Chapter 82
ဖုန်းချပြီးနောက် မော့ကျန်းက ဖုန်းဖြင့် အင်တာနက်ပေါ် တက်လိုက်သည်။ တစ်ညတာ အခြေကျသွားပြီးနောက် လီယန်အပေါ် လူတိုင်း၏ စိတ်အားထက်သန်မှုများက အဆုံးသတ်မသွားခဲ့ဘဲ ထိုအစား ပိုပို၍ ပြင်းထန်လာကြသည်။ လီယန်၏ ဖန်အရေအတွက်မှာ ဆက်လက်တိုးပွားလာနေပြီး သူမအကြောင်း topicပေါင်းများစွာကို တည်ဆောက်လာကြသည်။
မော့ကျန်းက ရုတ်တရက် ကပ်ဘေး၏ အာရုံ အသစ်အဆန်းတစ်ခုကို ခံစားလိုက်ရသည်။
ယခင်က လီယန်သည် သရဲမတစ်ယောက်အဖြစ်သာ ရှိနေစဥ်က သူတစ်ယောက်တည်းသာ သူမကို မြင်နိုင်ပြီး သူတစ်ယောက်တည်းကသာ သူမကို ကြားနိုင်သည်။ သူက သူမ၏ ကမ္ဘာတစ်ခုလုံး ဖြစ်ပြီး သူမက သူ့အပေါ် အလွန် မှီခိုတတ်သည်။ ထို့နောက် သူမက လီယန် ထပ်ဖြစ်သွားပြီး သူမ၏ ကိုယ်ပိုင်မိသားစုနှင့် သူငယ်ချင်းများ၊ သူမ၏ ကိုယ်ပိုင် ကမ္ဘာလေးလည်း ရှိလာပြီး သူမ လုပ်ခဲ့သလိုမျိုး သူ့အပေါ် ထပ်မမှီခိုတော့ပါချေ။
ယခုတွင် သူမတွင် ပိုကြီးသည့် စင်မြင့်ထက်တွင် ရှိလာ၍ သူမ၏ အတောင်ပံများ ပြန့်ကားလာပြီး ပိုပို၍ မြင့်မြင့်ပျံကာ သူနှင့် ဝေးသထက်ဝေးလာတော့မည်ကိုပင် သူမြင်နေရသည်။
သူ ထိုအချင်းအရာကို မနှစ်သက်ပါပေ။
.......
လီယန်က မနက်စာပြင်ဆင်ပြီးသွားပြီ ဖြစ်ပြီး ကိုယ်လှည့်လိုက်ရာ လှေကားပေါ်မှ အရုပ်ဆိုးနေသော မျက်နှာဖြင့် ဆင်းလာနေသည့် မော့ကျန်းကို တွေ့လိုက်ရသည်။ သူမက မျက်တောင်မြန်မြန် ခတ်ကာ သူ့ဆီ လျှောက်သွားလိုက်သည်။ "ကျန်းကျန်း... ဘာဖြစ်နေတာလဲ"
မော့ကျန်းက သူမကို ကြည့်လိုက်ပြီး နှုတ်ခမ်းများ တင်းတင်းစေ့ကာ ပြောလိုက်သည်။ "အရင်တစ်ခေါက်က ပြောထားတဲ့ စာချုပ်အကြောင်း တွေးပြီးပြီလား"
[(စာရေးသူမှာ ပြောစရာ ရှိပါတယ်..
ဧကရာဇ်မော့က မင်းအတွက် ဖိတ်ခေါ်မှုတစ်ခုကို ထပ်ပြီး ဆွဲထုတ်ထားတယ်... [လက်ခံမယ်] ဒါမှမဟုတ် [ငြင်းမယ်]လား...
လီယန်: "ငြင်းမယ်"
စာရေးသူ: "ဘာလို့လဲ"
လီယန်: "ဧကရာဇ်မော့ရဲ့ မျက်နှာပေါ်မှာ "မင်းလက်ခံရဲရင် ငါ့ကိုသာ သတ်လိုက်"လို့ ရေးထားတာ မမြင်ဘူးလား" )]
လီယန်မှာ မနက်စောစောအချိန်မှာပင် မော့ကျန်း သူမကို ထိုကဲ့သို့သော တလေးတနက် မေးခွန်းမျိုး မေးလာမည်ဟု ထင်မထားခဲ့ပေ။ သူမက နေရာမှာပင် တစ်ခဏမျှ ကြောင်တောင်တောင် ရပ်နေခဲ့သည်။ သူမ၏ ရူးကြောင်ကြောင်ပုံစံကို တွေ့သောအခါ သူက သူမကို မဖြေခင် သေချာစဥ်းစားရန် ပြောနေသည့်အလား တိတ်တဆိတ် ကြည့်လာခဲ့သည်။
"အာ... ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ မသင့်တော်ဘူးလို့ ခံစားနေရတုန်းပဲ" လီယန်က မီးဖိုဆောင်မှ ခေါက်ဆွဲ နှစ်ပန်းကန်ကို သယ်လာပြီး စားပွဲဆီသို့ လျှောက်လာခဲ့သည်။
သူမရဲ့ စိတ်အထင်ပဲလား... မော့ကျန်းရဲ့ မျက်လုံးထဲမှာ သေစေနိုင်လောက်တဲ့ စိတ်အားထက်သန်မှုတွေ တွေ့လိုက်ရတယ်လို့ ခံစားနေရသလိုပဲ ...
ထင်ယောင်ထင်မှားပဲ ဖြစ်မယ်...
သူမပြောသည်ကို ကြားသောအခါ မော့ကျန်းက သိသိသာသာပင် စိတ်သက်သာရာရသွားသော်လည်း အံ့အားသင့်သွားသလို ဟန်ဆောင်နေဆဲပင်။
"ဘာလို့လဲ... မဂ္ဂဇင်းရဲ့ တုံ့ပြန်မှုတွေ ကောင်းတယ်လေ.... ဘယ်သူ့မှ မင်းကို မကြိုက်ကြမှာ စိတ်ပူစရာ မလိုတော့ဘူး"
လီယန်က တူများကို ကောက်ကိုင်ကာ စားပွဲပေါ်သို့ ခပ်ဖွဖွ ထုလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်လား... ဒါတို လက်ခံလိုက်မယ်လေ
မော့ကျန်း: "…"
လီယန်က ထိုသူ၏ တောင့်တင်းသွားသော မျက်နှာကို မမြင်ဟန် ပြုလိုက်သည်။ တူတစ်စုံကို မကာ ခေါက်ဆွဲဖတ်များကို ပါးစပ်ထဲသို့ သွပ်လိုက်လေသည်၊
"ကျန်းကျန်း... မြန်မြန်စားလေ... ခေါက်ဆွဲတွေ ပွတော့မယ်"
သူက စားပွဲပေါ်မှ အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲများကို ကြည့်ပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ ဝင်ထိုင်လိုက်သည်။ သူမက လီယန်ပြောလိုက်သည့်စကားကို မကြားချင်ယောင်ဆောင်လိုက်လေသည်။
"မင်းမှာ ဆန္ဒ မရှိမှတော့ ထန်ချန်းကို ကူငြင်းပေးရတော့မှာပေါ့"
မော့ကျန်းက လီယန်၏ ပုံစံကို အတုခိုးကာ ခေါက်ဆွဲများကို ပါးစပ်အပြည့်ထည့်လိုက်ပြီး မပီမပြင် ပြောလိုက်လေသည်။
လီယန်မှာ မရယ်ဘဲ မနေနိုင်တော့... တခါတလေကျ... ဧကရာဇ်မော့က တုတုထက်တောင် ကလေးဆန်နေသေးတယ်... "အိုး"
ကျေနပ်လောက်စရာ ပြန်ဖြေသံကို ကြားမှ မော့ကျန်းက စိတ်ကောင်းဝင်သွားပြီး လီယန်ချက်ပေးထားသော ခေါက်ဆွဲများကို စားလေတော့သည်။ ကုမ္ပဏီတွင် ရှိနေသည့် ထန်ချန်းအတွက်မူကား စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။
မူလတွင် လီယန်ကို စာချုပ်ချုပ်ရန် ရည်ရွယ်ချက်မရှိပါသော်လည်း ဧကရာဇ်မော့က ခုန်ထွက်လာပြီး အချိန်ယူ စဥ်းစားရန် ပြောလာသည်။ သူ လီယန်နှင့် လက်မှတ်ထိုးရန် ဆုံးဖြတ်ပြီးကာမှ ဧကရာဇ်မော့က သူလုပ်စရာမလိုတော့ဟု ပြောရန်အတွက် ရုတ်တရက် ခုန်ထွက်လာပြန်သည်။
...လာနောက်နေတာလား...
ထန်ချန်းမှာ ဆိုးဆိုးဝါးဝါး လာအစခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
"ဘာလို့တဲ့လဲ" သူ မော့ကျန်းကို ကြည့်လိုက်သည်။ သူ ဒီနေ့ အကြောင်းပြချက်ကောင်းကောင်း မရရင် ဒီရုံးခန်းထဲက ထွက်သွားရမယ် မထင်နဲ့...
"သူက ဖျော်ဖြေရေး လောကနဲ့ သင့်တော်မယ်လို့ မထင်ဘူး... တစ်ညတည်းနဲ့ နာမည်ရလာတာ သူနဲ့ငါ ရိုက်ခဲ့တဲ့ မဂ္ဂဇင်းအကြောင်း လူပြောများသွားလို့ပဲလေ... ဓါတ်ပုံက ဘယ်သူပဲရိုက်ရိုက် ပေါက်သွားမှာပဲ .." "ပြီးသွားရင် သူ့အပေါ် လူတိုင်းရဲ့ အာရုံစိုက်မှုတွေ ပျောက်သွားတဲ့အခါ ဘယ်သူ့မှ သူ့ကို မှတ်မိကြမှာ မဟုတ်ဘူးလေ"
မော့ကျန်းက အတော်လေးကောင်းပြီး လက်ခံနိုင်ဖွယ်ရာ အကြောင်းပြချကို ပေးခဲ့သည်။
သို့သော်လည်း ထန်ချန်းမှာ ထိုစကားကို ကြားပြီးနောက် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ "သူနဲ့ စာချုပ်ချုပ်ပြီးရင် သူဆက်ပြီး ကျော်ကြားဖို့ ငါက အာမ မခံဘဲ နေပါ့မလား... ဒီကိစ္စက ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ကိုင်တွယ်ရမဲ့ ပြဿနာပဲ... သူက ကုမ္ပဏီရဲ့ ပရိုမိုးရှင်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုတာ" "ဧကရာဇ်မော့ မင်းမှာ ဒီလိုယေဘုယျ အသိအမြင် သေးသေးလေးတောင် ရှိမနေရင်... ဒီလောကထဲ ဝင်လာတဲ့ အသစ်လေးလားလို့တောင် တွေးမိသွားတော့မယ်"
လတ်လတ်ဆတ်ဆတ် အသားတုံးလေး (အသစ်လေး): "…"
"ဘာပဲ ဖြစ်ဖြစ်... သူစာချုပ် ချုပ်ချုပ် မချုပ်ချုပ် သူ့ပေါ်မှာပဲ မူတည်နေတာ... စာချုပ်ကို ဝယ်တာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် မင်း သူ့ကို တွန်းအားပေးလို့ မရဘူးလေ" အကြောင်းပြချက်က ရေလို သန့်စင်မနေလျှင်တောင် ဧကရာဇ်မော့တွင် အနိုင် ဖဲချပ်ရှိနေသေးသည်။
ထန်ချန်းက နှုတ်ခမ်းကို ဖိချကာ သူ့ကို တစ်ခဏမျှ ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းမှန်တယ်... ဒါပေမယ့် ဒါက မင်းဆန္ဒလား သူ့ဆန္ဒလားဆိုတာပဲ အာမ မခံနိုင်တာ"
"ငါ့ဆန္ဒက သူ့ဆန္ဒပဲ"
"…" "ဒီလို အရှက်မဲ့တဲ့ ယုံကြည်ချက်တွေ ဘယ်က ရလာတာလဲ"
ကောင်းကင်ဘုံမင်းကြီး ဖြစ်နိုင်ဖို့ဆို ဒီလောက်ထိ ယုံကြည်မှု ရှိထားရမှာပေါ့...
ထန်ချန်းက မော့ကျန်း၏ "ငါရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်" ဟူသော ဟန်ပန်ကို ကြည့်ကာ နှုတ်ခမ်းတွန့်သွားသည်။ သူက ချက်ချင်းပင် စားပွဲပေါ်မှ ခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်သည်။
"ဟန်မိန်မိန်... လီယန်ကို အထဲလွှတ်လိုက်"
"ဟုတ်ကဲ့ပါ... ဘောစ့်ထန်"
ဟန်မိန်မိန် စကားဆုံးပြီး မကြာခင်မှာပင် လီယန်က အထဲဝင်လာပြီး မေးလိုက်သည်။
"မစ္စတာထန်... ကျွန်မကို ရှာနေတာလား"
"အင်း" ထန်ချန်းက ခေါင်းငြိမ့်ပြလိုက်ပြီး မတုန်မလှုပ်ရှိနေသော ဧကရာဇ်မော့ကို တစ်ချက် ကြည့်လိုက်သည်။
"ကျေးဇူးပြုပြီး အရင် ထွက်သွားပေးနိုင်မလား..
သူနဲ့ နှစ်ယောက်တည်း ဆွေးနွေးစရာ ရှိလို့"
မော့ကျန်းက သူကို မျက်လုံးများ မှေးကျဥ်း၍ တစ်ခဏမျှ စူးစမ်းလိုက်ပြီးနောက် ထိုင်ခုံမှ ထရပ်လိုက်သည်။ သူက လီယန်ရှေ့သို့ သွားကာ ပြုံးပြလိုက်လေသည်။
"မစ္စတာထန်က ဦးနှောက်ဆေးတဲ့နေရာမှာ အရမ်းတော်တာ... သူ စကားမပြောခင် ဒါအရင်တပ်ထား" သူက အိတ်ကပ်ထဲမှ နားအဆို့နှစ်ခုကို ထုတ်ကာ လီယန်ကို ထည့်ပေးလိုက်သည်။
လီယန်: "…"
ထန်ချန်း: "…"
ဒါကတော့ တစ်ခုခုပဲ... သူတို့ကို လာကတည်းက ပြင်ဆင်ထားခဲ့တာ...
မော့ကျန်း ထွက်သွားသည်နှင့် ထန်ချန်းက လီယန်ကို ထိုင်ခိုင်းလိုက်သည်။ သူ စကားစပြောမည့် အချိန်မှာပင် လီယန်က ရိုးရိုးသားသား အမူအယာဖြင့် သူ့ကို ကြည့်လာခဲ့သည်။
"မစ္စတာထန်... Amwayကို ကြားဖူးလား"
(TN Amwayက အမေရိကရဲ့ multi level marketing company တစ်ခုပါတဲ့... အရှည်ကောက် America wayပါ)
ထန်ချန်း "…"
မော့ကျန်းရဲ့ လှုပ်ရှားမှုကို 'မပြောင်းလဲမှု"လို့ ခေါ်ရင် လီယန်ရဲ့ လှုပ်ရှားမှုကိုတော့ "အခွင့်ကောင်းယူတယ်" လို့ပဲ ပြောရတော့မယ်...
ထန်ချန်းက တိုက်ပွဲအတွင်း သေဆုံးသွားခဲ့လေပြီ...
ကုမ္ပဏီမှ ထွက်လာပြီးနောက် လီယန်က ဖုန်းထုတ်၍ မော့ကျန်း၏ အချိန်စာရင်းကို စစ်ဆေးလိုက်သည်။ ယနေ့ နေ့လည်ပိုင်းတွင် ရိုက်ကူးစရာ လုပ်ရန်ကလွဲ၍ အခြားမရှိသော်လည်း မနက်ဖြန်တွင် ရိုက်ကူးရမည့် ကြော်ငြာတစ်ခု ရှိနေသည်။
"ကျန်းကျန်း... Happy Birthdayက နောက်ထပ် ကြော်ငြာအသစ် ထုတ်တော့မှာလား" သူမ ထိုရေချိုးဆပ်ပြာအကြောင်း ယခင်က ကြားခဲ့ဖူးသည်။ ၎င်းက အမျိုးသမီးများအတွက် ထုတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ကြော်ငြာ၏ ရာသီ သုံးခုလုံးတွင် ပြောရေးဆိုခွင့်ရှိသူက အမြဲတမ်း မော့ကျန်းသာ ဖြစ်နေခဲ့သည်။ "ကုမ္ပဏီရဲ့ ဘောစ့်က ရှင့်ဖန်ပဲ ဖြစ်ရမယ်"
မော့ကျန်းက ရယ်မောလိုက်လေသည်။
"ပစ္စည်းရဲ့ ရောင်းအားကပဲ သူတို့ ပြောရေးဆိုခွင့်ရှိသူ လိုမလိုဆိုတဲ့ စစ်ဆေးမှုလေ"
လီယန်: "…"
ဧကရာဇ်မော့ ပြောတာ ကျိုးကြောင်းညီတယ်လို့ ခံစားရတယ်...
သို့သော် ချန်းချင်းယန်သည်လည်း အနံ့တစ်ခုချင်းစီတိုင်းကို တစ်ဘူးစီ ဝယ်ခဲ့သဖြင့် ထိုရေချိုးဆပ်ပြာက အတော်လေး ရောင်းအားကောင်းမည့်ပုံပင်။
ရိုက်ကူးရေး သိမ်းသောအခါ ညအတော်လေးနက်နေလေပြီ။ သူတို့က နောက်တစ်နေ့ မနက်တွင် ကြော်ငြာ ရိုက်ကူးရေးအတွက် စောစောထရမည် ဖြစ်သဖြင့် ယနေ့အတွက် နောက်ထပ်နှစ်နာရီမျှသာ အိပ်နိုင်တော့မည်။ လီယန်၏ မျက်နှာပေါ်တွင် မျက်နှာပေါင်းတင် mask တစ်ခု ကပ်ထားလေသည်။ မျက်နှာပေါင်းတင် maskက အခုထိ မခြောက်နိုင်သေးဘူး... မနက်ဖြန် စောစော ထရမှာပါဆို... တကယ်ပါပဲ... သူမရဲ့ မျက်နှာကတော့ မျက်ရည် အပြည့် ဖြစ်နေပြီ...
ကြော်ငြာရိုက်ကွင်းကို အတွင်းပိုင်းရိုက်ကွင်းနှင့် အပြင်ဘက်ရိုက်ကွင်းဟု နှစ်ပိုင်းခွဲထားသည်။ လီယန် မော့ကျန်းနောက်မှ စတူဒီယိုသို့ လိုက်လာသောအခါ ဖုန်းမှ အချိန်ကို ကြည့်လိုက်သည်။ 7နာရီပင် မထိုးသေးပါချေ။
သူမက တွေ့သမျှ ဝန်ထမ်းတိုင်းကို ခေါင်းငြိမ့်ကာ နှုတ်ဆက်ရသည်။
မော့ကျန်း မိတ်ကပ်လိမ်းနေစဥ် လီယန်က ဆိုဖာတွင် မီကာ သူမ၏ အိပ်ချင်စိတ်လေးကို ပြန်ဆက်လိုက်သည်။ ရလဒ်အနေဖြင့် ရိုက်ကူးရေး ပြီးသည်ချိန်အထိ ဆက်သွားလေတော့သည်။ စတူဒီယို၏ ဝန်ထမ်းက စတင် သိမ်းဆည်းနေလေပြီ။ လီယန်က မော့ကျန်းကို ခပ်ရှက်ရှက် အမူအယာဖြင့် ကြည့်လိုက်သည်။
"ကျန်းကျန်း... ကျွန်မကို ဘာလို့ မနှိုးတာလဲ"
"မင်း ထချင်စိတ် ရှိမယ် မထင်လို့လေ"
မော့ကျန်း၏ နှုတ်ခမ်းထောင့်မှ အပြုံးယဲ့ယဲ့ဖြင့် သူမကို ဆိုဖာပေါ်မှ ဆွဲထူလိုက်သည်။
"တော်တော်နောက်ကျနေပြီ... အရင်ဆုံး နေ့လည်စာ သွားစားကြမယ်... ပြီးရင် ရိုက်ကူးရေးလုပ်တဲ့ဆီ တန်းသွားကြတာပေါ့"
"ဟုတ်ပြီလေ" လီယန်က မော့ကျန်းနောက်မှ လိုက်ထွက်လာခဲ့သည်။ သို့သော် ခြေနှစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် အစ်မလှလှလေးတစ်ယောက်ထံမှ တားဆီးခြင်း ခံလိုက်ရသည်။ ထိုသူက DS ကုမ္ပဏီ၏ PRဌာနမှ မန်နေဂျာတစ်ယောက် ဖြစ်သည်။ DSမှာ ရေချိုးဆပ်ပြာနို့ရည် ထုတ်လုပ်သည့် ကုမ္ပဏီပါပင်။ ၎င်းက ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် နေမင်း ထုတ်ကုန်ကော်ပိုရေးရှင်း ဖြစ်လေသည်။
တုန့်ဝမ်က မော့ကျန်းကို နှုတ်ဆက်လိုက်ပြီး သူမ၏ မျက်လုံးများက လီယန်ထံသို့ စက္ကန့်အနည်းငယ် ကပ်ညှိနေခဲ့သည်။
"ဒါလေးက လောလောဆယ် နာမည်ကြီးနေတဲ့ မော်ဒယ်လေးလို့ မပြောနဲ့နော်"
လီယန်က ရုတ်တရက် ရှက်ရွံ့သွားလေသည်။ ဒီလို ရင့်ကျက်တဲ့ အလှလေးရှေ့မှာ ဆိုရင် သူမက ပဲပင်ပေါက်သာသာပါပဲ...
လီယန်က သိုးငယ်လေး ပုံစံ သရုပ်ဆောင်နေသည်ကို တွေ့သောအခါ တုန့်ဝမ်က ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။
"ဟယ်လို... အစ်မနာမည် တုန့်ဝမ်ပါ... DS တရုတ်ရုံးခွဲရဲ့ PRဌာန မန်နေဂျာပါ"
"ဟယ်လို... ဟယ်လို" လီယန်က တုန့်ဝမ်၏ လက်ကို ဆွဲကာ ပြန်နှုတ်ဆက်လိုက်သည်။
"မင်းရဲ့ ပုံတွေကို မြင်လိုက်ရတယ်... တော်တော်လေး လှတယ်နော်... မင်းနဲ့ အလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်" တုန့်ဝမ်က ထိုစကားလုံးများကို လူထုဆက်သွယ်ရေး လ်ုအပ်ချက်အရ ပြောလိုက်သော်လည်း မော့ကျန်းမှာ ထိုစကားများကို ကြားသောအခါ စိတ်မသက်မသာ ဖြစ်သွားသည်။
"သူက ကျွန်တော့် လက်ထောက်ပါ... ကြော်ငြာ ရိုက်မှာ မဟုတ်ဘူး"
တုန့်ဝမ်က ရုတ်တရက် အမွှေးများ ထောင်လာခဲ့သည့် ဧကရာဇ်မော့ကို ကြည့်လိုက်ပြီး သဘောပေါက်သွားသည့် အကြည့်တစ်ချက်က သူမ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားခဲ့သည်။ သူမက နှုတ်ခမ်းထောင့်လေးများ မြင့်တက်လာပြီး ပြုံးပြလိုက်လေသည်။
"ဧကရာဇ်မော့နဲ့ စကားပြောဖို့ အခွင့်အရေးလေးများ ရနိုင်မလား သိချင်ပါတယ်"
"ဆယ်မိနစ်" မော့ကျန်းက အချိန်ကို ကြည့်ကာ လီယန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ "ကားထဲမှာ အရင် သွားစောင့်နေ... မကြာခင် ပြန်လာခဲ့မယ်"
"ကောင်းပြီလေ" လီယန်က ကားသော့ကို ယူကာ ဓါတ်လှေကားမှ တဆင့် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ လီယန် မော့ကျန်း၏ ဘန်ထလေကားကို တွေ့လိုက်ရချိန်၌ ကားပါကင်က အတော်လေး တိတ်ဆိတ်နေခဲ့သည်။ သူမက တံခါးဖွင့်ရန်ကားသော့ကို ထုတ်တော့မည့် အချိန်တွင် သူမ၏ နောက်ပါးမှ လေချွန်သံတစ်သံ ကြားလိုက်ရသည်။
လီယန် လှည့်ကြည့်လိုက်ရာ ဖရာရီကားကို မှီကာ သူမကို ကြည့်နေသည့် အနောက်တိုင်း ဝတ်စုံဝတ် အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။ဒီလို ကလူသလိုမြူသလို လုပ်နေတဲ့ ပုံစံက... သူမက တိတ်တဆိတ်ပင် ခေါင်းပြန်လှည့်လိုက်သည်။
"ကိုယ်မင်းကို သိတယ်... မင်းက မော့ကျန်းနဲ့ ဓါတ်ပုံအတူ ရိုက်ထားတဲ့ မော်ဒယ်ပဲ ဖြစ်ရမယ်"
ထိုသူက လီယန်ဆီ လျှောက်လာနေပြီး သူ့မျက်လုံးများထဲတွင် မကျေမချမ်း ဖြစ်နေသည့် အလင်းရောင်တစ်ခု တဖျတ်ဖျတ်လက်နေဆဲ ဖြစ်သည်။ ကံကောင်းစွာဖြင့် လီယန်က သူ့ကို မတွေ့ခဲ့ပါပေ။
"ကိုယ့်နာမည် ကောင်းထျန်းချောင် မင်း ကိုယ့်နာမည်ကို ကြားဖူးမှာပါ"
လီယန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ "ကျွန်မ ချောင်သကြားလုံးပဲ ကြားဖူးတယ်"
(ထျန်း= သကြားလုံး ချိုချဥ်)
ကောင်းထျန်းချောင်: "… …"
"ဟားဟား... အရမ်း ရယ်ရတာပဲ" ကောင်းထျန်းချောင်က ခြောက်ကပ်ကပ် ရယ်ကာ အံ့အားသင့်မှု အချို့ဖြင့် ပြောလိုက်သည်။ "မင်း <Star Mystery> ကို မဖတ်ဖူးဘူးလို့တော့ မပြောနဲ့နော်"
ကောင်းထျန်းချောင်က စတားတစ်ယောက် မဟုတ်သော်လည်း ထိုမဂ္ဂဇင်း၌ မော့ကျန်းထက်ပင် မကြာခဏ ပါလေ့ရှိသည်။ ထိုသူက Star Mystery ၏ အကြီးအကဲဟု ပြော၍ ရသော်လည်း ခွေးအကောင်ရေ မည်မျှလောက်က စားသောက်နေရင်း သူ့ကို လက်ညှိုးထိုးနေကြသည်လည်း မသိနိုင်ပေ။
Xxx