Chapter 86
လက်ထပ်မယ်
30Minစတားများသတင်းမှ သတင်းများ တက်လာသောအခါ လူတိုင်းက ၎င်း၏ စာသားများကို forward လုပ်ရင်းဖြင့် အလုပ်ရှုပ်နေခဲ့ကြသည်။ ယခုတွင်မူ အဆုံးသတ်ရောက်လာမည်ကို စောင့်ဆိုင်းပြီးသွားသည့်နောက် ၎င်းကိုဖတ်ရန် စိတ်ပါဝင်စားလာကြသည်။
ဒါပေမယ့် နေစမ်းပါအုံး...
လက်ထောက်အတွက် တရားမျှတမှု ရှာပေးတယ်လား... မော့ကျန်းမှာ ဘယ်တုန်းက လက်ထောက် ရှိသွားရတာလဲ... သူ့နောက်ကို အမြဲတမ်း မန်နေဂျာပဲ လိုက်နေတာ မဟုတ်ဘူးလား...
နေစမ်းပါဦး... လက်ထောက်ကလည်း မိန်းမတစ်ယောက်တဲ့လား...
ပြီးတော့ ဘာလို့ မဂ္ဂဇင်းက မော်ဒယ်နဲ့ တူနေရတာလဲ...
ဓါတ်ပုံနှင့် ဗီဒီယိုများက ရှင်းရှင်းလင်းလင်း ရှိမနေဘဲ လီယန်၏ အဝတ်အစား အသွင်အပြင်တို့က မဂ္ဂဇင်းထဲကပုံနှင့် လုံးဝ ခြားနားနေပါသော်လည်း သူမက ဖန်များ၏ မျက်လုံးများနှင့် လွဲဖယ်မသွားနိုင်ပေ။
မကြာမီပင် မဂ္ဂဇင်းမှ ပုံနှင့် ဓါတ်ပုံ အသစ်များကို သုံးကာ ယှဥ်ပြလာကြသည့် စိတ်အားထက်သန်သည့် လူအချို့တို့က ဝတ်ရုံရှည်ဖိုရမ်တွင် တင်ပေးလာကြသည်။
"ငါ့မျက်လုံးတွေ မကောင်းတော့ဘူး... ဒီပုံတွေက လူတစ်ယောက်ထဲ ဟုတ်မဟုတ် ကြည့်ပေးကြပါဦး"
ဖိုရမ်ထဲမှ မိန်းကလေးများက ပို့စ်ပိုင်ရှင်၏ ခေါ်ဆိုမှုကို အပြုသဘောဆောင်သည့် တုံ့ပြန်မှုများဖြင့် တုံ့ပြန်လာကြပြီး သေချာ နှိုင်းယှဥ်ကြည့်ကြပြီးနောက် လူတစ်ယောက်တည်း ဖြစ်နေကြောင်း အတည်ပြုလာကြသည်။ ထို့ကြောင့်ပင် ဤနေ့၏ ဒုတိယမြောက် ပေါ်ပြူလာ အဖြစ်ဆုံးသတင်းက ပျော်ပျော်ရွှင်ရွှင် ပေါ်ထွက်လာခဲ့လေသည်။
"မော်ဒယ်မမက ဧကရာဇ်မော့ရဲ့ လက်ထောက်မှန်း မသိခဲ့ဘူး"
ချန်းချင်းယန်က ဝေ့ပေါ်တွင် ဒေါသတကြီး လှန်လှောကြည့်နေခဲ့ပြီးနောက် ဖိုရမ်ကို ဝင်ကြည့်လိုက်ပြန်သည်။ သူမက မူလတွင် ကျန်းဇီ No2၏ IPကို စစ်ကြည့်ချင်ခဲ့သော်လည်း အဆုံးတွင် ထိုမက်ဆေချ့်ပေါ်လာခဲ့သည်။ သူမ၏ နှလုံးသား ပြုတ်ကျသွားသလိုပါပင်။ ရှင်းမပြနိုင်ဖွယ်ရာ တုန်လှုပ်မှု ခံစားချက်အချို့က ခြေလက် လေးချောင်းထံသို့ ပျံ့နှံ့လာခဲ့သည်။ သူမ၏ ခန္ဓါကိုယ်တစ်ခုလုံးက အခြေအနေကောင်းမနေဟု ခံစားနေရသည်။
မောက်စ်က ထိုပိုစ့်မှာပင် ရှေ့မှနောက်သို့ ရွေ့လျားသွားခဲ့သည်။ ချန်းချန်းယန်က အဆုံးတွင် အသက်ပြင်းပြင်းရှူကာ သိလိုစိတ်များကို ဖွင့်ချ၍ ဝင်ကြည့်လိုက်သည်။
၎င်းက အကျဥ်းချုပ်နေရာ ဖြစ်သည်။ ပိုစ့်ပိုင်ရှင်က အဆောက်အအုံပေါ်သို့ တက်ရန် စိတ်မရှည်တတ်ကြသော လူအများအတွက် စိတ်အားထက်သန်သော အင်တာနက်ပေါ်မှ လူအများ၏ ခွဲခြမ်း စိတ်ဖြာမှုများနှင့် ဖိုရမ်မှ မိန်းကလေးများ၏ ခွဲခြမ်းစိတ်ဖြာမှုများကို ပေါင်းစပ်ပေးထားသည်။
(T/N ပွဲတွေ ဖြစ်ရင် လင့်စုပေးတတ်တဲ့ သူတော်ကောင်းလေးတွေပေါ့)
လီယန်၏ ပုံကို တွေ့လိုက်ရသောအခါ ချန်းချင်းယန် ခံစားရသမျှက သူမ၏ ခေါင်း ပေါက်ကွဲထွက်တော့မည် ဟုသာ။ ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချလိုက်သလို ကမ္ဘာကြီးတစ်ခုလုံး အပိုင်းပိုင်း ကွဲသွားလေသည်။
နွေခေါင်ခေါင် မိုးကြိုးပစ်ချခြင်း ဟူသည်က ဆိုရိုးစကား တစ်ခုမျှသာ မဟုတ်ခဲ့ပေ။
သူမက ကွန်ပြူတာ ရှေ့တွင် ထိုင်ကာ သရဲကား ကြည့်နေစဥ်ကထက် ကြောက်လန့်နေသော မျက်နှာထားဖြင့် လီယန်၏ ဓါတ်ပုံကို ကြည့်လိုက်လေသည်။ 'သူတို့ ပြောနေတာ တလီက မော့ကျန်းရဲ့ လက်ထောက်တဲ့ ဖူး... လီယန်က မော့ကျန်းရဲ့ လက်ထောက်တဲ့... မဟုတ်တမ်းတရားတွေ ဖြန့်တာက ပြစ်မှုဆိုတာ မသိကြဘူးလား...'
"ဒီဖိတ်ခေါ်မှုက 8cjပါ ကျေးဇူးပြုပြီး ပါမသွားကြပါနဲ့"
ထိုအဆောက်အအုံကို ပိတ်ပြီးနောက် ချန်းချင်းယန်က အားမရသေးသဖြင့် ပိုစ့်ပိုင်ရှင်နှင့် ထိုစိတ်အားထက်သန်နေကြသူများကိုပါ ပိတ်လိုက်လေသည်။
ကောလဟာလတစ်ခု လွှင့်ချင်ရင်လည်း လွှင့်ကြပါစေ...
ဤတစ်ကြိမ်၌ ဖိုရမ်မှ မိန်းကလေးအားလုံး ဒေါသထွက်သွားကြလေသည်။
["စည်းကမ်းထိန်းက အံ့သြဖို့ကောင်းလိုက်တာ... ဒီလောက်တောင် ဖြစ်နေတဲ့ အချိန်မှာ ဒီလိုကြီး ပိတ်ချလိုက်တယ်ပေါ့လေ... နင့်မှာ ပိတ်ချဖို့ဘာတွေ ရှိနေလို့လား... တံခါးဖွင့်ဖို့ အူတွေရော ရှိသေးရဲ့လား"(အူတို)]
("ပိုစ့်ပိုင်ရှင်ရေ... စိတ်လျှော့ပါ... စည်းကမ်းထိန်းက ထပ်ပြီး ရူးသွားပြီ ထင်တယ်")
("နေမကောင်းရင်လည်း အိမ်ပြန်ပြီး ဆေးသောက်လိုက်... ဘာလို့ လူတွေကို လိုက်ကိုက်နေရာတာလဲ... စိတ်ကျန်းမာရေး ချို့ယွင်းနေတာလား... ခွေးရူးပြန်နေတာလား" )
("စိတ်ရှည်ရှည်ထားပြီး သက်ညှာပေးလိုက်ပါ... သူ တစ်ခုပိတ်ရင် နောက်တစ်ခု ဖွင့်လို့ ရတာပဲ... သူက လူတစ်ယောက်တည်း... ငါတို့က လူထောင်ပေါင်းများစွာ ရှိနေတာ... ဘယ်သူပိုမြန်မလဲ ကြည့်ကြတာပေါ့")
သူပြောပြီးသည်နှင့် ရှေ့ဆုံးစာမျက်နှာတွင် အဆောက်အအုံအကြီးကြီးတစ်ခု ထပ်ဆောက်လိုက်သည်။ ယခင် အဆောက်အအုံမှ မိန်းကလေးများမှာလည်း အတင်းအဖျင်းပြောရန် လိုက်ရွှေ့လာကြသည်။
ချန်းချင်းယန်မှာ ဒေါသထွက်ရလွန်းသဖြင့် သူမ၏ မျက်လုံးများက မီးများတောက်လောင်တော့မတတ်ပင်။ နင်တို့တွေက ဒီဆရာသခင်ကို ဆန့်ကျင်ရဲကြတယ်ပေါ့လေ... ကောင်းကင်ဘုံကို ဖီဆန်နေတာပဲ...
သူမက ထိုနေရာကို ထပ်ပိတ်လိုက်ရန် ကြံရွယ်နေချိန်မှာပင် သူမ၏ မျက်လုံးများက 38ထပ်မှ ကွန်မန့်တစ်ခုအပေါ်တွင် မရည်ရွယ်ဘဲ ကျရောက်သွားသည်။
("ကြည့်ရတာ စည်းကမ်းထိန်းက မော်ဒယ်မမက မော့ကျန်းရဲ့ လက်ထောက် ဖြစ်နေတာဆိုတဲ့ အချက်ကို လက်မခံနိုင် ဖြစ်နေတာလို့ ထင်တာပဲ")
လက်သည်းထိပ်ကို အပ်စိုက်မိတာကမှ ထူးဆန်းဦးမယ်...
ဘယ်သူက လက်မခံနိုင်ရမှာလဲ... နင်တို့တွေ အားလုံး ကောလဟာလေတွေ ဖန်တီးနေကြတာ ရှင်းနေတာပဲလေ... ပြီးတော့ ရှင်းပြဖို့ ငြင်းဆန်နေကြတုန်းပဲ...
("စောက်ကျိုးနဲ... အဆောက်အအုံကြီး ပိတ်ခံရပြန်ပြီ... စည်းကမ်းထိန်း ရူးသွားပြန်ပြီဟေ့... စစ်သည်တော်တို့ရေ... တတ်နိုင်သမျှ မြန်မြန် ထွက်ကြ")
("စည်းကမ်းထိန်းက မိုက်ချက်... ဒီမနက်ဆယ်နာရီ ပဲ ရှိသေးတယ်... ဘဝနဲ့ သေဆုံးခြင်း တိုက်ပွဲက လောင်းကြေးပေါ်မှာ... စကားမစပ် ဘိုင့်ဘိုင်နော်..."
("ငါသူ့ကို တိုင်ပြီးပြီ... တခြားစည်းကမ်းထိန်းတွေ မကြာခင် ကိုင်တွယ်ကြလိမ့်မယ်...")
("အပေါ်ထပ်ရေ... ငါလည်း ပထမဆုံးအကြိမ် ကွန်ပလိန်း သွားတက်ထားတာ... ဝတ်ရုံရှည်ဖိုရမ်ရဲ့ စည်းကမ်းထိန်းက စည်းကမ်း မလိုက်နာဘဲ ခံစားချက်ကို ရှေ့တန်းတင်နေတာ ဟုတ်တယ်မလား
အခြား စည်းကမ်းထိန်း နှစ်ယောက် မြန်မြန်ရောက်လာပြီး ဖြေရှင်းပေးခဲ့သည်။ ချန်းချင်းယန်၏ အကောင့်ကို ဘန်းလိုက်ကြပြီး စည်းကမ်းထိန်းတစ်ယောက်ကပင် သူမကို ဖော်ဖော်ရွေရွေဖြင့် ပြောလာခဲ့သည်။ ရလဒ်အနေဖြင့် သူမကို တစ်လ ဆိုင်းငံ့ထားမည် ဖြစ်လေသည်။
"အားးးးးးးးးးးးးးး"
သူမ အဖေ၏ လက်ထဲမှ တစ်ဝက်နွှာထားသော ပန်းသီးလေး လိမ့်ကျသွားလေသည်။ သူက အသံလာရာဘက်ကို ကြည့်လိုက်ပြီး သူမ၏ အမေကို စိတ်မကောင်း ဖြစ်စွာဖြင့် ပြောလိုက်သည်။
"အမေကြီးရေ ငါတို့သမီးရဲ့ အခြေအနေက ဆိုးပြီးရင်း ဆိုးနေပါလား"
မေမေချန်းက အလွန် တည်ငြိမ်နေသည်။
"အဆင်ပြေပါတယ်.... စိတ်ကျန်းမာရေး အခြေအနေ မကောင်းရင် အပြင်လည်း ထွက်နိုင်မှာ မဟုတ်ဘူး... စာလည်း ရေးနိုင်မှာ မဟုတ်ဘူး..."
ဖေဖေချန်း: "…"
ချန်းချင်းယန်က အော်ဟစ်ပြီးသွားသောအခါ ဝေ့ပေါ်တွင် ပိုစ့်အသစ်တင်လိုက်သည်။
["ဘဝက မင်းကို လှည့်ဖျားခဲ့ရင် ဝမ်းမနည်းပါနဲ့... စိတ်သောကလည်း မရောက်ပါနဲ့... စိတ်ပျက်စရာနေ့တွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ... မကြာခင် ပျော်စရာနေ့လေးတွေ ရောက်လာတော့မယ်... ယုံကြည်လိုက်ပါ"]
စာဖတ်သူ A:(...)
စာဖတ်သူ B: (ဒီကဗျာကို ငါသိပါတယ်... Pushkinရဲ့ ကဗျာမလား... ဘဝက လှည့်ဖျားခဲ့ရင်လေ... ဟိုနေ့ကမှ ရွတ်ထားတာ" )
စာဖတ်သူ C:( လီမွန်က ဘာထဖြစ်ပြန်ပြီလဲ... )
စာဖတ်သူ D:( ဒါက အနားယူဖို့ လမ်းစ မဟုတ်ဖို့ မျှော်လင့်တာပဲ 3)
မိနစ်အနည်းငယ်အကြာ ချန်းချင်းယန် ဝေ့ပေါ်တွင် ပိုစ့်ထပ်တင်လိုက်သည်။
["ငါ့ရဲ့ ခွေးရူးပြန်ရောဂါ ပိုဆိုးလာပြီးတော့ နောက်ထပ် အချိန်အကြာကြီး ဆက်ပြီး ထဖောက်အုံးမှာပါ... ဘိုင့်" ]
စာဖတ်သူများ: (ဖာခ့်)
စာဖတ်သူတွေတောင် ဒီလိုစားရေးသူမျိုးနဲ့ ခက်ခက်ခဲခဲ တိုက်ခိုက်နေရတယ်...
ချန်းချင်းယန် ဝေ့ပေါ်မှ ထွက်လာသောအခါ လီယန်၏ ဖုန်းနံပါတ်ကို စာပို့လိုက်သည်။
( "ဒီည ဆယ်နာရီ တောင်ထိပ်ပေါ်မှာ... သေခြင်းနဲ့ ရှင်ခြင်း တိုက်ပွဲ... နင် မထွက်သွားခင် ထပ်တွေ့တာပေါ့")
လီယန်: "…"
ဒါက အမိန့်နှစ်ထပ်ကွမ်းလား... အနည်းဆုံးတော့ အလင်းအိမ်ရဲ့ လိပ်စာလေးတော့ ပေးအုံးမှပေါ့...
သူမက ရှေ့တွင် ရိုက်ကူးရေး လုပ်နေသည့် မော့ကျန်းကို လှမ်းကြည့်လိုက်သည်။ ထွက်လာပြီးနောက် ချန်းချင်းယန်ကို ဖုန်းခေါ်လိုက်လေသည်။ အခြားတစ်ဖက်က ဖုန်းဝင်ဝင်ချင်း ဖုန်းချပစ်ခဲ့သည်။ သူမက မကျေမချမ်းဖြင့် ထပ်ခေါ်လိုက်ရာ ထပ်ချလိုက်ပြန်သည်။
လီယန် နှုတ်ခမ်းဆူလိုက်သည်။ ကောင်းပြီလေ... အဲ့လိုဆိုတော့လည်း အလင်းတောင်ထိပ်မှာ ကိုယ့်ဘာသာ စောင့်နေလိုက်ပေါ့...
ရှန်းဝမ်က သူမက မော့ကျန်း၏ လက်ထောက် ဖြစ်ကြောင်း ဖော်ထုတ်လိုက်ကတည်းက သူမ၏ မိသားစုနှင့် သူငယ်ချင်းများ အကြောင်းမေးလာသည့် ဖုန်းခေါ်ဆိုမှုများစွာ လက်ခံရရှိခဲ့သည်။ မူလတွင် သူမက ရှန်ပူအား မည်သို့ ရှင်းပြရမည်ကို စိုးရိမ်နေခဲ့ရသော်လည်း တစ်ဖက်လူ ဖုန်းမကိုင်လျှင် ရှင်းပြနေစရာ မလိုတော့ပေ။
တစ်ဖက်မှ ကောင်းထျန်းချောင်မှာ ဤတစ်ကြိမ်၌ မော့ကျန်းကို အသရေ မဖျက်နိုင်ခဲ့။ သို့သော်ငြား သူကိုယ်တိုင်က ဖုန်မှုန့်တစ်စကဲ့သို့ ဖြစ်သွားရသောကြောင့် ရင်ထဲတွင် ဒေါသများ စုပုံလာပြီး ဖွင့်ချစရာ နေရာမရှိခဲ့ပေ။ ကျူးဖန်က အဆက်မပြတ်သောက်နေသော သူ့ကို ကြည့်ကာ အကြံဥာဏ်ဆိုးများ ပြည့်သွားသည်။
"ဒုတိယသခင်လေး... မော့ကျန်းရဲ့ နောက်ခံက သွားရှုပ်ဖို့ မလွယ်ပေမဲ့ လက်ထောက်လေးကတော့ သူ့လောက် မခက်လောက်ဘူးမလား"
ကောင်းထျန်းချောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲမှ ဝိုင်ခွက်ျု ချလိုက်သည်။
"မင်း ဘာပြောချင်တာလဲ"
"ကောင်မလေးကို ကြိုက်နေတာ မဟုတ်လား... ညီအစ်ကိုရေ... ဒီတစ်ခါတော့ မင်းအတွက် ရအောင် ယူပေးမယ်"
ကောင်းထျန်းချောင်က သိသိသာသာ လှုပ်ရှားသွားသော်လည်း မော့ကျန်းကို အနည်းငယ် လန့်နေဆဲဖြစ်သည်။
"မော့ကျန်းက သူ့လက်ထောက်ကို အရမ်း ဂရုစိုက်နေတဲ့ ပုံပဲ... အဲ့လိုသာဆို လွှတ်ပေးထားမှာ မဟုတ်လောက်ဘူး"
"ဟ ဟ... ဒါဆို သူ့ကို အခဲကြေသွားပြီလား"
သူအခဲမကြေနိုင်သေးပေ။
သူ ဒီနေရာမှာ ရှိနေတာ ကြာလှပြီ... ဘယ်သူ့ကို ကြောက်နေရအုံးမှာလဲ... ဒီကိစ္စက သူမျက်နှာပျက်သွားရရုံတင်မကဘူး သူ့အဖေဆီကပါ အဆူခံလိုက်ရသေးတယ်... ဘယ်လိုလုပ်ပြီး ဒီတိုင်းလွှတ်ပေးထားလိုက်ရမှာလဲ...
သူ့ဘဝမှာ ဘယ်တော့မှ သဘောပေါက်နိုင်မှာ မဟုတ်ဘူး...
ကောင်းထျန်းချောင်က လှည့်ကြည့်၍ စိတ်ကို ပြင်ဆင်လိုက်သည်။ "ကောင်းပြီလေ... ငါ ဘာလုပ်ရမလဲဆိုတာ ပြော"
ကျူးဖန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ "ငါ့ဆီကို လွှဲထားလိုက်... စိတ်မပူနဲ့"
ထိုကိစ္စအပြီး ရက်အနည်းငယ် ကြာသောအခါ လီယန် အားလပ်ရက်တစ်ရက် ရလာသည်။ ရိုက်ကူးရေး နားသည်မှာလည်း ရှားသည်ဖြစ်ရာ မော့ကျန်းထံတွင်လည်း အခြား အလုပ်မရှိသည့်အတွက် အဆုံးတွင် အိမ်ပြန်လာနိုင်ပြီး သူမ၏ မိခင်လည်း ပွစိပွစိ ပြောနိုင်တော့မည် မဟုတ်ပေ။ မော့ကျန်းက မူလတွင် အိပ်စက်ပြီးနောက် လီယန်နှင့်အတူ အပြင်ထွက်စားမည်ဟု ကြံရွယ်ထားခဲ့သော်လည်း သူမအိမ်မပြန်သည်မှာ ကြာပြီ ဖြစ်ကြောင်း တွေးမိသွားသောအခါ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အတွက်ကတော့... အိမ်မှာပဲ တစ်နေ့လုံး အိပ်နေရုံပေါ့...
ယနေ့က ရုံးတက်ရက် ဖြစ်သော်လည်း လီယန် အားလပ်ရက်ရသည်မှာ ရှားပါးလှသည် ဖြစ်၍ မားမားလီက သူမ၏ ဦးလေးနှင့် အဒေါ်များ အားလုံးကို ကျန်းမိသားစုအိမ်တွင် စုစည်းခဲ့ပြီး လီယန်ကို နေ့လည်စာ စားရန် ခေါ်လိုက်သည်။လီယန်မှာ ရှိနေကြမည့် လူစာရင်းကို ကြည့်ကာ အနည်းငယ် သောကရောက်သွားရသည်။ ဒါက စားသောက်ရုံပဲ ဘယ်ဟုတ်ပါ့မလဲ... မေးခွန်းအဆင့်ဆင့် ဖြေရမဲ့ စာမေးပွဲကြီးပဲ...
သူမက ယခင်က သူမ၏ မိသားစုများမသိဘဲ မော့ကျန်း၏ လက်ထောက် ဖြစ်လာခဲ့သည်။ အကြောင်းမှာ တစ်ဝက်က ကုမ္ပဏီ၏ တားမြစ်ချက်ကြောင့် ဖြစ်ပြီး တစ်ဝက်မှာ ဖျော်ဖြေရေးလောကအပေါ် သူမမိသားစု၏ လက်ခံနိုင်မှုက သိပ်မမြင့်လှဟု ခံစားမိ၍ပင်။ သူမက လက်ထောက်တစ်ယောက် ဖြစ်လာသော်လည်း အတွင်းလူတစ်ယောက် ဖြစ်လာသည်ဟု ယူဆ၍ မရပေ။ ကောင်းထျန်းချောင်၏ ကိစ္စလည်း ဖြစ်လာခဲ့သေးသဖြင့် သူမ၏ မိသားစုများက သူမ၏ အလုပ်ကို ပို၍ပင် သဘောမကျဖြစ်လာကြလေသည်။
ဒီကိစ္စတွေကို မော့ကျန်းဆီ မပြောပြရဲပါဘူးနော်... သူမသာ ပြောပြလိုက်ရင် ဒီနေ့ သူမနဲ့ အတူတူ အိမ်ပြန်လိုက်လာလောက်တယ်.... ဆရာတူအစ်ကိုကြီး၏ ကိုယ်ခံပညာအကြောင်း စဥ်းစားမိလိုက်သည်နှင့် မော့ကျန်းကို ပြုံးရုံသာ ပြုံးပြပြီး ပြောလိုက်ရတော့သည်။
"မော့ကျန်း... ကျွန်မ သွားပြီ"
မော့ကျန်းက သူမကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း... စောစော ပြန်လာနော်... မနက်ဖြန် မနက်ကျရင် လုပ်စရာတွေ ရှိနေတုန်းပဲ"
"သိပါပြီ" လီယန်က သူ့ကို ပြုံးပြလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ပြေးထွက်သွားသည်။ ။
သူမထွက်လာသည်နှင့် တက္ကစီတစ်စီးက အပြင်ဘက်တွင် စောင့်နေပြီးသား ဖြစ်သည်။ သူမအတွက် တက္ကစီ ခေါ်ပေးသူမှာ မော့ကျန်း ဖြစ်သည်။ ဇွန်လ မနက်ပိုင်းတွင် နေက သိပ်မပြင်းလေဘဲ အပူချိန်ကလည်း အနေတော်ပဲ ဖြစ်သည်။ လမ်းဘေးမှ နံရံငယ်လေးများတွင် နွယ်ပင်များ ဖုံးအုပ်ထားပြီး ဧရိယာ အကျယ်ကြီးတွင် တစ်ပင်နှင့်တစ်ပင် ယှက်နွယ်နေကြသည်။ ၎င်းက အလွန် စိမ်းစိုနေပြီး ရေများ တစက်စက် ကျနေသကဲ့သို့ ရွှန်းစိုနေခဲ့လေသည်။
တက္တစီ ဒရိုင်ဘာက နောက်ကြည့်မှန်ကို ကြည့်ကာ မနေနိုင်ဘဲ ပြောမိသွားသည်။
"မိန်းကလေး... ငါတို့နောက်ကို ကားတစ်စီး လိုက်နေသလိုပဲ"
"ဟုတ်လို့လား"
လီယန်က မယုံကြည့်သည့် မျက်နှာဖြင့် မှန်မှတဆင့် လှည့်ကြည့်လိုက်သည်။ ကားတန်းကြီးမှာ အစီစဥ်တကျ ဖြစ်နေသဖြင့် မည်သည့်ကားက လိုက်နေသည်ကို ပြောဖို့ မလွယ်ပေ။ ဒါပေမယ့်လည်းလေ... ဘာလို့ သူမနောက် လိုက်ရမှာလဲ... သူမက နာမည်ကြီးတဲ့သူလည်း မဟုတ်ဘူး... နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ဘူးလေ... ဒီလောက် မနက်အစောကြီးမှာ အားယားနေလို့လား...
ကားဆရာက ပြောလိုက်သည်။
"အဲ့ကားအနက်က ငါတို့နောက်ကနေ တစ်လျောက်လုံး လိုက်နေတာ"
လီယန်က မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။ သူမက ပြန်လှည့်ပြီး ပြောလိုက်လေသည်။
"ရပါတယ်... လစ်လျူရှုထားလိုက်... ဘာပဲဖြစ်ဖြစ် ရောက်တော့မှာပဲဟာ"
သူမ ထိုကဲ့သို့ ပြောနေပါသော်လည်း ဒရိုင်ဘာက လွယ်ကူသည်ဟု မခံစားရပေ။ လတ်တလော ပရမ်းပတာ ဖြစ်နေသည့် လူ့အဖွဲ့အစည်းတွင် ထိုကဲ့သို့သော မိန်းမလှလေးများမှာ နစ်နာသူ ဖြစ်ရန် လွယ်ကူသည်။ ပြီးတော့ သူမကို သူ သိနေသည်။ သူမက မကြာသေးခင်ကမှ နှာဘူးတစ်ကောင် နှောက်ယှက်ခံထားရခြင်း ဖြစ်သည်။
"ရဲစခန်းဆီ မောင်းသွားလိုက်မယ်လေ"
လီယန်က ပြောလိုက်သည်။ "ရပါတယ်... ကျွန်မရဲ့ အဘိုးမိသားစုက ကိုယ်ခံပညာသင်တန်း ဖွင့်ထားတာလေ... လာထိရဲရင် သူတို့ပဲ ခံသွားရမှာ"
Xxxxx