Chapter 78
ရိုက်ကူးရေး
မော့ကျန်း မျက်ခုံးပင့်လိုက်သည်။ သူမက လီမွန်ပြုတ်အပေါ် တော်တော်ကောင်းတာပဲ
"ကားနဲ့ လိုက်ပို့ပေးရမလား"
"မလိုပါဘူး... တစ်နာရီ မထိုးခင် ကုမ္ပဏီ ရောက်မှာပါ"
လီယန်က ပြောပြီးသည်နှင့် စကားရပ်ကာ မော့ကျန်းကို ကြည့်လိုက်သည်။
"ကျန်းကျန်း... နေ့လည်စာကို ကိုယ့်ဘာသာ စားရတော့မယ်... စားဖြစ်အောင် စားနော်"
မော့ကျန်းက တစ်ခဏမျှ တွေးလိုက်ပြီး ပြောလိုက်သည်။
"တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကိုယ်လည်း အပြင်ထွက်စားမလို့... မင်းသွားမဲ့နေရာကို ပို့ပေးမယ်လေ"
"အာ... လမ်းသင့်ရဲ့လား"
"မင်း ဘယ်သွားသွားလေ... ကိုယ်အနီးအနားမှာပဲ စားလိုက်မယ်"
လီယန်: “…”
ပိုင်မားရင်ပြင်က မြို့တော်A၏ အကြီးဆုံး စျေးဝယ်ပလာဇာ ဖြစ်သည်။ ထို့အပြင် စားသောက်ဆိုင်နယ်ပယ်ကလည်း ကောင်းကောင်း ဖွံ့ဖြိုးသေးသည်။ လမ်းဘေးသရေစာဆိုင်များမှ အဆင့်မြင့် စားသောက်ဆိုင်များအထိ လူတစ်ယောက် စိတ်ကူး၍ ရနိုင်သည့် အရာအားလုံး ရှိနေသည်။
မော့ကျန်းက ပိုင်မားရင်ပြင်နားက စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတစ်ခုကို ကြိုတင်မှာယူထားခဲ့သည်။ ထိုစားသောက်ဆိုင်က သူ့နယ်ပယ်ထဲမှ သူငယ်ချင်းအချို့ ဖွင့်ထားခြင်းဖြစ်ပြီး ထိုအချိန်က သူသည်လည်း ထိုအထဲတွင် ပိုက်ဆံအချို့ ရင်းနှီးမြှုပ်နှံခဲ့သည်။ သူ့စကားများကို ကြားသောအခါ လီယန်က အံ့သြတကြီး စိုက်ကြည့်လာခဲ့သည်။
"ရှင့်မှာ အရင်ကတည်းက အဲ့လောက်များတဲ့ အရံအလုပ်တွေ ရှိတာပဲလား"
"ဒါပေါ့" မော့ကျန်းက မေးကို မြှောက်ကာ လီယန်၏ ကိုးကွယ်ဆည်းကပ်လိုသော အကြည့်များကို တပျော်တပါး ခံယူလိုက်သည်။
"မင်းကို ဆယ်နှစ်လောက် ထောက်ပံ့ပေးဖို့ လုံလောက်တယ်"
လီယန်: “…”
#ဘောစ့်ကသူ့ချမ်းသာမှုကိုကြွားဝါဖို့အမြဲတမ်းလမ်းရှာနေတယ်#
မော့ကျန်းက စားသောက်ဆိုင်မှ ဟင်းပွဲများအကြောင်း ကြော်ငြာလာသောအခါ သူမသည်လည်း ထိုနေရာတွင် စားသောက်ချင်လာခဲ့သည်။ သို့သော်ငြား သူမက ချန်းချင်းယန်နှင့် ချိန်းထားဆဲ ဖြစ်နေသည်။
စားသောက်ဆိုင်မှ လျှောက်လာရန် ငါးမိနစ်မျှ အချိန်ယူလိုက်ရသည်။ လီယန် အချိုပွဲဆိုင်လေးတစ်ဆိုင်သို့ ရောက်သောအခါ အချိန်က 10:50သို့ပင် နီးကပ်နေလေပြီ။ သူမ၏ မျက်လုံးများက ဆိုင်အတွင်း ဝေ့ဝဲရှာဖွေလိုက်သောအခါ ကြမ်းပြင်မှ မျက်နှာကျက်အထိ ရှိနေသော ပြတင်းပေါက်အနီးတွင် ထိုင်ကာ ဖုန်းကစားနေသော ချန်းချင်းယန်ကို အလွယ်တကူ ရှာတွေ့သွားသည်။
လီယန်က သွားကာ သူမ၏ ပုခုံးကို ပုတ်လိုက်ပြီး TVပေါ်မှ နှာဘူးတစ်ယောက်၏ လေသံကို တုပလိုက်သည်။
"အလှလေး... ဒိတ်လုပ်နေတာလား"
ချန်းချင်းယန်: “…”
သူမ လှည့်မကြည့်ရင်တောင် လီယန်ရဲ့ အသံမှန်း တန်းပြောနိုင်တယ်...
သူမက လှည့်ကာ လီယန်ကို ရယ်စားလိုသော်လည်း သူမနောက်ပါးမှလူကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းသွားသည်။
"နင့်ဆံပင်ကို ဘယ်မှာ သွားလုပ်ခဲ့တာလဲ"
"အမ်" လီယန်က သူမ၏ ရင်ဘတ်တွင် ဝဲကျနေသော ဆံပင်ရှည်များကို အမှတ်တမဲ့ ပွတ်လိုက်သည်။ မနေ့က ဧည့်ခံပွဲမှ ပြန်ရောက်ချိန်၌ အိပ်ရာကိုသာ တန်းသွားပြီး အိပ်လိုက်သည်။ ဤမနက်တွင်လည်း ဆံပင်ကို ကြုံရာကျပန်း ဖြီးလာခဲ့ရသည်။ ခေါင်းမလျော်ရသေးသဖြင့် ဆံပင်က ပုံမပျက် ရှိနေဆဲ ဖြစ်ကာ အနည်းငယ်သာ ရှုပ်ပွနေခဲ့သည်။
"ကြည့်ရတာ နတ်ဘုရားမလေးရဲ့ အနမ်းလို့ ခေါ်မလားပဲ... တစ်ခါသုံးဆိုတော့ ခေါင်းလျှော်လိုက်ရင် ပျောက်သွားမှာ"
လီယန်က ပြောရင်းဖြင့် ချန်းချင်းယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချကာ သူမလက်ထဲမှ စက္ကူအိတ်ကို ပေးလိုက်သည်။
ချန်းချင်းယန်က လီယန်၏ လက်ထဲမှ စက္ကူအိတ်ကို ယူလိုက်သော်လည်း သူမက ဖွင့်ကြည့်ရန် အလျင်လိုမနေခဲ့ပေ။ ထ်ုအချိန်၌ သူမက အခြားကိစ္စတစ်ခုကိုသာ ပို၍ စိတ်ဝင်စားနေခဲ့သည်။
"နတ်ဘုရားမရဲ့ အနမ်းလား... နင့်ဆံပင်ကို ပြင်ပေးတဲ့ စတိုင်လစ်က အန်းယိလို့ ခေါ်တာတော့ မဟုတ်ပါဘူးနော်"
လီယန်က အကြိမ်အနည်းငယ်မျှ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ချန်းချင်းယန်ကို မျက်လုံး တောက်တောက်လေးများဖြင့် စိုက်ကြည့်လိုက်သည်။
"နင်လည်း သူ့ကို သိတာလား"
ဟားဟား... ချန်းချင်းယန် နှုတ်ခမ်းတွန့်သွားသည်။ သေချာပေါက် သူ ဘယ်သူလဲ သိတာပေါ့... အဆုံးမှာတော့ ဝတ်ရုံရှည်ဖိုရမ်မှာ အန်းယိကို ချီးကျုးမြှောက်ပင့်ခဲ့တာ သူမပဲလေ...
သူမက လက်ကို ဆန့်ထုတ်၍ လီယန်၏ နှဖူးလေးကို ထိလိုက်သည်။
"တလီ... နင် အလုပ်လုပ်ရလွန်းလို့ ဦးနှောက်အမြှေးပါးရောင် ရောဂါပါ ဖြစ်နေတာလား"
လီယန်: “…”
သူမ ချန်းချင်းယန် လက်ထဲက စက္ကူအိတ်ကို ဆွဲလုချင်လိုက်တာနော်...
"ဘာပဲဖြစ်ဖြစ်ပါ... အတည်မေးမယ်... နင့်ဘောစ့်က ချူရီနဲ့ မော့ကျန်းရဲ့ လက်မှတ်ကို ဘယ်လိုရလာခဲ့တာလဲ"
ချန်းချင်းယန်က အိတ်ကို ဖွင့်၍ အထဲမှ စာအုပ်နှင့် ပိုစတာကို ကြည့်လိုက်သည်။ သူမက ၎င်းတို့ကို အလွန် ချစ်မြတ်နိုးလှသဖြင့် ခွဲတောင် မခွဲချင်တော့ပါပေ။
လီယန်က နှာမှုတ်ကာ ပြောလိုက်သည်။
"သူ့မှာလည်း ဦးနှောက်အမြှေးပါးရောင် ရောဂါ ဖြစ်နေလို့လေ"
ချန်းချင်းယန်: “…”
ဒါဆို ဒီစာအုပ်နဲ့ ပိုစတာကို အချစ်တွေပြဖို့အတွက် လှူဒါန်းလိုက်တာများလား...
သူတို့က ထိုအကြောင်းကို ဆက်မပြောကြတော့ပေ။ နှစ်ယောက်သား နေ့လည်စာ အတူတကွ စားကြပြီးသည့်နောက် လီယန်က အလျင်စလိုဖြစ်နေခဲ့သည်။ ချန်းချင်းယန်က အိမ်အပြင်ဘက်သို့ တစ်ခါ ထွက်ရန် မလွယ်ကူပေ။ မူလတွင် လျှောက်သွားကာ လည်ပတ်ရန် ကြံရွယ်လိုက်သော်လည်း လီယန်က ထွက်သွားတော့မည် ဖြစ်၍ သူမတစ်ယောက်တည်း လျှောက်မသွားချင်တော့ပေ။ သူမတွင် ရွေးချယ်စရာ မရှိတော့ဘဲ လီယန်နှင့်အတူ ပြန်လာခဲ့ရသည်။
"တလီရယ်... နင့်ဘောစ့်က အလုပ်သမားတွေကို စွန့်စားခိုင်းတဲ့ နေရာမှာတော့ အရမ်းကောင်းတာပဲနော်... နင်စဥ်းစားကြည့်... နင် အလုပ်စလုပ်ကတည်းက ဘယ်နှရက်များ ခွင့်ရသေးလို့လဲ"
ချန်းချင်းယန်က လမ်းလျှောက်ရင်း ပွစိပွစိ ပြောနေခဲ့သည်။ သူမက ထိုအချိန်၌ လီယန်ထက်ပင် မခံမရပ်နိုင် ဖြစ်နေခဲ့သည်။
လီယန်က နှာမှုတ်ကာ ရုတ်တရက် ရပ်သွားပြီး ရှေ့မှ လမ်းဆုံလေးတွင် ရပ်ထားသည့်ကားလေးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်၊
"ဘာဖြစ်လို့လဲ... " ချန်းချင်းယန်သည်လည်း ရပ်သွားပြီး သူမအကြည့်နောက်သို့ လိုက်သွားသည်။
"အာ... ဒီလန်ရိုဗာက အရမ်းလှတာပဲ"
လီယန်က နှုတ်ခမ်းဆူလိုက်သည်။ ကားက လှပရုံသာမက အဓိကသော့ချက်မှာ မော့ကျန်း၏ ကား ဖြစ်နေသည်။ ဘာလို့ ဒီနေရာမှာ ရပ်ထားတာလဲ...
ထိုအချိန်မှာပင် သူမ၏ ဖုန်းမြည်လာပြီး လီယန်က ဖုန်းကို ထုတ်၍ ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် လင်းလက်နေသည့် "ကျန်းကျန်း" ဟူသော စကားလုံးနှစ်လုံးကို တွေ့လိုက်ရသောအခါ သူခိုးလေးတစ်ယောက် ဖြစ်နေသည့်အလား မြန်မြန် ကိုင်လိုက်သည်။
"ဘောစ့်... ဘာကိစ္စများလဲ"
"လမ်းဆုံမှာ မင်းကို စောင့်နေတယ်... မင်းလည်း ကိုယ့်ကားကို မြင်ရတယ်မလား"
"တွေ့ပါတယ်" သူမက ချန်းချင်းယန်ကို တစ်ချက်ကြည့်ကာ ကျောလှည့်လိုက်သည်။ ထို့နောက် နူးနူးညံ့ညံ့ အသံလေးဖြင့် တီးတိုး ပြောလိုက်သည်။
"ဂရုစိုက်ပါ...ရှင့်ကို တခြားသူတွေ မှတ်မိသွားကြမှာ မလိုချင်ဘူးမလား"
မော့ကျန်းက သဘောတကျ ရယ်မောနေပုံပင်။ လီယန်က ဖုန်းကိုဖြတ်၍ လွင့်ပျံလာသော သူ့အသံကို ကြားလိုက်ရသည်။
"အင်း... မြန်မြန်လာခဲ့"
"ကောင်းပါပြီ" လီယန် ပြန်လှည့်လိုက်သည့်အခါ သူမကို မျက်လုံးများဖြင့် စူးစမ်းနေသည့် ချန်းချင်းယန်ကို တွေ့လိုက်ရသည်။ သူမက မသိလိုက် မသိဘာသာဖြင့်ဖုန်းကို နောက်တွင် ဖွက်ထားလိုက်သည်။ လီယန်က နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ မေးလိုက်သည်။
"နင် ဘာလုပ်နေတာလဲ"
"ဘယ်သူ ခေါ်တာလဲ... နင့်ပုံစံက ဘာလို့ လျှို့ဝှက်ဆန်းကြယ်နေသလို ဖြစ်နေရတာလဲ" ချန်းချင်းယန်က မျက်မှန်ကိုင်းကို ပင့်တင်လိုက်သည်။ သူမ၏ စုံစမ်းထောက်လှမ်းလိုသည့် စိတ်အခြေအနေ ပွင့်လန်းလာလေပြီ။
"ငါ့ဘောစ့်" လီယန်၏ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "အဲ့ဒါက ငါ့ဘောစ့်ရဲ့ လန်ရိုဗာ... ငါအခု ကုမ္ပဏီကို ပြန်သွားရတော့မယ်"
"နင့်ဘောစ့်က နင့်ကို ကိုယ်တိုင် လာခေါ်တာလား"
ချန်းချင်းယန်က မျက်လုံးများ ပိုမှေးကျဥ်းလာခဲ့သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှီနံ့ တစ်ခုခု ရနေတယ်နော်...
"သူ ဒီနေရာနားမှာ လာစားဖြစ်တာနဲ့ကြုံလို့... တော်ပြီ ဆက်မပြောတော့ဘူး... ငါသွားရတော့မယ်"
လီယန် စကားဆုံးသည်နှင့် ပြေးထွက်သွားလေသည်။ သူမနောက်ပါးမှ ချန်းချင်းယန်မှာ အလျင်စလို ပြေးသွားသော အရိပ်လေးကို ကြည့်၌ ဧကရာဇ်မော့နှင့် တွေ့ဆုံရန် အခွင့်အရေး တစ်ကြိမ် လွဲချော်သွားခဲ့လေပြီမှန်း မသိလိုက်ပါပေ။
သူမက နှာခေါင်းပွတ်၍ ရှန်းယွမ်ဇယ်ကို မက်ဆေချ့်ပို့လိုက်သည်။
"ရှန်းကုန်းဇီ... တလီ တစ်ယောက်ယောက်နဲ့ ဒိတ်နေသလိုပဲ"
ရှန်းယွမ်ဇယ်၏ ပြန်စာက အတော်လေး မြန်သည်ဟု ဆိုရမည်။
"မနာလို မဖြစ်ပါနဲ့... မင်းလည်း လုပ်လို့ ရတာပဲ"
”…ဘယ်သူနဲ့ ဒိတ်နေတာလဲ... ရှင်နဲ့လား”
"အတ္တပေမဝါဒ ဆိုတာ ကြားဖူးလား... မင်းလည်း မင်းကိုယ်တိုင်နဲ့ ဒိတ်လို့ ရတာပဲ"
ချန်းချင်းယန်: “…”
သူမက အသက်ပြင်းပြင်းရှူကာ မက်ဆေချ့်တစ်ခုဖြင့် စာပြန်လိုက်သည်။
"ရှင်ပြောတာမှန်တယ်... မြေသြဇာကောင်းတဲ့ရေက တခြားလယ်ကွင်းတွေဘက် မစီးဘူး :)”
(TN: 'မြေသြဇာကောင်းတဲ့ရေက တခြားလယ်ကွင်းတွေဘက် မစီးဘူး" ဆိုတဲ့စကားက အခြေခံကျကျ ပြောရရင် မင်းသာ မင်းအမေရဲ့ သားနဲ့ ဒိတ်မယ်ဆိုရင် ကိုယ့်အသိုင်းအဝိုင်းကလူနဲ့ ဒိတ်နေတဲ့ အတွက် မင်းရဲ့ ကောင်းခြင်းတွေကို အခြားယောကျ်ားတစ်ယောက်နဲ့ မျှဝေလို့ မရတော့ဘူး... ဒါကြောင့်မို့ မြေသြဇာကောင်းတွေက အသိုင်းအဝိုင်းရဲ့ အပြင်ကို မပျံ့တော့ ပါဘူးတဲ့)
ရှန်းယွမ်ဇယ်: “…”
ထိုအချိန်တွင် လီယန်နှင့် မော့ကျန်းတို့ ကုမ္ပဏီသို့ ရောက်လာကြသောအခါ 17ထပ်မှ စတူဒီယိုသို့ တည့်တည့်သွားလိုက်ကြသည်။ "TOMATO" က ခိုက်ဟွမ်းအပိုင် နာမည်ကျော်ကြားသည့် အမျိုးသမီး ဖက်ရှင် မဂ္ဂဇင်း ဖြစ်ပြီး အမျိုးသမီးငယ်လေးများအကြား အတော်လေး ကျော်ကြားသည်။ ယခုတွင်မူ နွေရာသီအတွက် ထုတ်ကုန်အသစ်များ ထုတ်လာပြီ ဖြစ်၍ ကုမ္ပဏီက စုံတွဲများအတွက် ပထမဆုံးသော အဝတ်အစားကဏ္ဍကို ဖြန့်ဖြူးနေပြီ ဖြစ်ရာ မော့ကျန်းကို ဓါတ်ပုံအနည်းငယ် တွင် မော်ဒယ် လုပ်ပေးရန် ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။
မော့ကျန်းနှင့် အတူ တွဲရမည့် မော်ဒယ်မှာ TOMATO၏ နာမည်ကြီး မော်ဒယ် လီဆာဖြစ်သည်။ လီဆာက တရုတ်သွေးစစ်စစ် ဖြစ်သော်လည်း သူမ၏ ရုပ်ရည်ကို သွေးနှောဟု အထင်မှားစေနိုင်သည့် အသွင်အပြင်များ ရှိနေသည်။ အထက်တန်း ဒုတိယနှစ်မှာပင် သူမ၏ ပြိုင်ဘက်ကင်း အရှိန်အဝါတို့က TOMATO၏ မော်ဒယ်နေရာတွင် ရပ်တည်ရန် ကူညီပေးခဲ့သည်။
မော့ကျန်းနှင့်အတူ မဂ္ဂဇင်း ဓါတ်ပုံ ရိုက်ခွင့်ရသည်ကပင် TOMATOမှ မော်ဒယ်များတစ်သက်မှ တစ်ခါသာ ရနိုင်သည့် အခွင့်အရေး ဖြစ်သည်။ လီဆာသည်လည်း ထ်ုဓါတ်ပုံရိုက်ကူးရေးအတွက် အခွင့်အရေးရရန် မလွယ်ကူခဲ့ပေ။ သူမက တစ်ပတ်အလိုကတည်းကပင် စတင်၍ ကြိုတင်ပြင်ဆင်ခဲ့သော်လည်း ထိုအချိန်၌ သူမက ယခုထက်ထိ ရောက်မလာသေးပေ။
မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့မှူးက သူမကို နှလုံးသားထဲမှ အကြိမ်တစ်ရာမက ကျိန်ဆဲနေခဲ့သည်။ မော့ကျန်းကို ရရှိရန်အတွက်အခက်အခဲများစွာ ကြိုးပမ်းခဲ့ရသော်လည်း ကွင်းဆက်က အဓိကသော့ချက်တွင် ပြိုလဲသွားမည်ဟု ထင်မှတ် မထားခဲ့ပေ။ ထိုမျှသာ မဟုတ်ဘဲ စတိုင်လစ် ဆရာအန်းသည်ပင် စိတ်မရှည်တော့ဟန် ပေါ်နေသည်။
အယ်ဒီတာအဖွဲ့မှူးက နှဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး လေထုကို ထိန်းညှိရန် ပြင်နေစဥ်မှာပက် လီဆာ၏ အေးဂျင့်က အပြေးရောက်လာခဲ့သည်။ "လီဆာ မလာနိုင်တော့ဘူး... ဒီကိုလာတဲ့ လမ်းမှာ ကားမတော်တဆမှု ဖြစ်လို့ ခေါင်းထိသွားတယ်တဲ့"
……
အယ်ဒီတာအဖွဲ့မှူးက အမှန်တကယ်ပင် သေချင်စိတ် ပေါက်သွားရသည်။ သူ့နောက်ပါးမှ ဗုဒ္ဓနှစ်ပါးကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရယ်မောရန် ကြိုးစားလိုက်ရသည်။ "ဧကရာဇ်မော့... နတ်ဘုရားအန်း... ကျွန်တော်တို့ မဂ္ဂဇင်းမှာ တကယ်တော်တဲ့ မော်ဒယ်တွေ အများကြီး ရှိပါတယ်... လီဆာ မရှိရင် လီနာ ရှိသေးတယ်... စိတ်မရှည် ဖြစ်စရာ မလိုတော့ပါဘူး... သူ့ကို ချက်ချင်း သွားခေါ်ခိုင်းလိုက်ပါ့မယ်"
တစ်ဖက်တွင် ထိုင်နေသော လီယန်မှာ သူ့စကားလုံးများကို တွေးတောနေခဲ့သည်။ ဘာလို့များ အယ်ဒီတာကြီးက မားမားစန်းနဲ့ တူနေတယ်လ်ု့ ခံစားနေရပါလိမ့်...
(TN: မားမားစန်းက ရှေးခေတ်တုံးက ပြည့်တန်ဆာအိမ်က မိန်းကလေးတွေကို အုပ်ချုပ်တဲ့ အမျိုးသမီးပါ... ပြည့်တန်ဆာခေါင်းပေါ့... ဟီးဟီး)
"မလိုတော့ဘူး" အန်းယိက ဆိုဖာမှ ထရပ်ကာ တံခါးအပြင်သို့ ပြေးထွက်ဟန် ပြုနေသည့် အယ်ဒီတာကြီးကို တားလိုက်သည်။
"ခင်ဗျားနဲ့ အချိန်ဖြုန်းဖို့ အချိန်တွေ ပေါမနေဘူး... သူ့ကိုပဲ လုပ်ခိုင်းလိုက်"
သူက မော့ကျန်းဘေးတွင် ထိုင်နေသည့် လီယန်ကို လက်ညှိုးထိုးပြလိုက်ခြင်းပါပေ။
အယ်ဒီတာကြီး၏ အကြည့်က လီယန်ကို ထိုးလာသည့် အန်းယိ၏ လက်ညှိုးနောက်သို့ လိုက်သွားသည်။
လီယန်က ချက်ချင်းပင် တုန်ယင်သွားလေသည်။ အရှင်နွားရေ... ဘာတွေ ဆက်ဖြစ်တော့မှာလဲ...
အယ်ဒီတာ အဖွဲ့မှုးက သူမကို ခေါင်းစခြေဆုံး အသေအချာ အကဲဖြတ်နေခဲ့သည်။ သူမရဲ့ မျက်နှာလေးက တော်တော်လေး ကြည့်ကောင်းပြီး စံပြုအလှတရားတွေလည်း ရှိနေတယ်။ ဒါပေမယ့်လည်း ကြည့်ကောင်းတဲ့ ဘယ်သူမဆို မော်ဒယ် ဖြစ်မလာနိုင်ဘူးလေ။ "TOMATO"က လူသိများတဲ့ မဂ္ဂဇင်းတစ်ခုပဲကို။ ဘယ်လိုလုပ်ပြီး လူစားထိုး အနေနဲ့ အတွေ့အကြုံ မရှိတဲ့သူကို ကြုံရာကျပမ်းသုံးလို့ ဖြစ်ပါ့မလဲ... ထပ်ရှိသေးသည်မှာ ၎င်းက ဧကရာဇ်မော့၏ တွဲဖက်အနေဖြင့် အလွန်အမင်း အရေးကြီးသောနေရာ ဖြစ်နေသည်။
အယ်ဒီတာကြီး၏ တုံ့ဆိုင်းနေပုံကို တွေ့လိုက်ရသည့် အခါ အန်းယိက လက်ဦးမှုယူကာ ပြောလိုက်သည်။ "ကျွန်တော် သူ့ကို မနေ့ကပဲ ပြင်ပေးခဲ့တာ... သူပြင်လိုက်ဆင်လိုက်ရင် ခင်ဗျားရဲ့ မဂ္ဂဇင်းက ဘယ်မော်ဒယ်ကိုမှ ရှူံးမှာ မဟုတ်ဘူး... အရေးအကြီးဆုံး အချက်က..."
သူက စကားရပ်လိုက်ပြီး လက်ပေါ်မှ နာရီကို ကြည့်လိုက်သည်။ "သုံးနာရီကျရင် အလုပ်တစ်ခု ရှိနေသေးတယ်... အခုကို 1:13 ဖြစ်နေပြီ"
အယ်ဒီတာကြီး: “…”
အန်းယိ၏ အချိန်မှ မိနစ် စက္ကန့်တိုင်းက ပိုက်ဆံ ဖြစ်ပြီး မော့ကျန်းလည်း ထို့အတူပါပင်။ အယ်ဒီတာကြီးမှာ ရွေးစရာမရှိတော့ဘဲ လက်ခံလိုက်ရသည်။ "ကောင်းပြီလေ... ဒီနေ့လဲရမယ့် အဝတ်တွေအားလုံးက ဟိုဘက်မှာပါ... သူတို့ကို ဆုံးဖြတ်ပြီးသွားရင် သူ့ကို စပြင်ပေးလို့ ရပါပြီ"
"ကောင်းပြီလေ"
နေ... နေ... နေကြပါအုံး... လီယန်က အဝတ်များထားသည့် နေရာသို့ ထသွားသော အန်းယိကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားအတွင်းပိုင်းမှ ခံစားချက်များသည်ကား အချင်းချင်း ထိခတ်နေသော လှိုင်းများကဲ့သို့ပင်။ သူမရဲ့ အမြင်အတွက် တစ်ဖက်လူကို မမေးသင့်ဘူးလား... ဒီလိုမျိုး ဖြစ်လာမှာကို ပျော်ပျော်ရွှင်ရွှင် ဆုံးဖြတ်လိုက်ကြတော့မှာလား...
"အိုး" ဘေးတွင် ထိုင်နေသည့် မော့ကျန်းမှာ ရုတ်တရက် လှောင်ရယ်လာခဲ့သည်။ သူ့အသံက ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အန်းယိ၏ အရိပ်လေးကို နေရာမှာပင် ရပ်တန့်သွားစေခဲ့သည်။
"ငါသဘောတူလို့လား"
……
အယ်ဒီတာကြီးနှင့် အန်းယိမှာ တစ်ချိန်တည်းမှာပင် သူ့ကို ခေါင်းလှည့်ကြည့်လာကြသည်။ မော့ကျန်း၏ မေးစေ့က အနည်းငယ် မော့နေပြီး နှုတ်ခမ်းထောင့်မှ လှောင်ရယ်နေမှုများပင် ကွယ်ပျောက်မသွားသေးပေ။ အယ်ဒီတာကြီးမှာ တံတွေးမျိုချလိုက်ပြီး သတိကြီးကြီးဖြင့် အစားပေးလိုသော အပြုံးလေး ပေးလာခဲ့သည်။
"ဧကရာဇ်မော့... သူက မင်းရဲ့ လက်ထောက် မို့လား... သူ့အတွက် သင့်တော်တဲ့ ဆုကြေးကိုလည်း ပေးမှာပါ"
ဆုကြေးလား... လီယန်၏ မျက်လုံးများ ဝင်းလက်သွားလေသည်။
"အများကြီးပဲလား"
Xxxxxxx