Chapter 63
လီယန်က အဝတ်သန့်အချို့ကို ရှာရန် သူမ၏ ခရီးဆောင်အိတ်ကို မွှေနှောက်လိုက်ပြီးနောက် သူမက ရေချိုးခန်းထဲသို့ ရေချိုးရန် ဝင်သွားသည်။ သူမ ထွက်လာသောအခါ သူမ၏ အသွင်အပြင်တစ်ခုလုံးက နှင်းဆီရောင် ပြေးနေခဲ့လေသည်။ လီယန်က သူမ၏ မျက်နှာကို ခေါင်းအုံးထဲတွင် နစ်မြှုပ်ထားလိုက်ပြီး အိပ်ရာပေါ်တွင် လူးလှိမ့်နေခဲ့သည်။ သူမက ထိုအခြေအနေ တစ်ခုလုံးမှာ ထူးခြားဆန်းကြယ် ဖြစ်ရပ်တစ်ခုကဲ့သို့ ခံစားနေရသည်။
သူမနဲ့ ဧကရာဇ်မော့တို့ အတူတူ နေကြပြီတဲ့လား... ရှန်ပူသာ သိသွားရင် ဓါးဆွဲပြီး သေအောင် လိုက်ခုတ်မလားပဲ...
သူမအရင်က ပိုစတာတစ်ခုအတွက် မည်ကဲ့သို့ လှည့်စားခဲ့ဖူးသည်ကို တွေးကြည့်မိသောအခါ လီယန်၏ နှလုံးသားက ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမသာ စောစောကတည်း လူကောင်အစစ်ကြီးကို တွေ့ရမယ်မှန်းသာ သိခဲ့ရင် ဘာလို့များ ပိုစတာသေးသေးလေးကို သွားရှာနေရအုံးမှာလဲ...
သူမ ရှန်ပူအတွက် ဧကရာဇ်မော့၏ လက်မှတ်ထိုးထားသော ပိုစတာတစ်ခုရရန် အခွင့်အရေး ရှာကြည့်ရမည်ပင်။ ထိုအကြောင်းကို စဥ်းစားမိသွားသောအခါ သူမက အတော်လေး သနားစရာ ကောင်းသွားသည်။
တစ်ချိန်တည်းမှာပင် အိပ်ရာပေါ် ထိုင်ရင်း ခက်ခက်ခဲခဲ စာရေးနေရသည့် ချန်းချင်းယန်မှာ ရုတ်တရက် နှာချေမိသွားသည်။
လီယန်၏ အတွေးများက ပိုစတာ တဝိုက်တွင် ပတ်လည်ဝိုင်းနေပြီး သေချာပေါက်ပင် ပိုစတာကို အိပ်ရာပေါ်တွင် မထားမိပါက အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ပေ။
လီယန်က အိပ်ရာပေါ်တွင် ရပ်နေပြီး အိတ်အကြီးကြီးကို ဖွင့်ကာ သေသေချာချာ ထုပ်ပိုးထားသော ပိုစတာကို ထုတ်ယူလိုက်သည်။ သူ့ပိုစတာ ချိတ်ခွင့်ပြုတယ်လို့ ပြောထားတယ်ဆိုတော့ သူမ ထားလိုက်ရင်လည်း ကိစ္စ မရှိလောက်ပါဘူးနော်...
လီယန်က ပိုစတာကို ဖြေကာ နှစ်ကြိမ်မျှ တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ပိုစတာကို အိပ်ရာထက်တွင် ထားလိုက်သည်။
နောက်တစ်နေ့မနက်တွင် မော့ကျန်းက လီယန်၏ အခန်းထဲတွင် ငါးမိနစ်မျှ ရပ်နေခဲ့သည့်အချိန်တွင် သူမ၏ နှိုးစက်နာရီက စတင် မြည်လာခဲ့သည်။
မော့ကျန်းက မရပ်မနား မြည်နေသော နှိုးစက်နာရီကို ကြည့်ကာ တိတ်တိတ်လေး အသံပိတ်ထားလိုက်သည်။
"ဝူး..." လီယန်က သူမ၏ မျက်နှာကို ခေါင်းအုံးတွင် ပွတ်လိုက်ပြီး မျက်လုံးလေးများ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ မော့ကျန်းက သူမ၏ အိပ်ရာဘေးနားတွင် ရပ်နေပြီး သူမကို ကြည့်နေရင်း သူ့မျက်လုံးများ ပြုံးနေခဲ့လေသည်။
လီယန်က တစ်ခဏမျှ ကြက်သေသေသွားခဲ့ပြီးနောက် မ၏ ခန္ဓါကိုယ်ကို စောင်ဖြင့် ခပ်မြန်မြန် ရစ်ပတ်လိုက်လေသည်။ သူမက စီကနဲ အော်ကာ ချက်ချင်းထထိုင်လိုက်သည်။ "ရှင်... ရှင်... ရှင် ဘာလို့ ဒီမှာ ရှိနေရတာလဲ"
မော့ကျန်းက မျက်ခုံးပင့်မိသွားသည်။ သူက ဖမ်းမိသွားသည့်အတွက် ရှက်ရွံ့နေမှု တစွန်းတစပင် ရှိမနေဘဲ မြင့်မြတ်ပြီး သူရဲကောင်းဆန်သော အမူအယာကိုပင် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ "ဒါ ငါ့အိမ်ပဲလေ... ဘာလို့ ဒီမှာ ရှိမနေရမှာလဲ"
"ဒါပေမယ့် ရှင် ကျွန်မကို အခန်း ပေးထားတာလေ"
"မင်းကို ပေးထားတာလား"
"ကျွန်မပြောတာ... နေခွင့်ပြုထားတာလို့"
မော့ကျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် သူ့အကြည့်များက တစ်ဖက်နံရံကို ကျရောက်သွားသည်။ လီယန်၏ တုံ့ပြန်မှုက တစ်စက္ကန့်မျှ ကြာသွားပြီးနောက် သူမက သူမကိုယ်သူမ နံရံဖက်သို့ ပစ်လွှင့်လိုက်သည်။ "မကြည့်နဲ့လို့"
မော့ကျန်းက အဆုံယတွင် မရယ်မောဘဲ မနေနိုင်တော့ပေ။ လီယန်က သူ့ရယ်သံကို ကြားသောအခါ သူမ၏ မျက်နှာက ပိုပိုပြီး နီရဲလာပြီး မော့ကျန်းကို ပို၍ ရယ်မောလာစေခဲ့သည်။
လီယန်က မော့ကျန်း၏ ရယ်သံကို နားထောင်ရင်း သူမမျက်နှာကို ပြရန် ရှက်ရွံ့နေခဲ့သည်။ သူမရဲ့ အိပ်ရာပေါ်မှာ တစ်ယောက်ယောက်ရဲ့ ကိုယ်ဗလာပုံကို ချိတ်ထားပြီး အဲ့လူကပဲ ရှာတွေ့သွားခဲ့တယ်... နွားငပျင်းမ... သူမ ဒါကို ဖြတ်ကျော်ပြီး ရှင်သန်နိုင်ပါ့မလား...
မော့ကျန်းက ရောက်လာပြီး လက်တစ်ဖက်ကို အိပ်ရာပေါ်တွင် ထောက်ကာ ကိုယ်ကို သူမဘက်သို့ ကိုင်းညွှတ်လိုက်သည်။
"တကယ်တော့ မင်းတကယ် ကြည့်ချင်တယ်ဆိုရင် မင်းကြည့်ဖို့ ချွတ်ပြလို့ ရပါတယ်"
…
လီယန်၏ ဦးနှောက်က အပြည့်အဝ ကွဲကြေသွားလေပြီ။ ကျန်နေခဲ့သည်မှာ မော့ကျန်းကို ရူးကြောင်ကြောင် စိုက်ကြည့်နေသည့် အခွံလွတ်ကြီးသာပင်။
မော့ကျန်းက ပို၍ တိုးကပ်လာပြီး သူ့အသံကသည်ပင် ဆွဲဆောင်နေသည့် ညှို့ဓါတ်တို့ ကိန်းဝပ်နေခဲ့လေသည်။
"လူအစစ်က ပိုစတာထက်တောင် ကြည့်ကောင်းသေးတယ်နော်"
လီယန်က သူမ၏နှလုံးသားမှာ တစ်ဘဝလုံးတွင် ထိုမျှလောက်ထိ အခုန်မမြန်ဖူးခဲ့ဟု ကျိန်ဆိုနိုင်သည်။ သူမ၏ ကောလိပ်ဝင်ခွင့်ရလဒ်ထွက်လာသည့် အချိန်ကပင် သူမ၏ နှလုံးသားကို အခုန်မမြန်စေခဲ့။ သူမက အမဲဖျက်ဟန် အမူအယာတို့ဖြင့် ခေါင်းမော့ကာ သူမရှေ့မှ ခန့်ညားချောမောသော မျက်နှာကို ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် မေးလိုက်သည်။
"ဘယ်လောက်ထိ ချွတ်ပြပေးမှာလဲ"
"မင်း ကြည့်ချင်သလောက်ပေါ့" မော့ကျန်း အသံက အနည်းငယ် အက်ကွဲလာခဲ့သည်။ သူက ခေါင်းကို အနည်းငယ် ငုံ့၍ လီယန်၏ နှုတ်ခမ်းလေးကို ငြင်ငြင်သာသာ ထိတွေ့လိုက်သည်။
"ပုစဥ်းက ရေကို ပေါ့ပေါ့ပါးပါး ထိတွေ့နေသည့်" အနမ်းမျိုးပင်။
လီယန်၏ ဦးနှောက်က မီးပန်းလေးများလိုပင် ဘန်းဟူသော အသံဖြင့် ပေါက်ကွဲသွားသည်။ သူမ၏ နှလုံးသားလေးက ရင်ဘတ်ထဲမှ ခုန်ထွက်လာလုနီးပါး ခံစားလိုက်ရသည်။
မော့ကျန်းက အကြိမ်အနည်းငယ်မျှ အနည်းငယ် အသက်ရှူလိုက်ပြီးနောက် သူမ၏ အခန်းထဲမှ ခပ်မြန်မြန် ထွက်သွားတော့သည်။
လီယန်က ထိုနေရာမှာပင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ သူမ၏ ဦးနှောက်အတွင်း ကျန်နေခဲ့သမျှက အနမ်းသာ ဖြစ်သည်။ ဒါကို အနမ်းတစ်ခုလို့ သတ်မှတ်လို့တောင် မရပေမယ့်... ဒါပေမယ့်... သူမက အခုထိ သွားမတိုက်ရသေးဘူးလို့...
လီယန်၏ နှလုံးသားက မခံမရပ်နိုင် ဖြစ်ပြီး ရှက်ရွံ့သွားသည်။ သူမဘောစ့်၏ ချောမောလှသော ရုပ်ရည်ကြောင့်သာ မဟုတ်ခဲ့ပါက သူ့ကို သေချာပေါက် တွန်းထုတ်လိုက်ပြီး သွားပြေးတိုက်လိမ့်မည်ပင်။
လီယန်က ဖုန်းကို ထုတ်ကာ သူမ၏ စိတ်ခံစားမှု အလုံးစုံကို အသုံးပြု၍ ဝေ့ပေါ်ပိုစ့်တစ်ခု ရေးလိုက်သည်။
"လှည့်စားတတ်တဲ့သူ ဆိုးသွမ်းမှာကို မကြောက်ဘူး... အဲ့လူလိမ်လူကောက်က ရုပ်ချောနေမှာကိုပဲ ကြောက်ရတယ်"
မော့ကျန်း ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူ့နှလုံးသားက အနည်းငယ် လှုပ်ရှားနေဆဲ ဖြစ်သည်။ ခုနက သူ့အမူအယာတို့က လူလိမ်လူကောက်တစ်ယောက်နှင့် တူသွားသည်။ လီယန်ရဲ့ အမြင်ထဲမှာ လူယုတ်မာ တစ်ယောက်က ကစားသွားပြီး ကိုယ်လွတ်ရုန်းသွားသည့်ပုံနှင့် တူနေသည်။
သူ ထိုအကြောင်းကို စဥ်းစားနေစဥ်မှာပင် လွန်ခဲ့သော ဆယ်မိနစ်မှ လီယန်၏ ဝေ့ပေါ်ပိုစ့်အသစ်က ဖုန်းထက်တွင် ထွက်ပေါ်လာခဲ့သည်။
လှည့်စားတတ်တဲ့သူ ဆိုးသွမ်းမှာကို မကြောက်ဘူး... အဲ့လူလိမ်လူကောက်က ရုပ်ချောနေမှာကိုပဲ ကြောက်ရတယ်
မော့ကျန်း: “…”
သူက သူမထိတွေ့ခဲ့ရသော နှစ်နှစ်ဆယ်ကြာ စာပေစွမ်းရည်ကို တက်တက်ကြွကြွ ပြန်ပြောင်း ထုတ်သုံးရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်ထပ် လှုပ်ရှားမှုအကြောင်း သူစဥ်းစားနေစဥ်မှာပင် အစစ်အမှန် စာပေမမလေး တစ်ယောက် ထွက်ပေါ်လာခဲ့သည်။
လီမွန်ပြုတ် @တလီမဟုတ်တဲ့တလီ: သူချောနေရင်တောင် လူယုတ်မာတစ်ယောက်ကို အကျင့်ဆိုးနေတာကနေ ကယ်တင်လို့ မရတော့ဘူး
မော့ကျန်း: “…”
သူက သစ်တော်သီးတွေစားနေတယ် အကောင့်တုကို ဝင်ကာ လီမွန်ပြုတ်၏ ကွန်မန့်ကို စာပြန်လိုက်သည်။
သစ်တော်သီးစားနေတယ် @လီမွန်ပြုတ်: အရင်ဆုံး မင်း လူယုတ်မာတစ်ယောက် ရှာလိုက်အုံး...
ချန်းချင်းယန်: “…”
ဒီလူက ဘာလဲဟ...
သူမ သူ့ကို မျက်နှာကျက်မှာ ချိတ်ထားချင်လိုက်တာနော်... သေအောင် ချိတ်ထားလိုက်မယ်...
လီယန်က နောက်ဆုံး စိတ်ကျေနပ်သွားသည်အထိ သူမ၏ သွားကို သုံးကြိမ်တိုင်ဆိုင် တိုက်ခဲ့သည်။ အဝတ်များလဲပြီးနောက် အိပ်ခန်းထဲမှ ထွက်လာသည့်အချိန်တွင် ဧကရာဇ်မော့နှင့် တွေ့သည့်အခါ မည်သည့် အမူအယာမျိုး ထားရှိရမည်ကို စဥ်းစားရင်းဖြင့်ပင် အနည်းငယ် ခေါင်းကိုက်လာခဲ့သည်။
သို့သော်လည်း အမှန်တကယ် ခေါင်းကိုက်နေရသူမှာ ဧကရာဇ်မော့ပင်။ သူ့နှလုံးသားက မဲမှောင်၍ နေပြီး ထောင်ပေါင်ကို လျှောက်လှိမ့်နေသည့်အချိန်မှာပင် စိတ်အားထက်သန်မှု ရှိမနေပေ။
သူတို့ မနေ့ညက စောစောအိပ်ခဲ့ရသည်ကြောင့် နှစ်ယောက်လုံး ဆယ်နာရီ မထိုးခင်မှာပင် နိုးလာခဲ့ကြသည်။ မနက်စာစားရန် အလွန်နောက်ကျနေပြီ ဖြစ်ပြီး နေ့လည်စာစားရန်လည်း စောလွန်းနေသေးသည်။ အမှန်တကယ်ပင် ကသိကအောက် ဖြစ်ရသည့် အချိန်ပါပင်။
ထို့ကြောင့် ဧကရာဇ်မော့က မစားတော့ရန်သာ ဆုံးဖြတ်လိုက်ပြီး ထို့မှသာ ဆယ့်နှစ်နာရီထိုးသည်နှင့် သူတို့ နေ့လည်စာ ထွက်စားနိုင်ပေမည်။
လီယန် စိတ်ငြိမ်သွားသော်လည်းဧကရာဇ်မော့က ထောင်ပေါင်တွင် စိတ်ပျက်အားငယ်စွာ စျေးဝယ်ထွက်နေဆဲ ဖြစ်သည်။ လီယန်က သူ့ကို သာမန်ကာလျှံကာ ကြည့်ချင်ယောင် ဆောင်လိုက်သောအခါ ထောင်းပေါင် စာမျက်နှာ ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူမ၏ ခေါင်းကိုက်မှုက ပို၍ ကြီးလာလေသည်။
အိမ်ကြီးအိမ်ကောင်းမှာ နေတဲ့သူက စျေးဝယ်ဖို့ ထောင်ပေါင်ကို လျှောက်လှိမ့်နေရသေးတာလား... တော်တော်လေး မဆီလျော်သလိုပဲ...
"အဟွတ် အဟွတ်" လီယန်က မော့ကျန်း၏ နောက်တွင် ရပ်ကာ နှစ်ကြိမ်မျှ ချောင်းဟန့်လိုက်သည်။ မောက်စ့်ပေါ်မှ မော့ကျန်း၏ လက်များ ရုတ်တရက် တောင့်တင်းသွားပြီး သူ့နောက်မှ လီယန်က မေးလာခဲ့သည်။ "ဧကရာဇ်မော့... ထောင်ပေါင်ပေါ် ရောက်နေတာလား"
"အင်း" သူက အဖြူရောင် ချောကလက် ဘီစကစ်ကို နှိပ်ကာ စျေးဝယ်နေခြင်းကိုသာ အာရုံစိုက်ထားဟန်ဆောင်လိုက်သည်။ လီယန်က ချက်ချင်းပင် ချောကလက်ပုံဖြင့် ဆွဲဆောင်ခံလိုက်ရသည်။ သူမက ခုံတစ်လုံး ဆွဲကာ မော့ကျန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဝိုး... ဒီချောကလက်ဘီစကစ်က စားကောင်းမဲ့ပုံပဲ... ဟိုခိုင်းဒိုးမှာ လုပ်ထားတာလား"
"အာ... အင်း... မင်းကြိုက်လို့လား" မော့ကျန်းက ထိုပစ္စည်းကို စျေးဝယ်ခြင်းထဲ ထည့်လိုက်ပြီးနောက် မေးလိုက်သည်။ "ဒီဆိုင်မှာ သရေစာတွေ အများကြီး ရှိတယ်... သူတို့ရဲ့ သစ်သီးပူတင်းကလည်း အရမ်းစားကောင်းတယ်"
မော့ကျန်းက ဟုမ်းပေချ့်ကို ဖွင့်လိုက်သည်နှင့် သရေစာ အတန်းလိုက်က လီယန်၏ မျက်လုံးများကို ချက်ချင်း ဆွဲဆောင်သွားသည်။
"ဒါတွေအားလုံး စားကောင်းမဲ့ပုံလေးနော်... ဒီကိတ်လေးက ချစ်စရာ ကောင်းလိုက်တာ.... ပြီးတော့ ဒီချောကလက်ကို စားချင်နေတာ ကြာပြီ"
မော့ကျန်းက သူမ၏ စကားများကို နားထောင်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ ပြောနေသည့် သရေစာများအားလုံးကို စျေးဝယ်ခြင်းထဲသို့ ထည့်နေခဲ့သည်။ ငွေရှင်းမည့်အချိန် ရောက်သောအခါ လီယန်က သူမ၏ လစာကို မှီလုနီးနီး ဖြစ်နေသော RMB (ယွမ်)ကို ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်း တွန့်ခေါက်သွားလေသည်။
"ရှင် အွန်လိုင်းကနေ သရေစာတွေ ဝယ်စားရတာ ကြိုက်တာလား"
သူမက သရေစာများ၏ 90ရာခိုင်နှုန်းကျော်မှာ သူမကိုယ်တိုင် ရွေးထားသည့် သရေစာများ ဖြစ်သည်ကိုတော့ နားမလည်ခဲ့ပေ။
မော့ကျန်းက ငွေပေးချေရန်အတွက် ဘလက်ကဒ်ကို သုံးလိုက်သည်။ သူက ကွန်ပြူတာကို မျက်နှာမူ၍ ခေါင်းငြိမ့်လိုက်သည်။ "အင်း... ငါ လတိုင်း ဝယ်တယ်"
သူ ပြန်ဖြေပြီးသောအခါ လီယန်က အတော်လေးကြာသည်အထိ ပြန်မတုံ့ပြန်ခဲ့ပေ။ သူက မနေနိုင်တော့ဘဲ လီယန်ကို လှည့်ကြည့်လိုက်လေသည်။ "ဘာဖြစ်လို့လဲ"
"မဟုတ်ဘူး... နည်းနည်း ချစ်စရာကောင်းတယ်လို့ ခံစားရလို့" လီယန်က သူမ၏ ရယ်သံကို ထိန်းထားလိုက်ရသည်။
မော့ကျန်း: “…”
ရှန်းယွမ်ဇယ်နှင့် ထန်ချန်းကလည်း သူ သရေစာများ ဝယ်စားသည့်အကြောင်းကို အမြဲတမ်း လှောင်ရယ်တတ်ကြသည်။ သို့သော်လည်း "နည်းနည်း ချစ်စရာကောင်းတယ်လို့ ခံစားရလို့" ဟု ပြောလာသူ မရှိခဲ့ပေ။ နည်းနည်းချစ်စရာ ကောင်းသည်ဟူသော စာကြောင်းအတွက်က အမှန်တကယ် ဆိုးဝါးမနေပါချေ။ သူသည်လည်း အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ခံစားရသည်။
မော့ကျန်းက လီယန်၏ အပြုံးကို ကြည့်ကာ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ပြောလာခဲ့သည်။
"ခုနက ဖြစ်ခဲ့တာအတွက်... ငါတောင်းပန်ပါတယ်"
လီယန်: "..."
သူမက တမင်သက်သက် ဒီကိစ္စအကြောင်းထုတ်မပြောတာကို... သူက ဘာလို့ ပြောနေရတာလဲလို့...
သူမ၏ ပါးပြင်လေးများ ပူပြင်းလာပြီး ထိုင်ခုံမှ ထရပ်ကာ မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားလေသည်။
"ကျွန်မ နေ့လည်စာ လုပ်လိုက်မယ်"
မော့ကျန်းက ပါးစပ်ဟလိုက်သည်။ သူတို့ အပြင်ထွက်စားကြမည်ဟု ပြောချင်ခဲ့သော်လည်း သူ့နှုတ်ဖျားမှ ထွက်လာသော စကားများမှာ "ထမင်းချက်ဖို့ သတိရအုံးနော်"
လီယန်: "..."
သူမက တူညီတဲ့ အမှားကို နှစ်ခါ ပြန်မလုပ်တတ်ဘူးနော်... ဟုတ်ပြီလား...
သူမက မနေ့က ရေခဲသေတ္တာထဲမှ ခရမ်းချဥ်သီးများအားလုံးကို အသုံးပြုခဲ့သဖြင့် ယနေ့တွင် သူမ ခရမ်းချဥ်သီး စားတော်ပွဲကို ထပ်မချက်နိုင်တော့ပေ။ ကံအားလျော်စွာဖြင့် အသင့်စား အစားအစာများကို အပူပေးလို့ရမည့် မိုက်ခရိုဝေ့တစ်လုံး တွေ့ထားသည်။ ရေခဲသေတ္တာထဲတွင်လည်း ငပျင်းများအတွက် အဆင်ပြေမည့် အသီးအရွက်အချို့ ရှိပေသည်။ သူတို့အားလုံးက လှီးချွတ်ထားပြီး အရသာလည်း ထည့်ထားသဖြင့် အိုးထဲသို့ ပစ်ထည့်ကာ ကြော်လိုက်ရုံသာပင်။
လီယန်က ၎င်းတို့ကို အတူတကွ ထည့်ကာ ဟင်းသုံးပွဲနှင့် စွပ်ပြုတ်တစ်ခွက် ပြုလုပ်ခဲ့သည်။ သူမက စတူဒီယိုတွင် နေ့ဘည်စာဘူးစားခဲ့သည့်အချိန်များကို ရုတ်တရက် လွမ်းဆွတ်သွားခဲ့လေသည်။
လီယန် ချက်ထားသော ဟင်းများက အရသာရှိသည်ဟု မဆိုနိုင်သော်လည်း အရသာမဲ့မနေပါချေ။ ထို့အပြင် ဧကရာဇ်မော့၏ မျက်လုံးထဲ၌ လီယန် သူ့ကို အဆိပ်ကျွေးလျှင်တောင် သူ့အတွက် ပျားရည်ကဲ့သို့ ချိုမြနေမည်ဖြစ်သည်။ ဟင်းခွက်ထဲတွင် ဟင်းများ သိပ်မကျန်တော့သည်အထိ စားပြီးသွားသော်အခါ လီယန်က အချိန်ကို ကြည့်လိုက်သည်။ ပန်းကန်ခွက်ယောက်များ ဆေးပြီးသည်နှင့် စတူဒီယိုသို့ သွားရန် အချိန်ကျပြီ ဖြစ်လေသည်။
သူမက စားပွဲပေါ်မှ ပန်းကန်များ တူများကို ကြည့်ကာ ၎င်းတို့ကို ဆေးကြောရန်အတွက် မီးဖိုချောင်ထဲသို့ ယူသွားရန် ပြင်လိုက်ချိန်၌ မော့ကျန်းက သူမကို ရုတ်တရက် တားလိုက်သည်။
"မင်းက ဟင်းချက်တယ်ဆိုမှတော့ ဆေးရမဲ့သူက ငါပဲ ဖြစ်သင့်တာပေါ့"
"အာ" ဧကရာဇ်မော့ကို ကိုယ်တိုင် ပန်းကန်များ ဆေးခိုင်းလိုက်ခြင်းက အကြံကောင်းတစ်ခု မဟုတ်မည်ကို စိုးရိမ်နေခဲ့သည်။
"မလိုပါဘူး... ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မရဲ့ တာဝန်ပဲလေ"
မော့ကျန်းက သူမကို လျစ်လျူရှုလိုက်ပြီး ပန်းကန်ခွက်ယောက်များကို မီးဖိုချောင်အတွင်းသို့ သယ်သွားခဲ့သည်။
လီယန်က မီးဖိုချောင်ထဲတွင် အလုပ်ကြိုးစားနေသော ဧကရာဇ်မော့ကို ကြည့်ကာ တစ်နည်းနည်းဖြင့် သူတို့က သရုပ်ဆောင်နှင့် လက်ထောက် မဟုတ်ဘဲ ခင်ပွန်းတစ်ယောက်နှင့် သူ့ဇနီးအဖြစ် ပိုတူနေပေသည်။
Xxxxx