Chapter 65
ကြီးစွာသော ခွန်အား
လီယန်က အိပ်ရာပေါ်မှ ခုန်ဆင်းကာ တံခါးထံသို့ အပြေးသွားပြီး ဖွင့်ပေးလိုက်သည်။ တံခါးပွင့်သည်နှင့် ညအိပ်ဝတ်စုံ ဝတ်ထားပြီး နို့တစ်ခွက်ကိုင်ထားသော လူတစ်ယောက်ကို လှစ်ဟပြလာခဲ့သည်။ လီယန်က ခေါင်းမော့ကာ ထိုသူနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး ရယ်ပြလိုက်သည်။
"ကျန်းကျန်း"
မော့ကျန်း၏ နှုတ်ခမ်း လှုပ်ရှားသွားပြီး နို့ခွက်ကို လီယန်ထံ ကမ်းပေးလိုက်သည်။
"နို့သောက်ပြီး အိပ်တော့" သူမက ယနေ့ အဖြစ်အပျက်များကြောင့် ထိတ်လန့်သွားရလောက်သည်။ သူမ ယနေ့ည အိမ်မက်ဆိုးများ မက်မမက်ကို သေချာ မပြောနိုင်သော်လည်း ထိုနွားနို့က သူမကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမည်ဟု မျှော်လင့်ရပေသည်။
"ကျေးဇူးပါ ကျန်းကျန်း" လီယန်က နွားနို့နွေးနွေးလေးကို လှမ်းယူလ်ုက်သည်။ ထိုခပ်နွေးနွေး အပူချိန်လေးက သူမ၏ လက်ချောင်းထိပ်မှ တဆင့် နှလုံးသားထဲသို့ စီးဆင်းသွားသလိုပါပင်။ သူမ၏ ခန္ဓါကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေခဲ့သည်။
လီယန်က တစ်ကျိုက်တည်း အကုန်သောက်လိုက်ပြီးနောက် ခွက်ကို ပြန်ချထားလ်ုက်သည်။ လီယန်၏ ပါးစပ်တွင် အဖြူရောင်အမြှုပ်အကွင်းကြီး ကျန်နေဆဲ ဖြစ်သည်။
"ဖန်ခွက်ကို ကျွန်မ ဆေးလိုက်မယ်... ဂွတ်နိုက်ပါ ကျန်းကျန်း"
သူမကိုယ်သူ မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ထို"ကျန်းကျန်း" ဟူသော အမည်ကို သူမ၏ နှုတ်ဖျားမှ ကျွမ်းကျွမ်းကျင်ကျင် ထွက်လာခဲ့သည်။ သူမက အရင်က ထိုနာမည်ကို အကြိမ်တစ်ထောင် မဟုတ်သေး အကြိမ် တစ်သောင်းမျှ ခေါ်ခဲ့ဖူးသလိုပါပင်။
“ဂွတ်နိုက်” မော့ကျန်းက လှည့်ထွက်သွားပြီး သူ့နောက်ပါးမှ တံခါးချပ်ကို ပိတ်လိုက်သည်။
မော့ကျန်းက ရှေ့ကို တည့်တည့်ကြည့်၍ လမ်းလျှောက်နေဆဲမှာပင် ဖြောင်ဖြောင်က လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ ဖြောင်ဖြောင်က သူ့နောက်ပါးမှ သူ့အခန်းဆီ လိုက်လာခဲ့ပြီး သူမ၏ ခေါင်းလေးကို အတွင်းထဲသို့ ချောင်းကာ မေးလိုက်သည်။
"ရှင် စိတ်ဆိုးနေတာလား"
မော့ကျန်းက အဆုံးတွင် ဖြောင်ဖြောင်ကို မျက်နှာချင်းဆိုင်လာပြီး မျက်ခုံးနှစ်ခုကြား နေရာလွတ်က ဒေါသရိပ်တစ်ခုကို ပြသနေခဲ့လေသည်။ "မင်းသူ့ကို ကြောက်အောင် လုပ်လိုက်တာ"
"ကျွန်မ သူ့ကို ကူညီတာပါနော်" ဖြောင်ဖြောင်က ကန့်ကွက်လိုက်သည်။ "အဲ့ ဝမ်ရှောင်ရှောင်လို့ ခေါ်တဲ့သူက ကြောင်လေးကို ခြောက်ဖို့ ရိုက်ကူးရေးပစ္စည်း တစ်ခုတောင် ယူလာခဲ့သေးတယ်... ရလဒ်ကတော့ ကျွန်မ သူ့ကို ရူးသွားအောင် ခြောက်လွှတ်လိုက်ရတာပဲ"
“မင်းရဲ့ အသံအနေအထားကို ကြားရတာ မင်းကိုယ်မင်း အရမ်း ဂုဏ်ယူနေသလိုပဲနော်"
“အာ…” သူမက အဆင့်အတန်းမီ သရဲတစ်ယောက် ဖြစ်လာသည်ကို ဂုဏ်ယူမိသော်လည်း ဖြောင်ဖြောင်မှာ ဧကရာဇ်မော့ အမှန်တကယ် ဒေါသထွက်နေသည်ကို ခံစားမိနေသဖြင့် အနည်းငယ် ဖျော့တော့သွားလေသည်။
"ကျွန်မ တောင်းပန်ပါတယ်"
မှန်ပါပေသည်... သာမန်လူတစ်ယောက် ဖြစ်လျက်နှင့် မိမိကိုယ်မိမိ လေပေါ်တွင် ပျံဝဲနေသည်ကို ရုတ်တရက် တွေ့သွားပါက လူကိုယ်တိုင်ကို ကြောက်လန့်မိသွားစေမည်ပင်။
မော့ကျန်း သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် အိပ်ရာဆီသို့ လျှောက်သွားကာ လဲချ၍ အိပ်လိုက်သည်။ မော့ကျန်း သူမကို မောင်းချလိုစိတ် မရှိသည်အား တွေ့ရသည့်အခါမှ ဖြောင်ဖြောင် စိတ်သက်သာရာ ရသွားပြီး မကြာမီပင် နေရာမှာ ပျောက်ကွယ်သွားလေသည်။
.......
မော့ကျန်း နိုးလာသောအခါ ပြတင်းပေါက်အပြင်၌ နေရောင်ချည်က ထိန်လင်း၍ နေလေပြီ။ ငှက်ကလေးများ တကျီကျီ မြည်နေကြသံများကလည်း ဝရန်တာကို ဖြတ်၍ ပျံ့နှံ့လာခဲ့သည်။ မော့ကျန်းက သူ့ဆံပင်ကို ဆွဲဖွ၍ အိပ်ရာမှ ထလာသည်။
ကန်စီနီ အိမ်ရာက မြို့ပြနှင့်အတော်လေး ဝေးနေသော်လည်း ဌက်ကလေးများ အော်သံကို ကြားနိုင်သည့် အကျိုးကျေးဇူးများလည်း ရှိသည်။
မော့ကျန်းက ဆေးကြောပြီးသွားသောအခါ အခန်းတံခါးကို ဖွင့်ကြည့်လိုက်ပြီး သူ့အကြည့်များက မသိလိုက်မသိဘာသာဖြင့် လီယန်၏ အခန်းဘက်သို့ ဝေ့ဝဲသွားလေသည်။ သူမ၏ အခန်းနံခါးက ပိတ်ထားဆဲပင် ဖြစ်သည်။ မော့ကျန်းက နေရာမှာပင် ရပ်နေပြီး တစ်ခဏမျှ တွေးတောကာလျှောက်သွားလိုက်ပြီးနောက် လီယန်၏ အခန်းတံခါးကို ခေါက်လိုက်သည်။
"အားယောင် နိုးပြီလား"
မနေ့က ဖော်ထုတ်ခံလိုက်ရပြီး ဖြစ်၍ မော့ကျန်းသည်လည်း လီယန်ကို သူအရင်းနှီးဆုံး နာမည်ဖြစ်သည့် အားယောင်ဟုသာ ခေါ်ဆိုရန် ဆုံးဖြတ်လိုက်သည်။
ပြန်ဖြေသူ မရှိပါပေ။ မော့ကျန်းက တံခါးကို နှစ်ချက်ထပ်ခေါက်လိုက်ပြီး အသံပြုလိုက်သည်။
"ဒါဆို ငါဝင်လာပြီနော်"
မော့ကျန်းက သူ့စကားမဆုံးခင်မှာပင် "ကလစ်" ဟူသော အသံဖြင့် တခါးဖွင့်လိုက်ပြီး အထဲကို တစ်ချက်ကြည့်လိုက်သည်။ အိပ်ရာပေါ်တွင် စောင်များကို သေသေသပ်သပ် ခေါက်ထားလေသည်။ သို့သော်လည်း သက်ဝင်လှုပ်ရှားမှုရှိသည့် မည်သည့် လက္ခဏာကိုမှ မတွေ့ရပေ။
မော့ကျန်းက မျက်ခုံးကြုံ့မိသွားသည်။ ဒီလောက်မနက်စောစောကြီး သူမ ဘယ်ကို လျှောက်သွားနေပါလိမ့်...
ပထမထပ်ကို ရောက်လာခဲ့သော်လည်း မော့ကျန်းမှာ လီယန်၏ အရိပ်အယောင်လေးကို မတွေ့ရဆဲပင်။ သူ မျက်ခုံးကို ပိုကြုတ်လိုက်ပြီး ရှေ့တံခါးကို ဖွင့်ကာ ခြံတံတိုင်းနားထိ ရောက်လာခဲ့သည်။ "အားယောင်"
"ကျန်းကျန်း... ကျွန်မကို လိုက်ရှာနေတာလား" ခေါင်းလေးတစ်လုံးက အိမ်၏ ညာဘက်ထောင့်လေးမှ ထွက်ပေါ်လာပြီး မော့ကျန်းကို အားအင်ပြည့်ဝနေသည့် မျက်လုံးလေးများဖြင့် ကြည့်လာခဲ့သည်။
မော့ကျန်းက ခေါင်းပြန်လှည့်ကာ လီယန်ဘက်သို့ မျက်နှာမူလိုက်ပြီး သူမဘက်သို့ လျှောက်သွားလိုက်သည်။ "ဘယ်တွေ လျှောက်သွားနေတာလဲ"
"ကျွန်မ ပြေးနေတာလေ... ဒေါက်တာဖန် ကျွန်မကို ခဏခဏ လေ့ကျင့်ခန်း လုပ်ဖို့ သတိထားရမယ်လို့ ပြောထားတယ်"
လီယန်က ထောင့်လေးမှ ထွက်လာပြီး သူမ၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှု အချို့ ရှိနေဆဲ ဖြစ်သည်။
"ခုနက ကျွန်မ ပြေးနေတော့လေ... အိမ်နောက်မှာ ဥယျာဥ်သေးသေးလေး တွေ့ခဲ့တယ်"
"ဪ... အဲ့ဒါလား" လီယန်၏ ကျေးဇူးကြောင့် မစိုက်ပျိုးရသေးသော ဥယျာဥ်လေးကို သတိရသွားသည်။
"အစတုန်းက အဲ့မြေကို စီးပွားရေး ကောင်းလာရင် ထုတ်ရောင်းမလို့ ထားထားတာ"
“ဪ” လီယန်က ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါဆို ဘာလို့ မသုံးထားရတာလဲ... အဲ့နေရာကို ဒီတိုင်းထားထားတာ သနားစရာကောင်းနေသလိုပဲ"
"ငါက အပင်စိုက်ပြီး ထိန်းသိမ်းဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ" အမှန်တကယ်တွင် မော့ကျန်းမှာ သူ့ဘဝ၌ အပင်များ မစိုက်ပျိုးနိုင်ခဲ့ပေ။ (T/N စိုက်သမျှ မရှင်)
"ကျွန်မ အပင်စိုက်တတ်တယ်" လီယန်က မော့ကျန်းကို မျှော်လင့်နေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
"အိမ်မှာ စိုက်တဲ့ အသီးအရွက်တွေ စားရတာက ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အကူအညီပေးပြီးတော့ ကျန်းမာရေးအတွက်လည်း ကောင်းတယ်"
"အသီးအရွက်လား" မော့ကျန်းမှာ လီယန် ထိုကဲ့သို့ အကြံမျိုး ပြောလာမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ "ဒါပေမယ့် ဒါက ပန်းခြံလေ"
“ပန်းခင်းနဲ့ အသီးအရွက်စိုက်ခင်းက တကယ်တော့ တူညီတဲ့အရာတွေပဲဟာ"
မော့ကျန်း: “…”
သူမ မှန်ပါတယ်...စကားလုံးလေး တစ်လုံးပဲ ကွဲနေတာ...
“လုပ်ချင်သလိုလုပ်” မော့ကျန်းက ပြန်လှည့်ပြီး အိမ်ထဲသို့ ဦးတည်လိုက်သည်။"အရင်ဆုံး မနက်စာ စားမယ်... ပြီးရင် စတူဒီယို သွားရအောင်"
“ရရှိ” လီယန်က စိတ်လှုပ်ရှားစွာဖြင့် မော့ကျန်း ရှေ့သို့ ရောက်သွားကာ အိမ်ထဲသို့ မဝင်မီ သူ့ကို ဖမ်းဆွဲလာခဲ့သည်။
"ဒီနေ့... ကျွန်မ ပေါင်မုန့်မီးကင် လုပ်ထားတယ်... လီမွန်ဖျော်ရည်နဲ့ ဆိုရင်ရော"
မော့ကျန်းက သူ့နောက်ပါးမှ တံခါးကို ပိတ်ကာ သူမကို သံသယအကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။ "ပေါင်မုန့်မီးကင် လုပ်တတ်တာ သေချာလို့လား"
"ကျွန်မ အမေဆီက သင်ထားတာ... ယုံထားလိုက်" အားယောင်က မော့ကျန်းဘက်သို့ ခေါင်းလှည့်ကာ နတ်ဘုရားဆီသို့ ရိုးသားဖြောင့်မတ်သည့် အမူအယာ ဖော်ပြလာခဲ့သည်။
“… ကောင်းပြီလေ”
လီယန်က ရေခဲသေတ္တာထဲမှ သံပရိုသီး တစ်လုံးကို သွားယူလိုက်ပြီး ရေဆေး၍ နှစ်ခြမ်းခွဲလိုက်သည်။ သူမက တစ်ဝက်ကို ကောက်ယူ၍ ၎င်း၏ ဘေးသားလေးကို ကိုက်ဝါးလိုက်သည်။ မော့ကျန်း၏ မျက်လုံးများထဲမှ အမူအယာများ ပြောင်းလဲသွားပြီး လီယန်ရှေ့သို့ လှမ်းလာကာ မေးလိုက်သည်။
"မင်းလည်း သံပရိုသီးကို ဒီလို စားရတာ ကြိုက်တာလား"
"အာ... ကျွန်မလည်း ဘာလို့မှန်း သသေချာမသိဘူး... မနက်ပိုင်း ကျွန်မနိုးလာတော့ လီမွန်သီးကို ဒီလိုစားရတာ ကြိုက်မှန်း သိသွားတာပဲ" ထိုအကြောင်းကို ပြောရပါက လီယန်ကိုပင် မတွေးတောနိုင်တော့ပေ။ အချိန်အကြာကြီး အိပ်လိုက်ရသည်ကြောင့် သူမ၏ မျိုးရိုးဗီဇများက သေန္ဓပြောင်းသွားကြဟန် တူသည်။ "ရှင်ရော ကိုက်အုံးမလား"
မော့ကျန်း၏ မျက်လုံးများ တဖျတ်ဖျတ်လက် သွားပြီးနောက် နှုတ်ခမ်းထောင့်လေးများ ကော့တက်လာခဲ့သည်။
"ကောင်းပြီလေ" သူကိုယ်ကို ကိုင်း၍ လီယန်၏ လက်ထဲမှ သံပရိုသီးကို ကိုက်လိုက်သည်။ လီယန် ကိုက်ထားခဲ့သည့် နေရာမှာပင် ခပ်ဖွဖွလေး ကိုက်လိုက်ခြင်း ဖြစ်ပေသည်။
လီယန်: “…”
လီမွန်သီးတလျှောက် အပူချိန်က သူမ၏ မျက်နှာပြင်သို့ ပျံ့နှံ့လာသည့်အတွက် လီယန်၏ မျက်နှာ တစ်ခုလုံးက နီရဲသွားလေသည်။ သူမက လက်ကို ပြန်ရုတ်ကာ မျက်နှာလွှဲ၍ စဥ်းလှီးခုံပေါ်တွင် တင်ထားခဲ့သည့် အခြားတစ်ခြမ်းကို တွန်းပို့ပေးလိုက်သည်။
"ကျွန်မ... ကျွန်မ ပြောတာ ဒီတစ်ခြမ်း"
"ဒါပေမယ့်... ဒီတစ်ခြမ်းက ပိုချိုသလိုပဲ" မော့ကျန်းက လီယန်၏ လက်ထဲမှ ကိုက် ထားပြီးသား သံပရိုအခြမ်းကို ယူကာ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်၊ ထို့နောက် စိတ်အခြေအနေကောင်းလေးဖြင့် ဧည့်ခန်းထဲသို့ ထွက်သွားလေတော့သည်။
လီယန်: “…”
ချိုတာ စားချင်လည်း ချိုတဲ့ လိမ္မော်သီး စားပါလား... ဘာလို့ ချိုတဲ့ သံပရိုသီးလဲ...
လီယန်က ပေါင်မုန့်ကင်ကို ယိုသုတ်ကာ ကျန်ရှိနေသည့် သံပရိုသီးကို ပေါင်မုန့်ကင်ပေါ်သို့ ညှစ်ပေးလိုက်သည်။ မော့ကျန်းက စားကြည့်ပြီးနောက် အလွန် စိတ်ကျေနပ်သွားပုံရသည်။ "မဆိုးဘူး... မင်း လက်ထပ်လို့ ရပြီ"
လီယန်:“…”
ဒါက... အပြစ်တင်ခံရရင်တောင် စိတ်အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူး...
မနက်စာစားပြီးနောက် နှစ်ယောက်သားက ရုပ်ရှင်စတူဒီယိုသို့ ဦးတည်ခဲ့ကြသည်။ သေချာပေါက် မော့ကျန်းကသာ ကားမောင်းရသည်ပင်။ လီယန်က မျက်လုံးများကို လမ်းပေါ်ကိုသာ လုံးဝ နစ်မြုပ်ထားသည့် သူမဘေးမှ လူကို တစ်ချက်ကြည့်လိုက်သည်။ သူမက မဝံ့မရဲ မေးလိုက်လေသည်။
"ကျန်းကျန်း... ကျွန်မ ဘယ်အချိန် အားလပ်ရက်ရမှာလဲ"
မော့ကျန်း၏ မျက်ခုံးများ ခုန်ပေါက်သွားပြီး သူမဘက်ကို လှည့်ကြည့်လာခဲ့သည်။ "ဘာလို့လဲ... ပင်ပန်းလို့လား"
“မဟုတ်ပါဘူး... ကျွန်မ ကားမောင်းသင်ဖို့ အချိန်ယူမလို့... အမြဲတမ်း ရှင့်ကိုပဲ မောင်းခိုင်းလို့ မရဘူးလေ"
အခြားနာမည်ကျော်များက ကားထဲတွင် အနားယူနိုင်ကြသည်။ ကိုယ်တိုင်ကားမောင်းသူမှာ မော့ကျန်း တစ်ယောက်တည်းသာ။ လီယန်က လက်ထောက်တစ်ယောက်အနေဖြင့် သူမ၏ လုပ်နိုင်စွမ်းများကို ရှက်ရွံ့နေပေသည်။
"ကိစ္စ မရှိပါဘူး... အရင်ကလည်း ကိုယ့်ဘာသာ မောင်းတာပဲ"
“ဒါပေမယ့် လက်ထောက် မရှိတုန်းကလေ"
"မင်းက အရမ်း ရူးကြောင်ကြောင်နိုင်နေတာ... ငါ ဘယ်လိုလုပ် မင်းမောင်းတဲ့ ကားပေါ် စိတ်ချလက်ချ လိုက်စီးနိုင်မှာလဲ" မော့ကျန်း၏ ထိုစကားလေး တစ်ခွန်းနှင့်ပင် ပွဲသိမ်းသွားလေပြီ။
လီယန်: “…”
#မျောက်တစ်ကောင်ရဲ့ဥာဏ်ကောင်းမှု#
မော့ကျန်းက ရပ်သွားပြီးနောက် ဆက်ပြောလာခဲ့သည်။ "ဒါပေမယ့် မင်း ပင်ပန်းရင်တော့ပြောလေ... ငါ မင်းကို အားလပ်ရက် ပေးမယ်"
"အင်း" လီယန်က အလွန်အကျွံ မလုပ်တော့ဘဲ စကားလုံးလေး တစ်လုံးဖြင့်သာ ငြင်ငြင်သာသာ ပြန်ပြောလိုက်သည်။
စတူဒီယိုသို့ ရောက်သောအခါ ဝမ်ရှောင်ရှောင်က မိတ်ကပ်ပြင်နေပေသည်။ သူမက လီယန်ကို သတိပြုမိသွားသောအခါ လက်လွတ်စပယ် စိန်းစိန်းဝါးဝါး ကြည့်လာခဲ့သည်။ လီယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ ဒီကောင်မစုတ်လေး လူကို ဒီလို စိုက်ကြည့်နေတာ ကျင့်ဝတ် မရှိလိုက်တာ... လီယန်လည်း ပြန်စိုက်ကြည့်လိုက်သည်။
ဓါးသွားများ ပစ်လွှတ်နေကြဆဲတွင် လီယန်၏ အိတ်ထဲမှ ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။
၎င်းက ထန်ချန်းပင်။
ထိုကဲ့သို့သော အဆင့်မြင့်ဘောစ့်ကို တွေ့ကြုံရသည့်အခါ လီယန်က ရိုသေမှု ဆယ့်နှစ်သိန်းတို့ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"ထန်ချန်း... ဟယ်လို"
"ကုမ္ပဏီကို လာခဲ့... မော့ကျန်းမှာထားတာတွေ ရောက်လာပြီ... မင်း ပစ္စည်းတွေ လာယူပြီး သူ့ဆီ ပို့ပေးလိုက်အုံး"
"ဟုတ်" လီယန်က ဖုန်းချပြီးနောက် ထိုကိစ္စကို မော့ကျန်းထံ အစီရင်ခံလိုက်သည်။ လီယန်က တက္ကတစီငှားကာ ခိုက်ဟွမ်းသို့ ဦးတည်လိုက်လေသည်။ တက္ကစီ ကုမ္ပဏီ အဆောက်အအုံအနားသို့ ရောက်သောအခါ အဆောက်အအုံ၏ မနီးမဝေးတွင် ကားရပ်ရန် ပြောလိုက်သည်။ လီယန်က သူခိုးလေး တစ်ယောက်လိုပင် တရွေ့ရွေ့ တိုးကပ်လာခဲ့သည်။
သူမ ကားမမောင်းနိုင်သည်ကိုသာ ထန်ချန်း သိသွားခဲ့ပါက သူမကို သေချာပေါက် ဒယ်အိုးတွင် ထည့်ကြော်လိုက်နိုင်သည်။ သို့သော်လည်း သူမက ကားမမောင်းတတ်ခြင်း မဟုတ်ဘဲ လေ့ကျင့်မှု မရှိခဲ့ရုံသာပင်။
လီယန်က ဓါတ်လှေကားကို 36ထိ စီးကာ ထန်ချန်း၏ ရုံးခန်းထဲသို့ ဝင်သွားချင်ခဲ့သည်။ သို့သော်လည်း ဟန်မိန်မိန်က သူမကို တံခါးတွင် တားထားခဲ့သည်။
"ဒါရိုက်တာထန်က အခု အစည်းအဝေး လုပ်နေတယ်... ရှင်ရောက်ရင် ဧကရာဇ်မော့ရဲ့ နားနေခန်းထဲ ခေါ်သွားပြီး ပစ္စည်းတွေ ယူပေးဖို့ ကျွန်မကို ပြောထားတယ်"
“အိုး ကောင်းပြီလေ” လီယန်က နောက်ပါးမှ လိုက်သွားရင်း ခိုက်ဟွမ်း၏ စင်္ကြံတလျှောက် သတိကြီးကြီးထားကာ လျှောက်လာနေသည်။ လီယန်က ဤနေရာတွင် ဝန်ထမ်းတစ်ယောက် ဖြစ်သော်လည်း သုံးခါသာ ရောက်ဖူးသေးသည်။
“အာ... ဟန်မိန်မိန်”
“တစ်ခုခု ဖြစ်လို့လား" ဟန်မိန်မိန်က ခေါင်းလှည့်လာပြီး သူမကို ကြည့်လိုက်သည်။
“ရှင့်နာမည်က တကယ်ပဲ ဟန်မိန်မိန်တဲ့လား”
“… ဟုတ်တယ်လေ”
“ဪ” လီယန်က သူမ၏ နှုတ်ခမ်းလေးများကို ဖွင့်ချည်ပိတ်ချည် လုပ်လိုက်သည်၊ "တကယ်ကလေ.. ကျွန်မနံမည် လီလဲ့ မဟုတ်ဘူး... လီယန်ပါ"
“… ကျွန်မ သိပါတယ်" ဟန်မိန်မိန်က ပြောလိုက်ပြီး နေရာမှာပင် ရပ်သွားသည်။
"ကျွန်မတို့ ရောက်ပြီ"
လီယန်က နားနေခန်းအတွင်းသို့ သူမနောက်မှ လိုက်လာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ပုံးနှစ်ပုံး ရှိနေပေသည်။ ဟန်မိန်မိန်က ပုံးများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒီမှာ ပစ္စည်းတွေ"
လီယန်က လျှောက်လာပြီး ကြည့်လိုက်သည့်နောက် သူတို့ အွန်လိုင်းပေါ်မှ မှာထားသည့် သရေစာများ ဖြစ်ကြောင်း သိလိုက်ရသည်။
"ဧကရာဇ်မော့က အွန်လိုင်းကနေ သရေစာတွေ ဝယ်ရတာ သဘောကျတာလား" ဟန်မိန်မိန်က မျက်တောင်ခတ်ကာ သတိကြီးကြီးဖြင့် အတင်းအဖျင်းများ စပြောတော့သည်။
“ဟုတ်တယ်... သူ လတိုင်း တစ်လတစ်ကြိမ် မှာတယ်တဲ့... သူ့အကြိုက်ဆုံးက နိုင်ငံခြား သရေစာဆိုင်တွေပဲ" လီယန်က သူမဘောစ့်၏ အချက်အလက်များကို စိမ်ပြေနပြေ ဖွင့်ထုတ်လေတော့သည်။
"အိုး... သူက ဘာတွေ စားရတာ ကြိုက်လဲ"
သတိမထားတတ်တဲ့ အသစ်လေး... သူမတော့ တကယ် သဘောကျသွားပြီဟေ့...
"သူက သစ်သီးပူတင်းတွေ စားရတာ ကြိုက်တယ်... ချောကလက်ကွက်ကီးတွေရောပဲ" လီယန်က ထို့နောက်တွင် တစ်စက္ကန့်မျှ စိတ်အနှောက်ဖြစ်နေသည့် အမူအယာ ဖြစ်သွားသည်။ သူမက မေးသမျှ မေးခွန်းတိုင်းကို အခမဲ့ ပြန်ဖြေပေးနေခြင်းပင်။
"ဟေး... အဲ့တာ ဘာလဲ"
ဟန်မိန်မိန်၏ မျက်လုံးများက သူမ ထိုးပြနေသည့်နေရာသို့ ရောက်ရှိသွားသည်။
"ဒါက ဂုဏ်ပြုတံခွန်လေးလေ"
“ဂုဏ်ပြုတံခွန်”
“ရှင်မသိဘူးလား... ဒါက ရဲဌာနကနေ ကိုယ်တိုင် ပို့ပေးလာတာလေ" ဟန်မိန်မိန်က ထိုဂုဏ်ပြုအလံလေးမှာ သူမထံသို့ ပို့ထားသည့်အလား ဂုဏ်ယူစွာ ပြောဆိုနေသည်။
"အဲ့အချိန်တုန်းက ဧကရာဇ်မော့က ကြောင်ဂိုဏ်းကို ဖမ်းမိဖို့အတွက် ရဲတွေကို အကူအညီပေးခဲ့တာလေ... သတင်းစာ ခေါင်းကြီးပိုင်းတွေမှာတောင် ပါလာသေးတယ်"
Xxxx