အပိုင်း ၇၃
Viewers 10k


Chapter 73
နည်းဗျူဟာ



ဧည့်ခန်းထဲတွင် ​ပျော်ရွှင်စွာ ကခုန်​နေ​သော ချန်းချင်းယန်၏ ခန္ဓါကိုယ် ​တောင့်တင်းသွား​လေသည်။ ​မော့ကျန်း၏ ကိုယ်​ပေါ်သို့ တဖျတ်ဖျတ် လက်​နေသော ကင်မရာမီးများပင် တစ်ခဏ ရပ်တန့်သွားကြသလိုပါပင်။

ထို့​နောက်ကင်မရာများက ယခင်ကထက် ပို၍ပင် ​​သွေးရူး​သွေးတန်း တဖျတ်ဖျတ် လက်လာကြသည်။ ကမ္ဘာ​မြေကို တုန်လှုပ်​စေ​သော အ​ပြောင်းအလဲက ပွဲကျင်းပရာ ​နေရာတစ်ခုလုံးသို့ ရိုက်ခတ်သွားပြီး လှုပ်ခါ​နေ​သော ​ကော်​ဇောနီက အဖြူ​ရောင် ​ကောင်းကင်ဖြင့် ဝန်းရံ ခံလိုက်ရသည်။ သူတို့က တီဗီ​ရှေ့တွင် ထိုင်​နေကြ​သော်လည်း ဓါတ်ပုံဆရာများ၏ ကင်မရာခလုတ်ကို ရူးသွပ်စွာ နှိပ်​နေကြသည့် အသံများကို ရှင်းရှင်းလင်းလင်း ကြား​နေရ​ပေသည်။  

ထို "ချလပ် ချလပ်" အသံက တီဗီ​ပေါ်တွင် အဆက်မပြတ် ထပ်ခါထပ်ခါ ထွက်​ပေါ်​နေသော ​အော်ဟစ်သံများကဲ့သို့ပင် ကြွပ်ဆတ်လှပြီး စည်းချက်ကျ​နေသည်။   

ချန်းချင်းယန်၏ အတွင်းပိုင်း စိတ်အ​ခြေအ​နေများမှ ​အော်ဟစ်သံမှာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိတ်သတ်များထက် အထိန်းအကွပ်မဲ့​နေသည်။ သူမက လီယန်၏ အ​ရှေ့သို့ အ​ပြေးလာပြီး ပေါက်ကွဲထွက်လာ​သော စိတ်ခံစားချက်များကို ထုတ်​ဖော်ရန် လီယန်၏ လက်​မောင်းများကို အကြိမ်အနည်းငယ် လှုပ်ယမ်းလိုက်ချင်​သော်လည်း လီယန်မှာ သူမထက်ပင် ​ကြောင်အ​နေပြီး တီဗီ​ပေါ်မှ ​မော့ကျန်း၏ ပုံကို ထုံထုံအအ စိုက်ကြည့်​နေသည်ကို ​​တွေ့လိုက်ရသည်။   

ချန်းချင်းယန်၏ လက်များက လီယန်၏ ပုခုံးကို ဆွဲဖက်လိုက်​လေသည်။ "တလီ... ဧကရာဇ်​မော့အ​​ပေါ် နင့်ရဲ့ ခံစားချက်​တွေ အရမ်း နက်နဲလာမယ်လို့ မထင်ထားခဲ့ဘူး... ငိုချလိုက်... ငါနင့်ကို မရယ်ဘူး" 

သူမက ဧကရာဇ်​မော့အတွက် ထိုကဲ့သို့​​သော အရည်အ​သွေးမြင့် သစ္စာရှိဖန်တစ်​ယောက်ကို ကူညီပျိုး​ထောင်​ပေးခဲ့သည်။ ထို​အောင်မြင်သွားသည့် ခံစားချက်က ကွန်မြူနစ်လူငယ်အဖွဲ့ချုပ် အဖွဲ့ဝင်တစ်​ယောက် အဖြစ် ရာထူးတိုးသည်ထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။  

လီယန်က သူမ၏ နှုတ်ခမ်းကို ကိုက်ကာ ဧကရာဇ်​မော့ထံမှ အကြည့်လွှဲလိုက်သည်။ သူမက ချန်းချင်းယန်၏ ဝမ်းနည်း​ကြေကွဲဖွယ် အမူအယာကို ကြည့်လိုက်သည်။

"ငါ​​တွေး​နေတာ... သူ​​ပြော​နေတဲ့ တစ်​ယောက်က ငါဆိုရင် ဘယ်လို လုပ်ကြမလဲလို့"  

ချန်းချင်းယန်: “…”

တလီ... မြန်မြန် နိုးထစမ်းပါ...  

သူမက လီယန်၏ ​ဘေးသို့သွားကာ ဆိုဖာ​ပေါ်တွင် ​ခြေချိတ်ထိုင်လိုက်ပြီး ​ပြောလိုက်သည်။

"သူ ငါ့ကို ​ပြော​နေတာလို့ ငါလည်း ထင်တာပဲ" လူ​ထောင်​ပေါင်းများစွာကလည်း ထိုကဲ့သို့ပင် ​တွေးကြလိမ့်မည်ဟု ခန့်မှန်းရ​ပေသည်။  

တီဗီ​ပေါ်မှ တင်ဆက်သူက ​မေးခွန်းများ ထပ်​မေးရန် ပြင်လိုင်​သော်လည်း ဧကရာဇ်​မော့ကမူ သူ​နောက်ထပ် ​မေးခွန်းများ ​ဖြေ​တော့မည် မဟုတ်​ကြောင်း တည်တည်ငြိမ်ငြိမ် ​ပြောလိုက်သည်၊  

​မော့ကျန်း၏ ရည်ရွယ်မထားသည်လား တမင် ရည်ရွယ်ထားသည်လား မသိရသည့် စကားတစ်ခွန်းက ဆု​ပေးပွဲ တစ်ခုလုံး၏ အထွဋ်အထိပ် ဖြစ်သွားသည်။ ဆုရရှိသူများ စရင်းကို ဖတ်ပြီးကြသည့်တိုင် ကြည့်ရှုသူများမှာ ယခင်က​လောက် စိတ်အားထက်သန်မှုမျိုး မဖြစ်​တော့။ 

"ဧကရာဇ်​မော့ရဲ့ နှလုံးသားကို တစ်​ယောက်​ယောက် ပိုင်သွားပြီ... ငါ​နောက်ထပ် မချစ်နိုင်​​​တော့ဘူးလို့ ခံစားရတယ်" ဆု​ပေးပွဲမှာ ယခုအချိန်အထိ တရားဝင် မစတင်​​သေး​သော်လည်း ထိုအ​ကြောင်းအရာက အဓိကဖိုရမ်များနှင့် ​ဝေ့​ပေါ်ဆီသို့ အလင်း၏ အရှိန်ဖြင့် ပျံ့နှံ့​သွား​လေသည်။ 

ချန်းချင်းယန်က သူမကိုယ်သူမ ​မော့ကျန်း ​ပြော​နေ​သောသူဟု အယုံသွင်း​နေ​ခဲ့သော်လည်း အ​တော်အ​တန်ကြီး​သော ​လေပြင်းကြီးကို ခံစား​နေရဆဲ ဖြစ်သည်။ ဆု​​ပေးပွဲမှ ကြည့်ရှူသူများကလည်း ဂုဏ်သ​ရေရှိ ဧည့်​သည်​တော်များ စင်မြင့်ထက်သို့ တက်ကာ အ​ကောင်းဆုံး အမျိုးသား သရုပ်​ဆောင်ဆု ရရှိသူကို ​ကြေငြာရန် အသင့်ဖြစ်​နေသည့်အချိန်မတိုင်မီအထိ မ​ရေမရာ ​ခေါင်းရှုပ်​နေကြဆဲ ဖြစ်သည်။  

လီယန်သည်လည်း စိတ်မလှုပ်ရှားဘဲ မ​နေနိုင်​တော့​ပေ။ ထိုကဲ့သို့​​သော ခံစားချက်က မူလတန်းသို့ ပြန်​ရောက်သွားပြီး ဆရာမက စင်မြင့်တွင် ​ကျောင်းသားများ၏ အမှတ်ကို ဖတ်ပြ​နေသကဲ့သို့ ခံစားရသည်။ 

"​နောက်ဆုံး​တော့ စိတ်လှုပ်ရှားစရာ အချိန်​လေး ​ရောက်လာပါပြီ... 53ကြိမ်​မြောက် ​ရွှေနွားရိုင်း ဆု​ပေးပွဲရဲ့ အ​ကောင်းဆုံး အမျိုးသား သရုပ်​ဆောင်ဆုကို ​​ကြေညာ​တော့မှာ ဖြစ်ပါတယ်... ဒီနှစ်ရဲ့ ​ရွှေနွားရိုင်း ဆု​ပေးပွဲမှာ ထူးချွန်တဲ့ ဇာတ်ကား​​ပေါင်း 37ခုအထိ ပြိုင်ဆိုင်မှု ပြင်းထန်လာပါတယ်​နော်... ဒီ​အောင်မြင်မှုက​တော့ ဇာတ်ကားကိုသာမက အမျိုးသား အမျိုးသမီး သရုပ်​ဆောင်များကိုပါ ဆုချီးမြှင့်သွားမှာပါ... သူတို့​တွေအထဲမှာ​တော့ ​ပြေးလမ်း​ပေါ်မှာ မြင်းနက်​တွေ အများကြီး ရှိ​နေပါတယ်..." 

တင်ဆက်သူက အဖွင့်စကား ​ပြောသည်။ ချန်းချင်းယန်၏ စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးကာနီး အချိန်မှာပင် ဂုဏ်သ​ရေရှိ ဧည့်သည်​တော်က စင်​မြင့်ပေါ်သို့ ​ရောက်လာခဲ့သည်။ ဆု ​ကြေညာ​ပေးမည့်သူမှာ ယခင်မျိုးဆက် ရုပ်ရှင်​လောက၏ ဘုရင် ဖြစ်ခဲ့သည့် ကွမ်းရန် ဖြစ်သည်။ သူ စင်မြင့်ထက်သို့ ​ခြေချလိုက်သည်နှင့် ကြည့်ရှုသူများထံမှ ​အော်သံ ခပ်​သေး​သေး ထွက်လာခဲ့သည်။   
ကွမ်းရန်က ပြုံးပြကာ လူတိုင်းကို နှုတ်ဆက်လိုက်ပြီး သူ့လက်ထဲမှ စာအိတ်ကို ဖွင့်​ဖောက်လိုက်​လေသည်။ "53ကြိမ်​မြောက် ​ရ​ရွှေနွားရိုင်း ဆု​ပေးပွဲရဲ့ အ​ကောင်းဆုံးအမျိုးသား သရုပ်​ဆောင်ဆု ရရှိသူက​တော့..."  

သူက အ​လေ့အထများနှင့် လွန်စွာ ရင်းနှီးကျွမ်းဝင်ပုံရပြီး စကားရပ်လိုက်သည်။ ပွဲကျင်းပရာ​နေရာ၏ မီး​မောင်းက ဆန်ကာတင် သရုပ်​ဆောင်​လေးဦးအ​ပေါ်တွင် ထိုးပြလာခဲ့​လေသည်။ သူတို့ အားလုံးက အသက်အောင့်ထားကြပြီး ကွမ်းရန် နာမည် ​ဖတ်ပြလာမည်ကို ​စောင့်ဆိုင်း​နေကြ​လေသည်။ 

"​ကောင်းစန် ​နေရာက သရုပ်​ဆောင်သွားတဲ့ ​မော့ကျန်းပါ"  

ထိုခဏ၌ လက်ခုပ်သံများ ထွက်​ပေါ်လာပြီး ဖိနှိပ်ထား​သော ​အော်သံများ ​ပေါက်ထွက်လာ​လေသည်။ ချန်းချန်းယန်ကလည်း TV​ပေါ်မှ ပရိတ်သတ်များနှင့်အတူ ​အော်ဟစ်​နေသည်။ သူမ က​ခုန်​နေသည့်ပုံက အ​စောပိုင်း တိုက်လာခဲ့သည့် ​လေပြင်းမှ ပြန်လည်သက်သာသွားဟန်ပင်။

"ငါသိ​နေတယ်... ကျန်းကျန်း ဖြစ်မှာမှန်း ငါသိ​နေတယ်"

ပြီးသည်နှင့် ​အောင်ပွဲခံရန် မလုံ​လောက်​သေးဟန် အိမ်စီးဖိနပ်များကို ကန်ထုတ်ကာ ဆို​ဖာ​ပေါ်တွင် ခုန်​ပေါက်​နေသည်။

"ကောင်းစန်က ကမ္ဘာကြီးကို ​အောင်နိုင်ခဲ့ပြီ... အိုး ရေး" 

လီယန်: “…”

သူမ အရင်တုန်းကတည်းက ဆယ်လီ​တွေ​နောက် လိုက်တာ IQကို ထိခိုက်​စေတယ်လို့ ​ပြောခဲ့ဖူးသလားလို့...   

50လက်မ တီဗီထက်တွင် ကင်မရာက ​မော့ကျန်းကို ဦးတည်ထားသည်။ ကင်မရာ ဖြတ်သွားသည့်အချိန်တွင် သူ့​​ဘေးတွင် ထိုင်​နေ​သော ထန်ချန်းကို လီယန် ​တွေ့လိုက်ရသည်။   

ဟမ်... ကျန်းကျန်းက အ​ကောင်းဆုံး သရုပ်​ဆောင်ဆု ထပ်ရတာပဲကို ဘာလို့ ထန်ချန်းရဲ့ မျက်နှာက အရမ်း ​ကြောက်စရာ ​ကောင်း​နေရတာလဲ...  

သူမ ထိုကိစ္စကို ​တွေး​တော​နေဆဲမှာပင် ​မော့ကျန်းက စင်မြင့်​ပေါ်သို့ တက်လာပြီး လက်ခံစကား ​ပြောရန် ပြင်သည်။ ကွမ်းရန်သည်လည်း စင်​ပေါ်တွင် ရပ်​နေခဲ့ပြီး ​မော့ကျန်းကို ပြုံးပြလိုက်​လေသည်။

"ဧကရာဇ်​မော့... ဆုရစကား ​ပြောပြီးရင် မင်းခုနက ​ပြောခဲ့တဲ့သူအ​ကြောင်းလည်း ​ပြော​ပေးပါ" 

ကြည့်ရှုနေကြသူများမှာ စီကနဲ ​အော်ဟစ်လာကြသည်။ ထိုသူတို့မှာ အဓိက ဇာတ်ခုံ​ပေါ်မှ နာမည်​ကျော်များ ဖြစ်​နေကြ​သော်လည်း သာမန်လူများကဲ့သို့ အတင်းအဖျင်း ​ပြောရသည်ကို ကြိုက်ကြသည်ပင်။ 

​မော့ကျန်းက ကွမ်းရန်လက်မှ ​ရွှေနွားရိုင်း ရုပ်တု​လေးကို လက်လွှဲယူလိုက်ပြီး မြင်ကွင်း​ပေါ်မှ ကင်မရာရိုက်သံများကလည်း ပို၍ မြင့်လာခဲ့သည်။ ​​သေချာပေါက် ​မော့ကျန်း၏ ​ကျေးဇူးတင်စကားက သူယခင်က ပြင်ဆင်ထားခဲ့သလိုပါပင်။ သူကြိုက်​နေသည့် လူလူအတွက်ကား ထိုသူနှင့် ပတ်သက်ပြီး မည်သည်ကိုမှ ထပ်​ပြောလိုစိတ်မရှိသည်မှာ သိသာ​နေခဲ့သည်။ 

သူတို့လိုချင်သည့် အတင်းအဖျင်း မရခဲ့ကြ​သော်လည်း ကြည့်ရှု​နေသူများမှာ ဆုအသစ်ရလာ​သော ရုပ်ရှင်ဧကရာဇ်ကို လက်ခုပ်သံများ ​သောင်း​သောင်းဖြဖြ ​ပေး​နေကြဆဲပင်။ အင်း... သူက ရုပ်ရှင်ဧကရာဇ် ဖြစ်ရတာကို အရမ်းအ​တွေ့အကြုံ ရှိ​နေ​ပေမယ့်​ပေါ့... 

​မော့ကျန်း၏ အ​ကောင်းဆုံး သရုပ်​ဆောင်ဆုနှင့်အတူ "နတ်ဘုရားတားမြစ်ဇုံ3" ကဆု​ပေါင်း 7ဆုရပြီး အ​ကောင်းဆုံး ဒါရိုက်တာဆုနှင့် အ​ကောင်းဆုံး တည်းဖြတ်ဆုတို့ပါ ပါဝင်သည်။ ဤနှစ် ​ရွှေနွားရိုင်း ဆု​ပေးပွဲ၏ စုစု​ပေါင်း အကြီးမားဆုံး ဆုရရှိသူ ဖြစ်လာခဲ့​ခေသည။  

ဆု​ပေးပွဲ ပြီး​နောက် ​မော့ကျန်းက သဘာဝကျကျပင် မီဒီယာများ၏ အာရုံစိုက်ရ္ ဖြစ်လာခဲ့သည်။ ဧကရာဇ်​မော့၏ နှလုံးသားတွင် အိမ်​လေးတစ်လုံး ရှိ​နေ​လေပြီ... ၎င်းက ဧကရာဇ်​မော့ သူ့ဂုဏ်ပုဒ်ကို ထပ်ထိန်းထားခဲ့ပြီ ဟူ​သော အ​ကြောင်းအရာထက် ပို၍ ​ပေါက်ကွဲလွယ်​သော သတင်း​ခေါင်းစဥ် ဖြစ်​နေ​သသည်ပင်။  

သို့​သော်လည်း ​မော့ကျန်းက ​​ဖျော်​ဖြေ​ရေး​လောကတွင် ဆယ်နှစ်တာ ကျင်လည်ခဲ့ပြီး ​နေ့တိုင်းလိုလို မီဒီယာများနှင့် ပတ်သက်ဆက်နွယ်​​ခဲ့ရသည်။ သူက သတင်း​ထောက်များနှင့် ရင်ဆိုင်ရာ၌ ကျွမ်းကျင်​​နေ​လေပြီ။ သူသာ ဆန္ဒမရှိပါက ထိုသတင်း​ထောက်များလည်း သူ့ပါးစပ်မှအချက်အလက်​ အပိုင်းအစတစ်ခုမှ တူးထုတ်နိုင်မည်မဟုတ်​ပေ။

၎င်းက ထန်ချန်း စိတ်ဆိုးရသည့်အချက်ပါပင်။  

​​ကော​ဇောနီ​ပေါ်၌ မော့ကျန်း၏ စကားလုံးများက တမင်သက်သက် ထုတ်​ပြောလိုက်သည်မှာ သိသာ​နေသည်။ သူ အဘယ့်​ကြောင့် ထိုအ​ကြောင်းကို ​ပြောရန် ထိုအချိန်နှင့် ​နေရာကို ​ရွေးချယ်လိုက်သည့်အ​ကြောင်းအား မသိရ​သော်လည်း သူ့(ထန်ချန်း)ကို ကြိုမတိုင်ပင်ထားခဲ့​ပေ။ ထန်ချန်းကို ထိုသူကပြယုဒ်မျှသာထားမှန်းသိသာနေ​ပေသည်။   
အခွံလွတ်​လေးသည်သာပင်။ 

သူ ​မော့ကျန်း၏ အချစ်​ရေးကို မဆန့်ကျင်​သော်လည်း သူ့အချစ်​ရေးကို လူသိရှင်ကြား လုပ်ခွင့်​ပြုမည်ဟု မ​ပြောခဲ့​ပေ။ ရှိ​သေးသည်မှာ သူ ​ပြောခဲ့သည့်သူက သူမ ဖြစ်​နေမှန်း လီယန်ကိုယ်တိုင်ကပင် မသိ​သေးဟု သူခံစားရသည်။  

"ရိုက်ကူး​ရေးအဖွဲ့နဲ့ ဂုဏ်ပြုပါတီကို မသွား​တော့ဘူးလား"

ထန်ချန်း၏ အသံအ​နေအထားက မကြည်မလင် ဖြစ်​နေပြီး ခရီးသည်ခုံတွင် ထိုင်​နေ​သော ​မော့ကျန်းကို ကြည့်လိုက်သည်။

"မသွားဘူး... ငါနည်းနည်း ပင်ပန်း​နေလို့ အိမ်ပဲ ပြန်ပို့​ပေးလိုက်" ​မော့ကျန်း ​ပြောပြီးသွား​သောအခါ ထိုင်ခုံတွင် ​ကျောမှီ၍ မျက်လုံးများ ပိတ်ထားသည်။ ရိုက်ကူး​ရေး တစ်ရက်တာအပြီး ဆု​ပေးပွဲတွင်လည်း အချိန်အကြာကြီး ထိုင်​နေခဲ့ရ​သည်။ ​နောက်ဆုံးတွင်လည်း နာရီဝက်မျှ ထိုက်ကျိ ကစားလိုက်ရ​သေးသည်။ သူ တကယ်ပဲ ပင်ပန်း​နေပါ၏။
(T/N ထိုက်ကျိကစားတာ ​မေးခွန်း​တွေ ​ရှောင်တိမ်း​ဖြေရတာကို ​ပြောတာပါ)

လီယန်ပင် အိမ်ပြန်​ရောက်နှင့်​နေပြီလား မသိ​ပေ။

ထန်ချန်းက သူ့​ဘေးမှ လူ၏ ပင်ပန်း​နေ​သော မျက်နှာကို ကြည့်ကာ နှုတ်ခမ်းများ တွန့်သွားပြီး ကားစက်စနှိုးလိုက်​လေသည်။ အချိန်က ဆယ့်တစ်နာရီပင် အနည်းငယ် ​​ကျော်​နေပြီး လမ်း​ပေါ်တွင် ကားများစွာ မရှိ​ပေ။ မြို့​ကြီးက အ​မှောင်ထု​အောက်တွင် ဖုံးလွှမ်း​နေပြီး ​နေ့ခင်းပိုင်းမှာကဲ့သို့ ပျားပန်းခတ်​နေသည့် ဆူညံသံအချို့ ရှိမ​နေခဲ့​ပေ။ ၎င်းက ဂုဏ်သ​ရေရှိ မိန်းမပျို​လေး တစ်​ယောက်အလား တိတ်ဆိတ်​နေခဲ့​လေသည်။

ထန်ချန်းက ကားကို တိုးတိုးတိတ်တိတ်မောင်း​နေ​လေသည်။ သူ ကား​မောင်း​နေစဥ်အတွင်း ထိန်းထားရန် ကြိုးစားပါ​သော်လည်း သူ့ကိုယ်သူ ထိန်းမထားနိုင်​တော့​​ပေ။

"​မော့ကျန်း... ဒီ​နေ့ ​ကော်​ဇောနီ​ပေါ်မှာ ဘာလို့ပြောခဲ့တာလဲ"

သူ့​ဘေးမှလူက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ပြန်​ဖြေလာခဲ့သည်။

"ဘာလို့ မ​ပြောရမှာလဲ" သူ့အသံက အလွန်နိမ့်​နေပြီး သူ့တို့ကို ဝန်းရံထား​သော ညအ​မှောင်ထုလိုပင် တည်ငြိမ်​နေခဲ့သည်။

ထန်ချန်းက ကျယ်​လောင်စွာ ရယ်​မောလိုက်​လေသည်။ ​မော့ကျန်း ဒီလူက အ​ကြောင်းအရင်း မရှိဘဲ တစ်ခုခုကို ဘယ်​တော့မှ လုပ်မယ့်သူမျိုး မဟုတ်ဘူး...

"မင်းကို ကုမ္ပဏီက အချစ်ရှာလို့ မရဘူးလို့ ​ပြောထားတာ သိရဲ့လား"

"ငါချစ်မိသွားပါပြီလို့ ​ပြောခဲ့လို့လား"

"ကွာခြားချက် ရှိလို့လား" ထန်ချန်းက အနည်းငယ် ​ဒေါသထွက်​နေဆဲပင်။ ကိစ္စအများစုတွင် သူက ​မော့ကျန်း၏ စိတ်အ​ခြေအ​နေကို စဥ်းစားကာ ​ကျော်သွားခွင့် ​ပေးလိမ့်မည်ဖြစ်သည်။ သို့​​သော်လည်း ဤကိစ္စက သူ၏ ​အောက်​ခြေမျဥ်းကိုပင် ထိလာ​နေ​လေပြီ။

"​နောက်ပိုင်းကျရင် ကုမ္ပဏီက မင်းကို ​​​သေချာ​ပေါက် ခေါ်​ပြောလိမ့်မယ်... ကြိုပြီး စဥ်းစားထားတာ အ​ကောင်းဆုံးပဲ"

​မော့ကျန်းက မျက်လုံးများ မှိတ်ထားရင်း တိတ်ဆိတ်​နေဆဲ ဖြစ်သည်။

ထန်ချန်းက ​မော့ကျန်းကို တစ်ချက်ကြည့်ကာ ဆက်​ပြောသည်။

"မင်းအခုအချိန်မှာ ​အောင်မြင်မှု အထွဋ်အထိပ်ကို ​ရောက်​နေတာ... ကုမ္ပဏီက မင်းကို လက်ထပ်ခွင့်ပြုမှာ မဟုတ်ဘူး" သူ လက်ထပ်ခြင်း ဟူ​သော စကားလုံးကို တိုက်ရိုက် ​ပြောလိုက်သည်။ ​မော့ကျန်းက ​ကော်​ဇောနီ​ပေါ်တွင် ဝန်ခံထားပြီး ဖြစ်၍ ​မော့ကျန်း အရင်က သူ အ​လေးအနက် လုပ်​နေတာ ဟု ​ပြောခဲ့သည့် အဓိပ္ပါယ်ကို နားလည်နိုင်​လေပြီ။

"ငါ​နောက်မှ ကုမ္ပဏီနဲ့ ​ဆွေး​နွေးလိုက်မယ်... မင်းစိတ်ပူဖို့ မလိုပါဘူး"

"ဟား" ​လှောင်ရယ်သံတစ်ခုက ​ထန်ချန်း၏ နှလုံးသားထဲမှ ထွက်​ပေါ်လာခဲ့သည်။

"လီယန် အတွက်က​ရော... သူ့ရဲ့ သ​ဘောထားကို​ရော ​မေးကြည့်ပြီးပြီလား... သူကလည်း မင်းတို့ရဲ့ ဆက်ဆံ​ရေးကို လူသိရှင်ကြား ချပြချင်ပါ့မလား... မင်းရဲ့ဖန်​​​တွေက​ရော ဒီသတင်းကို တည်တည်ငြိမ်ငြိမ် လက်ခံကြပါမယ်လို့ အာမခံနိုင်လား"

​မော့ကျန်း၏ နှုတ်ခမ်း တွန့်သွား​လေသည်။ သူ အဆုံး၌ မျက်လုံးများ ပွင့်လာပြီး ထန်ချန်းကို ကြည့်လာခဲ့သည်။

"မင်းက အဲ့သတင်​ထောက်​တွေနဲ့ မပတ်သက်ဘူးဆိုတာ ​သေချာလား" ထို မရပ်မနား စစ်​မေး​နေသည့် နည်းလမ်းက ​ဖျော်​ဖြေ​ရေးသတင်း​ထောက်များနှင့် ပုံစံအတူတူပင်။

ထန်ချန်း၏ မျက်​တောင်များ လှုပ်ခတ်သွားလေသည်။ ဒီအ​ခြေအ​နေမှာ​တောင် ဟာသ လုပ်နိုင်​သေးတယ်... ဧကရာဇ်​မော့က ဧကရာဇ်​ဘွဲ့ရလာတာ အံ့သြစရာ မရှိ​တော့ဘူး... သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အ​ခြေအ​နေကိုက အရမ်းသန်မာ​နေတာ... သတင်းထောက်​တွေ ဆီက​နေ အစုလိုက်အပြုံလိုက် တိုက်ခိုက်ခံရတာ​တောင် သူတို့ဆီကို ငါးဖမ်းပိုက်ကွန် ပြန်​ပစ်​ဖို့ အခွင့်အ​ရေး ရှာ​နေတုန်းပဲ... ဆု​ပေးပွဲရဲ့ ​ရေပန်းအစားဆုံးအ​ကြောင်းအရာက ဆုရတဲ့သူ​တွေ မဟုတ်ဘဲ ဧကရာဇ်​မော့ရဲ့ နှလုံးသားက ဘယ်လို အိမ်တစ်လုံး ​​တွေ့သွားခဲ့လဲ ဆိုတာပဲ ဖြစ်ရမယ်... မနက်ဖြန်ကျရင် ​သေချာပေါက် သင့်​တော်တဲ့ သတင်းထူးတစ်ပုဒ် ဖြစ်လာမှာ...

"ထန်ချန်း... ဒီ​နေ့ ငါ​ပြောလိုက်တာက ငါတို့ရဲ့ ဆက်ဆံ​ရေးကို လူသိရှင်ကြား လုပ်မယ်လို့ ​ပြောချင်တာ မဟုတ်ဘူး... ငါ သူ ဘယ်လို တုံ့ပြန်မလဲ သိချင်ရုံပဲ" သူ တစ်​ယောက်​ယောက်ကို ကြိုက်​နေသည့်အ​ကြောင်း သိသွားသည့်အချိန်၌ ဖြစ်လာမည့် သူမ၏ တုံ့ပြန်မှုကို ​တွေ့ချင်ရုံသာမက သူ သူမကို ​တွေး​တော​စေချင်သည့် ပို၍ရှုပ်​ထွေး​သော အရာများ ရှိ​နေ​သော​ကြောင့်ပင်။

လီယန် သူ့အ​ပေါ်တွင် အမြင်​ကောင်း ရှိ​နေသည်ကို ​တွေ့ရ​သော်လည်း လူတိုင်းကနာမည်​ကျော် တစ်​ယောက်နှင့် ချစ်ကျွမ်းဝင်ရသည့် ဖိအားများကို ​တောင့်မခံနိုင်ကြ​ပေ။ ​ဖျော်​ဖြေ​ရေး​လောကအပြင်မှ လူများကိုကား ဆိုဖွယ်ရာပင်မရှိ​​တော့။



Xxx