Chapter 69
နိုင်ငံကြီးသားစိတ်ဓါတ်
"အာ" လီယန်က ခေါင်းငြိမ့်ပြလိုက်သည်။ ၎င်းက တုတု၏ မွေးနေ့ပွဲသာ ဖြစ်ပြီး သူမက အစားအသောက်များ အလကားစားရန်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။
တုတု၏ မိသားစုက သမားရိုးကျ ပတ်ဝန်းကျင်တွင်သာ နေကြသည်။ သူတို့ ရပ်ကွက်အတွင်း ဝင်သွားသည့်အချိန်၌ လမ်းလျှောက်နေသော လူကြီးများနှင့် ပြေးလွှားဆော့ကစားနေသည့် ကလေးများကို တွေ့ရသည်။ မြက်ခင်းပေါ်မှ အားကစား ပစ္စည်းများကလည်း အတော်လေး နာမည်ကျော်လှသည်။ အန်တီအချို့က လူတန်းတွင် သူတို့၏ အလှည့်ရောက်လာမည်ကို စောင့်နေရင်း စကားစမြည် ပြောနေကြပေသည်။
မော့ကျန်းက အတွင်းအကျဆုံး အဆောက်အအုံထိ မောင်းလာခဲ့ပြီး ကားရပ်ရန် နေရာတစ်နေရာ ရှာလိုက်သည်။ လီယန်က မော့ကျန်းကို ကြည့်လိုက်မိသည်။ သူက မျက်နှာပေါ်တွင် နေကာမျက်မှန်တစ်စုံကိုသာ တပ်ထားခဲ့သဖြင့် သူ့အား မှတ်မိသွားကြမည်ကို စိုးရိမ်သွားလေသည်။
"အဆင်ပြေပါတယ်" မော့ကျန်းက လီယန်၏ မျက်လုံးများနှင့် တွေ့သောအခါ ဆွယ်တာမှ ခေါင်းဆောင်းကို မတင်လိုက်သည်။ သူ သူမကို နှစ်သိမ့်သည့်ဟန် ပြုံးပြလိုက်လေသည်။
"လူရှင်းတုန်း အမြန်သွားရအောင်"
လီယန်: “…”
တကယ်တော့ နာမည်ကျော် ဖြစ်ရတာ မလွယ်ကူပါလားနော်...
မော့ကျန်းက ဓါတ်လှေကားထဲသို့ ရောက်သည်အထိ ခေါင်းစွပ်ကို မချွတ်ခဲ့ပေ။ လီယန်က ခေါင်းအနည်းငယ် စောင်းကာ သူ့ကို ကြည့်လိုက်သည်။ သူ့မျက်နှာကို ဖုံးကာထားသော်လည်း ထိုသူများကို အရှိန်အဝါများက စောဒက မတက်နိုင်ဆဲပါပေ။
ဒီလို ထူးချွန်တဲ့ လူတစ်ယောက်က ရှုပ်ရှက်ခတ်နေတဲ့ ရထားဘူတာထဲ ပစ်ချခံလိုက်ရရင်တောင် အကြည့်တစ်ချက်နဲ့တင် ဖမ်းမိနိုင်တယ်...
"ကျန်းကျန်း" လီယန်က နှလုံးသား အောက်ခြေမှ လာသောအသံဖြင့် ခေါ်လိုက်သည်။
"ဘယ်သူမှ ရှင့်ကို မမှတ်မိကြရင်တောင် လမ်းပေါ်မှာ ဒီလို လျှောက်သွားတာက တရားဥပဒေအပေါ် အလွယ်တကူ သက်ရောက်လာလိမ့်မယ်"
မော့ကျန်း: “…”
ဒါကို ချီးကျူးစကားလို့ပဲ မှတ်ထားလိုက်မယ်နော်...
ဓါတ်လှေကားက 17ထပ်တွင် ရပ်သွားချိန်၌ ကော်ရစ်ဒါတွင် မည်သူမှ ရှိမနေခဲ့ပေ။ မော့ကျန်းက တံခါးဘဲလ်ကို နှိပ်လိုက်သည်။ ထိုအသံက ငြိမ်သက် အေးချမ်း နေသော ပတ်ဝန်းကျင်နှင့် ကွာခြားချက်ကြီး ဖြစ်သွားလေသည်။
"ဦးလေးငယ် ရောက်လာပြီ" အပြစ်ကင်းသော ကလေးသံလေးနှင့်အတူ လိုက်ပါလာသည့် ခြေသံတို့က တံခါးအနားတွင် ကြားနေရသည်။ ရုတ်တရက်ပင် တံခါး ပွင့်လာပြီး ဆံပင်ရှည်လေးနှင့် ကလေးမလေး တစ်ယောက်က သူတို့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
"ဦးလေးငယ်" မော့ကျန်းကို တွေ့သည့်အခါ ကလေးမလေး၏ မျက်လုံးလေးများ ဝင်းပသွားပြီး မော့ကျန်း၏ ခြေထောက်ကို အပြေးလာဖက်သည်။
"ဦးလေးငယ်... အာဘွားပေးပါ.... အာဘွားပေးပါ"
မော့ကျန်းက တသောသော ရယ်မောကာ သူမ၏ ဖျစ်ညှစ်ပစ်ချင်စရာ မျက်နှာ ဝိုင်းဝိုင်းလေးကို နမ်းရှုံ့ရန်အတွက် ထိုင်ချလိုက်သည်။
တုတု၏ အမူအယာက ရုတ်တရက် ရှက်ရွံ့သွားပြီး သူမ၏ ခေါင်းပေါ်မှ သရဖူလေးသည်ပင် နှစ်ကြိမ်မျှ တလက်လက်တောက်သွားသည်။ သူမက မော့ကျန်း၏ လည်ပင်းကို ဖက်ကာ ဘေးတွင် ရပ်နေသော လီယန်ဘက်သို့ ခေါင်းလှည့်ကြည့်လာခဲ့သည်။ တုတုက သူမ၏ ခေါင်းလေးကို စောင်းကာ ကြွပ်ကြွပ်ဆတ်ဆတ် မေးလာသည်။
"ဒါက အန်တီလေးလား"
လီယန်: “…”
ဘာကြီးလဲ...
မော့ကျန်းက လီယန်၏ လက်ထဲမှ လက်ဆောင်ကို ယူကာ တုတုထံ ကမ်းပေးလိုက်သည်။ "ဒါ အန်တီလေးက သမီးကို ပေးတဲ့ လက်ဆောင်... ကြိုက်လား မကြိုက်လား ကြည့်အုံးလေ"
လီယန်: “…”
ဘာတွေလဲ... ဘာတွေလဲ...
"ဝိုး... ဂါဝန်လေးက လှလိုက်တာ" တုတုက လီယန်၏ လက်ကို ဆွဲကာ လီယန်ကို ကိုယ် ကိုင်းချလာရန် အချက်ပြလိုက်သည်။ ထို့နောက် တုတုက ရှေ့ကို တိုးကာ သူမ၏ ပါးပြင်လေးကို အသံကျယ်ကျယ်ဖြင့် အာဘွားပေးလိုက်သည်။
"ကျေးဇူးပါ... အန်တီလေး"
လီယန်: “…”
သူမ ထောင်ခြောက်တစ်မျိုးမျိုးထဲ ကျသွားတာလားဟင်... ဒါ သူမ သဘောတူထားတာမျိုး မဟုတ်ဘူးလို့ ...
"ကောင်းပြီ... တံခါးဝမှာ ပိတ်ရပ်မနေနဲ့တော့... အထဲဝင်ပြီး ပြောရအောင်"
တုတု၏ အမေရောက်လာပြီး တုတု၏ ဂါဝန်လေးကို ယူသွားသည်။ သူမ၏ မျက်လုံးများက လီယန်၏ ပုံရိပ်လေးမှ လုံးဝ သွေဖယ်မသွားပါပေ။
အင်း... မိန်းမလှလေးပဲ... ကြည့်လိုက်ရုံနဲ့ တော်တော်လေး ကောင်းမဲ့ ကောင်မလေးမှန်း သိသာတယ်... ဒါပေမယ့် ဘာလို့ မျက်နှာပေါ်မှာ အူကြောင်ကြောင် အမူအယာမျိုး ရှိနေရတာလဲ...
မော့ကျန်းက လီယန်ကို ကြည့်လိုက်ပြီး သူမကို ဧည့်ခန်းထဲသို့ ဆွဲခေါ်သွားသည်။
"တုတုက ကလေးဆိုးလေးပဲ ရှိနေသေးတယ်... သူ့ကို ရှင်းပြမနေနဲ့တော့"
... တကယ်တော့ ဒီလိုမျိုးပေါ့....
ဧည့်ခန်းထဲသို့ ရောက်လာသည့် တလျှောက်ခလီယန်၏ ဦးနှောက်ထဲတွင် ပရမ်းပတာများ ပြည့်နေသည်။ သူမ ဝင်လာသောအခါ ဆိုဖာပေါ်တွင် ထိုင်နေသော လူသုံးယောက်လုံးက ခေါင်းလှည့်လာပြီး သူမကို တညီတညွှတ်တည်း ကြည့်လာကြသည်။ ရုတ်တရက်ပင် လီယန်မှာ သူမ၏ ကျောပေါ်သို့ တောင်တစ်လုံးနီးပါး လေးလံလှသော ဖိအားများ ကျရောက်လာသလိုပင်။ သို့သော်လည်း မော့ကျန်း၏ပုံစံမှာ အလွန်ပင် စိတ်အေးလက်အေး ဖြစ်နေပြီး သူမကို ဆွဲဖာဆီသို့ ဆွဲခေါ်လာပြီး စတင် မိတ်ဆက်ပေးတော့သည်။
"ဒါ ငါ့ယောက်ဖ... ဒါ ငါ့အမေ... ဒါကတော့... ထားလိုက်ပါတော့...
"ဘာထားရမှာလဲ" အလှည့်ကျော်သွားသော ထိုလူကြီးမှာ ဆိုဖာပေါ်မှ ဒေါသတကြီး ထရပ်လာခဲ့သည်။ ထို့နောက် သူ့အင်္ကျီလက်ကို သပ်တင်ကာ လီယန်ကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လာခဲ့သည်။
" ဟယ်လို... ဦးလေးက မော့ကျန်းရဲ့ အဖေပါ... တွေ့ရတာ ဝမ်းသာပါတယ်"
ငယ်ရွယ်မှုကို ထိန်းသိမ်းသည့်နေရာ၌ ကျွမ်းကျင်သည်လား သို့မဟုတ် သိသိသာသာပင် ငယ်ရွယ်သည့်ပုံ ပေါက်နေ၍လား မသိသော်လည်း လီယန်မှာ ထိုလူ၏ အသက်ကို မခန့်မှန်းနိုင်ခဲ့ပေ။ သို့သော်လည်း သူ့ကိုယ်သူ မော့ကျန်း၏ အဖေဟု မိတ်ဆက်သည့်အတွက် အနည်းဆုံး ငါးဆယ်လောက်တော့ ရှိနိုင်သည်။
သူ့မျက်နှာ အစိတ်အပိုင်းများက မော့ကျန်းနှင့် အလွန်ပင်တူသည်။ ထိုအသက်အရွယ်မှာပင် ချောမော ခန့်ညားလှသည့် အန်ကယ်တစ်ယောက် ဖြစ်နေဆဲပါပင်။ လီယန်က သူ့ကို ယဥ်ယဥ်ကျေးကျေး ပြုံးပြကာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်မ နာမည် လီယန်ပါ... မော့ကျန်းရဲ့ လက်ထောက်ပါ"
တစ်ဖက်လူ၏ အမူအယာများက သိမ်သိမ်မွေ့မွေ့ ပြောင်းလဲသွားပြီး မော့ကျန်းကို ကြည့်လာသည့်အကြည့်များက အထင်သေးခြင်းများ အပြည့် ဖြစ်နေသည်။ ကြည့်ရတာ မင်းသူ့ကို လိုက်တာ မအောင်မြင်သေးဘူးပဲ... သူ့ကို တုတုရဲ့ အန်တီလေးလို့ လူပါးဝပြီး ပြောလိုက်သေးတယ်... ငါ့ရဲ့ မျိုးရိုးကောင်းလေးတွေတော့ အလဟဿ ဖြစ်သွားပြီ...
မော့ကျန်းက သူ့မျက်လုံးများကို ဖတ်ကာ တောက်ပသော အပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည်။ ကျွန်တော့်ကို မားနဲ့ ပိုတူတယ်လို့ပဲ ပြောကြတာ...
ဟွန့်... ထိုသူက စိတ်ကြီးဝင်စွာ ခေါင်းမော့လိုက်လေသည်။
"မိန်းကလေးလီ... ရပ်မနေနဲ့လေ.. ဒီကို လာထိုင်"
မော့ကျန်း၏ အမေက ထရပ်လာပြီး သူမ၏ အပြုံးကာ သိမ်မွေ့ကာ နွေးထွေးသည်။ လီယန်၏ မျက်လုံးများ ဝင်းလက်သွားလေသည်။
"အန်တီနဲ့ မော့ကျန်းက တကယ် တူလိုက်တာ... နှစ်ယောက်လုံး ချောတဲ့သူတွေပဲ..."
သူတို့နှစ်ယောက်၏ အပြုအမူများကပင် တူညီလုနီးပါး ဖြစ်၏။
ပြောင်ပြောင်တင်းတင်း မြှောက်ပင့် ခံလိုက်ရသည့် မော့ကျန်း၏ အမေမှာ နှုတ်ခမ်းကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။ လီယန်၏ မျက်လုံးများ ဝင်းလက်သွားပြန်လေသည်။ အိုး... သူမရဲ့ ပါးစပ်လေး ကွယ်ထားတာတောင် လှနေတုန်းပဲ... ဒါပေမယ့် မော့ကျန်းအဖေရဲ့ မျက်နှာက ဘာလို့ ရုတ်တရက် မဲမှောင်သွားရတာလဲ...
မော့ကျန်းက ပြုူးရယ်ကာ လီယန်ကို ဆိုဖာပေါ်သို့ ဆွဲချ၍ ထိုင်ခိုင်းလိုက်သည်။ တုတုက သူမကို ပွေ့ခိုင်းရန်အတွက် မော့ကျန်းရှေ့သို့ ရောက်လာသဖြင့် မော့ကျန်းက သူမကို ချီကာ သူ့ပေါင်ပေါ်တွင် တင်ပေးထားလိုက်သည်။ သူမက သူမ၏ လက်ကလေးများကို မော့ကျန်း၏ လည်ပင်းတွင် ဖက်တွယ်ထားရင်း သူ့ကို စကားစပြောလာသည်။
"ဦးလေးငယ် သမီးကလေ.. သူငယ်ချင်းတွေကို ဦးလေးငယ်က သမီးရဲ့ ဦးလေးလို့ ပြောတော့ မယုံကြဘူး သိလား... သမီးတို့ရဲ့ နောက်ဆုံးနာမည်တွေ မတူလို့ ဦးလေးမဖြစ်နိုင်ဘူးလို့ ပြောကြတယ်"
မော့ကျန်း: “…”
"ဦးလေးငယ်... သမီးကဘာလို့ ပါးပါးလို နာမည် ရှိနေရတာလဲ"
လီယန် “…”
ကြည့်ရတာ တုတုအဖေရဲ့ မျက်နှာတောင် မဲသွားသလိုပဲ...
"တော်ပြီ... မရှုပ်နဲ့တော့" တုတု၏ အမေက မော့ကျန်း၏ ပေါင်ပေါ်မှ တုတုကို ပွေ့ချီလိုက်သည်။
"တုတု ဦးလေးငယ်ကို ဒီလောက်ကပ်နေရင် အန်တီလေးက သဝန်တိုသွားမှာပေါ့... ဒါက အန်တီလေးရဲ့ နေရာလေ"
လီယန်: “…”
အစ်မရေ... ကလေးကို ဒီလိုသွန်သင်လို့ အဆင်ပြေရဲ့လား...
မော့ကျန်းက ရယ်သံကို ခက်ခက်ခဲခဲ ထိန်းထားလိုက်ပြီး သူ့ပေါင်ကို ပုတ်ပြလိုက်သည်။
"မင်း ထိုင်ကြည့်ချင်လား... ဒါမှ မဟုတ် တုတုအတွက် ထားလိုက်ရမလား"
…
တုတုအတွက် ထားတာပဲ ပိုကောင်းမယ်နော်...
တုတုက သူမအမေ၏ ရင်ခွင်ထဲတွင် ခွေနေပြီး သူမ၏ မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"သမီးတို့ အတန်းထဲက ကောင်မလေးတွေက ကြီးလာရင် ဦးလေးငယ်နဲ့ လက်ထပ်ချင်နေကြတယ်... ဒါဆိုရင် အန်တီလေးက သဝန်တိုမှာလားဟင်"
"ဒါပေါ့... ဒါကြောင့်မို့ တုတုက သူတို့ကို ဦးလေးငယ်နောက် မလိုက်ဖို့ ပြောရမယ်နော်"
အစ်မရေ... ကလေးကို ဒီလို သွန်သင်လို့ရော တကယ်ကြီး အဆင်ပြေရဲ့လား... ဘေးက အဖေလုပ်တဲ့သူကလည်း ကျေးဇူးပြုပြီး တစ်ခုခု ဝင်ပြောပါအုံးလို့...
"အင်း... တုတုနားလည်ပါတယ်"
ဟေး လွယ်လွယ် လက်မခံလိုက်နဲ့နော်...
လီယန်မှာ စိတ်ထဲတွင် ရူးသွပ်တော့မည် သကဲ့သို့ ဖြစ်နေစဥ်မှာပင် မော့ကျန်းက ရယ်မောရင်းဖြင့် သူမဘက်သို့ ကိုင်းချလာခဲ့သည်။
မော့ကျန်း၏ အချိန်ဇယားနှင့် အဆင်ပြေစေရန်အတွက် တုတု၏ အမေက ညစာအတွက် မွန်းလွဲအစောပိုင်းကပင် စတင်ချက်ပြုတ်ထားခဲ့သည်။ နောက်ဆုံးဟင်းပွဲ အဆင်သင့် ဖြစ်လာသည့်အချိန်တွင် မော့ကျန်း တံခါးဘဲလ်တီးလာခဲ့ခြင်း ဖြစ်သည်။
လီယန်က တုတု၏ အမေ ဟင်းပွဲများ ပြင်ဆင်နေသည်ကို ကြည့်ကာ သူမကို ဟင်းပွဲများ အမြန် ကူသယ်ပေးလိုက်သည်။ တုတုက သူမ၏ အမေကို လွှတ်ကာ မော့ကျန်း၏ ကိုယ်ပေါ်သို့ တွယ်တက်လာသည်။
"ဦးလေးငယ်... နောက်ဆို အန်တီလေးကိုပဲ အလိုလိုက်ပြီး တုတုကို အလိုမလိုက်တော့ဘဲ နေမှာလား"
မော့ကျန်းက ပြုံးကာ သူမ၏ ပန်းရောင်သန်းနေသော မျက်နှာနုနုလေးကို ဆွဲညှစ်လိုက်သည်။ "ဘယ်ဟုတ်မလဲ... ဦးလေးငယ်ရော အန်တီလေးရော တုတုကို အလိုလိုက်မှာပေါ့"
တုတုက မော့ကျန်းပေါ်သို့ တွယ်တက်လာပြီးနောက် သူ့ပေါင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
"တကယ်လား"
"တကယ်ပေါ့" မော့ကျန်းက သူမ ပြုတ်ကျသွားမည်စိုးသဖြင့် ဖက်ပေးထားလိုက်သည်။
"တုတုကရော အန်တီလေးကို သဘောကျလား"
"ကျတယ်... အန်တီလေး ဝယ်ပေးတဲ့ ဂါဝန်လေးက မားမား ဝယ်ပေးတာထက် ပိုလှတယ်"
"ဖူး" မော့ကျန်းမှာ သူ့ရယ်သံကို ထိန်းမထားနိုင်တော့ပေ။
"သမီးမားမား မကြားစေနဲ့နော်... မဟုတ်ရင် မနာလို ဖြစ်သွားလိမ့်မယ်"
"အိုး" တုတုက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူမ၏ မျက်စံနက်နက်လေးများက မော့ကျန်းကို စိုက်ကြည့်လာခဲ့သည်။
"ဦးလေးငယ်... အန်တီလေးက အရမ်းလှပြီးတော့ မျက်နှာလေးက အရမ်းချောမွေ့နေတာပဲ... အာဘွားပေးလို့ အရမ်းကောင်းတာ"
…
မော့ကျန်း၏ နှလုံးသား ယားကျိကျိ ဖြစ်လာသည်။ "တကယ်လား"
"တကယ်ပါဆို... ဦးလေးငယ်က အန်တီလေးကို အာဘွား မပေးရသေးဘူးလား"
မော့ကျန်း: "..."
ဧကရာဇ်မော့ တကယ် ထိချက်ပြင်းသွားပါပြီ။
"တုတု... ဦးလေးငယ်ကို ကပ်နေပြန်ပြီလား... လက်လာဆေးတော့... ညစာရပြီ"
"အိုး" တုတုက မော့ကျန်း၏ ခန္ဓါကိုယ်ပေါ်မှ ဆင်းကာ သူမအမေဆီသို့ ပြေးသွားသည်။ လီယန်က ဝက်ချိုချဥ်တစ်ပွဲသယ်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး ဆိုဖာအစွန်းတွင် တစ်ယောက်တည်း ထိုင်နေခဲ့သော မော့ကျန်းကို တွေ့သွားသည်။
ဟမ်... မော့ကျန်းရဲ့ မျက်နှာကလည်း ဘာလို့မဲမှောင်နေတာလဲ...
တုတုက လက်ဆေးရန် ဘေစင်သို့ တလှုပ်လှုပ် ပြေးသွားသဖြင့် တုတု၏ အမေက သူမဘေးမှ လီယန်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ "မိန်းကလေးလီ... အစ်မမောင်လေးရဲ့ အလုပ်က နည်းနည်း ထူးခြားပေမယ့် သူက အလေးအနက် ထားတတ်တဲ့သူပါ... သူ အိမ်ကို မိန်းကလေး ခေါ်လာတာ ဒါ ပထမဆုံးပဲ"
လီယန်က သူမ၏ စကားများကြောင့် ရှက်ရွံ့သွားလေသည်။ သူမက ရယ်မောကာ ပြောလာသည်။
"သူက ကျွန်မတို့လို လက်အောက်ငယ်သားတွေကိုလည်း တော်တော်လေး ကောင်းကောင်း ဆက်ဆံပါတယ်"
တုတု၏ အမေက ရယ်သံကို ထပ်မထိန်းထားနိုင်တော့ပေ။ "သူ အရင်က လက်ထောက်တွေ အများကြီး ရှိခဲ့ဖူးတာကို မင်း မသိသေးလို့နေမှာ"
ဒါပေမယ့် အစ်မရေ... အစ်မ ဘယ်လို သိတာလဲဟင်... ဧကရာဇ်မော့ လက်ထောက် တစ်ယောက်ပြောင်းတိုင်း သူအစ်မကို အစီရင်ခံရတာကြောင့်လား...
တုတု၏ အမေက လီယန်၏ အနားသို့ တိုးကပ်လာပြီး အသံနိမ့်နိမ့်ဖြင့် သူမ၏ နားအနားသို့ ကပ်ပြောလိုက်သည်။
"အစ်မက ဧကရာဇ်မော့နဲ့ ပတ်သက်ပြီး အတင်းအဖျင်းတွေ အများကြီး သိတယ်လေ"
လီယန်: “…”
ဧကရာဇ်မော့တော့ မလွယ်ဘူးပဲ...
အသီးကိတ်တစ်လုံးက ဟင်းပွဲများ ပြည့်နေသော စားပွဲကြီး၏ အလယ်တွင် ရှိနေခဲ့သည်။ သူတို့ မစားသောက်ခင်တွင် မော့ကျန်းက မွေးနေ့ သီချင်းဆိုပေးသဖြင့် တုတု၏ အပြုံးလေးက ပန်းလေးတစ်ပွင့်လို ပွင့်ကားလာလေသည်။ သူမက ဖယောင်းတိုင် မီးရောင်ထဲတွင် မျက်လုံးလေးကို မှိတ်ကာ စတင် ဆုတောင်းလေတော့သည်။
"သမီး ကြီးလာရင် ဦးလေးငယ်လို ချောတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ရပါစေ"
ဖူး...ဖယောင်းတိုင် မှုတ်လိုက်လေပြီ...
မီးပြန်လင်းလာသောအခါ မော့ကျန်းက တုတုကို ပူပင်သောကရောက်နေသည့် မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။
"တုတု... သမီးရဲ့ဆုတောင်း ပြည့်ဖို့ ခက်ခဲမှာကို စိုးရိမ်မိတယ်"
"ဘာလို့လဲ" တုတု၏ အမူအယာက ရုတ်တရက် မကျေမနပ် ဖြစ်သွားသည်။
"ဦးလေးငယ်က တုတုကို လက်ထပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာလား"
"မဟုတ်ပါဘူး... ဒီစကြဝဠာထဲမှာ ဦးလေးငယ်လောက် ချောတဲ့သူကို တွေ့ဖို့ ခက်ခဲမှာပဲ"
တုတု: “…”
"ကျန်းကျန်း... စားချင်စိတ်ကို လှုံ့ဆော်ဖို့ ငရုတ်သီး စားလေနော်" လီယန်က ဟင်းခွက်ထဲမှ ငရုတ်သီးတို့ကို ကောက်ယူကာ မော့ကျန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
မော့ကျန်း: “…”
လီယန်က မော့ကျန်း၏ အမုန်းများ ပြည့်နေသော အကြည့်ကို လျစ်လျူရှု၍ ကြက်ခြေထောက်တစ်ချောင်းကို ဖဲ့ကာ တုတု၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "တုတု... ကြက်ခြေထောက် စားနော်"
"ကျေးဇူးပါ အန်တီလေး" တုတုက ချိုချိုသာသာ ပြန်ဖြေလိုက်ပြီး လီယန်၏ ပါးဖောင်းဖောင်းလေးကို အသံကျယ်ကျယ်ဖြင့် အာဘွားပေးလိုက်သည်။
"အန်တီလေးက ဦးလေးငယ်ကို အလိုလိုက်စရာမလိုဘူး... တုတုကိုပဲ အလိုလိုက်နော်"
"အင်း... ဦးလေးငယ်က တုတုကို အနိုင်ကျင့်နေတာ.. သူ့ကို ပစ်ထားလိုက်ကြစို့" မိန်းကလေးများ အကြား ပူးပေါင်းမှုက ချက်ချင်း ဖြစ်ပေါ်လာသည်။
မော့ကျန်း: “…”
ဒီအန်တီလေးနေရာကို အရမ်းမြန်မြန်နဲ့ စေ့စေ့စပ်စပ် ကျင့်သားရသွားတာ မဟုတ်ဘူးလား...
"မိန်းမ.. မင်းလည်း ကြက်ခြေထောက်စား" ဖေဖေမော့က မေမေမော့၏ ပန်းကန်ထဲသို့ ကြက်ခြေထောက် ထည့်ပေးလိုက်သည်။ ၎င်းကို တုတု၏ အမေ တွေ့သောအခါ ပြုံးလိုက်ပြီး တုတု၏ အဖေကို ဟင်းအချို့ ခပ်ထည့်ပေးလိုက်သည်။
မော့ကျန်း: “…”
Xxxxx