Chapter 79
အယ်ဒီတာကြီးက သူမ၏ မေးခွန်းကို ကြားသောအခါ ဝံ့ကြွားစွာဖြင့် ရင်ကော့လာခဲ့သည်။
"ငါတို့ မဂ္ဂဇင်းရဲ့ အခကြေးငွေက ဒီနယ်ပယ်ထဲမှာ အရက်ရောဆုံးပဲ"
"ဒါဆို ပျော်ပျော်ရွှင်ရွှင်ပဲ ဆုံးဖြတ်ချက်ချလိုက်ပါပြီ" လီယန်က သူဌေးမလေး ဖြစ်တော့မည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အပျော်လွန်နေလေပြီ။
မော့ကျန်း: “…”
သူ လီယန်ကို တိတ်တဆိတ် မော့ကြည့်လိုက်သည်။
လီယန်မှာ သူ့အကြည့်များမှ တဆင့် ကြီးစွာသော ဖိအားများကို ခံစားနေရသည်။ သူမက အယ်ဒီတာကြီး၏ ကိုးကွယ်ဆည်းကပ်နေသော အပြုအမူကို လေ့လာလိုက်ပြီး အလျော်ပေးချင်သော အပြူံးလေးတစ်ခု ပြုံးလိုက်သည်။ "ကျန်းကျန်း... ကျန်းဟူကတော့ ကပ်ဘေးသင့်နေပြီ"
( T/N ကျန်းဟူ- သိုင်းလောက)
မော့ကျန်း “…”
မင်းမျက်လုံးကို ငွေကို ကြည့်ဖို့အတွက်ပဲ ဖွင့်တယ်ဆိုတာ ရှင်းနေတာပဲ... ပိုက်ဆံတွေ အကုန်လုံးကို ရှောင်ပိုင်လျန်(မျက်နှာဖြူလေး) တစ်ယောက်ကို ပျိုးထောင်ဖို့လား ဘာလားပဲ...
(TN ရှောင်ပိုင်လျန်... အသက်ကြီးတဲ့ ဘွားတော်ကြီးတွေက အသားဖြူရုပ်ချော ငယ်ရွယ်တဲ့ ကောင်လေးတွေကို မွေးစား(မွေးပြီးစား အဟမ်း)တယ်ဆိုတဲ့ အသုံးပါ... အနောက်ဖက်မှာတော့ ကစားစရာကောင်လေးတွေလို့ သုံးပါတယ်တဲ့... မော့ကျန်းက ယန်ယန်ကို ပိုက်ဆံရှာပြီး ကောင်လေးတွေကို အမ်းမလို့လားလို့ ပြောနေတာပါ ဟုတ်)
မော့ကျန်း၏ ဆိတ်ဆိတ်နေမှုကို လက်ခံသည်ဟု ယူဆကာ လီယန်က အန်းယိနောက်သို့ တပျော်တပါး လိုက်သွားလေသည်။ အယ်ဒီတာကြီးမှာ ထိုကပ်ဘေးကြီးအား ဖြေရှင်းပြီးသွားသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဒါကလေ... ဧကရာဇ်မော့ ဒီနေ့ရိုက်ကူးရေးက စုံတွဲပစ္စည်းတွေ ဆိုတော့ ရင်းနှီးတဲ့ပိုစ့်အချို့ ပါသေးတယ်"
အနုပညာရှင်များကို ခိုက်ဟွမ်း၏ စီမံခန့်ခွဲပုံက အလွန် တင်းကြပ်လှပြီး မော့ကျန်း ကိုယ်တိုင်သည် မည်သည့် အမျိုးသမီး ကြယ်ပွင့်တစ်ယောက်နှင့်မှ မရင်းနှီးဖူးပေ။ အလုပ်အတွက် ဆိုလျှင်တောင် သူ့ကိုယ်ပိုင် ကန့်သတ်ချက်ရှိနေသည်။ အယ်ဒီတာကြီးမှာ.ဧကရာဇ်မော့ သူ့တောင်းဆိုမှုကို လက်ခံနိုင်ပါ့မလားဟု စိုးရိမ်နေခဲ့သည်။
မော့ကျန်း၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။ ထန်ချန်း သူ့ကို ထိုအကြောင်း ပြောခဲ့သည်ကို ကြားခဲ့ပြီးသား ဖြစ်သည်။ မူလတွင် "စုံတွဲများအကြား တရင်းတနှီး အပြုအမူများ"ကို လုပ်ရန်အတွက် သီးသန့်နေရာအချို့ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင် မော်ဒယ်ကို လီယန်နှင့် အစားထိုးလိုက်လေပြီ။ ထိုအခွင့်အရေးက အတိအကျပင် သူမျှော်လင့်နေခဲ့သော အခွင့်အရေးပါပင်။
"ကိစ္စမရှိပါဘူး... အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသွားမှာပါ" ဧကရာဇ်မော့က အလွန်အမင်း ဖြောင့်မတ်သည့်ပုံနှင့်ပင်။
အယ်ဒီတာကြီး၏ မျက်လုံးက အံ့သြမှုတချို့ဖြင့် ဝင်းလက်သွားသည်။ ဘယ်သူက ဧကရာဇ်မော့ကို အေးစက်လွန်းတယ်လို့ ပြောနေကြတာလဲ... သူက ချဥ်းကပ်ဖို့လွယ်တာ အသိသာကြီး...
အန်းယိမှာ လီယန်ကို ဒုတိယအကြိမ် ပြင်ပေးရခြင်း ဖြစ်သည့်အတွက် သိသိသာသာပင် ပို၍ ကျွမ်းကျင်မှု ရှိသွားသည်။ နာရီဝက်သာ ကြာပြီးနောက် စံပြုပုံရိပ်တို့ ရှိနေသည့် စတိုင်ကျကျ အလှလေးတစ်ယောက်ကို ဖန်တီးပေးလိုက်သည်။ သူမ၏ ဆံပင်က အကောက်အကွေးများ ရှိနေဆဲ ဖြစ်သော်လည်း သူမ၏ မိတ်ကပ်က မနေ့ထက် ပို၍ ကျော့ရှင်းနေခဲ့သည်။ လန်းဆန်းပုံရပြီး မှောင်မသွားပေ။
အယ်ဒီတာကြီးက ခန့်မှန်းထားသည်ထက် ကျော်လွန်ကာ ပြောင်းလဲသွားသော လီယန်ကို ရှေ့တည့်တည့်မှ ကြည့်လိုက်သည်။ နတ်ဘုရားအန်းမှာ အမှန်တကယ်ပင် နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု ဝန်ခံရပေမည်။ "မှော်ဆရာ"ဟူသော စကားလုံးနှင့်ထိုက်တန်လှသည်။
မော့ကျန်းသည်လည်း အဝတ်အစားလဲထားပြီး လီယန်၏ ပုံစံကို ကျေနပ်နေဟန်ပင်။ အန်းယိက လီယန်ကို ပြင်ပြီးသွားသည့်နောက် မော့ကျန်းကို စတင် ပြင်ဆင်ပေးသည်။ သူက မော့ကျန်းနှင့်ပို၍ ရင်းနှီးသည်။ သူ့ကို ပြင်ဆင်ပြီးရန်အတွက် ဆယ်မိနစ်ပင် မကြာလိုက်ပေ။ စတူဒီယိုထဲမှ မီးများ လင်းသွားပြီး အန်းကျန်းက သူ့လက်မှ နာရီကို ထပ်ကြည့်လိုက်ပြန်သည်။ အချိန် ရှိနေသေးသည်။ နောက်ပိုင်း လီယန်ကို နောက်ထပ် ဝတ်စုံတစ်စုံ ကူလဲပေးနိုင်သေးသည်။
လီယန်က မီးမောင်းထိုးသည့်အောက်တွင် ရပ်နေပြီး အကူအညီမဲ့နေရသည်။ သူမက သူမဘေးမှ မော့ကျန်းကို ကြည့်လိုက်ပြီး ရှေ့ဘက်မှ ဓါတ်ပုံဆရာ အော်နေသည်ကို နားထောင်နေသည်။
"နည်းနည်း ပိုကပ်ပြီး ဧကရာဇ်မော့ရဲ့ ခါးကို ဖက်လိုက်"
လီယန်: "..."
ဘာလို့ သူတို့တွေက သူမကို တောင်ထိပ်ပေါ် စတက်ဖို့ ပြောရတာလဲလို့...
မော့ကျန်းက တစ်ဖက်မှ ရယ်မောလာခဲ့ပြီး ကျေနပ်အားရနေသော တီးတိုးရယ်သံက သူ့လည်ချောင်းထဲမှ ထွက်ကျလာခဲ့သည်။ "သူက မင်းကို ကိုယ့်ခါးကို ဖက်ဖို့ ပြောနေတယ်လေ"
လီယန်၏ နှုတ်ခမ်းက မနေနိုင်ဘဲ တွန့်သွားသည်။ သူမက မော့ကျန်းဘက်သို့ နှစ်လှမ်းတိုးကာ သူမ၏ လက်များကို သူ့ခါးထက်သို့ တောင့်တင်းစွာ တင်ထားလိုက်သည်။
ဓါတ်ပုံဆရာက ထပ်ပြောလာပြန်သည်။ "ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်... ပြီးရင် ပြုံးပြလိုက်"
...
မော့ကြည့်ပြီး ပြုံးပြရမယ်...
မော့ကျန်း၏ ရင်ဘတ် လှုပ်ရှားသွားပြီး ရယ်သံကို ခက်ခက်ခဲခဲ ထိန်းထားလိုက်ရသည်။
ဓါတ်ပုံဆရာက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"မင်းက မင်းကောင်လေးကို ကြည့်နေတာနော်... အတန်းပိုင်ဆရာကို ကြည့်နေတာ မဟုတ်ဘူး... စိတ်လျှော့ပြီး ချိုချိုသာသာလေး ပြုံးပြလေ"
လီယန်: “…”
အယ်ဒီတာကြီးက သူ့မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ ဒီလိုကိစ္စတွေအတွက် ပရော်ဖက်ရှင်နယ်တွေကပဲ အရည်အချင်း ပြည့်မီလိမ့်မယ်...
မော့ကျန်းက လီယန်၏ ခေါင်းလေးကို ပွတ်ကာ သူမ၏ နားလေးထံ တီးတိုး ပြောလိုက်သည်။
"စိတ်မလှုပ်ရှားနဲ့... ကိုယ့်ကိုပဲ ကြည့်နေ"
တစ်ခုခုက သူမအပေါ် ဂါထာတစ်ပုဒ် ပက်ဖြန်းလိုက်သလိုပါပင်။ လီယန်က ခေါင်းမော့လိုက်ရာ ရေကဲ့သို့ သိမ်မွေ့နေသည့် မျက်လုံးတစ်စုံနှင့် တွေ့ဆုံမိသွားသည်။ ၎င်းက နက်ရှိုင်းနေသည့် ရေကန်တစ်ကန်နှင့် တူပြီး သူမ၏ ခန္ဓါကိုယ်တစ်ခုလုံးက ရေထဲတွင် နစ်မြုပ်နေကာ နက်သထက်နက်လာသည်အထိ ကျဆင်းသွားသည့်အလားပင်။
ဓါတ်ပုံဆရာက ခလုတ်ကို ခပ်မြန်မြန် နှိပ်လိုက်သည်။ ကင်မရာမှ ထွက်လာသည့် မျက်စိကျိမ်းဖွယ် အလင်းများသည်ပင် လီယန်၏ အကြည့်ကို မလွဲဖယ်နိုင်ခဲ့။
"ကောင်းပြီ... နောက်ထပ် အနေအထား တစ်မျိုး ပြောင်းမယ်" ဓါတ်ပုံဆရာက အခုလေးတင် ရိုက်ထားသော ဓါတ်ပုံများကို ကြည့်ကာ လီယန်ကို ထပ်ကြည့်လိုက်သည်။
"အဲ့နားက ထိုင်ခုံမှာ ထိုင်လိုက်... ဧကရာဇ်မော့က မင်းဆံပင်လေးကို နမ်းရမယ်"
လီယန်: “…”
ဒီဓါတ်ပုံဆရာက အဝါရောင် ရုပ်ရှင်တွေ ရိုက်ခဲ့ဖူးတာများလား...
(TN: အဝါရောင် = r 18 / ညစ်ညမ်း ဗီဒီယို)
လီယန်က ထိုင်ခုံလေးထံ သွားကာ အပြုအမူကောင်းလေးဖြင့် ထိုင်ချလိုက်သည်။ မော့ကျန်းက ကိုယ်ကို ခပ်ဖြည်းဖြည်း ကိုင်းချကာ လက်တစ်ဖက်ကို စားပွဲပေါ်တွင် နေရာချထားလိုက်သည်။ နောက်တစ်ဖက်ဖြင့် လီယန်၏ အနက်ရောင် ဆံနွယ်မျှင်လေးများကို ကောက်ယူကာ သူ့နှူတ်ခမ်းဖျားဆီသို့ ငြင်ငြင်သာသာ ကပ်ယူလိုက်လေသည်။
နောက်ထပ် ကမ္ဘာမြေ တုန်လှုပ်ဖွယ် ရိုက်ချက်များ ကျရောက်လာပြီး လီယန်၏ နှလုံးသားလေးမှာ မနေနိုင်တော့ဘဲ အပြေးပြိုင်ပွဲ ဝင်နေရသလိုပါပင်။ လီယန်မှာ ထိုအနမ်းက သူမ၏ ဆံပင်ပေါ်သို့ ကျရောက်နေသည့်ပုံပေါ်သည်ဟု မခံစားရဘဲ သူမ၏ နှလုံးသားအောက်ခြေကို ထိတွေ့နေသည့်အလား ခံစားနေရသည်။
ဧကရာဇ့်မော့က အမှန်တကယ်ပင် ရုပ်ရှင်စတား တစ်ယောက် ဖြစ်သည်။ သူက ဓါတ်ပုံရိုက်နေလျှင်တောင် လီယန်ကို ဇာတ်ကောင်အတွင်းသို့ မြန်မြန် ဆွဲခေါ်သွားနိုင်ခဲ့သည်။ အယ်ဒီတာကြီးက ဘေးတွင် ရပ်နေပြီး လီယန်ကို ကြည့်နေသည့် သူ့အကြည့်များ ခပ်မြန်မြန် ပြောင်းလဲသွားခဲ့လေသည်။ သူမ၏ ကင်မရာအပေါ် ခံစားချက်က သာလွန်ထူးခြားလှသည်။ သူမက အစပထမတွင် စိတ်လှုပ်ရှားခြင်းကြောင့် တောင့်တင်းနေခဲ့သော်လည်း နောက်ပိုင်း သူမ၏ လုပ်ဆောင်ချက်များက ပြောင်မြောက်လှပေသည်။
လီဆာက နဖူးတွင် ပတ်တီး ပတ်လျက် ရောက်လာခဲ့သောအခါ မော့ကျန်းက လီယန်ကို သူ့လက်မောင်းများကြားတွင် ယှက်သိုင်းထားပြီး သူ့နှုတ်ခမ်းများက အနည်းငယ် မြင့်တက်နေခဲ့သည်။
သူမက မျက်ခုံးများ တွန့်ချိုးကာ သူမ၏ အေးဂျင့်ထံသို့ လျှောက်လာခဲ့သည်။
"အယ်လင်... အဲ့မိန်းမက ဘယ်သူလဲ"
အယ်လင်က သူမကို ပြန်လှည့်ကြည့်လာပြီး အေးစက်စက် စက်ဝိုင်းလေးလို ကော့တက်သွားသည်။
"ဧကရာဇ်မော့ရဲ့ လက်ထောက်လေ"
"လက်ထောက်လား" လီဆာက လှောင်မရယ်ဘဲ မနေနိုင်တော့။ ဘယ်တုန်းက TOMATOရဲ့ အဆင့်အတန်းက အရမ်း နိမ့်သွားရတာလဲ...
"သူ ကောင်းကောင်း လုပ်နိုင်တယ်... သူနဲ့ စာချုပ်ချုပ်ရမလားလို့တောင် စဥ်းစားနေတာ" သူမက လှပပြီး ပါရမီရှိရုံသာမက သူမ၏ ပွဲဦးထွက်အလုပ်က ဧကရာဇ်မော့နှင့် စုံတွဲ ဓါတ်ပုံ ရိုက်ကူးရေး ဖြစ်နေသေးသည်။ သူမက ကျော်ကြားမှုတို့ဖြင့် ပေါက်ကွဲထွက်သွားမည်ဟု အာမခံနိုင်သည်။ အယ်လင်မှာ ဆွဲဆောင်ခံရမှုများ ပိုတိုးလာခဲ့သည်။
လီဆာက အယ်လင်၏ အမူအယာကို ကြည့်၍ သူမ၏ နှုတ်ခမ်းများ တင်းတင်းစိပိတ်သွားသည်။
"အယ်လင်... ကျွန်မ အခု အဆင်ပြေသွားပြီ... ကျန်တာကို ကျွန်မဆီ လွှဲလိုက်"
အယ်လင်က သူမကို ရယ်စရာကောင်းနေသည့် အမူအယာဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက သူမ၏ နဖူးမှ ပတ်တီးစတွင် အကြည့်ရပ်သွားသည်။ "မင်းခေါင်းက ဘယ်လိုနေလဲ"
"နည်းနည်းလေး ထိသွားရုံပါပဲ... ဒေါက်တာ ပြောတာ ဘာအမာရွတ်မှ ကျန်မှာ မဟုတ်ဘူးတဲ့"
သူမက စတူဒီယိုရှိရာသို့ ကြည့်လိုက်ပြန်သည်။ အခုအချိန်မှာ မော့ကျန်းရဲ့ ရင်ခွင်ထဲ ရှိနေရမယ့်သူက သူမလေ...
"လီဆာ... မင်းရဲ့ အခွင့်အရေးနဲ့ လွဲသွားပြီ... နောက်တစ်ကြိမ်ကိုပဲ စောင့်လိုက်တော့" အယ်လင်၏ ပြန်ဖြေသံက လေးလည်းမလေးသကဲ့သို့ ပေါ့လည်းပေါ့ပါးမနေပေ။ လီဆာ၏ မျက်ခုံးများ တွန့်ကုတ်သွားလေသည်။ အဆုံးတွင် သူမက အယ်လင်နှင့် ငြင်းခုံမနေတော့ဘဲ စတူဒီယိုမှ ထွက်လာခဲ့သည်။
မဂ္ဂဇင်း ရိုက်ကူးရေးက အဆုံးသတ်သို့ တဖြည်းဖြည်း ရောက်လာသည်နှင့်အမျှ လီယန်သည်လည်း စုစုပေါင်း ဝတ်စုံလေးစုံ လဲပြီးသွားပြီ ဖြစ်သည်။ အန်းယိက သူမ၏ မိတ်ကပ်ကို စောစောပြင်ပေးပြီးသွား၍ စတူဒီယိုသို့ ပြန်သွားလေပြီ။
"နောက်ဆုံး ဓါတ်ပုံရိုက်ကွင်းတစ်ခုပဲ ကျန်တော့တယ်... " ဓါတ်ပုံဆရာက အလွန် ပျော်ရွှင်နေပုံရပြီး သူ့အမူအရာက မော့ကျန်းကို မျက်နှာမူကာ နှစ်ထောင်းအားရ ဖြစ်နေသည့်ဟန်ပင်။
"ဧကရာဇ်မော့... သူ့ရဲ့ နဖူးပေါ် နမ်းလို့ရမလား"
နောက်ဆုံးရိုက်ကွင်းက စုံတွဲ ညအိပ်ဝတ်စုံ ဖြစ်သည်။ သူတို့သာ ဂွတ်နိုက်အနမ်း မပေးပါက ညအိပ်ဝတ်စုံ ဝတ်ထားသည်ဟု ပြောရန် ရှက်ရွံ့နေရပေမည်။
(TN ညအိပ်ရာဝင်အနမ်းသာ မပေးရရင် ညအိပ် ဝတ်စုံ ဝတ်ရတာ ဘာအကျိုးရှိသွားမှာလဲ)
သို့သော်လည်း ဓါတ်ပုံဆရာက မေးပြီးမှ နောင်တရသွားသည်။ လတ်တလောတွင် သူက ဧကရာဇ်မော့နှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး သူ လက်ညှိုးညွှန်ခိုင်းနိုင်သည့် ကြုရာကျပန်း မော်ဒယ်တစ်ယောက် မဟုတ်ခဲ့ပေ။
မထင်မှတ်ထားစွာဖြင့် မော့ကျန်းက ဒေါသမထွက်ရုံသာမက တစ်ခဏမျှ မမှိတ်မသုန် စိုက်ကြည့်ပြီးနောက် အိုကေဟူသော လက်ဟန်ဖြင့် ပြန်ဖြေလာခဲ့သည်။ အယ်ဒီတာကြီးက ဘေးတွင် ရပ်နေပြီး သူ့မျက်နှာ တစ်ခုလုံးတွင် "စကြဝဠာအဆင့် အောင်ပွဲခံခြင်း" ဟူသော စကားလုံးကို ရေးဆွဲထားခဲ့သည်။ ဧကရာဇ်မော့မှာ ရုပ်ရှင်ဇာတ်ကားများ၌ပင် အနမ်းခန်း နည်းနည်းသာ ပါသည်ဟု အားလုံးသိကြသည်။ အခုတော့ မဂ္ဂဇင်း ရိုက်ကူးရေးမှာ သူတကယ်ကြီး နမ်းတော့မယ်ဟေ့...
သူ ယနေ့ ထီလက်မှတ်တစ်စောင် ဝယ်ရမည်ဟု ခံစားလိုက်ရသည်။
လီယန်က ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းထားသည့် စောင်ပေါ်တွင် ထိုင်ကာ ကိုယ်လေးကို ကြုံ့ထားခဲ့သည်။ မော့ကျန်းက သူမ၏ ကျောပြင်လေးကို ကြည့်ကာ ပြုံးလိုက်သည်။ "မင်းရဲ့ မျက်လုံးလေးကိုပဲ မှိတ်ထားလိုက်... ကျန်တာ ကိုယ်လုပ်သွားလိုက်မယ်"
လီယန်: "..."
အမေ့ဥပဲ... အခုပိုလို့တောင် စိတ်လှုပ်ရှားလာပြီ...
(T/N မားတန်(အမေ့ဥ) တရုတ်မှာ ဆဲတဲ့ စကားလုံးပါ)
ဓါတ်ပုံဆရာက ကင်မရာကို ချိန်ညှိကာ မော့ကျန်းကို လက်မြှောက်ပြလိုက်သည်။ လီယန်က သူမ၏ မျက်နှာရှေ့တွင် တဖြည်းဖြည်း နီးကပ်လာသည့် မော့ကျန်း၏ မျက်နှာကို ကြည့်နေခဲ့သည်။ သူမ၏ ခေါင်းတစ်ခုလုံးက သူ့ရင်ခွင်ထဲတွင် နစ်မြုပ်နေခဲ့လေသည်။
သူမ၏ မေးဖျားလေးက ရုတ်တရက် မတင်ခံလိုက်ရသည်။ လီယန် မတုံ့ပြန်နိုင်သေးခင်မှာပင် သူမ၏ နှုတ်ခမ်းထက်သို့ အနမ်းတစ်ပွင့် ကျဆင်းလာခဲ့လေသည်။ ဤတစ်ကြိမ်၌ သူတို့ဘေးမှ ဓါတ်ပုံဆရာသည်ပင် ကြက်သေသေသွားလေသည်။ အယ်ဒီတာကြီး၏ ခြေလှမ်းများပင် ရုတ်ချည်း ပြတ်တောက်သွားပြီး ကင်မရာရိုက်သံ ခပ်ပြင်းပြင်းကို ကြားမှသာ သူ့အိမ်မက်ထဲမှ ရုန်းထလာနိုင်ခဲ့သည်။
လီယန်မှာ ဧကရာဇ်မော့က အင်အားကြီးလွန်းလှသည်ဟု တွေးနေခဲ့သည်။ ထိုသူက သူ့အစွမ်းအာဏာများကို အကျင့်ပျက်နေသော အမူအကျင့်များတွင် ပွင့်ပွင့်လင်းလင်း ဂုဏ်သရေရှိရှိ အလွဲသုံးစားလုပ်ရန် အမြဲတမ်း အခွင့်ချောင်းနေခဲ့သည်။
ဓါတ်ပုံဆရာမှာ ယနေ့တွင် သူအကျိုးအမြတ်များစွာ ရခဲ့သည်ဟု တွေးနေမိသည်။ ထိုရိုက်ကွင်းက ပိုက်ဆံမည်မျှ အထိ သောက်သောက်လဲလဲ ဝင်လာနိုင်သည်ကိုပင် မသိနိုင်တော့ပါပေ။ သို့သော်လည်း သူက သူခိုးတစ်ယောက်၏ သိလိုစိတ် မရှိဘဲ သူခိုးတစ်ယောက်၏ နှလုံးသား ရှိနေသည်။ ဧကရာဇ်မော့က သူရင်ဆိုင်သင့်သည့် တစ်ယောက်ယောက် မဟုတ်ခဲ့ပေ။
ငါးစက္ကန့်အကြာတွင် မော့ကျန်းက လီယန်၏ နှုတ်ခမ်းများမှ ဖယ်ခွာလိုက်သည်။ သို့သော်လည်း သူမ၏ မေးဖျားလေးကို ကိုင်ထားသည်အား လွှတ်မပေးခဲ့ပေ။ လီယန် သူမ၏ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ သူမရှေ့တွင် နီးကပ်နေသော မော့ကျန်း၏ မျက်နှာကို တွေ့လိုက်ရသည်။ သူ့မျက်ခုံးများအကြားနေရာလေးတွင် အလိုလိုက်ချစ်ခင်မှု ခပ်ဖျော့ဖျော့ ရှိနေခဲ့သည်။
ဓါတ်ပုံဆရာကကင်မရာ ခလုတ်ကို နှိပ်ကာ ရိုက်ချက်ထောင့်များကို အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ သူ့အတွေ့အကြုံများမှ အကဲဖြတ်ချက်အရ ရိုက်ထားခဲ့သော အနမ်းဓါတ်ပုံများကို မဂ္ဂဇင်းတွင် ထုတ်ဝေလိမ့်မည် မဟုတ်ပေ။ နောက်ထပ် ပုံများ ရရန် အတွက် နောက်ဆုံး အခွင့်အရေးကိုသာ အသုံးချမှ ဖြစ်မည်။
ရိုက်ကူးရေး ပြီးသောအခါ အယ်ဒီတာက အယ်လင်ဟုခေါ်သော အေးဂျင့်နှင့် ရောက်လာခဲ့သည်။ လီယန်က မိတ်ကပ်ဖျက်နေဆဲ ဖြစ်ပြီး မော့ကျန်းက ဘေးတွင် ထိုင်ကာ သူမကို စောင့်ပေးနေခဲ့သည်။ အယ်ဒီတာက သူတို့ အလုပ်ကြိုးစားခဲ့ကြောင်း ပြောခဲ့ပြီးနောက် လီယန်ကို နားရွက်များ တက်ချိတ်မတတ် ပြုံးပြခဲ့သည်။
"မိန်းကလေးလီ မော်ဒယ်လုပ်ဖို့များ စိတ်ဝင်စားသလား မသိဘူး"
မော့ကျန်းက ခေါင်းမော့၍ သူ့ကို စိုက်ကြည့်လိုက်သည်။ နောက်ပါးမှလူမှာ လီယန်ကို မဲဆွယ်နေခြင်းကိုသာ လုံးလုံး စိတ်ရောက်နေသည်။
"ဒါက ငါတို့ မဂ္ဂဇင်းရဲ့ အေးဂျင့် အယ်လင်လေ... သူ့လက်အောက်ကလူတိုင်းက နာမည်ကြီး မော်ဒယ်တွေချည်းပဲ... မင်း ငါတို့နဲ့ စာချုပ်ချုပ်ဖို့ စိတ်ဝင်စားလား"
လက်မှတ်ထိုးမှာတဲ့လား... မော့ကျန်း၏ နှုတ်ခမ်းက မနေနိုင်တော့ဘဲ လှောင်ရယ်သံအလား ပြောင်းလဲသွားသည်။ သူတို့ တစ်နေရာရာမှာ စာချုပ်ချုပ်ချင်နေရင်တောင် သူတို့နဲ့ လက်မှတ်ထိုးဖို့ မလိုဘူး... "အယ်ဒီတာကျိုး... ခင်ဗျား သူ့ကို စာချုပ်ချုပ်ပြီး ခေါ်သွားရင် ခင်ဗျားက ကျွန်တော့လက်ထောက် လာလုပ်ပေးမှာလား"
အယ်ဒီတာကြီး: "..."
ဧကရာဇ်မော့ကတော့ ကျော့ရှင်းပြီး အေးစက်တဲ့ ဧကရာဇ်မော့ ဖြစ်နေတုန်းပဲ...
ထိုအကြောင်းကိစ္စက ဧကရာဇ်မော့၏ အေးစက်စက် အကြည့်တစ်ချက် အောက်မှာပင် ခပ်မြန်မြန် အဆုံးသတ်သွားလေသည်။ သူမည်မျှပင် ချောမောနေခဲ့သော်ငြား အယ်ဒီတာကြီးက ခပ်မြန်မြန် လစ်ထွက်သွားခဲ့လေသည်။
သူတို့ ခိုက်ဟွမ်းမှ ထွက်လာသောအခါ 7နာရီပင် ထိုးလုလေပြီ။ မော့ကျန်းက လီယန်နှင့်အတူ အပြင်ထွက် စားချင်ခဲ့သည်။ သူက သူ့ဘေးတွင် ထိုင်နေသော လီယန်ကို တစ်ချက် ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးမိသွားသည်။
"မင်း ပိုက်ဆံ ပြတ်နေတာလား"
လီယန်က သူ့မေးခွန်းကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ "မပြတ်ပါဘူး"
မပြတ်ပါဘူးတဲ့လား.. အယ်ဒီတာကြီး ဆုကြေးပေးမယ်လို့ ပြောတာကို ကြားပြီးတော့ မိတ်ကပ်ပြင်ဖို့ ဝီရိယရှိရှိ လိုက်သွားတာ ဘယ်သူပါလိမ့်...
"ဒါဆို ဘာလို့ ပိုက်ဆံစုဖို့ အရမ်းအလုပ်ကြိုးစားနေရတာလဲ" မော့ကျန်းက မျက်ခုံးကြုံ့မိသွားသည်။ သူမ တကယ်ကြီး မျက်နှာဖြူလေးတွေကို ပျိုးထောင်ဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်...
"တကယ်တော့ ကျွန်မက ပြဿိ တစ်ယောက် ဖြစ်နေလို့လေ"
မော့ကျန်း:"..."
လီယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မကြာသေးမီက ထိုသူ၏ အေးစက်စက် အမူအယာဖြင့် အယ်ဒီတာကြီးကို ခြောက်လှန့်လွှတ်လိုက်စဥ်က ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို သိရသွားသည်။ ထို့နောက် သူမက မေးလိုက်လေသည်။
"ကျန်းကျန်း... ကျွန်မ အဲ့လို အလုပ်တွေ လုပ်မှာကို ရှင် မကြိုက်ဘူးလားဟင်"
မော့ကျန်းက ချက်ချင်း ပြန်မဖြေပေ။ သူက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလာခဲ့သည်။
"မင်း ဖျော်ဖြေရေး လောကထဲ ဝင်ချင်ရင် ကိုယ် မင်းကို လက်တွဲခေါ်ပေးမယ်"
Xxxxxx