Ch 8
Viewers 3k

(8)တုံးအတဲ့ မြေခွေးလေး


ကျောင်းသား အုပ်စုသုံးဖွဲ့ကအာကာသယာဉ်တွေ စတင်စက်နှိုးပြီး လေပေါ်သို့ပျံတက်သွားတာကို တုံးအအနဲ့ ကြည့်နေမိခဲ့ကြတယ်။ ခဏလေးအတွင်းမှာပဲ ဆရာတွေ အားလုံးက ထွက်သွားခဲ့ကြပြီ။ အဖွဲ့တစ်ခုစီရဲ့အရှေ့မှ ကိုယ်စားလှယ်တွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်က စတင်ပြောလာခဲ့တယ်။


“မင်းတို့ရဲ့ဆရာတွေက မင်းတို့တွေကို အချက်အလက်နညနည်းလောက် မပြောပြခဲ့ဘူးလား”


ကျန်တဲ့လူတွေက ခေါင်းကိုခါရမ်းလာကြပြီး တစ်ယောက်က စုတ်သပ်ကာ ပြောလာတယ်။


“အရမ်း တာဝန်မဲ့လွန်းတာပဲ”


အခုလိုအခြေအနေမျိုးက လီကျိုးရှင်းရဲ့ စိတ်ကြိုက်ပုံစံမျိုးပဲ။ အဓိပ္ပါယ်မရှိတာတွေပြောမနေဘူး။ လုပ်စရာရှိတာကိုဖြောင့်ဖြောင့်သွားတယ်။ လှုံ့ဆော်မှုပေးတဲ့ မိန့်ခွန်းမျိုးတွေနှင့် မလိုအပ်တဲ့အရာတွေကနေ ယူဆောင်သွားမဲ့ အချိန်တွေကို များစွာသက်သာစေတယ်။


ဒါပေမယ့် ဆရာတွေက ဘာတစ်ခုမှမပြောခဲ့ပဲ ရုတ်တရက် ထွက်သွားတာက သူတို့ရဲ့ဦးဆောင်မှုအောက်မှ ကျောင်းသား (600) လောက်ကို အူကြောင်ကြောင်ဖြစ်သွားစေကာ လက်ရှိဖြစ်နေတဲ့ အရာတွေကို နားလည်နိုင်စေဖို့ ကြိုးစားနေရတဲ့အခြေအနေကိုဖြစ်သွားစေတယ်။ 


လူအများစုက အာကာသယာဉ်တွေ ထွက်ခွာသွားတဲ့ ကောင်းကင်ယံဆီကို မျှော်ကြည့်နေကြတုန်းပဲ။


လီကျိုးရှင်းက ကုဝမ်ချန်ကို တိုက်ရိုက်မေးလိုက်တယ်။


“ငါတို့ စကြတော့မလား”


ကုဝမ်ချန်က အပြုံးလေးတစ်ခုဖြင့် ထိုမေးခွန်းကို ပြန်လည်ပစ်ပေးလာတယ်။


“အဆင့်တစ်ကျောင်းသား.. မင်းတစ်ခုခုလုပ်တော့မှာပေါ့ ဟုတ်တယ်မလား?”


လေထဲမှာရောနှောပါဝင်နေတဲ့ အဝါရောင်မြေမှုန်တွေရဲ့ ရိုက်နှက်ခံနေရမှုကြောင့် ကြမ်းတမ်းပြီး ညစ်ပတ်လွန်းနေတဲ့နေရာမှာ ကုဝမ်ချန်ရဲ့အပြုံးက လတ်ဆတ်တဲ့ကြာပန်းတွေ ပွင့်လန်းလာသလိုမျိုးပဲ။


“မင်းမျက်နှာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ညစ်ပတ်နေရတာလဲ”


လီကျိုးရှင်း သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး ကုဝမ်ချန်ရဲ့ပါးကို ပွတ်သပ်လိုက်တယ်။ 


“ဒီလို ချောမောတဲ့ မျက်နှာလေးကို မင်း ပိုပြီး ဂရုမစိုက်နိုင်ဘူးလား”


ကုဝမ်ချန်ရဲ့ မျက်နှာက နူးညံ့နေပုံ ပေါ်ရုံသာမကပဲ ထိတွေ့တဲ့အချိန်မှာလည်း နူးညံ့ပျော့ပြောင်းနေခဲ့တယ်။


ကုဝမ်ချန်ရဲ့ မျက်ခုံးတွေက အထက်ကိုပင့်,မသွားခဲ့ကာ သူ့ကိုကြည့်ရတာ အံ့သြသွားဟန်ရှိတယ်။ သို့သော်လည်း သူပြန်မဖြေရသေးခင်မှာပဲ လီကျိုးရှင်းက သူ့ရဲ့ နံပါတ်တစ်အဖြစ် ရာထူးရဲ့ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့လည်ချောင်းရှင်းဖို့အတွက် နှစ်ကြိမ်လောက်ချောင်းဟန့်လိုက်တယ်။


ဒါပေမယ့် သူ စကားမစရသေးခင်မှာပဲ ကုဝမ်ချန်ရဲ့အသံက ရုတ်တရက်ဝင်ပြီးနှောင့်ယှက်လာတယ်။


“မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို သုံးလိုက်” 


ဘယ်လိုမျိုးသုံးရမှာလဲ?


သူ ထိုအကြောင်းကိုတွေးလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်တွေက ပိုးအိမ်ထဲမှ လွတ်မြောက်ဖို့ စိတ်အားထက်သန်သလိုမျိုး ပြင်းပြင်းထန်ထန်မွှေနှောက်လှုပ်ရှားလာကြတယ်။ 


ထိုမွှေနှောက်နေတဲ့လှုပ်ရှားမှုတွေနဲ့ ဖြေးညင်းစွာလောင်ကျွမ်းလာမှုတွေက အာကာသယာဉ်ပေါ်မှာတုန်းက သူခံစားခဲ့ရတဲ့အတိုင်းပဲ။


လီကျိုးရှင်း သူ့ဦးနှောက်ရဲ့တုံ့ပြန်မှုတွေအတိုင်း လိုက်ပါပြီး စကားပြောလိုက်တယ်။


“လူတိုင်းပဲ.. ကျေးဇူးပြုပြီး မင်းတို့ရဲ့အသင်းဖော်တွေကို သွားရှာပါ.. ပြီးရင် မင်းတို့ရဲ့အသက်ကယ်ပစ္စည်းတွေကိုယူပြီး လူစုခွဲရအောင်”


ဝိညာဉ်စွမ်းအားတွေရဲ့ ပျံ့လွင့်မှုအတိုင်း သူ့ရဲ့အသံက လူတိုင်းရဲ့ နားရွက်ထဲသို့ တိုးဝင်သွားပြီး ထိုအသံက ရှင်းလင်းကြည်လင်ကာ ပေါက်ကွဲသံလိုမျိုး ကျယ်လောင်နေခဲ့တယ်။


လီကျိုးရှင်းက သူ့ဝိညာဉ်စွမ်းအားရဲ့အကွာအဝေးကိုမထိန်းချုပ်နိုင်ခဲ့တာကြောင့်ကြောင့် သူပြောလိုက်တဲ့ သတင်းစကားတွေက သူရဲ့ဝိညာဉ်ရေးစွမ်းအားကိုဖြန့်ကျက်နိုင်ခဲ့တဲ့ နေရာတိုင်း၊ ထောင့်တိုင်းဆီသို့ရောက်ရှိသွားလေတော့တယ်။ 


ဒါကြောင့် သူ့ရဲ့သတင်းစကားကို ထျန်းလန်ရှင်းမှ ကျောင်းသားများသာမကဘဲ အခြားသော ဂြိုဟ်နှစ်ခုမှ လူတိုင်းသည်လည်း ကောင်းစွာကြားလိုက်ရတယ်။ 


အုပ်ချုပ်သူတွေ မရှိတော့တာကြောင့် အချို့သော ကျောင်းသားတွေက စိတ်မငြိမ်မသက် ဖြစ်နေခဲ့ကြတာ။ ဒါကြောင့် သူတို့တွေက လီကျိုးရှင်းရဲ့ ညွှန်ကြားချက်တွေကို မသိစိတ်ဖြင့် လိုက်ပါ နားထောင်နေခဲ့ကြတယ်။


သူတို့တွေက သူတို့ရဲ့ အသင်းဖော်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ဦးတည်ချက်ဆီကို သွားခါနီးကျမှသာ သူတို့ကိုညွှန်ကြားချက်ပေးခဲ့တဲ့တစ်ယောက်က ကျောင်းသားတစ်ယောက်ဖြစ်နေတာကို သတိပြုသွားရတယ်။


“...ဘယ်သူလဲ? ငါတို့ရဲ့ဂြိုလ်ကတစ်ယောက်ယောက်လား?”


“ငါ ကြားတာတော့ ငါတို့ရဲ့ခိုင်ယန်ရှင်းကတစ်ယောက်က ဝိညာဉ်ရေးစွမ်းအင် (1800)ကျော်တောင်ရှိတယ်လို့ ကြားခဲ့တယ်.. ဒါကြောင့် ငါတို့ပြောနေတဲ့တစ်ယောက်က အဲဒီလူသားနတ်ဘုရားဖြစ်မယ်ထင်တယ်.. ငါတို့တွေ ကျောင်းရဲ့သင်ခန်းစာကိုတောင် မစရသေးခင် သူက အဲလောက်ထိလုပ်နိုင်နေပြီဆိုတာကို ငါယုံတောင်မယုံနိုင်ဘူး.. ငါဆို ငါ့ရဲ့ဝိညာဉ်စွမ်းအင်တွေက ဘယ်နေရာမှာရှိမှန်းတောင် ရှာမတွေ့သေးဘူး”


“ ငါ_ိုး! ငါတို့ရဲ့ဂြိုလ်ကက နံပါတ်တစ်က တကယ်ကို အစွမ်းထက်တာပဲ! ကျောင်းစတက်ရလို့ လေ့ကျင့်မှုပိုပြီးလုပ်ပြီးသွားရင် သူက ငါတို့နှစ်မှာ ပထမနေရာကိုရောက်သွားမယ်ဆိုတာ သေချာနေပြီပဲမဟုတ်ဘူးလား?”


“သေချာတာပေါ့! အဲဒီတစ်ယောက်က သူ့ရဲ့ ဝိညာဉ်စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာကိုပါ ရှာတွေ့သွားပြီ.. တခြားဂြိုလ်နှစ်ခုကတော့ ဒီပြပွဲကို ငတုံးတွေလို ထိုင်ကြည့်နေရတော့မှာပဲ.. ငါတို့နှစ်ရဲ့ ပါရမီရှင်က ငါတို့ ခိုင်ယန်ရှင်းကပဲဖြစ်နေတာတော့ သူတို့ရဲ့ ကံဆိုးမှုပဲလေ ဟားဟား!”


ထျန်းရှီရှင်းမှ ကျောင်းသားတွေကတော့ သူတို့ထဲမှာ ဉာဏ်ကြီးရှင်ကျောင်းသားမပါဝင်တာကြောင့် မနာလိုဖြစ်ကာ စိတ်ပျက်ရုံသာ တတ်နိုင်ခဲ့တယ်။


သို့သော်လည်း သူတို့ဘေးမှ ဖြတ်သွားတဲ့ ထျန်းလန်ရှင်းမှ တပ်သားသစ်တွေက စကားဝိုင်းကို တစ်ပိုင်းတစ်စကြားလိုက်ရပြီး စိတ်မထိန်းနိုင်ဖြစ်သွားရတယ်။ 


“ညွှန်ကြားချက်ပေးတဲ့တစ်ယောက်က မင်းတို့ဂြိုလ်ရဲ့နံပါတ်တစ်လို့ ဘယ်သူကပြောတာလဲ.. မင်းတို့တွေ ကြွားလုံးမထုတ်ခင် ပထမဆုံးစစ်ဆေးသင့်တယ်လို့မထင်ဘူးလား? မင်းတို့ရဲ့ဂြိုလ်က မဟုတ်ရင် ရှက်စရာကောင်းနေမှာလို့ မတွေးမိဘူးလား”


ထိုအချိန်မှာ ထိုကဲ့သို့အငြင်းပွားခြင်းရဲ့ အဓိက ‘အကြောင်းအရာ’ ဖြစ်တဲ့ လီကျိုးရှင်းကတော့ ထိုရန်ပွဲကို လုံးဝ သတိမထားမိခဲ့ဘူး။ သူနဲ့သူ့ရဲ့အဖွဲ့က သူတို့ရဲ့ပစ္စည်းတွေကို စုစည်းပြီး တောထဲကို စတင်ဝင်ရောက်သွားခဲ့ပြီ။ 


ကျိယွီ: “အကယ်ဒမီက ထောက်ပံ့ပေးခဲ့တဲ့ အာဟာရထုပ်တွေက ငါတို့အတွက် နှစ်ရက်စာပဲလုံလောက်တယ်”


အဖွဲ့သားတွေအားလုံး သက်ပြင်းချလိုက်ကြတယ်။


“ဒီဂြိုလ်ပေါ်မှာ စားလို့ကောင်းတဲ့ သားရဲတချို့ရှိတယ်.. ဒီတော့ ငါတို့တွေ အဲဒီကောင်တွေရဲ့အသားတွေကိုစားပြီး အာဟာရထုပ်တွေကိုတော့ အရေးပေါ်အဖြစ် ချန်ထားရမယ်”


လင်းနျဥ်က သူ့ရဲ့လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး သူ့ရဲ့ ကွမ်တမ် ကွန်ပျူတာရှိ သုံးဖက်မြင်ဟိုလိုဂရမ် လုပ်ဆောင်ချက်ကို ဖွင့်လိုက်တယ်။ ဂြိုလ်တစ်ခုရဲ့ စက်ဝိုင်းပုံ ပုံသဏ္ဍာန်တစ်ခုပေါ်လာခဲ့ပြီး ထိုဂြိလ်ရဲ့ပတ်လမ်းအတွင်းမှာ လှည့်ပတ်သွားလာနေတဲ့ ရွှေရောင်ကုဒ်ကြိုးတစ်ချောင်းက ဟိုလိုဂရမ်အတွင်း စီးဆင်းသွားခဲ့တယ်။ ဒါက Vagorရဲ့ ဟိုလိုဂရမ်ပဲ။


စစ်နန် အံ့အားတကြီးနဲ့မေးလာခဲ့တယ်။


“Starnetရဲ့ လိုင်းတွေကို အဟန့်အတားပစ္စည်း ဖွင့်ထားတယ်လို့ အရာရှိက မပြောခဲ့ဘူးလား?”


“ငါက အာကာသယာဉ်ပေါ်က Starnet ကို ချိတ်ဆက်ထားတာ” 


လင်းနျဥ်က ဟိုလိုဂရမ်ကို ချဲ့ကြည့်လိုက်တော့ သစ်တောရဲ့အသေးစိတ်အချက်တွေ ပေါ်လာခဲ့တယ်။ သူရဲ့လက်တွေက ကွမ်တမ်ကွန်ပြူတာပေါ်မှာ ပျံလွှားသွားနေခဲ့က် ဟိုလိုဂရမ်မျက်နှာပြင်သည်လည်း အဆက်မပြတ်ပြောင်းလဲနေခဲ့ပြီး သားရဲတိရစ္ဆာန်မျိုးစုံကို ပြသနေခဲ့တယ်။


“အကယ်ဒမီက သစ်တောထဲမှာ စောင့်ကြည့်ရေးကိရိယာ (၃၂၈) ခု ချထားတယ်.. ငါတို့က တောထဲကဟာတွေကိုကြည့်ဖို့ အဲဒီကင်မရာတွေကို ငှားသုံးလို့ရတယ်”


ကျိယွီတောင်မှ စိတ်ပါဝင်စားလာခဲ့တယ်။


“ဒါက အရမ်းမိုက်တာပဲ!” 


လင်းနျဥ်က သူ့ရဲ့အဖွဲ့သားသုံးယောက်ကို လှည့်ကြည့်ရင်းနဲ့ သူ့ရဲ့နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကွေးညွှတ်တက်သွားခဲ့တယ်။ စစ်နန်ကတော့ စိတ်လှုပ်ရှားစွာဖြင့် လီနျဥ်ရဲ့ ပခုံးကိုရိုက်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေကတော့ သဘောကျမှု တွေဖြာထွက်နေခဲ့တယ်။ လီကျိုးရှင်းက လက်မထောင်ပြလိုက်ပြီး ကုဝမ်ချန်ကတော့ အချိန်အခါနဲ့ကိုက်ညီစွာ လက်ခုပ်တီးလာတယ်။


ဒီလိုဖြစ်နေရမှာပေါ့။ လူတိုင်းက သူ့ကို ချီးကျူးနေတာကိုတွေ့တော့ လင်းနျဥ် စိတ်ကျေနပ်သွားခဲ့တယ်။ 


သူက မြင်ကွင်းငါးခုကို စပြီးဖွင့်လှစ်လိုက်တယာ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက်နှင့် အထက်သို့  ထို မြင်ကွင်းတွေကို သူ့အသင်းဖော်တွေရဲ့ ကွမ်တမ်ကွန်ပြူတာတွေဆီသို့ ပို့ပေးလိုက်ကာ မတူညီတဲ့မြင်ကွင်းတစ်ခုစီကို သူ့ရဲ့အသင်းသားတွေမှ ကိုင်တွယ်ထိန်းချုပ်ဖို့ သေချာအောင်လုပ်လိုက်တယ်။


လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေပြီးတဲ့နောက် သူတို့တွေက “သားရဲရိုင်းသစ်တော” လို့ ဂြိုလ်စူးစမ်းလေ့လာသူတွေကြားမှာသိထားတဲ့ တောအုပ်ထဲသို့ ဝင်လာခဲ့ကြတယ်။


သားရဲရိုင်းသစ်တောက အပြင်ဘက်မှကြည့်မယ်ဆိုရင် လှပပြီး ဆန်းသစ်နေပုံရသော်လည်း အတွင်းပိုင်းမှာတော့ အလွန်ကောင်းမွန်တဲ့ပုံမပေါ်ဘူး။ ရှေးဟောင်းသစ်ပင်ကြီးတွေက သစ်ရွက်တွေနဲ့ထူထဲလွန်းကာ ငွေရောင်ကောင်းကင်ယံကိုတောင် ဖြတ်ခနဲမြင်ရခြင်းမရှိလောက်အောင်ထူထဲလွန်းတယ်။


နေရောင်ခြည်တွေက ထူထပ်တဲ့သစ်ပင်ထိပ်ဖျားက အမှုန်အမွှားတွေလောက်သာ ပေါက်ထွက်လာခဲ့တယ်။ သူတို့အနေနဲ့ ကွမ်တမ်ကွန်ပျူတာတွေကို တစ်ချိန်လုံး ကြည့်နေနိုင်ခြင်း မရှိတော့ဘူး။အထူးသဖြင့် အခုချိန်မှာ သူတို့တွေက အကယ်ဒမီရဲ့ စောင့်ကြည့်ရေးဧရိယာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီလေ။


သူတို့တွေ သားရဲရိုင်းသစ်တောရဲ့ နှလုံးသားလို့ဆိုနိုင်တဲ့ ရေအရင်းအမြစ်ရှိရာနေရာဆီသို့ လျှောက်လာခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ ဘာတစ်မှမဖြစ်ခဲ့သလို သူတို့ရဲ့ခရီးအတွင်းမှာ ထင်ရှားတဲ့အရာတွေလည်း ရှိမလာခဲ့ဘူး။


အားလုံးက သူတို့ရဲ့သတိအနေအထားကို ဖြေလျှော့လိုက်မိကြပြီး ကျိယွီကတော့ မနေနိုင်စွာ မှတ်ချက်ပေးလာတယ်။


“ဒီနေ့တော့ ဘာတစ်ခုမှဖြစ်မလာဘူးထင်တယ်” 


လီကျိုးရှင်း: “......” 


သူတို့တော့ သွားပြီ။


စာအုပ်ထဲမှာ ကျိယွီက သူရဲ့ချောမောလွန်းတဲ့ရုပ်ရည်က ဘယ်လောက်ပဲ စွဲမက်ဖြယ်ကောင်းနေပါစေ၊ ဒါမှမဟုတ် သူ့ရဲ့အေးစက်လွန်းတဲ့ အရှိန်အဝါတွေနဲ့ လူတွေကို သေလောက်အောင် အေးစက်သွားစေကာ အေးတိအေးစက်နဲ့ စွဲလန်းစရာ ခပ်မိုက်မိုက်ကာရိုက်တာဖြစ်နေပါစေ သူ့ကို လူသိများစေတဲ့အချက်က ထိုအကြောင်းအရာတွေကြောင့်မဟုတ်ခဲ့ဘူး။ တခြားသောစွမ်းရည်တစ်ခုကြောင့်ပဲ။


သူ့ရဲ့ပါးစပ်က နေရောင်အောက်မှာရှိနေတဲ့ အရာအားလုံးကို ချက်ချင်းပဲ အမှောင်ထုထဲသို့ ကျဆင်းသွားအောင်လုပ်နိုင်စွမ်းရှိတယ်။ 


မျှော်လင့်ထားသလိုပဲ သူ့ရဲ့ပါးစပ်မှ ထိုစကားလုံးတွေ ကျဆင်းလာသည်နှင့်တပြိုင်နက်မှာပဲ သစ်တောထဲမှ အဖြူရောင်အရိပ်တစ်ခုက ပြေးထွက်လာလေတော့တယ်။ အလွန်လှပတဲ့ပုံသဏ္ဍာန်ရှိတဲ့အဖြူရောင်မြေခွေးက သူတို့ကိုမြင်လိုက်တာနဲ့ ချက်ချင်းပဲ သူ့ရဲ့လမ်းကြောင်းကိုပြောင်းလဲပြီး သူတို့ရဲ့အနောက်ဘက်မှ ချုံပုတ်ထဲသို့ တိုးဝင်ကာ လိမ္မာပါးနပ်စွာ ပုန်းခိုလာခဲ့တယ်။ 


ထို့နောက်မှာတော့ ကျယ်လောင်လွန်းတဲ့ သားရဲတိရိစ္ဆာန်ကြီးရဲ့ ဟိန်းဟောက်သံတွေက တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ကာ သူတို့ရဲ့ ခြေထောက်အောက်မှာရှိတဲ့ မြေပြင်ကလည်း တုန်ခါလာခဲ့ပြီး ကျောက်တုံးတွေနှင့် ကျောက်စရစ်ခဲတွေက ခုန်ပေါက်လာခဲ့တယ်။ 


မကြာခင်မှာပဲ အလွန်အမင်းကြီးမားလွန်းတဲ့ ဒေါသကြီးနေပုံရသော သားရဲကြီးတစ်ကောင်က သူတို့အသင်းရဲ့ရှေ့မှာ ပေါ်ထွက်လာခဲ့ပြီး သွေးရောင်နီရဲနေတဲ့ မျက်လုံးတွေဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်တယ်။


သူ့ရဲ့ပါးစပ်ကလည်းငွေရောင်သန်းတဲ့ တံတွေးတွေက တစ်စက်ပြီးတစ်စက်စီးကျနေခဲ့ပြီး ထိုတံတွေးပြုတ်ကျတဲ့နေရာတိုင်းက မြေပြင်ပေါ်မှာ အပေါက်တွေဖြစ်လောက်တဲ့အထိ လောင်ကျွမ်းသွားခဲ့တယ်။


လူတစ်စု: “......”


သူတို့တွေအားလုံး တိတ်ဆိတ်စွာဖြင့် သူတို့ရဲ့နောက်ဖက်မှ ချစ်စဖွယ်မြေခွေးလေးကို ပြန်လှည့်ကြည့်လိုက်မိကြတယ်။


ကောင်းကင်ပြာရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားတဲ့ မြေခွေးလေးက သူတို့ကို ချစ်စရာကောင်းစွာ ပြန်ကြည့်နေခဲ့လေတယ်။


ဒီ ကြီးမားတဲ့သားရဲကြီးက heatဝင်နေသလိုပဲ....


မင်း , မြေခွေးငတုံးလေး.. ဒီလိုတွေဖြစ်လာအောင် မင်းဘယ်လိုအရာတွေကိုလုပ်ခဲ့တာလဲ အတိအကျပြောစမ်းပါ?