Chapter 59
ညီအစ်မများ
ညစာစားပြီးနောက် ဒါရိုက်တာက ရိုက်ကူးရေး ဆက်လုပ်ကြမည်ဟု အော်ဟစ်နေခဲ့သည်။ လီယန်က ကျိုးတို့ကျဲတဲ အနားယူရာနေရာလေးတွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။ သူမက အမြဲတမ်း... လေက နည်းနည်း ပြင်းလာသလို ခံစားနေရသည်။
ညဘက် စတူဒီယိုက နေ့ဘက်ထက် အဆတစ်ရာ ပို မှောင်မဲနေသည်။
လီယန်က အလွတ်ဖြစ်နေသော ကျောင်းကို ကြည့်နေခဲ့သည်။ သူမ၏ ဝမ်းနည်းမှုက တောင်ကျချောင်းရေလိုပါပင်... ဒီကျောင်းက ဘာလို့များ ညမှာ ညကျက်ချိန်တွေ ထားပေးရတာလဲ...
လီယန်က အနားယူရာနေရာလေးတွင် တစ်ယောက်တည်း ထိုင်နေရင်း သူမ၏ ခေါင်းကိုပင် မလှုပ်ရဲတော့ပေ။ သူမသာ လှုပ်ရှားလိုက်ပါက သူမ မမြင်သင့်သော အရာများကို မြင်သွားမည်ကို စိုးရိမ်နေခဲ့သည်။
ဝမ်ရှောင်ရှောင်က သူမကို သိမ်သိမ်မွေ့မွေ့ဖြင့် အကြည့်တစ်ချက် ကြည့်လိုက်သည်။ သူမက ဒီလောက် အရွယ်တောင် ရောက်နေပြီ... ဒီလိုအကြောင်းအရာတွေကို ကြောက်နေရသေးတာလား...
ဟီးဟီး... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ... သူမ၏ နှုတ်ခမ်းထောင့်လေးများ ပွင့်ဟလာပြီး ကင်မရာကို မျက်နှာမူ၌ ညှို့ယူဖမ်းစားဖွယ် အပြုံးတစ်ချက် ပေးလိုက်သည်။
"ကဒ်... ဒီနေ့ ဒီမှာပဲ ရပ်တော့မယ်... ပြန်သွားပြီး အနားယူတော့... မနက်ဖြန် နေ့လည်မှ ဆက်ရိုက်မယ်"
ဒါရိုက်တာထံမှ ထိုစာကြောင်းကို အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီးနောက် လီယန်က ထောင်မှ လွတ်ခဲ့သည့် အကျဥ်းသားအလား ခုန်ထလိုက်သည်။ အဆုံးတွင် မော့ကျန်းက သူမကို သူ့ကားဖြင့် ပြန်လိုက်မပို့ခဲ့ဘဲ တက္ကစီနှင့်လည်း ပြန်မသွားခိုင်းပေ။ သို့သော်လည်း ထိုအစား ကားကို သူ့အိမ်သို့သာ တိုက်ရိုက် မောင်းသွားခဲ့သည်။
"ဒါက..." လီယန်က သူမအရှေ့မှ အိမ်ကြီးကို ကြည့်လိုက်သည်။ သူမ မျက်နှာပေါ်မှ အမူအယာက သူမ၏ အတွင်းစိတ်ထဲမှ လွန်ဆွဲနေသော လှိုင်းလုံးကြီးတို့ကို ဖော်ပြနေသည်။ အလုပ်ဆင်းသည့် ဒုတိယနေ့မှာပင် သူက သူ့အိမ်ထဲ မဟုတ်သေး သူ့အခန်းထဲသို့ ဝံပုလွေတစ်ကောင်ကို ခေါ်သွင်းမိလေပြီ... သူက တကယ်ကြီး ချစ်စရာကောင်းတာပဲလို့....
"မကြာခင် အပြင်ဘက်မှာ လင်းလာတော့မယ်... ပြီးရင် နေ့လည်ဘက် ထပ်ရိုက်ရအုံးမှာ... သွားလိုက်ပြန်လိုက် လုပ်နေရတာ မင်းအတွက် အဆင်မပြေဘူးလေ... ဒီမှာပဲ ခဏလောက် အိပ်လိုက်" မော့ကျန်း၏ အသံအနေအထားက အလွန် ကျိုးကြောင်းသင့်နေဟန် ပေါ်ခဲ့သည်။ သူက တီဗီပေါ်မှ အပြောကောင်းသော နိုင်ငံရေးသမားများထဲမှ တစ်ယောက်၏ အသံကဲ့သို့ ပုံပေါ်စေချင်နေသည်။
"အိုး" လီယန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူပြောသမျှ အရာရာတိုင်းက အကျိုးအကြောင်း ခိုင်လုံနေကြောင်း ခံစားလိုက်ရသည်။ သူမက သူ့နောက်မှ ကပ်ကာ အခန်းထဲသို့ လိုက်ဝင်လာခဲ့သည်။
မော့ကျန်း၏ အိမ်ကို သန့်ရှင်းရေးကုမ္ပဏီတစ်ခုက ပုံမှန်သန့်ရှင်းပေးနေသဖြင့် အတော်လေး ရှင်းလင်းနေသည်။ သူက ဘယ်ဘက်မှ အခန်းတစ်ခုကို ညွှန်ပြကာ လီယန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ဒါက ရေချိုးခန်း... မင်းအရင်ရေချိုးပြီး အိပ်လိုက်တော့"
ရေချိုးပြီးရင် အိပ်ရမှာလား... လီယန်က သူမရှေ့မှ လူချောလေးကို ကြည့်ကာ တံတွေးမျိုချလိုက်သည်။
မော့ကျန်းက လီယန်၏ တိတ်တိတ်ပုန်း အတွေးများကို သိနေသည့်အလား တီးတိုးရယ်မောကာ ခန္ဓါကိုယ်ကို ခပ်ဖြည်းဖြည်း ကိုင်းလိုက်သည်။ သူမဘက်သို့ ခန္ဓါကိုယ်ကို ကိုင်းလိုက်ပြီး ပြောလာသည်။
"ပထမထပ်မှာ အိပ်မလား... ဒုတိယထပ်မှာ အိပ်မှာလား"
"ကွာခြားချက် ရှိလို့လား"
"ငါက ဒုတိယထပ်မှာ အိပ်တာ"
…
O (* //// ▽ //// *) o
အဆုံးတွင် လီယန်က သူမကိုယ်သူမ စောင်ထဲတွင် ထုပ်ပိုးကာ ပထမထပ် ဧည့်ခန်း၏ ဆိုဖာပေါ်တွင် အိပ်လိုက်သည်။ သူမက ကြိုးစားအိပ်ပါသော်လည်း မော့ကျန်း ရေချိုးခန်းထဲမှ ထွက်မလာခင်အထိ အိပ်မပျော်နိုင်သေးပေ။ မော့ကျန်း ရေချိုးခန်းထဲမှ ထွက်လာသည့်အချိန်တွင် သူမက ဆိုဖာပေါ်တွင် အလောင်းကောင်ကဲ့သို့ အိပ်မောကျနေပြီ ဖြစ်သည်။
မော့ကျန်းက ဆိုဖာရှေ့တွင် ရပ်နေရင်း ဆံပင်စိုများကို တဘက်ဖြင့် သုတ်နေခဲ့သည်။ အိပ်ပျော်နေသော လီယန်လေးကို ကြည့်လိုက်သောအခါ ထိုမြင်ကွင်းက သူ့မှတ်ဥာဏ်ထဲမှ အားယောင်နှင့် တထပ်တည်း တူလုနီးပါး ဖြစ်နေခဲ့သည်။
ကွဲပြားနေသည့် တစ်ခုတည်းသော အရာမှာ ထိုညက သူ့အိပ်ခန်းထဲသို့ ပြန်သွားခဲ့ခြင်း ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ကျော်ကြားသော နတ်သမီးပုံပြင်ထဲမှ မင်းသားလေးလိုပင် ကိုယ်ကို ကိုင်းညွှတ်ကာ သူ့ခေါင်းကို ညွှတ်ချလိုက်သည်။
နူးညံ့သော အနမ်းလေးတစ်ပွင့်က မင်းသမီးလေး၏ နဖူးထက်တွင် ကျရောက်သွားလေသည်။
........
လီရှောင်၏ လက်များက အစုံပလုံထည့်ထားသော အိတ်များစွာကို ကိုင်ကာ လမ်းချိုးလေးသို့ ရောက်လာခဲ့သည်။ သူမရှေ့မှ အထပ်တစ်ရာ လှေကားကြီးကို ကြည့်၍ လီရှောင် မသိလိုက်မသိဘာသာ မျက်မှောင်ကြုံ့သွားသည်။
လီယန် လိမ့်ကျသောနေ့မှစ၍ သူမက ထိုနေရာသို့ ရောက်မလာရန် ကြိုးစားခဲ့ရသည်။ ထိုနေရာသို့ ဖြတ်သွားရမည့်အစား ၎င်းကို ကွေ့ဝိုက်ထားသော လမ်းအရှည်ကြီးကိုသာ ရွေးချယ်လိုက်ချင်သည်။
သို့သော်လည်း ယနေ့တွင် ကောင်းကင်က မဲမှောင်နေခဲ့လေပြီ။ သူမသာ အထပ်ရာချီ လှေကားထစ်ကို မဖြတ်ချင်ပါက တောင်တစ်ဖက်မှ လမ်းကို ဖြတ်၍ သွားရမည် ဖြစ်သည်။ တောင်ပတ်လမ်းက အနည်းငယ် မှောင်ရိပ်ကျပြီး လမ်းပေါ်မှ လမ်းမီးများစွာကလည်း ပျက်နေသေးသည်။ သူမက သူမတစ်ယောက်တည်း တောင်တက်လမ်းကို ကွေ့မသွားရဲပါပေ။
သူမက လမ်းမီးအောက်တွင် တောက်ပနေသော အထပ်ရာချီ လှေကားထစ်ကို ကြည့်လိုက်သည်။ သူမက ပလပ်စတစ်အိတ်များကို တင်းတင်းကြပ်ကြပ် ကိုင်ကာ သူမ၏ ခြေဖျားကို လှေကားထစ်ပေါ်သို့ ချလိုက်သည်။
လီရှောင်နှင့် လီယန်တို့၏ မိသားစုများက အလွန်ကောင်းသော ဆက်ဆံရေးရှိကြသည်။ ထို့ကြောင့် သူတို့အတွက် အိမ်ဝယ်သည့်အချိန် ရောက်လာသောအခါ အချင်းချင်း နီးကပ်ကြသည့် ပတ်ဝန်းကျင်ရှိသည့် အိမ်များကိုသာ အထူးတလှယ် ဝယ်ယူခဲ့ကြသည်။ မိသားစုနှစ်စုက လုပ်စရာ မရှိလျှင် အချင်းချင်း၏ အိမ်တံခါးကိုသာ ခေါက်လာကြမည် ဖြစ်သည်။ ပြဿနာများ ရှိလာပါကလည်း မိသားစုနှစ်စုက အချင်းချင်း ကြည့်ရှု စောင့်ရှောက်ကြမည် ဖြစ်သည်။ လီရှောင်က သုံးရက်တာတိုင်း လီယန်၏ အိမ်တွင် နေထိုင်ရန် အိမ်နှစ်အိမ်ကြား ပြေးလွှားနေရပေသည်။
သို့သော်လည်း လီယန် မတော်တဆမှုမှ ဆေးရုံဆင်းပြီးလာသောအခါ လီရှောင်က သူမ၏ အိမ်တွင် အချိန် အတော်ကြာ ရှိမနေခဲ့ပေ။
အထပ်တစ်ရာ လှေကားထပ်ထိပ်တွင် ရပ်နေသူမှာ မိန်းမတစ်ယောက် ဖြစ်နေခဲ့သည်။ လမ်းမီးတိုင်လေးမှ မီးရောင်ဖျော့ဖျော့က သူမကို ထိခတ်နေပြီး ၎င်းက သူမ၏ နောက်ကျော အရိပ်ကို သူမက မျောလွင့်နေသည့်အလား ထင်မှတ်မှားသွားရစေသည်။
လီရှောင်က နေရာမှာပင် အမှတ်တမဲ့ ရပ်လိုက်သည်။ သူမ ခုနက ကြည့်လိုက်တုန်းက အဲ့နေရာမှာ ဘယ်သူမှ မရှိတာ သေချာပါတယ်.... မဟုတ်သေးဘူး... ဒါက အရေးကြီးဆုံး အချက် မဟုတ်သေးဘူး... အရေးအကြီးဆုံး အချက်က ဒီလူရဲ့ နောက်ကျောက ဘာလို့ လီယန်နဲ့ တူနေရတာလဲ...
သူမက လီယန်၏ မတော်တဆမှု ဖြစ်ခဲ့သည့်ညကို မှတ်မိနေဆဲပင်။ လီယန်ကလည်း တူညီသည့် အမျိုးသမီးဝတ် ကျောင်းဝတ်စုံပုံစံ တဆက်တည်း ဂါဝန် နေဗီပြာရောင်လေးကို ဝတ်ထားခဲ့သည်။ သူမ၏ အနက်ရောင် ဆံနွယ်ရှည်များက ခါးအထိ ဝဲကျနေပြီး အဖျားတွင် အကွင်းလေးများသဖွယ် ကောက်ကွေးနေသည်။
လီရှောင်က ထိုပုံရိပ်၏ နောက်ကျောကို တစ်ခဏမျှ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ သူမက လမ်းမီးတိုင်အောက်တွင် မလှုပ်မယှက် ရပ်နေခဲ့ခြင်း ဖြစ်သည်။
"ဝမ်းကွဲအစ်မ" လီရှောင်က ခြေတစ်လှမ်းတိုးကာ သူမကို အော်ခေါ်လိုက်သည်။ မကြာသေးခင်က လီယန် အလုပ်တစ်ခု ရသွားပြီဟု သူမ၏ မိဘများထံမှ ကြားသိခဲ့ရသည်။ သူမ အခု အလုပ်ဆင်းလို့ အိမ်ပြန်လာတာ ဖြစ်နိုင်လောက်လား...
လမ်းမီးတိုင်အောက်မှ အမျိုးသမီးက ပြန်ဖြေမလာပေ။ လီရှောင်က သူမကို ထပ်ခေါ်လိုက်ပြီး ဆက်လျှောက်သွားကာ အမျိုးသမီး၏ မီတာတစ်ဝက်ခန့် အကွာအဝေးတွင် ရပ်လိုက်သည်။ သူတို့အနီးအနားမှ လေထုက ရှင်းမပြနိုင်လောက်အောင်ပင် ထူးဆန်းနေခဲ့သည်။ ထိုအမျိုးသမီး၏ နောက်ကျောက လီယန်နှင့် တူနေသည်ဟူသော အချက်ကြောင့်သာ မဟုတ်ခဲ့ပါက သူမက မမြင်ချင်ယောင်ဆောင်ကာ ခပ်မြန်မြန် ကျော်သွားလိမ့်မည် ဖြစ်သည်။
လီရှောင်က ညာခြေကို မကာ အနီးကပ်ကြည့်ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ထိုမိန်းမက လဲကျသွားပြီး အထပ်တစ်ရာ လှေကားထစ်မှ လိမ့်ကျသွားသည်။ လီရှောင်၏ ထိတ်လန့်သွားမှုက ပေါ့သေးသေး မဟုတ်ပေ။ သူမ၏ လက်များက ရုတ်တရက် ပြေလျော့သွားပြီး ပလပ်စတစ်အိတ်များက "ဘုတ်" ဟူသော အသံဖြင့် ကွန်ကရစ် လူသွားလမ်းလေးပေါ် ကျသွားလေသည်။
ပစ္စည်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲသွားပြီး လီရှောင်က ပထမဆုံး လှေကားထစ်ဆီ အပြေးသွားလိုက်သည်။ မကြာသေးခင်က ထိုအမျိုးသမီး ရပ်နေခဲ့သော နေရာတွင် ရပ်ကာ ငုံ့ကြည့်လိုက်လေသည်။
ထိုနေရာတွင် မည်သူမျှ ရှိမနေပါပေ။
သူမ အမျိုးသမီး တစ်ယောက် လဲကျသွားသည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်သော်လည်း ထိုနေရာတွင် မည်သူမှ ရှိမနေခဲ့ပေ။
"နင် ငါ့ကို ရှာနေတာလား" မိန်းမတစ်ယောက်၏ အသံက နောက်ပါးမှ အေးတိအေးစက် ထွက်ပေါ်လာခဲ့သည်။ ထိုမည်းမှောင်နေသော လေသံအနေအထားက လီရှောင်၏ နှလုံးသားကို ခပ်မြန်မြန် တုန်လှုပ်လာစေခဲ့သည်။ သူမ ကြည့်ထားသမျှ သဲထိတ်ရင်ဖို ဇာတ်ကားများက သရဲဇာတ်ကွက် အစုအဝေးများ၏ ဖြတ်ညှပ်ကပ်တစ်ခုလိုပင် တစ်ချိန်တည်းမှာပင် သူမ၏ ဦးနှောက်ထဲတွင် အနှေးကွက် ပြန်ပြလာခဲ့သည်။
လီရှောင်က တုန်လှုပ်သွားပြီး တဆတ်ဆတ် တုန်ယင်ကာ ပြန်လှည့်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း တူညီသော ပုံရိပ်လေး တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်၌ ၎င်းက လေတွင် ပျံဝဲနေခြင်းက လွဲ၍ပင်။
"အား...." သူမ၏ နှလုံးသားထဲမှ ကြောက်လန့်မှုတို့ကို နောက်ထပ် ဖိနှိပ်ထား၍ မရနိုင်တော့ပေ။ လီရှောင်က ရုတ်တရက် သူမ၏ ခြေထောက်များ ပျော့ကျသွားပြီး လှေကားထစ်များမှ ချော်ကျသွားလေသည်။
........
လီယန်က မီးဖိုချောင်ထဲမှ ဘဲလ်သံကြောင့် နိုးလာခဲ့သည်။
သူမက မျက်လုံးကို တွန့်ဆုတ်ဆုတ်ဖြင့် ဖွင့်လိုက်သည့်နောက် မနီးမဝေး၌ အရပ်ရှည်ရှည် နောက်ကျောလေးက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေလေသည်။ ကောင်းပြီလေ... သူ့နောက်ကျောကိုပဲ မြင်ရပေမယ့် သူ့မှာ အရမ်းကောင်းတဲ့ ခန္ဓါကိုယ်ရှိမယ်ဆိုတာ ပြောနိုင်တယ်...
သူမ၏ မျက်လုံးများက ထိုယောကျ်ား၏ နောက်ကျောကို တစ်မိနစ်မျှ စွဲစွဲမြဲမြဲ ကြည့်လိုက်သည်။ လီယန်က ဆိုဖာမှ ထရပ်ကာ သူမ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အခန်းက အလင်းရောင်ရပြီး ကျယ်ဝန်းကာ သန့်ရှင်းသပ်ရပ်နေသည်။ ၎င်းကို အလွန် တန်ဖိုးကြီးပုံစံဖြင့် ပြင်ဆင်ထားသည်။ ထိုအိမ်က သူမ၏ ကိုယ်ပိုင်အိမ် မဟုတ်ပါသော်လည်း အလွန် သက်သောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။
လီယန်က သူမ၏ ကျောပေါ် ကာလွှမ်းထားသော စောင်ပါးလေးကို ကြည့်ကာ သူမ၏ ဘောစ့်အိမ်၌ တစ်ညတာ နေထိုင်ခဲ့မိသည်ကို သတိရမိသွားသည်။
"အိုး... မနက်စာ ပြင်တဲ့သူက ကျွန်မ ဖြစ်သင့်တာကို" လီယန်က မီးဖိုချောင်ထဲသို့ လျှောက်လာခဲ့သည်။ သူမက တောက်ပြောင်နေသော သံအိုးများကို ကြည့်ကာ ရှင်းမပြနိုင်ဖွယ်ရာ ရင်းနှီးနေသည့် တစ်ခုခု ရှိနေကြောင်း ခံစားလိုက်ရသည်။
မော့ကျန်းက လှည့်ကြည့်ကာ သူမ၏ ရှုပ်ပွနေသော ခေါင်းလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ် ပြန်လှည့်ကာ မုန်လာဥနီများကို ဆက်ဖြတ်နေခဲ့သည်။
"မလိုပါဘူး... မကြာခင် အဆင်သင့် ဖြစ်တော့မှာ"
"အာ... ကောင်းပြီလေ" လီယန်က မုန်လာဥနီအတုံးလေးများကို ကြည့်လိုက်သည်။ ထိုဓါးချက်က သူမ လုပ်ခဲ့သမျှထက် ပို၍ ကျွမ်းကျွင်လှသဖြင့် သူမက အလိုမကျ ဖြစ်မနေတော့ပေ။ လီယန်က ရေချိုးခန်းဘက်သို့ လှည့်ကာ ခြေနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ခေါင်းကို ခါယမ်းကာ မော့ကျန်းကို ကြည့်လာခဲ့သည်။
"ရှင် ဘယ်အချိန်တုန်းက နိုးနေတာလဲ"
“အခုလေးတင်ပဲ" မော့ကျန်းက အဖုံးကို ဖွင့်၍ မုန်လာဥနီများကို အိုးထဲသို့ ထည့်လိုက်သည်။ သူသာ လီယန် နိုးလာသည့်အချိန်၌ ဗိုက်ဆာလိမ့်မည်ဟူသော အချက်ကို မတွေးမိပါက မော့ကျန်းမှာ နေ့လည်စာ မစားရန် သေချာပေါက် ရွေးချယ်မိမည်သာပင်။ သူက အားယောင်ထံမှ အဖြူရောင်နတ်ဆိုး ယာဂု ချက်ပြုတ်နည်းကို လေ့လာထားခဲ့သည်။ ၎င်းကို အဖြူရောင်နတ်ဆိုးယာဂု #2 ဟု ခေါ်ဆိုရမည်ပင်။
၎င်းက ချက်ပြုတ်ရန် လွယ်ကူပြီး အရသာကလည်း မဆိုးဝါးပါဘဲ ပျင်းရိသော လူများအတွက် အလွန် သင့်တော်ပေသည်။
လီယန်က မော့ကျန်း၏ နောက်ကျောပြင်ကို ကြည့်ကာ သူမ၏ အပြစ်ရှိစိတ်တို့က ယိမ်းခါနေပေသည်။ လူချောလေးတစ်ယောက်၏ နောက်ကျောပြင်က သူမ၏ အပြစ်ရှိညွှန်းကိန်းအပေါ် တိုက်ရိုက်ဆန်သော ပုံရိပ်တစ်ခု ရှိနေပေသည်။
သူမကတော့ လာမဲ့ အားလပ်ရက်ကို အခွင့်ကောင်းယူပြီး ကားမောင်းကျင့်ရတော့မယ်... ဒါမှ အနည်းဆုံးတော့ မော့ကျန်းက မနက်တိုင်း ကားထဲမှာ အိပ်ရင်း အချိန်ဖြုန်းနိုင်မှာပေါ့....
လီယန်က သူမ၏ လက်များကို သာမန်ကာလျှံကာ ဆေးကြောကာ ရေချိုးခန်းထဲမှ ထွက်လာချိန်၌ ဆိုဖာပေါ်တွင် ပစ်ချထားခဲ့သော သူမ၏ ဖုန်းက စတင် မြည်လာခဲ့သည်။ သူမက ဖုန်းဆီသို့ လျှောက်လာပြီး ကြည့်လိုက်ရာ သူမ၏ အမေ ဖြစ်နေပေသည်။ "မားမား... ဘာဖြစ်လို့လဲ"
"ယန်ယန်... သမီး အလုပ်မှာပဲလား"
"အင်း... အခု နေ့လည်စာ စားတော့မလို့... အလုပ်က နေ့လည်ပိုင်းစမှာလေ... ဘာဖြစ်လို့လဲ"
"ရှောင်ရှောင် မနေ့ညကတုန်းက သမီး မတော်တဆ ဖြစ်ခဲ့တဲ့ အထပ်တစ်ရာ လှေကားထစ်နေရာမှာ ရုတ်တရက် မေ့လဲသွားလို့... နေ့လည်ပိုင်း အချိန်ရရင် သူ့ကို သွားကြည့်လိုက်အုံး"
လီရှောင်က မေ့လဲသွားတယ်လား...
လီယန်၏ မျက်လုံး အရောင်များ ပြောင်းလဲသွားပြီး မေးလာခဲ့သည်။ "အခု သူ ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား"
"သူက ဒဏ်ရာတော့ ရမသွားပါဘူး... ကြည့်ရတာ သေလောက်အောင် ကြောက်သွားတဲ့ပုံပဲ"
"အာ... သိပြီ... သူ့ကို အချိန်ယူပြီး လာကြည့်လိုက်ပါ့မယ်"
မော့ကျန်းက မီးဖိုချောင်ထဲမှ ထွက်လာသောအခါ အဖြူရောင် ယာဂုတစ်ပန်းကန် သယ်လာခဲ့သည်။ လီယန်၏ ဘယ်လက်က ဖုန်းကိုင်ထားပြီး သူမ၏ အမူအယာက စိုးရိမ်ပူပန်နေဟန် ပေါ်သည်။
"ဘာကိစ္စလဲ" မော့ကျန်းက သူ့လက်ထဲမှ ပစ္စည်းများကို ချကာ လီယန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဘောစ့် နေ့လည်ပိုင်း နှစ်နာရီလောက် ခွင့်ယူလို့ ရမလား... ကျွန်မရဲ့ ညီမလေး တစ်ခုခု ဖြစ်သွားလို့ သွားကြည့်ချင်တယ်"
ညီမလား... ရှန်းယွမ်ဇယ် အရင်က လီယန်ရဲ့ ဝမ်းကွဲ ညီမလေး နာမည်က လီရှောင်လို့ ခေါ်မှန်း ပြောခဲ့ဖူးတယ်...
"သူ ဘာဖြစ်သွားတာလဲ" မော့ကျန်းက မေးနေရင်းဖြင့် အဖြူရောင် ယာဂုကို ပန်းကန်လုံးအလွတ် နှစ်ခုထဲသို့ ခွဲထည့်လိုက်သည်။
"သူ ရုတ်တရက် မူးလဲသွားလို့... ကိစ္စကြီးတော့ မဟုတ်ပါဘူး"
"အာ... အဆင်ပြေသွားမှာပါ"
Xxxxx