Chapter 80
သူငယ်ချင်းများ
မင်း ဖျော်ဖြေရေး လောကထဲ ဝင်ချင်ရင် ကိုယ် မင်းကို လက်တွဲခေါ်ပေးမယ်...
လီယန်က မော့ကျန်းကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။ သူပြောခဲ့သမျှ စကားလုံးများက ကျောက်ခဲလေးတစ်လုံးလိုပင် သူမ၏ နှလုံးသားလေးကို လှိုင်းထသွားစေခဲ့သည်။
မိန်းကလေးတိုင်းတွင် စတားတစ်ယောက်ဖြစ်ရန်ဟူသော အိမ်မက်ရှိနိုင်သော်လည်း နာမည်ကျော်များကို သဘောမတွေ့ခဲ့ဖူးသည့် လူတစ်ယောက်အနေဖြင့် လီယန်က ဖျော်ဖြေရေး လောကထဲသို့ ဝင်ရန် တစ်ခါမှ မတွေးဖူးခဲ့ပေ။ အမှန်တကယ်တွင် သူမ လက်ထောက်အလုပ် လုပ်နေခြင်းကပင် အံ့လောက်စရာ ကောင်းနေလေပြီ။
သူတို့နှစ်ယောက်လုံး တစ်ခဏမျှ စကားမပြောဖြစ်ကြတော့။ ကားက အလွန်အမင်း ဆိတ်ငြိမ်နေခဲ့လေသည်။
မော့ကျန်းက လီယန်ကို မျက်လုံးထောင့်မှ တဆင့် ဖျတ်ကနဲ ကြည့်လိုက်သည်။ အယ်ဒီတာကျိုးသည်ပင် လီယန်တွင် ပါရမီရှိသည်ဟု ပြောနိုင်သည်။ သူ့အတွက်လည်း ၎င်းကို မမြင်နိုင်ရန်အတွက် ဖြစ်နိုင်ချေမရှိပေ။ သူ လီယန်ကို ဖျော်ဖြေရေးလောကထဲသို့ မဝင်စေလိုပါသော်လည်း သူမသာ အမှန်တကယ် ဆန္ဒရှိပါက သူမကို ကူညီပေးမည်ဖြစ်ပြီး သူ့တွင် ထိုသို့ လုပ်နိုင်သော အခွင့်အာဏာလည်း ရှိသည်။
"ကောင်းပြီလေ" လီယန်က သူမ၏ နှာခေါင်းထိပ်လေးများကို ထိကာ ပြောလိုက်သည်။ သူမက တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖြတ်လိုက်သူ ဖြစ်သည်။
"ကျွန်မနဲ့ လက်မှတ်ထိုးမဲ့သူ ဖြစ်ပေးလို့ရမလား ကျန်းကျန်း"
"သေချာပေါက် မရဘူးပေါ့" မော့ကျန်းက ရှေ့တူရှုကိုသာ ခိုင်ခိုင်မာမာ စိုက်ကြည့်နေဆဲ ဖြစ်သည်။ လီယန် သူ့ဘေးနားတွင် ရှိနေသဖြင့် ကားမောင်းနေစဥ် အလွန် အာရုံစူးစိုက်ထားခဲ့သည်။
"မင်းကို စာချုပ်ချုပ်ပေးမဲ့သူက ထန်ချန်းလေ"
"အေးဂျင့်ထန်လား" လီယန်က စိတ်ရှုပ်ထွေးမှုတို့ဖြင့် မျက်တောင်များ ခတ်လိုက်သည်။
"ဒါပေမယ့် မစ္စတာထန်က စာချုပ်ချုပ်ဖို့ မငြင်းလောက်ဘူးလား"
မော့ကျန်းက ရယ်မောလိုက်သည်။
"ဒါကတော့ သူ့ကို ဘယ်သူ ပြောလာလဲ ဆိုတာကို မူတည်သေးတာပေါ့" ဖျော်ဖြေရေး လောကအတွင်းတွင် သူ့အဆက်အသွယ်များက နှိုင်းစာ၍ မရနိုင်ပါချေ။
"အိုး" လီယန်က ထိုအခြေအနေကို သဘောပေါက်ပုံရသော်လည်း ခေါင်းသာငြိမ့်ပြလိုက်သည်။ အတိုချုပ်ပြောရရင်တော့ မစ္စတာထန်က ကျန်းကျန်းဆီကနေ ကြိုးကိုင်ခြယ်လှယ် ခံနေရတာလား... တစ်ခါတစ်လေကျရင် ဘယ်သူက အေးဂျင့်မှန်းတောင် မတွေးတတ်တော့ဘူး....
လီယန်က တစ်ခဏမျှ တွေးတောလိုက်ပြီး မော့ကျန်းကို ကြည့်၍ မေးလိုက်သည်။
"ကျွန်မက ဖျော်ဖြေရေး လောကထဲ ဝင်ဖို့ သင့်တော်တယ်လို့ ထင်လားဟင်"
သူ့ကို မေးလာရင်တော့ မသင့်တော်ဘူးလို့ပဲ ဖြေရမှာပေါ့... အနုပညာရှင်တစ်ယောက် ဖြစ်ရသည်က အလွန် ပင်ပန်းလှသည်။ နေ့တိုင်း မျက်လုံးအစုံပေါင်းများစွာက စိုက်ကြည့်ခံနေရသည်ကို မဆိုထားနှင့် မီဒီယာများ ဖန်များနှင့်လည်း ရင်ဆိုင်ရသေးသည်။ နေ့စဥ် အလုပ်တာဝန်တစ်ခုတည်းကပင် လူတိုင်း တောင်ခံနိုင်မည့် တစ်ခုခု မဟုတ်ခဲ့။ သူမ အလွန် အလုပ်ကြိုးစားနေရမည်ကို သူ ထိုင်မကြည့်နိုင်ပေ။
"မင်းရဲ့ အခြေအနေက အားလုံး အဆိုးကြီးတော့ မဟုတ်ဘူး... မဟုတ်ရင် အယ်ဒီတာကျိုးက မင်းနဲ့ လက်မှတ်ထိုးချင်မှာ မဟုတ်ဘူးလေ... အဓိက သော့ချက်က မင်းဖျော်ဖြေရေး လောကထဲ ဝင်ချင်လား ဆိုတာပဲ" မော့ကျန်းက မေးခွန်းကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းကာ လီယန်ထံ ဘောလုံး ပြန်ပစ်ပေးလိုက်သည်။
"အိုး... နာမည်ကျော်တစ်ယောက် ဖြစ်ရဖို့ဆို လူအများကြီးက သဘောကျတာ ခံရမယ် ဟုတ်တယ်မလား... ဒါပေမယ့် ဘယ်သူကမှ ကျွန်မကို သဘောကျကြမယ် မထင်ဘူး"
မော့ကျန်း: “... …”
မင်းရဲ့ 500ကျော်တဲ့ ယောကျ်ားလေး အတန်းဖော်တွေက အလကားသက်သက် ရှိနေတာလို့ ထငိနေတာလား...
"ဆုံးဖြတ်ချက်ချဖို့ လောစရာ မလိုဘူး... ဖြည်းဖြည်း ဆုံးဖြတ်"
"အင်း... ကျေးဇူးပါ ကျန်းကျန်း" လီယန်က သူ့ကို ချိုချိုသာသာ ပြုံးပြလိုက်သည်။
"ဒါပေမယ့် ရှင်က ကျွန်မရဲ့ အနာဂါတ်ကိုတွေးပေးနေတာလေ... ကျွန်မရဲ့ ဆရာမတောင်လက်လျှော့သွားတာ ကြာလှပြီ"
မော့ကျန်း နှုတ်ခမ်း ဆူမိသွားသည်။ အနာဂါတ်လား... အကောင်းဆုံး အနာဂါတ်ကတော့ သူမနဲ့ လက်ထပ်ပြီး မျောက်ကလေးတွေ မွေးဖို့ပဲလေ... သို့သော်လည်း သူတစ်ခုခုကို မေးရန် သတိရမိသွားသည်။
"မင်း ဒီနေ့ မင်းမိသားစုဝင်တွေ မဂ္ဂဇင်းကို တွေ့သွားရင် ဖြစ်လာမဲ့ တုံ့ပြန်မှုတွေကို မစဥ်းစားမိဘဲ အယ်ဒီတာကျိုးကို မြန်မြန် ကတိပေးလိုက်တာလား"
လီယန်: “...”
သူမ အဲ့အကြောင်းကို တကယ်ကြီး မတွေးမိခဲ့တာ...
ဖြစ်နိုင်တာ သူမမိသားစုထဲမှာ မဂ္ဂဇင်းကို တွေ့နိုင်မဲ့ တစ်ဦးတည်းသောသူက လီရှောင်ပဲလေ... သူမကတော့ သေချာပေါက် တွေ့လိမ့်မယ်...
"ကျန်းကျန်း... ဘာလို့ စောစောက သတိမပေးတာလဲလို့"
“...မင်းသိမယ် ထင်လို့လေ”
"ကျွန်မရဲ့ မျက်နှာကို တစ်ယောက်ယောက်ရဲ့ ပုံပြောင်းလို့ ဖြစ်နိုင်လောက်လား"
"မင်းဘာတွေ စဥ်းစားနေတာလဲ"
... သူမ အသေဆိုးနဲ့ သေရတော့မလို ခံစားနေရတယ်...
လီယန်က အိပ်ရာမဝင်ခင်အထိ ထိုကိစ္စကို တွေးကာ ငေးငိုင်နေဆဲ ဖြစ်သည်။ အိမ်ပြန်လာပြီးနောက် မော့ကျန်းက ကွန်ပြူတာရှေ့တွင် ထိုင်ကာ ပြောလိုက်သည်။
"ထွက်လာခဲ့"
လေထုက အနည်းငယ် တုန်ခါသွားပြီး ပေါ့ပေါ့ပါးပါး အမျိုးသမီးအသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ "အာဟား..
ဧကရာဇ်မော့... ကျွန်မကို ရှာနေတာလား"
မော့ကျန်းက ခေါင်းလှည့်ကာ လေပေါ်တွင် ပျံဝဲနေသူကို ကြည့်လိုက်သည်။
"ဒီနေ့ ကိစ္စက မင်းလုပ်ထားတာမို့လား"
“What?” ဖြောင်ဖြောင်က ခေါင်းလေးစောင်းကာ မျက်နှာပေါ်တွင် ရှုပ်ထွေးနေဟန်ဖြင့် မော့ကျန်းကို ကြည့်လာခဲ့သည်။
ဟားဟား... မင်းရဲ့ အင်္ဂလိပ်စကားကို နားမလည်ဘူး ထင်နေတာလား... မော့ကျန်းက အသက် 16နှစ်တွင် ပွဲဦးထွက်ခဲ့သော်လည်း ပညာကောင်းကောင်းတတ်ပြီး သင်ယူလေ့လာခဲ့သည့် ဧကရာဇ် ဖြစ်နေဆဲပင်။ သူမ ပြောလိုက်တဲ့စကားကနေ ဘာကို ဆိုလိုမှန်း နားလည်ပြီးသား...
သူက ဖြောင်ဖြောင်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး အံ့ဆွဲကိုဖွင့်ကာ အဝါရောင်အင်းစာရွက်တစ်ရွက် ရှာဖွေလိုက်သည်။
"လုံလောက်ပါပြီ... ကျွန်မ ကြောက်ပါတယ် ဧကရာဇ်မော့"
ဖြောင်ဖြောင်က ခြေလှမ်း အနည်းငယ် ဆုတ်ကာ ထိုကဲ့သို့သော စျေးပေါလှသည့် အပြုအမူမျိုးကို မကျေမလည် ဖြစ်နေဟန်ပေါ်ပြီး အပြုအမူကောင်းလေးဖြင့် ပြောလိုက်သည်။
"ကျွန်မလုပ်ခဲ့တာ... ဒါပေမယ့် ရှင့်ကို ကူညီချင်လို့လေ... ရှင်မြင်နိုင်ဖို့ ကျွန်မရဲ့ နှလုံးသားကိုပါ ထုတ်ပြရမလား"
မော့ကျန်း: “...”
မလိုဘူးနော်...
"တခြားမော်ဒယ်တွေနဲ့ လက်ပွန်းတတီးပုံတွေ ရိုက်ရမှာကို ရှင်တွန့်ဆုတ်နေတာမလား... ဒါကြောင့်ဖို့ ရှင့်ကို ကူပြီး သူ့ကို ဖယ်ပေးခဲ့တာကို... ပြီးတော့ ပြောစမ်းပါအုံး... ဒီနေ့ ကြောင်လေးကို ဘယ်လောက်တောင် အသားယူခဲ့တာလဲ"
ဖြောင်ဖြောင်မှာ ထိုသူက နှလုံးသားထဲထိ သဲတောင်ပို့ ဖြစ်နေသလို ခံစားနေရသည်။
"ကောင်းပြီလေ.... ဒီတစ်ခါတော့ ကောင်းကောင်း လုပ်ခဲ့တယ်... ဒါပေမယ့် နောက်တစ်ခါကျရင် ငါ့ဘဝကို ထပ်မရှုပ်တော့ဖို့ မျှော်လင့်တယ်"
ဖြောင်ဖြောင်က နှုတ်ခမ်းဆူလိုက်သည်။
"ကျွန်မလည်း ရှုပ်ချင်လွန်းလို့ ရှုပ်တယ် ထင်နေတာလား... ရှင် ကြောင်လေးကို မြန်မြန် အောက်မှာ ဖိထားနိုင်မှ ကျွန်မလည်း လူဝင်စားနိုင်မယ်... သိပြီလား"
မော့ကျန်း: “...”
ဂွတ်ဘိုင် :)
သူ အင်းစာရွက် ထပ်ရှာလိုက်သည်။
ဖြောင်ဖြောင်: “...”
သူမက သူမ၏ ပုံရိပ်လေးကို ဗျူဟာကျကျ ပုန်းကွယ်လိုက်လေသည်။
ထိုနေ့ပြီးနောက် လီယန်မှာ မဂ္ဂဇင်းအတွက် စိုးရိမ် ပူပန်နေပြီး အလွန် စိတ်ဖိစီးနေခဲ့သည်။ သူမ၏ အန်တီကြီးပင် တစ်ပတ် နောက်ကျသွားလေသည်။ သူမက ရုံးကို ရောက်သည့်အခါ အယ်ဒီတာကျိုးအား သူမ၏ မျက်နှာကို ဖုံးထား၍ ရနိုင်မရနိုင် တိတ်တိတ်လေး သွားဆွေးနွေးခဲ့သော်လည်း အယ်ဒီတာ ဝန်ထမ်းတစ်အုပ်ကြီးထံမှ အုံလိုက်ကျင်းလိုက် အထင်သေးစက်ဆုပ် ခံလိုက်ရသည်။
သူမ သက်ပြင်းချလိုက်လေသည်။ ကြောက်စရာ ကောင်းလိုက်တာနော် :(
သို့သော်ငြား သူမ မည်မျှပင် ဝမ်းနည်းနေစေကာမူ မဂ္ဂဇင်းက ဇွန်လ အစောပိုင်းတွင် အချိန်ကိုက် ထွက်လာခဲ့သည်။
ထိုမဂ္ဂဇင်းကို မော့ကျန်းက ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုးပေးထားသဖြင့် ရောင်းအားက ယခင်ကထက် အဆပေါင်းများစွာ မြင့်သွားသည်။ လီယန်သည်လည်း မတိုင်မီ နမူနာ မဂ္ဂဇင်းတစ်အုပ်ရခဲ့သည်။ မျက်နှာဖုံးမှာ သူမနှင့် မော့ကျန်းတို့၏ ဓါတ်ပုံဖြစ်နေသည်။
ဓါတ်ပုံက လှလွန်းသဖြင့် မော့ကျန်း ဘေးတွင် ရပ်နေသူမှာ သူမကိုယ်တိုင် ဖြစ်သည်ကိုပင် မယုံနိုင်လုနီးပါး ဖြစ်သွားသည်။ သူမနှင့် မော့ကျန်း၏ ပုံများကို ဒီလထုတ် မဂ္ဂဇင်းတွင် မျက်နှာဖုံးပေါ်၌ "ပန်းရောင်လွှမ်းတဲ့ နွေရာသီ... မင်းတို့ရဲ့ ချိုမြိန်တဲ့အချစ်ရေးလေးပါပဲ"ဟူသော မြင်သာထင်သာလွန်းသည့် ခေါင်းစဥ်ဖြင့် ပွဲထုတ်ထားသည်။
"ချိုမြိန်နေတဲ့ ပန်းရောင် လွှမ်းတဲ့ အချစ်" ဟူသော စကားသုံးလုံးက လီယန်၏ မျက်နှာလေးကို အကြောင်းအရင်းအချို့ကြောင့် ပူတက်လာစေခဲ့သည်။ ဧကရာဇ်မော့ သူမကို မည်ကဲ့သို့ အရှက်မရှိ နမ်းလိုက်သည်ကို တွေးမိသွားသောအခါ မဂ္ဂဇင်းကို စိတ်လောလောဖြင့် လှန်ကာ သူမ၏ ကိုယ်ပိုင် စာမျက်နှာကို ရှာလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူမကို နမ်းနေသည့် ပုံတစ်ပုံမှ မပါဝင်ခဲ့ပေ။ အဆုံးတွင် လီယန်မှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသွားသည်။ ထိုပုံသာ ထုတ်ဝေခဲ့ပါက နောက်တစ်နေ့တွင် သူမ၏ မျက်နှာက နစ်နာသူပုံစံလေးဖြင့် ခေါင်းဖြတ်စက်ပေါ်သို့ ရောက်နေလိမ့်မည်။
အမှန်တကယ်တွင် မတိုင်မီက မော့ကျန်းက ထိုပုံမှာ ထွက်လာနိုင်မည် မဟုတ်ကြောင်း ပြောပြခဲ့ဖူးသော်လည်း မဂ္ဂဇင်း ထွက်လာမည့်နေအထိ သူမ၏ နှလုံးသားထဲမှ ခိုးလို့ခိုးလု ဖြစ်နေသည့်အရာများကို လွှတ်မချရဲပါပေ။
သို့သော်လည်း မဂ္ဂဇင်း မထုတ်ဝေမီကတည်းက ဓါတ်ပုံဆရာမှာ ပုံများကို ကိုယ်ရေးကိုယ်တာ စုဆောင်းမှုထဲသို့ ထည့်ရန်အတွက် ဧကရာဇ်မော့ထံ တိတ်တိတ်လေး ပို့ပေးထားခဲ့သည်။သေချာပေါက်ပင် ထိုကိစ္စအား လီယန်ကို ပြောပြရန် အကြောင်း မရှိပါပေ။ သူက ၎င်းတို့ထဲမှ တစ်ခုကို ရွေးကာ သူမကို ဗယ်လင်တိုင်းဒေး လက်ဆောင်အဖြစ် ပေးရန်သာ လိုသည်။
ကောင်းကောင်း လုပ်ခဲ့တယ်...
ချန်းချင်းယန်မှာ ဧကရာဇ်မော့ TOMATO၏ ဤလထုတ် မဂ္ဂဇင်းတွင် မော်ဒယ်အဖြစ် ပါဝင်မည်ဟု ကြားပြီးကတည်းက မဂ္ဂဇင်းထွက်လာမည့်နေ့ကို မျှော်နေခဲ့ခြင်း ဖြစ်သည်။ သူမ အကြာကြီး အကြာကြီး စောင့်ခဲ့ရပြီးတော့.... မျက်နှာဖုံးမှာ ပါနေတဲ့သူက ဘာလို့ တလီကြီး ဖြစ်နေတာလဲ ဆိုတာကို တစ်ယောက်လောက် ရှင်းပြလို့ရမလား...
ဒါဆို လူအုပ်ကြီးက ဒီလို အလေးအနက်ထားနေတဲ့ အမူအယာ ရှိနေပြီးသား ဖြစ်သွားပုံပဲနော်... ဟား ဟား ဟား...
ချန်းချင်းယန်က မဂ္ဂဇင်းကို ကျော့ကျော့ရှင်းရှင်း ဖွင့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထက်မှ သိမ်မွေ့သော အပြုံးတို့မှာ အခုလေးတင် အခန်းထဲသို့ ဝင်လာခဲ့သည့် သူမ၏ ဖခင်ကို ခြောက်လှန့်မိသွားပြီး ကြမ်းပေါ်သို့ ဒူးထောက်ကျသွားစေသည်။ အမေကြီးရေ... မြန်မြန် လာကြည့်စမ်းပါ... ငါတို့သမီးကို ကြည့်ရတာ ထူးဆန်းတဲ့ တစ်ခုခု ဝင်ပူးခံနေရပုံပဲ...
ချန်းချင်းယန်မှာ ဒူးထောက်ကျသွားသော ဖခင်ဖြစ်သူကို သတိမထားမိပေ။ သူမ၏ မျက်လုံးများက မဂ္ဂဇင်းထက်မှ စုံတွဲထံသာ ကပ်တွယ်နေခဲ့သည်။ မဂ္ဂဇင်း၏ အဆိုအရ မော်ဒယ်အမည်မှာ အားယောင် ဖြစ်ပြီး ၎င်းက အယ်ဒီတာကြီး လီယန်ကို အနုပညာအမည် မေးစဥ်က ပြန်ဖြေခဲ့သည့် နာမည် ဖြစ်သည်။ သူတို့က စုံတွဲအဝတ်အစားများ ဝတ်ထားသဖြင့် နှစ်ယောက်သား၏ ဓါတ်ပုံများမှာ လွန်စွာ ရင်းနှီးကျွမ်းဝင်နေကြသည်။ အချို့က ဖက်ထားပြီး အချို့က ဆံပင်လေးကို နမ်းနေကာ သူတို့၏ နှုတ်ခမ်းများ နမ်းလုဆဲဆဲ ဖြစ်နေသည့် ပုံများပင် ပါသေးသည်။
ဖာခ့်... ဘာလို့ ဒီလောက်ထိ ကပ်နေရတာလဲ... နင့်လို လူတစ်ယောက်မှ မတွေ့ဖူးဘူး... ငါ့သုံးဖက်အမြင်ကတော့ ပြောင်းသွားရပြီနော်...
"ဖတ်"
ချန်းချင်းယန်က မဂ္ဂဇင်းကို ရုတ်တရက် ပိတ်ချလိုက်ပြီး ကြမ်းပေါ်မှ အခုလေးတင် ထလာသည့် သူမ၏ ဖခင်ကို ထပ်ပြီး ထိုင်ချသွားမိစေသည်။
သူမက TOMATO မဂ္ဂဇင်း၏ ဝက်ဘ်ဆိုက်ကို ဝင်လိုက်သော်လည်း မည်သည့် အချက်အလက်မှ မရခဲ့ပေ။ ကြည့်ရသည်မှာ သူမက မဂ္ဂဇင်းနှင့် စာချုပ်ချုပ်ထားသည့် မော်ဒယ် ဟုတ်ဟန်မတူ။ အမှန်တကယ်တွင် ချန်းချင်းယန်က ထိုမဂ္ဂဇင်းကို အကြိမ်တိုင်း ဝယ်လေ့ ရှိသဖြင့် ၎င်းကို ခန့်မှန်းထားခဲ့ပြီးသား ဖြစ်သည်။ သူတို့သာ မော်ဒယ်အသစ် လက်မှတ်ထိုးခဲ့ပါက သူမ သိလိမ့်မည် ဖြစ်သည်။
ဒါဆို တလီနဲ့ အရမ်း တူနေတဲ့ မိန်းမက ဘယ်သူလဲ...
ချန်းချင်းယန်းက ဖုန်းကို ကောက်ကိုင်၍ စကားလုံးအချို့ စာပို့လိုက်သည်။
"တလီ... ဒီလထုတ် TOMATO မဂ္ဂဇင်းကို တွေ့ပြီးပြီလား... မျက်နှာဖုံး မော်ဒယ်က နင်နဲ့ တူနေတာ... နင့်မားကို နင့်အမြွှာ ညီမ ပျောက်သွားခဲ့တာလားလို့ မေးချင်နေပြီ"
လီယန်: “...”
"ချင်းယန်... ငါ မှားသွားပါတယ်... အဲ့ဒါငါပါ"
ငါးမိနစ် ကျော်သွားပြီ... ဆယ့်ငါးမိနစ် ကျော်သွားလေပြီ... နာရီဝက်ပင် ကျော်သွားခဲ့လေပြီ... ချန်းချင်းယန်ထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
"ရှန်ပူ... နင်ငါ့ကို ယောကျ်ား တစ်ယောက်အတွက်နဲ့ ပစ်ထားလိုက်လို့ မရဘူးနော်... ငါ့ကို ထပ်မချစ်တော့ဘူးလို့တော့ မပြောနဲ့"
နောက်ထပ် ငါးမိနစ် ကုန်သွားသောအခါ သူမ၏ ဖုန်း တုန်ခါလာခဲ့လေသည်။
"နင် ငါ့နတ်ဘုရားကို ရင်ခွင်ထဲ ထည့်ထားတယ်... ငါ့ကို ဘာပြောစေချင်သေးတာလဲ... အရမ်း အေးစက်သွားပြီ... ငါတို့ရဲ့ ခင်မင်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့ ဘိုင့်ဘိုင်"
လီယန်: “...”
ဒါဆို မိန်းမတွေရဲ့ ခင်မင်မှုက ကမ္ဘာပေါ်မှာ ကျိုးပဲ့လွယ်ဆုံး အရာပဲ...
"ငါ ရှင်းပြနိုင်ပါတယ်... ငါတို့တွေ့မှ ပြောရအောင်"
"တောင်ထိပ်မျှော်စင်... ဒီည ဆယ်နာရီ.... နင် ထွက်မသွားခင်အထိ ငါကြည့်နိုင်မှာ မဟုတ်ဘူး [ဘိုင့်ဘိုင်]"
လီယန်: “...”
သူတို့ အချင်းချင်း စိတ်ငြိမ်သွားအောင် လုပ်ဖို့ လိုနေသလိုပဲ...
ချန်းချင်းယန်က ဖုန်းပိတ်ကာ ဝေ့ပေါ်သို့ ဝင်လိုက်ပြီး သနားစရာ ကောင်းစွာ ပိုစ့်တင်လိုက်သည်။
"ငါ့သူငယ်ချင်းက ငါ့နတ်ဘုရားကို ဖက်ထားတယ်... ငါ အရမ်း ဝမ်းနည်းနေတယ်... ငါအရမ်း ဝမ်းနည်းရလွန်းလို့ update မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ [ဘိုင့်ဘိုင်]"
စာဖတ်သူများ: “...”
#ဘာလို့များ ခံစားရတဲ့ သူက အမြဲတမ်း သူတို့ပဲ ဖြစ်နေရတာလဲ#
၎င်းကို ဝေ့ပေါ်တွင် ပိုစ့်တင်ပြီးနောက် ချန်းချင်းယန်က အရေးပါသည့် မေးခွန်းတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။ လီယန်က ဘယ်လိုလုပ်ပြီး ဧကရာဇ်မော့နဲ့ ဓါတ်ပုံရိုက်နိုင်သွားရတာလဲ... သူက TOMATO ရဲ့ မော်ဒယ်တောင် မဟုတ်ဘူးလေ...
သူမက ယခုအချိန်တွင် လီယန်နှင့် စကားများစွာ မပြောချင်သော်လည်း ထိုမေးခွန်းက ငါးရိုးတစ်ချောင်းလိုပင် လည်ချောင်းထဲ၌ ကပ်ငြိနေခဲ့သည်။ သူမ ၎င်းကို မျိုချ၍ မရနိုင်ခဲ့ပေ။
“အားးးးးးးးးးးးး” ချန်းချင်းယန်က အိပ်ရာပေါ်တွင် လူးလှိမ့်ပြီးနောက် ထထိုင်လိုက်သည်။ ထို့နောက် ဖုန်းဖွင့်ကာ လီယန်ကို မက်ဆေချ့်တစ်စောင် ပို့လိုက်လေသည်။
"ဘာလို့ မဂ္ဂဇင်းက နင့်ကို မော်ဒယ် အဖြစ် ထားထားတာလဲ"
ချန်းချင်းယန် သူမထံ နောက်ထပ် မက်ဆေချ့် ပို့လာသည်ကို လီယန် တွေ့သောအခါ မြန်မြန် ဖွင့်ကြည့်လိုက်သည်။
ကောင်းပြီလေ... ဒီမေးခွန်းက...
"ငါ့ဘောစ့်က မဂ္ဂဇင်းရဲ့ အယ်ဒီတာ အဖွဲ့မှုးနဲ့ သိတယ်လေ... အဲ့နေ့က မော့ကျန်းနဲ့ ရိုက်မဲ့ မော်ဒယ်က မတော်တဆ ဖြစ်သွားတာ... လူရှာလို့ မရတော့ ငါ့ကို သူ့နေရာမှာ အစားဝင်လို့ ရမလားလို့ ပြောခဲ့တာ"
သူက အမှန်တရားကို ပြောနေခြင်းပါ...
ချန်းချင်းယန်က မျက်လုံးများ မှေးကျဥ်းလိုက်သည်။ အယ်ဒီတာ တစ်ယောက် အနေနဲ့ သူမ ဘောစ့်ကလည်း အယ်ဒီတာ တစ်ယောက်ပဲ ဖြစ်လိမ့်မယ်... အယ်ဒီတာ တစ်ယောက်က အခြား အယ်ဒီတာ တစ်ယောက်နဲ့ သိတာကလည်း ပုံမှန်ပါပဲ... "နင်လုပ်နေတာ ဘယ်လို မဂ္ဂဇင်းမျိုးလဲ"
"အာ... ဖက်ရှင် မဂ္ဂဇင်းလေ"
ဖက်ရှင်မဂ္ဂဇင်းများက ဖျော်ဖြေရေး လောကနှင့် အနည်းနှင့်အများ ထိတွေ့မှု ရှိပြီး သူမဘောစ့် မော့ကျန်း၏ လက်မှတ် ရလာနိုင်သည်က အံသြစရာ မဟုတ်တော့ပေ။
"ဘာလို့ နင့်ကို မော်ဒယ်နေရာ အစားထိုးရတာတဲ့လဲ"
“...ငါနဲ့ ငါ့ဘောစ့်လည်း အဲ့မှာ ရှိနေလို့လေ"
သူတို့တွေ အားလုံးက ဖက်ရှင် မဂ္ဂဇင်းတွေပဲ... တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိကြတာလည်း ပုံမှန်ပါပဲလေ... သူမ၏ လည်ချောင်းမှ အရိုးက အဆုံးတွင် ဆွဲထုတ်ခံလိုက်ရသည့်နောက် သူမ၏ ချန်းချင်းယန်၏ နှလုံးသား သက်တောင့်သက်တာ ဖြစ်သွားခဲ့သည်။
"နောက်ဆုံးမေးခွန်း... နတ်ဘုရားလေးကခံစားလို့ ကောင်းရဲ့လား"
လီယန်: “...”
“...အရမ်းကောင်းတယ်”
သေစမ်း...
ချန်းချင်းယန်က ဖုန်းကို ဒေါသတကြီး ပိတ်ချလိုက်ပြန်သည်။
လီယန်က မက်ဆေချ့်ကို ထပ်ကြည့်လိုက်ပြီး နှုတ်ခမ်း တွန့်သွားသည်။ ဒါဆို မေးခွန်းတွေ အဆင့်ဆင့် ဖြေပြီးပြီဆိုတော့ ကန်ထုတ်ခံလိုက်ရတော့တာလား...
သူမက အလုပ်ပြီးသွားတာတောင် ငွေမရသေးဘူးလေ....
Xxxx