Chapter 67
လက်ဆောင်
အိပ်ရာပေါ်တွင် တခဏ လဲလျောင်းပြီးနောက် အိပ်ပျော်သွားသည့် အခြေအနေသို့ မရောက်ခင်လေးမှာပင် ဆေးရုံခန်း၏ တံခါးက "ဘန်း"ဟူသော အသံဖြင့် ပွင့်သွားခဲ့သည်။
လီယန်က ဆတ်ခနဲ တုန်သွားကာ မျက်စိကို မြန်မြန်ဖွင့်လိုက်ပြီး တံခါးထံ လှည့်ကြည့်လိုက်သည်။
မော့ကျန်းက ထိုနေရာတွင် ရပ်နေခဲ့ပြီး ဇာတ်ကားထဲမှ ဝတ်စုံကို ဝတ်ထားဆဲ ဖြစ်သည်။ သူ့မျက်မှန်များကိုပင် မချွတ်ရသေးပါပေ။ သူ့ရင်ဘတ်က အပြင်းအထန် လှိုက်ဖိုနေခဲ့သည်။ အမောဆို့လုနီးပါး ဖြစ်နေသော ထိုသူ၏ ပုံသဏ္ဍာန်ကို ကြည့်ရင်းဖြင့် သူတလျှောက်လုံး ပြေးလာခဲ့သည်ကို လီယန် သိလိုက်ရသည်။
"ကျန်းကျန်း..." လီယန်က မော့ကျန်းကို ကြည့်လိုက်သည်။ သူမ မကြာသေးမီက ထန်ချန်းနှင့် စကားပြောခဲ့စဥ်တွင် ခံစားခဲ့ရသည့် အပြစ်ရှိစိတ်များက ယခုလက်ရှိ သူမ ခံစားနေရသည်နှင့် မနှိုင်းယှဥ်နိုင်ပါပေ။
မော့ကျန်းက စကားတစ်ခွန်းမှ ပြောမလာဘဲ အိပ်ရာဘေးငို့သာ လျှောက်လာခဲ့ပြီး ခေါင်းကို နှိမ့်ကာ လီယန်ကို ကြည့်လိုက်သည်။
လီယန်၏ နှလုံးသားက ပိုပို၍ ပရမ်းပတာ ဖြစ်လာခဲ့သည်။ သူမက ပါးစပ်ဟလိုက်သော်လည်း အသံတစ်ချက်မှ မထွက်ရသေးခင်မှာပင် ရုတ်တရက် မော့ကျန်း၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
ထိုသူက သူမကို သူ့ရင်ခွင်ထဲ၌ ထာဝရ ပိတ်လှောင်ထားပြီး ဘယ်တော့မှ လွှတ်မပေးချင်သည့်အလား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့သည်။
"ငါ့ကို သေလောက်အောင် ခြောက်လှန့်ဖို့ ကြိုးစားနေတာလား"
မော့ကျန်း၏ အသံက အနည်းငယ် မတည်မငြိမ် ဖြစ်နေပြီး ခပ်အုပ်အုပ်အသံတို့က လီယန်၏ ပုခုံးထက်မှ ထွက်ပေါ်လာခဲ့သည်။
"တောင်းပန်ပါတယ်... ကျွန်မ သတိမထားမိလို့ ဖုန်းတိုင်နဲ့ တိုက်မိသွားတယ်... ခြစ်ရာလေးရရုံပါပဲ... ဘာမှ မဖြစ်ပါဘူး"
မော့ကျန်း၏ လက်မောင်းများ တင်းကြပ်သွားပြီး လီယန်ကို တိုး၍ပင် ဖက်တွယ်လာခဲ့သည်။ ခေါင်းကိုမော့၍ လီယန်ကို မယိမ်းယိုင် စိုက်ကြည့်လာခဲ့သည်။
"မင်းကို ကားမောင်းဖို့ ဘယ်သူ ခွင့်ပြုလို့လဲ"
လီယန်: “…”
ထိုလျှင်မြန်လှသော စိတ်အခြေအနေ အပြောင်းအလဲက မြန်လွန်းလှသဖြင့် လီယန်မှာ ဧကရာဇ်မော့၏ စီးချက်ကို လိုက်မမီနိုင်သေးပေ။
“လီယန်... ငါ မင်းကို ပြောမယ်... ကားကို ထပ်ထိရဲသေးလား"
လီယန်: “…”
မထိရဲတော့ပါဘူး.... ဧကရာဇ်မော့ရေ...
လီယန်တွင် နောက်ထပ် မည်သည့် ပြဿနာမှ မတွေ့ရတော့ဟု အတည်ပြုပြီးမှသာ မော့ကျန်း သူမကို ဆေးရုံမှ ခေါ်ထုတ်လာခဲ့သည်။ သူမနှင့် သရေစာ နှစ်ပုံးကို အိမ်သို့ ကားမောင်း၍ ပြန်သယ်လာခဲ့သည်။ မော့ကျန်းက စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ် ကားမောင်းနေခဲ့သည်။ လီယန်၏ နှလုံးသားက အနည်းငယ် မသက်မသာ ဖြစ်လာခဲ့လေသည်။
လီယန်က တံတွေးမျိုချကာ ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။
"ကျန်းကျန်း... စတူဒီယို မသွားဘူးလား"
"မသွားတော့ဘူး... ဒါရိုက်တာဆီကနေ ခွင့်နေ့တစ်ဝက် ယူထားတယ်"
“ဪ” လီယန်က ခေါင်းငြိမ့်ပြလိုက်သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားအပြီးတွင် လီယန်က စိုးရိမ်နေသော အသံဖြင့် မေးလာခဲ့သည်။
"ကျန်းကျန်း... ဒီနေ့ကိစ္စအကြောင်း ထန်ချန်းကို မပြောလို့ ရမလား"
မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားပြီးနောက် လီယန်ကို ကြည့်ရန်အတွက် ခေါင်းလှည့်လာခဲ့သည်။
"ဘာလို့လဲ...သူက မင်းအတွက် အရမ်း အရေးပါနေလို့လား"
"သူ ကျွန်မကို အလုပ်ဖြုတ်မှာစိုးလို့"
သူမသာ ကားမောင်းရန် မတည်မငြိမ် ဖြစ်နေရုံသာမက ကားမတော်တဆမှု ဖြစ်ခဲ့ပြီး ဆေးရုံရောက်သွားကာ မော့ကျန်းကို ပင်ပန်းစေခဲ့သည်ဟု သူ သိသွားခဲ့ပါက... သူမသာ ဘောစ့်ဖြစ်နေပါကလည်း ထိုကဲ့သို့သောလူမျိုးကို အလုပ်ဖြုတ်ပစ်နိုင်လောက်သည်။
မော့ကျန်းက လီယန်ကို တစ်ခဏမျှ ကြည့်လိုက်သည်။ သူမ လိမ်ပြောနေခြင်း မဟုတ်ဟု ယူဆလိုက်ပြီးမှ မော့ကျန်းက လမ်းပေါ်သို့ အကြည့်ပြန်ပို့လိုက်သည်။
"စိတ်ချထား... သူမင်းကို အလုပ်ဖြုတ်ချင်ရင် သူ့ကို အရင်ဖြုတ်လိုက်မယ်"
လီယန်: “…”
#ငါ့ဘောစ့်ကအထက်စီးဆန်လိုက်တာ#
မော့ကျန်း၏ အိမ်သို့ ရောက်သောအခါ 4နာရီပင် ထိုးနေလေပြီ။ လီယန်က အထုပ်များကို ဖွင့်ပြီး စားစရာများ ရှိလေမလားဟု ကြည့်ရန်အတွက် မျက်ရည်ကျလုမတတ် စိတ်တက်ကြွနေခဲ့သော်လည်း သူမ မတတ်နိုင်ခင်မှာပင် မော့ကျန်းက သူမကို အိပ်ရာပေါ်သို့ သွားနေရန် တွန်းထုတ်လိုက်သည်။ ထိုသူက အိပ်ခန်း အစောင့်အရှောက်တစ်ယောက်လိုပင် ထိုနေရာ၌ ရပ်နေပြီး လီယန် အိပ်မောကျသွားသည့်အချိန်ကို စောင့်ပေးနေခဲ့သည်။ သူမ အိပ်ပျော်သွားသောအခါမှသာ မော့ကျန်းက အခန်းထဲမှ ထွက်လာခဲ့သည်။
မော့ကျန်းက ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ညနေစာအတွက် ရှာဖွေလိုက်သည်။ ထို့နောက် သူက အိတ်ဆောင်ဓါးလေးကို ထုတ်ကာ အထုပ်များကို ဖွင့်လိုက်ပြီးနောက် ရေခဲသေတ္တာထဲတွင် ပစ္စည်းများကို ထားလိုက်သည်။ မော့ကျန်းက ဧည့်ခန်းထဲသို့ ပြန်မသွားခင် ဓါတ်ပုံရိုက်လိုက်ပြီး ကွန်ပြုတာ စဖွင့်လေတော့သည်။
QQထဲသို့ ဝင်လိုက်သည့်အချိန်တွင် ဖုန်းမြည်လာခဲ့သည်။ ဖုန်းမျက်နှာပြင်ပေါ်၌ တဖျတ်ဖျတ်လင်းနေသည့် "ထန်ချန်း" ဟူသော အမည်ကို တွေ့လိုက်ရသောအခါ မော့ကျန်း မနေနိုင်ဘဲ လှောင်ရယ်မိသွားလေသည်။ "ဘာကိစ္စလဲ"
“လီယန် ကား မတော်တဆဖြစ်လို့ ဆေးရုံရောက်သွားတယ်လို့ ကြားတယ်"
“အဲ့ အကြောင်း ပြောမှ ငါမေးပါအုံးမယ်... မင်းသူ့ကို ကားမောင်းခိုင်းလိုက်တာလို့ ငါကြားတယ်"
ထန်ချန်း: “…”
"ဒီည ငါ လက်အိတ်ဂဏန်းဟင်း စားချင်တယ်... လာချက်ပေးမလား"
ထန်ချန်း: “…”
ဘာလို့ သူ့ကို ခေါ်ရတာလဲလို့... ဘာလို့လဲလို့...
ထန်ချန်းကို အနိုင်ကျင့်ပြီးသွားသောအခါ မော့ကျန်း၏ နှလုံးသားက ပို၍ နေထိုင်ကောင်းသွားသည်။ QQ appက နှစ်ကြိမ် မြည်လာပြီး တုတု၏ ဖက်ထုပ်ပုံ avatar လေးက တလက်လက် ဖြစ်လာခဲ့သည်။ မော့ကျန်း ရယ်မောကာ တုတု၏ avatar ကို နှိပ်လိုက်သည်။
(T/N avatarက ပရိုဖိုင်လိုပါပဲ)
The Smurfs: ဦးလေးငယ် သဘက်ခါကျရင် တုတု ရှစ်နှစ် ပြည့်တော့မယ်... အိမ်ပြန်လာပြီး မိသားစုနဲ့ ပွဲလုပ်ရအောင်နော်...
(T/ N The smurfက အပြာရောင်မှင်စာလေးတွေ ဇတ်ကားပါ
စုန်းမမင်းသမီးလေး: တုတုက အဘွားကြီး မြန်မြန် ဖြစ်လာတာပဲ 233333
The Smurfs: ဦးလေးငယ်က အကျင့်မကောင်းဘူး... တုတု ဦးလေးငယ်နဲ့ မခေါ်တော့ဘူး...
စုန်းမမင်းသမီးလေး: တုတု လိမ်လိမ်မာမာနေနော်... သဘက်ခါကျရင် ဦးလေးငယ် သမီးဆီ လာရင် အန်တီလေးကို ခေါ်ပေးခဲ့မယ်လေ... အိုကေလား...
The Smurfs: Σ(°△°|||) ဦးလေးငယ်မှာ အန်တီလေး ရှိနေပြီလား
စုန်းမမင်းသမီးလေး: 【ရှက်သွေးဖြာ】
တုတုက ကွန်ပြူတာရှေ့တွင် မိနစ်ဝက်မျှ ရှောခ့်ရနေခဲ့သည်။ ထို့နောက်တွင် တုတုက ခေါင်းလေးလှည့်ကာ အော်လေတော့သည်။ "မားမားရေ... ဦးလေးငယ်က အန်တီလေး တစ်ယောက် ရှာတွေ့ သွားပြီတဲ့"
မော့ကျန်းက ကွန်ပြူတာ မျက်နှာပြင်ကို ဖြတ်၍ တုတု၏ အော်သံကို ကြားနိုင်လုနီးပါးပါပင်။
သူက တုတုကို ထိုအကြောင်း ပြောလိုက်မိသည့်အတွက် သူ့ကိုယ်သူ စိတ်ညစ်ညူးသွားရသည်။ သူ့မိသားစု၏ ပုံစံအရ သူတို့က သေချာပေါက်ပင် သူ့ကို ထိုကိစ္စအပေါ် သုံးရက်နှင့် သုံးညလုံး အနှောက်အယှက်ပေးနိုင်သည်။
သူ မျှော်လင့်ထားသလိုပါပင် တုတု၏ မိခင်ထံမှ ဖုန်းခေါ်ဆိုမှု ရောက်လာခဲ့သည်။
မော့ကျန်းက ဖုန်းကို တွန့်ဆုတ်ဆုတ် ဖြင့် ကောက်ကိုင်လိုက်သည်။ သူ့အစ်မနှင့် နာရီဝက်မျှ ထိုက်ကျိ ကစားရသည်က အတင်းအဖျင်း စပ်စုတတ်သည့် သတင်းထောက်များနှင့် ရင်ဆိုင်ရသည်ထက် ပို၍ ပင်ပန်းသည်။ သူ့မိသားစုသာ ပါပါရာဇီ အုပ်စုထဲ ကျသွားပါက မိနစ်ပိုင်းအတွင်းမှာပင် ထိုလောက၏ ဘိုးဘေးရှစ်ပါး ဖြစ်သွားပေလိမ့်မည်။
တုတု၏ အမေ ခေါ်ဆိုမှုပြီးသွားသည်ကို စောင့်ပြီးနောက် မော့ကျန်းက ဖုန်းကို ပြတ်ပြတ်သားသား ချလိုက်ရန် အခွင့်အရေး ရသွားပြီး လှေကားပေါ်မှ ဆင်းလာသည့် လီယန်ကို တွေ့လိုက်ရသည်။
"ကျန်းကျန်း" လီယန်က နိုးလာကာစ ဖြစ်ပြီး သူမ၏ မျက်နှာ အမူအယာများထဲမှ အိပ်ချင်မူးတူးပုံစံက လုံးဝ ကွယ်ပျောက်သွားလေပြီး ကြောင်ငပျင်းလေးတစ်ကောင်နှင့် တူသွားစေသည်။
မော့ကျန်းက အနည်းငယ် ပူနေသော ဖုန်းကို ပြန်ချထားလိုက်သည်။ သူက သူမထံသို့ မသိလိုက်မသိဘာသာ လျှောက်လာခဲ့ပြီး သူ့ဘေးမှ ဆိုဖာပေါ်တွင် ထိုင်ရန် ဆွဲချလိုက်သည်။ "ခေါင်းနာနေသေးလား"
လူတစ်ယောက်က ထိုကဲ့သို့ နူးညံ့ကာ ရေနှင့်အလားတူသည့် အသံအနေအထားဖြင့် ရင်ဆိုင်ရသည့်အခါ မနေနိုင်ဘဲ အလိုလိုက်ခံထားရသကဲ့သို့ ပြုမူချင်သွားသည်။လီယန်က သူ့ကို ကြည့်ကာ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ "နည်းနည်းပါ"
မော့ကျန်းက သူမ၏ ခေါင်းကို ပတ်ထားသည့် ပတ်တီးစလေးကို ထိလိုက်ပြီး သူ့အသံအနေအထားက ထပ်ပြီး ပျော့ပျောင်း နူးညံ့သွားပြန်သည်။ "ကောင်းကောင်းနေ... မကြာခင် ပျောက်သွားမှာ... အခု ဗိုက်ဆာနေပြီလား"
"ဗိုက်ဆာပြီ"
မော့ကျန်းက သူ့ရယ်သံကို မထိန်းနိုင်တော့ဘဲ စားပွဲပေါ်မှ မဖောက်ရသေးသော အဖြူရောင်ချောကလက် ဘီစကစ်ထုတ်များကို သူမထံ ကမ်းပေးလိုက်သည်။
"ဗိုက်ဖြည့်ဖို့ ဒါအရင်စားထားလိုက်... ခနနေ ထန်ချန်း ညစာလာချက်ပေးမှာ"
လီယန်: "ထန်ချန်းလား"
"မေးစရာ ရှိသေးလို့လား"
"..." သူ့စကားထဲမှာ ဘာပြဿနာ ရှိနေလို့လဲ...
လီယန်က ထန်ချန်း အမှန်တကယ် ညစာလာချက်ပေးမည်ဟု မထင်ထားခဲ့ပေ။ သူ ငါးမိနစ် မကြာမီပင် ရောက်ချလာသဖြင့် သူမ ပို၍ပင် အံ့အားသင့်သွားသည်။ ထိုအချိန်တွင် လီယန်လက်ထဲမှ ချောကလက် ဘီစကစ်သည်ပင် မကုန်သေးပေ။
လီယန်က ထန်ချန်း ဝင်လာသည်ကို တွေ့လိုက်ရသည်နှင့် စားမကုန်သေးသော အဖြူရောင် ချောကလက် ဘီစကစ်ကို ချကာ သတိကြီးကြီးဖြင့် ထရပ်လိုက်သည်။
"မင်္ဂလာ ညနေခင်းပါ... ကြီးကြပ်ထန်"
ထန်ချန်းက တံခါးကို ဖြတ်၍ စုံစီနဖာ ပစ္စည်းအိတ်များ သယ်လာရင်း သူ့နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားသည်။
"မင်းရဲ့ ဒဏ်ရာကရော အဆင်ပြေလား"
"ကိစ္စမရှိပါဘူး... ခြစ်ရာလေးတင်ပါ"
ထန်ချန်းက ခေါင်းလှည့်ကာ မော့ကျန်းကို စိုက်ကြည့်လိုက်သည်။ ခြစ်ရာလေးကတောင် မော့ကျန်း သူ့ကို အရေခွံနွှာတော့မလိုအထိ ခြိမ်းခြောက်ခံလိုက်ရတာပဲ... ကွဲပြားတဲ့လိင်အမျိုးအစား ဖြစ်ရင် သူတို့က လူတိုင်းကနေ ထူးထူးခြားခြား ဆက်ဆံခံရမယ်လို့ ဆိုလိုတာပဲလား...
ကြည့်ရတာ အရမ်း ဖြစ်နိုင်ချေရှိပုံပဲ...
မော့ကျန်းက လီယန်၏ ခေါင်းလေးကို ထိကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
"နောက်ဆို မင်းဘာပဲစားချင်ချင်... အန်ကယ်ထန်ကို ပြောလိုက်နော်... သူအားလုံးချက်တတ်တယ်"
လီယန်: “…”
ထန်ချန်း: “…”
လောင်ဇီက တရုတ်ပြည်ရဲ့ ခေါင်းဆောင်ငယ်လေးကွ... တရုတ်ပြည်ရဲ့ ခေါင်းဆောင်အိုကြီး မဟုတ်ဘူး...
"ဧကရာဇ်မော့ကို အလုပ်အကျွေးပြုရတာကိုက ဂုဏ်ကျက်သရေပါပဲ"ထန်ချန်း၏ နှုတ်ခမ်းများ တွန့်ခေါက်နေပြီး မီးဖိုချောင်ထံသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ မော့ကျန်းက သူ့အရိပ်လေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
"ရပါတယ်... မင်းက ထိုက်တန်ပါတယ်"
ထန်ချန်း: “…”
အသက်ပိုကြီးသည့် တစ်ကိုယ်တည်းသမား လူငယ် တစ်ယောက်အနေနှင့် ထန်ချန်းက သူ့ကိုယ်သူ အသားပြည့်နေသည့် အသားဖြူတုံးလေးတစ်တုံးအဖြစ် မြှင့်တင်နိုင်သော်လည်း ဝက်မှင်ဘီးတိုင်းတွင် အသုံးပြုမှု နှစ်မျိုးသာ ရှိနေသည်။ လီယန်က ဟင်းပွဲများ ပြည့်နေသော စားပွဲကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ကြီးကြပ်ထန် ရှင်က မိုက်လိုက်တာ...ရှင်သာ အေးဂျင့် ဖြစ်မလာရင် စားသောက်ဆိုင်မှာ အလုပ်လုပ်လို့ ရလောက်တယ်"
ထန်ချန်း: “…”
ကျေးဇူးနော်...
မော့ကျန်းက တီးတိုးရယ်မောလိုက်ပြီး ထန်ချန်းကို ကြည့်လိုက်သည်။
"မင်းရဲ့ ဖွင့်ပွဲနေ့ရောက်လာရင် ပန်းခြင်းအကြီးကြီး သေချာပေါက် ပို့ပေးမယ်နော်... သူဌေးကြီးထန်"
မီးခိုးဗုံးတွေ ထပ်ပြီးထပ်ပြီး ပစ်ဖို့ လိုလို့လား... သူ ထန်ချန်းက ဘယ်သူမှ မလိုချင်တဲ့သူ ဟုတ်ပါ့မလား... သူ့ဆိုတဲ့ သစ်ပင်ကြီးကို ဖက်တွယ်ထားချင်နေတဲ့ စတားတွေ ရေတောင် မရေနိုင်ဘူး... ဒါတောင် သူ့ကို ထမင်းချက်အဖြစ် အသုံးချချင်နေတဲ့ တစ်စုံတစ်ယောက် ရှိနေတုန်းပဲ...
မော့ကျန်းက မျက်ခုံးပင့်ကာ ထန်ချန်းကို အဓိပ္ပါယ် ပြည့်ဝနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ "ထန်ချန်း... မင်းကို ဘယ်နှခါလောက် ပြောရမှာလဲ.. မင်းရဲ့ စိတ်ထဲက အတွေးတွေကို ရင်ထဲမှာပဲ သိမ်းထားသင့်တယ်... ပွင့်ပွင့်လင်းလင်း မပြသင့်ဘူး"
ထန်ချန်း: “…”
ထန်ချန်းက ရူးကြောင်ကြောင် ပြုံးကာ ထရပ်လိုက်ရင်း မော့ကျန်းရှေ့မှ ပန်းကန်ကို သိသိသာသာ လှမ်းယူလိုက်သည်။ သူ့ပုံစံက အလုပ်ကြိုးစားသော ပင်လယ်ခရုမလေးနှင့် တူနေပေသည်။ "ဧကရာဇ်မော့... နောက်ထပ် ထမင်းတစ်ပန်းကန် ထပ်ယူပေးမယ်လေ"
(TN: လှပသောပင်လယ်ခရုမလေးနှင့် ငါးဖမ်းသမား ရိုးရာ ပုံပြင်)
ထန်ချန်း၏ ကွယ်ပျောက်သွားသော ပုံရိပ်လေးကို ကြည့်ကာ လီယန်က ထမင်းကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ "သူက တကယ်ပဲ ကြီးကြပ်ထန်လား"
မော့ကျန်း၏ မျက်လုံးများက လီယန်ဆီသို့ ရွေ့လျားသွားခဲ့ပြီး လျှာစွမ်းထက်သည့် မေးခွန်းတစ်ခု မေးလာခဲ့သည်။
"မင်း သိတဲ့ ထန်ချန်းက ဘယ်လိုမျိုးမို့လဲ"
ဘာပဲဖြစ်ဖြစ်... သူက ဒီလိုပုံစံတော့ မဟုတ်ဘူးလေ...
လီယန်က ပြုံးကာ ထမင်းကို သူမ၏ ပန်းကန်ထဲသို့ ခူးလိုက်သည်။
"ထမင်းပဲ စားမနေနဲ့... အနာ မြန်မြန် ကျက်ဖို့ အသားလည်းစား" မော့ကျန်းက အမဲသားတစ်တုံးကို လီယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျေးဇူးပါ" လီယန်က မျက်ရည်ကျလုမတတ် ရင်ထဲထိသွားရသည်။ ကျန်းကျန်း လက်ထပ်မဲ့ ဘယ်သူမဆို အနာဂါတ်ကောင်းလေး ရမှာပဲ... ဇနီးသည်ကို အသားများများစားဖို့ တိုက်တွန်းတဲ့ ခင်ပွန်းတစ်ယောက်က ခင်ပွန်းကောင်းပဲ...
ထန်ချန်း ထမင်းထည့်ပြီးသွားသောအခါ မော့ကျန်း လီယန်၏ ပန်းကန်ထဲသို့ အစားအသောက်များ အဆုံးမရှိ ထည့်ပေးနေသည်ကို ကြည့်ရန် ပြန်လာခဲ့သည်။
သူ တကယ်ကြီး သူ့ရဲ့ ဆင်ဂယ်ခွေး ဘဝလေးကို ဓါတ်ပုံရိုက်ပြီး ဝေ့ပေါ်မှာ ပြဖို့ တင်ချင်လိုက်တာနော်... သို့သော်လည်း ထန်ချန်း၏ အားနည်းချက်က သူ့အတွေးများကို အစစ်အမှန် ဖော်ဆောင်ရန် ဘယ်တော့မှ မလုပ်ရဲဟူသော အချက်ပေါ်တွင် သက်ရောက်နေသည်။
ညစာစားပြီးနောက် ပန်းကန်ဆေးတာဝန်သည်လည်း ထန်ချန်း၏ ခေါင်းပေါ်ပင် ပုံကျလာခဲ့သည်။ မော့ကျန်း ပြောသည်မှာ လီယန်က ဒဏ်ရာရနေ၍ အနားယူပြီး ဂရုစိုက်ပေးရန် လိုနေသည်ဟူ၍ပင်။ သူ့အတွက်ကျရော... ဟားဟားဟား... ဘေစင်က ဘယ်မှာလဲ...
လီယန်က ထန်ချန်း၏ သနားစရာ ပုံလေးကို ကြည့်နေခဲ့ပြီး သူမ၏ အပြစ်ရှိစိတ်ဝင်နေသော နှလုံးသားသည်လည်း ပို၍ ဝမ်းနည်းလာခဲ့သည်။
"ကျွန်မ ထန်ချန်းကို သွားကူအုံးမယ်"
"မသွားနဲ့... ကောင်းကောင်းထိုင်နေ" မော့ကျန်းက လီယန်၏ လက်ထဲသို့ နွားနို့ပူပူတစ်ခွက်ကို ကမ်းပေးလိုက်သည်။
"သောက်ပြီးရင် အိပ်တော့... မနက်ဖြန် တစ်ရက် ခွင့်ယူပြီး အိမ်မှာနားလို့ရတယ်"
"ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ" လီယန်က လက်နှစ်ဖက်လုံးဖြင့် နို့ခွက်ကို ကိုင်ထားပြီး သူမ၏ မျက်လုံးများက တလက်လက်ဖြင့် မော့ကျန်းကို ကြည့်လာခဲ့သည်။
"ရှင်အလုပ်များနေတာကို အိမ်မှာ တစ်ယောက်တည်း နားနေလို့ ဘယ်ဖြစ်ပါ့မလဲ... ကျွန်မဒဏ်ရာက ပျောက်လုနီးပါး ဖြစ်နေပါပြီ... ကျွန်မက အဲ့လောက် မနုပါဘူး"
Xxxxxx