(5)အရာအားလုံးစတင်တဲ့နေရာ
ကုဝမ်ချန် ချက်ချင်းပဲ ဝိုင်သီးသွားရတယ်။ သူ သီးသွားတာကိုမြင်တာနဲ့ ကောင်လေးနှစ်ယောက်က အပြေးအလွှားရောက်လာကြပြီး သူ့ဆီကို တစ်သျူးတွေကမ်းပေးလာကြတယ်။
“မင်းအဆင်ပြေရဲ့လား? ငါ မင်းအတွက်ရေတစ်ခွက်ထည့်ပေးရမလား”
သူတို့ရဲ့ လုပ်ရပ်တွေက စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တယ်။ လီကျိုးရှင်းသာ ခုနတုန်းက ပါးစပ်မသရမ်းခဲ့ရင် ကုဝမ်ချန်အနေနဲ့ သူတို့ပေးလာတဲ့ တစ်သျှူးကို လှမ်းယူလိုက်ပြီး ယဥ်ကျေးစွာ ကျေးဇူးတင်စကားပြောဖို့အတွက် နှစ်ခါလောက် ပြန်စဥ်းစားနေမိမှာမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ သူ ထူးဆန်းပြီးအနေရခက်မှုကို ခံစားနေရပြီ။
“ လီကျိုးရှင်း”
ကုဝမ်ချန် သူ့ရဲ့ကိုယ်ပိုင် လက်သုတ်ပုဝါကိုထုတ်ယူလိုက်ပြီး သူ့ရဲ့ပါးစပ်ကိုသုတ်လိုက်ကာ စကားဝိုင်းရဲ့ခေါင်းစဥ်ကိုကျင်လည်စွာ ပြောင်းလဲလိုက်တယ်။
“ငါတို့ရဲ့ အဖွဲ့ဝင်တွေနဲပတ်သက်ပြီး မင်းဆီမှာ တွေးထားတာရှိလား”
သူတို့ရဲ့ဘေးနားမှာရှိနေတဲ့လူတွေက ရပ်တန့်သွားပြီး သူတို့ရဲ့စကားဝိုင်းကို အသက်မရှူပဲနားစွင့်နေခဲ့ကြတယ်။
လီကျိုးရှင်းရဲ့မျက်လုံးတွေက ချက်ချင်းပဲပြောင်းလဲသွားခဲ့ပြီး မေးခွန်းကို ကုဝမ်ချန်ဆီသို့ ပြန်လည်ပစ်ပေးလိုက်တယ်။
“မင်း ဘယ်လိုထင်လဲ”
လီကျိုးရှင်းက အဓိကဇာတ်ကောင်ရဲ့ “ အင်း ၊ ငါ ငါတို့ရဲ့အဖွဲ့သားတွေကို ရွေးချယ်ပြီးနေပြီ” လို့ ပြောလာမဲ့ စကားကို စောင့်နေခဲ့တာ။ သို့ပေမယ့် ကုဝမ်ချန်က ပြုံးပြီးပြန်ပြောလာတယ်။
“ ငါက တွေးတောင်မတွေးကြည့်ရသေးဘူး”
လီကျိုးရှင်း: “……”
လီကျိုးရှင်း: “ မင်း တကယ်ကြီးလား?”
“အင်း သေချာပေါက်ပဲ”
ကုဝမ်ချန်က သူ့ကို မဖော်ပြနိုင်လောက်တဲ့အမူအယာမျိုးနဲ့ ကြည့်လာတယ်။ ထို့နောက် ရုတ်တရက်ကြီး ထူးဆန်းတဲ့အမူအယာမျိုးနဲ့ ပြုံးပြလာခဲ့တယ်။
“အခု အကုန်လုံးကို မင်းဆီမှာပဲ အပ်ထားလိုက်တော့မယ်”
ကုဝမ်ချန် ပြောပြီးသွားသည်နှင့် လီကျိုးရှင်းရဲ့ဘေးနားမှာထိုင်နေတဲ့ ဗိုလ်လောင်းတစ်ယောက်က ပြောလာခဲ့တယ်။
“ဟေး ငါ..မင်းတို့ ငါဆိုရင်ရော အဆင်ပြေတယ်လို့ ထင်လား? မင်းတို့ရဲ့အဖွဲ့ထဲကို ဝင်လို့ရမလား?”
ထိုကောင်လေးရဲ့ တင်းတိတ်တွေနဲ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းနေခဲ့တယ်။ သူက ကုဝမ်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လီကျိုးရှင်းဆီသို့ မျှော်လင့်တကြီးနဲ့ လှမ်းကြည့်လာပြန်တယ်။
လီကျိုးရှင်းက သူ့ရဲ့ ပုခုံးကို အသာပုတ်ကာ ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ သူ့လုပ်ရပ်တွေရဲ့ နောက်ကွယ်မှ အဓိပ္ပါယ်ကတော့ တော်တော်လေး ရှင်းလင်းနေခဲ့တယ်။ တင်းတိပ်ကောင်လေးက စိတ်ပျက်လက်ပျက်နဲ့နောက်သို့ ပြန်ဆုတ်သွားခဲ့တယ်။
လီကျိုးရှင်းက တခြားလူတွေ သူ့ဆီကို တစ်ယောက်ပြီးတစ်ယောက် လာမိတ်ဆက်နေမှာကို စောင့်ဆိုင်းမနေတော့ပဲ ကုဝမ်ချန်နဲ့ ခဏလောက်အကြည့်ဆုံလိုက်ကာ သူထိုင်နေတဲ့နေရာမှထရပ်ပြီး အနောက်ဘက်သို့ လျှောက်သွားခဲ့တယ်။
ကုဝမ်ချန်က ထိုကောင်ငယ်လေးထွက်သွားတဲ့တစ်လျှောက် အနောက်ကနေလိုက်ကြည့်နေခဲ့ပေမဲ့ နေရာမှာပဲ ဆက်လက်ထိုင်ကျန်ရစ်ခဲ့တုန်းပဲ။
စစ်တက္ကသိုလ်ရဲ့ ယူနီဖောင်းကို ခေါင်းကနေ ခြေဖျားအထိ ၀တ်ထားတဲ့ ကုဝမ်ချန်ရဲ့ ရုပ်သွင်က မယုံနိုင်စရာကောင်းလောက်အောင် ချောမောခန့်ညားနေခဲ့တယ်။
ချန်ယန်အကယ်ဒမီရဲ့ အာကာသယာဉ်က အလွန်အမင်းကြီးမားတယ်။ ဒီယာဥ်ကြီးက ဗိုလ်လောင်းနှစ်ရာကျော်နှင့် အကယ်ဒမီရဲ့အရာရှိတွေကို လွတ်လွတ်လပ်လပ်နေနိုင်လောက်အောင် ကြီးမားလွန်းတယ်လို့ဆိုနိုင်တယ်။
လီကျိုးရှင်းက အာကာသယာဉ်ရဲ့ အလယ်နားသို့ရောက်တဲ့အချိန်မှာ ရပ်တန့်သွားပြီး သူ့ကိုကြည့်ရတာ တစ်စုံတစ်ယောက်နှင့် စကားပြောနေပုံရတယ်။ သို့သော်လည်း အကွာအဝေးက ဝေးကွာလွန်းတာကြောင့် ကုဝမ်ချန်အနေနဲ့ သူတို့ ဘာတွေပြောနေတာလဲဆိုတာကို မကြားနိုင်ခဲ့ဘူး။
ကုဝမ်ချန် သူ့ရဲ့ခြေထောက်တွေကို ချိတ်ထိုင်လိုက်ပြီး ခေါင်းကိုတော့ စားပွဲပေါ်မှာထောက်ထားတဲ့ လက်အပေါ်မှာ မှေးတင်လိုက်တယ်။ မမြင်နိုင်လောက်အောင်ပါးလွှာတဲ့ ဆံပင်မျှည်အရွယ် ဝိညာဉ်စွမ်းအင်တစ်မျှင်က သူ့ရဲ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားခဲ့ပြီး တခြားသော လူအုပ်ကြီးတွေဆီမှ ဖြတ်ကျော်သွားခဲ့ကာ လီကျိုးရှင်းဆီကို တိကျစွာ သွားခဲ့ပြီး သူ့ရဲ့ဘေးနားမှာရပ်တန့်သွားခဲ့တယ်။
“___ ဟုတ်တယ်၊ အဲဒီကောင်လိုမျိုး စက်ပစ္စည်းတွေကို တတ်ကျွမ်းနားလည်တဲ့သူမျိုးကို ငါဘယ်တုန်းကမှ မမြင်ဖူးဘူး”
ဝိညာဉ်စွမ်းအင်ကြိုးမျှင်လေးက လီကျိုးရှင်းရဲ့ ပတ်လည်ကို သွေးရဲစွာ ရစ်ပတ်ထားခဲ့ပြီး လေထုထဲသို့ ရောနှောသွားခဲ့တယ်။ အံ့သြစရာကောင်းတာကတော့ အာကာသယာဉ်ပေါ်မှာရှိနေကြတဲ့ ဆရာတွေရော၊ အရာရှိတွေရောက မည်သူကမှ ထိုဝိဥာဏ်စွမ်းအင်ကြိုးမျှင်ကို ရှာမတွေ့ခဲ့ကြဘူး။
“ဒါဆို သူက-“
လီကျိုးရှင်း ရုတ်တရက် ရပ်သွားခဲ့တယ်။
သူ ဘေးပတ်လည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။ သို့ပေမယ့် သူ ဂရုတစိုက်ရှာဖွေခဲ့ချိန်မှာတောင် ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။
“ဘာမှားလို့လဲ?”
လီကျိုးရှင်းရဲ့မေးခွန်းတွေကို ဖြေပေးနေတဲ့ကောင်လေးက လီကျိုးရှင်းရဲ့အကြည့် နောက်ကနေလိုက်ကာ သိချင်စိတ်ဖြင့် ဟိုဘက်ဒီဘက်လိုက်ကြည့်ပြီး စူးစမ်းလာတယ်။
“လင်းနျဥ်ကိုရှာနေတာလား၊ သူ ဒီမှာ မရှိဘူး၊ သူက တခြားလူတွေနားမလည်နိုင်လောက်တဲ့ စက်အစိတ်အပိုင်းတွေ လေ့လာဖို့အတွက် ထောင့်တစ်နေရာရာမှာ ပုန်းနေလောက်တယ်.. ဒါပေမယ့် ငါ သေချာပေါက် ပြောနိုင်တာက သူ ခုချိန်ထိ အသင်းဖော်တွေကို မရှာရသေးဘူး _ သူ့အတွက် အဲဒီစက်အစိတ်အပိုင်းတွေနဲ့ starnet ကုဒ်တွေက မစ်ရှင်ထက် ပိုအရေးကြီးနေလို့လားပဲ”
လီကျိုးရှင်းက ထိုကောင်လေးရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။
“တကယ်လား”
သို့ပေမယ့် သူ့ရဲ့စိတ်ကတော့ တခြားတစ်နေရာမှာ ရှိနေပြီး သူ့ရဲ့ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်နေခဲ့တယ်။
လီကျိုးရှင်း သူ့ရဲ့ပတ်လည်မှ အရာရာတိုင်းကို သတိအပြည့်နဲ့ လိုက်လံရှာဖွေနေခဲ့တယ်။ ဖြည်းညင်းစွာနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုတစ်ခုက သူ့ရဲ့စိတ်ကို လွှမ်းခြုံသွားခဲ့တယ်။
သင်္ဘောပေါ်မှ ဆူညံသံတွေက သူ့ဆီမှ တဖြည်းဖြည်း ဝေးကွာလာခဲ့ပြီး သူ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတဲ့ မမြင်နိုင်တဲ့ နံရံတံတိုင်းတစ်ခု စိုက်ထူထားသလိုမျိုး သူ့ရဲ့ဘေးနားမှာရှိနေတဲ့ လူတွေရဲ့အသံတွေကို ပိတ်ဆို့လိုက်သလို ဖြစ်သွားခဲ့တယ်။ သူ့နှလုံးခုန်သံကကလည်း သူ့ရဲ့နားထဲမှာ ကျယ်လောင်တာထက် ပိုပြီးကျယ်လောင်လာခဲ့တယ်။
ကုဝမ်ချန်ရဲ့ တည်ငြိမ်နေတဲ့အသွင်အပြင်ကတော့ ရုတ်တရက် တင်းမာသွားခဲ့လေတယ်။
သူ ထပ်ထိုင်ထားတဲ့ခြေထောက်ကို ပြန်ဖြေလိုက်ပြီး သူ့ရဲ့ခြေထောက်နှစ်ချောင်းလုံးကို ကြမ်းပြင်ပေါ်သို့ပြန်ချလိုက်ကာ သူ့ရဲ့အာရုံတွေကို လီကျိုးရှင်းဆီသို့ လုံးလုံးလျားလျားပြောင်းလိုက်တယ်။
မြူခိုးလိုမျိုးဝိညာဉ်စွမ်းအင်တွေက လွင့်ပျံလာခဲ့ပြီး လူတိုင်းရဲ့အာရုံကို တဖြည်းဖြည်းနဲ့ ဖမ်းစားနိုင်လာတယ်။
လီကျိုးရှင်း သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ကြိုးတစ်ခုအဖြစ် ဖန်တီးလိုက်ပြီး သူ့ရဲ့ဘေးပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ စူးစမ်းဖို့အတွက် အသုံးပြုခဲ့တယ်။ သူ့အနေနဲ့ ဒါကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာကို အမှန်တကယ် မသိခဲ့တာကြောင့် ထိုလုပ်ရပ်က ထင်ပေါ်နေခဲ့ပြီး သင်္ဘောပေါ်ရှိ ကြီးကြပ်ရေးမှူးကို ထိတ်လန့်သွားစေခဲ့တယ်။
ကြီးကြပ်ရေးမှူးက မတ်တပ်ထရပ်လိုက်ပြီး လီကျိုးရှင်းဆီကို ပူလောင်တဲ့အကြည့်တွေဖြင့် ကြည့်လိုက်ကာ ရုတ်တရက် ကျေနပ်စွာဖြင့် အော်ဟစ်ရယ်မောလိုက်လေတယ်။ သူက သူ့ရဲ့ဘေးနားမှလူကို လှည့်ကြည့်လိုက်တယ်။
“မြန်မြန်လေး! ဝိညာဉ်စွမ်းအား အကာအကွယ်ကိုဖွင့်လိုက်!
ဘေးနားမှဆရာက ညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ပြီး ကျေနပ်အားရစွာနဲ့ သက်ပြင်းချလိုက်တယ်။
“ဒီကလေးကတော့ တကယ်ကို အရည်အချင်းရှိလွန်းတယ်.. ကျွန်တော့်ရဲ့ သင်ကြားပြသခဲ့တဲ့နှစ်တွေအတွင်း ဒီတစ်ကြိမ်က ဘယ်သူရဲ့သင်ကြားပို့ချတာကိုမှ မရရှိခဲ့ပဲ တစ်ယောက်ယောက်က သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ရုပ်လုံးပေါ်အောင် ပြုလုပ်နိုင်တာကို ကျွန်တော် ပထမဆုံးမြင်ဖူးခဲ့တာပဲ.. တကယ်ကို အထင်ကြီးစရာကောင်းတယ်”
ဝင်ခွင့်စစ်ဆေးရေးအရာရှိက အတွင်းစိတ်ထဲမှာ ဝမ်းသာအားရနဲ့ ခုန်ပေါက်နေခဲ့သော်လည်း သူ့ရဲ့မျက်နှာပေါ်မှတင်းမာတဲ့အမူအရာကိုတော့ ထိန်းထားနိုင်တုန်းပဲ။
“သူ ဘာတွေတွေးနေတာလဲ.. ဒီလောက် ကျောင်းသားတွေအများကြီးစုဝေးနေတဲ့နေရာမှာ သူက ဝိညာဉ်စွမ်းအင်ကို ဘာလို့ အသုံးပြုနေရတာလဲ? ဒီဗိုလ်လောင်းကိုတော့ သူ့ရဲ့အဆင်အခြင်မဲ့မှုအတွက် တင်းကြပ်မှဖြစ်မယ်..
မဟုတ်ရင် နောက်တစ်ခါကျရင် သူက အရည်အချင်းနည်းနည်းလောက်ပိုရှိတာနဲ့ တခြားလူတွေထက် သာလွန်တယ်ဆိုတဲ့အတွေးဝင်သွားပြီး လမ်းကွေ့သွားရင်ဘယ်လိုလုပ်မလဲ.. တကယ်လို့ ငါတို့သာ သူ့ကိုဆက်လွှတ်ထားလိုက်ရင် နောက်နှစ်နှစ်လောက်အတွင်း ငါတို့ရဲ့လက်ထဲကို ဘယ်လိုအရှုပ်အထွေးတွေရောက်လာမလဲဆိုတာကို ဘယ်သူကသိနိုင်မှာလဲ?”
ဆရာက ရယ်မောလိုက်တယ်။ သူ့အနေနဲ့ဝင်ခွင့်စစ်ဆေးရေးအရာရှိက လီကျိုးရှင်းကို အမှန်တကယ် မကြိုက်တာမဟုတ်ကြောင်း သိနေခဲ့တယ်။ ထို့အစား သူက ချန်ယန်ကျောင်းရဲ့ အဆင့်တစ်ကျောင်းသားအပေါ် ပိုပြီး အရေးပါတဲ့နေရာဆီသို့ ထားပေးလိုက်ပြီဖြစ်တာကြောင့် ကလေးရဲ့ အနာဂတ်အတွက် အလွန်စိုးရိမ်နေခဲ့ခြင်းသာဖြစ်လေတယ်။
ဒါက သူရဲ့ ဝိညာဉ်စွမ်းအင်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပေမဲ့ လီကျိုးရှင်းတစ်ယောက် သူ့ရဲ့ ဝိညာဉ်စွမ်းအင် ဆုတ်ကိုင်နိုင်တဲ့ ခံစားချက်ကိုတောင် မရရှိခင်မှာပဲ ဝိညာဉ်စွမ်းအားအကာအကွယ်နဲ့ ထိတွေ့ခဲ့ရပြီး စွမ်းအားတွေက ပြိုကွဲသွားခဲ့လေတယ်။
အိပ်မက်အတွင်းလွင့်မျောကျရောက်သွားတဲ့အခြေအနေမှ လက်တွေ့ဘဝသို့ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာပဲ သူ့ရဲ့ပတ်ဝန်းကျင်မှ ကျွတ်ကျွတ်ညံနေတဲ့အသံတွေက ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ သူ့ရဲ့နားထဲသို့ တစ်ပြိုင်နက် တိုးဝင်လာခဲ့လေတယ်။
လီကျိုးရှင်း သူ့ရဲ့ မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့ သူ့ရှေ့မှာရောက်နေတဲ့ အကယ်ဒမီကျောင်းမှ ဆရာကိုမြင်တွေ့လိုက်ရတယ်။ ထိုဆရာက သူ့ကို လေသံမာမာဖြင့် ပြစ်တင်ဆုံးမခဲ့ပြီး သင်္ဘောပေါ်မှာ သူ့ရဲ့ဝိညာဉ်ရေးစွမ်းအားကို အသုံးမပြုဖို့ ပြောခဲ့တယ်။
လီကျိုးရှင်းက စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့မှသာ ဆရာရဲ့တင်းမာနေတဲ့အမူအရာက ပျက်ပြယ်သွားခဲ့ပြီး နားလည်သဘောပေါက်ဟန်ဖြင့် ကူကယ်ရာမဲ့စွာပြောလာတယ်။
“မင်းမှာ အရည်အချင်းရှိရင် မဖြုန်းတီးလိုက်နဲ့.. အလုပ်ကြိုးစားဖို့ဆိုတာက အရေးကြီးတယ်ဆိုပေမဲ့ ကိုယ်တိုင်ထင်မြင်ချက်နဲ့ ဝိညာဉ်ရေးစွမ်းအင်တွေကို သုံးတာက နည်းလမ်းမှန်မှာမဟုတ်ဘူး.
ဒါကြောင့် အသုံးမပြုခင် မှန်ကန်တဲ့နည်းလမ်းကို သင်ယူနိုင်မဲ့အချိန်ကို စောင့်ဆိုင်းသင့်တယ်.. မင်း စိတ်ရှည်ဖို့ ငါမျှော်လင့်တယ်”
“ကျွန်တော်နားလည်ပါတယ်”
လီကျိုးရှင်းရဲ့အပြုံးက နေရောင်ခြည်လိုတောက်ပနေခဲ့တယ်။
“ကျွန်တော် မလုပ်တော့ပါဘူး”
မတိုင်ခင်တုန်းက စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တွေက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့တဲ့ ခဏလေးအတွင်းမှာလည်း ဘာတစ်ခုကိုမှ ရှာမတွေ့နိုင်ခဲ့ဘူး။ ဒီအနှောင့်အယှက်လေးက သူ့ရဲ့ယှဉ်ပြိုင်စိတ်ကို တိုးမြင့်စေခဲ့တယ်။
ခွန်အားကသာ အကောင်းဆုံးအကာအကွယ်ပဲ။ ခွန်အားမရှိရင် ဘယ်လို အာမခံချက်မှမရှိဘူး။ သူ သန်မာမှုနဲ့ ခွန်အားကို လိုလားတောင့်တတယ်။ သူ သန်မာချင်တယ်။ သူ တတ်နိုင်သလောက် အမြန်ဆုံး သူ့ရဲ့ခွန်အားကို အမြင့်ဆုံးရောက်အောင် သေချာပေါက်တိုးမြှင့်ရမယ်။