Chapter 54
ဧကရာဇ်မော့က သူ့နားနေခန်းထဲမှာ အနားယူနေတယ်...
သူမအတွေးထဲတွင် ထိုစာကြောင်းကို ဧကရာဇ်မော့က သူမကို စောင့်ရင်း လဲလျောင်းနေတယ်ဟု အလိုအလျောက် ဘာသာပြန်လိုက်လေသည်။
သူမ၏ ဦးနှောက်က စက္ကန့်အနည်းငယ်မျှ ပတ်လမ်းမှ ပြန်တောက်သွားပြီးနောက် လီယန်က "အိုး"ဟု တီးတိုးရေရွတ်ကာ ဝန်ထမ်းညွှန်ပြသော နေရာထံ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ ဓါတ်လှေကား 36ထပ်တွင် ရပ်သွားပြီးနောက် လီယန်က အသက်ပြင်းပြင်း ရှူကာ ညာခြေကို မြှောက်လိုက်သည်။
ဒီအထပ်က အရမ်းကြီးတာပဲ... ဧကရာဇ်မော့ရဲ့ နားနေခန်းက ဘယ်မှာလဲဟ... သူမက ကော်ရစ်ဒါ တလျှောက် လျှောက်လှမ်းလာပြီးနောက် အခန်းကျယ်ကြီးထဲသို့ ဝင်လာခဲ့သည်။ လော်ဘီစားပွဲ၌ အမျိုးသမီး တစ်ယောက် ထိုင်နေလေသည်။ လီယန် သူမအနား ရောက်လာသည်ကို တွေ့သောအခါ သူမ၏ အမူအယာက ဗလာကျင်းသွားပြီးနောက် ပြုံးကာ ပြောလာခဲ့သည်။
"ရှင်က မိန်းကလေးလီလား... ရှင်နေရာအမှားကြီး ရောက်လာတယ်... ဧကရာဇ်မော့ရဲ့ နားနေခန်းက ဟိုဘက်မှာပါ"
"ဪ... ကျေးဇူးပါ” လီယန်က နေရာမှာပင် ရပ်နေပြီး ရှက်ရွံ့မှုတို့ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မကိုယ် ကျွန်မ မိတ်ဆက်ပေးမယ်... ကျွန်မ နာမည် ဟန်မိန်မိန်... ဘာပဲ ဖြစ်ဖြစ် လူတိုင်းက လုပ်ဖော်ကိုင်ဖက်တွေပဲလေ... နောက်ဆို အချင်းချင်း ဂရုစိုက်ပေးကြရအောင်နော်" ဥပမာအားဖြင့် ဧကရာဇ်မော့ရဲ့ အနားမှာနေပြီး ကြားသမျှ အတင်းအဖျင်းတွေ ဖော်ထုတ်ဖို့ပေါ့...
လီယန်က သူမကို ကြည့်ကာ ရိုးရိုးသားသား ပြောလိုက်သည်။ "ဟယ်လို ဟန်မိန်မိန်... ကျွန်မ နာမည်က လီလဲ့ပါ... တွေ့ရတာ ဝမ်းသာပါတယ်"
(TN: ဟန်မိန်မိန်နဲ့ လီလဲ့က တရုတ်မှာ လူတိုင်းနီးပါးသုံးတဲ့ အလယ်တန်း ကျောင်းသုံးစာအုပ်ထဲက ပုံရိပ်ဇာတ်ကောင်နှစ်ခုပါ... မင်မင်တို့ဆီမှာဆို My name is Kyaw Kyaw... My name is Bo Boပေါ့... ဟဲ)
ဟန်မိန်မိန်: “…”
သူမ ထိုကဲ့သို့သော ပြက်လုံးများကို မကြားခဲ့ရသည်မှာ အတော်လေး ကြာပြီ ဖြစ်သည်။
လီယန်က မူလ ကော်ရစ်ဒါဆီသို့ ပြန်သွားပြီး ကော်ရစ်ဒါ အဆုံးတွင် ဧကရာဇ်မော့၏ နားနေခန်းကို ရှာတွေ့သွားသည်။ တံခါးက ပိတ်ထားပြီး လီယန် တံခါးခေါက်လိုက်သည့်အခါ ယောကျ်ားတစ်ယောက်၏ အသံ ပျံ့လွင့်လာခဲ့သည်။ "ဝင်ခဲ့ပါ"
ရှင်းလင်း၍ ချိုသာလှသည်။
လီယန်က တံခါးကို ဂရုတစိုက် တွန်းဖွင့်လိုက်ပြီး ခြေနှစ်လှမ်းမျှ လျှောက်ဝင်သွားလိုက်သည်။
ယောကျ်ားတစ်ယောက်က နားနေခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်၍ သူမကို ကြည့်နေခဲ့သည်။ သူ့နောက်ပါးရှိ ပြတင်းပေါက်ဆီမှ လေများ တိုက်ခတ်နေပြီး သူ့အနက်ရောင် ဆံပင်များကို ဝဲဖြာစေကာ သူ့နှလုံးသားထဲကိုလည်း ထိခတ်နေပေသည်။
ထိုလူက မော့ကျန်းပင်။ ဖန်ပေါင်း သောင်းချီကို ညှို့ယူထားနိုင်သည့် ဧကရာဇ် ဖြစ်သည်။
"ဟ ဟယ်လို"
"စတူဒီယိုကို သွားမယ်" မော့ကျန်းက မတ်တပ်ထရပ်ကာ လီယန် ပြောရန်ပင် အခွင့်အရေး မရှိလိုက်သည့် စကားလုံးများကို နှောက်ယှက်လိုက်သည်။
ရုပ်ရှင်... စတူဒီယို... သူမရဲ့ အလုပ်စတာ မမြန်လွန်းဘူးလား... မစခင် ထရိန်နင် ဆင်းဖို့ တကယ် မလိုတော့ဘူးလား....
သို့သော်လည်း မော့ကျန်းမှာ သူမကို တုံ့ပြန်ရန် အချိန်မပေးပေ။ ခြေတံရှည်များ ရှိသည်ကို အခွင့်ကောင်းယူကာ သူမ၏ ရှေ့မှ လျှောက်သွားသည်။ လီယန်၏ တစ်ခုတည်းသော ရွေးချယ်မှူမှာ သူ့နောက်သို့ လိုက်သွားရန်ပင်။ သူမ သူ့နောက်သို့ မီလာသည့်အချိန်၌ မော့ကျန်းမှာ ဓါတ်လှေကားတွင် စောင့်ဆိုင်း၍ နေလေပြီ။
36ထပ်မှ မြေညီထပ်သို့ ရောက်ရန် နှစ်မိနစ်မျှသာ ကြာသည်။ ဓါတ်လှေကားထဲတွင် သူမနှင့် မော့ကျန်းသာ ရှိနေသည်။ သူမက အနည်းငယ် မော့လိုက်ပြီး မော့ကျန်း၏ ဘေးတိုက် မျက်နှာကို ကြည့်လိုက်သည်။ ထိုသူက ယနေ့တွင် နေကာမျက်မှန် မတပ်ထားသဖြင့် ထိုသူထံ၌ မျက်တောင်မွှေး မည်မျှ ရှိသည်ကိုပင် ရေတွက်နိုင်သည်အထိ အလွန် နီးကပ်နေသည်။
"ခစ်ခစ်... ကျွန်မက လမ်းမှားပြီး ဟောခန်းထဲက ကောင်မလေးနဲ့ တွေ့ခဲ့သေးတယ်"
လီယန်က ခြောက်ကပ်ကပ် ချောင်းဟန့်ကာ သူမ၏ ဘောစ့်နှင့် စကားပြောရန်အတွက် အစပြုရန်လိုသည်ဟု ခံစားရသည်။
"သူ ကျွန်မကို ကြည့်လာတော့ သူ့မျက်လုံးတွေက အတော်ထူးဆန်းနေတာ... သူ့ နာမည် ဟန်မိန်မိန်ပါလို့တောင် လိမ်ပြောလိုက်သေးတယ်"
မော့ကျန်း၏ နှုတ်ခမ်း အနည်းငယ် လှုပ်ရှားသွားလေသည်။ "သူ့နာမည်က တကယ် ဟန်မိန်မိန်ပဲလေ"
လီယန်၏ အမူအယာက ဗလာဖြစ်သွားပြီးနောက် သူမ၏ ပါးစပ်ကို ဂရုမထားမိစွာ ဖွင့်ဟလာခဲ့သည်။
"သူဘယ်တုန်းက ကျောင်းစာအုပ်ထဲကနေ ထွက်လာတာလဲ"
မော့ကျန်း: “…”
မဟုတ်သေးဘူး... သူ အေးတိအေးစက်နေပြီး အေးစက်ပြီး ကျော့ရှင်းတဲ့ ပုံရိပ်ကို ထိန်းထားရမယ်... ပထမဆုံးတွေ့ဆုံမှုက ကောင်းကောင်းပြီးသွားမှ ဖြစ်မယ်...
သူက ဓါတ်လှေကားပေါ်မှ နံပါတ်များကိုသာ အာရုံစိုက်ထားပြီး သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက"
"ဪ" လီယန်က နူးနူးညံ့ညံ့ တီးတိုးပြောလိုက်ချိန်၌ ဓါတ်လှေကားက မြေညီထပ်တွင် ရပ်သွားခဲ့သည်။ ဓါတ်လှေကားမှ ထွက်လာသောအခါ လီယန်က မော့ကျန်း၏ ဘေးမှ ပါကင်ထိုးထားသော လန်ရိုဗာကားထံ လျှောက်သွားခဲ့သည်။ ပြောင်လက်နေသော အညိုရောင်ကားလေးကို ကြည့်မိသွားသောအခါ လီယန်က သူမ၏ နှလုံးသား နက်နက်ထဲမှ အမှားကြီးကြီး လုပ်မိပြီဟုသာ ခံစားလိုက်ရသည်။ ၎င်းက သူမက ကိုယ်တိုင်မောင်းရမည်ဟု ကျိန်းသေပေါက် ဖြစ်နေခဲ့သော်လည်း သူမက သူမ၏ ဘဝကိုသာ ချိန်ခွင်အတွင်း ချိတ်ထားရဲပြီး မော့ကျန်း၏ ဘဝကိုတော့ ဟာသ မလုပ်ရဲပါပေ။
မော့ကျန်း၏ လျင်မြန်သော ခြေလှမ်းများက ရပ်မသွားဘဲ ကားမောင်းသူဘက်သို့သာ တည့်တည့်လျှောက်သွားသည်။ "ကားထဲဝင်"
လီယန်က နှစ်စက္ကန့်မျှ အေးခဲသွားပြီးနောက် ကားထဲသို့ မြန်မြန် ဝင်ထိုင်လိုက်သည်။
ဝန်ထမ်းများ ဝင်ပေါက်ထံမှ ထွက်လာသောအခါ လီယန်က သူတို့ဖြတ်သွားသည့်အချိန်တွင် အခြား မိန်းကလေးများမှာ ခိုက်ဟွမ်း၏ အဓိက ဝင်ပေါက်၌ စောင့်ဆိုင်းနေကြဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ လီယန်က ထိုမြင်ကွင်း တဖြည်းဖြည်း သေးငယ်သွားသည်ကို တစ်ခဏမျှ ကြည့်နေပြီးနောက် မော့ကျန်းဘက်လှည့်ကာ ပြောလိုက်သည်။
"ကိုယ်တိုင် ကားမောင်းလိုက်ရလို့ တကယ် တောင်းပန်ပါတယ်"
မော့ကျန်းက နူးနူးညံ့ညံ့ ရယ်မောလိုက်ပြီး သူ့ဘေးတွင် ထိုင်နေသောသူကို ကြည့်လိုက်သည်။
"ယာဥ်မောင်းလိုင်စင်ရပြီးကတည်းက တစ်ခါမှ မမောင်းကြည့်ရသေးဘူးမလား"
လီယန်: “…”
သူမက အာဟာရဓါတ် အားလုံးက သူ့မျက်နှာတွင်သာ စုပုံနေသည်ဟု တွေးခဲ့သော်လည်း သူ့ဦးနှောက်က ထိုမျှလောက် စူးရှမည်ဟု မတွေးမိခဲ့ပေ။
ထိုကိစ္စ၌မူ ကုမ္ပဏီက မည်သည့်အကြောင်းကြောင့် သူမ၏ဖောင်ကို အအောင်ပေးလိုက်သည်မှန်း နားမလည်ခဲ့ပေ။ သူမရဲ့ သြဇာတိက္ကမ ရှိတဲ့ပုံကို လေးစားသွားလို့များလား...
ကားထဲတွင် တစ်ခဏမျှ တိတ်ဆိတ်သွားသည့်အတွက် လီယန်က စကားလမ်းကြောင်းကို အခြား ခေါင်းစဥ်ပြောင်းရန် အစပြုလိုက်သည်။
"ဧကရာဇ်မော့... ရှင့်ရဲ့ ရုပ်ရှင်အသစ်က ဘာအကြောင်းလဲဟင်"
ထိုမေးခွန်းက မော့ကျန်းကို အနည်းငယ် မသက်မသာ ဖြစ်သွားရသော်လည်း သူ ပြန်ဖြေလိုက်ပါ၏။ "သရဲကား"
သရဲကားတဲ့လား...
လီယန်က သူမ၏ ထိုင်ခုံမှာပင် လုံးလုံးလျားလျား ကြက်သေသေသွားသည်။ "မားနဲ့ပါးရေ... သမီး အိမ်ပြန်ချင်တယ်လို့"
ကျောင်းကို သုသာန်မြေဟောင်းတစ်ခုပေါ်၌ တည်ဆောက်ထားသည်ဟု ကောလဟာလတစ်ခု ရှိခဲ့ဖူးသည်။ အကြောင်းမှာ ကျောင်းက စွမ်းအင် အရင်းအမြစ်များစွာ ထုတ်ပေးသဖြင့် သရဲများအားလုံးကို ဖိနှိပ်နိုင်သောကြောင့် ဖြစ်သည်။
"သရဲကျောင်း"က ထိုကဲ့သို့သော ဇာတ်လမ်းမျိုးပင်။
ဇာတ်လမ်း၏ ဟီးရိုးက ဆရာအသစ်ဖြစ်ပြီး ကျောင်းစတက်သည့် ပထမနေ့မှစတင်ကာ ထူးဆန်းသော ကို့ယို့ကားယား အရာများ စတင်ပေါက်ပေါက်လာခဲ့သည်။ ချီတုံချတုံ ဖြစ်နေသော လုပ်ဖော်ကိုင်ဖက်များ၊ သံသယ ဝင်ဖွယ် ကျောင်းသားများ၊ ထို့အတူ ထူးဆန်းသော ကောလဟာလများသည်လည်း ကျောင်းဝင်းအတွင်းတွင် စတင်ပျံ့နှံ့လာလေသည်။
လူတိုင်းက စာသင်နှစ်တိုင်းတွင် ပထမနှစ် အခန်း3၌ ထုံထုံဟူသော ကျောင်းသူ တစ်ယောက် အမြဲတမ်း ရှိနေခဲ့ပြီး သူမနှင့် အကြည့်ချင်းဆုံသောသူ မှန်သမျှ သေကြလိမ့်မည်ဟု ကြားခဲ့ကြသည်။
လီယန်က သူမလက်ထဲမှ ဇာတ်ညွန်းကို ပစ်ချကာ သူမဘေးမှ မျက်လုံးများ မှိတ်ကာ ထိုင်နေသူထံ ဘေးတိုက် ကြည့်လိုက်သည်၊
"ဒါဆို ရှင် သရုပ်ဆောင်ရမဲ့ ဇာတ်ကောင်က ကံဆိုးနေတဲ့ ပထမနှစ် အခန်း 3ရဲ့ အတန်းပိုင်ဆရာ နေရာလား"
"အင်း" မော့ကျန်း၏ မျက်လုံးများက မှိတ်ထားဆဲ ဖြစ်ပြီး သူမ၏ ခန့်မှန်းမှုကို ခပ်လျော့လျော့ ပြန်ဖြေလိုက်သည်။
လီယန်က မျက်ရည်များ မြစ်တစ်စင်း လျှံကျလောက်သည်အထိ ငိုချင်နေသည်ဟု ခံစားနေရသည်။ သူမ ငယ်ရွယ်စဥ်မှ ယခုအချိန်အထိ လူများစွာကို အနိုင်ကျင့်ရန် သတ္တိရှိခဲ့သော်လည်း သူမက အလွန် သရဲကြောက်တတ်သည်။ ဆာဒါကို... ဟာနကို ပြီးတော့ ဒီတုန့်တုန့်ရောပဲလို့.. သူမက အရင်က သရဲတစ်ခါမှ မမြင်ဖူးဘူး...
(TN:ဆာဒါကိုရော ဟာနကိုရော သရဲတွေပါ.. ဆာဒါကိုက Ringထဲက... ဟာနကိုက ရေချိုးခန်းတွေမှာ လိုက်ခြောက်တတ်တဲ့ လူသိများတဲ့ ဂျပန်သရဲမပါတဲ့)
မော့ကျန်း၏ မပြောင်းအလဲအမူအယာက မျက်ခုံးတစ်ဖက် ပင့်မိသွားသည်။ သူက မျက်လုံးဖွင့်ကာ ဂုဏ်ကျက်သရေ ရှိလှသော လီယန်၏ မျက်နှာလေးကို ကြည့်လိုက်ပြီးနောက် သူ့မျက်ခုံးများ စုကြုံ့သွားလေသည်။
"မင်း... သရဲကြောက်တတ်တာတော့ မဟုတ်ပါဘူးနော်"
"ဘယ်လိုလုပ် ကြောက်ရမှာလဲ" လီယန်က သူ့စကားများမှ သွေးထိုးခံလိုက်ရဟန် ပေါ်သည်။
"တောင်ပေါ်ရွာက အိုမင်းနေတဲ့ အလောင်းကောင်ပဲ ဖြစ်ဖြစ် အင်းချပ်ပဲ ဖြစ်ဖြစ် စုန်းအတတ်ပဲ ဖြစ်ဖြစ် အားလုံးကို မြင်ဖူးပြီးသား” ကျေနပ်စရာကောင်းတဲ့ လျှောက်လဲချက်ပဲ...
"အိုး" မော့ကျန်းက ခေါင်းငြိမ့်ကာ ထိုင်ခုံနောက်မှီတွင် ပြန်မှီကာ မျက်လုံးများ ထပ်ပိတ်လိုက်သည်။ သရဲမလေးက တကယ်တော့ သရဲကြောက်တတ်တယ်တဲ့လား... ဒါထက် ပိုရယ်စရာကောင်းတဲ့ ကိစ္စ ရှိသေးလို့လား... မော့ကျန်း၏ နှုတ်ခမ်းများ မနေနိုင်ဘဲ မြင့်တက်လာခဲ့သည်။ သူမကို သရဲကား ကြည့်ရန် ဖိတ်သည်က အကြံကောင်း ဖြစ်မည့်ပုံပင်။ သူ့ ဧည့်ခန်း၌ ရှိသော အိမ်တွင်းရုပ်ရှင်ရုံစနစ်က အတော်လေး စျေးကြီးပြီး အထူးပြုလုပ်ချက်များကလည်း 3Dရုပ်ရှင်ရုံများနှင့် အတိအကျ တူညီသည်။
လီယန်မှာ သူမဘေးမှလူ၏ ညစ်ညမ်းသော အတွေးများကို သတိမမူမိဘဲ သူမ၏ အကြည့်များက အခုလေးတွင် ပစ်လွှင့်လိုက်သော ဇာတ်ညွန်းပေါ်၌ ကျရောက်သွားသည်။ ထို့ကြောင့် သူမ ဇာတ်ညွှန်းကို ဖွင့်ကြည့်လိုက်သည်နှင့် ထုံထုံက ဇာတ်ညွှန်းစာအုပ်ထဲမှ တွယ်တက်လာတော့မည်အလား ဖြစ်နေပြီး သူမ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"ဧကရာဇ်မော့... ကျွန်မကြားဖူးတာ ထိတ်လန့်ခြောက်ချားစရာ ဇာတ်ကားတွေ ရိုက်ရင် တစ်ခါတစ်ရံ သဘာဝလွန် ဖြစ်ရပ်တွေ ကြုံရတတ်တယ်လို့ ကြားဖူးတယ်... မကြောက်နဲ့နော်"
ထိုအချိန်၌ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ အလွန် တင်းကြပ်နေသည်။ သူမကတော့ စကားပြောဖို့ တစ်ယောက်ယောက်ကို သွားရှာသင့်နေပြီ...
မော့ကျန်းက မျက်လုံးများကို ပျင်းတိပျင်းရွဲ ဖွင့်ကာ မိနစ်တိုင်း ဖျော့တော့လာသော မျက်နှာလေးကို ကြည့်လိုက်သည်။
"မကြောက်ပါဘူး" သူ စကားဆုံးသည်နှင့် လီယန်အနား တဖြည်းဖြည်း တိုးလာခဲ့ပြီး တမင်သက်သက် သူ့အသံကို နှိမ့်ပြောလိုက်သည်။
"ငါပြောပြမယ်... တကယ်တော့... ငါက ယင်နဲ့ယန် မျက်လုံးတွေနဲ့ မွေးလာတာ... သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေ အများကြီးကို မြင်နိုင်တယ်... ဥပမာ..." သူ့အကြည့်များက လီယန်၏ နောက်မှ တစ်စုံတစ်ရာထံသို့ ကျရောက်သွားလေသည်။
"အာ အာ အာ အာ" လီယန်က မော့ကျန်းကို တွန်းကာ ကားထဲမှ ပြေးထွက်သွားခဲ့သည်။
"ဒါရိုက်တာ အဆင်သင့် ဖြစ်ပြီလား သွားကြည့်လိုက်အုံးမယ်"
လီယန်၏ ကြောက်ရွံ့နေသော ပုံရိပ်လေး ပျောက်ကွယ်သွားသည်ကို ကြည့်ကာ မော့ကျန်း မပြုံးဘဲ မနေနိုင်။
"ရှင်က တကယ်ကို အကျင့်မကောင်းတာပဲ... ရှင်က မူလတန်းကျောင်းသားလား"
ဖြောင်ဖြောင်၏ ပုံရိပ်က ကားထဲတွင် ရုတ်တရက်ပေါ်လာပြီး မော့ကျန်းကို မကျေမနပ် ကြည့်လိုက်သည်။
"ရှင်ပြောမဲ့ စိတ်ကြီးဝင်ပြီး ခပ်မိုမိုက် ဖြစ်တဲ့ စကားတွေက ဘယ်မလဲ... သူ့ကို အမိဖမ်းမဲ့ ကိစ္စကရော... ရှင် အစီအစဥ်ကို စောစောစီးစီး ဖျက်ဆီးပစ်လိုက်တာပဲ"
မော့ကျန်းက သူမကို စိတ်ထဲပင် မထားဘဲ သူ့နှုတ်ခမ်းများက ရွှင်မြူးမှုတို့ကြောင့် လှုပ်ရှားသွားပြီး ကားထဲတွင် တရေးအိပ်လိုက်သည်။ စောစောက လီယန်၏ ပုံစံကို တွေ့ပြီးနောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူမကို စနောက်ချင်သွားသည်။ သို့သော်လည်း စပြီးမှ နောင်တရပြန်သည်။ သူက အမျိုးသားနတ်ဘုရား၏ ပုံရိပ်ကို ပြချင်နေသည်သာ ဖြစ်ပြီး စိတ္တဇဖြစ်နေသည့်ပုံကို ပြချင်နေသည် မဟုတ်ပေ။
လီယန်က ကားအပြင်ဘက်တွင်တစ်ခဏမျှ နေပူဆာလှုံနေခဲ့ပြီး ခန္ဓါကိုယ်တစ်ခုလုံး နေလောင်သွားပြီးသည့်နောက်တွင် မော့ကျန်း၏ ကားဘက်သို့ ခြေဦးလှည့်လိုက်သည်။
"မမ" မိန်းကလေး တစ်ယောက်၏ အသံက သူမနောက်မှ ရုတ်တရက် ပေါ်လာပြီး သူမ၏ လမ်းကြောင်းကို ပိတ်ထားသည့်အတွက် လီယန်ကို လန့်ဖျတ်သွားစေခဲ့သည်။
မမ.. သရဲခြောက်နေတဲ့ ကြောက်စရာ ကျောင်းထဲမှာလေ... ရုတ်တရက် ကောင်မလေး တစ်ယောက်က သူမ နောက်ကနေ မမလို့ ခေါ်လာတယ်ဆိုတော့... သူမ ခေါင်းလှည့်ကြည့်လိုက်သင့်လား...
ဒါက တကယ့်ကို ကမ္ဘာကြီးရဲ့ ပထမဆုံးပြဿနာပဲ...
"မမ... မမက ဧကရာဇ်မော့ရဲ့ လက်ထောက်လားဟင်" မိန်းကလေး၏ အသံက နီးလာပြီး လီယန်၏ ရှေ့တွင် ရပ်လာခဲ့သည်။
နက်မှောင်နေတဲ့ ဆံပင်ရှည်၊ ကြည်လင်ပြီး ပြုံးနေတဲ့ မျက်လုံးတွေ၊ ပြီးတော့ သန့်ရှင်းသပ်ရပ်နေတဲ့ ကျောင်းဝတ်စုံ... လီယန်က ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေပြီး ထပ်ဖွင့်လာကာ သူမ၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ထုံ... ထုံ....လား"
မိန်းကလေးက ပါးစပ်ကို ကွယ်ကာ တခစ်ခစ် ရယ်မောလာခဲ့သည်။ ထို ချစ်စဖွယ်ကောင်းပြီး နှစ်လိုဖွယ် အမူအရာလေးက လီယန်ကို သူမ၏ ရွက်စိမ်းပင်ပေါက်နှစ်များကို အမှတ်ရသွားစေသည်။
"သမီးနာမည် ဝမ်ရှောင်ရှောင်လေ... ထုံထုံ အနေနဲ့ သရုပ်ဆောင်မှာ"
ဝမ်ရှောင်ရှောင်က ငယ်သေးသော်လည်း သူမ၏ အောင်မြင်မှုက သေးငယ်မနေပါချေ။ လီယန်က သူမကို လူကိုယ်တိုင် မသိလျှင်တောင် လက်ရှိ ဖျော်ဖြေရေးလောကကို ကြည့်ပါက သူမကို Aအဆင့် နာမည်ကျော်များထဲမှ တစ်ယောက်ဟု သေချာပေါက် သတ်မှတ်ရပေမည်။
မော့ကျန်း၏ဘေးတွင် သရုပ်ဆောင်ရန် စွမ်းဆောင်ရည် ရှိသည်ကပင် အမျိုးသမီး သရုပ်ဆောင်များအကြားတွင် အလွန် ပါရမီပါသည်ဟု ယူဆရပေမည်။
ဝမ်ရှောင်ရှောင်က ယခုနှစ်၌ ဆယ့်ငါးနှစ်ကျော်ရုံသာ ရှိသေးပြီး ထိုက်တန်သော ကလေးသရုပ်ဆောင် တစ်ယောက် ဖြစ်သည်။ သူမအမေ၏ ဗိုက်ထဲမှ ထွက်လာသည့် သုံးလအရွယ်မှာပင် ပထမဆုံး ရုပ်ရှင်တွင် ပါဝင်ခဲ့ရသည်။ သူမ၏ မိဘများထံမှ ရည်ရွယ်ကာ ပျိုးထောင်ခံရပြီးနောက် သုံးနှစ်အရွယ် သူမလေး၏ မျက်နှာက နိုင်ငံတလွှား ကျော်ကြားလာခဲ့သည်။ နိုင်ငံအတွင်းတွင် နာမည်ကျော်ကြားသည့် ကလေးသရုပ်ဆောင်များ မရှိသည်ကြောင့် မဟုတ်ဘဲ သူတို့အများစုမှာ သက်တမ်းတိုကြပြီး ဖြည်းဖြည်းချင်း လမ်းကြောင်းမှ သွေဖယ်ကာ ဖျော်ဖြေရေးလောကထဲမှ တဖြည်းဖြည်း ကွယ်ပျောက်သွားကြသည်။
ဝမ်ရှောင်ရှောင်သည်ကား သေချာပေါက် ထိုသူများ၏ အအောင်မြင်ဆုံးသူများထဲမှ တစ်ယောက်ပင်။
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီး လူကိုယ်တိုင်က ပို၍ လှပလာသည်သာမက သရုပ်ဆောင်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များမှ အတွေ့အကြုံများကို ယှဥ်တွဲလိုက်ပြီးနောက် ယခု ဆယ့်ငါးနှစ်အရွယ်တွင် ကျော်ကြားမှု အထွတ်အထိပ်ကို ရောက်ရှိနေပြီး ၎င်းက မယုံနိုင်စရာကောင်းသော အောင်မြင်မှုပင်။
Xxxx