Chapter 71
လူနှစ်ယောက်သားက အပေါ်ထပ်ဆီသို့ အသီးသီး တက်သွားကြပြီး လီယန်က သူမ၏ အခန်းကို မပြန်မီတွင် စကားလုံးအချို့ဖြင့် စိုးရိမ်ပူပန်စွာ နှစ်သိမ့်ပေးနေခဲ့သည်။
သူမက အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။ မည်သည့်အရာကမှ သူမကို အိပ်ပျော်သွားအောင် မလုပ်နိုင်ခဲ့။
သူမ၏ မျက်လုံးကို မှိတ်လိုက်သည်နှင့် သူမ၏ စိတ်အတွင်းထဲ စိုးမိုးထားသည်မှာ မော့ကျန်း၏ အသားအရည် လှလှလေး၊ ခြေတံ ရှည်ရှည်သွယ်သွယ်လေးများနှင့် ပူပြင်းနေသည့် အသက်ရှူသံသည်သာ။
ကမ္ဘာပေါ်က အပြစ်ပေးသန့်စင်တဲ့နေရာပဲ... တကယ်ကြီး အပြစ်ပေးသန့်စင်တဲ့နေရာ... အိပ်ရာခေါင်းရင်းထက်တောင် အပြစ်ပေးသန့်စင်တဲ့နေရာ ပိုဆန်သေးတယ်...
လီယန်က အိပ်ရာမှ ရုတ်တရက် ထထိုင်လိုက်ပြီး သူမ၏ ဖုန်းကို ထုတ်လိုက်သည်။ သူမက ထန်ချန်း၏ ဖုန်းနံပါတ်ကို ခေါ်လိုက်ပြီးနောက် စောင့်ဆိုင်းနေလိုက်သည်။
ထန်ချန်း၏ ဖုန်းက ပိတ်မထားပေ။ လီယန်က တတီတီမြည်သံကို နားထောင်နေပြီး သူ ဖုန်းကိုင်လာမည်ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ ဖုန်းက အလိုအလျောက် ပြတ်တော့က်တော့မည့်အချိန်တွင် ထန်ချန်း ဖုန်းကိုင်လာခဲ့သည်။
"ဘာဖြစ်လို့လဲ"
ထန်ချန်း အသံက လှိုက်လှိုက်လှဲလှဲ ရှိမနေပေ။ သူ့အသံက ပြင်းစွာသော ဒေါသတို့နှင့် စိတ်မရှည်ဖြစ်မှုတို့ မြည်ဟီးနေပေသည်။
လီယန်၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေး သွားပြီးနောက် သူမ၏ အသံလေးက အထစ်ရှစ်ထစ်တို့ဖြင့် ချိုသာသွားခဲ့သည်။
"ဂွတ်နိုက်ပါ.. ကြီးကြပ်ထန်.. ဧကရာဇ်မော့က မတော်တဆ ခါးကို ထိခိုက်သွားလို့ မနက်ဖြန် သူ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်တစ်ယောက်နဲ့ ချိန်းဆိုပေးဖို့ ပြောလိုက်ပါတယ်"
ထန်ချန်း: “…”
အဲ့အထူးလှုပ်ရှားမှုက ဘယ်လောက်တောင် အားပြင်းသွားလို့လဲ... ခါးပါ ထိခိုက်သွားတယ်ပေါ့...
ထန်ချန်းက အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးမှ စကားနှစ်လုံးသာ ထွက်လာခဲ့သည်။"သိပြီ"
"ဒါဆို ကောင်းသောညလေး ဖြစ်ပါစေ... ကြီးကြပ်ထန်" လီယန်က ကျေနပ်အားရစွာ ဖုန်းချလိုက်ပြီး ထန်ချန်းကို ဖုန်းထဲတွင် တစ်ယောက်တည်း ချန်ထားလိုက်သည်။
အခုချက်ချင်း သတင်းပို့စရာလိုလို့လား... သူတို့ကျ အချိန်ကောင်းလေး ရှိခဲ့ကြပြီတော့ သူ့ကို နှိုးဖို့ လိုလို့လားလို့...
ဒီလိုကိစ္စတွေ လုပ်ကြတာ... ကောင်းကင်မှာ မိုးကြိုးတွေပစ်နေရင် အပြင်ထွက်ရဲကြသေးလား...
ထန်ချန်းက ဖုန်းပိတ်က ဘေးသို့ ပစ်လွှင့်လိုက်သည်။ သူ့ကိုယ်သူ စောင်ဖြင့် ထုပ်ပိုးကာ ထပ်ပြီး အိပ်ရာဝင်ရန် ပြင်လိုက်သည်။
...
နောက်တစ်နေ့ မနက်တွင် လီယန် ရေချိုးပြီး၍ ထမင်းစားခန်းထဲ ရောက်လာချိန်၌ မော့ကျန်းမှာ မနက်စာစားရန် ပြင်နေလေပြီ။ ထိုသူ၏ ကျော့ရှင်းရည်မွန်သော ကိုယ်ဟန်များက ခါးထိခိုက်ထားသော လူတစ်ယောက်နှင့် တူမနေပါချေ။
"ဂွတ်မောနင်း... ကျန်းကျန်း" လီယန်က သမ်းဝေကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ "ရှင့်ခါး ဘယ်လိုနေလဲ"
"ခါး" ဟူသော အသံကို ကြားသည်နှင့် မော့ကျန်း၏ အမူအယာ နစ်မြုပ်သွားလေသည်။ "ပိုကောင်းလာပါပြီ... ဒီနေ့ ရိုက်ကူးရေးကိုတော့ မထိခိုက်လောက်ပါဘူး"
သူ့ရဲ့ လိင်မှုဘဝကိုပဲ ထိခိုက်သွားတာ..
"ကောင်းတာပေါ့.. ရှင်က လေ့ကျင့်ခန်းသိပ်မလုပ်တော့ ရှင့်ကြွက်သားတွေက အားလျော့နေတာလေ"
မော့ကျန်း: “…”
အားလုံးက မင်း အားအရမ်း သုံးပြီးတော့ ရုတ်တရက်ကြီး လှုပ်ရှားလိုက်လို့ကွ..
သူ့နှလုံးသားထဲတွင် ထိုကဲ့သို့ ပြောနေသော်လည်း ဧကရာဇ်မော့က ကျန်းမာရေး လုံလုံလောက်လောက် ပြန်ကောင်းသည်နှင့် ထိုကိစ္စမျိုး နောက်တစ်ကြိမ် မဖြစ်ပွားနိုင်ရန် နေ့တိုင်း တစ်နေ့လျှင် တစ်နာရီ အားကစား လုပ်ရန် တေးမှတ်ထားလိုက်သည်။
မော့ကျန်း စားသောက်ခြင်းတွင် မည်မျှ အာရုံစူးစိုက်နေသည်ကို တွေ့ရသောအခါ လီယန်က အဆုံးတွင် အထူးသီးသန့် ပြုလုပ်ထားသော ဘန်းမုန့်ပေါင်း (ပေါင်ဇီ) များ ပြည့်နေသည့် ဝါးခြင်းလေး တစ်ခြင်း ကို သတိထားမိသွားသည်။ "ပေါင်ဇီ နတ်ဘုရားမရဲ့ အထူးစပယ်ရှယ် စွပ်ပြုတ်ရည်ဘန်းမုန့် (ထန်ပေါင်)တွေပဲ... ကျန်းကျန်း ရှင်ဘယ်တုန်းက ဝယ်လိုက်တာလဲ"
(TN: 灌湯包 – ကွမ်းထန်ပေါင် သို့မဟုတ် စွတ်ပြုတ်ရည်ဘန်းမုန့်... ထိုဘန်းမုန့်အားလုံးက မုန့်သားထဲမှာ ကျောက်ကျောသား အစာသွပ် ဖြည့်ထားပြီး အထဲက အစာသွပ် အရည်ပျော်ပြီး အရည်ဖြစ်သွားတဲ့အထိ ပေါင်းထားတာပါ )
"ဒီမနက်ပဲ... စားကြည့်ချင်လား" သူ ယနေ့မနက်တွင် ထိုစွတ်ပြုတ်ရည်ဘန်းမုန့်တစ်ခြင်း ဝယ်ရန်အတွက် တမင်သက်သက် စောစောထခဲ့သည်။ ကောင်းပြီလေ... တကယ်တော့ တစ်ညလုံး အိပ်မပျော်ခဲ့တာ... တကယ် ထမထက မေးခွန်းတစ်ခုတော့ မဟုတ်ပါဘူးလေ...
မည်သို့ပင်ဆိုစေကာမူ လီယန်က ပျော်နေဆဲပါပင်။
"ကျန်းကျန်း... ရှင်က အရမ်းကောင်းတာပဲ" လီယန်က မော့ကျန်း သူမ၏ ကွန်မန့်ကို တွေ့နိုင်ရန် နည်းလမ်းမရှိဟု တွေးခဲ့သည်။ သူမရဲ့ ကွန်မန့်ကို တွေသွားပြီး သူမကို ဆုတောင်းဖြည့်ပေးမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ... "ကျေးဇူးပါ ကျန်းကျန်း"
မော့ကျန်း၏ မျက်လုံးများ တလက်လက် ဖြစ်သွားပြီး နွားနို့တစ်ခွက်ကို အနေခက်စွာဖြင့် ကိုင်၍ တစ်ငုံသောက်လိုက်သည်။
"ဒါကို မင်းအတွက် ကူဝယ်ပေးဖို့ ထိခိုက်နေတဲ့ ခါးလေးကို ဆွဲသွားခဲ့ရတာနော်... ကျေးဇူးတင်စကားလေး ပြောရုံနဲ့ ကိုယ့်ကို ဖယ်ထုတ်တော့မလို့လား"
လီယန်က သူမ၏ လက်ထဲမှ ဘန်းမုန့်ပေါင်းကို အစသတ်လိုက်ပြီး မော့ကျန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ "ရှင် ကျွန်မကို ဘာလုပ်စေချင်လို့လဲ"
"အနည်းဆုံးတော့ ကိုယ့်ကို အနမ်းပေးသင့်တာပေါ့"
သူက မတွေးမစမ်းဘဲ ပြောလိုက်မိပြီး လီယန် သူမ ထိုင်ခုံမှ တကယ်ကြီး ထရပ်လာကာ သူ့ဘေးသို့ လျှောက်လာလိမ့်မည်ဟု တွေးမထားခဲ့ပေ။ သူမ၏ ဆံပင်ရှည်လေးက သူ့နှာခေါင်းဖျားကို ထိခတ်ကြည်စယ်သွားပြီး သူ့ပါးပြင်နံဘေးမှ ပျံ့နှံ့လာသည့် အထိအတွေ့လေးကိုပင် ခံစားလိုက်ရသည်။
"ကျေးဇူးပါ ကျန်းကျန်း"
သူမ၏ အသံလေးက သကြားအလွှာလေး တစ်လွှာကဲ့သို့ပင် နူးညံ့နေသည်။ ၎င်းက မယုံနိုင်လောက်အောင်ပင် ချိုသာနေခဲ့သည်။
မော့ကျန်း တစ်ခဏမျှ အေးခဲသွားလေသည်။ တစ်ဖက်လူ ပြန်လှည့်သွားပြီး အဝေးသို့ ထွက်သွားတော့မည်ကို တွေ့လိုက်ရသောအခါ သူမ၏ လက်မောင်းကို အမှတ်တမဲ့ ဆွဲယူလိုက်ပြီး ပြန်ဆွဲယူလိုက်သဖြင့် လီယန်မှာ သူ့ရင်ခွင်ထဲသို့ ကျရောက်သွားရသည်။
လီယန်က မော့ကျန်း၏ ရင်ခွင်ထဲ မှီတွယ်ထားရင်း ထိတ်လန့်သွားပုံပေါ်နေသည်။ မော့ကျန်းက သူ့ရင်ခွင်ထဲမှ မိန်းမလှလေးကို ကြည့်၍ နှုတ်ခမ်းထောင့်များ တွန့်ကွေးလာခဲ့သည်။ သူ့ခါးထက်မှ နာာကျင်မှုများပင် လွင့်ပြယ်သွားရသလိုပါပင်။
"ကိုယ်ပြောထားတဲ့ အသားကရော"
လီယန်: “…”
အရင်ဆုံး ရှင့်ခါးအကြောင်း ပြောကြတာပေါ့...
မော့ကျန်းက လီယန်၏ တိတ်ဆိတ်မှုကို လက်ခံသည်ဟု ယူဆလိုက်ပြီး အတော်လေး ခံစားချက်ကောင်းသွားရသဖြင့် ဖက်ထားသူလေးကိုပင် ထသွားနိုင်အောင် လွတ်ပေးလိုက်သည်။
၎င်းက ဖုန်းခေါ်ရန် အချိန်ကောင်းလေး ဖြစ်သည်ဟု သိနေသည့်အလား လီယန် နောက်ဆုံး စွပ်ပြုတ်ရည်ဘန်းမုန့်ကို မျိုချလိုက်သည်နှင့် ထန်ချန်း၏ ဖုန်းခေါ်ဆိုမှုက အချိန်ကိုက် ရောက်ရှိလာခဲ့သည်။
မော့ကျန်း ဖုန်းကိုင်ကာ နှုတ်ဆက်လိုက်သည်နှင့် သူ့အသံကို ကြားပြီးနောက် ထန်ချန်းက အလိုအလျောက်ပင် သူ့ကို စတင် ရယ်စားရန် ပြင်သည်။ "ဧကရာဇ်မော့... ဒီအသက်အရွယ်တောင် ရောက်နေပြီ... လူငယ်လေးတွေ ကြမ်းကြမ်းရမ်းရမ်း ကစားကြတာကို အတုယူမနေနဲ့လေ... ဒီလောက် ကျိုးပဲ့လွယ်နေရင် ကျန်တဲ့ မင်းဘဝတစ်ခုလုံး ဘယ်လိုဆက်နေမလဲ"
မော့ကျန်းက ထန်ချန်း သူ့အတွေးထဲ တွေးနေသမျှကို မေးစရာပင် မလိုပေ။ ၎င်းက သူတွေးနေသည်နှင့် တူပြီး အခြေခံ ကွာခြားချက်တစ်ခုသာ ရှိနေခြင်းပင်။
သို့သော်လည်း မော့ကျန်းက ရှင်းပြရန် ရည်ရွယ်လျက် မရှိပါပေ။
"ကုထုံးပညာရှင်ကို ဘိုကင်တင်ထားပြီးပြီလား... နေ့လည်ကျရင် ရိုက်ကူးရေး လုပ်စရာ ရှိသေးတယ်"
"လုပ်ပြီးပြီ... တည့်တည့်သာ သွားလို့ ရတယ်" ထန်ချန်းက ရပ်သွားပြီး ပူပန်နေသော အသံဖြင့် မေးလာခဲ့သည်။
"မင်း ဒဏ်ရာက ပြင်းထန်တာလား... လီယန်ရဲ့ တစ်ဘဝလုံးစာ ပျော်ရွှင်မှုကို ထိခိုက်နိုင်လောက်လား"
"မင်းစိတ်ပူစရာ မလိုဘူး" မော့ကျန်း၏ အသံက အနည်းငယ် အေးစက်နေသည်။ ထန်ချန်းက မော့ကျန်း အံကြိတ်ထားမည်ကိုပင် ကြိုတင်မှန်းဆနိုင်ခဲ့သည်။
"မင်းသာ မင်းရဲ့ ဆပ်ပြာတုံး မကောက်မိတာ သေချာအောင် လုပ်စမ်းပါ"
( T/N ဆပ်ပြာတုံးကောက်တဲ့အခါ ကိုယ်ကို ကွေးရတာမို့လို့ ဂန္ဓမာပန်းကို တိုက်ခိုက်ခံရနိုင်ပါတယ်တဲ့ အဟမ်း)
ထန်ချန်း: “…”
ဒါကြောင့် မော့ကျန်းကို အရှုပ်ဝက်ဘ်ဆိုက်တွေကနေ ဘန်းသင့်တယ်လို့ ပြောတာ...
မော့ကျန်းက ထန်ချန်း၏ ဖုန်းကို ချလိုက်ပြီး လီယန်နှင့်အတူ ရုပ်ပိုင်းဆိုင်ရာ ကုသရေးစင်တာသို့ ရောက်သွားသည်။ ၎င်းက လီယန် ပထမဆုံးအကြိမ်ဖြင့် ရနံ့ခန်းမသို့ ရောက်လာခြင်းဖြစ်သော်လည်း အွန်လိုင်းပေါ်တွင် ပြောထားကြသည်ကို ကြားခဲ့ဖူးသည်။ ၎င်းက Aမြို့ရှိ အကြီးဆုံးနှင့် ခေတ်အမီဆုံး ရုပ်ပိုင်းဆိုင်ရာ ကုသရေးစင်တာဖြစ်ပြီး ကုထုံးပညာရှင်များကလည်း တိုင်းပြည်အတွင်း နာမည်အရဆုံးသူများသာပင်။ သင်သာ ဤနေရာတွင် အသင်းဝင်ကဒ်တစ်ခု ကြိုတင်စာရင်းပေးလိုပါက မြင့်မားသော တောင်းဆိုချက်များကို ဖြည့်ဆည်းရန် လိုပေသည်။
သို့သော်လည်း မည်မျှပင် ခေတ်မီပြီး နေရာကလည်း သင့်တော်စေကာမူ "အထူးဆားဗစ်များ" ပေးခြင်းကဲ့သို့သော ကိစ္စရပ်များအတွက် အမြင်ဆိုးချန်ထားခဲ့ကြသော လူများလည်း ရှိနေသေးပေသည်။
လီယန် သူတို့ကို နှုတ်ဆက်လာသည့် ကုထုံးပညာရှင် လှလှဘေးကို တွေ့လိုက်သည့်အခါ ထိုခံစားချက်က အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။
"ဟယ်လို မစ္စတာမော့... ကျွန်မနဲ့ အတူ လိုက်ခဲ့ပေးပါ" ကုထုံးပညာရှင်လှလှလေး၏ နှုတ်ခမ်းများက မော့ကျန်းထံသို့သာ ချိတ်ဆွဲထားပြီး ကျော့ကျော့မော့မော့ ပြုံးပြလာခဲ့သည်။ မော့ကျန်းက ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ကာ သူ့မျက်နှာတစ်ဝက်က နေကာမျက်မှန်အောက်တွင် ဖုံးကွယ်နေပေသည်။ ကုထုံးပညာရှင်မလေးက သူ့အမူအယာကို လုံးဝ မဖတ်နိုင်ခဲ့။
မော့ကျန်းက သူ့နောက်မှ လီယန်ကို ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူမက သူမ၏ အိတ်ကို ပွေ့ထားပြီး နေရာမှာပင် ရပ်နေကာ စိတ်အခြေအနေ မကောင်းပုံ ရနေသည်။ မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားပြီးနောက် ရုတ်တရက်ပင် သူမစိတ်ဆိုးရသည့် အကြောင်းအရင်းကို ချက်ချင်း နားလည်သွားသည့်အလား သူ့နှုတ်ခမ်းထောင့်များက မသိနိုင်သော အကြောင်းအရင်းများဖြင့် ကွေးတက်လာခဲ့သည်။ "မင်းလည်း လိုက်ခဲ့"
ထိုစကားလုံးများ ထွက်ကျလာလာချင်းပင် ကုထုံးပညာရှင်မလေး၏ အမူအယာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားသည်။ သူမက ထိပ်တန်း ကုထုံးပညာရှင်တစ်ယောက် ဖြစ်သော်လည်း မိန်းမတစ်ယောက်ပါပင်။ သူမက သူမနှင့် စာရင်းပေးထားသော မော့ကျန်း၏ ကုသမှုအတွင်း ထူးထူးခြားခြား တစ်စုံတစ်ရာ ဖြစ်ပျက်သွားမည်ကို စိတ်မရှိပါပေ။
အဆုံးတွင်တော့ ထိုကဲ့သို့ အဆင့်အတန်းမြင့် ယောက်ျားကောင်းလေးကို မိန်းမအချို့ကသာ ငြင်းပယ်နိုင်ကြပေမည်။
လီယန်က မော့ကျန်းနှင့်အတူ ကုသရေး အခန်းထဲသို့ လိုက်ဝင်သွားသည်။ ပတ်ဝန်းကျင်ကလည်း အတော်လေး ကောင်းပုံရပြီး အခမဲ့wifiလည်း ရနေသေးသည်။ ကုထုံးပညာရှင်က လက်ရှိတွင် မောကျန်းကို နှိပ်ပေးနေခဲ့သော်လည်း လီယန် အခန်းထဲတွင် ရှိနေသည့်အတွက်ကြောင့် သူမ၏ လှုပ်ရှားမှုများက အနည်းငယ် ခပ်ခွာခွာ ဖြစ်နေခဲ့သည်။ လီယန်က သူတို့ဘက်သို့ ကြည့်လိုက်ပြီးနောက် မော့ကျန်း ထိုနေရာတွင် နာနာခံခံ လဲလျောင်းနေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ ဖုန်းကို ထုတ်၍ ဖိုရမ်ထဲသို့ ဝင်လိုက်သည်။
"ငါ့မွေးနေ့မှာ မော့ကျန်းရဲ့ ဝေ့ပေါ်ကို ဆုတောင်းစာရေးပြီး ပေါင်ဇီ နတ်ဘုရားမဆီက ဘန်းမုန့်ပေါင်းရပါစေလို့ ဆုတောင်းလိုက်တာလေ... ရလဒ်ကတော့ တကယ်ကြီး ဆုတောင်းပြည့်သွားတာပါပဲ... စွမ်းအားမြင့်လှတဲ့ ဧကရာဇ်မော့ကို ကျေးဇူးတင်ပါတယ်... မန့်မန့်တ"
(T/N မန့်မန့်တ အရမ်းချစ်ဖို့ကောင်း)
လီယန်က မနက်က ရိုက်ထားခဲ့သော ဘန်းမုန့်ပေါင်း ဓါတ်ပုံကိုပါ တွဲ၍ ပျော်ပျော်ရွှင်ရွှင် ပိုစ့်တင်လိုက်သည်။ ထိုပိုစ့်ခေါင်းစဥ်က ပေါက်ကွဲလွယ်လွန်းသည်ကြောင့်လား သို့မဟုတ် ဆာဒါကို ID က ဒဏ္ဍာရီလာ ပုံရိပ် ဖြစ်နေသည်ကြောင့်လား မသိသော်လည်း ထိုပိုစ့်က ဖိုရမ်၏ ဟုမ်းပေချ့်၌ ရေပန်းစားလာခဲ့သည်။
မော့ကျန်း ကုသရေး ပြီးဆုံးသွားသောအခါ ဝေ့ပေါ်သို့ တက်သွားရာ ယနေ့တွင် သူ့ကို မန်းရှင်းလုပ်လာသော ကွန်မန့်များကြောင့် ရှောခ့်ရသွားလေတော့သည်။
"ဧကရာဇ်မော့ ကျွန်မရဲ့ ကားမောင်း စစ်ဆေးမှု ချောချောမွေ့မွေ့ ပြီးဆုံးသွားဖို့ စောင်မပေးပါ... အာမင်"
"ဧကရာဇ်မော့ ကျွန်မ မနက်ဖြန် ကျွန်မရဲ့ နတ်ဘုရားလေးကို ဖွင့်ပြောတော့မယ်... ကျွန်မရဲ့ နတ်ဘုရားလေး ငြင်းမလွှတ်ဖို့ တောင်းဆိုပါတယ် QAQ.”
"ကြီးမြတ်လှတဲ့ ကျန်းကျန်း... ကျွန်မရဲ့ ဖတ်စာအုပ် ရှာမတွေ့တော့ဘူး... အတန်းမစခင် ရှာတွေ့အောင် စောင်မပေးပါ"
"ကြီးမြတ်လှတဲ့ ကျန်းကျန်း ... ကျွန်မရဲ့ ဒုတိယကလေးကို သမီးလေးဖြစ်ဖို့ ဆုတောင်းပါတယ်... နောက်ထပ် သားတစ်ယောက် ထပ်မပေးပါနဲ့တော့"
မော့ကျန်း: “…”
သူ အနှိပ်ခံနေတုန်း ဘာတွေ ဖြစ်သွားတာလဲဟ....
Xxxxx