသွားသည်။ မားမားနဲ့ ပါးပါးရေ... သမီးတော့ မယုံနိုင်စရာ ကောင်းလှတဲ့ အဖွဲ့အစည်းထဲ ဝင်မိသွားပြီ ထင်တယ်...
"ပြဿနာ ရှိလို့လား"
လီယန်က အလိုအလျောက် ခေါင်းခါလိုက်မိသည်။
“ကောင်းပြီ... ပြန်သွားပြီး ငါတို့ဘက်က အကြောင်းကြားလာမှာကို စောင့်နေ... ငါတို့ သုံးရက်အတွင်း အသိပေးမယ်"
“အိုး” လီယန်က ထိုင်ခုံမှ ထရပ်ကာ ထန်ချန်းဆီသို့ လျှောက်လာခဲ့သည်။ "အိုး... ဟုတ်သား... ကျွန်မ ကိုယ်ခံပညာလည်း သင်ထားသေးတယ်... မော့ကျန်း အန္တရာယ်ကြုံရရင် ကာကွယ်ပေးနိုင်တယ်"
ထန်ချန်း: “…”
သူက လီယန်၏ လက်ကလေးနှင့် ခြေထောက် သေးသေးလေးများကို ကြည့်ကာ တိတ်တဆိတ်ရှိဆဲပင်။ သို့သော် လက်ရှိသူမှာ ရုပ်ရည် အသွင်အပြင်က တစ်ခါတစ်ရံတွင် လူတစ်ယောက်ကို အမှန်တကယ် မဖော်ပြနိုင်ကြောင်း နားမလည်နိုင်ခဲ့ပေ။
လီယန်က တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ဖွင့်လိုက်ရင်း ရပ်သွားကာ ထန်ချန်းကို ပြန်လှည့်ကြည့်လိုက်သည်။ "သန့်စင်ခန်းက ဘယ်မှာလဲဟင်"
“… ညာဘက်ကွေ့လိုက်”
“ကျေးဇူးတင်ပါတယ်” လီယန်က အခန်းထဲမှ ပြေးထွက်လာပြီး ညာဘက်သို့ ကွေ့လိုက်တော့မည့်ဆဲဆဲမှာပင် ဝန်ထမ်းက သူမကို ပြန်ဆွဲခေါ်သွားသည်။ အကြောင်းမှာ ထိုဝန်ထမ်း ယခင်က အလျင်စလို ဖြစ်နေခဲ့ပြီး လီယန်ကို အခန်းထဲ တိုက်ရိုက် ဆွဲသွင်းလိုက်သဖြင့် သူမ၏ ကိုယ်ရေးအချက်အလက်များကို မဖြည့်ခဲ့ရသည့်အတွက် အကြောင့်ပင်။
လီယန်က ဖောင်ဖြည့်ပြီးနောက် သန့်စင်ခန်းဘက်သို့ အပြေးသွားလေတော့သည်။ဝန်ထမ်းက လီယန်၏ဖောင်ကို ယူ၍ ဖတ်လိုက်သောအခါ သူမ၏ မျက်နှာက ရုတ်တရက် မဲမှောင်သွားလေသည်။ ဒီလူက ဘယ်သူကြီးလဲ... အင်တာဗျူးရမဲ့သူလည်း မဟုတ်ဘူး...
သူမက ထန်တုန့်၏ ဟိန်းဟောက်သံကို ခေါင်းထဲမှာ ကြားနှင့်နေလေပြီ...
ထိုအချိန်၌ မော့ကျန်းက ထန်ချန်းနှင့်အတူ အခန်းထဲတွင် ထိုင်နေဆဲဖြစ်ကာ ထန်ချန်းက မော့ကျန်း၏ အမြင်ကို အတည်ပြုရန် ကြိုးစားလိုက်သည်။ "မင်း ဘယ်လိုထင်လဲ"
“သူ့ကို ရွေးလိုက်” မော့ကျန်းက အဆုံးတွင် သူ့နေကာ မျက်မှန်ကြီးကို ချွတ်လိုက်ပြီး ရေတစ်ခွက် သောက်လိုက်သည်။
ထန်ချန်းက အနည်းငယ် အံ့အားသင့်သွားသည်။ ရှောင်ရှီနှင့် အဖြစ်အပျက်များ ပြီးနောက် မော့ကျန်းက အမျိုးသမီး လက်ထောက်များကို လိုချင်မည် မဟုတ်တော့ဟု သူတွေးခဲ့မိသည်။ လီယန်ဟု အမည်ရသော မိန်းကလေးမှာ အင်တာဗျူးခဲ့သည့် လူငါးယောက်ထဲမှ တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည်။
Xxxxxxx