Chapter 60
အစာအိမ်နာ
မော့ကျန်းက ခွင့်ပြုလိုက်သည်နှင့် အဖြူရောင်ယာဂုကို တစ်ဇွန်းအပြည့်ခပ်ကာ အကြိမ် အနည်းငယ်မျှ မှုတ်လိုက်ပြီးနောက် သူမ၏ ပါးစပ်အတွင်းသို့ သွပ်လိုက်သည်။
"အာ... ဘောစ့်... ဒီ အဖြူရောင်ယာဂုက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"
သူမက မော့ကျန်းကို လက်မထောင်ပြလိုက်သည်။
မော့ကျန်း: “…”
သူ အခု သံသယ ရှိနေပြီ... သူမရဲ့ မှတ်ဥာဏ်တွေ တကယ် ပျောက်သွားတာလား...
လီယန်က ယာဂု နှစ်ပန်းကန်ကို မြန်မြန် အပြောင်ရှင်းလိုက်ပြီးနောက် လီရှောင်၏ အိမ်သို့ အပြေးရောက်သွားသည်။ လီရှောင်၏ အိမ်က အလွန် အသက်ဝင်နေသည်။ သူမ၏ မိဘများသာမက လီယန်၏ မိခင်ပါ ရောက်နေသည်။ ရှန်းယွမ်ဇယ်သည်ပင် ရောက်ရှိနေသည်။
လီယန်က ဗယ်လင်တိုင်းဒေးကတည်းက ရှန်းယွမ်ဇယ်ကို မတွေ့ခဲရပေ။ သူတို့ အရင်က ဖုန်းထဲတွင် နှစ်ကြိမ် စကားပြောခဲ့သော်လည်း တွေ့ဆုံရသည့်အခါ၌ ရှက်ရွံ့မှုအချို့ ရှိနေဆဲ ဖြစ်သည်။ ကံအားလျော်စွာဖြင့် သူမအတွက် ရှက်ရွံ့နေရန် အချိန် မရှိပေ။ အကြောင်းမှာ သူမက မော့ကျန်းထံမှ နှစ်နာရီသာ ခွင့်ယူထားခဲ့သည်ကြောင့်ပင်။ သူမ လီရှောင်ထံသို့ လာလည်ပြီးသွားသည်နှင့် ပြန်သွားကာ နွားလို မြင်းလို ဆက်နေရအုံးမည်ဖြစ်သည်။
အာ... ဒီကိစ္စမှာ မော့ကျန်းက ပိုပြီး နွားနဲ့ မြင်းနဲ့ ပိုတူနေတယ်လို့ ခံစားရပေမယ့်ပေါ့... သူ လီရှောင်၏ အိမ်သို့ စီးလာခဲ့သည့် တက္ကစီကပင် မော့ကျန်း ခေါ်ပေးထားခဲ့ခြင်း ဖြစ်သည်။
လီရှောင်က သူမ၏ ကိုယ်ပိုင် အိပ်ရာပေါ်တွင် အနားယူနေခဲ့သည်။ သူမ၏ မျက်နှာက အနည်းငယ် ဖျော့တော့နေဆဲ ဖြစ်ပြီး သူမက ထိတ်လန့်မှုအကြီးကြီး ရသွားခဲ့ပုံပေါ်သည်။ ဒါပေမယ့် သူမက ဘာတွေ မြင်ခဲ့လို့ ဒီလောက်ကြောက်သွားတဲ့ပုံပေါ်နေတာလဲ...
လီယန် ဝင်လာသည်ကို တွေ့သောအခါ လီရှောင်၏ မျက်နှာက ပို၍ ဖျော့တော့လာသည်။ ယခင်က သူတို့နှစ်ယောက်အကြား ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခဲ့သော်လည်း သူတို့ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ပို၍ ဝေးကွာလာကြသည်။ လီယန်က နေရာမှာပင် ရပ်နေလေသည်။ သူမက မည်သည့်စကားဆိုရမည်အား တစ်ခဏမျှ မသိခဲ့တော့ပေ။
လီရှောင်က လီယန်ကို ကြည့်လိုက်သည်။ သူမက ကြည့်ရင်း ကြည့်ရင်းဖြင့် အဆုံးတွင် အော်ဟစ်ငိုယိုလာခဲ့သည်။
"ဝမ်းကွဲအစ်မ... ကျွန်မ တမင်သက်သက် တွန်းချလိုက်တာ မဟုတ်ပါဘူး"
လီယန်က နေရာမှာပင် အေးခဲသွားလေသည်။ သူမက အချိန်အတော်ကြာ သတိလစ်နေခဲ့သော်လည်း ထိုညက ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
တစ်ယောက်ယောက်က သူမကို အနောက်မှ တွန်းချလိုက်တာပင်။
သူမနှင့် အနီးဆုံး လီရှောင်မှ လွဲ၍ အခြားသူကို မစဥ်းစားမိပါချေ။ သို့သော်လည်း လီရှောင်ကိုယ်တိုင် ဝန်ခံလာသည်ကို ကြားလိုက်ရသောအခါ သူမက အနည်းငယ် ရှောခ့်ရသွားဆဲ ဖြစ်သည်။ သူမက လီရှောင် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ လုပ်ခဲ့သည်ကို တွေးမရနိုင်ဆဲပင်။ ဤတစ်ချိန်လုံး သူမက ထိုအကြောင်းကို မည်သူကိုမှ မပြောပြခဲ့ပေ။ သူမက လီရှောင် အမူးလွန်ပြီး သူမကို မတော်တဆ တွန်းလိုက်မိမှာကို စိုးရိမ်နေခဲ့သည်။ အဆုံးတွင် ထိုည၌ လူတိုင်းက အလွန်အကျူး သောက်ခဲ့ကြသည်ပင်။ သူမက မည်သူ့ကိုမှ အပြစ်မတင်လိုခဲ့။
နှစ်ယောက်သားက ထိုအကြောင်းကို အပြန်အလှန် မပြောခဲ့ကြသော်လည်း ထိုကိစ္စက လူနှစ်ယောက်၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်း ကြီးထွားလာသကဲ့သို့ပင်။
"အစ်မ ဘွဲ့ရတဲ့နေ့က ယွမ်ဇယ်ကောကောကို ဖုန်းခေါ်ပြီး မကြာခင် အမေရိကနေ ပြန်လာတော့မှာလားလို့ မေးခဲ့တယ်..." လီရှောင်၏ မျက်လုံးများက မျက်ရည်များ ပြည့်နေပြီး သူမ စကား ပြောလာသည့်အချိန်တိုင်း မျက်ရည် တစက်ချင်းစီ ကျဆင်းနေခဲ့သည်။
"သူက အစ်မကို လက်ထပ်ဖို့ ပြန်လာမှာတဲ့"
လီယန်မှာ သူမ၏ ဝန်ခံလာမှုကြောင့် ရှော့ခ်ရသည်မှ ပြန်လည်သက်သာ မလာသေးခင်မှာပင် လီရှောင်က နောက်ထပ် ဗုံးအကြီးကြီး တစ်လုံးကို သူမအပေါ် ပစ်ချလာခဲ့သည်။
သူမကို လက်ထပ်မယ်... အရင်က ဒီအကြောင်းကို ဘာလို့ မကြားခဲ့ဖူးပါလိမ့်...
"သူ အစ်မကို ကြိုက်နေပြီးတော့ ပြန်လာတာနဲ့ သေချာပေါက် ချစ်ခွင့်ပန်လိမ့်မယ်ဆိုတာ သိထားပေမယ့် သူ အစ်မကို လက်ထပ်ခွင့် တောင်းချင်နေတာလို့ ထင်မထားခဲ့ဘူး"
လီယန်၏ နှုတ်ခမ်း တင်းကြပ်သွားလေသည်။ သူက ဗယ်လင်တိုင်းနေ့ ထိုသူတွင် သူမကို ချစ်ခွင့်သာပန်ခဲ့ပြီး လက်ထပ်ခြင်းနှင့် ပတ်သက်၍ မည်သည်ကိုမှ စကားမဟခဲ့ပေ။ သူမ သတိမေ့နေတဲ့ ကာလအတွင်းမှာ ကိစ္စအများကြီးကို သိလျက်နဲ့ လျစ်လျူရှုထားမိတာလား... သူမက မသိလိုက်မသိဘာသာနဲ့ ကျော်သွားမိတဲ့ ကိစ္စတွေများ ရှိနေမလား...
ဥပမာ... လီရှောင်က ရှန်းယွမ်ဇယ်ကို အမြဲတမ်း ကြိုက်နေခဲ့တယ် ဆိုတာမျိုးပေါ့...
သူမနှင့် လီရှောင်တို့ ရှန်းယွမ်ဇယ်ကို ပထမဆုံးအကြိမ် အတူတကွ တွေ့ခဲစဥ်က သူမက ဆယ့်သုံးနှစ်ပြည့်ရုံသာ ဖြစ်ပြီး လီရှောင်ကလည်း ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ လီမိသားစုနှင့် ရှန်းမိသားစုတို့က အမြဲတမ်း စီးပွားရေး အဆက်အသွယ်များ ရှိခဲ့ကြပြီး လီဘိုးဘိုးနှင့် ရှန်းဘိုးဘိုးတို့သည်ပင် သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။ ထိုနေ့က သူတို့ ရှန်းမိသားစုနှင့် ညစာစားပွဲကြီး လုပ်ခဲ့ကြသည်။ လီရှောင်က အဲ့နေ့ကတည်းက ရှန်းယွမ်ဇယ်ကို ကြိုက်နေခဲ့တာများလား...
"အဲ့နေ့က စိတ်အခြေအနေ မကောင်းလို့ အစ်မတို့နဲ့ ဘွဲ့ရပါတီမှာ အတူပါဖို့ ကျွန်မကို ခေါ်တဲ့အချိန်တုန်းက မငြင်းလိုက်ပေမဲ့ အစ်မတို့တွေ တပျော်တပါး ကစား နေကြတာတွေ့တော့ ဘာလို့မှန်းမသိ ကျွန်မ အရမ်း ဒေါသထွက်သွားလို့ ဝိုင်တွေ အများကြီး သောက်မိသွားတယ်... ကျွန်မထင်တာ သောက်လိုက်ရင် အရမ်း ခါးသီးတဲ့ ခံစားချက်တွေ ပျောက်သွားမယ်လို့လေ"
ထိုညက လီယန်၏ အခန်းဖော်က လက်ထပ်တော့မည်ဟု ကြေညာခဲ့ပြီး ထို့ကြောင့်ပင် ထိုတစ်ညလုံး၏ စကားအကြောင်းအရာက လက်ထပ်ခြင်းဟူသော စကားလုံးမှ သွေဖယ်မသွားခဲ့ပေ။ သူမက အထပ်တစ်ရာ လှေကားထစ်ကို ဖြတ်သွားချိန်၌ လီယန် ရှန်းယွမ်ဇယ်ကို လက်ထပ်မည့်အချိန်၌ ဖြစ်နေမည့် မျက်နှာကို မြင်ယောင်လာပြီး မနေနိုင်ဘဲ ဒေါသထွက်သွားရသည်ကို မှတ်မိနေပါသေးသည်။ အယ်လ်ကိုဟောက သူမ၏ ဒေါသများကို လောင်စာထည့်ပေးနေပြီး ထို့ကြောင့် သူမ အသိပြန်ဝင်လာသည့်အချိန်၌ လီယန်ကို တွန်းချမိပြီးသွားလေပြီ။
"ဒါတွေအားလုံး ကျွန်မ အမှားပါ... အဲ့ကတည်းက အိမ်မက်ဆိုးတွေ အမြဲမက်တယ်... အစ်မသာ နိုးမလာဘူးဆိုရင် ကျွန်မ ရူးသွားလောက်မှာပဲ"
လီယန်က အထပ်တစ်ရာ လှေကားထစ်ထိပ်မှ သရဲမအကြောင်းကို တွေးလိုက်မိသည်။ ၎င်းက သူမ၏ နှလုံးသားထဲမှ နက်နဲလှသော စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှာ တစ်ခုသာ ဖြစ်ရမည်။
"နောက် အစ်မနိုးလာတော့... ကျွန်မ လုပ်ခဲ့တာကို ပြောပြလိုက်ဖို့ ကြောက်နေတုန်းပဲ... အမေသာ သိသွားရင် သေအောင်ရိုက်မှာ"
"မဟုတ်ဘူး... ဒီကိစ္စမှာ ငါလည်း အမှားမကင်းဘူး" လီယန်၏ နှလုံးသားက မတည်ငြိမ်နိုင်သေးပေ။ သူမနှင့် လီရှောင်က အတူတကွ ကြီးပြင်းလာခဲ့သည်။ လီရှောင် ရှန်းယွမ်ဇယ်ကို ကြိုက်နေခဲ့သော်လည်း သူမက သတိမထားမိခဲ့ပေ။ လီရှောင်၏ နှလုံးသား မသက်မသာ ဖြစ်ရသည်ကိုပင် လီယန်က မမြင်နိုင်ခဲ့။ လီရှောင်က သူမ၏ ဘွဲ့ရပါတီသို့ မလိုက်ချင်သည်ကိုပင် သူမက သတိမထားမိခဲ့ပေ။ ပြီးတော့ သူမကို ပြုံးနေရန်အတွက် တိုက်တွန်းခဲ့မိသေးသည်။
ထိုခံစားချက်မျိုးက ကြောက်မက်ဖွယ်ကောင်းလှသည်။ ရှန်ပူပြောခဲ့သည်က မှန်ပြီး သူမ၏ Qနှစ်လုံးက အလွန်နိမ့်ကျနေလောက်သည်ဟု ခံစားနေရသည်။ (TN: EQ & IQ)
"နင် ငါ့ကို တွန်းချဖို့ မရည်ရွယ်ခဲ့ဘူးမလား"
လီရှောင်က လီယန်ကို မော့ကြည့်လိုက်သည်။ သူတို့ဘေးနားမှာ အချိန်က သူမ ရှစ်နှစ်ပြည့်သည့်နှစ်သို့ ပြန်ရောက်သွားဟန်တူသည်။ သူမက သူမအမေ အကြိုက်ဆုံး ပန်းအိုးကို ခွဲမိသွားပြီး တစ်နေ့လုံး အပြစ်ပေးခံခဲ့ရသည်။ ထိုအချိန်က သူမကို တိတ်တိတ်လေး လာတွေ့ပြီး အစာလာကျွေးသူမှာ လီယန်သာပင်။ သူမက ရယ်မောကာ တူညီသော အရာကိုပင် ပြောလာခဲ့သည်။
"နင် မရည်ရွယ်ခဲ့ဘူးမလား"
သူမ၏ နှလုံးသားထဲမှ အပြစ်ရှိစိတ်များနှင့် နောင်တများက ပင်လယ်ထဲမှ ဒီရေလှိုင်းလုံးကြီးကဲ့သို့ မြင့်တက်လာခဲ့သည်။ သူမက သောက်ထားရင်တောင် ဒေါသထွက်နေရင်တောင် ဒီလူကိုတော့ မတွန်းချသင့်ဘူးမလား...
ကျယ်လောင်သော အော်ငိုသံက အခန်းတစ်ခုလုံးတွင် ပျံ့နှံ့လာခဲ့သည်။ လီယန်က ကလေးငယ် တစ်ယောက်လိုပင် ပေါက်ကွဲထွက်လာပြီး ဆက်လက်ငိုကြွေးနေသော လီရှောင်၏ ဘေးတွင် တိတ်တိတ်လေးရပ်နေခဲ့သည်။
အချိန်အတော်ကြာလာသည့်အခါ လီယန်က အိပ်ရာဆီသို့ သွားကာ ထိုင်ချလိုက်ပြီး ငိုနေဆဲ ဖြစ်သည့် လီရှောင်ကို ပုတ်ပေးလိုက်သည်။
"ငါ ယွမ်ဇယ်ကောကောကို ဒီအကြောင်း ပြောပြမှာ မဟုတ်ဘူး"
အားနည်းနေသော လီရှောင်က မူလတွင် ငိုကြွေးနေဆဲ ဖြစ်သော်လည်း ထိုအကြောင်းကို ကြားသောအခါ မျက်ရည်များအကြားမှ ဆို့နင့်သွားလေသည်။
"ကျွန်မ ပြောပြီးသွားပြီ ဘယ်တော့မှ ကျွန်မကို စကားမပြောတော့ဘူးလို့ ပြောသွားတယ်"
လီယန်: “…”
ကြည့်ရတာ တစ်ယောက်ယောက်က မကောင်းတာ တစ်ခုခုလုပ်ရင် အမြဲတမ်း တစ်နည်းနည်းနဲ့ ပြန်ပေးဆပ်ကြရမှာပဲ ထင်တယ်...
...
လီယန်က မော့ကျန်းနားနေသည့် အချိန်၌ နှစ်နာရီအချိန်လေးအတွင်းမှာပင် စတူဒီယိုသို့ အပြေးရောက်သွားရသည်။
လီယန် ခေါင်းငုံ့ထားသည်ကို တွေ့ရသောအခါ မော့ကျန်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့။
"ဘာဖြစ်လို့လဲ"
"ဘောစ့်... ကျွန်မက တော်တော်တုံးတာပဲနော်"
မော့ကျန်းက အံ့အားသင့်သွားသည့် အမူအယာဖြင့် မျက်ခုံးပင့်လိုက်သည်။
"မင်း အခုမှ နားလည်သွားတာလား"
“…” သူမကတော့ ဘောစ့်နဲ့ ထပ်ပြီး စကား မပြောချင်တော့ဘူးနော်...
"အဟွတ်... ငါပြောချင်တာ မင်း ကိုယ့်ဘာသာကိုယ် တုံးတယ်လို့ နားလည်နိုင်ရင် မင်းက အဲ့လောက်ထိ မတုံးဘူးလို့ ဆိုလိုတာပဲ"
“…” ကောင်းပါပြီလေ... သူမကလည်း ဒီတစ်ယောက်ဆီ တည့်တည့်လာမိသွားတာကိုး...
"ဒါနဲ့လေ... အခု ပြေးလွှားနေရတာ သိပ်အဆင်မပြေဘူးလို့ မခံစားရဘူးလား .. မင်းငါ့အိမ်ဆီ ရွှေ့လာပြီး ငါနဲ့ အတူတူလာနေရင်ရော"
“!!!!”
.............
ယနေ့ ရိုက်ကူးရေး အဆုံးမသတ်ခင်အထိ လီယန်မှာ "ငါ့အိမ်ဆီ ရွှေ့လာပြီး ငါနဲ့အတူတူလာနေ" ဟူသော လေပွေဝဲဂယက် ထဲတွင် ပိတ်မိနေဆဲ ဖြစ်သည်။
လီယန်က ပြတင်းပေါက်မှ တဆင့် သူမ၏ ကိုယ်ပိုင်အိမ်နှင့် ဝေးသထက် ဝေးဝေး ပြေးလာနေသည့် အပြင်ဘက် ရှုခင်းများကို ကြည့်ကာ မော့ကျန်းကို လှမ်းကြည့်လိုက်သည်။
"လမ်းပျောက်သွားတာလား"
မော့ကျန်းက သူမကို ကြည့်ကာ သူမ၏ အမေးကို စိတ်ထဲမထည့်လိုက်ပေ။
"ငါ ဒီလမ်းကို လေးနှစ်ကျော် ငါးနှစ်နီးပါး မောင်းလာတာ... လမ်းပေါ်က ကင်မရာတွေရဲ့ အနေအထားကိုတောင် အရမ်း ရင်းနှီးနေသေးတယ်"
လီယန်၏ နှုတ်ခမ်း လှုပ်ရှားလာသော်လည်း ထပ်ပြီး စကားဆိုမလာခဲ့ပေ။ ယနေ့ သူမက ဘောစ့်၏ ဆိုဖာပေါ်၌ နောက်ထပ် ပျော်ပျော်ရွှင်ရွှင် ထပ်လှိမ့်နိုင်လေပြီ...
"သရဲကျောင်း"က သဲထိတ်ရင်ဖို ရုပ်ရှင် ဇာတ်ကား ဖြစ်၍ ဇာတ်ကြောင်း၏ တစ်ဝက်ကျော်က ညအချိန်တွင် ဇာတ်အိမ်တည်ထားသည်။ ရိုက်ကူးရေးအဖွဲ့က များသောအားဖြင့် မနက်ပိုင်းတွင် အနားယူပြီး ထို့နောက် ရိုက်ကူးရေးကို မွန်းလွဲပိုင်းတွင် ပြန်လည်စတင်ကာ နောက်တစ်နေ့မနက် 4နာရီ ငါးနာရီလောက်ထိ ဆက်ရိုက်လေ့ရှိသည်။
လီယန်က သက်ပြင်းချလိုက်သည်။ သူမ ထိုလမ်းကြောင်းအတိုင်း ဆက်သွား၍ မဖြစ်ပေ။ သူမ၏ နေ့နှင့် ညအချိန်များကို မွှေနှောက်လိုက်ခြင်းက သေချာပေါက် အချိန်အကြာကြီး ဆက်သွားနေမည် ဖြစ်ပြီး သူမ၏ မိသားစုကို ပြောရန် ဆင်ခြေများကလည်း ကုန်သွားလေပြီ။ ဝတ္ထု အယ်ဒီတာ တစ်ယောက်က နေ့တိုင်း အချိန်ပိုဆင်းဖို့ ဖြစ်နိုင်ပါ့မလား...
ကားမောင်းလေးကျင့်ဖို့ကတော့ ဝေးရော...
မော့ကျန်းက ယနေ့တွင် ဘန်ထလေကားကို မောင်းလာခဲ့သည်။ လီယန်က ထို "နေ့တိုင်းမှာ မတူတဲ့ကား" အပြုအမူအတွက် ပြောစရာ မရှိပါပေ။ နောက်ဆုံးအကြိမ် ခရစ်ဒစ်ကဒ်ကို အသုံးပြုခဲ့သည့် အချိန်ကတည်းက သူမက ထိုကိစ္စမျိုးအတွက် တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိတော့။ သူမက အနောက်တိုင်းစတိုင် အိမ်များပေါ်တွင် ဖြာကျနေသည့် လှပသော ဥရောပပုံစံ လမ်းမီးများကို ကြည့်ကာ မတတ်နိုင်ဘဲ လှုပ်ရှားမိသွားလေတော့သည်။ "ဒီအိမ်က တကယ်ကြီး စျေးကြီးလောက်တယ်နော်"
"စျေးသင့်ပါတယ်" မော့ကျန်းက အရှိန်ကို လျှော့ချကာ ဘန်ထလေကားကို ကားဂိုထောင်ထဲသို့ ထည့်လိုက်သည်။
ထို "စျေးသင့်ပါတယ်" ဟူသော စကားနှစ်လုံးက လီယန်၏ စိတ်ထဲတွင် ထပ်ကာထပ်ကာ ပဲ့တင်နေခဲ့သည်။ သူမ၏ နှုတ်ခမ်းစွန်းလေးများ ကော့တက်လာကာ ပြုံးလိုက်လေသည်။
"ကျွန်မရဲ့ လစာနဲ့ ချိန်ဆလိုက်ရင်လို့ ပြောချင်တာပါ"
မော့ကျန်း: “…”
သူက ခါးထက်မှ ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ လီယန်ဘက်သို့ ခေါင်းလှည့်လိုက်သည်။
"မင်းရဲ့ အလုပ်သင်ကာလကို တစ်လအထိလျှော့ပြီး မင်းအတွက် လစာအပြည့် စပေးဖို့ ထန်ချန်းကို ပြောလိုက်မယ်လေ... တစ်သောင်းလောက်ဆို အဆင်ပြေလား"
လီယန်၏ ရူးကြောင်ကြောင်နိုင်ကာ ရှော့ခ်ရနေသည့် အမူအရာဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့သောအခါ မော့ကျန်းက တစ်ခဏမျှ တွေးလိုက်ပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။
"အခွန်ပါပြီးသား"
…
ဧကရာဇ်မော့ ကျွန်မကို တိုက်ရိုက် တော်ကောက်လိုက်ပါတော့လား...
"ဟား ဟား ဟား ဟား... ကုမ္ပဏီက လက်ထောက်တစ်ယောက်ရဲ့လစာကို အရမ်းမြင့်မြင့်တော့ မပေးလောက်ပါဘူးနော်" လီယန်က သူမ၏ ကိုယ်ပိုင်အတွေးအစစ်များကို ဖိနှိပ်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပြီး ပို၍ လက်တွေ့ကျသော မေးခွန်းကို မေးလိုက်သည်။
သို့သော်လည်း ဧကရာဇ်မော့က ထိုမေးခွန်းကို မေးခွန်းတစ်ခုအဖြစ် မမှတ်ယူလိုက်ပေ။
"သူတို့ ဘယ်လောက် ပေးမလဲဆိုတာ သူတို့အပေါ် မူတည်တာပဲ... ကျန်တာကို ငါဖြည့်ပေးမယ်"
လီယန်: “…”
ဧကရာဇ်မော့က ငါ့ကို တကယ်ကြီး မြေတောင်မြှောက်ပေးချင်နေတာပဲ...
၎င်းက ဧကရာဇ်မော့၏ အိမ်သို့ ရောက်လာရသည့် ဒုတိယအကြိမ်ဖြစ်ပြီး လီယန်က ရေချိုးရန်အတွက် ပထမထပ် ရေချိုးခန်းဆီသို့သာ တည့်တည့်သွားလိုက်သည်။ သို့သော်လည်း ပြဿနာ အနည်းငယ် ရှိနေသေးသည်။ သူမက အိမ်မပြန်ရသည်မှာ နှစ်ရက် ရှိနေပြီ ဖြစ်၍ လဲလှယ်ရန်အတွက် အဝတ်သန့်များ မရှိတော့ပေ။
ဘာဖြစ်ဖြစ် မနက်ဖြန် အနည်းဆုံး တစ်ကြိမ်လောက်တော့ အိမ်ပြန်မှ ဖြစ်မယ်...
လီယန်က မော့ကျန်း သူမကို ပေးလာသည့် အဝတ်များကို ဝတ်ကာ ရေချိုးခန်းထဲမှ တိုက်ရိုက်ထွက်လာခဲ့သည်။ စတိုင်မှာ အမျိုးသား စတိုင် ဖြစ်သည်။ ၎င်းတို့က ညဝတ်အင်္ကျီ အသစ်များ ဖြစ်သည်ဟု ဆိုသော်လည်း သူမက ဧကရာဇ်မော့၏ ကွဲပြားသော ရနံ့လေးကို ရနေဆဲ ဖြစ်သည်။ အနည်းဆုံးတော့... ဧကရာဇ်မော့ရဲ့ အဝတ်ဗီရိုနံ့လေး...
သူမက အင်္ကျီလက်ကို ခေါက်တင်ကာ ချည်သားအဝတ်ပျော့ဆေး၏ အနံ့လေးကို တပျော်တပါး နမ်းရှိုက်လိုက်သည်။ မော့ကျန်း၏ ကိုယ်ပေါ်မှ ရနေသည့် တစ်ထပ်တည်းသော ရနံ့လေးပါပင်။
သူမက ဧည့်ခန်းဘက်သို့ ကြည်ကြည်နူးနူး ထွက်လာခဲ့သည်။
မော့ကျန်းက လီယန် ညအိပ်သည့် နေရာကို အပိုင်စားယူကာ ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ လီယန်က လျှောက်လာပြီး မော့ကျန်း၏ အိပ်ပျော်နေသော ပုံရိပ်လေးကို မိနစ်ဝက်မျှ ကြည့်နေရင်းဖြင့် သူမ၏ လက်ညှိုးလေးက မော့ကျန်း၏ မျက်နှာဖြူဖြူလေးကို ထိရန် ကြိုးစားလိုက်စဥ်တွင် မော့ကျန်း၏ မျက်ခုံးများ လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းများက နာကျင်မှုဖြင့် စိပိတ်ထားလေသည်။ လီယန်က ဆိုဖာအစွန်းတွင် ထိုင်ချကာ မော့ကျန်း၏ မျက်နှာကို ကြည့်၍ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"... အစာအိမ် နည်းနည်း နာနေလို့" မော့ကျန်း၏ မျက်ခုံးများက ပြန်ဖြေလာသည့်အချိန်၌ တွန့်ချိုးနေဆဲ ဖြစ်သည်။ လီယန်က သူ့ကို ကြည့်နေရင်း သူမ၏ နှလုံးသား ကြေမွသွားသလို ခံစားလိုက်ရသည်။
Xxxxxx