(3) 36D အရွယ်အစားနဲ့ ပုံစံမျိုး
သူ စာအုပ်ကို ပြီးအောင်မဖတ်ရသေးပေမဲ့လည်း ဇာတ်လိုက်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဗီလိန်ဖြစ်သွားနိုင်မှာလဲ?
နောက်ပြီး စာရေးသူပေးခဲ့တဲ့ ဒီကြောင်တောင်တောင် စွမ်းအင်ကရော ဘာကြီးလဲ?
လီကျိုးရှင်း သူ့ရဲ့ခေါင်းကိုခါရမ်းပြီး အသုံးမဝင်တဲ့အတွေးတွေကို ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။
သူက ခုတင်ဘေးဘက်ရှိ ဗီရိုဆီသို့ လျှောက်သွားပြီး ခါးကိုင်းကာ အောက်ဘက်မှအံဆွဲကို ဆွဲဖွင့်လိုက်လေတယ်။ အံဆွဲထဲမှာ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါတွေနဲ့ ပြည့်လျှံနေပြီး လီကျိုးရှင်း အံဆွဲကိုဆွဲဖွင့်လိုက်ချိန်မှာ အတွင်းမှ တစ်ခုက အောက်ကိုပြုတ်ကျလာခဲ့တယ်။
ထိုအခြေအနေကိုမြင်တော့ ကုဝမ်ချန်က သူ့ရဲ့အနားကိုလျှောက်လာပြီး ကူကောက်ပေးလာတယ်။
ကုဝမ်ချန်ရဲ့ ခါးနဲ့ ခြေတံလက်တံတို့က ပျော့ပြောင်းပြီး ကွေးလွယ်ဆန့်လွယ်နိုင်လွန်းကာ သူ့ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ပေါ့ပါးပြီး ဖော်ပြနိုင်စွမ်းမရှိလောက်တဲ့ ကျက်သရေရှိမှုတွေကို သယ်ဆောင်ထားခဲ့တယ်။
နို့လိုဖြူဖွေးတဲ့လက်တစ်ချောင်းက ပြုတ်ကျသွားခဲ့တဲ့ မျက်နှာသုတ်ပုဝါကို ကောက်ယူပြီး လီကျိုးရှင်းဆီကို လှမ်းပေးလာခဲ့တယ်။
ကုဝမ်ချန်ရဲ့မျက်လုံးတွေက သူပေါ့ပါးစွာစကားပြောတဲ့အချိန်မှာ အပြုံးတစ်ခုလိုကွေးညွှတ်နေခဲ့တယ်။
“ဒါကို ဖွင့်တဲ့အချိန် ထိန်းပြီးဖွင့်တာပိုကောင်းလိမ့်မယ်”
လီကျိုးရှင်း သူ့ကို အံ့သြစွာ ကြည့်လိုက်မိတယ်။
“ကျေးဇူးတင်ပါတယ်”
သူက ကုဝမ်ချန် လှမ်းပေးလာတဲ့ မျက်နှာသုတ်ပုဝါကို အမြန်လှမ်းယူလိုက်တယ်။
သူရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုကြောင့် လီကျိုးရှင်းရဲ့ လက်ဖဝါးက ကုဝမ်ချန်ရဲ့လက်ချောင်းထိပ်ကို ခဏတာလောက် ဖုံးအုပ်မိသွားခဲ့ပြီး လီကျိုးရှင်း လက်ကို ပြန်ရုပ်မသွားခင်မှာ တခဏမျှသာထိတွေ့မိသွားခဲ့တယ်။
ကုဝမ်ချန် ထိုအထိအတွေ့ကို မပြည့်အဝ မခံစားမိခင်မှာပဲ သူ့လက်ချောင်းထိပ်မှ နွေးထွေးတဲ့ ခံစားမှုက ပျောက်ကွယ်သွားခဲ့ပြီ။
ကြည့်ရတာ ဒီကောင်လေးက သူစိမ်းတွေကို ကြောက်တတ်တဲ့ပုံပဲ။
ကုဝမ်ချန် သူ့ဘာသာသူ တွေးတောလိုက်မိပြီး သူ့နှုတ်ခမ်းစွန်းမှာ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်နေခဲ့ကာ ဆိုဖာဆီသို့ ပြန်သွားခဲ့တယ်။
အကယ်ဒမီမှ စီမံခန့်ခွဲသူတွေက တပ်သားသစ်တွေကြားထဲမှာ အဆင်မပြေမှုတွေရှိနေဦးမယ်ဆိုတာကို သိနေခဲ့တာကြောင့် ဝင်ခွင့်လက်ခံထားတဲ့ ဗိုလ်လောင်းတွေအားလုံးကို နေ့စဥ် ထမင်းသုံးနပ်အတွက် စားသောက်ဆိုင်တစ်ခုတည်းမှာ စီစဥ်ပေးထားခဲ့ကြတယ်။
လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့တွေ ထိုစားသောက်ဆိုင်သို့ရောက်တဲ့အချိန်မှာတော့ လူတွေအပြည့်ဖြစ်နေခဲ့ပြီ။
သူတို့အားလုံးထိုင်နေပြီးပြီဖြစ်ကြောင်း သေချာအောင်စစ်ဆေးပြီးနောက်မှာ အမွှေးအမျှင်ထူထဲတဲ့ လူအိုကြီးတစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီး စားသောက်ဆိုင်ရဲ့ အလယ်ဗဟိုဆီသို့ သွားခဲ့တယ်။ ထို့နောက် သူက သူ့ရဲ့လက်တွေကို လေထဲမှာမြှောက်လိုက်ကာ သဘောကောင်းတဲ့အမူအယာတွေကိုဖော်ပြရင်း ဗိုလ်လောင်းတွေကို တိတ်ဆိတ်ငြိမ်သက်နေဖို့ အချက်ပြလိုက်တယ်။
“အသံတိတ်ကြပါ”
သူ့ရဲ့အသံက အလွန်အမင်း ကျယ်လောင်ခြင်းမရှိပေမယ့် လီကျိုးရှင်းကတော့ သူ့ရဲ့အသံမှာ သြဇာအာဏာရှင်တွေကိုသယ်ဆောင်ထားတဲ့ စွမ်းအားတွေကို ခံစားမိနေတုန်းပဲ။
တီးတိုးပြောဆိုနေကြတဲ့စကားတွေက တခဏချင်း ရပ်တန့်သွားခဲ့တယ်။
ထိုလူအိုကြီးကပြောလာတယ်။
“မင်းတို့သိတဲ့အတိုင်းပဲ ချန်ယန်အကယ်ဒမီက စစ်တက္ကသိုလ်တွေကြားထဲမှာ နံပါတ်တစ်အဖြစ် လူအများက အသိအမှတ်ပြုထားတဲ့ အကယ်ဒမီပဲ၊
စပြီးတည်ထောင်တဲ့အချိန်ကတည်းက ဒီအကယ်ဒမီက သူတို့ရဲ့ဗိုလ်လောင်းတွေအတွက် မြင့်မားတဲ့မျှော်လင့်ချက်တွေကို တစ်ကြိမ်လောက်တောင် ဖြေလျှော့ပေးတာမျိုးမရှိဘူး ၊
ဝိညာဉ်ရေးစွမ်းအားမြင့်မားတယ်ဆိုတာက ကောင်းတဲ့အရာတစ်ခုပဲ သို့ပေမယ့် မင်းတို့တွေ စိတ်ကြီးဝင်နေဖို့အတွက်လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်သေးဘူး၊
အခုကစပြီး မင်းတို့အတွက် ကြမ်းတမ်းပေမဲ့ လျှောက်ကိုလျှောက်ရမဲ့ လမ်းတစ်ခုရှိနေခဲ့ပြီ၊ နောက်ထပ် နှစ်ရက်အကြာမှာ မင်းတို့တွေက မင်းတို့ရဲ့ပထမဆုံးမစ်ရှင်ကို စပြီးကိုင်တွယ်ရလိမ့်မယ်၊
တစ်နည်းအားဖြင့်ဆိုရရင် ဒါက မင်းတို့အတွက် အကယ်ဒမီရဲ့တံခါးထဲကို မဝင်ခင် နောက်ဆုံးသောစမ်းသပ်မှုလည်းဖြစ်လိမ့်မယ်”
စားသောက်ဆိုင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြတယ်။ ဗိုလ်လောင်းတွေ အားလုံးရဲ့ အာရုံစူးစိုက်မှုက စပီကာကိုသာ ကျရာက်နေခဲ့ကြတယ်။ သူတို့ရဲ့ မျက်နှာတွေကတော့ ထိတ်လန့်သွားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ စိတ်ပူကြောက်ရွံ့မှု စတဲ့အဆင့်ထိ အဆင့်အမျိုးမျိုးကိုပြသနေခဲ့ကြတယ်။ သို့ပေမဲ့ သူတို့အထဲမှ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နောက်ပြန်ဆုတ်မဲ့အရိပ်အယောင်ကိုပြမလာခဲ့ကြဘူး။
ထိုလူအိုကြီးက သူတို့တွေရဲ့မျက်နှာတစ်ခုချင်းစီကို လိုက်ကြည့်ပြီးနောက် စိတ်ကျေနပ်စွာပြုံးလိုက်တယ်။
“ဒီနေ့ကနေစပြီး နှစ်ရက်အတွင်းမှာ မင်းတို့က တခြားဂြိုဟ်နှစ်ခုကလာတဲ့ လူသစ်တွေနဲ့ တွေ့ဆုံရလိမ့်မယ်၊ အဲဒီနောက် မင်းတို့တွေကို ဒီနှစ်မှာ အကဲဖြတ်မယ့် ကမ္ဘာမြေဆီကို ပို့ဆောင်ခံရမှာ ဖြစ်တယ်၊
အကယ်ဒမီက ဒီနှစ်မှာ လူသစ်ပေါင်း ၂၀၀ ကျော်ကိုပဲ လက်ခံဖို့ ရှာဖွေနိုင်ခဲ့တယ်၊ ဒါကြောင့် မင်းတို့ အားလုံး မင်းတို့ရဲ့အမိမြေဂြိုလ်ကို ဂုဏ်ယူအောင်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
သူပြောပြီးတာနဲ့ ဗိုလ်လောင်းတွေထဲကတစ်ယောက်က အော်ဟစ်လာခဲ့တယ်။
“ကျွန်တော်တို့ လုပ်မယ်!”
“ဟုတ်တယ်!”
အနောက်မှ လိုက်ပါဟစ်ကြွေးလာတဲ့ လူတွေက ပိုပိုများလာခဲ့တယ်။
“ကျွန်တော်တို့ကို စောင့်ကြည့်နေလိုက်ပါ! မစ်ရှင်ပြီးဆုံးတဲ့အချိန်မှာ ကျွန်တော်တို့တွေချန်ထားခဲ့တဲ့ဖုန်မှုန့်တွေကိုပဲ တခြားဂြိုလ်နှစ်ခုက စားရအောင်လုပ်ပစ်မယ်!”
“လုပ်လိုက်ကြစို့! ငါတို့ဆီမှာ ဝိညာဉ်စွမ်းအင်အမှတ် (188)ကျော်တဲ့လူနှစ်ယောက်တောင်ရှိတယ်! တခြားဂြိုဟ်တွေက ငါတို့ကို ဘယ်လိုလုပ်ပြီး ဖိနှိပ်လို့ရနိုင်မှာလဲ!”
စားပွဲဝိုင်းမှာထိုင်နေကြတဲ့ လူငယ်တွေအားလုံးက ဂုဏ်ယူမှုအမျိုးမျိုးကိုဖော်ပြလာခဲ့ကြတယ်။
ချန်ယန်အကယ်ဒမီရဲ့ ဝင်ခွင့်လက်ခံမှုအဆင့်( 1200 )ကို အင်ပါယာအတွင်းရှိ လူ အများအပြားက ဝေဖန်ခဲ့ကြတယ်။ သူတို့တွေက ဒီအကယ်ဒမီရဲ့ ဝိညာဉ်ရေးစွမ်းအားလိုအပ်ချက်တွေက တင်းကျပ်လွန်းပြီး မြင့်မားလွန်းတယ်လို့ယုံကြည်နေကြတယ်။
အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေကသာလျှင် ဒီအကယ်ဒမီထဲကို ရောက်သွားနိုင်တယ်။ နောက်ပြီး ဒီသတ်မှတ်ချက်တစ်ခုတည်းကတင် အင်ပါယာရဲ့ ဂြိုလ်( 8 )လုံးထဲက မျှော်လင့်ချက်အများစုကို တွန်းလှန်ဖို့ လုံလောက်နေပြီ။
အမှတ်(1200)။ ထိုအဆင့်က အင်ပါယာအတွင်းရှိ သာမန်မိသားစုတစ်ခုအတွက် အနားကိုကပ်ဖို့တောင်မဖြစ်နိုင်လုနီးပါးပဲ။ဝိညာဉ်စွမ်းအားဆိုတာက အသက်အရွယ်နှင့် အတွေ့အကြုံတွေအပေါ်မူတည်ပြီး တိုးတက်လာတဲ့အရာမျိုးပဲ။ သို့ပေမယ့် အတွေ့အကြုံအများကြီးကြွယ်ဝလွန်းရင်တောင် အမှတ်(800)ကိုကျော်တဲ့သူက ရှားပါးလွန်းနေတုန်းပဲ။
ဒီလိုဆိုမှတော့ ပြောစရာတောင်မလိုဘူး။ ဒီ ချန်ယန်အကယ်ဒမီရဲ့ တပ်သားသစ်စုဆောင်းမှုက အချိန်တွေနဲ့ အတွေ့အကြုံတွေမရှိသေးပါပဲ သဘာဝအတိုင်းမွေးရာပါဝိဥာဥ်စွမ်းအင်ကကို ဒီလောက်များပြားနေရလိမ့်မယ်။ ဒီလို မြင့်လွန်းတဲ့နံပါတ်က အလွန်ကြောက်စရာကောင်းလွန်းတယ်။
ဝိညာဉ်စွမ်းအင်တိုးမြှင့်ဖို့အတွက် ထိုမျှ ခက်ခဲနေတာကြောင့်ပဲ တစ်နေ့တာလုံးစမ်းသပ်မှုအပြီးမှာ လီကျိုးရှင်းရဲ့ အမှတ် 1890 မှတ်က နံပါတ်တစ်နေရာမှာပဲ ဆက်လက်တည်ရှိနေသေးတယ်။
အမျိုးသားဇာတ်လိုက်ရဲ့တရားဝင်ရမှတ်ကတောင် လီကျိုးရှင်းရဲ့အမှတ်ထက် (40)လျှော့နည်းနေခဲ့တယ်။ မူရင်းဇာတ်လမ်းမှာတုန်းကတော့ ကုဝမ်ချန်ရဲ့ရမှတ်က နံပါတ်နှစ်နေရာမှာ မဟုတ်ခဲ့ဘူး။
သူက သူ့ရဲ့ဝိဥာဥ်စွမ်းအင်အမှတ်ကို အောက်ခြေလိုင်း (၁၂၀၀)ဆီသို့ ဖိနှိပ်ထားကာ အကယ်ဒမီကျောင်းသို့ဝင်တဲ့အချိန်မှစပြီး သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေအဖြစ်သရုပ်ဆောင်ခဲ့တယ်။
မူလအမျိုးသားဇာတ်ဆောင်ရဲ့ ဇာတ်လမ်းဇာတ်ကွက်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမောက်မာတဲ့ပြိုင်ဘက်ကို ရင်ဆိုင်ရတဲ့အချိန်တွေမှာ မျက်နှာကိုဖြတ်ရိုက်ရင်း စိတ်ကျေနပ်စရာခရီးစဥ်တစ်ခု ဖြစ်လာခဲ့တာ။
လီကျိုးရှင်းက မူရင်းစာအုပ်အကြောင်းကို အများကြီး မသိထားပေမဲ့ အနည်းဆုံးတော့ ဇာတ်ကွက်ထဲမှ အရေးကြီးသော အခိုက်အတန့်တွေကို မှတ်မိနိုင်သေးတယ်။
သူ့အနေနဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာကိုတကယ်မသိပေမယ့် ကုဝမ်ချန်တစ်ယောက် သဘောကျရာတွေ လုပ်နေတာကို သူက ရပ်တန့်ခိုင်းဖို့ရည်ရွယ်ချက်မျိုး လုံးဝရှိမနေဘူး။ တကယ်တမ်းမှာ လီကျိုးရှင်းက အမျိုးသားဇာတ်ဆောင်ကို သူမြင်နေရတာထက်တောင် ပိုပြီး လုပ်ပြလာမှာကိုမြင်တွေ့ချင်နေသေးတာ။
တစ်ဖက်မှ အကြီးအကဲကတော့ သူ့ရဲ့ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း တွေးတောကာ စိတ်ပျော်ရွှင်နေခဲ့တယ်။ ထို့နောက် သူ့ရဲ့ဘေးမှာရပ်နေတဲ့ဆရာတစ်ယောက်ဆီကိုလှည့်ပြီးမေးလိုက်တယ်။
“ဒီအုပ်စုရဲ့အဆင့်တစ်က ဝိညာဉ်စွမ်းအင်ရမှတ် (၁၉၀၀) နီးပါးရှိတယ်လို့ ငါကြားထားတယ်”
“ဟုတ်ပါတယ်”
ထိုအကြီးအကဲနဲ့အတူပါလာတဲ့ဆရာက ခေါင်းညိတ်လိုက်တယ်။
“ဒီမြင့်မားတဲ့အမှတ်က ဒီနှစ်မှာ အမြင့်ဆုံးရမှတ်ဖြစ်ဖို့ အလားအလာမြင့်လောက်တယ်.. ဒီလို အရည်အချင်းမျိုးက အရင်တုန်းက ကျွန်တော်တို့ရခဲ့တာတွေနဲ့တောင် နှိုင်းယှဉ်လို့ရတယ်”
“သူတို့နာမည်က ဘာလဲ”
“သူတို့ထဲက တစ်ယောက်ကလီကျိုးရှင်းလို့ခေါ်ပြီး နောက်တစ်ယောက်ကတော့ ကုဝမ်ချန်ပါ”
ဆရာက သူ့ရဲ့ Holopadကိုထုတ်ယူလိုက်ပြီး အသေးစိတ်အချက်အလက်တွေကို ဖတ်ပြလာခါနီးမှာပဲ စာသောက်ဆိုင်ရဲ့တံခါးပေါက်ဆီမှ ဆွဲဆောင်မှုရှိလွန်းတဲ့အသံတစ်ခုက နှောင့်ယှက်လာတယ်။
“အဖိုး!”
လှပသော မိန်းကလေးမိန်းကလေးတစ်ယောက်က တံခါးဝကနေ စားသောက်ဆိုင်ရဲ့ အလယ်ကိုရောက်တဲ့အထိ တစ်လမ်းလုံးပြေးလာခဲ့တယ်။ သူမရဲ့ လှုပ်ရှားမှုကြောင့် အနောက်ဘက်မှာ စည်းနှောင်ထားတဲ့ ပိုနီတေးစတိုင် ဆံပင်တို့က ဟိုဘက်ဒီဘက်ယိမ်းခါနေခဲ့လေတယ်။
သူမရဲ့ မျက်နှာသွင်ပြင်တို့က နူးညံ့ လှပလွန်းပြီး သူမရဲ့ မျက်လုံးတွေကတော့ အထူးတောက်ပနေလေတယ်။
သူမရဲ့အဖိုးကိုမြင်တော့ ထိုကောင်မလေးက ပျော်ရွှင်သွားရပြီး သူ့ဆီသို့အလျှင်အမြန်ပြေးသွားတဲ့အချိန်မှာ သူမရဲ့ခြေထောက်က ကော်ဇောရဲ့အစွန်းနဲ့ တိုက်မိသွားရပြီး ခြေခေါက်သွားကာ ထိတ်လန့်တကြားနှင့် မြေပြင်ပေါ်သို့လဲကျသွားရတယ်။
ကံကောင်းစွာနဲ့ကုဝမ်ချန်က သူမနဲ့ နီးကပ်စွာရှိနေခဲ့ပြီး အချိန်မှီ အရှေ့ကိုလှမ်းဆွဲနိုင်လိုက်တာကြောင့် သူမကို ပွေ့ဖက်ကာ ဖမ်းယူလိုက်နိုင်ခဲ့တယ်။
“မင်း အဆင်ပြေရဲ့လား”
ထိုမိန်းကလေးက တင်းကြပ်စွာပိတ်ဆို့ထားတဲ့ မျက်လုံးတွေကို ဖြည်းညင်းစွာ ပြန်ဖွင့်လာခဲ့ပြီး ကုဝမ်ချန်ကို ခဏလောက်စိုက်ကြည့်နေမိကာ သူမ အာရုံတွေပြန် ရောက်လာမှ ရှက်ရွံ့မှုကြောင့် နီရဲနေတဲ့မျက်နှာနဲ့ သူ့ရဲ့လက်ထဲမှ ရုန်းထွက်လိုက်လေတယ်။
“ကျေးဇူးတင်ပါတယ်.. ကျေးဇူးအများကြီးတင်ပါတယ်”
သူမက တီးတိုးလေးပြောလာခဲ့တယ်။
ထို့နောက် သူမက ရှက်ရွံ့စွာဖြင့် နောက်သို့ပြန်ဆုတ်သွားကာ လက်နှစ်ဖက်ကို လိမ်ယှက်ရင်းနဲ့ အဖို့ဖြစ်သူဆီကို ဖြေးညှင်းစွာ လျှောက်နေရင်း အနောက်ဘက်သို့ ပြန်လည် ခိုးကြည့်လာခဲ့ပြန်တယ်။
မျက်လုံးရှိတဲ့လူတိုင်းက သူမ ကုဝမ်ချန်ကိုခိုးကြည့်နေကြောင်းမြင်နိုင်ပေမဲ့ သူမကတော့ ဘယ်သူကမှ သတိမထားမိဘူးလို့ ယုံကြည်နေပုံရတယ်။ ဒါက တကယ်တော့ ချစ်စရာကောင်းတဲ့ပုံပါပဲ။
လီကျိုးရှင်းက တစ်သျှုးအချို့ကို ထုတ်ယူပြီး ကုဝမ်ချန်ဆီကိုလှမ်းပေးလိုက်တယ်။ ထိုအချိန်တုန်းက သူ့အနေနဲ့ အချိန်မီ ရှောင်ထွက်သွားနိုင်တဲ့အတွက် ရေက သူဆီကို မပက်ဖြန်းမိခဲ့ဘူး။ သူက ထိုကောင်မလေး ထွက်ခွာသွားတဲ့ ကောင်မလေးကိုလှမ်းကြည့်ရင်း ကုဝမ်ချန်ဆီသို့ ကျီစယ်လိုက်မိတယ်။
“ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်တဲ့ မိန်းကလေးလေ”
“ဟုတ်တယ် အရမ်းချစ်စရာကောင်းတယ်”
ကုဝမ်ချန်က ထိုကောင်မလေး ဝင်တိုက်မိစင်တုန်းက ပြုတ်ကျလာတဲ့ရေခွက်ကြောင့် စိုသွားတဲ့နေရာကို သုတ်လိုက်တယ်။ ထို့နောက် သူက အပြုံးနဲ့ပြန်ပြောလာခဲ့တယ်။
“ဒီတော့ မင်းက ချစ်စရာကောင်းတဲ့ပုံစံမျိုးကိုကြိုက်တာလား?”
**