Chapter 76
"မစ္စတာမော့... ခဏလောက် စောင့်ပေးပါအုံးနော်... ဆရာအန်းက ခဏနေရင် ရောက်လာတော့မှာပါ"
မော့ကျန်းရှေ့မှ ဝန်ထမ်းလေးက ပြုံးပြကာ သူတို့ကို ဆိုဖာပေါ်တွင် ထိုင်၍ အနားယူရန် လက်ဟန်ပြလိုက်သည်။
ဟေး... သူမပြောဖို့ မေ့တော့မလို့... ဒီက ဝန်ထမ်းလှလှလေးတွေ အားလုံးက ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် လုပ်နိုင်လောက်တဲ့ ပုံစံမျိုးတွေပဲဟ...
မော့ကျန်းက ခေါင်းငြိမ့်လိုက်ပြီး ဆိုဖာဆီသို့ သွားကာ ထိုင်ချလိုက်သည်။ သူက မဂ္ဂဇင်းတစ်ခုကို ကောက်ကိုင်၍ လှန်လှောကြည့်လိုက်သည်။ လီယန်က သူ့နောက်ကို လိုက်လာရင်း သတိကြီးကြီး ရှိနေခဲ့သည်။ ထိုကဲ့သို့သော အပြင်အဆင်မျိုးတွင် ရှိနေရခြင်းက သူမ၏ ပုံစံမှာ တောသူမတစ်ယောက်သဖွယ် ဖြစ်နေသည်မှာ သိသာနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ဧည့်ကြိုလှလှလေးက သူတို့အတွက် ရေနှစ်ခွက် လာထည့်ပေးလေသည်။ လီယန်က သူမကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်လေသည်။ အိုး... သံပရာရည်လေးပါ ထည့်ထားတာပဲ... မော့ကျန်းက ထိုင်ကာ မဂ္ဂဇင်း ဖတ်နေဆဲဖြစ်သည်။ လီယန်မှာ လက်ထဲမှ ရေခွက်ကို သောက်နေရင်းဖြင့် သူမဘေးမှ မမလှလှလေး အိုင်းရှဲဒိုး အရောင် မည်မျှလောက်ထိ သုံးထားသည်ကို အကဲဖြတ်နေခဲ့သည်။
"စောင့်လိုက်ရလို့ တောင်းပန်ပါတယ်... ဒီနေ့ ကျွန်တော် နည်းနည်း အလုပ်ရှုပ်နေလို့"
ယောကျ်ားတစ်ယောက်က လှေကားမှ ဆင်းလာခဲ့ပြီး သူ့အသံက ချိုမြနေကာ နိုင်ငံခြားသားလေသံသဲ့သဲ့ ရနေသည်။ လီယန်က ထိုလူရပ်နေရာသို့ ကြည့်လိုက်သည်။ ထိုသူက ပန်းရောင်ရှပ်အင်္ကျီကို အပေါ်ထပ်တွင် မီးခိုးရောင်ညို့ညို့ ကိုယ်ကျယ်စွပ်ကျယ် ထပ်ဝတ်ထားသည်။ ဗြိတိန်စတိုင် နံပြားဦးထုပ်ကို ထိုသူ၏ ရွှေရောင်ဖျော့ဖျော့ ဆံပင်များ ပေါ်တွင် တင်ထားပြီး ဘယ်ဘက်နားထက်တွင် ငွေရောင် နားကွင်းသေးသေးလေးနှစ်ခု ရှိနေသည်။
အမျိုးသားများ ပန်းရောင်ဝတ်ပါက မိန်းကလေးဆန်သွားရန် လွယ်ကူသော်လည်း သူမရှေ့မှ ယောကျ်ားက သန့်စင်ပြီး စတိုင်ကျလှသည်ဟု ခံစားမိရုံသာ။
"ဆရာအန်းကို စောင့်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်"
မော့ကျန်းက သူ့လက်ထဲမှ မဂ္ဂဇင်းကို ပြန်ချကာ ဆိုဖာမှ ထရပ်လိုက်သည်။ အန်းယိက ပြုံးလိုက်သော်လည်း သူ့ကို နှုတ်မဆက်ခဲ့ပေ။ ထ်ုအစား လီယန်ကို သူ့မျက်လုံးများဖြင့် တိုင်းတာနေခဲ့သည်။ မူလတွင် လီယန်မှာ ဆိုဖာပေါ်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသူ၏ အကြည့်စူးစူးများကို ခံစားမိသွားသောအခါ ခပ်မြန်မြန် ခုန်ထလာခဲ့သည်။
"ဟယ်... ဟယ်လို"
အန်းယိက သူမကို ခေါင်းငြိမ့်ပြပြီး ဟယ်လိုလို့ပြောလိုက်သည်။ ထို့နောက် မော့ကျန်းကို ကြည့်လိုက်လေသည်။
"အဲဒါသူလား"
"အင်း... မင်းကို လွှဲပေးလိုက်ပြီ"
လီယန်က သူတို့ကို ရှင်းမပြနိုင်သော အမူအယာတို့ဖြင့် ကြည့်လိုက်သည်။ ဒီလူနှစ်ယောက် အချိန်းအချက် လုပ်လိုက်ကြတာလား...
"ကြိုပြီး ချိန်းထားသင့်ပေမယ့်လည်း ဧကရာဇ်မော့ကို လေးစားသောအားဖြင့် လက်ခံဖို့ ဆုံးဖြတ်လိုက်တာနော်"
အန်းယိက ဘောင်းဘီအိတ်ထဲတွင် လက်ထည့်ကာ လီယန်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ထို့နောက် သူ ပြုံးပြလိုက်သည်။
"မစိုးရိမ်ပါနဲ့... မင်းကို အခုချက်ချင်း မင်းသမီးလေး တစ်ယောက် ဖြစ်အောင် ပြောင်းပေးမယ်"
လီယန်: “…”
ဒါဆို သူတို့နှစ်ယောက်ကြားထဲက အချိန်းအချက်က ဘာများလဲလို့...
မော့ကျန်းက ခေါင်းငြိမ့်ကာ ဆိုဖာတွင် ပြန်ဖိုင်လိုက်သည်။ အန်းယိက လီယန်ဆီသို့ လျှောက်လာကာ သူမကို အပေါ်ထပ်သို့ ဆွဲခေါ်သွားသဖြင့် မော့ကျန်းကို အကူအညီတောင်းခံလိုသည့်စိတ်လေးဖြင့် စိုက်ကြသည့်လိုက်သည်။ သို့သော်လည်း မော့ကျန်းမှာ သူ့ရှေ့တွင် မည်သည်မျှ ဖြစ်ပျက်နေခြင်း မရှိကဲ့သို့ ဟန်ဆောင်နေဆဲဖြစ်ပြီး သူ့ခေါင်းကို မဂ္ဂဇင်းထဲတွင် နှစ်ထားခဲ့သည်။
……
အဲ့မဂ္ဂဇင်းက ဘာတွေများ ထူးခြားနေလို့လဲ...
လီယန်၏ နှလုံးသားမှာ အပေါ်တွင် ကုလားအုတ်နက် ထောင်သောင်းချီ ဖြတ်ပြေးသွားသလိုပါပင်။ (မြက်ရွှံ့မြင်း)
(TN: မြက်ရွှံ့မြင်း သို့မဟုတ် ကောင်းနိမား(草泥马)က တရုတ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးကြတဲ့ အင်တာနက် memeပါ... ကောင်းနိမား(肏你妈)ဆိုတဲ့စကားလုံးကို ဆဲရေးတဲ့အခါ စကားလှအောင် သုံးတဲ့စကားပါ... . ကောင်းနိမား (肏你妈)ဆိုတဲ့ မန်ဒရင်းစကားက “fuck your mother”လို့ အဓိပ္ပါယ် ရပါတယ်)
(TN: လီယန်ရဲ စကားကတော့ ကုလားအုတ်နက် ထောင်သောင်းချီ ဖြတ်ပြေးသွားတယ်ဆိုတာ သူမ အရမ်းစိတ်ညစ်ပြီး ဒေါသထွက်နေတယ်လို့ ဆိုလိုတာပါ)
"ခိုက်ဟွမ်းရဲ့ ဧည့်ခံပွဲကို တက်ဖို့လား"
လီယန်၏ လက်မောင်းကို ဆွဲခေါ်သွားသော အန်းယိက ရုတ်တရက် ပြောလိုက်သည်။ လီယန် တစ်ခဏမျှ အေးခဲသွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်"
"အာ" အန်းယိက တစ်ခုခုကို တွေးတောနေသည့်ပုံပါပင်။ အပေါ်ထပ်ကြမ်းပြင်က ပထမထပ်၏ အဝတ်အစားဆင်ယင်ခန်းထက်ပင် ပိုကျယ်သေးသည်။ အဝတ်အစားနှင့် ရှူးဖိနပ်များစွာက နေရာ၏ တစ်ဝက်နီးပါးကို သိမ်းပိုက်ထားသည်။
"အားတ... အရင်ဆုံး သူ့ကို ခေါင်းလျှော်ပေးလိုက်အုံး" အန်းယိက လီယန်ကို ဝန်ထမ်းမလေး လက်သို့ လွှဲပေးလိုက်ပြီး အဝတ်အစားတန်းကြီးကို စတင်ရွေးချယ်တော့သည်။
လီယန်က အားတနောက်မှတဆင့် ခေါင်းလျှော်မည့် အခန်းထဲသို့ နဝေတိမ်တောင်ဖြင့် လိုက်သွားသည်။ သူမ ထွက်လာသောအခါ အန်းယိက အပေါ်ဝတ်ကိုယ်ကျပ် စွပ်ကျယ်ကို ချွတ်ကာ ပန်းရောင်ရှပ်လေးသာ ဝတ်ထားပြီး မှန်တင်ခုံရှေ့တွင် စောင့်နေခဲ့သည်။
"အိုကေ... ဒီကို လာထိုင်" အန်းယိက ထရပ်ကာ သူ့ဘေးမှ ထိုင်ခုံကို ညွှန်ပြလိုက်သည်။ လီယန်က နှုတ်ခမ်းကိုက်ကာ အန်းယိ ထိုးပြသော နေရာတွင် ဝင်ထိုင်လိုက်သည်။ ထိုနောက် သူမက အန်းယိ သူမ၏ ဆံပင်ကို နည်းနည်းချင်းစီ ပုံသွင်းပေးနေသည်အား ကြည့်နေခဲ့သည်။
"မင်းဆံပင်က ထူးခြားတာပဲ... တော်တော်လေး ပျော့ပြီးတော့ အရမ်းနက်မှောင်နေတာ"
အန်းယိက လီယန် ဆံပင်၏ အဖျားမှ အကောက်လေးများကို ပုံသွင်းပေးနေရင်း သူမကို ချီးမွမ်းနေခဲ့သည်။
"မင်းရဲ့ မျက်နှာပုံစံကိုလည်း သဘောကျတယ်.. အရှေ့တိုင်းရဲ့ စံပြအလှပုံစံပဲ..."
"...ကျေးဇူးပါ" လီယန်က တစ်ခဏမျှ သူမကိုယ်သူမ တင်းကြပ်ထားလိုက်ပြီး ထိုစကားနှစ်လုံးဖြင့်သာ ပြန်ဖြေနိုင်ခဲ့သည်။
အန်းယီက မှန်မှတဆင့် လီယန်ကို ကြည်ွလိုက်ပြီး မပြုံးမိဘဲ မနေနိုင်တော့ပေ။
"မင်း အရမ်း စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး... စိတ်အေးအေးထား... ဒီလုပ်ငန်းစဥ်က သဘောကျဖို့ ကောင်းပါတယ်"
လီယန်: “…”
သူ ဒီလိုပြောလေလေ ပိုစိတ်လှုပ်ရှားလေလေပဲ..
လီယန်က အန်းယိ၏ စိတ်ကူးကောင်းလှသော ဆံပင်အခြောက်ခံခြင်း နည်းပညာကို လေးစားနေခဲ့သည်။ သူမ၏ ဆံပင်ဖြောင့်လေး တဖြည်းဖြည်း ကွေးကောက်လာသည်ကို ကြည့်၍ မနေနိုင်ဘဲ ရလဒ်ကို အံ့အားသင့်မိသွားလေသည်။ သူမက ဆံပင်ကောက်များ ရှိခြင်းက သူမကို ပို၍ အရွယ်ရင့်သွားစေသည်ဟု အမြဲတမ်း တွေးခဲ့သဖြင့် ဆံပင်အဖျားလေးကိုသာ ကောက်ထားခဲ့သည်။ သို့သော် အန်းယိ ပြင်ပေးလာသော ဆံပင်ပုံစံမှာ သူမကို အရွယ်ရင့်သွားစေသည်ဟု မခံစားရဘဲ ထိုအစား အလွန်လှပပြီး ဖက်ရှင်ကျသွားစေသည်။
အမျိုးသမီးတစ်ယောက်အတွက် မှော်ဆရာလေး..
ထိုစကားလုံး ခြောက်လုံးက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ ယခင်က ဝတ်ရုံရှည်ဖိုရမ်တွင် အန်းယိကို သူ့ကျွမ်းကျင်မှူများအတွက် ချီးမွမ်းကြစဥ်က ပေါ်ထွက်လာခဲ့သည့် ကွန်မန့်တစ်ခု ဖြစ်သည်။
သူ့လက်များမှာ မှော်ပညာများ ရှိနေသည့်အလားပင် ၎င်းတို့က မိန်းကလေး တစ်ယောက်ကို မင်းသမီးလေး တစ်ပါးအဖြစ် ပြောင်းလဲပေးနိုင်သည်။
ဆံပင်ပုံသွင်းမှုက ယာယီသာဖြစ်၍ အချိန်အများကြီး မယူလိုက်ရပေ။ အန်းယိက ဆံပင်လေမှုတ်စက်ကို ပြန်ချထားလိုက်ပြီး သူ့ဘေးမှ အားတကို ပြောလိုက်သည်။
"သူ့အတွက် အဝတ်အစား၊ ဖိနပ်နဲ့ အဆင်တန်ဆာတွေ ငါရွေးထားပြီးသား... သူ့ကို အဝတ်လဲဖို့ ခေါ်သွားပေးလို့ ရပြီ"
"ဟုတ်" အားတက လီယန်ကို ပြုံးပြလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါ"
အန်းယိက ခါးနေရာ၏ ဘယ်ဘက်တွင် ဖဲပွင့် အကြီးကြီးရှိနေသည့် ရေပြာရောင် ပုခုံးကျ ဝတ်စုံကို ရွေးချယ်ထားပြီး ကြိုးသိုင်းဖိနပ်သည်လည်း ဝတ်စုံနှင့် အရောင်တူပဲ ဖြစ်ကာ ပန်းရောင် နှင်းဆီပွင့်လေးပါသည့် လည်ဆွဲလေးလည်း ပါသေးသည်။ လီယန် အဝတ်လဲပြီးသွားသောအခါ မှန်ထဲတွင် သူမကိုယ်သူမ မမှတ်မိနိုင်လုနီးပါး ဖြစ်သွားသည်။
အန်းယိက သူအားထုတ်ထားမှုများကို အလွန်တရာ ကျေနပ် အားရနေဟန်ပင်။ လီယန်ရှေ့တွင် ရပ်ကာ လေချွန်လိုက်ပြီး မိတ်ကပ်လိမ်းရန် ခေါ်သွားသည်။ အန်းယိက ဂရုတစိုက် ခြယ်သပေးနေပြီး သူမ၏ လက်သည်းများကိုပင် သူကိုယ်တိုင် အရောင်ခြယ်ပေးခဲ့ခြင်း ဖြစ်သည်။ လက်သည်းလုပ်ပြီးသွားသောအခါ ဆံပင်လေမှုတ်စက်ကို ထပ်မံ ကောက်ယူလိုက်ပြီး သူမ၏ ဆံပင်များကို လေမှုတ်ပေးနေခဲ့သည်။ အဆုံးတွင် အန်းယိက ဘယ်ဘက်မှ ချထားသော ဆံပင်ကို သုံး၍ ဆံထုံးလေးတစ်ခုဖြင့် ပုံဖော်လိုက်ပြီး အပေါ်တွင် ရေပြာရောင် စိန်တုဖြင့် အုပ်ထားလိုက်သည်။
"ပြီးပြီ... မင်း အခု ဧကရာဇ်မော့နဲ့ သွားတွေ့လို့ရပြီ"
လီယန်: “…”
ဒီစာကြောင်းက နည်းနည်း ထူးဆန်းနေသလိုပဲလို့...
လီယန်က နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း ထိုကဲ့သို့သော ပွဲတက်အဝတ်အစားမျိုးကို တစ်ခါမှ မဝတ်ဖူးပါဘဲ ထိုခံစားချက်နှင့်လည်း အနည်းငယ် အကျွမ်းတဝင် ဖြစ်မနေခဲ့ပေ။ သူမကို မော့ကျန်းရှေ့တွင် ပြရမည်ဆိုပါက ပို၍ပင် စိတ်လှုပ်ရှားသွားရစေသည်။ သူမ လှေကားပေါ်မှ ဆင်းလာသည့် အချိန်တွင် မော့ကျန်းမှာ မျက်လုံးများ မှိတ်ထားရင်း ဆိုဖာကို နောက်မှီကာ အနားယူနေခဲ့သည်။ သို့သော်ငြား အဝတ်အစားများ လဲထားပြီး ဆံပင်ကလည်း ပုံစံသွင်းထားကာ နူးညံ့ပြီး သက်တောင့်သက်တာ ဖြစ်နေဟန်ပေါ်သည်။
ထိုသူ၏ ဝတ်စုံက အထူးပြုလုပ် ဒီဇိုင်းထွင်ထားသည့် အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် အဖြူရောင် ရှပ်အင်္ကျီ ဖြစ်သည်။ ထိုခေါင်းလောင်းပန်းအရောင် လည်စီးက အဆုံးသတ် အပြင်အဆင် ဖြစ်သည်။
ကျန်းကျန်းက တကယ် ခန့်ညားတာပဲ...
မော့ကျန်းက သူမ၏ စိတ်အားထက်သန်မှုကို ခံစားမိသည့်အလား မျက်တောင်များ လှုပ်ခတ်သွားပြီး မျက်လုံးများ တဖြည်းဖြည်းပွင့်လာခဲ့သည်။ သူ့ခေါင်းကို မော့လိုက်သည့်အခိုက်၌ လီယန် လှေကားထက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
မော့ကျန်း၏ မျက်လုံးများထဲမှ အံ့သြမှင်သက်မှုတို့ကို ဖမ်းမိသွားသည့် အန်းယိက ပြုံးကာ ကောက်မေးလိုက်သည်။
"ကျွန်တော့်ရဲ့ လက်ရာကို စိတ်ကျေနပ်ရဲ့လား"
မော့ကျန်းက သူ့ကို ကြည့်ကာ ထရပ်လိုက်ပြီး လှေကားဆီသို့ လျှောက်လာခဲ့သည်။
"အများဆုံးက မော်ဒယ်ကြောင့်ပဲလေ"
အန်းယိက ခေါင်းငုံ့ကာ တိတ်တဆိတ် ရယ်မောလိုက်သည်။ မော့ကျန်းက လီယန်ကို သူ့ဘက်သို့ ဆွဲယူလိုက်ပြီး သူမကို အကြိမ် အနည်းငယ် ထပ်ပြီး စစ်ဆေး ကြည့်ရှုနေခဲ့သည်။ သူ့မျက်ခုံးများ အတူတကွ စုကြုံ့သွားပြီး မေးလာခဲ့သည်။
"ပုခုံးမပေါ်တဲ့ဟာ မရှိဘူးလား"
လီယန်၏ ဆံပင်ရှည်များက သူမ၏ ပုခုံးကို အများဆုံး အုပ်ကာထားပြီး ထိုစိုးမိုးနိုင်စွမ်းရှိသည့် ပုံလေးက လူတိုင်း၏ စိတ်ကူးစိတ်သန်းများကို ပို၍ပင် ယောင်ဝါးဝါး ဖြစ်သွားစေရသည်။
"ပြီးတော့... ဒီဂါဝန်က နည်းနည်း တိုလွန်း မနေဘူးလား"
……
အန်းယိ၏ နှုတ်ခမ်းထောင့်လေးများ တွန့်သွားသည်။ "မစိုးရိမ်ပါနဲ့... ဧကရာဇ်မော့သာ သူ့အနားမှာရှိရင် ဘယ်သူမှ သူ့ကို စရဲကြမှာ မဟုတ်ဘူး"
မော့ကျန်းက သူ့စကားလုံးများမှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရသော်လည်း လက်လျှော့ရန် ငြင်းဆန်နေဆဲပင်။
"သူ့ကို ခေါင်းစခြေဆုံး ဖုံးထားလို့ရမဲ့ ဝတ်စုံ မရှိဘူးလား"
ဒါဆို ဘာလို့ ခင်ဗျား ကိုယ်တိုင်ပဲ လိုက်ကာကို ဖြဲပြီး သူ့ကို သူ့ကို မပတ်ပေးလိုက်ရတာလဲ... အန်းယိက ခေါင်းလှည့်ကာ ခပ်ဆိတ်ဆိတ် ရှိနေဆဲပင်။
လီယန် မော့ကျန်း ထိုကဲ့သို့ ပြောသည်ကို ကြားသောအခါ သူမ၏ ဝတ်စုံကို ယက်ထားသည့် ချည်မျှင်များမှာ အနည်းငယ် ကျဲနေကြောင်း တွေ့လိုက်ရသည်။ သူမက ဝတ်စုံကို စိတ်မသက်မသာဖြင့် ဆွဲချ၍ စိတ်ဖိစီးနေသည့် အမူအယာဖြင့် မော့ကျန်းကို လှမ်းကြည့်လိုက်သည်။
"ကျန်းကျန်း... ကျွန်မမှာ ယွမ်ငါးထောင်ပဲ ပါခဲ့တာ"
မော့ကျန်း: “…”
လီယန်က သူမ၏ သောကများထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။ ဆံပင်နှင့် မိတ်ကပ်ကို ထည့်မတွက်လျှင်တောင် ထိုအဝတ်အစားများနှင့် ဖိနပ်သည်ပင် သူမ မတတ်နိုင်သော ကိန်းဂဏန်းတစ်ခုသို့ ရောက်နေလေပြီ။ အမှန်တကယ်တွင် သူမထံ၌ ယွမ်ငါးထောင်ပင် ရှိမနေခဲ့။
အန်းယိက နောက်ပါးတွင် ရယ်မောနေလေပြီ။ မော့ကျန်းက သူ့နှုတ်ခမ်းတွန့်ကွေးလာမည်ကို ကြံ့ကြံ့ခံကာ မော့မိသားစု ပိုင်ဆိုင်သည့် စံပြအပြုံးလေးကို ဖော်ပြလာခဲ့သည်။
"ကိုယ့်ကဒ်နဲ့ ရှင်းလိုက်"
မေးခွန်း: ယောကျ်ားတစ်ယောက်က ဘယ်လိုစကားမျိုး ပြောတဲ့အချိန်မှာ အချောမောဆုံးဖြစ်နေတဲ့ပုံပေါ်လဲ... အဖြေကတော့ ဝယ် ဝယ် ဝယ်.... ပြီးရင် ကိုယ့်ကဒ်နဲ့ရှင်း ပါတဲ့...
မော့ကျန်းက လီယန်၏ မှုန်မှိုင်းနေသော အသွင်အပြင်ကို ကြည့်ကာ သူမကို စျေးဝယ်ထွက်ဖို့ ခေါ်သွားရန် အားလပ်ချိန်အချို့ ထားသင့်နေပြီဟု ခံစားလိုက်ရသည်။ ဤနည်းဖြင့် အမြင်ကောင်းလေးများကို တည်ဆောက်ရန် ကောင်းမွန်လှပေသည်။
သူတို့က အန်းယိ၏ စတူဒီယိုတွင် အချိန်အကြာကြီး မနေခဲ့ကြပေ။ မော့ကျန်းက လီယန်နှင့်အတူ ဧည့်ခံပွဲကိုသာ တိုက်ရိုက်သွားလိုက်သည်။ လီယန်က ဓါတ်လှေကားက အထပ်တစ်ခုချင်းစီအား ဖြတ်သွားသည်ကို ကြည့်၍ သူမ၏ နှလုံးသားသည်လည်း ၎င်းနှင့်အတူ မြင့်တက်လာသည်ဟု ခံစားလိုက်ရသည်။ သူမက ထိုကဲ့သို့သော အဆင့်မြင့် ဧည့်ခံပွဲများကို မတက်ဖူးပေ။ သူမ ဘယ်သူ့ကိုမှ စကားမပြောနိုင်ခဲ့ရင်ရော... တစ်ခုခုမှားသွားရင် ကျန်းကျန်း မျက်နှာပျက်အောင် လုပ်မိသွားလောက်လား...
မော့ကျန်းက သူမကို ဘေးတိုက်ကြည့်လိုက်သည်။ သူမ၏ လက်ကို ဆုပ်ကိုင်၍ နူးနူးညံ့ညံ့ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့... မင်း စားသောက်ပြီးရင် အဆင်ပြေသွားလိမ့်မယ်"
လီယန်: “…”
ကျန်းကျန်းက တကယ်ကြီး တွေးပေးတတ်တာပဲနော်...
ပွဲကျင်းပရာနေရာက 21ထပ် ဖြစ်သည်။ လီယန်က ဓါတ်လှေကား၏ "တင်း" ဟူသော အသံကို နားထောင်နေပြီး ဝင်ပေါက်ရှေ့တွင် ရပ်နေသည့် တံခါးစောင့်များကို တွေ့လိုက်ရသည်။ မော့ကျန်းက သူတို့ကို ဖိတ်စာကမ်းပေးလိုက်ပြီး အမှတ်တမဲ့ဖြင့် လီယန်၏ လက်ကို လှမ်းဆွဲရန် ပြင်သည်။ သို့သော်လည်း သူမ၏ လက်များကို မထိလိုက်ခင်မှာပင် ရပ်လိုက်ပါ၏။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် မော့ကျန်းက အကြံကောင်းလေးကိုသာ တဖြည်းဖြည်း လိုက်နာသွားရန် ဆုံးဖြတ်လိုက်ပြီး သူ့လက်များကို ပြန်သိမ်း၍ သူ့ရှေ့မှ လျှောက်လမ်းကိုသာ စိုက်ကြည့်လိုက်သည်။
"သွားရအောင်"
"ကောင်းပြီလေ" လီယန်က အားတက်သရော ခေါင်းငြိမ့်ပြလာပြီး သူမ၏ အမူအယာက စစ်တိုက်ထွက်တော့မည့် စစ်သည်တော်တစ်ယောက်နှင့် တူနေခဲ့သည်။
မော့ကျန်း: “…”
အမှန်တကယ်တွင် ၎င်းက သာမန် ကော့တေးပါတီလေးတစ်ခုသာ ဖြစ်သည်။ အမှန်တကယ်ပင် မလိုအပ်လှ။
ဝင်ပေါက်ရှေ့မှ တံခါးစောင့်က သူတို့အတွက် ပရော်ဖက်ရှင်နယ်ကျကျ တံခါးဖွင့်ပေးလိုက်ပြီး မော့ကျန်းနှင့် လီယန်တို့က အတူတကွ ဝင်လာခဲ့ကြသည်။ လူများစွာက ပွဲအတွင်းသို့ ရောက်နှင့်နေကြလေပြီ။ တံခါး ပွင့်လာသံ ကြားသောအခါ လူတိုင်းက အသံလားရာဘက်သို့ အမှတ်တမဲ့ ကြည့်လာကြပြီး သူတို့၏ မလိုမုန်းထားကင်းသော အမူအယာအားလုံးက သိမ်မွေ့လာကြသည်။
မော့ကျန်းက ခိုက်ဟွမ်း၏ ကော့တေးပါတီသို့ နှစ်တိုင်း တက်ရောက်ခဲ့သော်လည်း အမျိုးသမီး တွဲဖက်တစ်ယောက်ကို ဘယ်သောအခါမှ ခေါ်မလာခဲ့ဖူးပေ။ ဤတစ်ကြိမ်၌ သူနှင့်အတူ အမျိုးသမီး တစ်ယောက်ကို ပွင့်ပွင့်လင်းလင်း ခေါ်လာခဲ့လေပြီ။ လတ်တလော ကော်ဇောနီပေါ်တွင် ပြောခဲ့သည့် စကားများနှင့် ပေါင်းစပ်ကြည့်လိုက်ပါက အချို့သော ထင်ကြေးများ ဖြစ်ပေါ်လာကြမည်မှာ မလွဲဧကန်ပင်။
၎င်းက အတိအကျပင် ဝမ်ရှောင်ရှောင် မော့ကျန်းနှင့်အတူပွဲတက်လိုသည့် အကြောင်းအရင်း ဖြစ်သည်။ သူမ မော့ကျန်း၏ ဘေးတွင်ပေါ်လာနိုင်သရွေ့ သူမ ဘာတစ်ခုမှ မလုပ်ခဲ့လျှင်တောင် လူတိုင်းက မတူညီသည့်အမြင်မျိုးနှင့် ကြည့်လာကြမည် ဖြစ်သည်။
Xxxxxx