Chapter 52
ထိပ်တိုက်ရင်ဆိုင်
"ထားလိုက်တော့... နောက်ထပ် စဥ်းစားမနေနဲ့တော့" ချန်းချင်းယန်က လီယန်ကို တံတောင်ဖြင့် တွတ်လိုက်သည်။ "နင့်ရဲ့ ယွမ်ဇယ်ကောကောက သန်မာတဲ့ စိတ်ဝိဥာဏ် ရှိပြီးသား... သူက အရမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ပေါက်နေတာ"
လီယန်က ကိုက်ဝါးရန်အတွက် ဘဲတောင်ပံများကို ယူလိုက်ပြီး စကားပြောမလာခဲ့ပေ။
ချန်းချင်းယန်က မျက်ခုံးပင့်လိုက်သည်။ ဒီမိန်းမက ဘဲတောင်ပံကို တိတ်တိတ်လေး ယူစားဖို့ အတွေးနက်နေချင်ယောင်ဆောင်လိုက်သေးတယ်... တကယ့်ကို ဥာဏ်နီဥာဏ်နက် များတာပဲ"
သူမသည်လည်း ဘဲတောင်ပံ တစ်ချောင်း ယူကာ ပြောလာသည်။ "ငါသူ့ဆီက ကြားလာတာ သူ အခုတလော ပရောဂျက်တစ်ခုနဲ့ အလုပ်ရှုပ်နေတယ်ဆိုလား... သူပြောတာ သူနောက်မှ နင့်ကို ဆက်သွယ်လာမယ်တဲ့"
"ဪ" လီယန်က တစ်သျူးကို ဆွဲယူကာ လက်ကို သုတ်လိုက်သည်။ "အချိန်ကျပြီ... သွားကြစို့"
VIP ကြည့်ရှုသူများကု အထူးရုပ်ရှင်ရုံထဲတွင် နေရာချထားပြီး နှစ်ယောက်သား မီးရောင်မှိန်မှိန်အောက်တွင် ထိုင်ခုံရှာတွေ့သွားပြီးနောက် screenကို မမှိတ်မသုန် စိုက်ကြည့်နေပြီး ကြော်ငြာများကို ကြည့်လိုက်ကြရသည်။
ရှည်လျားလှသော လက်ဝတ်ရတနာ ကြော်ငြာ တစ်ခုကို ပြသပြီးနောက် ရုပ်ရှင်ရုံမှ မီးများ ရုတ်တရက် မဲမှောင်သွားပြီး ကြည့်ရှုသူများကလည်း စိတ်လှုပ်ရှားမှုများ တီးတိုးသံများနှင့် တုန့်ပြန်လာခဲ့ကြသည်။ screenကြီး တစ်ခဏမျှ မဲမှောင်သွားပြီးနောက် နတ်ဘုရားတားမြစ်ဇုံ၏ အကြိုမိတ်ဆက်ကို စတင်ပြသလာခဲ့သည်။
အကြိုမိတ်ဆက်မှာ စီးရီး၏ ပထမဆုံး ဇာတ်ကား နှစ်ကားကို အတိုချုံ့ထားခြင်း ဖြစ်သည်။ ကြည့်ရှုသူ အများစုမှာ ထိုကားများကို တစ်ကြိမ်ထက်မက ကြည့်ထားပြီးသား ဖြစ်သော်လည်း ကောင်းစန် ပေါ်လာသည့် အချိန်တိုင်း ကြည့်ရှုသူများက ပျော်ရွှင်စွာ အော်ဟစ်ကြပေလိမ့်မည် ဖြစ်ပြီး ချန်းချင်းယန်က ထိုသူများထဲမှ တစ်ယောက်ပင်။
"တလီ... နောက်ဆုံးတော့ ကောင်းစန်ကို မျက်နှာပြင်အကြီးကြီးပေါ်မှာ တွေ့ရပြီ... စိတ်လှုပ်ရှားလွန်းလို့ ငိုမိတော့မယ်"
လီယန်က သူမ၏ အချိုရည်ဘူးကို တိတ်တဆိတ် သောက်နေခဲ့ပြီး သူမကို အာရုံပင် မရှိခဲ့ပေ။
ငါးမိနစ်ခန့်ကြာသောအခါ ရုပ်ရှင်စတင် ပြသလာခဲ့သည်။ ကြည့်ရှုသူများ၏ အော်ဟစ်သံက စိတ်အားထက်သန်လှပြီး ချန်းချင်းယန်က လီယန်၏ လက်ကို ကိုင်ကာ ဆန့်တငင်ငင် စောင့်မျှော်နေသည်။
မျက်နှာပြင်ပေါ်၌ ကောင်းကင်နှင့် မြေကြီးတို့ ဆက်သွယ်မှု ပြတ်တောက်သွားသည့်အလား ပရမ်းပတာ ဖြစ်မှုတို့၏ မြင်ကွင်းကျယ်ကို ပြသနေခဲ့သည်။ ထိုမြင်ကွင်းကျယ်ကြီး၏ အလယ်ဗဟို၌ သေးငယ်သော အဝါရောင် အစက်လေး ရှိနေပြီး မှန်ဘီလူးမှ နီးနီးကပ်ကပ် ဆွဲယူကြည့်လိုက်သောအခါ ၎င်းက အမှန်တကယ်တွင် သံပရို တစ်လုံးသာ ဖြစ်ကြောင်း သိသာ ထင်ရှားလာခဲ့သည်။ သံပရိုသီးလေးက တုန်ခါကာ တောင်ပေါ်မှ လိမ့်ဆင်းလာပြီး အဆုံးတွင် ဖြုဖျော့ဖျော့လက်သွယ်သွယ် နှစ်ဖက် မှ ဖမ်းယူခြင်း ခံလိုက်ရသည်။ ကင်မရာက အကျယ်ချဲ့ ကြည့်လာသောအခါ မျက်နှာပြင်ပေါ်၌ အဖြူရောင်ကုတ် ဝတ်ထားသော လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုသူ၏ ကျော့ရှင်းသော ကိုယ်နေဟန်ထားနှင့် လှုပ်ရှားမှုများက သစ်ကျုတ် တစ်ကောင်လို ကျော့မော့နေခဲ့ပြီး သူဝတ်ထားသော အဖြူရောင်ကုတ်သည်ပင် ထိုသူအား အထက်တန်းလွှာ တစ်ယောက်ကဲ့သို့ ပုံပေါ်သွားရစေသည်။
ထိုသူက ခွဲစိတ်ဓါးကို သုံး၍ သံပရိုသီးကို နှစ်ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းကို ကျော့ကျော့မော့မော့ ကောက်ကိုင်ကာ ဓါတ်ခွဲခန်း တံခါးမှ ထွက်လာခဲ့သည်။ တံခါးဘေးတွင် တစ်ခဏမျှ ရပ်နေရင်းက သူ့လက်ထဲမှ သံပရိုသီးကို ကိုက်ဝါးလိုက်ပြီး အထဲသို့ ပြန်ဝင်သွားပြန်သည်။ ဓါတ်ခွဲခန်းထဲတွင် ဆန်းပြားရှုပ်ထွေးသော ပစ္စည်းကိရိယာများ ရှိနေပြီး ဓါတ်ခွဲခန်း၏ ထောင့်တိုင်းတွင် အလုပ်ရှုပ်နေကြသော ဝန်ထမ်းများ လှုပ်ရှားသွားလာနေကြပြီး ထိုသူနှင့် ထိုသူ၏ ကျော့ရှင်းနေမှုက ထိုနေရာမှ ကွဲထွက်နေဟန် တူနေသည်။
မျက်နှာပြင်ပေါ်တွင် စာတိုလေးတစ်ကြောင်း ခုန်ထွက်လာပြီး ထိုယောကျ်ား၏ ဘေးတွင် သက်ဆင်းသွားသည်။ ပါဝင်သရုပ်ဆောင်သူ မော့ကျန်း...
မော့ကျန်း၏ ပေါ်ထွက်လာမှုမှ စတင်ကာ ရုပ်ရှင်ရုံထဲ၌ အော်ဟစ်သံများ မရပ်တန့်နိုင်တော့ပေ။ ၎င်းက ပထမဆုံးအကြိမ်အဖြစ် လီယန် "နားအူလိုက်တာ"ဟူသော စကား၏ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်သွားခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်စပြပြီး နှစ်မိနစ်လောက်အကြာမှသာ လူအုပ်ကြီးက ငြိမ်ကျသွားခဲ့လေသည်။
လီယန်က ရုပ်ရှင်ကို တိတ်တဆိတ် ကြည့်နေခဲ့သော်လည်း သူမကြည့်လေလေ ဇာတ်ကြောင်းမှာ သူမ အရင်က ကြည့်ဖူးခဲ့သည့်အလား အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားရလေလေပင်။ သူမက ထိုမေးခွန်းကို သံသယ ဖြစ်စွာဖြင့် ချန်းချင်းယန်အား မေးလိုက်ပါသော်လည်း ချန်းချင်းယန်က သူမကို သံသယရှိနေသည့် အကြည့်တို့ဖြင့် ကြည့်လာသည်။
"နင် ဝိဥာဏ် ကူးပြောင်းလာတာလား"
လီယန်က ဇာတ်ကြောင်းမှာ အလွန် ပြိုင်ဖက်ကင်းသော်လည်း ၎င်းကို ကြည့်ဖူးနေသည်ဟုသာ ခံစားရဆဲပင်။ ကြည့်ရသည်မှာ သူမ၏ ခန့်မှန်းချက် စကေးများက သာမန်ထက် ပိုကောင်းနေသည်ကြောင့်လား... သို့သော်လည်း ဇာတ်ကား၏ အဆုံးသတ်ကို ခန့်မှန်းလိုက်သောအခါ သူမ၏ ဝေဖန်တွေးတောရေး စကေးများက အလွန် မှားသွားကြောင်း သူမကို သက်သေပြပေးခဲ့သည်။
“သောက်ကျိုးနဲ... စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေတဲ့ ကောင်းစန်ကလည်း အရမ်း ချောတာပဲ" ချန်းချင်းယန်က လူအများနှင့်အတူ ရုပ်ရှင်ရုံထဲမှ ထွက်လာခဲ့ပြီး ကောင်းစန်၏ ချောမောမှုများကို မျက်မြင်တွေ့လိုက်ရပြီးနောက် မိန်းမောနေဆဲပင်။
သူတို့ ပြောနေကြသည့် အခန်းမှာ ကောင်းစန်၏ လက်ထောက်များထဲမှ တစ်ယောက် ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည်ကို ရှာဖွေ တွေ့ရှိခဲ့ရပြီးနောက်တွင် ကောင်းစန်က သူမကို ဖျက်ဆီးပစ်လိုက်ရာ၌ တုန့်ဆိုင်းခြင်းပင် ရှိမနေခဲ့ပေ။ သူ့အမူအကျင့်ထဲမှ ကြီးမားသော ပြောင်းလဲမှုက ကြည့်ရှုသူများကို ကြီးစွာသော အမြင်တစ်ခု ပေးလာခဲ့သည်။ နတ်ဘုရား တားမြစ်ဇုံ၏ ဒါရိုက်တာ က အင်တာဗျူးတစ်ခု၌ ပြောခဲ့သည်မှာ ကောင်းစန်၏ ဇာတ်ကောင်က ကယ်တင်ရှင်တစ်ယောက် ဖြစ်လာရန် မဟုတ်ဘဲ ငရဲတွင်း နက်နက်မှ အာဆူရာက ပို၍ပင် ဖြစ်နိုင်သေးသည်။
"တလီ ငါဘယ်လိုလုပ်ရမလဲ... ကောင်းစန်နဲ့ မျောက်ကလေးတွေ မွေးချင်လိုက်တာ"
လီယန်၏ နှုတ်ခမ်းတို့က ရယ်ချင်စိတ်တို့ကြောင့် လှုပ်ရှားသွားသော်လည်း ပြန်မဖြေလိုက်ပေ။ သူမ ပို၍ တွေးလေလေ နတ်ဘုရားတားမြစ်ဇုံ3က သူမနှင့် ရင်းနှီးနေသည်ဟု ပ်ု၍ ခံစားရလေလေပင်။ အထူးသဖြင့် ကောင်းစန် သူ့လက်ထောက်ကို သတ်လိုက်သည့်အခန်းက သူမ၏ မှတ်ဥာဏ်ထဲ၌ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။
သူတို့က ရုပ်ရှင်ရုံ အပြင်ဘက်သို့ ထွက်လာကြပြီး ဝင်ထိုင်ရန်အတွက် သရေစာ ဆိုင်တစ်ဆိုင် ရှာလိုက်ကြသည်။ ချန်းချင်းယန်က အစားအသောက်မှာရန် သွားနေချိန်၌ လီယန်က ခုံဦးထားရင်း အစားအသောက် စောင့်နေရန် တာဝန်ယူလိုက်သည်။ သူမအိတ်ထဲမှ ဖုန်းက တုန်ခါလာသဖြင့် လီယန် ထုတ်ကြည့်လ်ုက်ရာ နံပါတ်စိမ်းတစ်ခုမှ မက်ဆေ့ချ် ပေးပို့လာခြင်း ဖြစ်နေသည်။
သူမက ပဟေဠိ ဖြစ်စွာဖြင့် မျက်တောင်ခတ်၌ ဖွင့်ဖတ်လိုက်သည်။
"မိန်းကလေးလီကို နှုတ်ဆက်ပါတယ်... အင်တာဗျူး အောင်သွားလို့ ဂုဏ်ယူပါတယ်... ကျေးဇူးပြုပြီး ဝင်ခွင့်ဖောင်အတွက် လက်ရှိ အသုံးပြုနေတဲ့ IDကဒ်ပြားနဲ့အလျားအနံ တစ်လက်မစီ ရှိတဲ့ ဓါတ်ပုံကို မနက်ဖြန် မနက် ဆယ်နာရီ မှာ ကုမ္ပဏီရဲ့ 9ထပ်က ဝန်ထမ်းရေးရာ ဌာနကို ယူလာပေးပါ..."
လီယန်က ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်သည်။ စနေတာတော့ မဟုတ်ဘူးမလား... သို့သော်လည်း သူမ ခိုက်ဟွမ်းတွင် အင်တာဗျူး ဖြေခဲ့သည်ကို မည်သူမှ မသိပါပေ။
သို့သော်လည်း ကုမ္ပဏီက အမှန်တကယ်ပင် မျက်စိမှောက်သွားခဲ့မည်က မထင်မှတ်ထားခဲ့ပေ။
ချန်းချင်းယန်က အစားအသောက် သယ်ပြီးသွားသည့်နောက် လီယန်၏ ဗလာဖြစ်နေသည့် အမူအယာကို တွေ့လိုက်ရသောအခါ သူမကို ခေါင်းမခေါက်ဘဲ မနေနိုင်တော့။ "ဘာတွေ ဖြစ်နေတာလဲ တလီ... ဗိုက်ဆာလွန်းလို့ ဂေါက်သွားတော့တာလား"
လီယန်က သူမကို မော့ကြည့်လာပြီး သူမ၏ နှုတ်ခမ်းကို တွန့်ဆုတ်ဆုတ်ဖြင့် ဖွင့်လိုက်သည်။
"ဘာဖြစ်နေတာလဲ" ချန်းချင်းယန်က ခုံဆွဲကာ သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
လီယန်က တစ်ခဏမျှ တွေးလိုက်သည်။ သူမက ထိုအကြောင်းကို ရှန်ပူထံမှ ဖုံးကွယ်မထားချင်သော်လည်း အင်တာဗျူးသူက ထိုအကြောင်းကို မပြောပြရန်လည်း သတိပေးထားခဲ့သည်။ ရှန်ပူသာ သူမက မော့ကျန်း၏ လက်ထောက်ဖြစ်လာရန် ကြံစည်နေသည်ကို သိသွားပါက မိနစ်ပိုင်း အကြာမှာပင် အသတ်ခံလိုက်ရမည်ကို ပြောစရာပင် မလို။
"ဘာမှ မဟုတ်ပါဘူး" လီယန်က ခေါင်းကို ခါယမ်းကာ ထိုကိစ္စကို အမြဲတမ်း လျှို့ဝှက်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ ချန်းချင်းယန်က သူမ ပြောလိုစိတ် မရှိသည်ကို တွေ့လိုက်ရသောအခါ ထပ်မေးမလာတော့ဘဲ ထိုအစား အခြားအကြောင်းအရာကို ရှာဖွေလိုက်သည်။ "အိုး... ဟုတ်သား... တလီ နင့်ခန္ဓါကိုယ်လည်း အခု အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်လာပြီ... ငါ့ဝတ္ထုလည်း လက်မှတ်ထိုးလိုက်ပြီ ဆိုတော့ ငါတို့ Goreme သွားပြီး မိုးပျံပူဖောင်း စီးလို့စပြီပေါ့"
လီယန်က ချန်းချင်းယန်ကို ကြည့်ကာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ "ရှန်ပူ... ငါ မသွားနိုင်လောက်တော့ဘူး"
"ဘာလို့လဲ" သူတို့တွေ ဧကရာဇ်မော့ရဲ့ ခြေရာတွေနောက် လိုက်ကြမယ်လို့ သဘောတူထားခဲ့ကြတာလေ...
"ငါ အလုပ်ရသွားပြီ"
ချန်းချင်းယန်၏ အမူအယာက တစ်ခဏမျှ ကြောင်အသွားလေသည်။
"ဘယ်တုန်းက အလုပ်ရှာလိုက်တာလဲ"
"လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက.... ငါလည်း ရမယ် မသေချာတော့ နင့်ကို မပြောလိုက်တော့တာ... ဒါပေမယ့် ခုနလေးတင်ကပဲ ငါ အလုပ်ရသွားတာကို အတည်ပြုတဲ့အကြောင်း စာပို့လာတယ်လေ"
ချန်းချင်းယန်က အရင်တစ်ခုထက် ပို၍ တိတ်ဆိတ်သွားပြီးနောက်တွင် စားပွဲကို ရိုက်ကာ ဆိုလာသည်၊ "ဒါ သတင်းကောင်းပဲ... ခရီးက ငါတို့နောက်မှ သွားလို့ရတာပဲ... အိုး ဟုတ်သား... ဘယ်လို အလုပ်မျိုးလဲ"
"အင်း... ဆိုက်တစ်ခုရဲ့ အယ်ဒီတာလေ" သူတို့က တက္ကသိုလ်တွင် တရုတ်စာပေ သင်ကြားခဲ့ရသည်ဖြစ်၍ ဘွဲ့ရသည်နှင့် သူတို့နှစ်ယောက်လုံး စာပေနှင့်ပတ်သက်သော အလုပ်များ ရလိမ့်မည်ဟူသည်ကား သိသာပေသည်။ ရှန်ပူက စာရေးဆရာမ ဖြစ်လာတော့ သူမက အယ်ဒီတာတစ်ယောက် ဖြစ်လာမှပဲ သင့်တော်မယ်...
ချန်းချင်းယန်က ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအလုပ်က အတော်လေး သင့်တော်သည်ဟု ယူဆရပေမည်။ "နင့်မိသားစုက လက်ခံရဲ့လား"
တလီ၏ မတော်တဆမှု ပြီးနောက် သူမ၏ မိသားစုက အလွန် ကြောက်လန့်နေဆဲ ဖြစ်မည်ကို ပြောနိုင်ပေသည်။ ထိုကဲ့သို့ ဆက်ဖြစ်နေပါက လီယန်က အပြင်ထွက် အလုပ်လုပ်နိုင်ရန်အတွက် နည်းလမ်းမရှိပါပေ။
လီယန်သည်လည်း ထိုပြဿနာကြောင့် ဒုက္ခရောက်နေရသည်။ သူမက ထိုအလုပ်ကို မတော်တဆ အင်တာဗျူးခဲ့သည် ဖြစ်ပြီး သူမ၏ မိသားစုနှင့် လုံးလုံး မဆွေးနွေးခဲ့ရသေးပါပေ။ လီယန်၏ မတော်တဆမှုကြောင့် သူမ၏ အမေမှာ သူမကို စောင့်ရှောက်ရန်အတွက် အလုပ်အားလုံးကို အိမ်သို့သာ ရွှေ့ထားခဲ့ပြီး သူမ၏ ဖခင်သည်လည်း သူမနှင့် အတူ အိမ်မှာသာ နေထိုင်ရန်အတွက် စီးပွားရေး အလုပ်ခရီးများ အားလုံးကို ဖျက်သိမ်းထားခဲ့သည်။ သူမကို အပြင်ထွက် အလုပ်လုပ်ခွင့်ပြုရန်အတွက် သူတို့ကို ဖျောင်းဖျရန်ကား ဖြစ်နိုင်ချေ မရှိသော အလုပ်တစ်ခု ဖြစ်မည့်ပုံ ပေါ်နေသည်။
ကြည့်ရသည်မှာ သူမက သူမ၏ အဘိုးဖြစ်သူကို အရင် ဖျောင်းဖျရမည့်ပုံပင်။
လီယန်၏ အဘိုးဖြစ်သူက မြို့လယ်နှင့် အတော်လေး ဝေးသည့်နေရာတွင် တည်ရှိသော ကျန်းအိမ်တော်ဟောင်းတွင် နေထိုင်သည်။ လီယန်က ချန်းချင်းယန်နှင့် နေ့လည်စာ စားပြီးနောက် တက္ကစီငှား၍ ကျန်းအိမ်တော်သို့ ထွက်လာခဲ့သည်။
ထိုအချိန်၌ လမ်းမပေါ်၌ ကားများ အတော်လေး ရှင်းနေသည်။ ဒရိုင်ဘာက လမ်းတလျှောက်လုံး သီချင်းညီးကာ သက်တောင့်သက်တာ မောင်းလာခဲ့သည်။ လီယန်က ပြတင်းပေါက် အပြင်ဘက်မှ ဖြတ်ပြေးသွားသော ရှုခင်းများကို ကြည့်ရင်းဖြင့် နောက်ပိုင်းတွင် သူမ၏ အဘိုးကို ပြောရမည့် အကြောင်းအား စဥ်းစားနေခဲ့သည်။
ဖုန်းက ရုတ်တရက် တုန်ခါလာခဲ့ပြီး သူမကို အနည်းငယ် လန့်၍ ခုန်မိသွားစေသည်။ သူမက ဖုန်းကို ထုတ်ကြည့်လိုက်ရာ ခေါ်ဆိုလာသူ နေရာ၌ ရှန်းယွမ်ဇယ်၏ အမည် ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ လီယန်က တစ်ခဏမျှ ထိတ်လန့်သွားပြီးနောက် ဖုန်းကို စိတ်လှုပ်ရှားစွာ ကောက်ကိုင်လိုက်သည်။ "ယွမ်ဇယ်ကောကော"
"ယွမ်ဇယ်ကောကော"ဟု ခေါ်လာသော သူမ၏ အသံက ရှန်းယွမ်ဇယ်၏ နှလုံးသားကို အနည်းငယ် လှိုင်းထန်သွားစေသည်။ သို့သော်လည်း သူက ဖုန်းခေါ်လာရခြင်း၏ မူလ အကြောင်းပြချက်ကို မမေ့ခဲ့ပေ။ "ယန်ယန်... မင်း အလုပ်ရသွားပြီလို့ ချန်းချင်းယန်ဆီက ကြားလိုက်တယ်"
လီယန်: “…”
တကယ်တော့ ရှန်ပူက ရှန်းယွမ်ဇယ်ရဲ့ ခွေးလေးတွေထဲက တစ်ကောင်ပဲ...
ဖုန်း၏ အခြားတစ်ဖက်မှ လူက ပလုံးပထွေး ဆိုလာရင်း တစ်ခဏမျှ တိတ်ဆိတ်သွားချိန်၌ ရှန်းယွမ်ဇယ်၏ အသံက တိတ်ဆိတ်နေမှုကို ဖြတ်၍ ပဲ့တင်လာခဲ့သည်။ "ဘယ်လို အလုပ်မျိုးလဲ"
”…အွန်လိုင်းဝတ္ထုတွေ တည်းဖြတ်ရတာ”
"ကုမ္ပဏီ နာမည်က ဘာတဲ့လဲ"
…
သူ့အသံ အနေအထားကို ကြားရတာ ကုမ္ပဏီ အချက်အလက်တွေရဲ့ မျိုးဆက် 18 ဆက်လုံးကို ရှာဖွေစုံစမ်းတော့မယ်လို့ ထင်နေရတယ်... လီယန်က ဖုန်းကိုင်ထားပြီး စကားပြောမလာခဲ့ပေ။ ရှန်းယွမ်ဇယ်က သူမ ပြန်ဖြေလာသည်ကို မစောင့်တော့ဘဲ တိုက်ရိုက်သာ မေးလိုက်သည်။ "အဲ့အကြောင်းကို အန်ကယ်လီ သိလား"
…
လီယန်က ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သဖြင့် အဆုံးတွင် ရှန်းယွမ်ဇယ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရတော့သည်။
"ယန်ယန်... အပြင်ထွက် အလုပ်လုပ်ချင်တာကို နားလည်ပေမယ့် မင်းရဲ့ ခန္ဓါကိုယ်က ပြန်ကောင်းလာရုံပဲ ရှိသေးတာလေ... အပြင်ဘက်မှာ အလုပ်လုပ်ရတာကို တကယ် ကိုင်တွယ်နိုင်ပါ့မလား" သူက လီယန်ကို သူမငယ်စဥ်ကတည်းက ကြီးပြင်းလာသည်အထိ စောင့်ကြည့်ခဲ့ရသည်။ သူ့မျက်လုံးထဲတွင် သူမက အညစ်အကြေးများ ကင်းစင်နေသည့် အဖြူရောင်စာရွက် သန့်သန့်လေးသာ ဖြစ်သည်။ သူမကို အရွယ်ရောက်သူတို့၏ ကမ္ဘာကြီးထဲသို့ ခပ်မြန်မြန် မဝင်ရောက်စေချင်ပေ။ ပြောစရာ မလိုအောင်ပင် သူမ၏ ခန္ဓါကိုယ်ကလည်း ပြန်လည်ကျန်းမာလာရန်အတွက် ပြုစုစောင့်ရှောက်ရန် လိုနေသေးသည်။
လီယန်က တိတ်ဆိတ်နေဆဲသာ ဖြစ်ပြီး ရှန်းယွမ်ဇယ်မှာ ဖုန်းထဲမှ တဆင့် သူမ၏ အသက်ရှူသံ ငြိမ်ငြိမ်လေးကိုသာ ကြားနေရသည်။ သူနှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
"ယန်ယန်... မင်းက ငယ်သေးတယ်လေ... ဆန္ဒမစောနဲ့အုံး... မင်း အလုပ်လုပ်ချင်ရင် ငါ့အဘိုးရဲ့ ကုမ္ပဏီမှာ လုပ်လို့ရတယ်"
သူမကို သွားခွင့်ပြုလိုက်ပြီး အခြားတစ်ယောက်ယောက်က ခြယ်လှယ်မည်ကို ခွင့်ပြုလိုက်မည့်အစား သူ့အတောင်ပံများ အောက်မှာပဲ ကာကွယ်ပေးထားချင်သည်။
"ယွမ်ဇယ်ကောကော ကျွန်မက ဒီနှစ် 22နှစ် ရှိနေပြီ" ထိုအသက်အရွယ်၌ မော့ကျန်းက ပထမဆုံး သရုပ်ဆောင်ဆုကြီးကို ရရှိခဲ့သည်။ သူမက လုံးဝ ငယ်ရွယ်မနေတော့ပါပေ။
Xxxx