(4) 3Dအရွယ်အစားနဲ့ ပုံစံမျိုး
လီကျိုးရှင်း ပြန်မဖြေရသေးခင်မှာပဲ ကုဝမ်ချန်က လက်ရှိမှာ အဖိုးဖြစ်သူအနားမှာကပ်ပြီး မကျေမနပ်ညည်းညူနေပြီဖြစ်တဲ့ မိန်းကလေးဆီကိုမော့ကြည့်ကာပြောလာတယ်။
“ငါ ဒီလိုပြောလိုက်ရင် မင်းအထင်လွဲသွားမလားဆိုတာတော့မသိဘူး၊ ဒါပေမယ့်ငါ ပြောချင်နေတုန်းပဲ ၊ အဲလိုမျိုး ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးက မင်းလိုတစ်စုံတစ်ယောက်အတွက် တကယ်ကို မသင့်တော်ဘူး”
“ဘယ်လိုမျိုးလဲ?”
လီကျိုးရှင်းက သူ့မေးစေ့ကို လက်နှစ်ဖက်ပေါ်မှာတင်ပြီး ကုဝမ်ချန်ဆီကို ကြည့်လိုက်တယ်။
ကုဝမ်ချန်က အမှုမထားဟန်ဖြင့်ပြောလာတယ်။
“ဟီးရိုးရဲ့အနောက်က အမျိုးသမီးတွေက ဒီလိုလှည့်ကွက်ဟောင်းတွေဆီမှာ ဘယ်တော့မှ မကျရှုံးသင့်ဘူး၊ ငါ အခု လုပ်ခဲ့တာဆိုလို သူမကို လဲကျမသွားအောင် ထိန်းပေးလိုက်ရုံပဲရှိတာ ဒါပေမယ့် သူမက ငါ့ကို လူကောင်းတစ်ယောက်လို့ တွေးနေပြီ”
သူ့ရဲ့လက်ချောင်းတွေကို ရေထဲသို့နှစ်လိုက်ပြီး ထိုလက်နဲ့ ဖန်သားစားပွဲပေါ်သို့ မျဉ်းကြောင်းတွေအများကြီးကို ချဆွဲလာခဲ့တယ်။ သူဆွဲနေတဲ့ပုံစံက စကားလုံးတွေလိုမျိုးပဲ။
လီကျိုးရှင်း သူ့ကိုကြည့်ရင်းနဲ့ ခေါင်းငုံ့ကာ သူ့ကိုယ်သူ တိုးတိုးလေး ရယ်မောလိုက်တယ်။
ကုဝမ်ချန် သူ့ရှေ့က ကောင်လေးကို ရှင်းပြဖို့ ကြိုးစားနေတာကို လက်လျှော့လိုက်တယ်။ ထိုလှပသောမျက်နှာသွင်ပြင်ဆီမှာ ဖြစ်ပေါ်လာတဲ့ မကျေမနပ်အမူအယာက မာနကြီး မောက်မာကာ အေးစက်တဲ့ပုံဖြစ်စေပြီး ကမ္ဘာကြီးနှင့်အလှမ်းဝေးသောအရပ်မှာ ပွင့်လန်းနေတဲ့ ရေခဲလီလီပန်းတွေလိုပဲ။
ကုဝမ်ချန်ဆိုတာက သူ့ရဲ့ အင်္ကျီလက်ထဲမှာ လှည့်စားမှုတွအများကြီးရှိနေပြီး သူ့ရဲ့မျက်လုံးတွေနောက်မှာတော့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ အများကြီးရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ။
ဒါပေမယ့် လီကျိုးရှင်းရဲ့ ဇာတ်ကောင်စရိုက်ကတော့ ဆန့်ကျင်ဘက်ဖြစ်ကာ သူက အမျိုးသားဇာတ်ဆောင်ကို စိတ်မသက်မသာဖြစ်အောင်လုပ်ရတာကို နှစ်ခြိုက်သဘောကျတဲ့သူဖြစ်နေခဲ့တယ်။
စာအုပ်ထဲမှာ စာရေးသူက လီကျိုးရှင်းအကြောင်းကို တစ်ခါတုန်းက ထုတ်ဖော်ပြောပြခဲ့ဖူးတယ်:
[သူက စူးစမ်းလိုစိတ်ပြင်းပြလွန်းတဲ့သူဖြစ်ပြီး ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ လုံးလုံးလျားလျားကို ခေါင်းမာလာတတ်ပြီး ထိုအချိန်မျိုးမှာ အသန်မာဆုံးလည်းဖြစ်သွားတတ်တယ်။ သူ့ဆီမှာနွေးထွေးပြီး တက်ကြွတဲ့စိတ်နှလုံးရှိပေမဲ့ ထိုအရာက သူ့ရဲ့အင်အားကြီးမားမှုကိုတော့ပြောင်းလဲမသွားစေနိုင်ဘူး။
သူအင်အားကြီးမားရတဲ့အကြောင်းပြချက်က သူ့ရဲ့ယုံကြည်ချက်ဆီမှ ရရှိလာတဲ့ ခွန်အား၊ သူ့ရဲ့ ဘယ်တော့မှ ပြောင်းလဲမသွားတဲ့ နှလုံးသားနဲ့ အစကနေ အဆုံးထိ အစဥ်အမြဲတည်မြဲနေတဲ့ သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့်ပဲ။ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲပြင်းထန်နေပါစေ ကိစ္စမရှိဘူး။ ရန်သူရဲ့အင်အားက ဘယ်လောက်ပဲ ကြီးမားနေပါစေ သူက တွန့်ဆုတ်သွားမှာမဟုတ်ဘူး။
သူက အမြဲတမ်း အမြဲတမ် အမိမြေအတွက် အောင်နိုင်မှုတွေကိုပဲ ဆောင်ကျဥ်းပေးလာခဲ့လိမ့်မယ်။ သူ့ကို ဆန့်ကျင်သူတွေအားလုံးကို သနားညှာတာခြင်းမဲ့စွာ ချေမှုန်းပစ်မှာဖြစ်ပြီး သူ့ရဲ့နိုးထမှုကြောင့်လှဲလျောင်းသွားရတဲ့ ခန္ဓာကိုယ်တွေအကြောင်းကို သက်ညှာတတ်တဲ့ မလိုအပ်တဲ့အတွေးမျိုးတွေကိုလည်း စဥ်းစားနေမှာမဟုတ်ဘူး။]
စာရေးဆရာရဲ့ စကားလုံးရွေးချယ်မှုတွေက အလွန်အပေါစားဆန်လွန်းပြီး ပထမစဖတ်ချိန်တုန်းက လီကျိုးရှင်းကိုတောင် ထိတ်လန့်သွားစေခဲ့တယ်။
သို့သော်လည်း ထိုတစ်ခုတည်းသော ဖော်ပြညွှန်းဆိုချက်အရ မူလလီကျိုးရှင်းရဲ့ နေရောင်ခြည်လေးလိုနွေးထွေးစေတဲ့ အပြင်ပိုင်းရဲ့နောက်ကွယ်မှာ ပေါက်ကွဲစေတတ်တဲ့ စွမ်းအားနှင့် အေးစက်လွန်းသော နှလုံးသားတို့ တည်ရှိမှုတွေက ကူးပြောင်းလာခဲ့တဲ့ လီကျိုးရှင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် အမှန်တကယ်ကို ကိုက်ညီနေခဲ့တယ်။
သူက သိုးရေခြုံပြီးနေထိုင်ခြင်းအပေါ် အသားကျနေပြီး အရာအားလုံးကို လုပ်ကိုင်နိုင်ပေမဲ့ ဘာတစ်ခုမှ မသိနားမလည်သလိုမျိုး ဖြူစင်ရိုးသားပြီး တုံးအသလိုသရုပ်ဆောင်ရတာကို သဘောကျတတ်တဲ့သူပဲ။
စာရေးသူရဲ့ ကလောင်တံအောက်မှာ ဒီဇာတ်ကောင်က စိတ်လိုက်မာန်ပါလုပ်တတ်လွန်းပြီး ကြိုးကိုင်ထိန်းချုပ်သူဖြစ်ရတာကို သဘောကျတယ်။ တိကျတဲ့ရှုထောင့်ဘက်ကကြည့်မယ်ဆိုရင် ဒီဇာတ်ကောင်ပုံစံက လီကျိုးရှင်းနဲ့ တကယ်ကို ကောင်းကောင်း လိုက်ဖက်တယ်လို့ဆိုနိုင်လိမ့်မယ်။
ကုဝမ်ချန် သက်ပြင်းချလိုက်တယ်။
“မင်းက ငါနောက်နေတယ်လို့ ထင်လို့လား”
“မဟုတ်ဘူး ငါအဲလိုမတွေးပါဘူး”
လီကျိုးရှင်း မျက်ခုံးပင့်လိုက်တယ်။
“မင်းက ငါ့ကို ချီးကျူးမြှောက်ပင့်တဲ့ စကားတွေပြောနေတာလေ.. ဒါကြောင့် ငါအရမ်းပျော်သွားတာ”
သူတို့ရဲ့ အနီးပတ်ဝန်းကျင်မှာတော့ လူငယ်တွေက စိတ်လှုပ်ရှားတက်ကြွနေကြတယ်။ ကုဝမ်ချန် စဉ်းစားတွေးတောပြီး ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ချင်းစီတိုင်းက မျှော်လင့်ချက်တွေဖြင့်သွေးပူနေကြပြီဖြစ်ကာ သူတို့ရဲ့ထိုင်ခုံအစွန်းဆီမှာတိုးကပ်ပြီးထိုင်နေကြတယ်။ သူတို့တွေရဲ့ ပြိုင်ဆိုင်လိုတဲ့စိတ်ဓာတ်က မိန့်ခွန်းပြောသူကြောင့် အောင်မြင်စွာ နိုးကြားလာခဲ့ကြပြီ။
“ဒီတော့ ငါတို့က အဖွဲ့လိုက်အတိုင်း လှုပ်ရှားရမယ်ပေါ့ ဟုတ်လား”
“ဒီလိုဆိုရင် ငါတို့တွေ မစ်ရှင်မစခင်မှာ အသင်းဖော်တွေ လိုက်မရှာသင့်ဘူးလား”
“ငါက စိတ်ထဲမှာ လူနှစ်ယောက်အကြောင်းကိုတွေးထားပြီးပြီ ..မင်းတို့ရော”
လူတိုင်းက မကြာခင်သွားရမဲ့ မစ်ရှင်အတွက် စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုနေကြတယ်။
“အကယ်ဒမီရဲ့ နောက်ဆုံးစာမေးပွဲအကြောင်းကို ငါကြားဖူးတယ်”
ကုဝမ်ချန်က လီကျိုးရှင်းဘက်သို့ လှည့်လိုက်တယ်။
“ငါတို့မှာ အသင်းတစ်ခုရှိဖို့ လိုတယ်၊ ငါတို့နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး __ အနည်းဆုံး လူသုံးယောက်လောက် လိုအပ်လိမ့်မယ်”
ကုဝမ်ချန်က သူတို့နှစ်ယောက် အတူအသင်းဖွဲ့မဲ့အကြောင်းကို အတော်လေး သဘာဝကျစွာပြာလာခဲ့တယ်။ လီကျိုးရှင်းကလည်း ကုဝမ်ချန်ရဲ့ပေါ့ပေါ့ပါးပါး ဖိတ်ခေါ်ချက်ကို ငြင်းဆိုရမဲ့အစား သူ့ရဲ့စကားအတိုင်း လိုက်ပါပြောဆိုခဲ့တယ်။
“ငါတို့တွေ အသင်းဖော်တချို့ ရှာတွေ့နိုင်လောက်မှာပါ”
သူတို့နှစ်ဦးကြားမှာ တစ်ယောက်က အသွင်အပြင်ပိုင်းမှာ ခေါင်းဆောင်ဖြစ်နိုင်ပြီး နောက်တစ်ဦးကတော့ နောက်ကွယ်မှာတကယ့်ကျားအစစ်တစ်ကောင်ဖြစ်နိုင်တယ်။ ဒီတော့ အရာအားလုံးအဆင်ပြေသွားနိုင်လိမ့်မယ်။
နှစ်ရက်တာက ဘာတစ်ခုမှဖြစ်မလာပဲ ကုန်ဆုံးသွားခဲ့တယ်။ ထျန်းလန်ရှင်းမှာစစ်ဆေးတဲ့ အကယ်ဒမီရဲ့ဝင်ခွင့်စာမေးပွဲကလည်း နောက်ဆုံးမှာ ရပ်တန့်သွားခဲ့ပြီ။ ထိုညမှာပဲ တာဝန်ရှီသူတစ်ဦးက သူတို့ကို အကယ်ဒမီရဲ့အမှတ်တံဆိပ်ပါတဲ့ အာကာသယာဉ်ပေါ်သို့ ခေါ်ဆောင်ခဲ့တယ်။ ထို့နောက် သူတို့တစ်အုပ်စုလုံး မွေးရပ်မြေ ဇာတိဂြိုလ်မှ ထွက်ခွါသွားကြပြီး နောက်ထပ်ဦးတည်ရာဆီသို့ ထွက်ခွာသွားခဲ့ကြတော့တယ်။
အာကာသယာဉ်ပေါ်မှာတော့ တင်းမာတဲ့မျက်နှာရှိတဲ့ ဝင်ခွင့်အရာရှိက နိဂုံးချုပ်စကား မပြောလာခင်မှာ ယခင်အကြီးအကဲဟောင်းပြောသွားတဲ့ စကားကို ထပ်ခါတလဲလဲ ပြောနေခဲ့တယ်။
“...ဒီတော့ ဒီသင်္ဘော မထွက်ခွာခင်မှာ မင်းရဲ့အသင်းတွေအကြောင်း အချက်အလက်တွေကို ငါကြားချင်တယ်”
အသစ်စက်စက်လက်ခံထားတဲ့ ဗိုလ်လောင်းတွေက စားသောက်ဆိုင်ထဲမှာပြောခဲ့တဲ့ ထိုသတင်းတွေအကြောင်းကို မသိခဲ့ရဘူး။ ဒီတော့ သူတို့တွေက ဒီအကဲဖြတ်မှုနဲ့ အသင်းဖွဲရမဲ့အကြောင်းကို အခုမှ ပထမဆုံးကြားဖူးခဲ့ကြတာ။
အရာရှိရဲ့စကားဆုံးတာနဲ့ သူတို့အနီးအနားမှလူတွေက သူတို့ရဲ့အသင်းတွေကို စာရင်းသွင်းဖို့ တစ်ယောက်ပြီးတစ်ယောက် တက်သွားကြတာကိုမြင်တော့ အသစ်လက်ခံထားတဲ့ ဗိုလ်လောင်းတွေကသူတို့ရဲ့အသံကိုမြှင့်ပြီး ကန့်ကွက်လာကြတယ်။
“ဒါက မတရားဘူး!
“ကျွန်တော်တို့မှာ တစ်ယောက်နဲ့တစ်ယောက်အကြောင်းကို လေ့လာဖို့ အချိန်မရှိခဲ့ဘူးလေ၊ အသင်းဖော်တွေကို ဘယ်လိုရွေးချယ်ရမှာလဲ? သူတို့တွေကျတော့ ကျွန်တော်တို့မသိခင်ကတည်းက ဘာလို့ ကြိုသိထားရတာလဲ”
“ဒီမှာ တရားမျှတတယ် တရားမမျှတဘူးဆိုတာ မရှိဘူး”
ကြီးကြပ်ရေးမှူးက အေးတိအေးစက်နဲ့ ပြန်ပြောလာတယ်။
“သူတို့က ဒါကိုကြားဖို့အခွင့်အရေးရရှိခဲ့တယ်၊ ကံကောင်းမှုဆိုတာကလည်း စွမ်းရည်တစ်ခုပဲ၊ မင်းသာ ကံကောင်းရင် မင်းလည်း ဒီအကြောင်းကို အရင်ကြားခဲ့ရလိမ့်မယ်”
“ဒါပေမယ့်—”
သူတို့အနေနဲ့ အခြေအနေတစ်ခုလုံးက ယုံကြည်နိုင်စရာမရှိဘူးလို့ ခံစားနေရတုန်းပဲ။ ဗိုလ်လောင်းတွေထဲမှတစ်ဦးက နီရဲနေတဲ့မျက်နှာနဲ့ မတ်တတ်ထရပ်လာပြီး ကြီးကြပ်ရေးမှူးကို လှမ်းပြောလိုက်သေးတယ်။
“ဒါပေမယ့် ဒါက ကံကောင်းတာလို့ ဘာလို့ပြောရတာလဲ? အကယ်ဒမီက ဒီကိစ္စကို လုံးဝ ဂရုမစိုက်တာလား”
ကြီးကြပ်ရေးမှူးက ရယ်မောလိုက်တယ်။ ထိုအခိုက်မှာ သူ့ရဲ့မျက်လုံးတွေက ဘေးဘက်မှာတိတ်တဆိတ်ထိုင်ပြီး ပွဲကြည့်နေတဲ့ အမှတ်အမြင့်ဆုံးနှစ်ယောက်ကို လှမ်းမြင်တွေ့သွားကာ သူတို့ကို မီးအလင်းရောင်အောက်သို့ ဆွဲခေါ်တဲ့စကားကိုပြောလိုက်တော့တယ်။
“အရာရာတိုင်းက အမြဲတမ်း (အကောင်းအဆိုး) တစ်မျိုးတည်းကိုပဲ ရှိမနေနိုင်ပါဘူး၊ ဟုတ်တယ်၊ မင်းတို့တွေက အချင်းချင်း ရင်းနှီးမဲ့ အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ကြတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မင်းတို့တွေက အသင်းဖွဲ့ပြီးသားသူတွေထက် ပိုပြီးကံကောင်းနေပြန်တယ်၊ ဘာလို့လဲဆိုတော့ ဒီနှစ်အတွက်ဝိညာဉ်စွမ်းအင်ရမှတ် 1800 ကျော်နှင့် အမှတ်အများဆုံးရရှိထားတဲ့ ဗိုလ်လောင်းနှစ်ဦးက ခုချိန်ထိ အသင်းတစ်သင်းမှာမှ မပါဝင်ရသေးဘူးလေ”
ကြီးကြပ်ရေးမှူးက ထိုအကြောင်းကိုထောက်ပြပြီးသွားတယ်ဆိုရင်ပဲ မူလတုန်းက အဖွဲ့ဖွဲ့ပြီးသွားတဲ့ ဗိုလ်လောင်းတွေက သူတို့ရဲ့ တရားမျှတမှုမရှိဘဲ အသာစီးရထားတဲ့အပေါ်အပြစ်ရှိစိတ်တွေ မခံစားရတော့ဘဲ ထိုအစား မနာလိုစိတ်တွေကိုသာ ခံစားရတော့တယ်။ ထို့အတူ မတိုင်ခင်တုန်းက ကန့်ကွက်စကားဆိုခဲ့တဲ့သူတွေကလည်း အခုချိန်မှာ ပြောစရာစကားမရှိကြတော့ဘူး။
သူတို့တွေက တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်နေကြပြီး ဒီအခြေအနေမှာ ဘာတွေလုပ်ကြမလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ဖြစ်နေကြတယ်။
ဘုရားရေ! ကြီးကြပ်ရေးမှူးက ဝိဥာဥ်စွမ်းအားရမှတ်အမြင့်ဆုံးရထားတဲ့ ဗိုလ်လောင်းနှစ်ယောက်မှာ အသင်း မရှိသေးဘူးလို့ တကယ်ကြီးပြောခဲ့တာလား။
....အဲဒီငတုံးတွေက ဘယ်လိုငရဲလိုအလုပ်မျိုးလုပ်နေခဲ့ကြတာလဲ? ဒီလိုငါးကြီးနှစ်ကောင်ကို လွှတ်ထားပေးခဲ့ကြတယ်ပေါ့။ သူတို့က စမှတ်ကို လုံး၀ကြီး ဖြုန်းတီးခဲ့တာပဲ မဟုတ်ဘူးလား?
နောက်ဆုံးအသုတ်မှာ ရောက်လာတဲ့ ဗိုလ်လောင်းအုပ်စုကတော့ တပါးသူရဲ့ဆင်းရဲဒုက္ခကို ဝမ်းသာတဲ့ခံစားချက်ကိုခံစားခဲ့ရတယ်။ သူတို့တွေရရှိနေခဲ့တဲ့ မတရားသလိုခံစားချက်မျိုး လုံးဝပျောက်ကွယ်သွားခဲ့ပြီး သူတို့ရဲ့ဘေးပတ်ဝန်းကျင်မှ လူတွေကို လိုက်လံမေးမြန်းကာ ကြီးကြပ်ရေးမှုပြောခဲ့တဲ့သူက ဘယ်သူလဲဆိုတာကို စုံစမ်းကြတော့တယ်။
လူအများစုက အမှတ်၁၈၀၀ကျော်ရထားတဲ့အသင်းဖော်တစ်ယောက်ကို သူတို့အသင်းထဲသို့ထည့်နိုင်မဲ့ နည်းလမ်းကို တွေးတောနေကြပြီ။
အကောင်းဆုံးသတင်းကတော့ အသင်းမရသေးတဲ့သူတွေ အများကြီးရှိနေသေးတတာပဲ။ သူတို့နှစ်ယောက်သည်လည်းပဲ အသင်းဖွဲ့ဖို့ အလျင်လိုနေလောက်ပြီ။ ဘာလို့လဲဆိုတော့ အကဲဖြတ်ဂြိုဟ်သို့ ရောက်သွားပြီဆိုရင် အသင်းကောင်းတစ်ခုဖွဲ့စည်းနိုင်မဲ့ ဖြစ်နိုင်ချေ မရှိတော့သလာက်နီးပါးဖြစ်သွားလိမ့်မယ်။
ဂြိုလ်တစ်ခုချင်းဆီမှ ကျောင်းသားတွေက မစ်ရှင်သို့သွားရာလမ်းမှာ သူတို့ရဲ့အသင်းကို ဖွဲ့စည်းပြီးခဲ့လိမ့်မယ်။ ဒီတော့ အသင်းအဖွဲ့ကိစ္စတွေက အကဲဖြတ်ဂြိုဟ်သို့ဆိုက်ရောက်တဲ့အချိန်မှာ အကုန်လုံးကိုဖြေရှင်းပြီးသားဖြစ်နေလိမ့်မယ်။
ကျန်နေသေးတဲ့လူတွေကတော့ အတူတကွအသင်းတစ်ခုဖွဲ့ပြီး ရုန်းကန်ကြရလိမ့်မယ်__ ထိုသူတွေက အခြားဂြိုလ်တွေမှ ကျန်ရှိနေတဲ့ ဗိုလ်လောင်းတွေနဲ့အသင်းဖွဲ့ရဖို့က အဖြစ်နိုင်ဆုံးပဲ။
အင်အားအကြီးဆုံး ဗိုလ်လောင်းနှစ်ဦးကို ဖမ်းဆုပ်နိုင်ဖို့အခွင့်အရေးရှိနေဆဲဖြစ်တာကြောင့် ကျန်ရှိနေတဲ့သူတွေအတွက် အသင်းကောင်းတစ်သင်းရရှိနိုင်မဲ့ အခွင့်အရေးတစ်ခုက အမှန်တကယ်ကိုရှိနေတုန်းပဲ။
တဖြည်းဖြည်းနဲ့ လူတိုင်းရဲ့အာရုံက လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ရှိနေတဲ့နေရာဆီကို ရောက်ရှိလာခဲ့ကြတယ်။ သူတို့ဘေးနားမှာရှိနေတဲ့ ဗိုလ်လောင်းတွေကလည်း ဂနာမငြိမ်ဖြစ်လာကြပြီး သူတို့ကိုယ်သူတို့မိတ်ဆက်ဖို့ စကားလုံးရှစ်ထောင်လောက်ပြင်ဆင်နေသလိုမျိုး ဖြစ်နေခဲ့ကြတယ်။
“…မင်း မထင်ဘူးလား”
လီကျိုးရှင်း ရုတ်တရက် ပြောလာတယ်။
ကုဝမ်ချန်က သူ့ရဲ့စကားကြောင့် စိတ်ရှုပ်ထွေးသွားရတယ်။
“ဟမ်?”
“ဒါက.. ငါတို့နှစ်ယောက်က လူအုပ်ကြီးထဲမှာ ကိုယ်လုံးတီးနဲ့ရပ်နေတဲ့ အမျိုးသမီး နှစ်ယောက်နဲ့ တူနေတယ်”
သူက သူ့ရဲ့နှာခေါင်းကို ရှက်ရွံ့စွာပွတ်သပ်လိုက်မိကာ အဖြောင့်ကောင်တစ်ယောက်ပြောနိုင်လောက်မဲ့စကားကို အတတ်နိုင်ဆုံး ရွေးချယ်ပြီးပြောလိုက်တယ်။
“36D အရွယ်အစားရှိနေနေတဲ့ အမျိုးသမီးပုံစံမျိုးလေ”