Chapter 77
မတော်တဆ
လီယန်မှာ သူမ ဧည့်ခံပွဲ၏ တံခါးကြီးအတွင်းသို့ ဝင်လာခဲ့သည့် အချိန်ကတည်းက လူတိုင်းက သူတို့ကို အဆက်မပြတ် စိုက်ကြည့်နေကာ တီးတိုးသဖန်းပိုး လုပ်နေကြဟန်ပင်။ အရှိန်မြင့်နေသော သူမ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသဖြင့် မော့ကျန်းက သူမ၏ လက်ကို ချောချောမွေ့မွေ့ ကိုင်ဆွဲကာ သူမ၏ဘေးတွင် အသံနိမ့်နိမ့်ဖြင့် တီးတိုး ပြောလိုက်သည်။
"သူတို့ကို မစိုးရိမ်နဲ့... မင်းစားချင်တာ ရှိလား သွားကြည့်လေ"
လီယန်: “…”
ဒါဆို ဧကရာဇ်မော့ရဲ့ မျက်လုံးထဲမှာ ငါကအစားသောင်းကျန်းတဲ့သူ တစ်ယောက်ပဲပေါ့...
အမှန်တကယ်တွင် မော့ကျန်း၏ ရှုထောင့်၌ ထိုကဲ့သို့သော ဧည့်ခံပွဲမျိုး၏ တစ်ခုတည်းသော ကောင်းချက်မှာ အစားအသောက်သာ ဖြစ်သည်။
လီယန်က သူမ၏ နှလုံးသားထဲတွင် မခံမရပ်နိုင် ဖြစ်နေသော်လည်း ရှက်တက်တက်ဖြင့် အစားအသောက်များရှာရန် သွားနေဆဲပါပင်။ မော့ကျန်းက သူမ၏ ဘေးတွင် အမြဲတမ်း ရှိနေခဲ့ပြီး သူမသွားသည့်နေရာ မှန်သမျှသူလည်းလိုက်ပါမည် ဖြစ်သည်။
၎င်းက မော့ကျန်းကို ချဥ်းကပ်ကာ မျက်နှာလိုမျက်နှာရ လုပ်ချင်သူကြသည့် လူပေါင်းများစွာကို ခါးသက်သွားစေသည်။ မော့ကျန်း ရောက်လာပြီးနောက်တွင် သူက သဘာဝကျကျပင် တက်ရောက်လာသူ အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ သို့ရာတွင် သူမဘေးမှ အမျိုးသမီးကို မကြာခင်အချိန်အထိ ဖယ်ခွာမည့်ပုံ မပေါ်သဖြင့် လူတိုင်းကို သူတို့ ရပ်နေသည့် နေရာ အတိအကျမှာသာ မသက်မသာဖြစ်စွာဖြင့် ရပ်နေသွားစေခဲ့သည်။ မည်သူကမှ သူ့ကို နှုတ်ဆက်မည့် ပထမဆုံးလူ မဖြစ်ချင်ကြပေ။
တကယ်လို့ သူတို့ကို နှုတ်ပိတ်တဲ့ သေနတ်နဲ့ ပစ်ခံလိုက်ရရင်ရော...
(TN: အမှားတစ်ခုခု လုပ်မိသွားလို့ အပြစ်ပေးခံရတာရဲ့ ဘန်းစကားပါ)
သို့သော်လည်း မကြောက်ရွံ့တတ်သော လူများလည်းရှိနေတတ်ကြသည်။ ထန်ချန်းက လက်ထဲတွင် ရှန်ပိန်တစ်ခွက်ကို ကိုင်ကာ အခြားတစ်ဖက်မှ လျှောက်လာခဲ့သည်။ မော့ကျန်းက စားသောက်ရင်း ခေါင်းကို နစ်မြုပ်ထားသည့် လီယန်ကို ကြည့်လိုက်သည်။ သူက ထန်ချန်းဘက်သို့ ခြေနှစ်လှမ်းမျှ လျှောက်လာခဲ့လေသည်။
"တစ်ခုခု လိုလို့လား"
စိတ်မကျေမချမ်း ဖြစ်နေသည့်အသံအနေအထားက ထန်ချန်းကိုမျက်ခုံးပင့်သွားရစေသည်။
"မင်းတို့က မခွဲနိုင်မခွာနိုင် ဖြစ်နေတဲ့ အခြေအနေထိ ရောက်နေပြီလား"
"မင်း ဒါကို အတည်ပြုဖို့ ရောက်လာတယ်ဆိုရင် ငါလည်း ပြန်ဖြေပေးရမှာပေါ့... ဟုတ်တယ်"
ထန်ချန်း: “…”
မော့ကျန်းက စကားပြောပြီးနောက် သွားမည့်ဟန် ပြင်နေသည်ကို ကြည့်ကာ ထန်ချန်းက သူ့ကို မြန်မြန် တားလိုက်သည်။
"ဥက္ကဌကြီးကို ဘယ်လို သိမ်းသွင်းခဲ့တာလဲ"
မနေ့က ဥက္ကဌကြီးက မော့ကျန်းကို တစ်ယောက်တည်း လာခဲ့ရန် မှာလိုက်ပြီးနောက် ကုမ္ပဏီက ဧကရာဇ်မော့၏ စိတ်ခံစားမှု ပြဿနာများတွင် မပါဝင်ရဟု အမိန့်ချလိုက်သည်။ ထန်ချန်းမှာ ဧကရာဇ်မော့၏ စကေးများကို အမှန်တကယ်ပင် လေးစားသွားရလေသည်။
"ဘာမှ မဟုတ်ပါဘူး... သူ ငါလက်ထပ်မှာကို သဘောမတူရင် သဘောတူမဲ့ ကုမ္ပဏီတစ်ခု ရှာလိုက်မှာလို့ပဲ ပြောခဲ့ရုံပဲ"
ထန်ချန်း: “…”
ဒါကြီးက ဥက္ကဌကြီးကို သွယ်ဝိုက်တဲ့ နည်းနဲ့ ခြိမ်းခြောက်နေတာပဲ... တကယ် အဆင်ပြေပါ့မလားနော်...
မော့ကျန်းက ထန်ချန်းကို တစ်ခဏမျှ ကြည့်လိုက်ပြီး သူ့နှူတ်ခမ်းထောင့်လေးများ မြင့်တက်သွားသည်။
"ထန်ချန်း... ဥက္ကဌကြီးက တစ်ဘဝလုံး စီးပွားရေး လုပ်လာတာ... ငါတို့ သူ့အပေါ် အမြတ်ထုတ်မှာကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး"
ထန်ချန်းက တစ်ခဏမျှ ကြောင်အသွားပြီးနောက် ရယ်မောလိုက်လေသည်။ သူပြောသည်မှာ မှန်ပေသည်။ ဆိုရိုးစကားများကဲ့သို့ပင် ရောင်းသူက ဝယ်သူကို ဘယ်သောအခါမှ ဖိနှိပ်နိုင်မည် မဟုတ်ပေ။
သူက တပျော်တပါး စားသောက်နေသော လီယန်ကို ဖျတ်ကနဲ ကြည့်လိုက်သည်။ ထို့နောက် မော့ကျန်းကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ "ဒါက အန်းယိ ကိုယ်တိုင် ပြင်ပေးထားတာလား"
မော့ကျန်းက မျက်ခုံးပင့်သွားလေသည်။ "မင်းက အန်းယိကို တကယ်ကြီး ချစ်နေတာပဲ"
ထန်ချန်း: “…”
သူက ခပ်ခြောက်ခြောက် ဖြစ်နေသည့် ခံတွင်းကို စိုစွတ်စေရန် သူ့လက်ထဲမှ ရှန်ပိန်ကို တစ်ငုံသောက်လိုက်သည်။
"သူက ပြင်လိုက်ဆင်လိုက်တော့ တော်တော်လေး လှသွားတာပဲ... မင်း နည်းနည်း ဂရုစိုက်သင့်ပြီနော်"
"ငါ့ကို သတိပေးလို့ ကျေးဇူးပဲ"
မော့ကျန်းက သူ့ကို ပြုံးပြလိုက်ပြီး လီယန်ကို ရှာရန်အတွက် လှည့်သွားသည်။ သူ ထွက်သွားသည်နှင့် မူလတွင် မော့ကျန်းကို စကားပြောချင်နေကြသူများမှာ ရေကို စစ်ထုတ်ရန်အတွက် ထန်ချန်းထံ သွားကြလေသည်။ ဧည့်ခံပွဲအတွင်းမှ လူများမှာ မော့ကျန်း ခေါ်လာသော အမျိုးသမီးမှာ သူ့လက်ထောက် ဖြစ်ကြောင်း သိသွားကြရန်အတွက် အချိန်များစွာ မယူလိုက်ရပေ။
ဧည့်ခံပွဲတစ်ခုကို တက်လာတဲ့ နာမည်ကျော် တစ်ယောက်က သူ့လက်ထောက်ကိုပါ ပြင်ဆင်ပေးပြီး ဘေးမှာ ခေါ်ထားပါ့မလား... ဧကရာဇ်မော့က သူ့လက်အောက်ငယ်သားကို အကြင်နာတရား ပြသတတ်တဲ့ ဘောစ့်တစ်ယောက်လို့ပဲ ပြောရမလားနော်...
လီယန်က စကားပြောရန် အဆက်မပြတ် ချည်းကပ်ခံနေရသည့် ထန်ချန်းကို ကြည့်ကာ စိတ်ရင်းဖြင့် ဝမ်းနည်းပူဆွေးပေးလိုက်သည်။
"ကြီးကြပ်ထန်ရဲ့ ကျော်ကြားမှုကတော့ အံ့မခန်းပဲနော်"
မော့ကျန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမကို အမှန်ပြင်မပေးလိုက်ပေ။ သူက ထန်ချန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
"အဲ့အမျိုးသမီးကို သိလား"
"ဆံပင် အဝါရောင်နဲ့ တစ်ယောက်လား" လီယန်က သူမ၏ အကြည့်များကို ထန်ချန်းရှိရာသို့ ကြည့်လိုက်လေသည်။
"ဟုတ်တယ်" မော့ကျန်းက ခေါင်းငြိမ့် ပြလိုက်သည်။
"သူ့ဘေးက လူက ဥက္ကဌဝမ်လေ... ရူးလောက်အောင် ချမ်းသာတဲ့ အရှင်သခင်ကြီးဆိုပြီး Aမြို့မှာ နာမည်ကြီးတဲ့သူပေါ့"
လီယန်: “…”
သူမက မော့ကျန်းကို တိတ်တဆိတ် ကြည့်လိုက်သည်။
မော့ကျန်းက ဆက်ပြောနေသည်။ "အဲ့အမျိုးသမီးက သူ့ရဲ့ နောက်ဆုံး အချစ်အသစ်လေး ဖြစ်လောက်တယ်... သူ ထန်ချန်းကို ရှာရတာကလည်း သူ့ဘေးက မိန်းကလေးကို ထန်ချန်းနဲ့ စာချုပ်ချုပ်စေချင်လို့လေ... ဒါပေမယ့် ထန်ချန်းက စာချုပ်အသစ်ချုပ်တာကို ရပ်လိုက်တာ တော်တော်ကြာပြီ"
လီယန်: “…”
အတိတ်တုန်းကသာဆို သူမရဲ့ အကြမ်းရမ်းဆုံး အိမ်မက်တွေထဲမှာတောင် တစ်နေ့မှာ မော့ကျန်းနဲ့ အတင်းပြောနေရလိမ့်မယ်လို့ စိတ်ကူးယဥ်မိမှာတောင် မဟုတ်ဘူး...
ထိုနေရာတွင် ထန်ချန်းက ဥက္ကဌဝမ်အား သူ လူသစ်များနှင့် စာချုပ်ချုပ်တော့မည် မဟုတ်ဘဲ သူ့အစား လျိုထျန်ချောင်းကို သွားရှာ၍ ရသည်ဟူသော ဆင်ခြေဖြင့် ငြင်းဆန်ခဲ့သည်။ လက်ရှိ ရှိနေသော လူအုပ်ကြီး အဝေးရောက်သွားကာ နောက်ထပ် လူအုပ်အသစ်ကြီး ချဥ်းကပ်လာလေသည်။
ထန်ချန်းက မကောင်းဆိုးဝါး ဝိဥာဏ်လေးများစွာထံမှ မှတ်မိခံနေရသည်ဟု ပြောသည့်အချိန်၌ သူ့စကားကို ကောင်းကောင်း ရှာတွေ့သွားခဲ့လေပြီ _(:”∠)_
တံခါးဝတွင် နောက်ထပ် အုတ်အော်သောင်းနင်း ဖြစ်နေခဲ့လေသည်။ မော့ကျန်းက ဝင်ပေါက်ကို ကြည့်လိုက်ပြီး လီယန်ကို ပြောပြလိုက်သည်။
"သရဲကျောင်းရဲ့ စာရေးဆရာမ ချူရီလေ"
"ဘယ်မှာလဲ" လီယန်က တံခါးဘက်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည်။ ဝင်ပေါက်တွင် လူများ ဝိုင်းနေပြီး အလည်တွင် ရိုးရိုးရှင်းရှင်း အနက်ရောင် ဝတ်စုံ နှင့် အဖြူရောင်ရှပ် ဝတ်ထားပြီး ကိုင်းပျောက်မှန်တပ်ထားသည့် လူတစ်ယောက် ရပ်နေလေသည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့ဘေးနားမှ လူအများကို ကန့်သတ်ထားသည့် အပြုံးတစ်ခု ပေးနေခဲ့သည်။
"ဒါချူရီလား" ချူရီဟူသော ကလောင်နာမည်က မိန်းမဆန်လှသော်လည်း ချူရီကိုယ်တိုင်က နူးညံ့လှသည် ဟူသော စကားထက် ယဥ်ကျေးသိမ်မွေ့လှသည် ဟူ၍ ဖော်ပြသည်က ပိုကောင်းသည်။ ထိုသူက ကျန်းနန်ခေတ်မှ ပညာသင်သား တစ်ယောက်နှင့် တူနေခဲ့သည်။
"သူ့ဆီက လက်မှတ်ယူလို့ ရမလား"
မော့ကျန်းက သူမဘက်သို့ တစ်ခဏမျှ ပြန်ကြည့်လာခဲ့သည်။ "မင်းက သူ့ဖန်လား"
"မဟုတ်ပါဘူး... သူ့ကို အရမ်း ကြိုက်တဲ့ သူငယ်ချင်းတစ်ယောက် ရှိလို့"
မော့ကျန်း၏ မျက်လုံးထဲမှ အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူမပြောနေသည့် သူငယ်ချင်းမှာ လီမွန်ပြုတ် အဖြစ်နိုင်ဆုံးပင်။
"နောက်မှ တောင်းပေးမယ်"
"ကျေးဇူးပါ ကျန်းကျန်း" လီယန်က တစ်ခဏမျှ တွေးပြီးနောက် မေးလိုက်သည်။
"ရှင့်လက်မှတ်ရော ရနိုင်မလားဟင်"
မော့ကျန်းက သူမကို ကြည့်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။ "မင်းက ကိုယ့်ဖန်လား"
"ကျွန်မ သူငယ်ချင်းက ရှင့်ရဲ့ စူပါဖန်လေ... သူ့ကို ရှင့်ရဲ့ လက်မှတ်ထိုးထားတဲ့ ပိုစတာနဲ့ လှည့်စားထားမိလို့ နောက်ထပ် ပိုစတာတစ်ခု ပြန်ပေးချင်နေတာ"
လီယန်၏ အသံလေးက တိုးဖျော့လာသည်။ ကုမ္ပဏီက ဝန်ထမ်းများမှာ နာမည်ကျော်များကို လက်မှတ်တောင်းရန် ခွင့်မပြုဟု ရှင်းရှင်းလင်းလင်း အမိန့်ထုတ်ထားပြီးသားပင်။
မော့ကျန်းက သူမကို ကြည့်၍ ပြုံးပြလိုက်သည်။ "နားနေခန်းကို ပြန်သွားတဲ့အခါ တစ်ခုလောက် ရှာပေးမယ်လေ"
"ကျန်းကျန်းက အရမ်း ကြင်နာတတ်တာပဲ"
"မင်းထိန်းထားဖို့ မလိုပါဘူး... ကိုယ့်ကို လာနမ်းဖို့ ခွင့်ပြုပေးမယ်"
လီယန်: “…”
....
ချန်းချင်းယန်က ပုကျန်း ဝက်ဘ်ဆိုက်ပေါ်မှ ဖိုရမ်တစ်လျှောက် ပွတ်ဆွဲနေခဲ့သည့် အချိန်၌ နံရံပေါ်မှ နာရီက ဆယ့်တစ်နာရီသို့ ညွှန်ပြနေခဲ့သည်။
ယနေ့တွင် ဖိုရမ်၌ ကိစ္စအကြီးကြီး ဖြစ်ပွားခဲ့သည်။
ပုကျန်းမှ ပန်းရောင်စာရေးဆရာတစ်ယောက် ဖြစ်သည့် ဂန္ဓမာပန်းခင်းကို ဖောက်ထွင်းမြင်ရသည့် စာရေးဆရာ တစ်ယောက်မှ ပန်းရောင်စာရေးဆရာကို သူမ၏ စာအုပ်ကို ကူးချသည်ဟု ဆိုကာ နံရံပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။ ထွင်းဖောက်မြင် စာရေးဆရာနှင့် ပန်းရောင်စာရေးဆရာတို့မှာ 3D ကမ္ဘာကြီး၌ မိန်းကလေး သူငယ်ချင်းများ ဖြစ်ကြသည်ဟု ကောလဟာလများလည်း ရှိသည်။ နောက်ပိုင်းတွင် မည်သူက မည်သူ၏ ရည်းစားကောင်လေးကို စနိုက်ကျော်သွားသည်ကိုတော့ သေချာမသိကြ။ သို့သော်လည်း နှစ်ယောက်သားက ခွာပြဲသွားခဲ့ကြသည်။ ထွင်းဖောက်မြင် စာရေးဆရာလေးမှ ပန်းရောင်စာရေးဆရာမှာ သူမ၏ ဇာတ်ကြောင်းများကို ခိုးချသည်ဟူသော သက်သေများကို ဖိုရမ်ပေါ်တွင် တင်လာခဲ့သည်။
(TN: နံရံမှာ ချိတ်ဆွဲတယ်_ လူသိရှင်ကြားဖော်ထုတ်တယ်)
(TN: ပန်းရောင် စာရေးဆရာ- ရိုမန့်ဇာတ်လမ်းတွေ ရေးတဲ့သူ ဖြစ်နိုင်ပါတယ်)
(TN: ထွင်းဖောက်မြင်ရသူ- ဆိုရှယ် မီဒီယာပေါ် သိပ်မတက်တဲ့သူ... သူတို့တွေက နေရာ မြင့်မြင့် ရှိသူ(များများချီးကျူးခံရသူ/ နာမည်ကျော်တဲ့သူ) ပေမယ့် တုံ့ပြန်တာ ရှားပါးပြီး ဘယ်တုန်းကမှ စကားမပြောကြတဲ့သူတွေပါ)
ချန်းချင်းယန်က ဖိုရမ်တလျှောက် ပျော်ရွှင်စွာ လှိမ့်နေခဲ့သည်။ သူမက ဂန္ဓမာပန်းခင်းနှင့် အခြေအတင်ဖြစ်ခဲ့ဖူးသည်။ ယခုမူ သူမက ကံကြမ္မာဆိုးဝင်နေပြီ ဖြစ်၍ ချန်းချင်းယန်က လဲကျသူကို ကျောက်တုံးနှင့် ပေါက်ရန် အပြေးရောက်လာခဲ့သည်။ သူမက ဝေ့ပေါ်ကို ဖွင့်လိုက်ပြီး မူလတွင် ထွင်းဖောက်မြင်စာရေးဆရာ အသစ်လေး၏ ပိုစ့်ကို forward လုပ်ချင်ခဲ့သော်လည်း လီယန်က သူမကို တွဲ၍ ပိုစ့်တစ်ခု တင်ထားသည်ကို တွေ့လိုက်ရသည်။
"ရှန်ပူ လီမွန်ပြုတ်... ငါနင့်အတွက် ချူရီရဲ့ လက်မှတ်ထိုးထားတဲ့ စာအုပ် ရလာတယ်... ပြီးတော့ ငါ့ဆီမှာ နင့်နတ်ဘုရားရဲ့ လက်မှတ်ထိုးထားတဲ့ ပိုစတာလည်း ရှိသေးတယ်... ငါက အံ့သြစရာ မကောင်းဘူးလားနော်... #ကျေးဇူးပြုပြီးငါ့ကိုတရုတ်ပြည်ရဲ့အကောင်းဆုံးမိန်းကလေးသူငယ်ချင်းလို့ခေါ်ကြပါ#"
ချန်းချင်းယန်၏ နှလုံးသားက စည်းချက်လွဲသွားပြီး ဝေ့ပေါ်ပိုစ့်အောက်မှ ပုံနှစ်ပုံကို မြန်မြန် ဖွင့်လိုက်သည်။ ၎င်းတို့မှာ အမှန်တကယ်ပင် ချူရီ လက်မှတ်ထိုးထားသည့် "သရဲကျောင်း" စာအုပ်နှင့် မော့ကျန်း၏ "နတ်ဘုရားတားမြစ်ဇုံ3"မှ လက်မှတ်ထိုး ပိုစတာ တစ်ခု ဖြစ်နေသည်။
သေစမ်းနွားမရေ... တလီက အရမ်းမိုက်တာပဲ... ဒါကမှ သူငယ်ချင်းအစစ်...
ချန်းချင်းယန်က စိတ်လှုပ်ရှားလွန်း၍ ကမ္ဘာကြီးကို ပတ်၍ နှစ်ပတ်မျှ ပြေးနိုင်သွားလောက်သည်။ သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုမှာ တာရှည်မခံ... မကြာမီပင် ကြောက်ရွံ့မှုသို့ ကူးပြောင်းသွားလေသည်။
"တလီ... နင်ဒါတွေ ရဖို့ ကိုယ့်ကိုယ်ကိုယ်တော့ မရောင်းစားသင့်ဘူးနော်"
ချန်းချင်းယန်က သူမ၏ စိုးရိမ်ပူပန်မှုများကို စကားလုံးများအဖြစ် ပြောင်းလဲကာ လီယန်ထံသို့ ပို့လိုက်ပြီး လီယန်၏ ပြန်စာကို စိတ်မတည်မငြိမ်ဖြင့် စောင့်မျှော်နေခဲ့လေသည်။
"... နင်အရမ်း တွေးလွန်းနေပြီ... စာအုပ်ရော ပိုစတာရော အားလုံးက ငါ့ဘောစ့်ဆီက လက်ဆောင်တွေပဲ"
ဘောစ့်လား... ချန်းချင်းယန်၏ နှုတ်ခမ်းတွန့်သွားပြီး မက်ဆေချ့်တစ်စောင်ကို ခပ်မြန်မြန် ရိုက်လိုက်သည်။
"နင့်ဘောစ့်က နင့်ကို ဒါတွေနဲ့ အလဲအလှယ်လုပ်ဖို့ ဘယ်လို အခြေအနေတွေ တောင်းဆိုလိုက်လဲ"
"သူ့ကို နမ်းဖို့လေးပဲ ပြောတာပါ =v=”
နွားငပျင်းမရေ... ဒါမျိုးကို သည်းခံနိုင်တယ်လား...
"သူ့ကို နမ်းလိုက်တာလား"
"နမ်းလိုက်တယ်လေ (*/ω\*)”
ချန်းချင်းယန်: “…”
သူမ ရုတ်တရက် အသားယူခံလိုက်ရတဲ့သူကမှ ဘောစ့်လို့ ဘာလို့များ ရုတ်တရက် ခံစားလိုက်ရပါလိမ့်... တလီရဲ့ မက်ဆေချ့်တိုင်းမှာပါနေတဲ့ အီမိုဂျီတွေကို ကြည့်ပြီးတော့ ဒီအချိန်မှာ တလီ ဖြတ်ကျော်နေရတဲ့ စိတ်ခံစားချက်တွေကိုတောင် ခံစားမိရသလိုပဲ...
"တလီ... နင် လူစားထိုးခံလိုက်ရပြီ... နင်က ငါအရင်က သိဖူးခဲ့တဲ့လူ မဟုတ်တော့ဘူး"
လီယန်၏ နှုတ်ခမ်းများ တွန့်သွားလေသည်။ "စကားတစ်ခွန်းလေးပဲ... ကြားချင်လား မကြားချင်ဘူးလား"
"ကြားချင်တယ်=3=”
……
"မနက်ဖြန် မနက် နေ့တစ်ဝက် အားလပ်ရက် ရတယ်... ငါနင့်ကို 11နာရီကျရင် ပိုင်မားရင်ပြင်မှာ တွေ့မယ်"
ထိုမက်ဆေချ့်ကို ပို့ပြီးနောက် လီယန် ဖုန်းပိတ်ထားလိုက်သည်။ ဒီနေ့တော့ သူမ 11နာရီ မတိုင်မီ အိပ်ရပြီကွ... သူမက စောင်လေးကို ပျော်ပျော်ရွှင်ရွှင် ဟကာ အိပ်ရာထဲသို့ တိုးဝင်လိုက်သည်။
ချန်းချင်းယန်က လီယန်၏ ပိုစ့်ကို forward လုပ်လိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်စတို့ဖြင့် စာရေးလိုက်သည်။
"ငါ့ရဲ့ သူငယ်ချင်းလေးတွေ အားလုံး အမှောင်ထုထဲ ရောက်နေကြတဲ့ခေတ်မှာ ပတ်ဝန်းကျင်အတွက် အကောင်းမြင်စိတ်လေး ထည့်ပေးလိုက်ပါတယ် #အသက်ရှည်ပါစေသူငယ်ချင်းလေးတို့#
ချန်းချင်းယန်၏ ဝေ့ပေါ်ပိုစ့် ပေါ်လာသည့်အချိန်၌ ရှန်းယွမ်ဇယ်က ကွန်ပြူတာ ပိတ်ရန် ပြင်နေဆဲ ဖြစ်သည်။
သူမသာ လီယန်က မော့ကျန်းရဲ့ လက်ထောက်ဆိုတာ သိရင် ဒီလို ဆက်တွေးပါအုံးမလား...
သူက ချန်းချင်းယန်၏ ဝေ့ပေါ်အောက်တွင် ဖယောင်းတိုင်တစ်ချောင်းကို တိတ်တဆိတ်မှာပေးထားလိုက်သည်။
လီယန်က နောက်တစ်နေ့မနက် ဆယ်နာရီထိ အိပ်ခဲ့ပြီး အိပ်ရာပေါ်မှ တဖြည်းဖြည်း တွယ်ဆင်းလာခဲ့သည်။ ချန်းချင်းယန်နှင့် ချိန်းထားသည်ကြောင့်သာ မဟုတ်ခဲ့ပါက သူမက နေ့လည်အထိ ဆက်အိပ်ချင်မိမည်ဖြစ်သည်။
သူမက ဖုန်းဖွင့်ကာ မော့ကျန်း၏ အချိန်စာရင်းကို လှန်လှော ကြည့်လိုက်သည်။ နေ့လည်တစ်နာရီတွင် မဂ္ဂဇင်း ဓါတ်ပုံရိုက်ကွင်းအဆွက် ကုမ္ပဏီသို့ သွားရမည် ဖြစ်သည်။
အိုး... သူမမှာ သုံးနာရီပဲ ကျန်တော့တာပဲ... အချိန်က ကြပ်လိုက်တာ...
လီယန်က မျက်နှာသစ်ကာ ခေါင်းကို နှစ်ကြိမ်ဖြီးလိုက်ပြီး အပြင်ထွက်လာခဲ့သည်။ သူမ တံခါးဖွင့်လိုက်သောအခါ မော့ကျန်းသည်လည်း သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ မော့ကျန်းက လီယန်၏ လက်ထဲမှ စက္ကူအိတ်ကို ကြည့်ပြီး မေးလိုက်သည်။
"အပြင်သွားမလို့လား"
"အာ... ကျွန်မ သူငယ်ချင်းကို ပိုစတာနဲ့ စာအုပ် သွားပေးမလို့"
အားလပ်ချိန်ရရန်က မလွယ်ပါပေ။ သူမ ဒီနေ့မသွားပါက ၎င်းတို့ကို မည်သည့်အချိန်မှသာ ရှန်ပူကို ပေးနိုင်မည် မသိပေ။
Xxxx