အပိုင်း (၁၄၉)
Viewers 31k

Part 149


စုန့်ထင်ရှန်းက ဟိုတယ်ခန်းများ ကြို၍ဘိုကင်လုပ်ထားရန် သူ့လက်ထောက်ကို ပြောလိုက်သည်။ ဒီဟိုတယ်သည် မြို့တွင် အကောင်းဆုံး ကြယ်ငါးပွင့် ဟိုတယ် ဖြစ်သော်လည်း အနည်းငယ် ဟောင်းနေသည်။ ဟိုတယ်ထဲက ပရိဘောဂများသည်လည်း မြို့၏ ကြယ်လေးပွင့် ဟိုတယ်များလောက် မကောင်းပေ။


ကောင်တာမှ အမျိုးသမီးက သူတို့ကို ခနခနကြည့်နေသည်။ မိသားစုသုံးယောက်ဖြစ်ပြီး ဘာကြောင့် အိပ်ခန်းနှစ်ခန်းယူသလဲဆိုတာ သိချင်နေသည်။ သူတို့အတွဲက လက်မထပ်ရသေးတာ ဖြစ်နိုင်လား။ 


ဒါပေမဲ့ ကလေးလေးက လူကြီးနှစ်ယောက်လုံး၏ အသွင်အပြင် လက္ခဏာရှိတယ် သူကသေချာပေါက် သူတို့ ကလေးဖြစ်ရမယ်…


အခန်းကဒ်များရပြီးနောက် ယွမ်ရှက ဝမ်လေး၏လက်ကိုကိုင်၍ စုန့်ထင်ရှန်းက ခရီးဆောင်အိတ်များဆွဲကာ ဓာတ်လှေကားထဲသို့ ဝင်ကြသည်။ အခန်းနှစ်ခန်းသည် ဘေးချင်းကပ်ရှိကြပြီး ဝမ်လေးက ယွမ်ရှအခန်းထဲသို့ အရင်ဝင်သွားသည်။


ပျက်စီးနေသော သင်္ဘောထဲတွင်တောင်မှ အသုံးဝင်သော အပိုင်းများ ရှိသေးသည်။ ဟိုတယ်ကို ထိုအရာနှင့် ယှဉ်ပြောရန် မသင့်တော်သော်လည်း အခန်းများသည် ဟိုတယ်အပြင်ဘက်ကနဲ့မတူဘဲ အလွန်သပ်ရပ်သည်။


ယွမ်ရှက ပျော်နေပြီး ညစာအများကြီး မစားခဲ့ရသောကြောင့်  အစားအစာမှာရန် ဖုန်းကောက်ကိုင်လိုက်သည်။ သူမ ဒီကိုရောက်လာတာ လအတော်ကြာပြီဖြစ်သော်လည်း ညလယ်ခေါင် အစာစားခြင်းကို မပြုလုပ်ပေ။ ဒီညတော့ သူမ အလိုလိုက်ပြီး ညနောက်ကျချိန်တွင် စားမည်ဖြစ်သည်။ ယွမ်တစ်သိန်း မိုးပေါ်ကနေ သူမပိုက်ဆံအိတ်ထဲ ကျလာသည်ကို သူမ အလွန်ပျော်နေသည်။ 


သူမ ဘေးအခန်းကိုသွား၍ စုန့်ထင်ရှန်းကို မုန့်စားအုန်းမလားဟူ မေးလိုက်သည်။


မကြုံစဖူး စုန့်ထင်ရှန်းက ခေါင်းငြိမ့်၍ “စားမယ်လေ..ဘီယာမှာလို့ရရင် ငါ့ကိုတစ်ဘူးလာက် မှာပေးပါ..”


အိုး..သူလဲ စိတ်ကောင်းဝင်နေတဲ့ပုံဘဲ..


ယွမ်ရှ ချက်ချင်း စားစရာများ မှာလိုက်သည်။


ကံမကောင်းစွာဖြင့် စားစရာများရောက်လာသောအခါ ဝမ်လေးက အိပ်ပျော်နေပြီး ဆူညံသံများကြောင့်လဲ မနှိုးပေ။ သူသည် ရေချိုးပြီးကတည်းက တန်းအိပ်သွားသည်။ ခရီးပန်းလာသောကြောင့် ဖြစ်နိုင်သည်။


ဝမ်လေး ဟောက်နေသည်ကိုကြည့်၍ ယွမ်ရှပြုံးလိုက်သည်။ သူမ မှာလိုက်သော အစားအသောက်များကလဲ ကလေးများအတွက် အများကြီးစားရန် မသင့်တော်ပေ။ 


ယခု သူမ ဝဝကစ်ကစ်ပေါက်စီလုံးလေး  ​ ကို ချော့စရာမလိုတော့ပေ။


စုန့်ထင်ရှန်း ရေချိုးပြီးနောက် သူ့အခန်းဆီသို​့ လာခဲ့သည်။ စားပွဲပေါ်တွင် barbecue ၊ အကင်နှင့် ဘီယာဗူးများကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ဒါတွေသည် ကျန်းမာရေးနှင့် မညီညွှတ်ဟု ထင်သော်လည်း ဘာမှမပြောပေ။ အနီးနားက ဆိုဖာပေါ်ထိုင်၍ ဘီယာဗူးကိုဖောက်ပြီး တစ်ငုံသောက်လိုက်သည်။


ယွမ်ရှက လက်သည်း အလှပြင်ထား၍ ကိုယ်တိုင်မ​ဖောက်ပဲ စုန့်ထင်ရှန်းကို ဘီယာဗူးပေးလိုက်သည်။ “ကျွန်မအတွက် ဒါကို ဖောက်ပေးပါ..လက်သည်း မပျက်စီးစေချင်ဘူး..”


စုန့်ထင်ရှန်းက သူမကို ကြည့်လိုက်သည်။ “မင်းလဲ ဘီယာသောက်မလို့လား..”


“ဒါပေါ့..ဆုကြေးငွေ ယွမ်တစ်သိန်းအတွက် ဂုဏ်ပြုရမယ်လေ..”


စူန့်ထင်ရှန်းက ဘီယာကို ဖောက်ပေးပြီး သူမကို ပေးလိုက်သည်။ “အများကြီးမသောက်နဲ့ ဒါက အရမ်းအေးတယ်..”


စုန့်ထင်ရှန်း သူမကို ခုလို စိတ်ပူသည့် စကားများပြောတာ ပထမဆုံးဖြစ်သောကြောင့် သူမ အံ့ဩသွားမိသည်။


သူတို့ အရင်က အပေါ်ယံဆက်ဆံရေးသည် လေးနက်လာပြီး သူမ စုန့်ထင်ရှန်းအကြောင်း ပိုသိခွင့်ရ၍ ပိုပြီးနီးစပ်လာတာ ဖြစ်နိုင်သည်။


အတိတ်တွင် သူမသည် စုန့်ထင်ရှန်းကို ဝတ္ထုတစ်ပုဒ်၏ ခေါင်းဆောင်မင်းသား ဟုထင်ခဲ့သည်။ အဘယ်ကြောင့်ဆ်ိုသော် သူ့ကိုမရနိုင်သော ခံစားချက်ကို ယွမ်ရှအား ပေးသောကြောင့် ဖြစ်သည်။ သို့သော် ယခုတွင် သူသည် ယွမ်ရှနှင့် မျက်နှာချင်းဆိုင်ထိုင်၍ ဘီယာသောက်ပြီး မုန့်များစားနေသည်။ သူ၏ ဘဝကို ယွမ်ရှနားတွင် ထား၍ နေထိုင်နေသော သူတစ်ယောက်ဟု သူမ လေးလေးနက်နက် ခံစားရသည်။


“ငါအရမ်းလွန်တယ်လို့ မင်းထင်လား..သူမက လူကြီးတစ်ယောက်ဖြစ်ပြီး ငါ့မိဘတွေဆုံးပြီး ငါ့ကိုစောင့်ရှောက်ပေးခဲ့တဲ့သူလဲ ဟုတ်တယ်..ဒါမဲ့ ငါသူမကို စိတ်ညစ်အောင် ကြံစည်ခဲ့တယ်..”


စုန့်ထင်ရှန်းက သူ့ကိုယ်သူ ရယ်လိုက်သည်။


 “တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာ ငါက ကျေးဇူးမသိတတ်တဲ့ ကြွက်တစ်ကောင်ဘဲ..”


xxxxxx