အပိုင်း ၆၆
Viewers 10k



Chapter 66
ကားမ​တော်တဆမှု



သူမ ​ပြောသည်ကို ကြား​သောအခါ လီယန်မှာ အနည်းငယ် အထင်ကြီးသွားရသည်။ လီယန် ​​မော့ကျန်း၏ အချက်အလက်များကို ဖတ်ခဲ့စဥ်က ထိုကဲ့သို့​သော ကိစ္စတစ်ခုခုကို ​​ဖော်ပြထားခဲ့ဖူးသလိုပါပင်။

လီယန် နံရံ​ပေါ်မှ ဂုဏ်ပြုစာတန်းကို မမှိတ်မသုန် ကြည့်​နေသည်အား ​တွေ့​သောအခါ ဟန်မိန်မိန်က သူမ၏ ​​နောက်​ကျောကို ပုတ်လာခဲ့သည်။

"ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတိပါဘူး" လီယန်က ပြန်လှည့်လိုက်ပြီး ကြမ်းပြင်​ပေါ်မှ ပုံးများကို အကြည့်​ရောက်သွားသည်။ "ဒါဆို သယ်သွား​တော့မယ်​နော်"

"​ကောင်းပြီ​လေ... ရှင့်ကို ကူသယ်​​ပေးဖို့ လုံခြုံ​ရေးတစ်​ယောက်​ယောက် ​ခေါ်​​ပေးရမလား" ထိုပုံးနှစ်ပုံးက အ​တော်​လေး ​လေး​လောက်သည်။

"မလိုပါဘူး... ကျွန်မ ​ရွှေ့နိုင်ပါတယ်" စကားဆုံးသည်နှင့် လီယန်က ထိုင်ချကာ ပုံးနှစ်ပုံးကို အလွယ်တကူ မယူလိုက်သည်။ ဟန်မိန်မိန်က တခစ်ခစ် ရယ်​မော​လေ​တော့သည်။

ဟန်မိန်မိန်က သူမ​ရှေ့မှ ဟာကျူလီကို နှစ်​ထောင်းအားရစွာ ကြည့်လိုက်ပြီး မျက်လုံးများက ဘလင်းဘလင်း ဖြစ်လာ​လေသည်။

"​ရေသန့်စက်က ​ရေပုံးကို​ရော လဲ​ပေးလို့ရမလားဟင်" ယ​နေ့မနက် ကုမ္ပဏီသို့ ​ရောက်လာစဥ်က ​ရေသန့်စက်ထဲတွင် ​ရေမရှိ​တော့​ပေ။ ​ရေဘူးအသစ်လာပို့သည့် ဝန်ထမ်းကလည်း မလဲ​ပေးထားခဲ့ဘဲ ကြမ်း​ပြင်ပေါ်သာ ချ​ပေးထားခဲ့သည်။

“လွယ်လွယ်​လေး” လီယန်က ပုံးနှစ်ပုံး သယ်ကာ ဟန်မိန်မိန်​နောက်မှ လိုက်ထွက်လာခဲ့သည်။

လီယန်က ပုံးများကို ချကာ ​ရေဘူးကို မလိုက်စဥ်တွင် ရုတ်တရက် ​နောက်ပါးမှ ထွက်​ပေါ်လာသည့် အမျိုးသား အသံတစ်သံကို ကြားလိုက်ရသည်။

"မင်းက ​မော့ကျန်းရဲ့ လက်​ထောက်လား"

လီယန်က ​ရေဘူး သယ်ထားရင်းဖြင့် မသိလိုက်မသိဘာသာဖြင့် ခန္ဓါကိုယ်ကို လှည့်လိုက်သည်။

သူမ​ရှေ့တွင် အ​သေအချာ မီးပူတိုက်ထားသည့် အ​​နောက်တိုင်း ဝတ်စုံ ဝတ်ထား​သော ​ယောကျ်ားတစ်​ယောက် ရပ်​နေပြီး သူ့မျက်နှာ​ပေါ်၌ ရွှေ​ရောင်သန်း​နေ​သော မျက်လုံးတစ်စုံကို ထုတ်​ဖော်​​နေကာ သူ့ခန္ဓါကိုယ်တစ်ခုလုံးတွင် ​ကျော့​ရှင်း​သော အ​ရောင်အဝါများ ထုတ်လွှင့်​နေခဲ့သည်။ မည်သည့်အ​ကြောင်းအရင်းမှန်း မသိရ​သော်လည်း လီယန် ထိုသူကို အ​တော်​လေး သ​ဘောမကျ ဖြစ်​နေမှန်း သိလိုက်ရသည်။

“လျို... ဒါရိုက်တာလျို” ဟန်မိန်မိန်က လျိုထျန်​ချောင်းကို ​တွေ့သည်နှင့် သူမ၏ ခန္ဓါကိုယ်ကို ​ဖြောင့်​ဖြောင့် ရပ်လိုက်ပြီး မပွင့်တပွင့် ပြုမူလာသည်။

လျိုထန်း​ချောင်းက ဟန်မိန်မိန်ကို တစ်ချက်ပင် ကြည့်မလာဘဲ လီယန်ကိုသာ စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်​နေသည်။

"ငါကြားတာ... ​မော့ကျန်းက မင်းကို ​ရွေးလိုက်တာဆို... မင်းမှာ ဘာထူးခြားတာမှ ရှိပုံ မရဘဲနဲ့" သူ့စကား၁ုံးသည်နှင့် လျိုထျန်ချန်း၏ အကြည့်များက ​ရေဘူးကိုင်ထား​သော လက်များအ​​ပေါ် ကျ​ရောက်သွားခဲ့သည်။

"အားသန်တာက လွဲရင်​ပေါ့"

ဟန်မိန်မိန်က အ​ပြေးသွားကာ ​​ဒါရိုက်တာထန်ကို လာခဲ့ရန် အ​ကြောင်းကြားလိုက်မည်ဟု စဥ်းစား​နေစဥ်မှာပင် လျိုထန်ချန်းက လီယန်ထံသို့ နှစ်လှမ်းမျှ ​တိုးကာ လျှောက်လာခဲ့သည်။ လီယန်က ​အေး​အေးလူလူ လမ်း​လျှောက်လာ​သော လျိုထန်ချန်းကို ကြည့်လိုက်သည်။ ထို့​နောက် သူမက ​ရေပုံးကို မလိုက်​​လေသည်။

"ကပ်မလာနဲ့​နော်... ကပ်လာရင် ​ရေဘူးနဲ့ ထုလိုက်မှာ"



​ဟောခန်းထဲရှိ အခြားနှစ်​ယောက်မှာ တိတ်ဆိတ်သွား​လေသည်။ သူတို့က ​ရေဘူးမထား​သော လီယန်ကို တိတ်တဆိတ် ကြည့်နေခဲ့ကြသည်။

ဟန်မိန်မိန်: “…”

စစ်သည်​တော်ကြီး... ​​ကျေးဇူးပြုပြီး ငါ့ရဲ့ ဒူး​ထောက်အရိုအ​သေ​ပေးတာကို လက်ခံ​ပေးပါ...

"ဒါရိုက်တာလျို... ကျွန်​တော့်ကို ရှာ​​နေတာလား"

ထန်ချန်း မည်သည့်အချိန်က ​ရောက်လာမှန်း မသိလိုက်​သော်လည်း ဟန်မိန်မိန်မှာ သူ့ကို မြင်ကာမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ထန်ချန်းက ​ရေဘူးသယ်ထား​သော လီယန်ကို မြင်သွားသည်။သူ့နှုတ်ခမ်းများကို တွန့်​ကွေး၍ တည်တည်ငြိမ်ငြိမ် ​ပြောလိုက်သည်။

"အရင်ဆုံး ​ရေဘူးလဲလိုက်​လေ"

"ဪ... ဟုတ်" လီယန်က လျိုထျန်​ချောင်းကို သတိထား​နေသည့် အကြည့်တစ်ချက် ​ပေးလိုက်ပြီး ​ရေဘူးလှယ်ရန် လှည့်သွားသည်။

"ငါသူ့ကို လာကြည့်တာ​လေ" လျိုထျန်​ချောင်းက လီယန်ကို ကြည့်လိုက်ပြီး​နောက် တူညီစွာပင် ခန္ဓါကိုယ်ကို လှည့်လိုက်သည်။

"ပြကွက်​ကောင်း​လေးပဲ"

“​နောက်တစ်ခါကျရင်​တော့ အဖိုးအခ ​ပေးရမှာ​နော်"

ထန်ချန်း၏ အသံကို ကြား​သောအခါ လျိုထျန်​ချောင်းက ရယ်​မောကာ ဓါတ်​လှေကားထဲသို့ ဝင်သွားသည်။ ထန်ချန်က အူတိအူ​ကြောင်ပုံစံဖြင့် ရပ်​နေ​သော လီယန်ကို ကြည့်လိုက်သည်။ ထို့​နောက် သူက သူ့ရုံးခန်းဆီသို့ ​လျှောက်သွား​တော့သည်။

"အထဲကို လိုက်ခဲ့"


လီယန်က ဟန်မိန်မိန်ကို သနားစဖွယ် အကြည့်​လေးဖြင့် ကြည့်လိုက်သည်။ သူမက ကူကွယ်ရာမဲ့​နေ​သောပုံစံဖြင့် ပုံစံဖြင့် ပြန်တုံ့ပြန်လာသည်။

လီယန်က နှာရှုံ့ကာ ထန်ချန်း​၏ နောက်ပါးမှ သူ့ရုံးခန်းထဲသို့ လိုက်ဝင်သွားသည်။သူမက ဘွဲ့ရပြီးသွားသည့်​နောက် ရုံးခန်းထဲသို့ သီးသန့်​တွေ့ဆုံရန်အတွက် ဖိတ်​ခေါ်ခံရဆဲ ဖြစ်မည်ဟု တစ်ခါမှ မ​တွေးမိခဲ့ဖူး​ပေ။

ထန်ချန်းက စားပွဲ​နောက်ရှိ သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လီယန်ကို ကြည့်ကာ အခြားခုံတွင် ဝင်ထိုင်ရန် မျက်ရိပ်ပြလိုက်သည်။

"ဘာလို့ ခုံမှာ ဝင်မထိုင်တာလဲ"

လီယန်က ​တောင့်​တောင့်တင်းတင်း အမူအယာဖြင့် ဝင်ထိုင်လိုက်သည်။ ထန်ချန်းက သူမကို ကြည့်​နေပြီး ​မေးလာခဲ့သည်။

"ခုနက လူက ဘယ်သူလဲ သိလား"

လီယန်က သူမ၏ ​ခေါင်းကို ခါယမ်းလိုက်ပြီး တီးတိုး ​ပြောလာခဲ့သည်။ "မသိပါဘူး... တကယ်ပါ"

“သူက လျိုထျန်​ချောင်းလို့ ​ခေါ်တယ်... ခိုက်ဟွန်းရဲ့ ဒါရိုက်တာ​တွေထဲက တစ်​ယောက်ပဲ... ပြီး​တော့လည်း လူသိများတဲ့ ​​အေးဂျင့်တစ်​ယောက်ပဲ"

“… ဪ”

“ပြီး​​တော့ ခုနက မင်း သူ့ကို ​ရေဘူးနဲ့ ထုဖို့ လုပ်ခဲ့​သေးတယ်"

“… သူက နည်းနည်း သ​ဘောကျဖို့ မ​ကောင်းလို့”

ထန်ချန်းက ​ခေါင်းငြိမ့်ကာ ​ပြောလာခဲ့သည်။

"ငါလည်း ​ထောက်ခံတယ်... သူက ​တော်​တော်​လေး မနှစ်မြို့စရာ ​ကောင်းတယ်"

လီယန်: “…”

"ဒါပေမယ့် သ​ဘောကျစရာ မ​ကောင်းတာထက် သူက နှာဘူးတစ်​ကောင်လည်း ဖြစ်​နေ​သေးတယ်... ​နောက် သူ့ကို ​တွေ့ရင် ​ဝေး​ဝေး​ရှောင်​နော်"

“… ဟုတ်” ရှင်တို့က ပြိုင်ဘက်​တွေ ဖြစ်​နေ​ပေမယ့်... သူ့ကို အရင် ​စော်ကားဖို့ မလိုဘူး​လေ... ဒါက လည်ပင်းဖြတ်တဲ့ ပြိုင်ပွဲမျိုးပဲ...

“မင်းနဲ့​ ​မော့ကျန်း အဆင်​ပြေကြရဲ့လား" လျိုထျန်​ချောင်းအ​ကြောင်း ​ပြောပြီးသွားသည်နှင့် ထန်ချန်းက စကားလမ်း​ကြောင်း ​ပြောင်းကာ သူမ၏ အလုပ်အ​​ခြေအ​ကြောင်း ​မေးလာခဲ့သည်။

"​တော်​တော်​... ​တော်​တော်​လေး ​ကောင်းပါတယ်" မည်သည်​ကြောင့်မှန်း မသိရ​သော်လည်း လီယန် အပြစ်ရှိစိတ် အနည်းငယ် ခံစားလိုက်ရသည်။

"ဒါဆို ​ကောင်းတာ​ပေါ့... ​မော့ကျန်းက မင်းရဲ့ လုပ်​ဆောင်ချက်​တွေကို ​အ​တော်​လေး ကျေနပ်​နေတယ်.... သူ မင်းရဲ့ အလုပ်သင်ကာလကို ​တစ်လအထိ လျှော့လိုက်ဖို့​တောင် ​ပြော​နေတာ... ဆက်လုပ်ထား"

လီယန်က မမှိတ်မသုန် ကြည့်​နေခဲ့သည်။ သူ တကယ်ကြီး ထန်ချန်းကို ဒါ​တွေ ​ပြောပြတယ်​ပေါ့... လစာ တစ်​သောင်း အ​ကြောင်း​ရော မ​ပြောပြဘူးလား...

သူမ ရုတ်တရက် ရှက်ရွံ့သွား​လေသည်။

"ဟုတ်တယ်... အခု မင်းက သူ့လက်​ထောက် ဆို​တော့ အခုကစပြီး သူမှာသမျှ ပစ္စည်းအားလုံးကို သူ့​နေရာကို ပို့​ပေးရမယ်... မင်းရဲ့ လက်ရှိ လိပ်စာ ဘယ်မှာလဲ"

"ကန်စီနီအိမ်ရာ... ဟွားယွမ်အပိုင်း3... အိမ်နံပါတ် 9"

ထန်ချန်း: “…”

ဘာလို့ ဒီလိပ်စာက ရင်းနှီး​နေတယ်လို့ ခံစားရပါလိမ့်...

“မင်းနဲ့ ​မော့ကျန်း အတူတူ ​နေကြတာလား”

လီယန်က ​တွေ​ဝေစွာဖြင့် ​ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့" ဒီကိစ္စကို ထန်ချန်းက ဘာလို့ မသိရတာလဲ... ဒီလိုအ​ကြောင်းအရာမျိုးကို ​အေးဂျင့်ဆီ သတင်းပို့ရလိမ့်မယ်လို့ ​တွေး​နေတာ...

ထန်ချန်းထံမှ တုံ့ပြန်မှု မရှိသည်ကို ​တွေ့လိုက်ရသည့်အခါ လီယန်က ခပ်ရှက်ရှက်ဖြင့် ထပ်​ပေါင်း ​ပြောလိုက်သည်။

"ကျန်း... ဧကရာဇ်​မော့က ကျွန်မကို ​ပြောင်းလာ​​နေဖို့ ခွင့်ပြုလိုက်တာ... အလုပ်အတွက် ပိုအဆင်​ပြေ​အောင်တဲ့"

ထန်ချန်းက သူ့နှုတ်ခမ်းကို တွန့်​ကွေး​နေဆဲ ဖြစ်ကာ ​ပြောလာခဲ့သည်။

"ငါနားလည်ပြီ... ဆို​တော့ ဒီလို ဖြစ်သွားတယ်​ပေါ့... သူမှာတဲ့ပုံး​တွေက ဒီကို ​ရောက်လာ​နေတုန်းပဲ"

လီယန်က "ဪ" ဟူ​သော အသံ​လေး ထွက်လာခဲ့သည်။ သူမဖုန်း၏ မက်​ဆေချ့်​ရောက်သံ ထွက်လာသည့်အခါ ထန်ချန်းကို ကြည့်လိုက်​လေသည်။ ထန်ချန်းထံမှ ကန့်ကွက်ချက် တစ်စုံတစ်ရာ ပြမလာသည့်အခါမှသာ မက်​ဆေချ့်ကို ဖတ်လိုက်သည်။

"ဧကရာဇ်​မော့ဆီကပါ... ဘယ်​လောက်ကြာအုံးမလဲလို့ ​​မေး​နေတာ"

ထန်ချန်းက သူ့နှလုံးသားထဲမှ ငြီးတွားလိုက်ပြီး လီယန်ကို ကြည့်၍ ​ပြောလာသည်။

"ဒီမှာ ဘာပြဿနာမှ မရှိ​တော့ဘူး... မင်း ပြန်သွားလို့ရပြီ"

လီယန်က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်ချက်ချကာ ထန်ချန်းကို ​ပျော်​ပျော်ရွှင်ရွှင်ဖြင့် နှုတ်ဆက်စကား ​ပြောရန် ​ပြင်လိုက်​သော်လည်း ထန်ချန်းက သူ့​ရှေ့မှ ဖုန်းနား​ထောင်သည့် ကိရိယာ​လေးကို နှိပ်လိုက်သည်။

"ဟန်မိန်မိန်... ကားပါကင်အထိ အထုပ်​​တွေလာကူသယ်​ပေးဖို့ လုံခြုံ​ရေး တစ်​ယောက် ​ခေါ်လိုက်"

“နားလည်ပါပြီ... ထန်တုန့်”

ထန်ချန်းက ဖုန်းချလိုက်သည်နှင့် ​ခေါင်း​မော့ကာ လီယန်ကို ကြည့်၍ ​ပြောလာခဲ့သည်။ "ပြန်သွားဖို့အတွက် ကုမ္ပဏီက ကားကို သုံးလို့ရတယ်"



"​ကျေးဇူးပါ... ဒါရိုက်တာထန်" လီယန်က ထန်ချန်းကို မျက်နှာမူကာ ချိုချိုသာသာအပြုံး​​လေးကို အားစိုက်၍ ဖျစ်ညှစ်ထုတ်လိုက်ရသည်။

လုံခြုံ​ရေးတစ်​ယောက်က ​ရောက်လာပြီး ကားပါကင်သို့ လမ်းတ​လျှောက်နှင့် ကားအတွင်းပိုင်းထဲအထိ အထုပ်များ သယ်လာ​ပေးခဲ့သည်။ ဖြစ်စဥ်တစ်ခုလုံးတွင် လီယန်က လုံခြုံ​ရေး၏ လက်ထဲမှ ပစ္စည်းများကို ဆွဲယူရန် ကြိုးစားခဲ့ပါသည်။ သူမ ကြိုးစားခဲ့ပါ​သေးသည်။

ကား ကိုယ်ထည်ထဲမှ သပ်သပ်ရပ်ရပ် ​နေရာချထား​​သော သ​ရေစာပုံးများကို ကြည့်ကာ လီယန်က အ​တွေးနက်သွားရ​လေသည်။ သူမက ကား​မောင်းလိုင်စင် စာ​မေးပွဲ​ဖြေပြီးကတည်းက ​ကား​မမောင်းခဲ့​​သော်လည်း သူမ၏ ကား​မောင်းစွမ်းရည်က အမှန်တကယ်ပင် အစစ်အမှန် ဖြစ်ပြီး ၎င်းကို ရရှိရန်အတွက်လည်း များစွာ ဒုက္ခများခဲ့ရသည်။ ​အကျင့် မရှိ​ပေမယ့်လည်း ပထမဆုံးအကြိမ်ဆိုတာ​တော့ ရှိလာမှာပဲ... အခု ကား အသွားအလာလည်း ရှင်း​နေတယ်... စတူဒီယို သွားတဲ့ဘက်ဆို လမ်းက မတ်​​တော့ ဘယ်ကားမှ ဖြတ်မသွားကြဘူး... သူမသာ ဖြည်းဖြည်း မှန်မှန် ​မောင်းရင် ပြဿနာ မရှိ​လောက်ပါဘူး​နော်...

လီယန်က ကားကိုယ်ထည်ကို ပိတ်ကာ ကား​မောင်းသူ ​နေရာတွင် ဝင်ထိုင်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်း​နေဆဲ ဖြစ်သည်။ သို့သော်လည်း ​မော့ကျန်း မည်မျှ အလုပ်ရှုပ်​လေ့ ရှိသည်ကို ​တွေးမိ​သောအခါ ကား​မောင်းကျင့်ရန် အချိန်ရှိမည် မဟုတ်​ကြောင်း သိလိုက်ရသည်။ လီယန်က သူမ၏ နှလုံးသားကို ငြိမ်ငြိမ်ထားကာ ကားစ​မောင်းလိုက်သည်။

လီယန် ကုမ္ပဏီ ​မြေညီထပ်မှ ကား​မောင်းထွက်သွားခဲ့ပြီး ထန်ချန်းမှာ သူ့ရုံးခန်းထဲတွင် ​မော့ကျန်းနှင့် ဖုန်း​ပြော​နေခဲ့​လေသည်။

"မင်း လီယန်ကို မင်းနဲ့ ​နေခွင့်ပြုလိုက်တာလား"

“အင်း.... အလုပ်ပို အဆင်​ပြေအောင်​လေ"

“… မင်းရဲ့ အ​ကြောင်းပြချက်ကြီးက ကျိုး​ကြောင်း မညီညွတ်ဘူး... ယုံချင်စရာလည်း မရှိဘူး"

​မော့ကျန်းက မျက်ခုံးပင့်ကာ ​ပြောလိုက်သည်။

"​ကောင်းပြီ​လေ... ငါသူ့ကို လိုက်​နေတာ"

ထန်ချန်း: “…”

“ဒါကို အ​ကြောင်းပြချက်တစ်ခု အ​နေနဲ့ ထားရင်​ရော”

ထန်ချန်းက အသက်ပြင်းပြင်း ရှူကာ သူ့နှုတ်ခမ်း​ထောင့်စွန်းနှစ်ခုလုံး ​ကော့တက်သွား​လေသည်။

"ငါခုနက ​ပြောတာကို ပြန်ရုတ်သိမ်းတယ်... မင်းရဲ့ ပထမ အ​ကြောင်းပြချက်က အဆင်​ပြေတယ်"

“ငါသူ့ကို အတည်လိုက်​နေတာ”

ထန်ချန်း: “…”

အနည်းဆုံး​တော့ အရိပ်ပြတာကို သိချင်​ယောင်​လေး ​ဆောင်​ပေးလို့မရဘူးလား... ဒါမှမဟုတ် လုံးဝကို နားမ​ထောင်​နေတာလား...

ထန်ချန်းက ​နောက်ထပ် အသက်ပြင်းပြင်း ထပ်ရှူလိုက်ရပြီး အ​တော်​လေး အ​လေးအနက် ဖြစ်​နေသည့် စိတ်အ​ခြေအ​နေသို့ ပြောင်းလိုက်ရသည်။

"​မော့ကျန်း... လီယန်က အဆင့်အတန်းရှိတဲ့ မိသားစုက ဆင်းသက်လာတဲ့ မိန်းက​လေး​နော်... မင်း ကစားချင်ရင်​ မင်းရဲ့ ကိုယ်ပိုင် လက်​ထောက်နဲ့​တော့ မဖြစ်ဘူး​လေ... ဟုတ်တယ်မလား"

​မော့ကျန်းက နှုတ်ခမ်းဆူသွားပြီး ရှင်းမပြနိုင်​အောင်ပင် အ​တော်​လေး ​ဒေါသ​ထွက်သွားရသည်။

"ငါကစား​နေတယ်လို့ ထင်​နေတာလား... ငါ ဘယ်တုန်းကမှ ဒီ​လောက် အ​​လေးအနက် မဖြစ်ဖူးဘူး... ထန်ချန်း"

ထိုအချိန်​လေးမှာပင် ထန်ချန်း၏ စိတ်အတွင်းတွင် ​​မြောက်များစွာ​သော အ​တွေးများ ထင်ဟပ်လာခဲ့သည်။ ထိုလုပ်ငန်းစဥ်များ ပြီးသွားသည့်အခါမှသာ ပုံစံတကျ ​မေးခွန်းတစ်ခု ​မေးလာခဲ့သည်။

"မင်း သူ့ဆီက​နေ ဘာ​တွေများ ​တွေ့ရလို့လဲ"

ပုံပန်းအသွင်အပြင်ဖြစ်​စေ၊ မိသားစု​နောက်ခံ၊ အမူအကျင့်များ ဖြစ်​စေ လီယန်မှာ ​မော့ကျန်း​တွေ့ဖူးခဲ့သမျှထဲတွင် အ​ကောင်းဆုံး​သော ​မိန်းက​လေး မဟုတ်ခဲ့ပါ​ချေ။ ဧကရာဇ်​မော့ရဲ့ နှလုံးသားကို လုပ်ရှားနိုင်ဖို့ ဆိုရင်... သူမရဲ့ ခွန်အား​ကြောင့်များ ဖြစ်​လောက်လား...

“အရာအားလုံး”

“…?”

“သူ့ရဲ့ အရာအားလုံးကို ငါ အပြည့်အဝ ချစ်မြတ်နိုးတယ်"

ထန်ချန်း: “…”

​အော့... ဒီချိုမြပြီး သကြား​တွေ ဖြူး​နေတဲ့ လူကြီးက သေချာ​ပေါက် ဧကရာဇ်​မော့ မဟုတ်​လောက်ဘူး...

ထန်ချန်းက အဆုံးတွင် ဆက်လက်​တောင့်မခံနိုင်​တော့ဘဲ ဖုန်းချလိုက်ရသည်။

​မော့ကျန်းက စတူဒီယိုတွင် တစ်​နာရီမျှ ​စောင့်​နေခဲ့​သော်လည်း လီယန်က ပြန်မလာနိုင်​သေး​ပေ။ သူ ထန်ချန်းနဲ့ ​ဖုန်း​ပြော​နေတဲ့ အချိန်မှာ​တောင် လီယန် ထွက်သွားပြီးပြီးလို့ ​ပြောခဲ့တာပါ... ဘာလို့ အခုထိ မ​ရောက်လာ​သေးပါလိမ့်...

​မော့ကျန်းက မျက်​ခုံးမကြုံ့ဘဲ မ​နေနိုင်​တော့သဖြင့် လီယန်ကို ဖုန်း​ခေါ်ရန် ပြင်လိုက်သည်။ သို့​သော်လည်း သူ ဖုန်းမ​ခေါ်ခင်မှာပင် ဖုန်းမြည်လာခဲ့သည်။ ထိုသူက လီယန်ပါပင်။

​မော့ကျန်းက အချိန်မဆိုင်းဘဲ မြန်မြန် ကိုင်လိုက်ပြီး စိတ်မရှည်သံဖြင့် ​ပြောလာခဲ့သည်။

"မင်း ဘယ်မှာလဲ"

“ကျန်းကျန်း... ကျွန်မ စတူဒီယိုကို ပြန်လာဖို့ ​နောက်ကျ​လောက်တယ်.."

လီယန်၏ အသံက အ​တော်​လေး တိုး​နေပြီး အနည်းငယ် အပြစ်ရှိစိတ်ဝင်​နေဟန်လည်း ​ပေါ်​နေခဲ့သည်။

“ဘာဖြစ်လို့လဲ” ​မော့ကျန်းက မျက်ခုံးများ တွန့်ချိုးကာ မသိလိုက်မသိဘာသာဖြင့် အသံမြှင့်မိသွားသည်။

"​စော​စောက ကားမ​တော်တဆမှု ​သေး​သေး​လေး ဖြစ်သွားလို့ ကျွန်မ အခု မြို့တော်​ဆေးရုံမှာ..."

အဆုံးသတ်တွင် လီယန်၏ အသံက ကြားပင် မကြားနိုင်​တော့သည်အထိ တိုးညှင်းသွား​လေသည်။

သူ့နှလုံးသားကို မမြင်နိုင်​သော ကြိုးတစ်​ချောင်း ဆွဲပတ်ထားသကဲ့သို့ ခံစား​နေရပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ ​မော့ကျန်းက ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ ထို့​​နောက် အသက်ပြင်းပြင်းရှူကာ လည်​ချောင်းထဲမှ စကားများကို ဖျစ်ညှစ် ​ပြောလိုက်ရသည်။

"အဲ့မှာ ​စောင့်​နေ... ငါလာခဲ့မယ်"

လီယန်က ထို့​နောက်တွင် ဖုန်းတစ်ဖက်မှလူ ဖုန်းချသွားသည်ကို ကြားလိုက်ရ​လေသည်။ သူမအ​တော်​လေး ကံ​ကောင်းမ​နေဟု ခံစား​နေရသည်။ သူမက လှည့်ပတ် ကြည့်လိုက်ရာ တလက်လက်​တောက်​နေ​​သော နံရံဖြူများသာ ​တွေ့လိုက်ရသည်။ သူမက နှလုံးသားထဲမှ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူမနှင့် မြို့​တော်​ဆေးရုံက ​ရေစက်ပါ​နေဆဲပင်။


Xxxxx