Chapter 57
အံ့သြဖွယ်ဖြစ်ရပ်
၎င်းက မီးရောင်၏ လှည့်စားမှုတစ်ခု ကြောင့်လား မသိရသော်လည်း ရှန်းယွမ်ဇယ်မှာ ယနေ့၌ ပုံမှန်နှင့် ကွဲပြားနေသလိုပင်။ လရောင်က လူနှစ်ယောက်အကြား ပက်ဖြန်းနေပြီး နွားကျောင်းသားနှင့် ရက်ကန်းမယ်လေးအကြား ကြယ်စုတန်းကြီးတစ်ခု ခွဲခြားထားသလိုပါပင်။
(TN: တရုတ်ရိုးရာပုံပြင်ပါ... တစ်နှစ်မှ တစ်ခါသာ တွေ့ဆုံရတဲ့ နွားကျောင်းသားနဲ့ ရက်ကန်းမယ်လေးတို့အကြား ကြေကွဲဖွယ်ပုံပြင်ပါ)
နွားကျောင်းသားနဲ့ ရက်ကန်းမယ်တဲ့လား... မော့ကျန်း၏ နှုတ်ခမ်းများမှာ ရယ်မောလိုစိတ်တို့ဖြင့် လှုပ်ရှားသွားသည်။ သူဒီလို လန့်စရာ ဥပမာတွေ စဥ်းစားမိတာ အရမ်းပင်ပန်းနေလို့ပဲ ဖြစ်ရမယ်...
"ဘယ်တုန်းက ရောက်နေတာလဲ" မော့ကျန်းက တံခါးဆီသို့
သွားကာ ဖွင့်လိုက်ရင်းဖြင့် သူ့နောက်ပါးမှ လူကို မေးလိုက်သည်။
"ငါစောင့်နေတာ နည်းနည်းကြာပြီ"
"ဘာလို့ ငါ့ကို ဖုန်းမဆက်လိုက်တာလဲ"
"ငါခေါ်လိုက်ရင် မင်းက ရှိသမျှ အလုပ်တွေအကုန် ပစ်ချပြီး ချက်ချင်းပြေးလာမှာမို့လို့လား"
"...မဟုတ်ဘူး" တံခါးက ကလစ်ဟူသော မြည်သံဖြင့် ပွင့်လာသည်။
"ဒါဆို ငါက ဘာလို့ ခေါ်နေရအုံးမှာလဲ" ရှန်းယွမ်ဇယ်က ရှူးဖိနပ်များကို ချွတ်ကာ မော့ကျန်းနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာသည်။
သူထိုနေရာသို့ မရောက်ဖြစ်သည်မှာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း အိမ်က လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ တီဗီပေါ်မှ စိတ်ကူးယဥ်ဆန်ဆန် ကနေသော မိန်းကလေး ရုပ်ထုများသည်ပင် ရှိနေဆဲဖြစ်ပြီး သူတို့၏ စကပ်များကပင် သူနောက်ဆုံးမြင်ခဲ့ရသည့်အတိုင်း တစ်နေရာထဲသို့သာ လွင့်မျောနေဆဲဖြစ်သည်။
သို့သော်လည်း တစ်ခုခု ပြောင်းလဲသွားသကဲ့သို့ သူ ခံစားနေရသည်။
စားပွဲပေါ်မှ ရှားစောင်းပင်လေးကို တွေ့လိုက်ရသည့်အချိန်၌ အိမ်ကို မည်သည်က ပြောင်းလဲစေခဲ့သည်အား နားလည်သွားလေသည်။
လူသားဆန်သည့် အငွေ့အသက်ပင်။ ယခင်ကထက် အိမ်နှင့် တူသွားရစေသည်။
"ဒီရှားစောင်းပင် ဘယ်တုန်းက ရလာတာလဲ" ဤနေရာ၌ ယခင်က ရှားစောင်းပင်တစ်ပင် ရှိခဲ့ဖူးပါ၏။ ပထမဆုံး ယူလာပေးခဲ့သူမှာ သူဖြစ်နေ၍ ရှင်းရှင်းလင်းလင်း မှတ်မိနေခြင်း ဖြစ်သည်။ သို့သော်လည်း သူရွေးလာပေးခဲ့သည်မှာ ရှားစောင်းပင်အတုတစ်ခု ဖြစ်ကြောင်း သေချာသည်။ ဘယ်တုန်းက အစစ် ဖြစ်သွားတာလဲ... သူ အသက်သွင်းလိုက်တာလို့တော့ မပြောနဲနော်...
မော့ကျန်း၏ မျက်လုံးများက ရှန်းယွမ်ဇယ်၏ အကြည့်နောက်သို့ လိုက်သွားသည်။ အားယောင်က နေရောင်ခြည်မှ ကာကွယ်ပေးသည်ဟုဆိုတာ ၎င်းကို ဝယ်ခိုင်းခဲ့ခြင်း ဖြစ်လေသည်။
ဘယ်သရဲကများ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးဖို့ လိုလို့လဲ... မည်သို့ပင်ဆိုစေကာမူ သူက နောက်တစ်နေ့တွင် ထိုရှားစောင်ပင်အိုးလေးကို ဝယ်ကာ အိမ်ပြန်သယ်လာဆဲပင်။ တစ်ခုတည်းသော အခြေအနေမှာ ၎င်းကို ပျိုးထောင်ရန် အားယောင်ကသာ တာဝန်ရှိသည်ပင်။ ယခု လေးလထက်ပင် ကုန်ဆုံးသွားခဲ့လေပြီ။ သူလုံးဝ ရေမလောင်းပေးခဲ့သော်လည်း ၎င်းက သန်မာနေဆဲ ဖြစ်သည်။
"အိုး... အဲ့ဒါက နေရောင်ခြည်ဒဏ် ကာကွယ်မပေးနိုင်ဘူးလား" မော့ကျန်းက သာမန်ကာလျှံကာ မေးလိုက်သည်။ ရှန်းယွမ်ဇယ်က သူ့ကို စိုက်ကြည့်လာပြီး သူ့မျက်လုံးများက အံ့အားသင့်မှုတို့ဖြင့် ပြူးကျယ်လာခဲ့လေသည်။
"မင်းတကယ်ကြီး ရှင်အောင် ထားနိုင်ခဲ့တယ်ပေါ့လေ"
မော့ကျန်း: “…”
သူက ကြောင်လည်း မွေးလိုက်သေးတယ်...
"မော့ကျန်း... မင်းပြောင်းလဲသွားပြီ"
ရှန်းယွမ်ဇယ်က သူ့ကို စိုက်ကြည့်လာပြီး သူ့မျက်လုံးများကို ကြည့်ရင်းဖြင့် သူ့အတွေးများကို ဖတ်နိုင်ရန် ကြိုးစားလိုက်သည်။ မော့ကျန်းက သူ့အကြည့်ကို နှိမ့်ကာ ထူထဲနေသော မျက်တောင်တို့က သူ့မျက်လုံးများထဲမှ ခံစားချက်ပြင်းပြင်းတို့ကို ဖုံးကွယ်ထားခဲ့သည်။
သူ ပြောင်းလဲသွားသည်ကို သူသိပါ၏။ အားယောင်နှင့် တွေ့ပြီးနောက် အရာအားလုံးက ထိန်းချုပ်မှု လွတ်သွားသည့်အလား မှတ်ထင်ရသည်။
"မင်း လီယန်ကို သိလား"
မင်းလီယန်ကို သိလားတဲ့... ၎င်းက မေးခွန်းတစ်ခုနှင့် တူမနေ။ သူ့ကို အပိုင်းပိုင်းခုတ်ရန် အသင့်ပြင်ထားသည့် ဓါးတစ်လက်နှင့် ပိုတူနေသည်။
မော့ကျန်း၏ နှုတ်ခမ်း လှုပ်ရှားသွားသည်။ သူ ထိုအကြောင်းကို သူ့တစ်ဘဝလုံး ရှန်းယွမ်ဇယ်ထံမှ ဖုံးကွယ် မထားလိုပေ။ သို့သော်လည်း ထိုအခြေအနေက ပေါ်ပေါက်လာခဲ့သည်။ သူက ပြုသမျှ နုရတော့မည့်ပုံသာပင်။
"ငါ သိပါတယ်... သူက ငါ့လက်ထောက်" မော့ကျန်းက ခေါင်းမော့လိုက်သည်။ သူ့မျက်နှာထက်တွင် မည်သည့်အမူအယာမှ ရှိမနေပေ။ သူက အံ့အားသင့်သွားပုံပင်မရဘဲ တည်ငြိမ်ပြီး အေးစက်နေသော အသံဖြင့် ပြန်ဖြေလာခဲ့သည်။
အလွန်အေးစက်လွန်းလှသည်။
သူ ထိုကြီးမားသော ဗုံးကြီးကို ပစ်ချလိုက်ပြီးနောက် နှစ်ယောက်အကြား ရုတ်တရက် ထိပ်တိုက် ရန်စောင်ကြခြင်းမျိုး ဖြစ်လာမည်ဟု တွေးထားခဲ့သော်လည်း ရှန်းယွမ်ဇယ်မှာ မလှုပ်မယှက် အခြေအနေထဲသို့ ကျရောက်သွားရမည့်သူမှာ သူဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
"နောက်ဆုံးတစ်ခေါက် ဆေးရုံမှာ မင်းကို တွေ့တုန်းက လီယန်ကို လာကြည့်တာလား"
မော့ကျန်း၏ အမူအယာက အဆုံးတွင် ဗလာဖြစ်သွားလေသည်။ ရှန်းယွမ်ဇယ် ထိုနေ့က သူ့ကို တွေ့လိုက်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။ မော့ကျန်းက သူ့ နှုတ်ခမ်းကို အသိမဲ့စွာ ကိုက်လိုက်ပြီး သူရှင်းပြရန် လိုသည်ဟု ခံစားလိုက်ရသည်။
"ငါ..."
သူ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် ရှန်းယွမ်ဇယ်၏ လက်သီးက သူ့မေးထံသို့ ပျံသန်းလာခဲ့သည်။
ခွန်အားက အတော်လေးကောင်းပြီး လုံးဝ သက်ညှာပေးမှု ရှိမနေခဲ့။ ထိုအရှိန်ကြောင့်ပင် မော့ကျန်းက သူ့နောက်ပါးမှ ဆိုဖာပေါ်သို့ လဲကျသွားရသည်။ သူ့ခေါင်းကို မမော့ရသေးခင်မှာပင် အရိပ်နက်တစ်ခုက သူ့ဘေးကို ဝန်းရံလာခဲ့သည်။
"ဆောရီး... ဒီကိစ္စက မင်းအပြစ်မဟုတ်ဘူးဆိုတာ သိပေမယ့် ဘာပဲဖြစ်ဖြစ် ငါမင်းကို ထိုးချင်စိတ် ရှိနေတုန်းပဲ"
ရှန်းယွမ်ဇယ် သူ့စကားကို အဆုံးသတ်လိုက်သည်နှင့် နောက်ထပ်လက်သီးတစ်လုံးက မော့ကျန်းထံသို့ ပျံဝဲလာခဲ့ပြန်သည်။
သို့သော်လည်း ဤတစ်ကြိမ်၌ မော့ကျန်း လွတ်သွားသည်။
ရှန်းယွမ်ဇယ်က ဆိုဖာကိုသာ ထိုးမိသွားသည်။ သူက လေကိုသာ တိုက်ခိုက်မိသဖြင့် လမ်းကြောင်းကို ရပ်လိုက်ရသည်။ မော့ကျန်းက သူ့နောက်ပါးတွင် ရပ်နေပြီး သူ့နှုတ်ခမ်းပေါ်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
"တိုက်ဆိုင်လိုက်တာ... ငါလည်း မင်းကို ထိုးချင်နေတာ"
ရှန်းယွမ်ဇယ်က တီးတိုးရယ်မောကာ သူ့ထံသို့ လျှောက်လာခဲ့ပြီး နက်ခ်တိုင်ကို လျှော့လိုက်သည်။ "အရင်တုန်းက မင်းငါ့ကို တစ်ခါမှ မထိုးဖူးဘူးလားလို့"
မော့ကျန်းက လက်သီးဆုပ်ကာ သူ့ကို ခပ်ပြုံးပြုံး ကြည့်လာခဲ့သည်။
"ဒါဆို မင်းမှတ်ဥာဏ်တွေကို ပြန်သန့်ရှင်းပေးရမဲ့ အချိန်ပဲ"
သူတို့ ဤမျှလောက် ရန်ဖြစ်ခဲ့ရသည့် နောက်ဆုံးအချိန်ကိုပင် မမှတ်မိတော့ပေ။ သူတို့ ဂျူနီယာ အထက်တန်းကျောင်း ပြီးမြောက်သွားပြီးနောက် အချင်းချင်း တပျော်တပါး ရိုက်နှက်ကြသည် မဆိုထားနှင့် အတူတကွ ပြေးကြသည်ပင် ရှားပါးလွန်းလှသည်။
မှန်ပေသည်။ ၎င်းက ရန်ဖြစ်ကြရုံလေးပင်။ သူတို့တွင် အတိုက်အခိုက်စကေးများ မရှိကြပါဘဲ ရိုးရိုးရှင်းရှင်းဖြင့် ကြမ်းကြမ်းတမ်းတမ်း ဖြစ်ကြရုံသာ။
လက်သီးချက်တိုင်းက သူတို့၏ နှလုံးသားများထဲတွင် ဖိနှိပ်ထားခဲ့သည့် စိတ်ခံစားချက်တိုင်းကို ဆွဲထုတ်နေကြသည်နှင့် တူနေပြီး လှုပ်ရှားမှုတိုင်းက ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
ဆယ်မိနစ်ကြာသောအခါ လူနှစ်ယောက်က ဘေးချင်းကပ်ရက် ထိုင်ကာ အမောတကော အသက်ရှူနေကြသည်။
ထိုမြင်ကွင်းက လူများကို အလွယ်တကူ ရှက်သွေးဖြာသွားစေပြီး သူတို့၏ နှလုံးခုန်သံများ အရှိန်မြန်သွားရစေသည်။
ဖုန်းက တုန်ခါလာခဲ့သည်။ မော့ကျန်း လေးလေးပင်ပင် အသက်ရှူလိုက်ပြီး သူ့နံဘေးမှ ဖုန်းကို ကောက်ယူလိုက်သည်။
"အိမ်ပြန်ရောက်ပါပြီ ဘောစ့်... အစား စားဖို့ သတိရနော်~ = 3 =”
သူ့နှုတ်ခမ်းစွန်းလေးများ မတတ်နိုင်ဘဲ ကော့တက်သွားသော်လည်း ဒဏ်ရာအပေါ် အကျိုးသက်ရောက်သွားခဲ့သည်။ မော့ကျန်း ငြီးငြူကာ သူ့နှလုံးသားက ခံစားချက်မျိုးစုံ ခုန်ပေါက်သွားရသော်လည်း ထူးမခြားနား အေးစက်နေသည့် ပြန်စာတစ်ခုသာ ပြန်လိုက်သည်။ "အင်း"
သူက ထိုနေ့၌ သူ၏ အေးစက်ပြီး ချောမောသော ပုံရိပ်ကို လွှင့်ထုတ်မိသွားပြီးနောက် ထိုပုံရိပ်ကို ပြန်လည် ထိန်းသိမ်းထားနိုင်ပြီဟု ခံစားရသည်။ သို့သော်လည်း သင်တို့အားလုံး သူ့ဘေးတွင် ထိုင်ကာစိုက်ကြည့်နေသောသူကို မေ့သွားကြဟန်ပင်။
"မင်း ဒီသုံးနှစ်အတွင်း အလဟဿ မနေခဲ့ဘူးပဲ... အနည်းဆုံးတော့ အရင်ကထက် မင်းခွန်အားတွေ တိုးလာသေးတယ်" ရှန်းယွမ်ဇယ်၏ တစ်ကိုယ်လုံးက ဆိုဖာထဲတွင် နစ်မြုပ်နေပြီး သူ့ရင်ဘတ်က အပေါ်မှ အောက်သို့ ပြင်းပြင်းထန်ထန် လှုပ်ရှားနေလေသည်။
မော့ကျန်းက စားပွဲပေါ်မှ တစ်သျူးစကို ယူကာ ပါးစပ်ကို သုတ်လိုက်သည်။ ဒီအယုတ်တမာကောင်က သူ့မျက်နှာကို တကယ်ကြီး ရည်ရွယ်နေတာ...
"ပရော်ဖက်ဆာရှန်း... ငါက စားဖို့သောက်ဖို့ မျက်နှာပေါ်မှာပဲ မှီခိုနေရတာ... ငါ့ပုံရိပ် ပျက်သွားရင် မင်းတာဝန်ယူရမယ်"
ရှန်းယွမ်ဇယ်က ပြုံးကာ ဆိုဖာမှ ထရပ်လိုက်သည်။ သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ သူ့မျက်နှာကို သုတ်လိုက်လေသည်။
"ငါသာ မနက်ဖြန် ကျောင်းကို ဒီမျက်နှာကြီးနဲ့ ရောက်သွားခဲ့ရင် အလုပ်ထုတ်ခံရတော့မှာပဲ"
သူတို့က တချိန်တည်းလိုလို မော့ကြည့်လိုက်မိကြပြီး သူတို့၏ အကြည့်များက လေထဲသို့ တွန်းတိုက်သွားလေသည်။ ထိုနှစ်ယောက်သားက ခပ်ရှက်ရှက် အမူအယာဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ရုတ်တရက် ရယ်မောလာကြသည်။
သူတို့ ခင်မင်ခဲ့ကြပြီးနောက် နောက်ဆုံးအကြိမ် လွတ်လွတ်လပ်လပ် ရယ်မောခဲ့သည်မှာ မူလတန်း ဒုတိယနှစ်က ဖြစ်ပုံပင်။ ထိုနေ့က ယခုထက် ပို၍ အရောင်စုံသော ဒဏ်ရာများ ရှိနေခဲ့သော်လည်း ထိုရေခဲချောင်းများ စားပြီးနောက် ကမ္ဘာပေါ်တွင် ပြုလုပ်ထားခဲ့သည့် အကောင်းဆုံး ရေခဲချောင်းများကို အရသာခံခဲ့ရသည့်အလား ခံစားခဲ့ရသည်။
သူတို့ ရယ်မောပြီးကြသည့်နောက် ရှန်းယွမ်ဇယ်က ရပ်ကာ မော့ကျန်းကို ကြည့်လိုက်ပြီး သူ့အမူအယာက ရယ်သွမ်းသွေးလိုဟန် ပေါ်နေသည်။
"ငါသူ့ကို ကြိုက်နေတာ သိရဲ့သားနဲ့ ဘာလို့ မင်းရဲ့ လက်ထောက် ဖြစ်လာဖို့ ခွင့်ပြုလိုက်ရတာလဲ"
မော့ကျန်းက ခေါင်းမော့ကာ သူ့အကြည့်ကို မရှောင်ခဲ့။ "သူ ခိုက်ဟွမ်းကို အင်တာဗျူး လာမဖြေခင်ကတည်းက သူ မင်းကို ငြင်းခဲ့ပြီးသားလို့ ငါကြားထားတယ်"
တကယ်တော့ မင်းကိုယ်တိုင်ပဲ ပြောပြခဲ့တာလေ...
ရှန်းယွမ်ဇယ်က ရုတ်တရက် သူ့ကို ထပ်ပြီး ထိုးပစ်လိုက်ချင်မိသွားသည်။ သူက သတိပေးလိုက်သည်။ "ယန်ယန်ရဲ့ ခန္ဓါကိုယ်က အခုမှ ပြန်ကောင်းလာတာ... သူ့ကို ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ခိုင်းနဲ့"
"မစိုးရိမ်ပါနဲ့... ငါသူ့ကို ဂရုစိုက်ပေးမှာပါ"
သူ ပြန်ပြောလိုက်သည့်စကားက ရှန်းယွမ်ဇယ်ကို အနည်းငယ် မပျော်မရွှင် ဖြစ်သွားစေသည်။ သူ့စကားလုံးများက မဏ္ဍပ်တိုင် တက်ပြနေသည့်ပုံ ပိုပေါ်နေသည်။ ရှန်းယွမ်ဇယ် မျက်မှောင်ကြုံ့ကာ သူအလေးထားဆုံး မေးခွန်းကို မေးလိုက်သည်။
"မင်းသူ့ကို ဘယ်လို သိတာလဲ"
၎င်းက သူ မဖော်ထုတ်နိုင်သော တစ်ခုတည်းစသော ကျန်ရှိနေသည့် သဲလွန်စ ဖြစ်သည်။
လီယန်က ဘွဲ့မရခင်အထိ မော့ကျန်းကို မသိခဲ့ပေ။ သူ ဘွဲ့ယူသည့်နေ့ကလည်း လှေကားပေါ်မှ လိမ့်ကျကာ ကိုမာဝင်သွားသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြရန်က မဖြစ်နိုင်ဆုံး အခြေအနေပါပင်။ သို့သော်လည်း မော့ကျန်းက သူမ၏ လူနာဆောင်သို့ ရုတ်တရက် လာလည်ခဲ့ပြီး ပို၍ ရှောခ့်ရစရာကောင်းသည်မှာ လီယန်က သူ့လက်ထောက် ဖြစ်လာခြင်းပင်။
မော့ကျန်းက တစ်သျူးစက္ကူကို ဘောလုံးသေးလေး တစ်ခုအဖြစ် ညှစ်ချေလိုက်ပြီး တစ်ဖက်မှ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ မျက်နှာကျက်မှ မီးပန်းဆိုင်းက အဝါရောင်ဖျော့ဖျော့ တောက်ပနေပြီး သူ့တစ်ကိုယ်လုံး ထိန်လင်းနေကာ သူ့ပတ်ဝန်းကျင်ကို နူးညံ့သော ရောင်ဝါများ ပတ်ရံနေသလိုပင်။
ရှန်းယွမ်ဇယ်က တစ်ခဏမျှ တွေးလိုက်ပြီးနောက် ထိုလူက အလွန် ကြည့်ကောင်းလှသည်ဟု ခံစားလိုက်ရသည်။
မော့ကျန်းက သူ့ကို ကြည့်ကာ မေးဖျားကို အနည်းငယ် မော့လိုက်ပြီးနောက် သူ့နှုတ်ဖျားတို့က အစိုးမရနိုင်သော အပြုံးလေးတစ်ခု တွဲလွဲခိုလာလေသည်။
"ဒါက အံ့သြဖွယ်ရာ အဖြစ်အပျက်ပဲ"
ရှန်းယွမ်ဇယ်က ကန်စီနီ အိမ်ရာမှ မောင်းထွက်လာခဲ့ပြီး မော့ကျန်း၏ အပြုံး ပုံရိပ်က သူ့ဦးနှောက်ထဲတွင် တွဲလွဲခိုနေခဲ့သည်။
သူတို့ရဲ့ တွေ့ဆုံမှုက အံ့သြဖွယ်ရာ အဖြစ်အပျက်တဲ့လား... သူကြားအောင် တမင်သက်သက် ပြောနေတာလား...
ရုတ်တရက် သူ ထိုးလိုက်သည့် လက်သီးက အတော်လေး အားပျော့သွားသည်ဟု ခံစားလိုက်ရသည်။
............
မော့ကျန်းက အခုလေးတင် ပြုတ်ထားခဲ့သော ကြက်ဥကို ပါးစပ်ထဲသို့ သွင်းကာ အပြောင်ရှင်းလိုက်သည်။ ဧည့်ခန်းက အလွန် ရှုပ်ထွေးနေသော်ငြား မည်သည့်အရာမှ ကွဲမသွားခဲ့သည်မှာလည်း အံ့သြဖွယ် ဖြစ်ရပ်ပင်။
အံ့သြဖွယ်ရာ... ရှန်းယွမ်ဇယ် ထိုစကားများကို ကြားလိုက်ရချိန် ဖြစ်သွားသော အမူအယာကို စဥ်းစားမိသောအခါ မော့ကျန်းမှာ မရယ်မောဘဲ မနေနိုင်တော့ပေ။ သူ ဧည့်ခန်းကို ရှင်းပြီးသွားသောအခါ အပေါ်ထပ်သို့ သွားကာ ရေချိုးပြီးနောက် တန်းအိပ်ရန် ရည်ရွယ်လိုက်သည်။
”အစား စားဖို့ သတိရနော် ~”
လီယန်၏ စကားလေးက ရုတ်တရက် သူ့နားထဲသို့ ပဲ့တင်လာခဲ့သည်။ မော့ကျန်းက လှုပ်ရှားမှုများကို ရပ်လိုက်ပြီးနောက် လက်ထဲမှ ကြက်ဥပြုတ်ကို အခွံခွာ၍ စားလိုက်သည်။။
ရှန်းယွမ်ဇယ်က ကျန်းအိမ်ဟောင်းရှေ့တွင် ရပ်လိုက်သည်။
ကိုယ်ခံပညာ လေ့ကျင့်မှုက ပြီးဆုံးသွားသည်မှာ ကြာပြီ ဖြစ်သော်လည်း သိုလှောင်အိမ်လေးက မီးများလင်းနေဆဲပင်။ ရှန်းယွမ်ဇယ်က အလင်းရောင်များ ရှိနေဆဲ ဖြစ်သော နေရာကို လမ်းလျှောက်သွားလိုက်သည်။ ကျန်းဘိုးဘိုးကြီးတစ်ယောက်တည်းကသာ အလွတ်ဖြစ်နေသော ကိုယ်ခံပညာသင်တန်းရှိရာ သိုလှောင်အိမ်ထဲတွင် ထိုင်နေခဲ့သည်။
ထိုသူက ဤနေရာတွင် လက်ဖက်ရည်သောက်ရသည်ကို အထူးနှစ်ခြိုက်ဟန်ပင်။
"ညဘက်မှာ လက်ဖက်ရည်သောက်ရင် အိပ်မပျော်စေဘူးနော်" ရှန်းယွမ်ဇယ်က ကျန်းဘိုးဘိုး ရှိရာသို့ လျှောက်လာခဲ့ပြီး စားပွဲပေါ်မှ အဆင့်နိမ့်ဟန်ပေါ်နေသော လက်ဖက်ရည်ခွက်တစ်စုံကို ကြည့်လိုက်သည်။ သို့သော်လည်း သူတို့အားလုံးမှာ အလွန် ရှေးကျလှသည်။ တစ်ခုချင်းစီက ရှေးကျသော မင်းဆက်များမှ ဖြစ်ပေသည်။
ရှန်းယွမ်ဇယ်က မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ယောက် ဖြစ်သော်ငြား ကျန်းဘိုးဘိုးက သူရောက်လာမှုကို အံ့သြဟန် မပြပေ။ သူက ခုံအလွတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး ရှန်းယွမ်ဇယ်ကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။ "ရန်ဖြစ်လာတာလား"
ရှန်းယွမ်ဇယ်က သူ့ပါးစပ်ကို မသိလိုက်မသိဘာသာ ထိကာ ငြင်းဆိုလိုက်သည်။ "မဟုတ်ပါဘူး... နည်းနည်း သင်ယူခဲ့ရုံပါ"
ကျန်းဘိုးဘိုးက ရယ်မောကာ စကားပြောမလာဘဲ ရှန်းယွမ်ဇယ်ကို စပြီးပြောရန် ခွင့်ပြုလိုက်သည်။
"ကျန်းဘိုးဘိုး... ယန်ယန်က ကျွန်တော့် သူငယ်ချင်းရဲ့ နေရာမှာအလုပ်လုပ်နေတာ... မစိုးရိမ်ပါနဲ့... သူ ယန်ယန့်ကို စောင့်ရှောက်ပေးမှာပါ"
ကျန်းဘိုးဘိုးက လက်ဖက်ရည်အိုးကို ငှဲ့လိုက်သည်။ သူ့လက်ထဲမှ ခွက်ကို ယမ်းကာ မေးလာခဲ့သည်။
"မင်း သင်ယူခဲ့ပါတယ်ဆိုတဲ့ သူငယ်ချင်းနဲ့လား"
"အာ" သူက သဘာဝမကျစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ မည်သည့် လျှို့ဝှက်ချက်ကိုမျှ ကျန်းဘိုးဘိုးထံမှ ဖုံးကွယ်ထား၍ မရဟု ခံစားနေရသည်။
"ငါသိပြီ" လက်ဖက်ရည်ခွက်က တစ်ဝက်ပြည့်သွားသည်။ ကျန်းဘိုးဘိုးက တစ်ငုံသောက်ကာ မေးလာသည်။
"မင်းကျတော့ရော"
Xxxxx