(7)တုံးအတဲ့ မြေခွေး
သူတို့တွေ အာကာသယာဥ်ပေါ်မှ မထွက်ခွာသွားခင်မှာ သူတို့တွေက အသင်းရဲ့အသေးစိတ်အချက်အလက်တွေကို ကြီးကြပ်ရေးမှူးများထံ အစီရင်ခံတင်ပြရလိမ့်မယ်။ ဒါကြောင့် စောင့်ဆိုင်းနေဖို့ အချိန်သိပ်မရှိဘူး။ ကုဝမ်ချန်က လီကျိုးရှင်း တွေးနေသမျှကို သိနေသလိုမျိုး ပြောလာခဲ့တယ်။
“မင်းတို့နှစ်ယောက်အပြင် အဖွဲ့ထဲကို ဝင်ချင်တဲ့သူတွေရှိသေးလား”
သူ့ရဲ့နောက်မှ ရေခဲတောင်ထက်တောင် ပိုပြီးအေးစက်တဲ့ အရှိန်အဝါတွေရှိနေပုံရတဲ့ လူငယ်တစ်ယောက် ထွက်လာခဲ့တယ်။ သူ့မျက်လုံးထဲက အကြည့်တွေက လှိုင်းတစ်ခုလေးတောင်ရှိမနေခဲ့ပဲ သမုဒ္ဒရာရဲ့နက်ရှိုင်းလွန်းတဲ့နေရာမှ ရေပြင်လို ငြိမ်သက်နေခဲ့ကာ သူစကားပြောတဲ့အချိန်မှာ သူ့ရဲ့အမူအယာတွေက ရေခဲမြစ်ထဲကနေ ထွင်းထုထားတယ်ထင်ရလောက်အောင် အေးစက်လွန်းနေပြန်တယ်။
“ငါက လင်းနျဥ် .. စက်ပစ္စည်းတွေနဲ့ စတားနက်မှာကျွမ်းကျင်တယ်”
ချောမောပြီး ရိုးစင်းပုံရကာ ဒီလိုမျိုးအရှက်မရှိလောက်အောင် ယုံကြည်ချက်ပြည့်ဝနေတဲ့ပုံက စာအုပ်ထဲမှာဖော်ပြထားတဲ့ လင်းနျဥ်က အတိအကျတူညီတယ်။
လီကျိုးရှင်းက ကုဝမ်ချန်နဲ့ လင်းနျဥ်ကို အံ့သြစွာကြည့်ပြီးပြောလိုက်တယ်။
“ဝိုး.. တိုက်ဆိုင်လိုက်တာ”
လင်းနျဥ်က ခေါင်းခါလိုက်ပြီး တိုတောင်းစွာပြောလာတယ်။
“တိုက်ဆိုင်တာမဟုတ်ဘူး”
သူက လီကျိုးရှင်း သူ့ရဲ့အကြောင်းကို တခြားလူတွေထံမှ မေးမြန်းနေတာကို သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာမှတဆင့် တွေ့ရှိခဲ့တယ်။ လင်းနျဥ်က သူရဲ့ကိုယ်ပိုင်စွမ်းရည်အပေါ်မှာ အလွန်ယုံကြည်မှုရှိသော်လည်း ဝင်ခွင့်စာမေးပွဲက နည်းပညာနှင့် အသိပညာတစ်ခုတည်းဖြင့် မပြီးစီးနိုင်ကြောင်းကိုလည်း သိရှိထားတာကြောင့် လီကျိုးရှင်းရဲ့အဖွဲ့ထဲ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါပေမယ့် သူ့ထောင့်ကနေ ထွက်လာတဲ့အချိန်မှာ လီကျိုးရှင်းက တခြားလူနှစ်ယောက်နဲ့ စကားပြောနေတာကိုမြင်တွေ့လိုက်ရတဲ့အတွက် အဖွဲ့ဝင်ရန်အတွက် ကုဝမ်ချန်ဆီကိုပဲ တိုက်ရိုက်သွားခဲ့တာ။
လင်းနျဥ်ရဲ့တောင်းဆိုမှုကြောင့် ကုဝမ်ချန်က လုံးဝမအံ့သြသွားခဲ့ပဲ ဖြေလာတယ်။
“...သေချာတာပေါ့ သူလိုချင်တာပဲလေ”
( ET/n : ကုဝမ်ချန် ဆိုလိုတာက လီကျိုးရှင်း က သူ့ကိုလိုက်ရှာနေချိန်မှာ သူက ကိုယ်တိုင်လာပြီး အဖွဲ့ဝင်တာဖြစ်လို့ လီကျိုးရှင်းက လုပ်နိုင်စွမ်းရှိတယ်လို့ဆိုလိုတာလို့ ထင်ပါတယ်တဲ့)
လင်းနမ်က သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကို အသုံးပြုခဲ့ပြီး တပ်သားသစ်တွေအားလုံးရဲ့ ဒေတာတွေကိုစုဆောင်းထားခဲ့တာကြောင့် သူ့ရဲ့ရှေ့မှာရပ်နေတဲ့သူက ဝိဥာဥ်စွမ်းအားအမှတ် (1850)ရရှိထားပြီး လီကျိုးရှင်းလို့ခေါ်တဲ့ ဗိုလ်လောင်းနဲ့ အတူတူလောက်နီးပါးရှိနေကြောင်းကို သိရှိထားတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လင်းနျဥ်က ထိုနံပါတ်တွေက အမှန်မဟုတ်လောက်ဘူးလားလို့ တွေးမိနေခဲ့ပြီ။
ဒီရဲ့အနာဂတ်အသင်းဖော် ကုဝမ်ချန်က သူထင်ထားသလောက် မရိုးရှင်းလောက်ဘူး။
......
သူတို့ရဲ့အဖွဲ့၀င်တွေကို ရှာဖွေတွေ့ရှိပြီးနောက် လီကျိုးရှင်းက အသေးစိတ်အချက်အလက်တွေကို ကြီးကြပ်ရေးမှူးထံ သို့ ပေးပို့ခဲ့တယ်။
ထျန်လန်ရှင်းရဲ့စမ်းသပ်မှု မစ်ရှင်က ငါးရက်ကြာမြင့်လိမ့်မယ်။
ထိုအချိန်အတောအတွင်းမှာ လူတိုင်းက အတိအကျသတ်မှတ်ထားတဲ့ အာဟာရထုပ်တွေနဲ့ သူတို့ရဲ့လက်သည်းခွံအရွယ်ရှိတဲ့ အချက်ပြပစ္စည်းကိုပါ သူတို့နှင့်အတူ သယ်ဆောင်လာခဲ့ကြရတယ်။
မစ်ရှင်ရဲ့တည်နေရာက အင်ပါယာရဲ့ ရှစ်ခုမြောက် အဓိက နဂါးငွေ့တန်းရဲ့ ခုနစ်ခုမြောက်ဂြိုလ်ဖြစ်တဲ့ Vagor မှာ ပြုလုပ်သွားလိမ့်မယ်။
Vagor က ရှေးဦးဂြိုဟ်တစ်ခုဖြစ်ပြီး နည်းပညာတွေ မရှိသေးတဲ့အပြင်၊ ဆိုးရွားလှသော ဆင့်ကဲဖြစ်စဉ်ရဲ့ ထုတ်လုပ်မှုတွေဖြစ်တဲ့ ကြောက်လန့်စရာတောရိုင်းတိရိစ္ဆာန်အများအပြားလည်း ရှိနေသေးတယ်။ အတိုချုပ်ပြောရလျှင် ဒီတောရိုင်းတိရစ္ဆာန်တွေက တိုက်ခိုက်ရေးစွမ်းအားသည်လည်း ကြီးမားနေသေးတယ်။
အာကာသယာဉ် မြေပြင်သို့ ဆင်းသက်တဲ့အချိန်မှာ ဒီဂြိုလ်ပေါ်မှ တောရိုင်းသက်ရှိတွေရဲ့အချက်အလက်တွေကိုရရှိထားတဲ့ကျောင်းသားတွေက အပြင်ဘက်မှ ရှုခင်းတစ်လျှောက်ကို တင်းမာတဲ့အမူအယာတွေနဲ့ ကြည့်ရှုခဲ့ကြတယ်။
ထျန်လန်ရှင်းရဲ့ အာကာသယာဉ်အပြင် အခြားဂြိုဟ်နှစ်ခုမှ တပ်သားသစ်များကို ခေါ်ဆောင်လာခဲ့တဲ့ တခြားသောအာကာသယာဥ်နှစ်စီးလည်း ရှိနေသေးတယ်။
ထျန်လန်ရှင်းရဲ့ နံပါတ်တစ်တစ်ယောက်အနေနဲ့ လီကျိုးရှင်းက ကြီးကြပ်ရေးမှူးဆီကနေ အရှေ့မှာထွက်ရပ်ဖို့ အခေါ်ခံခဲ့ရပြီး တခြားသော တပ်သားနှစ်ရာကို ဦးဆောင်ဖို့ ညွှန်ကြားခံရတယ်။ ဒီလိုနည်းနဲ့ သူတို့က တခြားသောဂြိုလ်နှစ်ခုမှ ဗိုလ်လောင်းတွေနဲ့ ပေါင်းစည်နိုင်လိမ့်မယ်။
ဂြိုလ်သုံးလုံးမှ လူသစ်စုဆောင်းရေးအရာရှိတွေက အချိန်အတော်ကြာအောင် ဆွေးနွေးပြီးနောက် ထျန်လန်ရှင်းမှ အရာရှိက ရုတ်တရက်မေးလာခဲ့တယ်။
“မင်းတို့နှစ်ယောက်တာဝန်ယူထားတဲ့ဂြိုလ်က ကျောင်းသားတွေက ဘယ်လိုနေလဲ”
“သူတို့က တော်တော်လေး အရည်အချင်းရှိတဲ့ အဖွဲ့လို့ဆိုရမယ်”
ဆရာတွေထဲမှ ငယ်ရွယ်တဲ့တစ်ယောက်က အပြုံးနဲ့ ပြန်ဖြေလာတယ်။
“ဒီနှစ်ရဲ့ ရလဒ်တွေက ကျွန်တော်တို့ရခဲ့တဲ့ အကောင်းဆုံးနှစ်နဲ့ မယှဉ်နိုင်ဘူးဆိုပေမယ့် ခိုင်လန်ရှင်းကတစ်ယောက်ကတော့ ရမှတ် (1800)ကျော်ရှိရခဲ့တုန်းပဲ.. ကံမကောင်းစွာနဲ့ ဒီလိုရမှတ်ရှိတဲ့ ဗိုလ်လောင်းက ဒီတစ်ယောက်ပဲရှိခဲ့တယ်.. ဒုတိယနေရာက ရမှတ်က 1600 လောက်ပဲရှိတာ”
အသက်ကြီးတဲ့အရာရှိကတော့ သက်ပြင်းချကာ ခေါင်းကို ခါရမ်းလိုက်ပေမဲ့ သူက တိတ်ဆိတ်စွာသာဆက်ရှိနေခဲ့တယ်။
ထျန်းလန်ရှင်းမှ အရာရှိက နောက်ထပ်မေးခွန်းတစ်ခုမေးလာတယ်။
“၁၈၀၀ ကျော်တာလား? အတိအကျရမှတ်ကဘယ်လောက်လဲ”
“1806”
ထျန်းလန်ရှင်းမှ အရာရှိက ပြောလိုက်တယ်။
“ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ? ထျန်းလန်ရှင်းရဲ့ ဒုတိယရမှတ်အများဆုံးတစ်ယောက်ကလည်း အဲဒီ့ရမှတ်နဲ့ နီးစပ်တယ်လေ၊ သူက 1850 ဆိုတော့ တော်တော်လေးကောင်းပါတယ်”
ကျန်တဲ့ အရာရှိနှစ်ယောက်က အံ့အားသင့်သွားခဲ့ကြတယ်။
“ဒုတိယအမြင့်ဆုံး?”
“ပထမနေရာက 1890 ပဲ၊ ထည့်ပြောစရာသိပ်မရှိပါဘူး.. ဒီကောင်စုတ်လေးက သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ထုတ်လွတ်ပြီးဖော်ထုတ်ပြသဖို့တောင် သတ္တိရှိနေတာလေ၊ တကယ်တော့ ငါ ဒီဝင်ခွင့်စာမေးပွဲမှာ သူ့ကို သင်ခန်းစာပေးနိုင်ဖို့ စောင့်နေခဲ့တာ”
“?!”
ကျန်တဲ့ အရာရှိနှစ်ယောက်က အာမေဋိတ်သံတွေထွက်လာရပြီး သူတို့ရဲ့မျက်လုံးတွေက လီကျိုးရှင်းဆီသို့ တောက်ပစွာ ကြည့်လာခဲ့ကြတယ်။ လီကျိုးရှင်းက ရှက်ရွံ့စွာဖြင့် သူ့ရဲ့နှာခေါင်းတွေကို ပွတ်သပ်ကာ ပါးတွေမို့တက်လာအောင်ပြုံးလိုက်တယ်။
“ဆရာ၊ ကျွန်တော်မှားတာကို သိပါပြီ၊ ကျွန်တော်ထပ်မလုပ်တော့ပါဘူး”
ထျန်းလန်ရှင်းမှ အရာရှိက ဒေါသတကြီး ပြန်တုံ့ပြန်လိုက်ပေမဲ့ အခုလိုကြွားလုံးထုတ်လိုက်ရတဲ့အတွက် အလွန်စိတ်ကျေနပ်နေခဲ့တယ်။
နောက်တော့ တပ်သားသစ်တွေ အားလုံးကို မရှင်းလင်းရသေးတဲ့နယ်မြေတွေဆီသို့ ရှင်းလင်းရေးသို့ ခေါ်ဆောင်သွားခဲ့တယ်။
ဂြိုဟ်ကြီးသုံးဂြိုလ်ဆီမှ လူသစ်စုဆောင်းမှုတွေက လူပေါင်း 600 ကျော်ရှိပြီး အရေအတွက်အများကြီးလို့ ဆိုနိုင်ပေမဲ့ သူတို့တွေက ရှင်းလင်းရေးဧရိယာကြီးရဲ့ သေးငယ်တဲ့အပိုင်းကိုသာ ရှင်းလင်းဖို့ တတ်နိုင်လိမ့်မယ်။
ဒီဂြိုလ်ကြီးရဲ့ ပတ်ဝန်းကျင်က အလွန်ရုန့်ရင်းကြမ်းတမ်းလွန်းတယ်။ သူတို့ရပ်နေတဲ့နေရာဆီသို့ လေပြင်းတွေတိုက်ခတ်လာပြီး အဝါရောင်အညစ်အကြေးတွေကလည်း လေနဲ့အတူသယ်ဆောင်လျှက် ပါဝင်လာခဲ့တယ်။
သူတို့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ထူထပ်တဲ့ ရှေးဦးတောအုပ်ကြီးတစ်ခုရှိနေပြီး တခြားသောဦးတည်ချက်တစ်ခုဆီမှာတော့ နှင်းတွေကျဆင်းနေတဲ့ ရေခဲကမ္ဘာကြီးရှိနေခဲ့တယ်။
ကုဝမ်ချန်က အဝေးကိုခဏလောက်ကြည့်လိုက်တယ်။
“မင်းတို့တွေ ဘယ်ဘက်ကိုသွားချင်လဲ”
ရှီနန် စိတ်ရင်းအပြည့်နဲ့ပြောလိုက်တယ်။
“သစ်တောဘက်ကိုသွားရအောင်! သစ်တော! ငါတို့တွေ သားရဲကောင်တွေဆီမှာ အစားခံလိုက်ရမယ်ဆိုရင်တောင် အနည်းဆုံးတော့ သူတို့ရဲ့ပါးစပ်အထဲဘက်မှာ ပူနွေးနေလိမ့်မယ်၊ ဟိုဘက်အခြမ်းက အေးလွန်းလို့ ငါတို့သေရင်တောင် သက်သောင့်သက်သာရှိနေမှာမဟုတ်ဘူး”
ကျိယွီနဲ့ လင်းနျဥ်က တွဲဘက်ညီစွာနဲ့ ရှီနန်ဆီသို့ အထင်အမြင်သေးတဲ့အကြည့်ဖြင့် ကြည့်လိုက်ကြတယ်။
“ငါတို့ သေမှာမဟုတ်ဘူး”
ကုဝမ်ချန်ကတော့ သူအမြဲတမ်းရှိနေတတ်တဲ့ပုံစံအတိုင်း စိတ်အေးလက်အေးရှိနေတုန်းပဲ။ သူရဲ့အမူအယာက တခြားလူတွေကိုပါ မသိစိတ်အရ တည်ငြိမ်သွားစေပြီး သူပြောတဲ့အရာတိုင်းကို နားထောင်ချင်အောင်လုပ်နေခဲ့တယ်။
“အန္တရာယ်လို့ ထင်ရတဲ့အရာတွေက အန္တရာယ်အနည်းဆုံး ဖြစ်နေတတ်တယ်၊ အန္တရာယ်မရှိဘူးလို့ ထင်ရတဲ့အရာတွေက သူတို့ရဲ့လက်သည်းတွေနှင့် ဆူးတွေအားလုံးကို ဖုံးကွယ်ထားတတ်တယ်..
Vagor ရဲ့ပတ်ဝန်းကျင်က အရမ်းကိုဆိုးရွားနေတယ်ဆိုတော့ သူက သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့သဘာဝကို ဆိုးရွားတဲ့အသွင်အပြင်ရဲ့နောက်ကွယ်မှာ ဖုံးကွယ်ဖို့ကြိုးစားနေတာကြောင့်ပဲ”
လီကျိုးရှင်း သူ့ကိုကြည့်ရင်း တွေးလိုက်တယ်။ ဒါတွေကြောင့်ပဲ ဇာတ်လိုက် ကုဝမ်ချန်က သိုးအရေခွံခြုံထားတဲ့ ဝံပုလွေအဖြစ် ကစားရတာကို နှစ်သက်ခဲ့တာ ဖြစ်နိုင်တယ်။
ကုဝမ်ချန်ပြောတာမှန်တယ်။ အကယ်ဒမီက ဒီဂြိုဟ်ကို အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့ပြီးဖြစ်ပြီး ဒီနေရာတွင် အလွန်အမင်းအန္တရာယ်များတဲ့ အရာတစ်ခုမှ မရှိဘူးဆိုတာကို သေချာအောင် စစ်ဆေးထားပြီးပြီ။
တစ်ချိန်တည်းမှာ သူတို့တွေက ကျောင်းသားတွေကို ကာကွယ်ရန်အတွက် ကျောင်းသားတွေရဲ့နောက်ကနေ မမြင်နိုင်တဲ့ပုံစံဖြင့် အချိန်တိုင်း လိုက်ကြည့်နေတဲ့ စနစ်တစ်ခုလည်း ရှိသေးတယ်။
အချက်ပေးကိရိယာထဲမှာလည်း တစ်ကြိမ်သုံး အကာအရံနှင့် ဖိသိပ်ထားသော ဆေးဝါးများပါရှိတယ်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကယ်ဒမီမှ ဆေးအဖွဲ့များသည်လည်း သင်္ဘောတွေထဲမှာ အသင့်အနေအထားဖြင့်ရှိနေပြီး ဒီစမ်းသပ်ကွင်းတွေရဲ့အပေါ်မှာ ပျံဝဲနေလိမ့်မယ်
ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တစ်နေ့တာ(၂၄) နာရီလုံး စောင့်ကြည့်နေဦးမှာဖြစ်ပြီး တစ်မိနစ်ခန့် မှားသွားတာနှင့် ကျောင်းသားတွေကို ကယ်ဆယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက (၅) စက္ကန့်အတွင်း ရောက်လာနိုင်လိမ့်မယ်။
သေချာတာပေါ့။ ကျောင်းသားတွေက အန္တရာယ်ကြုံလာတဲ့အချိန်မှာတောင် အချက်ပေးကိရိယာကို အသုံးပြုဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေက ကျောင်းသားတွေကို အင်အားသုံးပြီး ကွင်းအတွင်းမှ မောင်းထုတ်မှာ မဟုတ်ဘူး။ ထို့အစား သူတို့က ဗိုလ်လောင်းတွေကို အနီးကပ် စောင့်ကြည့်နေမှာဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်လာတဲ့အချိန်ကိုရောက်ရင်တော့ ကြားထဲမှ ဝင်ရောက်ပါဝင်လာလိမ့်မယ်။
____ ဘာလို့လည်းဆိုတော့ အကယ်ဒမီရဲ့အတိတ်တုန်းက ကျောင်းသားနှစ်ယောက်က သူတို့ရဲ့ ဝင်ခွင့်စစ်ဆေးမှုအချိန်အတွင်းမှာ သေခြင်းတရားနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ သူတို့ရဲ့ရှိနေတဲ့ စွမ်းရည်ထက် ထိုးဖောက်ကျော်လွှားဖို့ စီမံနိုင်ခဲ့ဖူးတယ်။
ကျောင်းသားတွေက အကယ်ဒမီထံမှ ရှင်သန်ဖို့လိုအပ်တဲ့ပစ္စည်းတွေကို ပေးအပ်မလာခင်မှာ ခဏလောက် စကားပြောနေခဲ့ကြတယ်။ သူတို့တွေအာဟာရအထုပ်တွေနဲ့ ကွမ်တမ်လက်နက်များအပြင် စစ်ဘက်အဆင့်ရှိတဲ့ ဓားမြှောင်တစ်ချောင်းလည်း ရရှိခဲ့တယ်။ လိုအပ်တဲ့အရာအားလုံးဝေငှပြီးနောက် အကယ်ဒမီမှအရာရှိတွေက ဘာတစ်ခုမှ မပြောခဲ့ဘဲ ထွက်ခွာသွားခဲ့ကြတယ်!