Chapter 55
"မမ... ဧကရာဇ်မော့ရဲ့ အစာအိမ်က နေလို့သိပ်မကောင်းဘူးလို့ ကြားထားလို့ ဒီ အစာအိမ်နာ သက်သာစေတဲ့ စွပ်ပြုတ်ကို ပြုတ်လာတာလေ... မမ ယူသွားပေးလို့ရမလား"
ဝမ်ရှောင်ရှောင်က ခင်မင်ရင်းနှီးစွာ ပြောလာပြီး ကြောင်တောင်တောင် ဖြစ်နေသည့် လီယန်မှာ သူမ၏ လက်ထဲမှ စွပ်ပြုတ်ပန်းကန်လေးကို တွေ့လိုက်ရသည်။
သက်ညှာမှု မရှိဘူး...
သို့သော်လည်း ကောင်မလေး၏ ကြည်လင်ပြီး အပြစ်ကင်းသည့် မျက်လုံးလေးများကို တွေ့လိုက်ရသောအခါ လီယန်က အတွေးလွန်နေပြီဟုသာ တွေးမိလိုက်သည်၊ ဘာလို့များ သူမက ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို အတည်ကြီးတွေ လျှောက်တွေးနေရတာလဲ...
"အင်း" သူမက ဝမ်ရှောင်ရှောင်၏ လက်ထဲမှ စွပ်ပြုတ်ကို ယူကာ ပြန်လှည့်မကြည့်ဘဲ အဝေးသို့ လျှောက်သွားသည်။ ဝန်ရှောင်ရှောင်က သူမနောက်တွင် ရပ်နေဆဲ ဖြစ်ပြီး ချိုသာသော မျက်နှာလေးဖြင့် သူမကို ကြည့်နေခဲ့သည်။
"ကျေးဇူးပါ... မမ"
လီယန် မော့ကျန်း၏ ကားထဲသို့ တက်သွားသည်ကို ကြည့်ကာ ဝမ်ရှောင်ရှောင်၏ အပြုံးများ ပျောက်ကွယ်သွားလေသည်။ ဒီတုံးအတဲ့မိန်းမက မော့ကျန်းရဲ့ လက်ထောက် ဖြစ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ... သူက နည်းနည်းလောက်လေး လှနေရုံနဲ့ မော့ကျန်းကို ဆွဲဆောင်နိုင်မယ်လို့များ ထင်နေတာလား...
အနားယူသည့်နေရာသို့ ပြန်သွားသောအခါ ဝမ်ရှောင်ရှောင်၏ အမူအယာက အလွန် မဲမှောင်နေဆဲ ဖြစ်သည်။ သူမဘေးမှ လက်ထောက်က တွေ့သောအခါ သူမ မနေနိုင်ဘဲ မျက်မှောင်ကြုံ့မိသွားသည်။
"ရှောင်ရှောင်... ငါအကြိမ်အများကြီး ပြောထားတယ်လေ... အပြင်မှာ ရှိနေရင် အမြဲတမ်း ပြုံးနေပါဆို"
ဝမ်ရှောင်ရှောင်က သူမ၏ နှုတ်ခမ်းကို ဆွဲဆန့်လိုက်ပြီး သူမကို အပြစ်အနာအဆာမရှိ ပြုံးပြလာခဲ့သည်။
"ကျေနပ်ပြီလား... အန်တီလီ"
ထိုသူက သူမရဲ့ ကိုယ်ပိုင်လက်ထောက် ဖြစ်ပေမယ့် တကယ်က သူမကို ထိန်းဖို့ သူမမိဘတွေ ပို့ထားတဲ့သူ မဟုတ်ဘူးလား... ဒီနှစ်တွေထဲမှာ သူတို့တွေကို ငွေဘယ်လောက်တောင် ရှာပေးထားရလဲ... ထိုအကြောင်းကို တွေးမိသည်နှင့် ဝမ်ရှောင်ရှောင်မှာ မျက်နှောင်မကြုတ်မိဘဲ မနေနိုင်... သူမ အရွယ်ရောက်လာတဲ့အထိ စောင့်လိုက်စမ်းပါ... သေချာပေါက် သူတို့ကို ငွေတစ်ပြားတိုင်းအတွက် ပြန်လည်ပေးဆပ်စေရမယ်...
လီယန်က အနည်းငယ် ဘောင်ဘင်ခတ်နေသော စွပ်ပြုတ်ခွက်ကို သယ်ကာ မော့ကျန်း၏ ဘေးတွင် ထိုင်ချလိုက်သည်။
"ခုနတုန်းက ဝမ်ရှောင်ရှောင်လို့ ခေါ်တဲ့ တစ်ယောင်က ရှင့်ကို ဒါပေးလာတယ်"
မော့ကျန်းက စွပ်ပြုတ်အဖုံးကို ဖွင့်ကြည့်လိုက်သည်။ ၎င်းက ဖရဲသီးနှင့် ပြောင်းဖူးစွပ်ပြုတ်ဖြစ်ကာ အငွေ့များထနေဆဲ ဖြစ်သည်။ မော့ကျန်းက အဖုံးကို ပြန်အုပ်လိုက်ပြီး စွပ်ပြုတ်ကို ဘေးတွင် ချထားလိုက်သည်။
"တစ်ယောက်ယောက် ပေးလာတာကို ယူလာရဲသေးတယ်ပေါ့... သူ အဆိပ်ခတ်ထားမှာ မကြောက်ဘူးလား"
လီယန်: “…”
သူမက အလွန်အံ့အားသင့်သွားဟန်ဖြင့် မျက်တောင်ခတ်ကာ မော့ကျန်းကို ကြည့်၍ မေးလာခဲ့သည်။ "တကယ်ကြီးလား" ဒီငှက်ပေါက်စမကလေ... သူမက သူမသည်သာ ထိုကဲ့သို့ ဆိုးဝါးလှသည့်အရာကို လုပ်မည့် တစ်ဦးတည်းသောသူဟု တွေးနေခဲ့လေသည်။
"ဒါပေါ့" မော့ကျန်းက ခေါင်းကို လေးလေးပင်ပင် ငြိမ့်ပြလိုက်သည်။
"မင်း စွပ်ပြုတ် သောက်ချင်ရင် အိမ်ပြန်ရောက်မှ ပြုတ်သောက်လိုက်"
လီယန်: “…”
သူမကတော့ ဒီလို စွပ်ပြုတ်မျိုး မသောက်ချင်... အာ...ဟေး... သူမက "ငါတို့ အိမ် ပြန်ရောက်မှ ပြုတ်သောက်" ဆိုတဲ့စကားကို ကြားလိုက်ရသလားလို့...
"ကျွန်မ ယာဂု ပြုတ်ပေးမယ်လေ... အဲ့ဒါက အစာအိမ်အတွက်ကောင်းတယ်" လီယန်က အခွင့်အရေးကို ဆုပ်ကိုင်၍ ခပ်မြန်မြန် လုပ်အားပေးလိုက်သည်။ မော့ကျန်း၏နှုတ်ခမ်းက ရွှင်မြူးမှုကြောင့် လှုပ်ရှားသွားခဲ့သည်။ အာ... အဖြူရောင်နတ်ဆိုး ယာဂု စီးရီးတော့ ဆက်လာတော့မှာပဲ...
ဖြောင်ဖြောင်က တစ်ချိန်လုံး သူမ၏ နှဖူးကိုသာ ရိုက်နေပြီး ဘေးမှ မျောလွင့်နေသည်။ ဧကရာဇ်မော့က သူ့ရဲ့ အေးစက်ပြီး ချောမောတဲ့ လမ်းကြောင်းကနေ လွဲချော်သွားနေပြီ။
ဖမ်းကိုင်ထားတာကို လျှော့လိုက်ပြီး တစ်ယောက်ယောက်ကို ဖမ်းမဲ့ အစီအစဥ်ကတော့ ကျရှုံးသွားပြီနော်...
မော့ကျန်းက သူ့လက်ထဲမှ စွပ်ပြုတ်အဖုံးကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူ ရုပ်ရှင်ရိုက်သည့်အချိန်တိုင်း သူ့ကို အပိုအာရုံစိုက်ကြသည့် လူများ အမြဲတမ်း ရှိနေသည်။ သို့သော်လည်း ခြားနားချက်မှာ အချို့သူများက သန့်စင်သည့် အတွေးများ ရှိကြပြီး အခြားသူများမှာ အမှန်တကယ်ပင် အခွင့်ကောင်းယူလိုကြ၍ ဖြစ်သည်။
ဝမ်ရှောင်ရှောင်က သိသာထင်ရှားစွာပင် ဒုတိယတစ်မျိုး၌ ပါနေသည်။ သူမက သူ့ကို စိတ်ကျေနပ်စေရန် ရိုက်ကူးရေးအတွင်း၌ ဟောင်ဖွာဟောင်ဖွာ လုပ်လေ့ရှိပြီး သူမ၏ အလွန်ငယ်သေးသည့် အသက်အရွယ်ကိုပဲ အပြစ်တင်နိုင်သည်။ ကလေးများ အမှားတစ်ခုခု လုပ်သောအခါ သူတို့၏ မရင့်ကျက်သော အပြုအမူများမှာ သူတို့အနားရှိ လူများထံမှ အမြဲတမ်း ခွင့်လွှတ်ပေးခံရမည် ဖြစ်သည်။
မရင့်ကျက်တာ... မော့ကျန်းက ပျက်ရယ်ပြုဟန်ဖြင့် ပြုံးလိုက်သည်။ ပထမဆုံး အကြည့် တစ်ချက်မှာပင် ဝမ်ရှောင်ရှောင်က ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးဟန်ပေါ်နေသည်။ ဖျော်ဖြေရေးလောကတွင် နှစ်အတော်ကြာ တိုက်ခိုက်ပြီးနောက် သူမက အရွယ်ရောက်သူများ လောက၏ နည်းလမ်းများကို ကြာမြင့်စွာ သင်ယူထားပြီးပြီ ဖြစ်လေသည်။ သူမ၏ အေဂျင်စီက သူမကို သန့်စင်သည့် နတ်ဘုရားမတစ်ယောက်အဖြစ် ပုံသွင်းထားသော်လည်း သူမက အလွန် ရိုးသားသန့်စင်ပြီး ထူးခြားကောင်းမွန်သည် ဆိုသည်ကို ယုံကြမည့် သူများမှာ သူမ၏ ဖန်များသာ ရှိလိမ့်မည်။
ကားထဲတွင် သူတို့ထိုင်နေသောအချိန်မှာ မကြာမြင့်လှဘဲ မကြာခင်မှာပင် ရုပ်ရှင်စရိုက်တော့သည်။ လီယန်က ဝတ်စုံပြည့်နှင့် မျက်မှန်တို့ ဝတ်ဆင်ထားသော မော့ကျန်းကို ကြည့်လိုက်ရာ ထိုသူက ကျောင်းဆရာတစ်ယောက်၏ ထင်မြင်ချက်ပုံစံတစ်ခု ပေးနေခဲ့သည်။
ဒီလောက်ချောမောတဲ့ ကျောင်းဆရာလေး... ဘာပဲဖြစ်ဖြစ် အခန်းက သဟဇာတ ဖြစ်ဖြစ် တိုးတက်လာဖို့ အရမ်းခက်ခဲမှာပဲ...
"သရဲကျောင်း" ရိုက်ကူးရေးကို စွန့်ပစ်ထားသော ကျောင်းတစ်ကျောင်းတွင် တည်ထားပြီး ကျောင်း၏ အချို့နေရာကို ပြန်လည်မွမ်းမံလိုက်ပြီးနောက် ဖြတ်လျှောက်များစွာကို ထည့်သွင်းထားသဖြင့် ဆူညံပြီး အလုပ်ရှုပ်နေကြသည့် ကျောင်းတစ်ကျောင်းအလား ဖြစ်သွားစေသည်။ ဇာတ်ပို့နေရာတွင် သရုပ်ဆောင်ကြသူများမှာ မော့ကျန်းနှင့် ဝမ်ရှောင်ရှောင်ကဲ့သို့ နာမည်ကျော် သရုပ်ဆောင်များ ဖြစ်ကြသည်။ ထုတ်လုပ်ရေးအဖွဲ့က ထိုကဲ့သို့ နာမည်ကျော် သရုပ်ဆောင်များ ခေါ်ယူရန်အတွက် သွေးအိတ်များစွာ သုံးလိုက်ရသည်။ ထို့မှသာ "သရဲကျောင်း" မူလ ဝတ္ထု၏ မြင့်မားလှသော ကျော်ကြားမှုနှင့် အချင်းချင်း ပနံသင့်မည် ဖြစ်သည်။
"သရဲကျောင်း"ကို နာမည်ကျော် စာရေးဆရာ ချူရီက ရေးသားထားပြီး သူမ၏ စာအုပ်များစွာကို ရုပ်ရှင်နှင့် တီဗီစီးရီးများအဖြစ် ပြန်လည် ရိုက်ကူးထားသည်။ "သရဲကျောင်း"ကလည်း သံသယကင်းစွာပင် ၎င်းတို့အထဲမှာ နာမည်အကျော်ကြားဆုံး ဖြစ်ပေသည်။ ချူရီ၏ စာရေးသည့်ပုံစံမှာ လှည့်ဖြားပြီး ဆွဲယူတတ်သည်ဟု နာမည်ကြီးသော်လည်း သူမ၏ ဝတ္ထုအများစုမှာ သဲထိတ်ရင်ဖိုများ ဖြစ်၍ လီယန်က ယခင်က တစ်အုပ်မှ မဖတ်ဖူးခဲ့ပေ။
သူမ ချန်းချင်းယန်၏ ဝေ့ပေါ်ကို နောက်ယောင်ခံကြည့်လိုက်သည့်အခါ ထိုနာမည်က အကြိမ်များစွာ ထွက်ပေါ်လာခဲ့သည်ကို တွေ့လိုက်ရသည်။ ချန်းချင်းယန်၏ စကားအတိုင်း ဆိုရပါက ချူရီမှာ ဝတ္တုလောကတွင် ဧကရာဇ်မော့ကဲ့သို့ ဖြစ်သည်။
ဝတ္ထုလောကရဲ့ ဧကရာဇ်မော့တဲ့လား... ထိုရာထူးက အတော်လေး ဆန်းသစ်သည်။ လီယန်က ဘေးတွင်ရပ်ကာ မော့ကျန်း ရိုက်ကူးနေသည်ကို ကြည့်နေခဲ့သည်။ ရိုက်ကွင်းက သူမတွေးထားခဲ့သည့် ထိတ်လန့်စရာများနှင့် အတော်လေး ကွာဝေးနေသေးသည်။ တစ်မနက်လုံးတွင် သူမက မော့ကျန်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်ကာ အနားယူချိန်တိုင်းတွင် သူမက မော့ကျန်းကို ကြော့ရှင်းစွာဖြင့် ပဝါကမ်းပေးလိမ့်မည် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လည်စာစားချိန်သို့ ရောက်လာခဲ့ပြီး လီယန်က နေ့လည်စာဘူးနှစ်ဘူးကို ဂရုတစိုက်သယ်ကာ မော့ကျန်း အနားယူသည့်နေရာသို့ ရောက်လာခဲ့သည်။
ရိုက်ကူးရေးထဲမှ အစားအသောက်များက အတော်လေး ကောင်းလှပြီး ကြက်သားလည်း ပါသေးသည်။ လီယန်မှာ နားရွက်များ တက်ချိတ်တော့ မတတ်ပြုံးကာ ကြက်ခြေထောက်ကို ကိုက်ဝါးလိုက်သည်။ သေချာပေါက် သူမသာ မော့ကျန်းနောက် လိုက်ပါက အနည်းဆုံး စားစရာ အသားတော့ ရရှိပေမည်။ မော့ကျန်းက သူမကို ဘေးဘက်မှ ကြည့်နေသည်။ သူမက ကြက်သားကို အလွန် စွဲလမ်းနှစ်ခြိုက်သည့်ပုံပင်။
သူမ၏ နေ့လည်စာဘူးထဲမှ ကြက်သားများကို အပြောင်ရှင်းပြီးသောအခါ ကြို့ထိုးရန် အချိန် မရလိုက်ခင်မှာပင် မော့ကျန်းက သူ့ကြက်ခြေထောက်များကို သူမ၏ နေ့လည်စာဘူးထဲသို့ ထည့်ပေးလာခဲ့သည်။ သူမက ခေါင်းမော့ကာ မော့ကျန်းကို ကြည့်လိုက်သည်။
"ရှင် မစားဘူးလား"
"ငါ ကြက်သား စားရတာ မကြိုက်ဘူး" မော့ကျန်းက ပြန်လှည့်ကာ ဂေါ်ဖီရွက်ကို ယူစားလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်လိုက်ကြရသည့် ရိုက်ကူးရေး ဝန်ထမ်းတို့မှာ တစုတစည်းတည်း တိတ်ဆိတ်သွားကြလေသည်။ ဒီနှစ်ယောက်ထဲမှာ... ဘယ်သူက လက်ထောက်လဲကွ...
လီယန်က မော့ကျန်းကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ကာ ကောက်ချက်ချလိုက်သည်။ ဧကရာဇ်မော့က သေချာပေါက် tsundere တစ်ယောက်ပဲ ဖြစ်ရမယ်... အိုက်ယိုး...အရမ်း ချစ်ဖို့ကောင်းလိုက်တာပဲနော်...
(T/N အေးတိအေးစက်နေတတ်ပေမဲ့ နွေးထွေးတဲ့သူမျိုးပါတဲ့)
သူမက တခစ်ခစ် ရယ်မောကာ တစ်ချိန်တည်းမှာပင် ဝေ့ပေါ်တွင် ပိုစ့်တင်ရန် ဖုန်းထုတ်လိုက်သည်။ "အလုပ်ဝင်တဲ့ ပထမရက်... ဘောစ့်က အရမ်း သဘောကောင်းပြီး နူးညံ့တယ်... အရေးအကြီးဆုံး အချက်ကတော့... သူက အရမ်းချောနေတာပဲ = 3 =”
မော့ကျန်းက သူ့ဘေးမှ တဆင့် သူမ၏ ဝေ့ပေါ်ပိုစ့်ကို တွေ့လိုက်ရပြီး သူ့ဖုန်းကို တိတ်တဆိတ် ယူထုတ်လိုက်သည်။ တလီမဟုတ်တဲ့တလီ၏ နောက်ဆုံး ဝေ့ပေါ်ကို တွေ့လိုက်ရချိန်၌ မော့ကျန်း၏ နှလုံးသားမှာ လောလောလတ်လတ် ပွင့်လာသော ပန်းလေး တစ်ပွင့်လိုပင်။ သူက သစ်တော်သီးတွေ စားနေတယ် IDကို ဝင်ကာ သူမ၏ ပိုစ့်တွင် ပထမဆုံး ကွန်မန့် ရေးလိုက်သည်။
"မင်းလို ရိုးသားတဲ့ ဝန်ထမ်းမျိုးအတွက် လစာများများ ပေးသင့်တယ်"
ချန်းချင်းယန်က အသင့်စား ခေါက်ဆွဲစားနေရင်း စားပွဲမှာ ထိုင်နေခြင်း ဖြစ်ကာ ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည်။ လီယန်၏ ပိုစ့် တစ်နေရာရာမှ ထွက်ပေါ်လာသောအခါ သူမ၏ နှုတ်ခမ်းများ ရွှင်မြူးမှုကြောင့် လှုပ်ရှားသွားလေသည်။ ပြီးတော့... ဒီသစ်တော်သီးတွေစားနေတယ် IDက... သူတို့ ကြားမှာ တစ်ခုခုရှိတာတော့ မဟုတ်ဘူးမလား...
ချန်းချင်းယန်က ခေါက်ဆွဲဖတ်ကို စုပ်ယူကာ ဝါးစားလိုက်သည်။
"ပုံမတင်ပေးရင် လိမ်နေတာပဲ"
ထိုပြန်စာ နှစ်ခုကို တွေ့လိုက်ရသည့်အချိန်၌ လီယန်သည်လည်း သူမ၏ ကြက်သားကို စားပြီးကာစ ဖြစ်သည်။ ထို သစ်တော်သီးတွေ စားနေတယ်၏ စကားလုံးများက အနည်းငယ် ထူးဆန်းနေသော်လည်း ချန်းချင်းယန်၏ စကားလုံးများကို ပြန်လည် ချေပရန်က ပထမဦးစားပေး ဖြစ်သည်။ သူမက အင်တာနက်ပေါ်တွင် မော့ကျန်း၏ ပုံကို ရှာလိုက်ပြီး စကားလုံး လေးလုံးနှင့် တွဲတင်လိုက်သည်။ အပေါ်ကပိုစ့်နဲ့ သက်ဆိုင်ပါတယ်...
ချန်းချင်းယန်: “…”
တလီက အခုတလော ပိုပိုပြီး ဟာသဥာဏ်ရှိလာတာပဲ...
.......
လီယန် ငါးကြိမ်အမြာက်နိုးလာသောအခါ သူမ၏ ဖုန်းမျက်နှာပြင်ပေါ်မှ ကိန်းဂဏန်းများက 15:00ကို ပြသနေသည်။
နေရာတိုင်းတွင် အိပ်နိုင်သည့် သူမ၏ အကျင့်ကလည်း ပြဿနာတစ်ခုပင်။ အထူးသဖြင့် သူမ၏ အလုပ် ပတ်ဝန်းကျင်က ထိုအကျင့်ကို အားမပေး။
လီယန်က အပြည့်အဝ နိုးသွားစေရန်အတွက် သူမ၏ ပါးလေးကို ပုတ်လိုက်ပြီး မနက်ဖြန် အိပ်မပျော်သွားစေရန် အတွက် သူမကိုယ်သူမ သတိပေးလိုက်သည်။
"နောက်တစ်ခါ ခေါင်းအုံးပါ ယူလာခဲ့... အိပ်ရတာ ပိုသင့်တောင့်သက်တာ ဖြစ်အောင်" ဒါရိုက်တာက cut ဟု အော်လိုက်သည်နှင့် မော့ကျန်းက အနားယူသည့် နေရာသို့ ရောက်လာသောအခါ လီယန်၏ ပုံစံလေးက အိပ်ငိုက်နေသော ကြောင်လေးတစ်ကောင်နှင့် တူနေသည်ကို တွေ့လိုက်ရသည်။ အိပ်မှုံစုံမွှား ဖြစ်နေသည့် ကြောင်ငယ်လေးပါပင်။
လီယန်: “…”
ရေခဲရေတစ်ခွက်က ကောင်းကင်မှ ကျလာပြီး လီယန်၏ စိတ်ဝိဥာဏ်ကို လောင်းချသွားလေသည်။ သူမရဲ့ ဘောစ့်က သူမရဲ့ အောင်မြင်ရေး လမ်းကြောင်းမှာ သေချာပေါက် အကြီးမားဆုံး ရန်သူပဲ....
ဒါပေမယ်...
"တကယ်ကြီး အိပ်လို့ရလား" သူမက သူတို့၏ အလုပ်ရှင်များ၏ အလိုကျ အသင့်ပြင်ကာ ရှိနေကြပြီး လက်မလည်အောင် အလုပ်များနေကြသည့် အခြားသော လက်ထောက်များကို ကြည့်လိုက်သည်။ မော့ကျန်းက ဤနေရာ၌ အကျော်ကြားဆုံးသူဟု ယူဆ၍ ရသော်လည်း သူ့လက်ထောက်က စတူဒီယိုထဲတွင် အိပ်ပျော်နေ၍ ရသည်လား...
သူမက အချစ်စစ်ဖန်များ ဖိုရမ်ထဲတွင် သူမကို အပြစ်ပေးရန်အတွက် ကြေညာကြမည်ကို စဥ်းစားမိလိုက်သည်။
"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် မင်းကလည်း အကူအညီများများ ပေးနိုင်တာမှ မဟုတ်တာ"
လီယန်: “…”
သူမသာ မနက်ဖြန် အိပ်ပျော်သွားရင် ခွေးဖြစ်ပြီပဲ... ဘောစ့်ရဲ့ မဖမ်းခင် လွှတ်ပေးတဲ့ စကေးက ကောင်းလွန်းတဲ့ နည်းဗျူဟာကြီးပဲ...
မော့ကျန်းက သူ၏ သဘောထားကောင်းကောင်းလေးများမှာ နားလည်မှု လွဲသွားရသည်ကို မသိခဲ့ပေ။ သူက စားပွဲပေါ်မှ တွင်းထွက်ရေကို ကောက်ယူကာ ပါးစပ်အပြည့် သောက်လိုက်သည်။ စာသင်ခန်းထဲမှ "ကျောင်းသားများ"မှာ အဆက်မပြတ် တကျီကျီ လုပ်နေကြပြီး သူ့ကို အနည်းငယ် ခေါင်းကိုက်လာရစေသည်။ ထိုကျောင်းသားအချို့မှာ ဆိုရှယ်မီဒီယာ၌ ကျော်ကြားကြသော စတားများ ဖြစ်ကြသည်။ ရိုက်ကွက် အနည်းငယ် ပိုရသူများမှာ အင်တာတိန်းမန့် အေးဂျင့်များနှင့် အထူးတလှယ် စာချုပ်ချုပ်ထားကြသူများပင်။
မော့ကျန်း သူတို့ကို ကြည့်လိုက်မိသည့်အခါ သူ ပွဲဦးထွက်ခဲ့သော နှစ်ကိုပင် သတိရမိသွားသည်။
ကမ္ဘာကြီးတစ်ခုလုံး သူ့ဖဝါးအောက်တွင် ဒူးထောက်ပေးလာကာ အမြင့်ဆုံးနေရာတွင် ရပ်နေနိုင်ရန် အလိုရှိကြနေကြသည့် လူတိုင်းက သူတို့၏ မျက်လုံးများကို သူ့အပေါ်တွင်သာ ရှိနေကြလိမ့်မည်။
ခိုက်ဟွမ်းသာမက ဖျော်ဖြေရေး ကုမ္ပဏီတိုင်းနီးပါးက နှစ်တိုင်းတွင် သူ့ကို အောင်မြင်မှု စံပြအနေနှင့် ထားရန်အတွက် သူနှင့်တူသော အနုပညာရှင်များစွာကို စာချုပ်ချုပ်ကြမည် ဖြစ်သည်။ သူ့ဘဝ ဇာတ်ကြောင်းက ကျောင်းသုံး စာအုပ်တစ်အုပ်လိုပင် စတားတစ်ယောက် ဖြစ်လာရန်အတွက် မည်သို့ လျှောက်လှမ်းရမည်ကို လေ့လာကြရန်အတွက် အသုံးပြကြပေလိမ့်မည်။
သို့သော်လည်း မော့ကျန်း၏ အောင်မြင်မှုက အလွယ်တကူ ကူးယူ၍ မရနိုင်ပေ။
လူတိုင်းက သူ့လို ပါရမီနှင့် အသွင်အပြင်တို့ ရှိမနေပါချေ။ သူ့ကို မီဒီယာထံမှ"အလှပန်းအိုး" တစ်လုံးဖြင့် အမြင်ခံခဲ့ရသည့် နှစ်များတွင်ပင် သူ့ခွန်အားကို တစ်ခါမှ သူ သံသယ မဝင်ဖူးခဲ့ပေ။ သူက ဖျော်ဖြေရေးလောကအတွင်းတွင် လူတစ်ယောက်၏ ရုပ်ရှည်သွင်ပြင်ကိုလည်း အကြီးမားဆုံး ခွန်အားတစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
Xxxx