Chapter 81
ကျော်ကြားမှု
ချန်းချင်းယန်သာမက အင်တာနက်တစ်ခုလုံးကပါ ထိုကိစ္စအပေါ် ဆူညံပွက်လောရိုက်နေကြသည်။
TOMATOက မော့ကျန်းကို မော်ဒယ်အဖြစ် ဖိတ်ခေါ်ခဲ့ခြင်းမှာ မူလတွင် သူတို့၏ ထုတ်ကုန်များကို ကြော်ငြာရန် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း ကျော်ကြားနေမှုက ဇာတ်ကောင်သာ ဖြစ်ပြီး လူတိုင်းက မော်ဒယ်များကိုသာ ကြည့်ရန် အလုပ်ရှုပ်နေကြပြီး မည်သူကမှ အဝတ်အစားများအပေါ် စိတ်မဝင်စားကြတော့ပေ။
ဝတ်ရုံရှည်ဖိုရမ်ကလည်း TOMATO နှင့် ပတ်သက်ပြီး သတင်းများသာ ဖုံးအုပ်လုနီးပါးပင်။ ချန်းချင်းယန်က ရှေ့ဆုံးစာမျက်နှာကို စကန် ဖတ်ကြည့်လိုက်ပြီး လူကြည့်အများဆုံးပိုစ့်ကို သာမန်ကာလျှံကာ ဝင်ကြည့်လိုက်သည်။
ပိုစ့်တင်သူက မဂ္ဂဇင်း စာမျက်နှာများကို စကန်ဖတ်ထားပြီး ပုံများတွင် ဂျစ်ဆော ပဟေဠိများကို ပြုလုပ်ထားသည်။ သူက ၎င်းတို့အပေါ်၌ ဧကရာဇ်မော့ရဲ့ နူးညံ့တဲ့ အကြည့်၊ သူ သူမရဲ့ ဆံပင်ကို နမ်းလိုက်တဲ့အခါ တွေ့ရတဲ့ ပန်းရောင် ပူပေါင်းလေးတွေ၊ နှစ်ယောက်သားရဲ့ ထိကာနီး နှုတ်ခမ်းလေးတွေ ဟူသော မှတ်စုတိုလေးများစွာကိုပင် လုပ်ထားခဲ့သည်။
အဆုံးပိတ် စာသားက တစ်ကြောင်းတည်းသာ... အချစ်စစ်ကသာ ဒီလို ပုံမျိုး ရိုက်နိုင်တယ်...
“ဧကရာဇ်မော့က ကမ္ဘာကြီးကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး .. ဒါပေမယ့်လည်း ဧကရာဇ်မော့ရဲ့သရုပ်ဆောင်ပုံက အရမ်းကောင်းနေတာကြောင့်ပဲလေ[ဘိုင့်ဘိုင်]”
“မော့ကျန်း သူမရဲ့ဆံပင်ကို နမ်းရတဲ့အတွက်... မော့ကျန်း သူမရဲ့ ခါးကို ဖက်ထားရတဲ့ အတွက်၊ မော့ကျန်း သူမကို နီးနီးကပ်ကပ် ကပ်တွယ်နေရတဲ့အတွက်... ဓါတ်ပုံဆရာကို သတ်ကြမယ်”
“ငါ TOMATO ကို သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ... ငါ့ကို ဆုတောင်းပေးကြပါ"
“ဒီမော်ဒယ်က ဘယ်သူလဲ ဆိုတာကို ငါပဲ သိချင်နေကြတာလား... သူက TOMATOနဲ့ စာချုပ်တောင် ချုပ်မထားဘူးနော်"
“အပေါ်ထပ် + 1 တရားဝင် ဝက်ဆိုက်မှာလည်း သူ့အကြောင်း တစ်ခုမှ မရှိဘူးနော်... ဒါပေမယ့် သူက TOMATOရဲ့ ထောက်တိုင်တွေ အများကြီးကို ညှစ်ထုတ်နိုင်စွမ်း ရှိတယ်ဆိုရင် သူ့နောက်ခံက အရမ်းတောင့်လို့ပဲ ဖြစ်ရမယ်"
“ငါ သူ့မျက်နှာပေါ်မှာ ငါ့ပုံ ပြောင်းထားပြီးသွားပြီ”
“…”
“ဒီမော်ဒယ်က အရမ်းလှတာပဲလို့ ငါ ဘာလို့ တွေးမိနေပါလိမ့်... ဒီမော်ဒယ်က အရမ်းလှတာပဲလို့ ငါ ဘာလို့ တွေးမိနေပါလိမ့်... သူက ဧကရာဇ်မော့နဲ့ အရမ်း လိုက်ဖက်နေတာ... ငါ့ကို နိုးထအောင် လုပ်ပေးကြပါအုံး"
“အပေါ်ထပ်က တစ်ယောက်ကို သတ်ကြဟေ့”
“ငါကတော့ သူ့ဝတ်စုံလေးကို ကြိုက်တယ်... ပန်းရောင်လေး အပြာရောင်လေးတွေနဲ့ အရမ်း ချစ်စရာ ကောင်းတာပဲ"
အယ်ဒီတာကြီးမှာ မျက်ရည်ကျလုမတတ် ရင်ထဲ ထိသွားသည်။ နောက်ဆုံးတော့ တစ်ယောက်ယောက်က သူမရဲ့ အဝတ်တွေကို သတိထားမိသွားပြီ...
၎င်းက ကမ္ဘာသစ်တစ်ခုကို တံခါးဖွင့်ပေးလိုက်သလိုပါပင် စိတ်အာရုံ အလုံးစုံက သူတို့၏ အဝတ်အစား၊ ဆံပင်ပုံစံ၊ မိတ်ကပ်နှင့် အိတ်များထံသို့ အောင်အောင်မြင်မြင် ရွေ့ပြောင်းသွားခဲ့သည်။
"ဒီမော်ဒယ်ကို အန်းယိ ပုံဖော်ပေးထားတာ... ငါ ဒီလို လှိုင်းပုံစံလေးလည်း ကောက်ချင်တယ်"
“လှိုင်းအကြီးကြီးတွေ ကောက်ရင် ရင့်တဲ့ ပုံပေါက်သွားတယ်... ဒီမော်ဒယ်ကတော့ ငယ်သွားတဲ့ ပုံစံပေါ်လို့ ကြည့်ကောင်းတယ်နော်"
“ဖာ့ခ်.. အိတ်က ယွမ်2000ထက်တောင် များနေသေးတယ်... ဘယ်တုန်းက TOMATOက အဆင့်မြင့်သွားရတာလဲ"
“TOMATOကို တွေ့ကတည်းက ကြာလှပြီ အပေါ်ထပ်ရေ... ခုတလော စျေးနှုန်းတွေက ကျောင်းသားတွေကို မျက်နှာမှာ သွေးတွေ ဖုံးပြီး သေသွားချင်အောင် လုပ်နေကြသလိုပဲ"
ချန်းချင်းယန်: “… …”
အပေါ်က သဘောတူထားတဲ့ သဘောတူညီချက်ကရော... ဘာလို့ ရုတ်တရက်ကြီး ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းဖွဲ့နေကြတာလဲလို့... အဝတ်တွေအကြောင်း စကားစတဲ့သူက ဖိုရမ်ထဲ ခိုးဝင်လာတဲ့ TOMATOက အေးဂျင့်တစ်ယောက်ပဲ ဖြစ်ရမယ် ..
လီရှောင်က မဂ္ဂဇင်းကို ရပြီးနောက် ကြက်သေသေသွားလေသည်။ သူမရဲ့ ဝမ်းကွဲက ဧကရာဇ်မော့နဲ့ တိတ်တိတ်လေး တွဲခုတ်နေတယ်... သူမကတော့ ဒါကို သည်းမခံနိုင်ပါဘူးနော်... သူမက မဂ္ဂဇင်းကို ကိုင်ကာ ထိုကိစ္စကို အစီအရင်ခံရန်အတွက် လီယန်၏ အိမ်သို့ ချက်ချင်း သွားလေသည်။
“ဒါ တကယ်ကြီး သူ့မျက်နှာလား” မားမားလီက မျက်နှာပေါ်တွင် မယုံနိုင်ခြင်းတို့ ချိတ်ဆွဲထားသည်။
"ငါ့သမီးက ဘာလို့ အဲ့လောက် ချစ်စရာ ကောင်းနေရတာလဲ"
“ဒါက အဓိက အချက် မဟုတ်ဘူး” ပါးပါးလီက စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး မော့ကျန်း၏ ပုံကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။
"ဒီကောင်က ဘယ်သူလဲ... ဘာလို့ ငါတို့သမီးနဲ့ အရမ်း နီးနေရတာလဲ"
“ဒါက ဧကရာဇ်မော့လေ... နေ့တိုင်း တီဗီမှာ သူ့ကြော်ငြာတွေ တွေ့နေရတာပဲဟာ" မားမားလီက မျက်လုံးတောက်တောက်လေးများဖြင့် ဆိုလိုက်သည်။
"ကျွန်မရဲ့ သမီးကို ဒီလိုချောမောတဲ့ ကောင်လေးနဲ့ သိနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"
ပါးပါးလီ: “…”
အခန်းထဲက အသိဥာဏ်တွေ နိမ့်ဆင်းလာသလိုပဲနော်...
ကျန်းမိသားစု ဘိုးဘွားပိုင်အိမ်တွင် အကြီးဆုံး ဆရာတူအစ်ကိုက မဂ္ဂဇင်းတစ်အုပ်ကို လက်ထဲတွင် ကိုင်၍ ဥယျာဥ်လေးထဲသို့ အပြေးရောက်လာသည်။
"ဆရာ... ဆရာရေ... ဆရာတူ ညီမလေး အသားယူခံနေရပြီ"
အကြီးဆုံးအစ်ကိုနောက်တွင် ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဥ္စမဆရာတူ အစ်ကိုတို့ လိုက်ပါလာခဲ့ကြသည်။ သူတို့က မဂ္ဂဇင်းကို စားပွဲပေါ်သို့ ပစ်ချကာ ကျန်းချန်ကို စိတ်အားထက်သန်စွာ ကြည့်လာကြသည်။
လူအိုကြီးကျန်းက လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး မဂ္ဂဇင်းကို ကောက်ယူကာ စာမျက်နှာအချို့ လှန်လှော ကြည့်လိုက်သည်။
"လီယန်အတွက် တကယ့် ပြောင်းလဲမှုကြီးပဲ... သူ့မျက်နှာလေးက သူ့အမေ ငယ်ငယ်ကထက်တောင် ပိုလှလာသေးတယ်"
အကြီးဆုံး ဆရာတူအစ်ကို: “…”
ကျွန်တော်တို့က ဒါကို ကြားချင်တာ မဟုတ်ဘူးလို့... "ဆရာ... ညီမလေးရဲ့ဘေးက ကောင်လေးကို ကြည့်လိုက်... သူ့လက်တွေကို ညီမလေးရဲ့ ခါးမှာ တင်ထားသေးတယ်... ဒီကောင် တော်တော်လေး သည်းမခံနိုင်စရာပဲ"
“အစ်ကိုကြီး ပြောတာ မှန်တယ်” တတိယ၊ စတုထနှင့် ပဥ္စမ ဆရာတူအစ်ကိုတို့ကလည်း ဝင်ရောက် ဆွေးနွေးလာကြသည်။
“ဒါဆို ငါ့ကို ဘာလုပ်စေချင်နေတာလဲ”
“သူနဲ့ ဘဝအကြောင်း စကားပြောမှ ဖြစ်မယ်"
"သူ့ရဲ့ ကိုယ်ခံပညာကို စစ်ဆေးပေးပါ"
"ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ မိတ်ဆွေ ဖြစ်လာစမ်းပါ"
"ဟားဟားဟား"
….
လူအိုကြီးကျန်းက သူတို့ကို ကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ မဂ္ဂဇင်းကို ကြည့်လိုက်သည်။ "ပြောကာမှ... မင်းတို့တွေက ဒီလို မဂ္ဂဇင်းတွေကို ဖတ်နေတုန်းပဲလား"
….
“ကျွန်တော်တို့ဟာ မဟုတ်ပါဘူး... ကိုယ်ခံပညာလာသင်တဲ့ ကောင်မလေး ယူလာတာ" အစ်ကိုကြီးက သူ့ဂုဏ်သတင်းကို ခုခံပြောဆိုရန် အလောတကြီး ကြိုးစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဝတ်ရုံရှည်ဖိုရမ်၌ သတင်းအသစ်တစ်ခု တက်လာနေသည်။
“ဒီ မော်ဒယ်ညီမလေးကို သိပါတယ်လို့ တွေးနေတာ... ငါ့ကို ကိုယ်ခံပညာသင်ပေးခဲ့တဲ့ ဂျူနီယာညီမလေးလေ... သူ အရင်တုန်းက ငါ့ကို သင်ခန်းစာတွေ သင်ပေးဖူးတယ်... သူက လူကောင်းလေးတစ်ယောက်ပါနော်... ပြီးတော့ အရမ်းလည်း မိုက်သေးတယ်...သူက ငါ့နတ်ဘုရားမလို့ မပြောဘူးနော်"
“သောက်ကျိုးနဲ... တကယ်ကြီးလားဟ... မော်ဒယ်မမက အရမ်းမိုက်တာပဲလား"
“တကယ်ကြီးလို့... အခု ငါ့ရဲ့ နည်းပြက သူ့ကို မှတ်မိသွားတဲ့ပုံပဲ... နည်းပြတွေ အုပ်လိုက်ကြီး ခေါ်သွားပြီး ခေါင်းဆောင်ကို သွားပြနေကြတယ်... သူတို့ရဲ့ အသံအနေအထားအရတော့... သူတို့ရဲ့ ဆရာတူညီမလေးက အသားယူခံနေရတယ်ဆိုပြီး တွေးနေကြပုံပဲ... ပြီးတော့ သူ့အတွက် တရားမျှတမှု ရှာဖို့ ကြိုးစားနေကြတာ"
“ဘာလို့လဲ... ငါရုတ်တရက် ဧကရာဇ်မော့အတွက် ဖယောင်းတိုင် ထွန်းပေးချင်သွားပြီ"
“ဧကရာဇ်မော့ရေ... ဂရုစိုက်ပါ”
"နင်တို့တွေ လီမွန်ပြုတ်ရဲ့ ဘလောခ့်ကို follow လုပ်ထားကြသေးလား... ဒါက သူတစ်ခါက တင်ခဲ့ဖူးတဲ့ပုံပဲ... ညာဘက်က မိန်းကလေးက မော်ဒယ်မမနဲ့ တူတယ်လို့ မထင်ကြဘူးလား"
“သောက်ချီး... သေချာပေါက် တစ်ယောက်တည်းပဲဟ”
“ညာဘက်ကတစ်ယောက်က စုယန်မလား... မင်းမှာ အုတ်မြစ်ကောင်းကောင်း ရှိနေတာပဲ"
“လီမွန်ပြုတ်ရဲ့ နောက်ဆုံးပိုစ့်မှာ သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက နတ်ဘုရားကို ဖက်ထားလို့ ခင်မင်မှုကို အဆုံးသတ်တော့မယ်လို့ ပြောခဲ့တာ... ဒါကို ပြောချင်တာလားမသိ"
“လီမွန်ပြုတ်ရဲ့ အရင်က ပိုစ့်တွေကို ကြည့်ပြီးပြီ... မော်ဒယ်မလေးရဲ့ အကောင့်က ဒါဖြစ်မယ် ထင်တယ်"
ချန်းချင်းယန်: “… …”
ဖိုရမ်မှ မိန်းကလေးများမှာ တိုက်ခိုက်လိုစိတ်များ ပြည့်ဝနေကြသည်။ နေ့တစ်ဝက်အတွင်းမှာပင် ဝေ့ပေါ်မှ အချက်အလက်များအားလုံးကို တူးထုတ်ခဲ့ပြီးလေပြီ။
ချန်းချင်းယန်က လီယန်၏ ဝေ့ပေါ်ပိုစ့်ကို ထုတ်ကာ ဝေ့ပေါ်မှ လီယန်၏ ဓါတ်ပုံကိုလည်း ဖျက်လိုက်သည်။ သို့သော်လည်း ဖိုရမ်မှ အင်အားပြည့်နေကြသည့် မိန်းကလေးများကို မရပ်တန့်နိုင်ခဲ့ပေ။ တစ်နေ့လည်လေး အတွင်းမှာပင် လီယန်၏ ဝေ့ပေါ်က ထောင်ဂဏန်းအထိ တိုးလာသဖြင့် ကွန်ပြူတာကို ဗိုင်းရပ်စ်များ ဝင်လေသည်လားဟု တွေးမိပြီး ထိတ်လန့်သွားလေသည်။
"ကျန်းကျန်း... ကျွန်မ နာမည်ကြီးလာတော့မယ် ထင်တယ်" လီယန်က သူမ၏ notebookကို ကိုင်ကာ မော့ကျန်းရှေ့သို့ ပြေးလာခဲ့သည်။ သူတို့ အခုလေးတင်မှ ရိုက်ကူးရေးမှ ပြန်ရောက်လာခြင်းဖြစ်ပြီး မော့ကျန်းသည်ပင် စားပွဲတွင် ထိုင်ကာ ညလယ်စာ စားနေဆဲ ဖြစ်သည်။ သူက လီယန် သူ့ထံ ကမ်းပေးလာသော ကွန်ပြူတာကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ ဖန်အရေအတွက်က 500ကျော်မှ 3000ကျော်သို့ ရောက်နေသည်ဟူသော အချက်ထက် သူမထံတွင် ကွန်မန့် မြောက်များစွာ ရှိနေသည်။
“မော်ဒယ်မမကို ရှာဖို့ ဖိုရမ်ကနေ ရောက်လာတာပါ”
“မမရေ... မမရဲ့ သင်တန်းကျောင်းက တပည့် လက်ခံသေးလားဟင်... ကျွန်မလည်း ကိုယ်ခံပညာ သင်ချင်တယ်လို့... အရမ်းလှလွန်းတာလည်း ပြဿနာပဲ"
“ငါကတော့ ဧကရာဇ်မော့ ငါ့ကို ရှူး ရေကန်ဆီ သယ်သွားပေးမလားလို့ မေးချင်နေတာ"
“ရတနာလေးရေ... တစ်ရက်ကို ယွမ်300 ရတဲ့ အချိန်ပိုင်းအလုပ် ရှိပါတယ်... စိတ်ဝင်စားရင် addပေးနော်"
….
မော့ကျန်းက ကွန်ပြူတာကို သူ့ရှေ့တွင် ထားလိုက်ပြီး ဝတ်ရုံရှည် ဖိုရမ်တွင် စကားလုံးလေးလုံးကို ရိုက်ရှာလိုက်သည်။ ဖျော်ဖြေရေးစီးပွားရေးအပိုင်းသို့ ရောက်သောအခါ screenကို လီယန်ဆီ ပြန်လှည့်ပေးလိုက်သည်။ "အဖြေက ဒီမှာ ရှိလောက်တယ်"
လီယန်က မဂ္ဂဇင်း ဓါတ်ပုံများ ပြည့်နေသည့် ပိုစ့်၏ ရှေ့စာမျက်နှာကို ကြည့်ကာ မပြုံးမိဘဲ မနေနိုင်တော့။ မော့ရှောင်းက ခေါင်းစဥ်ကို ကြည့်၍ "မော်ဒယ်မလေးရဲ့ ဝေ့ပေါ်ကနေ ပြန်လာပြီးတော့ အချက်လက်အချို့ စုပေးထားတယ်" ဟူသော ပိုစ့်ကို နှိပ်လိုက်သည်။
[(နံပါတ်တစ်... ကျဲကျဲက မြို့တော်တက္ကသိုလ် တရုတ်စာဌာနက သာမန် ကျောင်းသူတစ်ယောက် ဖြစ်တဲ့ပုံပဲ... ဇွန်လနောက်ပိုင်းမှာ ဘွဲ့ရထားတာ... သူ့မှာ နောက်ခံကောင်းကောင်းရှိလို့ဆိုတဲ့ဟာတွေ ကျေးဇူးပြုပြီး ဒူးထောက်လိုက်ကြ...
နံပါတ်နှစ်... မနှစ်က ကျဲကျဲက အရမ်းနေမကောင်း ဖြစ်သွားတဲ့ပုံပဲ... ဒီနှစ်စရောက်မှ သက်သာလာတာ... ဧပြီမှာ အလုပ်ရတယ်... ငါ့ကျဲကျဲက သူ့ဘောစ့်ရဲ့ ပုံဆိုပြီး ဧကရာဇ်မော့ရဲ့ ပုံတွေ သုံးထားသေးတယ်...
နံပါတ်သုံးအချက်... ကျဲကျဲက တကယ် လှတာနော်... ဝေ့ပေါ်မှာ သူ့မျက်နှာလှလှလေးကို တွေ့ပြီးတော့ ဦးနှောက်မရှိတဲ့ ဖန်လေး ဖြစ်သွားတော့တာပဲ...
နံပါတ်လေး... ဒါလေးက အကျဥ်းချုပ်လေးပါနော်... ရန်ဖြစ်ချင်ရင် နောက်ထပ်ပိုစ့်တစ်ခု ဖွင့်လိုက်")]
မော့ကျန်းက အတန်းလိုက်မှ ပထမဆုံးအထပ်အထိ တက်ပြီးသွားလေပြီ။ ကြောင်တောင်တောင် ဖြစ်နေဆဲ လီယန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တုံ့ပြန်ချက်တွေက ကိုယ်ထင်ထားတာထက်တောင် ကောင်းသေးတယ်... သူတို့မင်းကို အရှင်လတ်လတ် အရေခွံနွှာကြလိမ့်မယ်လို့ တွေးနေတာ"
လီယန်: “…”
နမ်းနေတဲ့ပုံသာ ထည့်လိုက်ရင် ဒါနဲ့ ဝေးတော့မှာ မဟုတ်ဘူး...
"ဒါပေမယ့် မင်းရဲ့ ဝေ့ပေါ် ဖော်ထုတ်ခံလိုက်ရပြီ ဆိုတော့ သူတို့ကို ပြန်ဖြေဖို့ စာတစ်စောင် ပို့ပေးတာ ကောင်းမယ်"
“ဟမ်” လီယန်က သူပြောသည့် စကားကို ကြားသောအခါ စိတ်လှုပ်ရှားလာခဲ့သည်။ "ကျွန်မ ဘာပြောသင့်လဲ"
မော့ကျန်းက ရယ်မောလိုက်သည်။ "ကျေးဇူးတင်စကား နည်းနည်းလောက်ကို မင်း ဝေ့ပေါ်မှာ တင်လေ့ရှိတဲ့ အသံအနေအထားလိုမျိုး တင်လိုက်ပေါ့"
"အိုး" လီယန်က မျက်နှာပြင်ကို ကြည့်ကာ စတင်တွေးတောနေသည်။ သူမက ရေးသည်၊ ဖျက်သည်၊ ထို့နောက် စာလုံးများ ပြောင်းခြင်းကို အကြိမ် အနည်းငယ်မျှ လုပ်ပြီးနောက် ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်သည်။
“မင်းတို့ ငါ့ရဲ့ ဝေ့ပေါ်ကို ဘယ်လို ရှာတွေ့မှန်း မသိပေမယ့် စိတ်ဝင်စားပေးကြလို့ ကျေးဇူးတင်ပါတယ်... ဒီတစ်ခေါက် မဂ္ဂဇင်းမှာ ငါ့ပုံတွေ ပါလာတာက မူလမော်ဒယ်က မတော်တဆမှုတစ်ခု ဖြစ်သွားလို့ သူ့နေရာမှာ အစားဝင်လိုက်တာပါ... ငါက အလုပ်များတဲ့ ကောင်မလေး တစ်ယောက်ပါပဲ... နောက်ဆုံးအနေနဲ့ မိန်းကလေးတွေကို သင်တန်းလာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်... ငါတို့ သင်တန်းကျောင်းမှာ အလုပ်သင်လေးတွေလည်း ခေါ်နေတယ်နော်... နည်းပြတွေကလည်း လက်ထပ်သင့်တဲ့ အရွယ်ရောက်နေတဲ့ ဆင်ဂယ်အမျိုးသားတွေပါပဲလို့... စိတ်ဝင်စားရင် သီးသန့်လာဆက်သွယ်ပါနော်"
ဧကရာဇ်မော့က လီယန်၏ မိုက်ခရိုဘလောခ့်ကို ကြည့်လိုက်ရာ သူမ၏ ဖော်ရွေမှူကို ပြထားပြီး မျက်နှာချိုသွေးနေပုံ မပေါ်ပေ။ သူမက နောက်ခံမရှိပါဟု ပညားပါပါ ပြောထားပြီး သင်တန်းကိုလည်း ကြော်ငြာရန် မမေ့ခဲ့။ အရေးကြီးဆုံး အချက်မှာ ပိုစ့်တစ်ခုလုံးက ချစ်စရာ ကောင်းလှသည်။
သူမ၏ လူထုဆက်ဆံရေး စကေးများက ပြီးပြည့်စုံလှပေသည်။ သူမက အနုပညာရှင်တစ်ယောက် မဟုတ်သည်မှာ စိတ်မကောင်းစရာပင်။
မကြာမီပင် TOMATO၏ မိုက်ခရိုဘလောခ့်မှ လီယန်၏ပိုစ့်ကို forward လုပ်လာခဲ့သည်။ "မော်ဒယ်လေး မန့်မန့်တ(ချစ်စရာကောင်း)... မင်းတို့ကို တိတ်တိတ်လေး ပြောပြမယ်နော်... ငါတို့ရဲ့ အယ်ဒီတာကြီးက သူ့ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းပေမယ့် သူ့ရဲဘောစ့်က သဘောမတူခဲ့ဘူးတဲ့"
ဧကရာဇ်မော့က ထိုပိုစ့်ကို ကြည့်၍ တစ်ခဏမျှ တွေးလိုက်ပြီးနောက် တိုက်ရိုက်ပင် forward လုပ်လိုက်သည်။
သူတို့၏ ကူညီမှုနှင့်ပင် လီယန်၏ ဖန်အရေအတွက်က ညတွင်းချင်း 10000ကိုပင် ကျော်လွန်သွားခဲ့သည်။ သူမက ညတွင်းချင်း ကျော်ကြားလာမှုကို တွေ့ကြုံလိုက်ရလေပြီ။
ထန်ချန်းသည်ပင် ထိုကိစ္စကို အာရုံစိုက်လာခဲ့သည်။ လီယန်၏ ကိုယ်လုံးကိုယ်ပေါက်က ဆွဲဆောင်မှု ရှိသည်။ သူ အချိန်ကို ကြည့်လိုက်ပြီးနောက် မော့ကျန်းထံ ဖုန်းခေါ်လိုက်သည်။
"ဧကရာဇ်မော့... အခုထိ မအိပ်သေးဘူးလား"
"ပြောစရာရှိတာပြော" မော့ကျန်း၏ အသံက အိပ်ရာမှ နိုးထလာရသည့်အလား အက်ကွဲနေသည်။
ထန်ချန်းက စေ့စပ်သော သဘောထားကို ကျင့်သားရပြီးသား ဖြစ်သည်။ "နောက်ဆုံးတစ်ခေါက် မင်း သူ့အကြောင်း ပြောတဲ့ဟာလေ... သူက တွေးပြီးပြီတဲ့လား"
ရုပ်ရှင်ဘုရင်များ၊ ဧကရာဇ်များ မရှားပါးသော်လည်း ရုပ်ရှင်ဧကရီ တစ်ယောက်တလေပင် မရှိပါပေ။ ထင်ရှားကျော်ကြားသော အမျိုးသမီး အနုပညာရှင်များမှာ မင်းသမီးလေးများအဖြစ်သာ ဘောင်ခတ်ခံခဲ့ရသည်။ အခုတော့ ကြည့်ရတာ သူမက ကွာဟချက်ကို ဖြည့်နိုင်တော့မဲ့ပုံပဲ...
လီယန်၏ အပြင်ပိုင်း အသွင်အပြင်များက ထက်မြက်နေပြီးသား ဖြစ်ကာ ပရော်ဖက်ရှင်နယ် လေ့ကျင့်မှူနှင့် တွဲလိုက်ပါက သူမကို တောက်ပလာမည့် တစ်ကိုယ်တော် အနုပညာရှင် တစ်ယောက်အဖြစ် လုပ်နိုင်ရန် ယုံကြည်ချက်ရှိသည်။
မော့ကျန်းက ပြန်ဖြေမလာခင် တစ်ခဏမျှ တွေးတောလိုက်သည်။ "ငါ့ကို အချိန်ထပ်ပေး"
“ကောင်းပြီလေ... တတ်နိုင်သမျှ မြန်မြန် အဖြေပြန်ပေး”
Xxxxx