Chapter 56
အိမ်မက်
သို့သော်လည်း ယနေ့ခေတ် လူငယ်များက သူ ပွဲဦးထွက်ခဲ့သည့် နှစ်များကနှင့် မတူညီပါပေ။ သူက သူ့ကိုယ်ပိုင်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက်များကြောင့် ကျော်ကြားလာနိုင်သည် ဖြစ်ပြီး သူတို့အတွက်မူ ကျော်ကြားနိုင်ရန်အတွက် သူတို့က ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များနှင့် ပြင်ပတွန်းအားများ လိုအပ်နေသည်။
ထိုအခိုက်အတန့်လေးမှာပင် မော့ကျန်းက အလုံးစုံ နားမထောင်လျှင်တောင် ထိုကလေးများ တကျီကျီ လုပ်နေကြသည်မှာ သူတို့ ကိုယ်တိုင်အတွက်သာ ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
"သရဲကျောင်း" ရုပ်ရှင်အဖွဲ့ အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမှာ သူတို့က အချို့သော လှည့်စားခြင်းများ သုံးခဲ့သည် ဟူ၍ သော်လည်းကောင်း သူတို့၏ ကုမ္ပဏီက သူတို့အပေါ် အရင်းအမြစ်များ သုံးစွဲရန် ဆန္ဒရှိကြသည် ဟူ၍ လည်းကောင်း ဆိုလိုပေသည်။ လူတိုင်းက မူရင်းဝတ္ထု၏ ကျော်ကြားမှုနှင့် မော့ကျန်းနှင့် ဝမ်ရှောင်ရှောင်တို့ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ခြင်းဖြင့်ဆိုလျှင် ရုပ်ရှက်အတွင်း သေးငယ်သော ဇာတ်ပို့လေးများအဖြစ် ပါဝင်ခွင့် ရခဲ့လျှင်တောင် ချက်ချင်းကျော်ကြားလာနိုင်ရန် အခွင့်အရေး ရှိနေကြသည်ကို သိနှင့်နေပြီးသား ဖြစ်သည်။
၎င်းက အကျဥ်းချုပ်ပင်။
"ရှင်ဘာတွေ တွေးနေတာလဲ" လီယန်က မော့ကျန်း ဘေးတွင် ရပ်နေရင်း သူ ကျောင်းသားများကို စိုက်ကြည့်ရင်း ရေသောက်နေသည်ကို ကြည့်နေခဲ့သည်။ သူမက မနေနိုင်ဘဲ သူ့မျက်နှာရှေ့တွင် သူမ၏ လက်လေးများဖြင့် ဝေ့ယမ်းလိုက်သည်။
လီယန်၏ လက်လေးများက အလွန်လှပသည်။ ပြတင်းပေါက်မှ ဖြာကျနေသော နေရောင်က လီယန်၏ လက်ကလေးပေါ် ကျရောက်နေပြီး မော့ကျန်း၏ အကြည့်ထဲသို့ ဝင်ရောက်သွားသည်။ သူက လက်နုနုလေးကို ကြည့်ကာ ၎င်းကို ဆုပ်ကိုင်ချင်နေသည့် တွန်းအားတို့ကို ပြန်ထိန်းထားလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး... ငါ အသက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်တုန်းက အချိန်တွေကို ပြန်တွေးနေတာ"
လီယန်က သူ့စကားလုံးများကို တိတ်တဆိတ် နားထောင်နေခဲ့ပြီး ရှုပ်ထွေးနေသော ခံစားချက်အစုံဖြင့် ကျောင်းသားများကို လှမ်းကြည့်လိုက်သည်။ သူတို့က သူမ ဆယ်ကျော်သက် အရွယ်၌ ရှိနေစဥ်ကနှင့် ကွာခြားချက်ရှိဟန် မပေါ်သော်လည်း သူတို့နှင့် ပတ်သက်ပြီး တစ်ခုခုက ဖော်မပြနိုင်စွာပင် ကွာခြားနေကြောင်း သူမ သိနေခဲ့သည်။
"ကျွန်မ အထက်တန်း ပထမနှစ် တက်တုန်းက ရွှံ့ထဲမှာ ဆော့နေတုန်းပဲ ရှိသေးတယ်... သူတို့ကတော့ ဘဝလမ်းပေါ် ရုန်းကန်နေကြပြီ... လေးစားစရာပါပဲ" သူမ၏ စကား ဆုံးသည်နှင့် မော့ကျန်းကို တစ်ခဏမျှ စိတ်ရင်းဖြင့် ကြည့်လိုက်သည်။
"ရှင်လည်း အတူတူပါပဲ"
မော့ကျန်းက မရယ်မောဘဲ မနေန်ုင်တော့။ "အထက်တန်း ပထမနှစ်မှာ ရွှံ့တွေနဲ့ ဆော့နေတုန်း ဖြစ်တဲ့ မင်းကလည်း တော်တော်လေး လေးစားဖို့ကောင်းပါတယ်"
"ချီးကျူးလွန်းနေပါပြီ" လီယန်က နှိမ့်ချသည့်ဟန်ဖြင့် ပြုံးလိုက်သည်။
မော့ကျန်းက သူ့နှုတ်ခမ်းကို ကိုက်ကာ ထပ်ပြောမလာခဲ့ပေ။ သူ သူမနှင့်အတူ ရှိနေပါက သူတို့ များစွာ အဆက်အဆံ မရှိကြလျှင်တောင် သူ့နှလုံးသားကို ဇဝေဇဝါ ဖြစ်လာရစေသည့် သူ့ခန္ဓါကိုယ်မှ အနွေးဓါတ်လေးကို ခံစားနေရဆဲ ဖြစ်သည်။
"ဘာလို့ သဲထိတ်ရင်ဖို ဇာတ်ကားထဲ သရုပ်ဆောင်ချင်ရတာလဲ" ထိုမေးခွန်းက မော့ကျန်း ကြောက်မက်ဖွယ် ဇာတ်ကားတစ်ခုတွင် ပါဝင်သရုပ်ဆောင်မည်ဟု ကြားလိုက်ရစဥ်ကတည်းက သူမ၏ စိတ်ထဲတွင် စွဲကပ်နေခဲ့သည့် မေးခွန်းတစ်ခု ဖြစ်သည်။ မော့ကျန်းမှာ ဖျော်ဖြေရေးလောကအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း မော့ကျန်း၏ ဇာတ်ကောင်များမှာ မြင့်မြတ်တင့်တယ်လှကာ ခမ်းနားကြီးကျယ် လှသည့် သို့မဟုတ် နူးညံ့သည့် ဇာတ်ကောင်များသာ ဖြစ်ကြသည်။ သို့သော်လည်း သဲထိတ်ရင်ဖို ဇာတ်ကားတစ်ကားအတွက် မူကား... သဲထိတ်ရင်ဖို ရုပ်ရှင်များကြောင့် အလုပ်အကိုင် ပျက်စီးသွားခဲ့ရသည့် အချို့သော သရုပ်ဆောင်များ ရှိခဲ့ဖူးသည်။ ကြည့်ရှုသူများက ရုပ်ရှင်၏ ကြောက်မယ်ဖွယ် အပိုင်းများကို စွဲနစ်လွန်းသွားပြီး သရုပ်ဆောင်များ ကိုယ်တိုင်ကိုပင် မေ့လျော့သွားကြသည်။
အနည်းဆုံးတော့ သူမက သဲထိတ်ရင်ဖို ဇာတ်ကားဖြင့် တစ်နှစ်တာအကောင်းဆုံးဆု ရရှိခဲ့ဖူးသူ ရှိသည်ဟု တစ်ခါမှပင် မကြားခဲ့ဖူးပါပေ။
လီယန်က သူမ မေးလာသည့် မေးခွန်းများမှာ လက်ထောက်တစ်ယောက် နှိုက်နှိုက်ချွတ်ချွတ် မေးသင့်သည့် ဘောင်အတွင်းမှ ကျော်လွန်နေပြီကို သတိမမူမိသော်လည်း မော့ကျန်းကမူ စိတ်ထဲမထားပါပေ။
သူက အသက်ပြင်းပြင်းရှူကာ သူ့အကြည့်များက သစ်ကိုင်းများပေါ်ရှိ ပွင့်အာလာကြတော့မည့် အဖူးလေးများထံ ကျရောက်သွားပြီးနောက် အဝေးသို့ ကြည့်လိုက်သည်။ "မင်းသိတာပဲ... ငါက ဆုနှစ်ဆု ရထားပေမယ့် နှစ်ခုလုံးက ကောင်းစန်ကြောင့်ပဲလေ" သူက အနည်းဆုံး ပြောရလျှင် ထိုးဖောက်ကျော်လွန်မှု တစ်မျိုးမျိုးကို ပြုလုပ်ချင်နေသည်။
"လူတိုင်းကို ငါက ကောင်းစန်ထက်ပိုပြီး သရုပ်ဆောင်နိုင်တယ် ဆိုတာ သိစေချင်တယ်"
ထိုအချိန်၌ လီယန်မှာ သူ့မျက်လုံးများက ရောင်ပြန်နေသည့်ပုံရိပ်တွင် မီးရှူးမီးပန်းများ ပွင့်ဖောက်လာသည်ဟုပင် ထင်ရသည်။ လှပပြီး မျက်စိကျိန်းလောက်အောင် တောက်ပလွန်းပေသည်။
"ကြောက်စရာ ကောင်းလိုက်တာ" လီယန်က သက်ပြင်းချကာ နောင်တအချို့ဖြင့် သူ့ကို ကြည့်လိုက်သည်။ "ရှင် ဒီနှစ်လည်း ကောင်းစန်ကြောင့် နောက်ထပ်ဆုတစ်ဆု ထပ်ရအုံးမှာပါပဲ"
မော့ကျန်း: “…”
သူ သူမကို ကြည့်၍ မရယ်မောဘဲ မနေနိုင်တော့ပေ။ ထိုချိုသာသော ရယ်သံတိုးတိုးလေးက ဆူညံနေသော ကျောင်းသားများကို မထင်မှတ်ထားစွာပင် တိတ်ကျသွားစေခဲ့သည်။ အခြားတစ်ဖက်၌ ထိုင်နေသော ဝမ်ရှောင်ရှောင်သည်ပင် လှည့်ကြည့်လာခဲ့သည်။
ဝမ်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ သူမ၏ နှလုံးသားအောက်ခြေမှ နှာမှုတ်လိုက်ပြီး သူမ၏ အတွေးအစစ်အမှန်များက သူမ၏ မျက်နှာထက်တွင် ပေါ်လာလု နီးပါး ဖြစ်သွားသည်။ ဒီမိန်းမ... သူ့မှာ အရည်အချင်း အချို့တော့ ရှိနေတာပဲ...
မော့ကျန်းက ရယ်မောနေသည်ကို ရပ်တန့်လိုက်သော်လည်း သူ့အပြုံးများက ပျောက်ကွယ် မသွားပေ။ "မင်းကရော... မင်းမှာရော အနာဂါတ်အတွက် အိမ်မက်တွေ ရှိလား"
မော့ကျန်းက သူမကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ကြယ်ရောင်လက်နေသော ညနှင့် တူသည်။ အလွန်လှပပြီး လူအများက ၎င်းတို့အတွင်းတို့ ကြည့်လိုက်မိချိန်၌ မူးယစ်သွားစေနိုင်သည်။
"ကျွန်မလား... လီယန်က သူမ၏ လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်သည်။
"ကျွန်မ ငယ်ငယ်တုန်းက စာစီစာကုံးထဲမှာ သိပ္ပံပညာရှင် ဖြစ်ချင်တယ်လို့ ရေးခဲ့တာ... ဒါပေမယ့် တကယ်တမ်းတော့ တို့ဟူးရောင်းတဲ့သူ ဖြစ်ချင်ခဲ့တာလေ... ဒါမှ နေ့တိုင်း တို့ဟူး စားနိုင်မှာပေါ့"
…
မော့ကျန်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။ "အိမ်မက်တစ်ခုက အရမ်းမြင့်လွန်း ဝေးလွန်းလို့ မရဘူးလေ... ဒီအိမ်မက်က အရမ်း လက်တွေ့ဆန်တယ်"
“တကယ်လား”
“တကယ်ပေါ့”
မော့ကျန်း၏ စိတ်ရင်းဖြင့် ပြောနေဟန်ပေါ်သော အမူအယာကို ကြည့်ကာ လီယန်က သူမ၏ နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာသော အကြံတစ်ခု ပေးလိုက်သည်။
"ရှင့်ကျောင်းသားတွေကို ဒီလို အကြံမပေးမိဖို့ ဂရုစိုက်ရမယ်နော်... သူတို့မိဘတွေ ရှင့်ကို လာရှာကြလိမ့်မယ်"
မော့ကျန်း: “…”
ဒါရိုက်တာက နားနေချိန် ကုန်လွန်သွားပြီဟု ကြေညာလိုက်သဖြင့် လူနှစ်ဦးသားကလည်း စကားစကို ရပ်လိုက်ကြသည်။
လီယန်က ဆရာတစ်ယောက်အဖြစ် ခပ်မြန်မြန် ပုံပြောင်းသွားသော မော့ကျန်းကို ကြည့်ကာ သူမ၏ အတွေးများက အဝေးသို့ လွင့်မျောသွားသည်။ အနာဂါတ်အိမ်မက်လား... သူမတွင် တစ်ခုမှ ရှိမနေခဲ့ပါချေ။ သူမ ငယ်ရွယ်စဥ်ကတည်းက သူမ၏ ဘဝက အမြဲတမ်း တစ်ဆင့်ချင်းတစ်ဆင့် သာ လှမ်းလာခဲ့ရသည်။ ဂျူနီယာ အထက်တန်းကျောင်းမှ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေသည်အထိ ယေဘုယျအကျဆုံး လမ်းကြောင်းကိုသာ လျှောက်ခဲ့သည်။ အိမ်မကိတစ်ခုလို့ ပြောရင် ကျောင်းပြီးတဲ့အခါ အလုပ်ကောင်းကောင်း တစ်ခု ရှာဖို့ကိုရော ထည့်တွက်လို့ရလား...
သူမက ရုတ်တရက် သူမ၏ ဘဝက အတော်လေး ပျင်းစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ မော့ကျန်းဖြစ်ဖြစ် သူမ၏ အခန်းဖော်သုံးယောက်ပဲဖြစ်ဖြစ် တစ်ယောက်ချင်းစီက သူတို့ လိုက်စားချင်ကြသည့် တစ်စုံတစ်ခု ရှိနေကြသည်။ သူမကသာ ရည်မှန်းချက် မရှိသည့် တစ်ဦးတည်းသောသူပင်။
မော့ကျန်း၏ အနက်ရောင်ဆံနွယ်လေးများ အလင်းရောင်အောက်တွင် လင်းလက်နေသည်ကို ကြည့်ကာ စိတ်ကူးဥာဏ်အသစ်တစ်ခုမှာ လီယန်၏ လုပ်ဆောင်ရမည့် စာရင်းထဲသို့ ဝင်ရောက်သွားလေသည်။
ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်မက်ကို ရှာဖွေရမယ်...
"ဒီနေ့ ဘောစ့်နဲ့ငါ ဘဝအကြောင်း ပြောကြတယ်... အကျိုးအမြတ်တွေ အများကြီး ရလိုက်ရသလို ခံစားလိုက်ရတယ်"
…
ချန်းချင်းယန်က လွန်ခဲ့သည့် နာရီဝက်လောက်ကတင်ထားခဲ့သည့် လီယန်၏ ဝေ့ပေါ်ပို့စ်ကို ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်း တွန့်ကွေးနေမှုက နေ့လည်ကထက် ပိုအားပြင်းလေသည်။ သူမ၏ နှုတ်ခမ်းက ဆက်လက် တွန့်ကွေးနေပြီး ချန်ချင်းယန်က စာတစ်စောင်ပို့လိုက်သည်။
"နင် ဒီကို လာခဲ့လေ... ငါလည်း နင်နဲ့ ဘဝရဲ့ အဓိပ္ပါယ်အကြောင်းတွေ ပြောချင်တယ်"
လီယန် ချန်းချင်းယန်၏ replyကို တွေ့ရသည့် အချိန်၌ ရိုက်ကူးရေး ပြီးဆုံးသွားပြီ ဖြစ်သည်။ ကောင်းကင်က မည်းမှောင်နေပြီး မော့ကျန်းက လီယန်သူ့ဘေးတွင် ထိုင်လိုက်လာရင်း မောင်းနှင်လာကာ မသိလိုက်မသိဘာသာဖြင့် သူ့ကိုယ်ပိုင်အိမ်သို့ မောင်းနှင်သွားမိသည်။
"အာ... နောက်လမ်းဆုံမှာ ရပ်လိုက်လို့ရတယ်... ကျွန်မ တက္ကစီစီးပြီး ပြန်လိုက်မယ်"
မော့ကျန်း၏ အမူအယာက ဗလာဖြစ်နေပြီး "အာ" ဟုသော အသံဖြင့်သာ ပြန်ဖြေလိုက်သည်။ လီယန်က အားယောင်မှ မဟုတ်တာ... သူမမှာလည်း ပြန်စရာအိမ် ရှိသေးတာပဲ...
ဘာလို့ ထန်ချန်းက အင်တာဗျူးမှာ သူမ သူ့ကို 24နာရီ တစ်ပတ်လုံး လိုက်ရမယ်လို့ မပြောခဲ့ရတာလဲ...
လန်ရိုဗာက ရပ်သွားပြီး မော့ကျန်းက အပြင်ဘက်ရှိ ရာသီဥတုအေခြအနေကို ကြည့်လိုက်သည်။ သူက လီယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်ခုံးတို့ အတူတကွ စုကြုံ့သွားလေသည်။ "နောက်ကျနေပြီ... မိန်းကလေး တစ်ယောက်တည်း အိမ်ကို ကိုယ့်ဘာသာ ပြန်တာက မလုံခြုံဘူး"
လီယန်က တခစ်ထစ်ရယ်ကာ ကိုယ်ရည်သွေးမှုအနည်းငယ်ဖြင့် ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့... ကျွန်မ ကိုယ်ခံပညာတတ်တာကို ရှင် မေ့သွားတာနေမှာ"
မင်းက တာအို ယင် သိုင်းကျမ်း ကိုးကျမ်းသင်ထားရင်တောင် ငါစိုးရိမ်နေတုန်းပဲကွ...
"ဒါမှမဟုတ် ငါပြန်လိုက်ပို့ပေးရမလား" မော့ကျန်းက ပြောနေရင်းပင် ကားစက်နှိုးကာ မောင်းရန် အသင့်ဖြစ်နေလေပြီ။ လီယန်၏ အမူအယာက ဗလာဖြစ်သွားသည်။ လဲနေတဲ့ နွားမပဲ... အခု ဘယ်သူက လက်ထောက်လဲဟေ့...
လီယန်က မော့ကျန်းကို ခပ်မြန်မြန်တားကာ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။
"မလိုပါဘူး... ကျွန်မဘာသာ ပြန်လိုက်ပါ့မယ်... ရှင်တစ်နေ့လုံး စတူဒီယိုမှာ ရိုက်ခဲ့ရတာလေ... အိမ်စောစောပြန်ပြီး အနားယူလိုက်တော့နော်... အိုး ဟုတ်သား... ညစာစားဖို့လည်း သတိရနော်" သူမက စကားဆုံးသည်နှင့် ကားထဲမှ ထွက်သွားသည်။ မော့ကျန်းက ဒုတိယ အကောင်းဆုံး နည်းလမ်းကိုသာ ရွေးလိုက်ရသည်။ "ဒါဆို... အိမ်ကို ဘေးကင်းကင်း ပြန်ရောက်တာနဲ့ ငါ့ဆီ စာပို့လိုက်"
"ကောင်းပါပြီ" အလယ်တကူ လက်ခံလိုက်ပြီး ရှုပ်ထွေးနေသော အမူအယာရှိနေသည်။
"ကျွန်မ ရှင့်ရဲ့ ဝေ့ပေါ် အောက်ခြေမှာ @ လုပ်လိုက်မယ်လေ" ဖုန်းနံပါတ်တောင်းရန်အတွက်ကား ခရီးရောက်လွန်းနေသည်။ သူမ ဘယ်လိုလုပ်ရမလဲ မသိဆတာ့ဘူးလို့...
မော့ကျန်းက တစ်ခဏမျှ အေးခဲသွားပြီးနောက် အလွန်အရေးကြီးသော တစ်ခုခုကို မေ့သွားခဲ့သည်မှန်း သတိရသွားသည်။ အရှင်သခင်မော့က ညာလက်ကို ဆန့်ထုတ်ကာ အေးစက်ပြီး ချောမောသည့်ပုံရိပ်သို့ ပြန်ရောက်သွားသည်။ "မင်းဖုန်းကို ပေးလိုက်"
လီယန်က နာနာခံခံဖြင့် ဖုန်းကို ထုတ်ကာ မော့ကျန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူက နံပါတ်အတွဲလိုက်ကို ဖုန်းထဲသို့ ထည့်လိုက်ချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းက တိတ်တဆိတ် မြည်လာခဲ့သည်။ မော့ကျန်းက ခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီးနောက် လီယန်ကို ဖုန်းပြန်ပေးလိုက်သည်။ "ပြန်ရောက်ရင် မက်ဆေချ့်ပို့လိုက်"
လီယန်က သူမလက်ထဲမှ ဖုန်းကို ကြည့်ကာ လေးလံသော ရွှေချောင်းကြီး ကိုင်ထားမိသကဲ့သို့ ခံစားနေရသည်။ ဧကရာဇ်မော့ရဲ့ ဖုန်းနံပါတ်ကို လွယ်လွယ်နဲ့ ရလာတာလား...
အရှင်ဘုရားရေ... ကျွန်မကို တံခါးပိတ်ထားခဲ့ပေမယ့် ပြတင်းပေါက် ဖွင့်ထားပေးဖို့တော့ မမေ့ခဲ့ဘူးပဲ...
လီယန်က တက္ကစီ ခေါ်လိုက်သည်။ မော့ကျန်းက လိုင်စင်နံပါတ်ကို မှတ်သားထားပြီးမှ လန်ရိုဗာလေးက ကားလမ်းဘေးတစ်ဖက်မှ မောင်းထွက်လာခဲ့သည်။ ဖြောင်ဖြောင်က "ဘန်း"ဟူသော အသံဖြင့် သူ့နံဘေးတွင် ထွက်ပေါ်လာခဲ့ပြီး သူမက နားရွက်ထိ တတ်ချိတ်တော့မတတ် ပြုံးဖြဲဖြဲ လုပ်နေကာ သူမ၏ ပါးပြင်လေးများကလည်း နှင်းဆီရောင်သန်းနေခဲ့သည်။
"ဧကရာဇ်မော့က ကြောင်လေးရဲ့ လုံခြုံရေးကို စိုးရိမ်နေတာများလား... ဒါပေမယ့် ဟုတ်ပါတယ်လေ... ကြောင်လေးက ချစ်စရာ ကောင်းလွန်းတော့ လူဆိုးငကောင်တွေ ဆွဲဆောင်မိဖို့ လွယ်ကူလွန်းတယ်"
မော့ကျန်း၏ ဓါးသွားလို စူးရှသော အကြည့်များက ဖြောင်ဖြောင်ပေါ် ရောက်လာခဲ့ပြီး သူမက ကားအပြင်ဘက်သို့ မျောလွင့်သွားလေသည်။ "ကျွန်မသွားပြီး ရှင့်ရဲ့ ကြောင်လေးကို အိမ်ပြန်ပို့ဖို့ ကူညီပေးမယ်လေ"
ဖြောင်ဖြောင် တက္ကစီ၏ နောက်ဖျားသို့ လိုက်ပါသွားသည်ကို ကြည့်ကာ မော့ကျန်းက နောက်ထပ် လမ်းဆုံတစ်ခုသို့ လမ်းကြောင်းပြောင်းလိုက်သည်။
ကန်စီနီဗီလာသို့ သူရောက်လာချိန်၌ ရှစ်နာရီနီးပါးပင် ရှိနေလေပြီ။ သူ့အိမ်ရှိ ကားဝင်သည့်လမ်းလေး၌ ကားတစ်စီး ရပ်ထားပြီး သူပို၍ နီးကပ်လာသည်နှင့်အမျှ ထိုကားက ရှန်းယွမ်ဇယ်၏ ကားဖြစ်သည်ကို မှတ်မိသွားရသည်။
သူ့နှလုံးသားက အနည်းငယ် အံ့အားသင့်သွားလေသည်။ ရှန်းယွမ်ဇယ် နောက်ဆုံးတစ်ခေါက် သူ့အိမ်သို့ လာသည်သည့်အချိန်မှ သုံးနှစ်ပင် ရှိသွားပြီဖြစ်သည်။ ပြီးတော့လည်း ကြိုအကြောင်းမကြားဘဲ ဘာလို့ ရောက်လာပါလိမ့်...
"ဧကရာဇ်မော့... နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့" ရှန်းယွမ်ဇယ်က သူ့ကားထဲမှ ခြေချလာပြီး ညအမှောင်ထဲတွင် လမ်းလျှောက်လာနေသည့် မော့ကျန်းကို ကြည့်ကာ သူ့နှုတ်ခမ်းအစုံက ရွှင်မြူးမှုတို့ဖြင့် လှုပ်ရှားသွားလေသည်။
Xxxx