Chapter 84
သတင်းထူးကြီး
စားပွဲထိုးက ဟင်းပွဲများ တည်ခင်းပြီးသောအခါ မော့ကျန်းက လီယန်၏ ပန်းကန်ထဲသို့ ငါးကလေးအကြွပ်ကြော်တစ်ကောင်ကို ထည့်ပေးလိုက်သည်။ သူက ထိုဟင်းကို စားရန် ကျရှုံးခဲ့စဥ်က သူမ၏ မျက်လုံးများထဲမှ ဖုံးကွယ်ထားသော ခါးသီးမှုများကို မှတ်မိနေဆဲ ဖြစ်သည်။
"ကျေးဇူးပါ... ကျန်းကျန်း"
လီယန်က ပန်းကန်ထဲမှ ငါးကလေးကို ပျော်ပျော်ရွှင်ရွှင် ကောက်ယူလိုက်သည်။ သူမ ၎င်းကို ဝါးနေသည့် အချိန်တွင် မော့ကျန်းက အမှတ်တမဲ့ မေးလိုက်သည်။ "ဟုတ်သား... ယွမ်ဇယ် မင်းကို ဘယ်တုန်းက ဒီကို ခေါ်လာပေးခဲ့တာလဲ"
"သူ ကျွန်မကို ဗယ်လင်တိုင်းဒေးမှာ ဝန်ခံခဲ့တာလေ"
မော့ကျန်း: "…"
ဒီဟာကို စားစရာ မလိုတော့ဘူး...
မော့ကျန်း၏ မျက်နှာ ရုတ်တရက် မဲမှောင်သွားသည်ကို ကြည့်လိုက်ပြီး လီယန်က အသံတိုးတိုးဖြင့် ထပ်ပေါင်း ပြောလိုက်သည်။
"ဒါပေမယ့်... ကျွန်မ ငြင်းထားပြီးသားလေ"
ကောင်းပြီလေ... သူသိထားတာပဲ... သူ့ကို ရှာဖို့ ဘားကိုတောင် သွားလိုက်သေးတယ်... ဒါပေမယ့် သူ့ကို မိန်းမတစ်ယောက် ခေါ်ထုတ်သွားတယ်တဲ့... ပြောကာမှ အဲ့တစ်ယောက်က ရှန်ပူတော့ မဟုတ်လောက်ပါဘူးနော်... ဟုတ်နေမလား...
"ကျန်းကျန်း" မော့ကျန်း မိန်းမောတွေဝေနေသည့်ပုံရသည်ကို တွေ့လိုက်ရသောအခါ လီယန်က တမင်သက်သက် အသံပြုလိုက်သည်။
"ဟမ်" မော့ကျန်းက အသိပြန်ဝင်လာခဲ့သည်။ သူက ငါးကလေးတစ်ကောင်ကို ယူကာ လီယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "စားလေ"
"ကျန်းကျန်း... ရှင်လည်းစား" လီယန်က စားပွဲအလယ်ရှိ ပန်းကန်ထဲမှ ငါးကလေးတစ်ကောင်ကို ထည့်ပေးလိုက်သည်။ မော့ကျန်းက ပန်းကန်ထဲက ရွှေရောင် ငါးကြော်ကို ကြည့်ကာ မျက်လုံးများ နိမ့်ဆင်းသွားသည်။
"DSက ကိုယ့်ကို နောက်ဆုံးထွက်ထုတ်ကုန် အစုံနည်းနည်း ပေးလာတယ်... ကိုယ်မလိုဘူးဆိုတော့ မင်းယူလိုက်လေ"
လီယန်က ပန်းကန်လုံးထဲမှ ခေါင်းမော့လာပြီး သူမရှေ့မှလူကို မျက်လုံးရွဲကြီးများဖြင့် ကြည့်လာခဲ့သည်။ HappyBirthdayမှာ "ချစ်သူကောင်မလေးအတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်" ဟူ၍ တံဆိပ်ကပ်ထားခြင်း ဖြစ်ပြီး ၎င်းကို အမျိုးသမီးတစ်ယောက်ထံ ပေးခြင်းက အမျိုးသားတစ်ယောက်က အချစ်များ ပြုလုပ်ခြင်းနှင့် အတူတူပါပင်။
"အိုး... ကျေးဇူးပါ" ၎င်းက ပစ္စည်း အနည်းငယ်မျှသာ ဖြစ်သော်လည်း လီယန်က အနည်းငယ် ရှက်ရွံ့နေဆဲ ဖြစ်ပြီး အနည်းငယ်... ပျော်နေခဲ့သေးသည်။
ထိုထမင်းတစ်နပ်က သဟဇာတ ဖြစ်လွန်းသဖြင့် လီယန်မှာ ကားပါကင်၌ ဖြစ်ပျက်ခဲ့သမျှကိုပင် မေ့သွားခဲ့သည်။ လီယန် သန့်စင်ခန်း ဝင်နေချိန်၌ မော့ကျန်းက ထန်ချန်းကို ဖုန်းခေါ်လိုက်သည်။ ထန်ချန်းက ကုမ္ပဏီတွင် နေ့လည်စာ စားပြီးကာစ ဖြစ်နေသည်။ သူ တစ်ရေးအိပ်ရန် ပြင်နေချိန်၌ မော့ကျန်း ဖုန်းခေါ်လာခဲ့သည်။
အကြောင်းအချို့ကြောင့် သူ့တွင် မကောင်းသည့် ခံစားချက်များ ရလာခဲ့လေသည်။
"ငါ့ရဲ့ ခြောက်ပါးမြောက် အာရုံက ပြောနေတယ်... ကောင်းတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူးတဲ့"
အခြားတစ်ဖက်မှ မော့ကျန်းက နူးနူးညံ့ညံ့ ရယ်မောလိုက်ဟန်ပါပင်။ "မင်းရဲ့ အာရုံခြောက်ပါးက အရမ်း စူးရှတာပဲနော်"
….
ထန်ချန်းက မျက်မှောင်မကြုံ့ဘဲ မနေနိုင်။ "အတိအကျ ဘာတွေ ဖြစ်သွားခဲ့တာလဲ"
"ငါ ကောင်းထျန်းချောင်ကို တစ်ချက် ထိုးလိုက်တယ် ငါ ပါပီ(ပါပါရာဇီ)တွေ ရိုက်တာ ခံလိုက်ရတယ် ထင်တယ်"
ထန်ချန်း"…"
နှလုံးခုန်သံ အကြိမ်တစ်ရာ ခုန်ပြီးသွားမှသာ သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားအောင် ထိန်းလိုက်ရသည်။ "ဘာလို့လဲဆိုတာ ပြောပြလို့ရမလား"
"ကားပါကင်မှာ လီယန်ကို ထိကပါး ရိကပါး လုပ်နေတာ တွေ့တော့ မထိန်းနိုင်တော့လို့"
"ဟားဟား မင်း အဲ့နေရာမှာ သတင်းထောက်တွေ ရှိမှန်း သိနေတာတောင် သူ့ကို သွားထိုးခဲ့တာလို့ ငါ့ကို ပြောမလို့လား"
မော့ကျန်းက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ထန်ချန်းက ဂွင့်တွေ့သွားပြီ ဖြစ်ရာ ဆက်ပြောနေခဲ့သည်။
"ဧကရာဇ်မော့... မင်းကတော့ ငါ့ ခွေးသူငယ်ချင်း(ပါပါရာဇီ)တွေရဲ့ တကယ့် မိတ်ဆွေစစ်ပဲနော်.. ဒီသတင်းက သူတို့တစ်နှစ်လုံး ထိုင်စားနေဖို့ လုံလောက်နေပြီ"
သူ တကယ်ပဲ နားမလည်နိုင်တော့... အချစ်က လူတစ်ယောက်ရဲ့ IQကို နိမ့်ကျသွားစေနိုင်တာလား... မော့ကျန်းလို သတိထားတတ်တဲ့လူတောင် ဒီလိုအခြေအနေမျိုးမှာ လူတစ်ယောက်ကို ရိုက်ချနိုင်တာလား... ကမ္ဘာကြီး အဆုံးသတ်သွားတော့မှာလား...
"မင်းလည်း ကောင်ထျန်းချောင်က ဘယ်လို လူမျိုးလဲ သိတာပဲ... သူလက်တွေ ခြေတွေ လီယန်ဆီ ပစ်ဝင်နေတာကို ထိုင်ကြည့်နေရင် ယောကျ်ားတစ်ယောက် မဟုတ်တော့ဘူး"
ယခုတွင်မူ ထန်ချန်း တိတ်ဆိတ်သွားသည့်အလှည့်ပါပင်။ ကောင်းထျန်းချောင်၏ ဂုဏ်သတင်းက မည်မျှ ဆိုးဝါးလှသည်ကို မည်သို့ဖော်ပြရမည်ပင် မသိနိုင်တော့ပေ။ သူယခင်က တွေ့ခဲ့သည့် မိန်းကလေးအရေအတွက်မှာ မနည်းလှပေ။
"ကောင်းထျန်းချောင်နောက် လိုက်နေတဲ့ လူအများစုက "စတားစွယ်စုံကျမ်း"က သတင်းထောက်တွေပဲ... သူတို့ကို ပြန်တည်းဖြတ်ဖို့ ပြောလိုက်မယ်" အတိတ်မှာ မရေမတွက်နိုင်သည့် အကြိမ်ပေါင်းများစွာ လုပ်ခဲ့သော်လည်း အဆုံးတွင် ခေါင်းစဥ်တပ်ခံရသူမှာ ထန်ချန်းသာ ဖြစ်သည်။
"ဒါပေမယ့် သူတို့ဆီမှာ ဒီလောက် ပစ္စည်း အကြီးကြီး ရှိနေတာနော်... စကားပြောဖို့ မလွယ်မှာ စိုးရတယ်"
"ငါသိတယ်... မင်း အရင် သွားညှိထားလိုက်အုံး... ရလဒ်ကိုသိမှ ငါ့ဆီပြန်ဆက်လိုက်" လီယန် သန့်စင်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည့်အတွက် မော့ကျန်း မြန်မြန် ဖုန်းချလိုက်သည်။
နှစ်ယောက်သား စတူဒီယိုသို့ ရောက်သောအခါ ဝမ်ရှောင်ရှောင်က ရိုက်ကူးနေလေပြီ။ လီယန်က သူမ၏ ထိတ်လန့်စရာ မျက်နှာကြီးကို ကြည့်၍ အမှတ်တမဲ့ဖြင့် ခြေနှစ်လှမ်း ဆုတ်မိသွားသည်။
မော့ကျန်း မိတ်ကပ်ပြင်ပြီး မကြာမီမှာပင် ရိုက်ကူးရေးလုပ်ရန် သွားခဲ့သည်။ ထိုသူက အလွန် ပရော်ဖက်ရှင်ကျသော သရုပ်ဆောင် တစ်တစ်ယောက်ဟု ပြောရမည်ပင်။ စိတ်ရှုပ်စရာ ကိစ္စများ ရှိနေသော်လည်း နေ့လည်ပိုင်း ရိုက်ကူးရေးကို သက်ရောက်မှု မရှိခဲ့ပေ။ လီယန်က ဘေးတွင် ထိုင်ကာ မော့ကျန်း သူမကို ပေးလာသည့် ရေချိုးဆပ်ပြာနို့ရည်ကို ကြည့်လိုက်သည်။ သူမက တခစ်ခစ် ရယ်ကာ ပုံရိုက်ပြီး ဝေ့ပေါ်တွင် တင်လိုက်သည်။ "#အကြိုပြကွက် # တကယ်တော့ ကော်ဇောနီပေါ်မှာ ဧကရာဇ်မော့ ပြောခဲ့တဲ့တစ်ယောက်က ငါပါလို့ ပြောပါရစေ" ")."
ဖန်တစ်သောင်းကျော် ရှိသည့် လီယန်မှာ ကွန်မန့်များစွာ ရလာပြီး ပိုစ့်အသစ်တင်ပြီး မကြာမီမှာပင် forwardများ လုပ်လာကြသည်။ သူမက ပေါ်ထွက်လာသော အသိပေးစာများကို ကြည့်ကာ ၎င်းတို့ကို စစ်ကြည့်ရင်း ပြုံးနေလေသည်။
("လီယန်ရဲ့ တုံ့ပြန်ချက်က နှေးလွန်းတယ်နော်... အဲ့ဒါက အခုပေါ်ပြူလာ မဖြစ်တော့ဘူးလို့ 233333")
("ဟူးဟူး... သူက ငါ့ကို ပြောနေတာ အသိသာကြီး... လက်မခံရင် တိုက်ခိုက်ကြမယ်")
("ခဏလေး စောင့်ကြပါအုံး... ပုံက HBရဲ့ နောက်ဆုံးထွက် ဆပ်ပြာနို့ရည်နဲ့ တူနေတယ်နော်... လီယန်... ဘယ်လိုရလာတာလဲ")
("ဟမ့်... အဲ့ဒါ ငါ့ကိုပေးလိုက်ရင် ခွင့်လွှတ်ပေးမယ်")
လီယန်က ထိုကွန်မန့်ကို ကြည့်လိုက်ပြီးနောက် တုံ့သွားလေသည်။ ဖာခ့်... အရှက်မရှိလိုက်တာ... ရှမ်ပူမ... နောက်ဆုံးတော့ ငါးစာလှမ်းဟပ်ပြီပဲ.. ဒါပေမယ့် ဒီဆပ်ပြာရည်က...
("ဒါက တစ်ယောက်ယောက်က ငါ့ကို ပေးထားတာလေ... နောက်တစ်ယောက်ကို ထပ်ပေးလို့ မကောင်းဘူး":)"
ချန်းချင်းယန်: "… …"
သောက်ကျိုးနဲ... ကွာရှင်းလိုက်ကြစမ်းပါ... ဘယ်မှာလဲ... အချစ်...
မော့ကျန်း အနားယူရာနေရာသို့ ရောက်လာသောအခါ လီယန်မှာ ဖုန်းကိုင်ရင်း တခစ်ခစ် ရယ်မောနေခဲ့သည်ကို တွေ့လိုက်ရသည်။ သူမက အမှန်တကယ် တုံးအပုံပေါ်နေသော်လည်း သူမ၏ အပြုံးလေးက သူ့နှုတ်ခမ်းကို ကွေးတက်ကာ အပြုံးလေး ဖြစ်သွားစေခဲ့သည်။ "ဘာအကြောင်းကြောင့် ပျော်ပျော်ရွှင်ရွှင် ရယ်နေရတာလဲ"
"ဘာမှ မဟုတ်ပါဘူး" လီယန်က ဝေ့ပေါ်ကို ပိတ်၍ မော့ကျန်းကို ရေနွေးတစ်ခွက် ကမ်းပေးလိုက်သည်။
"ရေလိုသေးလား"
"အင်း" မော့ကျန်းက ရေခွက်ကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်ချိန်မှာပင် ဖုန်းမြည်လာခဲ့သည်။ မော့ကျန်းက ခေါ်ဆိုလာသူကို ကြည့်လိုက်ပြီးနောက် ရေနွေးခွက်ကို ချကာ ဖုန်းကိုင်လ်ုက်သည်။
"ဘယ်လိုလဲ"
"တစ်ဖက်လူက တောင်းဆိုနေတာ လွန်လွန်းတယ်... အပျော့ရော အမာရော စားချင်နေတာ... စကားပြောတာတောင် ရိုးသားမှု မရှိဘူး"
ထန်ချန်းက ဒေါသထွက်နေပုံပင်။ သို့သော်လည်း အမှန်တကယ်မှာ အမျက်ချောင်းချောင်း ထွက်နေခြင်း ဖြစ်သည်။ သူက မူလတွင် အနုပညာရှင်များကို ဒိတ်လုပ်ခြင်းမှ တားမြစ်ခြင်းက အတော်လေး လူမဆန်လှ ဟု တွေးမိခဲ့သော်လည်း ယခုတွင် ထိုမူဝါဒက သောက်ကျိုးနဲ မှန်သည်ဟု ခံစားလိုက်ရသည်။ လူတိုင်းသာ မော့ကျန်းကဲ့သို့ လုပ်ကြပါက သူ အနှေးနှင့် အမြန်ပင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားန်ုင်သည်။
ထန်ချန်းက လည်စီးကို လျှော့ကာ ပြောလိုက်သည်။
"သူ့တို့ကို နောက်က ပံ့ပိုးနေတဲ့သူ ရှိနေတဲ့ပုံပဲ... ကောင်းထျန်းချောင် ဖြစ်ဖို့ များတယ်"
"သူတို့ကို ဆက်ပြောနေ... သူတို့ တကယ်ကြီး တင်ချင်နေလည်း လုပ်သာ လုပ်ခိုင်းလိုက်"
ကော်လာထက်တွင် ရှိနေသော ထန်ချန်း၏ လက်များ တစ်ခဏမျှ ရပ်သွားပြီး ပြောလာခဲ့သည်။
"ငါသိပြီ" အခြားတစ်ဖက်ကသာ ထိုကိစ္စကို သတင်းလွှင့်မည်ဆိုပါက သူတို့ကလည်း ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်နိုင်သည့် အရာ မရှိတော့ပေ။ သို့သော်ငြား ဧကရာဇ်မော့က ငြိမ်ခံနေမည့်သူမဟုတ်ဘဲ PR ဌာနကလည်း သေချာပေါက် လွှတ်ထားပေးမည် မဟုတ်ပေ။
အခြားတစ်ဖက်မှ သတင်းလွှင့်မည်ကို သူမကြောက်သော်လည်း လီယန် သူမကိုယ်သူမ အပြစ်တင်နေမည်ကိုသာ သူ စိုးရိမ်နေသည်။
မော့ကျန်းက သူငယ်ချင်းဟောင်းတစ်ယောက်နှင့် ခင်မင်မှု အဆုံးသတ်သွားသည့် အလား မျက်နှာအမူအယာတို့ဖြင့် အခန်းထောင့်လေးမှ ထွက်လာခဲ့သည်။ လီယန်က သူမ၏ ခုံတွင် ထိုင်နေဆဲ ဖြစ်ပြီး ဖုန်းကိုသာ ရူးရူးကြောင်ကြောင်ပြုံး၍ ကြည့်နေခဲ့သည်။ သူက တိတ်တိတ်ကလေး လျှောက်လာကာ ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမက ဝေ့ပေါ်ကို မွှေနှောက်နေဟန်ပင်။
သူက အကောင့်တုကို ဝင်၍ လီယန်၏ ဝေ့ပေါ်ထဲသို့ ဝင်ကြည့်လိုက်သည်။ မကြာသေးမီက တင်ထားခဲ့သော သူမ၏ ပိုစ့်ကို ကြည့်ကာ မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားလေသည်။
သစ်တော်သီးတွေ စားနေတယ်က လီယန်ကို စာပြန်လိုက်သည်: ကိုယ်လည်း သူမင်းကို ပြောတယ်ပဲ ထင်နေတာ...
ထိုကွန်မန့် ပေါ်လာသည့်နှင့် လီယန် ကြက်သေသေသွားသည်။ အတိတ်တွင် သစ်တော်သီး(လီဇီ)တွေ စားနေတယ်ကို ထူးထူးခြားခြား မတွေးခဲ့... သို့သော်လည်း ယခုတွင် လူတိုင်းက သူမကို လီဇီဟု ခေါ်နေကြရာ ရုတ်တရက် အခွင့်အရေး ယူခံလိုက်ရသလို ခံစားလိုက်ရသည်။
(T/N သစ်တော်သီးတွေ စားနေတယ်မှာ သစ်တော်သီးက လီဇီပါ... အဲ့တော့ လီယန်ကို စားနေတယ်ပေါ့... အဟွတ်... မော့မော့ကလည်း အဲ့လို အဓိပ္ပါယ်နဲ့ ပေးထားတာပါတဲ့ကွယ်)
ပြီးတော့ နောက်ဆုံးတစ်ခုက ရှက်စရာ ကောင်းလ်ုက်တာ...
လီယန် စာပြန်လိုက်သည်။ ":3"
သူမ ဒီမက်ဆေချ့်ကို ဘာလို့ စာပြန်ရတာလဲလို့ ဘယ်သူတွေက မေးလောက်လဲ...
ဒီ သစ်တော်သီးတွေ စားနေတယ်မှာ အိပ်မွေ့ချနိုင်တဲ့ စွမ်းရည် ရှိရမယ်...
လီယန်၏ မျက်နှာလေးကို ကြည့်၍ မော့ကျန်း မရယ်ဘဲ မနေနိုင်တော့ပေ။
အားလပ်ချိန်က ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားပြီး အဖွဲ့သားများ အားလုံးက ညနက်သည်အထိ အားတက်သရော အလုပ်လုပ်ခဲ့ကြသည်။ မော့ကျန်းက မူလတွင် ထန်ချန်းကို ဖုန်းခေါ်ပြီး သူမည်ကဲ့သို့ လှုပ်ရှားနေသည်ကို မေးချင်ပါသော်လည်း ဖုန်းထက်မှ အချိန်ကို ကြည့်လိုက်သောအခါ ထိုအကြံကိုလက်လွှတ်လိုက်သည်။
နောက်တစ်နေ့မနက်တွင် မော့ကျန်းက စောစောနိုးထလာရသည်။ သေချာပေါက် အလိုအလျောက်နိုးလာခြင်းတော့ မဟုတ်။ သူ ထန်ချန်း၏ ဖုန်းကောကြောင့် နိုးလာရခြင်း ဖြစ်သည်။
လီယန် သူ့လက်ထောက် ဖြစ်လာကတည်းက ထန်ချန်းက သူ့ကို ဖုန်းဆက်မနှိုးလာသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ ယနေ့ စောစောခေါ်လာခြင်းမှာ သတင်းထူးတော့ မဟုတ်နိုင်။
"ဒီနေ့ စတားလျှို့ဝှက်ချက် သတင်းစာရဲ့ အထူးခေါင်းကြီးပိုင်းသတင်းကို တွေ့ပြီးပြီလား" မော့ကျန်း ဖုန်းကို ကောက်ကိုင်လိုက်သည့် အခိုက်မှာပင် ထန်ချန်း၏ အသံ ထွက်လာခဲ့သည်။ သူ ခေါင်းပေါ်မှ ဆံပင်ရှုပ်ရှုပ်လေးများကို ထိုးဖွကာ ထထိုင်လိုက်ရသည်။
"နားထောင်ကြည့်ရအောင်"
"အဟမ်း အဟမ်း" ထန်ချန်းက လည်ချောင်းရှင်းပြီး သာယာနာပျော်ဖွယ်ကောင်းစွာဖြင့် ဖတ်ပြလာခဲ့သည်။
"ကားပါကင်ထဲက ကံဆိုးမိုးမှောင်ကျမှု... ဧကရာဇ်မော့က လက်သီးကို လွှဲပြီး ဒုတိယသခင်လေးကောင်းကို ထိုးခဲ့တယ်... အချိန်အကြာကြီးကတည်းက ရှိနေခဲ့တဲ့ အာဃာတတွေကြောင့်လား... ဒါမှမဟုတ် သူ့ရဲ့အစစ်အမှန် စရိုက်တွေ ပေါ်သွားပြီလား"
စကားလုံးများကို ရှင်းရှင်းလင်းလင်း ရေးသားထားပြီး ပုဒ်ဖြတ်နေရာများတွင် ပါဝင်နေခဲ့သည့် အီမိုဂျီများကိုပင် သူ့အား အတိအကျ ဖော်ပြထားခဲ့သည်။
မော့ကျန်း "…"
"မကောင်းတဲ့မှတ်ချက်တွေရော ယူထား"
ထန်ချန်းက ရယ်မောလိုက်သည်။
"ငါ့ဆီကလား... သတင်းခေါင်းစဥ်ကလား"
"အားလုံးပဲ"
ထန်ချန်းက သူ့လက်ထဲမှ စကားလုံးများ ပြည့်နေသည့် သတင်းစာကို တစ်ချက်ကြည့်ကာ အပြုသဘောဆောင်သည့် မှတ်ချက်တစ်ခု ပေးလိုက်သည်။
"ခေါင်းစဥ်က ယဥ်ကျေးမှု သိပ်မရှိပေမယ့် အကြောင်းအရာက အရမ်းကောင်းတယ်... သူတို့က မင်း လူရိုက်လိုက်တာကို အနှေးပြကွက်နဲ့ အကျယ်ချဲ့ပြပေးထားကြတာ ... ကောင်းထျန်းချောင်ရဲ့ မျက်နှာပေါ်က ဒဏ်ရာတွေတောင် ထင်းနေတာပဲ... အာ... မင်းလက်သံတော်တော်ပြောင်တာပဲနော်"
မော့ကျန်းက ဗီရိုထဲက အဝတ်များကို လှမ်းယူနေပြီး ပြန်ဖြေမလာခဲ့ပေ။ ထန်ချန်းက ဆက်ပြီး ရှင်းပြနေသည်။
"ရိုက်ချက်ထောင့်က အရမ်း ကောင်းလို့လား... နောက်မှ ပြန်ပြင်လိုက်တာလား မသိဘူး... ဓါတ်ပုံထဲမှာ လီယန်တော့ မပါဘူးကွ... မင်းတို့နှစ်ယောက်ပဲ ရှိနေတယ်လို့ ထင်ရတယ်.. စာထဲမှာတော့ မင်းကို အကြင်နာတရားမရှိ ရက်စက်ပြီး ကျိုးကြောင်းမညီတဲ့လူလို့ ပြောထားလောက်တယ်... "
မော့ကျန်း: "…"
သူခေါင်းလေးကို စောင်းကာ ဖုန်းကို ပုခုံးပေါ် တင်ထားခဲ့သည်။ ရှပ်အင်္ကျီကို ကြယ်သီးတွယ်နေဆဲမှာပင် မေးလိုက်သည်။
"ကုမ္ပဏီက ဘယ်လိုဖြေရှင်းမယ် စီစဥ်ထားလဲ"
ထန်ချန်းက ပြောသည်။ "ပုံအပြည့်ရဖို့ နည်းလမ်းရှာဖို့ စဥ်းစားနေတယ်... ပြီးရင် ငါတို့နဲ့ အလုပ်သဘောအရ ဆက်ဆံရေး ကောင်းတဲ့ မီဒီယာတွေနဲ့ ဆက်သွယ်မယ်လေ... ကုမ္ပဏီက ဖြေရှင်းချက် မထုတ်ခင်အထိ ဒီကိစ္စကို ပြန်မတုံ့ပြန်နဲ့"
မော့ကျန်း: "အမ်... ငါ့ကို ဒီနေ့ ခွင့်တစ်ရက် မပေးချင်ဘူးလား"
ထန်ချန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။ "မနေ့က အထိုးခံခဲ့ရတဲ့သူသာ မင်းဖြစ်နေရင် စဥ်းစားပေးချင်ပေးမှာ"
"ကားပါကင်မှာ စောင့်ကြည့်ကင်မရာ ရှိလောက်တယ်"
ထန်ချန်း: "အဲ့ဒီ သောက်လုံခြုံရေးက မနေ့က စောင့်ကြည့်ကင်မရာမှာ ပြဿနာ တစ်ခုရှိနေတယ်လို့ ပြောနေတယ်လေ"
မော့ကျန်း: "ဟမ်း... သခင်လေးကောင်းရဲ့ လက်တံတွေကတော့ တော်တော် ရှည်တာပဲ"
ထန်ချန်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။ "ငါ သူတို့ကို လက်လှမ်းမမီနိုင်အောင် လုပ်ပစ်မယ်"
မော့ကျန်းက ချီးကျူးလိုက်လေသည်။ "ဟုတ်ပါတယ်... တုန့်တုန့်က ဧကရာဇ်ရဲ့ ပြိုင်ဘက်ကင်း မန်နေဂျာ ဖြစ်ဖို့ ထိုက်တန်ပါတယ်"
ထန်ချန်း၏ နှုတ်ခမ်းထောင့်များ တွန့်ထားလိုက်သည်။ မင်းလို နာမည်ကျော်တစ်ယောက်သာ သူ့လက်အောက်မှာ ရှိနေရင် အနိုင်ဖဲချပ် နှစ်ချပ် ရှိရင်တောင် ထိပ်တိုက်ရင်ဆိုင်နေရအုံးမှာပဲ... "ဟုတ်သားပဲ... အွန်လိုင်းပေါ်တက်ပြီး ကြည့်လိုက်အုံးလေ... စတားလျှို့ဝှက်ချက် ဝေ့ပေါ်က တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်"
ထန်ချန်းက ပြောပြီးနောက် ဖုန်းချသွားတော့သည်။
Xxxxx