Chapter 64
– နာမည်ပြောင်
ဆယ်နာရီ... "သရဲကျောင်း" စတူဒီယိုတွင်...
မှောင်မိုက်ပြီး မုန်တိုင်းထန်ကာ သရဲခြောက်သောည၌...
လီယန်က မဲမှောင်နေသော ကျောင်းကော်ရစ်ဒါတွင် တစ်ယောက်တည်း လျှောက်လှမ်းလာခဲ့ပြီး မသိလိုက်မသိဘာသာဖြင့် သူမ၏ ကုတ်အင်္ကျီကို သူမ၏ ကိုယ်၌ တင်းတင်းကြပ်ကြပ် ဆွဲကပ်လိုက်သည်။
သူမက ညပိုင်း ရိုက်ကူးရေးကို မကြိုက်လှပေ။ အထူးသဖြင့် ဇာတ်လိုက်က သရဲဖြစ်နေသည့် ထိုဒရာမာပင်။
ကွဲကြေနေသော ပြတင်ယပေါက်မှန်မှ လေများ တိုက်ခတ်နေပြီး မနှစ်မြို့ဖွယ် ညနက်လေလေးကို သယ်ဆောင်လာခဲ့သည်။ လီယန်က ညကောင်းကင်ယံမှ ကျယ်လောင်လှသော ကျီးကန်းအော်သံကို ကြားသောအခါ တုန်ယင်သွားဆလသည်။
ဂါး — ဂါး —
သူမ၏ ခေါင်းထက်မှ ဟုန်းဟုန်းတောက်နေသော မီးရောင်များမှာ နှစ်ကြိမ်မျှ မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားလေသည်။ လီယန်က သူမ၏ ခြေထောက်နားမှ ထူးဆန်းနေသော အရိပ်ကို ကြည့်ကာ ထိတ်ထိတ်ပျာပျာ ပြေးဆင်းသွားလေသည်။
ကူညီကြပါအုံး... သရဲကား ရိုက်နေတာ သူမ မဟုတ်ဘူးလို့... ဘာလို့ လူတွေက ဒီသဲထိတ်ရင်ဖိုကိစ္စတွေ အရမ်းစိတ်ဝင်စားကြတာလဲ... ဒီနှစ်တွေမှာ အိမ်သာသွားတာကတောင် ဘဝစွန့်စားမှု ဖြစ်နေပြီ...
လီယန်က ရေချိုးခန်းထဲတွင် ခပ်မြန်မြန် လက်စသတ်လိုက်ပြီး အပြေးထွက်လာခဲ့သည်။ သူမက မနက်ဖြန်မှစပြီး ညမှောင်လာသည်နှင့် ရေမသောက်တော့ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။
“ရှပ်... ရှပ်” ကော်ရစ်ဒါ တစ်ဖက်မှ ခြေသံများက ရုတ်တရက် သူမဘက်သို့ ဦးတည်လာခဲ့သည်။ လီယန်က တသိမ့်သိမ့်တုန်ကာ ကော်ရစ်ဒါဘက်ကို လှည့်ကြည့်လိုက်သည်။ အလင်းရောင်က အရပ်ရှည်ရှည်ပုံရိပ်လေးကို ဖော်ပြလာပြီး ပိုပို၍ နီးလာသည့် ခြေသံများနှင့် ကပ်ရက်လိုက်ပါလာသည်။ မော့ကျန်းက ကော်ရစ်ဒါထဲမှ ထွက်လာခဲ့လေသည်။
"ဘောစ့်... ရှင်လည်း အိမ်သာကို လာတာလား" လီယန်က ရွှင်လန်း ဝမ်းမြောက်စွာဖြင့် အပြေးသွားလိုက်သည်။
"ရှင်လာမယ် မှန်းသာ သိရင် ကျွန်မ ရှင့်ကို စောင့်နေလိုက်ပါတယ်"
မော့ကျန်း: “…”
သူ မိန်းကလေး အချင်းချင်း အိမ်သာသွားဖို့ အချိန်းအချက် လုပ်တတ်ကြတာတော့ သိပေမယ့် မျိုးမတူတဲ့ လူတွေပါ သက်ရောက်သေးတာလား...
"ငါ မင်းကို လာရှာတာလေ" သူ့နှုတ်ခမ်းများက တွန့်ကွေးနေပြီး ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်လည်း ရှိနေသည်။ ရိုက်ကူးရေးအဖွဲ့ ထိုကျောင်းကို မည်ကဲ့သို့ ရှာတွေ့ခဲ့မှန်း မသိပေ။ ဤကျောင်းကို သုဿန်တစ်ခုအဖြစ် အမှန်တကယ် အသုံးပြုခဲ့ကြကြောင်း ဆရာသခင်ထံမှ ကြားခဲ့ရသည်။
အမှန်တကယ်တွင် ရိုက်ကူးရေးစတင်ကတည်းက သူစိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ဤနေရာ၏ယင်က အလွန် လေးပင်လွန်းသည်။ သို့သော်လည်း သူတစ်ယောက်ယောက်ကို ပြောပြခဲ့လျှင်တောင် မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။ ကံအားလျော်စွာဖြင့် သူ လှည့်ပတ်သွားနေသည့် သရဲတစ်ကောင်မှ မတွေ့ခဲ့ရသေးပေ။
"ဒါဆို သွားကြတာပေါ့" လီယန်က မော့ကျန်းကို ဆွဲခေါ်လိုက်သည်။ သူမ လုပ်ချင်သမျှက လူပိုထူသော ဝန်ထမ်းနားနေခန်းထဲ ပြန်သွားလိုခြင်းပင်။ အနည်းဆုံးတော့ ထိုနေရာ၌ ယောကျ်ားလေး ဝန်ထမ်းများစွာ ရှိနေပြီး ပို၍ လေးလံသော ယန်များ ပါဝင်နေနိုင်သည်။
"အာ... မင်းဒီမှာ စောင့်အုံး... ငါလည်း ဒီမှာ ရောက်နေပြီ ဆိုတော့ သန့်စင်ခန်း သုံးလိုက်အုံးမယ်" မော့ကျန်းက ပြောနေရင်းဖြင့် အခြားတစ်ဖက်ရှိ အမျိုးသားသန့်စင်ခန်းထဲသို့ သွားလိုက်သည်။
ကျောင်းတစ်ခုလုံးတွင် ထိုအထပ်မှာသာ အသုံးကျသော သန့်စင်ခန်းတစ်ခု ပါဝင်သည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သားအားလုံးက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် ဤနေရာသို့ လာရောက်ကြရသည်။ တစ်နေ့တာလုံးတွင် နိမိတ်မကောင်းသည့် ခံစားချက်များ မရှိခဲ့သော်လည်း ညရောက်လာသည့်အခါ လီယန်က သန့်စင်ခန်းထဲတွင် လက်ဆေးနေရင်း မှန်ထဲကိုပင် မကြည့်ရဲတော့ပေ။
ဘုတ် ဘုတ် ဘုတ်...
ရုတ်တရက် ဟောခန်း၏ အောက်မှ ဘောလုံးတစ်လုံး ပုတ်လိုက်သည့်အသံ နှင့် တူသော အသံတစ်ခု မြည်ဟီးလာခဲ့သည်။ အသံက သိမ်မွေ့နေသော်လည်း ပုတ်ချက်တိုင်းက သူမ၏ ခုန်လှုပ်နေသော နှလုံးသားထိပ်နှင့် တိုက်မိနေသည့်အလား ခံစားရသည်။ ထိတ်လန့်မှုက သူမ၏ နှလုံးခုန်သံကို ဒရမ်တစ်လုံးသဖွယ် ခုန်ပေါက်စေခဲ့သည်။ လီယန်က တံတွေးမျိုချကာ ရှေ့တည့်တည့်ကို မျက်နှာမူ၍ ကြည့်လိုက်သည်။ သူမရှေ့၌ ရှိနေသည့်အရာမှာ လှေကားတစ်ခု ဖြစ်သည်။ အသံရင်းမြစ်က ၎င်းအပေါ်မှ ထွက်ပေါ်လာပုံ ပေါ်သည်။
လီယန်က အမျိုးသားသန့်စင်ခန်းဘက်စို့ မသိလိုက်မသိဘာသာ လှမ်းကြည့်လိုက်သည်။ တံခါးက ပိတ်ထားဆဲပါပင်။ ကြည့်ရသည်မှာ မော့ကျန်းက မကြာခင်အထိ ထွက်လာမည့်ဟန် ပေါ်မနေပေ။
ဘောလုံးပုတ်သည့်အသံက ဆက်လက် ထွက်ပေါ်နေပြီး ပုတ်ချက်အသံတစ်ခုချင်းစီက ပိုပို၍ သာမန်မကျ ဖြစ်လာသည်။
လီယန်က သူမ၏ လက်မောင်းမှ ကြက်သီးများကို ပွတ်သပ်လိုက်ပြီး အမျိုးသားသန့်စင်ခန်းဘက်သို့ တရွေ့ရွေ့ တိုးကပ်သွားသည်။
ဝမ်ရှောင်ရှောင်က မိတ်ကပ်များ လိမ်းထားပြီး သူမ လှေကားထိပ်တွင် ဘောလုံး စပုတ်နေခဲ့ကတည်းက တစ်မိနစ်လုံးလုံး ကုန်လွန်သွားလေပြီ..
ဘာလို့ ဒီမိန်းမက မလာနိုင်ရသေးတာလဲ...
မကြာခင်က သူမ လီယန် တစ်ယောက်တည်း သန့်စင်ခန်းဘက်သွားသည်ကို တွေ့မိသည့် အချိန်တွင် သူမသည်လည်း သန့်စင်ခန်း သွားမည်ဟု ခွင့်တောင်းလာခဲ့သည်။ သူမကအသုံးအဆောင်ပစ္စည်းများ ထားသည့်အခန်းသို့ သွားကာ ရာဘာခေါင်းပြတ် တစ်လုံး ဆွဲယူလာပြီး သူမကို ၎င်းနှင့် ခြောက်လှန့်ရန် ရည်ရွယ်လိုက်သည်။
သို့သော်လည်း ဝမ်ရှောင်ရှောင်က ထိုမိန်းမ၏ သိလိုစိတ်မှာ ထိုမျှလောက်ထိ သေးငယ်မည်ဟု ထင်မထားခဲ့ပေ။ သူမက တစ်မိနစ်လုံး ထိုနေရာ၌ ရပ်ကာ ရာဘာခေါင်းပြတ်ကို ပုတ်နေခဲ့သော်လည်း ထိုမိန်းမက ရောက်မလာနိုင်သေးပေ။
ဟုတ်တာပေါ့... အဲ့မိန်းမ မလာရင် သူမပဲ ကိုယ်တိုင် သွားရတာပေါ့...
ဝမ်ရှောင်ရှောင်က ရာဘာခေါင်းကို ပုတ်ရင်း လှေကားထစ်မှ ဆင်းသွားပြီး ထောင့်လေးကို ကွေ့လိုက်သည်နှင့် လီယန်၏ ထိတ်လန့်ဖွယ် အော်သံကို စောင့်မျှော်နေလိုက်သည်။
သူမ၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်သွားပြီး ဒါရိုက်တာချီူးကျူးထားခဲ့သည့် သူမ၏ နိမိတ်မကောင်းဆုံး မျက်နှာပေးကို ဆင်မြန်းကာ လှေကားမှ ထွက်လာခဲ့သည်။
“အား...”
ကြိုတင်မျှော်မှန်းထားသည့် အော်သံ ထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ညကောင်းကင်ကို ဖောက်ထွက်သွားလေသည်။ သို့သော်လည်း ထိုအော်သံက လီယန်ထံမှ ထွက်လာခြင်း မဟုတ်ပေ။ ထိုအစား ဝမ်ရှောင်ရှောင်၏ နှုတ်ဖျားမှ ထွက်လာခြင်း ဖြစ်နေသည်။
သူမဘာမြင်လိုက်တာလဲ...
အဲ့မိန်းမက တကယ်ကြီး လေပေါ်မှာ ပေါ်လောပေါ်နေတယ်... သူမ၏ အနက်ရောင် ဆံနွယ်များက လွင့်ဝဲနေကာ သူမ၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသော်လည်း ထိုနေရာ၌ လေတိုက်မနေခဲ့ပေ။
မော့ကျန်းက သန့်စက်ခန်းထဲမှ ထွက်လာခဲ့ရုံသာ ဖြစ်ပြီး ဝမ်ရှောင်ရှောင်၏ အော်သံကို ကြားလိုက်ရသည်။ မော့ကျန်းက ကြောက်လန့်နေသော ဝမ်ရှောင်ရှောင်ကိုပင် သတိမပြုဘဲ သူ့အာရုံအလုံးစုံက လွင့်မျောနေသော ပုံရိပ်လေးဆီ ကျရောက်သွားသည်။
မော့ကျန်း၏ အသံကို ကြားသောအခါ လီယန်က သူမ၏ ခန္ဓါကိုယ်ကို သူ့ဘက်သို့ လှည့်ကြည့်ချင်လိုက်သော်လည်း လေထဲတွင် ပျံဝဲနေသည့် သူမကိုယ်ကို မည်ကဲ့သို့ လှည့်ရမည်မှန်း မသိတော့ပါချေ။ သူမက ခက်ခက်ခဲခဲဖြင့် ခန္ဓါကိုယ်ကို ကွေ့ကောက်ရန် ကြိုးစားလိုက်ချိန်၌ ရုတ်တရက် နားလည်ရခက်သော တွန်းအားတစ်ခုဖြင့် ဆွဲယူခံလိုက်ရပြီး လေထဲတွင် လွင့်မျောနေလျက် 180 ဒီဂရီအဖြစ် ချောချောမွေ့မွေ့ လှည့်နိုင်သွားသည်။
ပျံဝဲနေသောအားက တဖြည်းဖြည်း ယုတ်လျော့လာလေသည်။ လီယန်မှာ သူမကိုယ်သူမ အောက်ပြုတ်ကျတော့မည်ဟု ခံစားလိုက်ရသည်။
မော့ကျန်းက တဖြည်းဖြည်း နိမ့်ကျလာသော လီယန်ကို ကြည့်လိုက်ပြီး သူ့လက်နှစ်ဖက်လုံးကို သဘာဝကျကျ ဖြန့်ကား၍ ကောာင်းကင်မှ သက်ဆင်းလာသူလေးကို ဖမ်းလိုက်သည်။
၎င်းက သူ သူမကို ယခုကဲ့သို့ ပွေ့ဖက်ရသည့် ပထမဆုံးအကြိမ်ပါပင်။
သူ မတတ်နိုင်ဘဲ သူ့လက်များထဲတွင် ပွေ့ဖက်ထားမိသည်။ လီယန်၏ နွေးထွေးပြီး နူးညံ့သည့် ကိုယ်လုံးလေးက မော့ကျန်းကို သူ့လက်များအား သူမ၏ ခါးလေးတွင် သိုင်းယှက်ထားရန် ခွင့်ပြုထားပြီး ခွဲခွာရန် တွန့်ဆုတ်နေသလိုပါပင်။
လီယန်က မော့ကျန်း၏ ရင်ခွင်ထဲသို့ ဖက်တွယ်ထားပြီး ထိတ်လန့်နေသည့် စိတ်အခြေအနေ အတွင်းမှာသာ ရှိနေသေးသည်။ အခု ဘာတွေ ဖြစ်သွားရတာလဲ... သူမက ဘာလို့ ရုတ်တရက်ကြီး လေပေါ်ပျံနေရတာလဲ...
"အခု အဆင်ပြေသွားပြီနော်... နောက်ထပ် စိုးရိမ်စရာ မလိုတော့ဘူး" ရင်ခွင်ထဲမှ ကိုယ်လေးက အနည်းငယ် တုန်ယင်နေလေသည်။ မော့ကျန်းက သူမ၏ ကျောပြင်လေးကို တဖွဖွ ပုတ်ပေးလိုက်သည်။ သူ့ရင်ဘတ်မှတဆင့် လီယန်က မော့ကျန်း၏ နှလုံးခုန်သံကို ကြားနေရပြီး တဖြည်းဖြည်း စိတ်ငြိမ်သွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ" ဝမ်ရှောင်ရှောင်၏ လက်ထောက်က အပြေးရောက်ရှိလာပြီး သူမနောက်တွင် လူအုပ်ကြီး ကပ်ပါလာခဲ့သည်။ ဝမ်ရှောင်ရှောင်၏ အော်သံက ရိုက်ကူးရေးအဖွဲ့သားများကို ထိတ်လန့်သွားစေခဲ့ပြီး လူတိုင်းအား ချက်ချင်းပင် လှုံ့ဆော်မိသွားစေသည်။
"အဲ့မိန်းမ လေပေါ်ပျံနေတယ်" ဝမ်ရှောင်ရှောင်က သူမလက်ထောက်၏ လက်ကို ဖမ်းဆွဲလိုက်သည်။ သူမ၏ အခြားလက်တစ်ဖက်မှာ တုန်တုန်ယင်ယင် ဖြစ်နေဆဲ ဖြစ်ပြီး လီယန်ကို လက်ညှိုးထိုးပြနေခဲ့သည်။ လူတိုင်း၏ အကြည့်များက လက်နောက်သို့ လိုက်သွားပြီး လီယန်၏ ကိုယ်ပေါ် သက်ဆင်းသွားခဲ့သည်။ မော့ကျန်း မျက်မှောင်ကြုံ့ကာ လီယန်ကို သူ့လက်များထဲမှ လွှတ်ပေးလိုက်လေသည်။
ဝမ်ရှောင်ရှောင်၏အာကျယ်နေမှုကို စိတ်အလိုမကျ ဖြစ်နေသည့် မော့ကျန်းအမူအယာက လူတိုင်းကို အသိစိတ်ပြန်ဝင်ရန် အသိပေးလိုက်သလိုပါပင်။ မည်သည့်အရာမှ နေရာမကျ ဖြစ်နေခြင်း မရှိသည်ကို တွေ့လိုက်ရသောအခါ လူအုပ်ကြီးက သူတို့၏ အကြည့်များကို ဝမ်ရှောင်ရှောင်ထံ ပြန်ပို့လိုက်ကြသည်။
"ဘာလို့ ကျွန်မကို လာကြည့်နေကြတာလဲ... သူတကယ်ကြီး ပျံနေတာ" ဝမ်ရှောင်ရှောင်က ယခုအချိန်ထိ စိတ်မငြိမ်နိုင်သေးပေ။ လူအုပ်ကြီးက သံသယ ဝင်နေကြဆဲ ဖြစ်သဖြင့် ဝမ်ရှောင်ရှောင်က အသံကို မမြှင်ဘဲ မနေနိုင်။
"မော့ကျန်းလည်း တွေ့လိုက်တယ်"
လူတိုင်းက သူတို့၏ အကြည့်များကို မော့ကျန်းထံ ပို့လိုက်ကြပြန်သည်။ ကြည့်ရသည်မှာ သူတို့၏ အကြည့်များဖြင့် စုံစမ်းမေးမြန်းချင်နေဟန်ပင်။
မော့ကျန်းက ဝမ်ရှောင်ရှောင်၏ အကြည့်များဖြင့် တွေ့ဆုံသွားပြီး သူ့အသံက ပုံမှန်ကဲ့သို့ အေးစက်ပြီး စိမ်းကားသော အသံအနေအထားတွင်သာ ရှိနေဆဲပါပင်။
"မင်း အခုတလော အရမ်း စိတ်ဖိစီးနေတာလား... မနေ့ညက ဘယ်နှနာရီ အိပ်ခဲ့တာလဲ"
"ကျွန်မကို ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ ပြောချင်တာလား... ရှင် ခုနက သူ့ကို ရှင့်လက်တွေနဲ့ ဖမ်းလိုက်တာပဲလေ" ဝမ်ရှောင်ရှောင်က သူမ၏ သန့်စင်ပြီး ချစ်စရာကောင်းသည့် ပုံရိပ်ကို ထိန်းမထားနိုင်တော့ဘဲ ဧကရာဇ်မော့၏ တုန်လှုပ်မှုမရှိသော မျက်လုံးများဖြင့် လိမ်ညာပြောနိုင်သည့် စွမ်းရည်ကိုသာ သြချမိသွားရုံသာ တတ်နိုင်တော့သည်။
ဧကရာဇ် ဂုဏ်ပုဒ်က တကယ့်ကို ထိုက်တန်တာပဲနော်...
သူမက ချေပလိုစိတ် ပြင်းထန်စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သော်လည်း သူမ၏ လက်ထောက်က သူမကို ပြန်ဆွဲထားခဲ့သည်။ "ဧကရာဇ်မော့ကို တောင်းပန်ပါတယ်... ရှောင်ရှောင် အခုတလော တော်တော့်ကို စိတ်ဖိစီးနေရှာတာ"
“ကျွန်မ…”
ဝမ်ရှောင်ရှောင် နောက်ထပ် ဘာအသံမှ ထွက်မလာနိုင်ခင်မှာပင် သူမ၏ လက်ထောက်က သူမကို ကြည့်လာခဲ့သဖြင့် လက်လျှော့လိုက်ရသည်။ ဝမ်ရှောင်ရှောင်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လက်ထောက်၏ လက်ကိုပုတ်ထုတ်ကာ ဘာစကားမှ မပြောဘဲ လှည့်ထွက်သွားသည်။
လေထုက တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။ ဒါရိုက်တာက ဥာဏ်ရှိရှိဖြင့် ခြေတစ်လှမ်းတိုးကာ ပြောကြားလာခဲ့သည်။
"သရဲကားရိုက်ရတာက သရုပ်ဆောင်တွေကို လွယ်လွယ်နဲ့ စိတ်တအားဖိစီးစေတယ်... လူတိုင်းကလည်း တော်တော်လေး ပင်ပန်းနေကြတော့ အိမ်ပြန်ပြီး အနားယူတာ ပိုကောင်းမယ်... မနက်ဖြန်မှ ဆက်ရအောင်"
၎င်းက အတိအကျပင် မော့ကျန်း မျှော်နေသည့်အရာ ဖြစ်သဖြင့် သူက လီယန်၏ လက်မောင်းကို ဆွဲထူမကာ ထွက်သွားသည်။ ဝမ်ရှောင်ရှောင်၏ လက်ထောက်က လူတိုင်းကို တောင်းပန်စကား ပြောလိုက်ပြီး ထို့အတူပင် ဝမ်ရှောင်ရှောင်၏ လက်မောင်းကို ကိုင်ကာ ထွက်သွားလေသည်။
လီယန်က ကားထဲတွင် ထိုင်နေရင်းဖြင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သို့သော်လည်း မော့ကျန်း သူမ လေပေါ်တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည့် အချိန်၌ သိသိသာသာပင် အံ့သြသွားခြင်း မရှိသည်ကို သတိရမိသွားသောအခါ တွေးမိနိုင်သွားသည်။
၎င်းက သူမ၏ ထင်ယောင်ထင်မှား သက်သက်ပါပင်။
“ဧကရာဇ်မော့”
“အင်း”
“ခုနက ကျွန်မကို ဘာလို့ အားယောင်လို့ ခေါ်တာလဲ”
မော့ကျန်း: “…”
မော့ကျန်းက လီယန်မှာ သူမ၏ ပျံဝဲနေသည့် အပြုအမူ အကြောင်းကို မေးလာမည်ဟု ထင်ထားခဲ့သော်လည်း ဘာကြောင့်များ ထိုအကြောင်းကို အရင်မေးလာပါလိမ့်....
“အားယောင်က ဘယ်သူလဲ” လီယန်က သူမ၏ ခေါင်းလေးကို စောင်းကာ မော့ကျန်း၏ မျက်နှာဘက်သို့ ကြည့်လိုက်သည်။
မော့ကျန်းက သူ့နှုတ်ခမ်းများကို အနည်းငယ်ဟလိုက်ပြီး ပြန်ဖြေလာသည်။ "မင်းရဲ့ နာမည်ပြောင်လေ"
လီယန်: “…”
“ကျန်းကျန်း”
စတီယာရင်ကို ကိုင်ထားသော လက်များမှာ သိသာထင်ရှားစွာ တောင့်တင်းသွားပြီး လီယန်ကို လှည့်ကြည့်လာခဲ့သည်။ လီယန်က ရယ်မောကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ရှင့်နာမည်ပြောင်လေ"
မော့ကျန်း: “…”
မော့ကျန်းက သူ့ရင်ဘတ်ထဲမှ ပေါက်ကွဲလာသော ခံစားချက်များကို ဖိနှိပ်ကာ တစ်ဖက်လူကို ကြည့်လိုက်ပြီးနောက် မေးသည်။
"မင်း လုံးဝကို မမှတ်မိတော့တာလား"
လီယန်က ခေါင်းလေးစောင်းကာ မေးခွန်းထုတ်လိုသော မျက်လုံးများဖြင့် မော့ကျန်းကို ကြည့်လာခဲ့သည်။
"ဘာကို မှတ်မိရမှာလဲ"
“ဘာမှ မဟုတ်တော့ပါဘူး” မော့ကျန်းက လမ်းကွေ့လေးကို ချိုးကာ မျက်လုံးတစ်စုံကို လမ်းပေါ်မှာသာ ဦးတည်ထားခဲ့သည်။
"ခုနက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းရဲ့အတွေးကရော"
ယခုတွင်မူ ထိုအကြောင်းသို့ ရောက်လာခဲ့ပြီ ဖြစ်၍ လီယန်က မနေနိုင်ဘဲ မျက်မှောင်များ စုကြုတ်သွားခဲ့သည်။ "ကျွန်မလည်း စိတ်ဖိစီးမှုတွေ မြင့်နေလို့ထင်တယ်... ဒါကြောင့်မို့ ဝမ်ရှောင်ရှောင်နဲ့ ကျွန်မ ထင်ယောင်ထင်မှားတွေ အတူတူ ဖြစ်သွားကြတာနေမှာ"
မော့ကျန်း: “…”
ကောင်းပြီလေ... ထင်ယောင်ထင်မှားလို့ပဲ ထားလိုက်ကြတာပေါ့...
အိမ်ပြန်ရောက်သောအခါ လီယန်က ရေနွေးဖြင့် ရေချိုးလိုက်ပြီး အိပ်ရာပေါ်သို့ တွယ်တက်ကာ အိပ်ရန်ပြင်သည်။ လီယန်က အိပ်ရာပေါ်တွင် ချိတ်ဆွဲထားသော ပိုစတာကို ကြည့်ကာ မတိုင်မီက မော့ကျန်း သူမကို ထွေးပွေ့ထားခဲ့သော မြင်ကွင်းကို ပြန်လည် စဥ်းစားကြည့်လိုက်သည်။
ထို အသစ်အဆန်းဖြစ်နေသည့် လုံခြုံသော ခံစားချက် ရှိနေခြင်းက ကပ်ဆိုးမှန်သမျှကိုပင် တိုက်ထုတ်နိုင်သည့် ခံစားချက်ယနေသည်။
မော့ကျန်းရဲ့ ပေါင်မုန့်ရှစ်လုံးကို မထိခဲ့ရတာတော့ စိတ်မကောင်းစရာပဲနော်...
သူမက နောင်တ အပြည့် ဖြစ်နေစဥ်တွင် အိပ်ခန်းတံခါးက တံခါးခေါက်သံ နှစ်ချက် ကြားလိုက်ရသည်။ ဤအိမ်ထဲတွင် လီယန်နှင့် မော့ကျန်းသာ ရှိသဖြင့် အပြင်ဘက်က တံခါးခေါက်နေသည်မှာ နှစ်ယောက်မရှိနိုင်သော မော့ကျန်းပါပင်။
Xxxxx